← Chapters

သနားစရာပဲ၊ မင်းက ကိုယ့်သေတွင်း ကိုယ်တူးနေတာ

Vol. 8 Ch. 116

သနားစရာပဲ၊ မင်းက ကိုယ့်သေတွင်း ကိုယ်တူးနေတာ

Vol. 8 Ch. 116

သရဖူအဖွဲ့မှ ထွက်လာပြီးနောက် ယဲ့ဖန်သည် ရှေးဟောင်းပစ္စည်းဆိုင်တန်းသို့ တန်း၍ ထွက်လာခဲ့သည်။

အန်းရှီ ပြန်ပေးဆွဲခံရပြီးနောက်  သူ့နောက်လိုက်များနှင့် မိတ်ဆွေများအတွက် အရေးအပေါ်အခြေအနေများ ပေါ်လာခဲ့ပါက လိုရမယ်ရအနေဖြင့် အကာအကွယ် ပစ္စည်းများ လိုလာပြီ ဖြစ်ကြောင်း ယဲ့ဖန်သည် သတိပြုလိုက်မိသည်။

ရှေးဟောင်းပစ္စည်းဆိုင်တန်းတွင် လူများနှင့် ပြည့်နှက်နေသည်။

လမ်း၏ တစ်ဘက်တစ်ချက်ရှိ ဆိုင်များတွင် ထူးခြားဆန်းကြယ်သော ရှေးဟောင်းပစ္စည်း အမျိုးအစား အစုံအလင်ကို ခင်းကျင်း ပြသထား၏။

ပစ္စည်းများကို လှည့်လည် ရောင်းချသူများက သူတို့ပါးစပ် အာပေါက်မတတ် ရွှီးရွှမ်း၍ သူတို့ပစ္စည်းများကို လိုက်ရောင်းနေ၏။ အလွန် လှုပ်ရှားသက်ဝင်နေသော မြင်ကွင်းပင်။

လမ်းမပေါ်၌ ခပ်အေးအေး လျှောက်နေရင်း ယဲ့ဖန်သည် ရှေးဟောင်းပစ္စည်းများစွာကို သူ၏ ခရမ်းရောင် မျက်လုံးဖြင့် လိုက်ကြည့်နေသည်။

၉၉ ရာခိုင်နှုန်းသော ရှေးဟောင်းပစ္စည်းများက အတုများ ဖြစ်နေကြောင်း သူ တွေ့လိုက်ရသည်။

၁ ရာခိုင်နှုန်းလောက်သာ အစစ်ဖြစ်သော်လည်း တစ်ခုမျှ ယဲ့ဖန်အတွက် အသုံးဝင်ခြင်း မရှိချေ။

လမ်းတစ်ဝက်လောက် လျှောက်လာပြီးနောက် ယဲ့ဖန် တဖြည်းဖြည်း စိတ်ပျက်လာသည်။

သို့သော်လည်း သူ ရှေ့ကိုသာ ဆက်၍ လျှောက်လာသည်။ ရုတ်တရက် သူ ရပ်လိုက်ကာ လမ်းဘေးဆိုင်ခန်းငယ် တစ်ခုကို စိုက်ကြည့်လိုက်မိသည်။

*ဟာ*

ယဲ့ဖန် စိတ်ဝင်တစား ဖြစ်သွားကာ ဆိုင်ထဲရှိ အစိမ်းရောင်လက်ကောက်လေးကို မျက်စိကျသွားသည်။

ထိုလက်ကောက်ထဲတွင် ကြမ်းတမ်းသော ချီဓာတ်အချို့ ခပ်ဖျော့ဖျော့ ပါဝင်နေသည်။

ယဲ့ဖန် ထိုလက်ကောက်လေးကို ကောက်ယူတော့မည်အချိန်တွင် အခြားလက်တစ်ဘက်က ဖျတ်ခနဲ ဝင်ယူသွားသည်။

"ဆိုင်ရှင် ကျုပ် ဒီလက်ကောက်ကို ယူမယ်"

ယောကျ်ားနှစ်ယောက်နှင့် မိန်းမတစ်ယောက် သူ့ဘေးသို့ ရောက်နေကြခြင်း ဖြစ်သည်။

ယဲ့ဖန်ထံမှ လက်ကောက်ကို လုယူသွားသည့် သူကတော့ အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် လူငယ်လေးတစ်ယောက် ဖြစ်သည်။

ထိုအချိန်တွင် လူငယ်လေးသည် သူ ယဲ့ဖန်ကို ကောင်းကောင်းကြီး ပြဿနာရှာလိုက်မိမှန်း သတိမထားလိုက်မိပါ။ သူက ချက်ချင်း ယဲ့ဖန်ဘက် လှည့်ကြည့်၍ သရော်လိုက်သည်။

"ဟီးဟီး… ကိုယ့်လူ၊ ခင်ဗျားက တယ်လက်နှေးတာကိုးဗျ။ အခု ဒီလက်ကောက်က ကျုပ်အပိုင် ဖြစ်သွားပြီ။

ထိုသို့ပြောပြီး လူငယ်လေးက လက်ကောက်ကို ယဲ့ဖန်ရှေ့ တမင်သက်သက် လှုပ်ပြနေသည်။

ထိုလူငယ်လေးကို ကြည့်ပြီး ယဲ့ဖန်က လုံးဝ ဂရုမစိုက်ဟန်ဖြင့် အသာ ပြုံးနေသည်။

အစတုန်းက သူ သိချင်ရုံသက်သက်ဖြင့်သာ ကိုင်ကြည့်ရန် ကြိုးစားခြင်း ဖြစ်သည်။ အခုတော့ သူ့အတွက် အသုံးမဝင်တော့တာကို သူ သိလိုက်ရပြီ ဖြစ်သည်။

အထူးသဖြင့်…

ရုတ်တရက် ယဲ့ဖန် စိတ်ထဲ အကြံတစ်ခု ပေါ်လာကာ သူမျက်နှာပေးက ပြောင်စပ်စပ် ဖြစ်သွားသည်။

*ဟမ်*

ယဲ့ဖန်၏ အမူအရာကို သတိထားမိသွားသော အဖြူရောင်ဝတ်စုံနှင့် လူငယ်လေးက မျက်မှောင်ကြုတ်မိသွားသည်။

အစတုန်းက ယဲ့ဖန် စိတ်တိုသွားလိမ့်မည်ဟု သူ တွေးလိုက်မိသော်လည်း ယခု ယဲ့ဖန်က စိတ်မတိုသည့်အပြင် အထင်သေး လှောင်ပြောင်သည့် အပြုံးမျိုးဖြင့်တောင် သူ့ကို ကြည့်နေသေးသည်။

ချက်ချင်းပင် အဖြူရောင်ဝတ်စုံနှင့် လူငယ်လေး မျက်နှာမည်းမှောင်လာကာ အော်ဟစ်တော့သည်။

"ဟေ့ကောင် မင်း မကျေမနပ်ဖြစ်နေတာလား?"

"မဟုတ်ပါဘူး" ယဲ့ဖန်က ပခုံးကို အသာတွန့်၍ ပို၍ လှောင်ပြုံး ပြုံးလိုက်ပြီး "ငါက မင်းကို သနားနေရုံပါပဲ"

"ဘာလို့လဲ"

အဖြူရောင်ဝတ်စုံနှင့် လူငယ်လေးနှင့်အတူ သူ့သူငယ်ချင်းများပါထိတ်လန့်တကြား ဖြစ်လာသည်။

"… မင်းက ကိုယ့်သေတွင်း ကိုယ်တူးနေလို့လေ"

ယဲ့ဖန်၏ ခပ်တည်တည် အပြောကြောင့် သူတို့၏ မျက်နှာ အကြီးအကျယ် ပျက်သွားသည်။

အထူးသဖြင့် အဖြူရောင်ဝတ်စုံနှင့် လူငယ်လေးက ဒေါသတကြီးဖြင့် အော်ဟစ်တော့သည်။

"ဟေ့ကောင် မင်းက ငါ့ကို ကျိန်ဆဲနေတာလား?"

အဖြူရောင်ဝတ်စုံနှင့် လူငယ်လေးသည် အလွန် မာန်တတ်တတ်သည့် လူစားမျိုးမှန်း သိသာလှသည်။ ထိုစဉ် သူ့မျက်နှာပေါ်၌ ရက်စက်သော အကြည့်မျိုး ဖြစ်ပေါ်လာသည်။

"ငါ မင်းကို မကျိန်ဆဲပါဘူး။ ငါက အခြေအနေကို ရှင်းပြရုံလေးပါ"

ယဲ့ဖန်က အသာပြုံး၍ အစိမ်းရောင် လက်ကောက်ကို လက်ညှိုးထိုးပြီး ပြောလိုက်သည်။

"မင်း အဲ့ဒါကို ဝတ်ထားမယ်ဆိုရင် နှစ်နာရီအတွင်း အကြောသေလာလိမ့်မယ်။ ပြီးရင် သုံးနာရီအတွင်း ကိုမာ ဖြစ်လာပြီးတော့ နောက်ဆုံး ငါးနာရီအတွင်း သွေးအိုင်ကြီး ဖြစ်သွားလိမ့်မယ်"

*ဘာ*

ယဲ့ဖန်၏ စကားကြောင့် အဖြူရောင်ဝတ်စုံနှင့် လူငယ်လေးတို့ လူတစ်စု အူကြောင်ကြောင် ဖြစ်သွားသည်။

သို့သော် ယဲ့ဖန်၏ စကားကိုတော့ သူတို့ လုံးဝ မယုံပါ။ ယဲ့ဖန်က လက်ကောက် ပြန်လိုချင်လို့ သူတို့ကို ခြိမ်းခြောက်နေသည်ဟုသာ တွေးလိုက်မိသည်။

ထို့ကြောင့် အဖြူရောင်ဝတ်စုံနှင့် လူငယ်လေးက အထင်သေးဟန်ဖြင့် ပြောလိုက်သည်။

"ခေါက်ထားလိုက်၊ ဟေ့ကောင် မင်းရဲ့ လိမ်ဆင်တွေက ဒိတ်အောက်နေပြီ။ သေချာနားထောင်ထား၊ ငါ ဒါကို ဝယ်ဖို့ ဆုံးဖြတ်ထားပြီးပြီ"

ထိုသို့ပြောပြီး အဖြူရောင်ဝတ်စုံနှင့် လူငယ်လေးက ဆိုင်ရှင်ကို ချက်ချင်း ငွေချေလိုက်သည်။

ယဲ့ဖန်ကတော့ အခြေအနေကို ခပ်တည်တည်နှင့်သာ ကြည့်နေသည်။ ထိုလူငယ်လေးက သူ့ဆွေမျိုးလည်း မဟုတ် ၊ မိတ်ဆွေလည်း မဟုတ်သည့်အတွက် သူ သေသေရှင်ရှင် ယဲဖ့န် ဂရုမစိုက်ပါ။

လက်ကောက်ကို ဝယ်ပြီးနောက် လူငယ်လေးက ပန်းအိုးတစ်လုံးကို ကောက်ယူလိုက်သည်။ ထိုပန်းအိုးသည် ရှေးကျပုံရသော်လည်း သေချာကြည့်လိုက်သည့်အခါ ထိုပန်းအိုးက အလွန် ကြမ်းထော်နေသည်ကို လူငယ်လေး တွေ့လိုက်ရသည်။

"ဒါ ပစ္စည်းအတုပဲ ဖြစ်မယ်"

ပန်းအိုးအောက်ခြေကို ကြည့်ပြီးနောက် လူငယ်လေးက စိတ်ပျက်လက်ပျက်နှင့် ပြန်ထားလိုက်သည်။

သို့သော် သူ ပြန်ချထားလိုက်သည်နှင့် ယဲ့ဖန်က ထိုပန်းအိုးကို ကောက်ကိုင်၍ "ဟေ့ လူကြီး ဒီပန်းအိုးက ဘယ်လောက်လဲ?"

*ဟမ်*

ယဲ့ဖန်ကို ကြည့်ပြီး အဖြူရောင်ဝတ်စုံနှင့် လူငယ်လေးနှင့် သူ့သူငယ်ချင်းနှစ်ယောက်တို့ ကြောင်သွားကြသည်။

ယဲ့ဖန်က ပစ္စည်းအတုကို ဝယ်ချင်လိမ့်မည်ဟု သူတို့ ထင်မထားမိကြပါ။

ရှေးဟောင်းပစ္စည်းဆိုင်တန်းတွင် ဤကဲ့သို့ အတုအယောင် ပစ္စည်းများ များစွာ ရှိသည်။

ရှေးဟောင်းပစ္စည်းအကြောင်း မသိသည့်သူတောင် ဒါပစ္စည်းအတုမှန်း သိသည်။

ဒါတောင်မှ ယဲ့ဖန်က ဒီပန်းအိုးကို ဝယ်ချင်နေသည်။

"ယွမ် ၁၀,၀၀၀"

ဆိုင်ရှင်က ယဲ့ဖန်ကို အရူးဟုထင်ကာ သူ့ကို ချွတ်ခြုံကြအောင် လုပ်ရန် ကြံစည်နေသည်။

သို့သော်လည်း…

"ကျုပ် ယူမယ်"

ယဲ့ဖန်က ယွမ် ၁၀,၀၀၀ ထုတ်ကာ ဆိုင်ရှင်ကို ပေးလိုက်သည်။

အဖြူရောင်ဝတ်စုံနှင့် လူငယ်လေးတို့အဖွဲ့က ဘေးက ကြည့်နေရင်း ရယ်ချင်ပက်ကျိ ဖြစ်နေသည်။

*အရူး*

*ဒီကောင်က တကယ် အရူးပဲ*

*ဒီပန်းအိုးအတုက ယွမ် ၁,၀၀၀ တောင် မတန်တာကို ဒီကောင်က ယွမ် ၁၀,၀၀၀ ပေးဝယ်တယ်တဲ့။ တော်တော်ကို ရူးတဲ့ အရူးပါလား*

အဖြူရောင်ဝတ်စုံနှင့် လူငယ်လေးတို့အဖွဲ့က ယဲ့ဖန်ကို အလွန် အထင်သေးသည့် အကြည့်များဖြင့် ကြည့်နေကြသည်။

ဆိုင်ရှင်ကတောင်မှ ယဲ့ဖန်ကို လှောင်၍ ကြည့်နေသည်။

ဒီပန်းအိုးအတုကို သူ ဝယ်တုန်းက ယွမ် ၁၀၀ ထက်ကို ပိုမပေးခဲ့ရပါ။

ထိုစဉ် ခွမ်းခနဲ အသံကျယ် ထွက်ပေါ်လာသည်။

ယဲ့ဖန်က ပန်းအိုးကို မြေကြီးပေါ်သို့ ပစ်ခွဲချလိုက်ခြင်း ဖြစ်သည်။

*အမ်*

ယဲ့ဖန်၏ အပြုအမူကြောင့် လူတိုင်း သူ့ကို အာရုံစိုက်မိသွားသည်။ ယဲ့ဖန် ဘာလုပ်ချင်နေသလဲဆိုတာကို နားမလည်သဖြင့် သူတို့ ယဲ့ဖန်ကို ဇဝေဇဝါဖြင့် ကြည့်နေကြသည်။

ထို့နောက် ယဲ့ဖန်က ပန်းအိုး အကွဲအစများထဲမှ ရွှံ့စေးအပြာဖြင့်  နစ်မြှပ်နေသော အရာတစ်ခုကို ကောက်ယူလိုက်သည်။ သူ့အပြုအမူကြောင့် လူတိုင်း မျက်ခုံးပင့်သွားသည်။

…

ပန်းအိုးအတွင်းထဲ၌ တစ်ခုခု ရှိနေလိမ့်မည်ဟု မည်သူမျှ ထင်မထားမိကြပါ။

ရွှံ့စေးများကို ဖယ်ရှားလိုက်သောအခါ ရှေးဟောင်း လက်ဘက်ရည်အိုးလေးတစ်ခု ဖြစ်နေသည်ကို တွေ့လိုက်ရသည်။

*တကယ့်ရှေးဟောင်းပစ္စည်းပါလား*

*ပန်းအိုးအတုထဲမှာ တကယ့်ရှေးဟောင်းပစ္စည်း ရှိနေတယ်*

*ဒါ… လုံးဝ မဖြစ်နိုင်ဘူး*

ဆိုင်ရှင်နှင့် အဖြူရောင်ဝတ်စုံနှင့် လူငယ်လေးတို့အဖွဲ့တို့ ကိုယ့်မျက်လုံးကိုယ် မယုံနိုင်ဖြစ်နေကြသည်။

ထိုစဉ် အဘိုးအိုတစ်ယောက်၏ တည်ကြည်လေးနက်သော အသံတစ်သံ ထွက်ပေါ်လာသည်။

"မိတ်ဆွေလေး မင်းရဲ့ လက်ဘက်ရည်အိုးလေးကို ငါ့ကို တစ်ချက်လောက် ကြည့်ခွင့်ပေးနိုင်မလား?"

ထိုအဘိုးအိုကို မြင်လိုက်သည့်အခါ၌ ဆိုင်ရှင်နှင့် အဖြူရောင်ဝတ်စုံနှင့် လူငယ်လေးတို့ မှင်တက်သွားကြသည်။

*မာစတာကူး*

*ရှေးဟောင်းပစ္စည်းဆိုင်တန်းက တန်ဖိုးအကြီးဆုံး ရှေးဟောင်းပစ္စည်းတွေကို အကဲဖြတ်ပေးတဲ့ ကူးမို့*

မာစတာကူးကို ကြည့်လိုက်ပြီးနောက် ယဲ့ဖန်က ခေါင်းညိတ်၍ ချက်ချင်း လက်ဘက်ရည်အိုးကို သူ့ထံ ကမ်းပေးလိုက်သည်။

"ဒါ အစစ်ပဲ"

မာစတာကူးက လက်ဘက်ရည်အိုးကို အလွန် ကြည်နူးပျော်ရွှင်သည့်ဟန်ဖြင့် ကြည့်ရှုနေသည်။ တစ်ချိန်တည်းမှာပင် သူ မျက်ခုံးပင့်မိသွားသည်။

"မှုန်ဝါးဝါးဖြစ်နေပင်မယ့် နောက်ကျိမနေဘူး၊ ရှေးဟောင်းလက်မှုပညာမျိုးပင့်မယ့် လက်ဖျားခါလောက်တယ်၊ လက်ဘက်ရည်အိုးရဲ့ ကိုယ်ထည်မှာ နဂါးတစ်ကောင်ရှိနေပြီး အဖုံးမှာ ပျံသန်းနေတဲ့ ဖီးနစ်ငှက်တစ်ကောင် ရှိတယ်၊ အိုးအောက်ခြေမှာ လိပ်တစ်ကောင်ရှိပြီးတော့ ကျောဘက်မှာ လှဲနေတဲ့ ကျားတစ်ကောင် ရှိနေတယ်။ ဒါက ဒဏ္ဌာရီလာ ရှေးဟောင်းပစ္စည်းဖြစ်တဲ့ နက္ခတ်လေးသွယ် ကမ္ဘာဦး လက်ဘက်ရည်အိုးပဲ"

All Chapters