← Chapters

ကောင်းကင်ဘုံ တားမြစ် အမြုတေကျောက်

Vol. 8 Ch. 117

ကောင်းကင်ဘုံ တားမြစ် အမြုတေကျောက်

Vol. 8 Ch. 117

*နက္ခတ်လေးသွယ် ကမ္ဘာဦး လက်ဘက်ရည်အိုး*

မာစတာကူး၏ စကားကြောင့် လူအုပ်ကြားထဲ ဆူညံပွက်လော ရိုက်သွားသည်။

အဖြူရောင်ဝတ်စုံနှင့် လူငယ်လေး၊ ဆိုင်ရှင်နှင့် ဖြတ်သွားဖြတ်လာများ အပါအဝင် လူတိုင်း၏ မျက်ဝန်းများတွင် တအံ့တဩဖြစ်နေသည့် အရိပ် အယောင်များ ထင်ဟပ်လို့နေသည်။

"မာစတာကူး ခင်ဗျား မာစတာ မော့ကျစ်ဖူရဲ့ ဂန္တဝင်မြောက် လက်ရာဖြစ်တဲ့ ထန်မင်းဆက်ခေတ်က အင်မော်တယ် လက်ဘက်ရည်ကို ပြောချင်တာလား? ဒါ.. ဒါ လုံးဝ မဖြစ်နိုင်ဘူး"

"ထန်မင်းဆက်ခေတ်က မာစတာ မိုကျစ်ဖူက သူ့ရဲ့ လက်ရာမြောက်တဲ့ လက်ဘက်ရည်နဲ့ ထူးခြားတဲ့ လက်ဘက်ရည်အိုးကြောင့် ထင်ရှားခဲ့တာ။ သူ့ရဲ့ လက်ရာတိုင်းက စုဆောင်းသူတွေအတွက်တော့ ရှာမှရှားတဲ့အရာတွေပဲ။ နာမည်အကြီးဆုံး လက်ရာကတော့ နက္ခတ်လေးသွယ် ကမ္ဘာဦး လက်ဘက်ရည်အိုးပဲ။ ဒါကို ဒီနေရာမှာ လာတွေ့ရတာပါလား"

"ကမ္ဘာပေါ်မှာ နက္ခတ်လေးသွယ် ကမ္ဘာဦး လက်ဘက်ရည်အိုးက တစ်စုံပဲ ရှိတယ်လို့ ဆိုကြတယ်။ လွန်ခဲ့တဲ့ ရာစုနှစ်တွေတုန်းက နက္ခတ်လေးသွယ် ကမ္ဘာဦး လက်ဘက်ရည်အိုးကို တူးဖော်ရရှိပြီး လေလံပစ်တော့ ဈေးအများဆုံး ယွမ် ၅၀ မီလီယံနဲ့ လေလံရသွားခဲ့တယ် ဆိုပဲ"

"ဟုတ်တယ်၊ အဲ့ နက္ခတ်လေးသွယ် ကမ္ဘာဦး လက်ဘက်ရည်အိုးက တစ်ကမ္ဘာလုံးကို အကြီးအကျယ် ထိတ်လန့်စေခဲ့တာ။ ဒီတစ်ခုကသာ အဲ့လက်ဘက်ရည်အိုး အစစ်အမှန်ဆိုရင် တော်တော်လေးကို တန်ဖိုးကြီးမှာပဲ"

"ဟာ… ဒါ နက္ခတ်လေးသွယ် ကမ္ဘာဦး လက်ဘက်ရည်အိုးပဲ။ တကယ့်ကို ရှာမှရှားတဲ့ ပစ္စည်းကွ။ ငါ တစ်သက်လုံး ထိုင်ကြွားနေလို့ရပြီကွာ"

ဘေးကကြည့်နေသူများကြား ချက်ချင်းဆိုသလို ဆူညံလာသည်။

လူတိုင်း ထိန်းမနိုင် သိမ်းမရဖြစ်နေကြသည်။

*လွန်ခဲ့တဲ့ ရာစုနှစ်တွေတုန်းကတောင် ပျက်စီးနေတဲ့ နက္ခတ်လေးသွယ် ကမ္ဘာဦး လက်ဘက်ရည်အိုးက ယွမ် ၅၀ မီလီယံနဲ့ ရောင်းရတာ*

*ဒီတစ်ခုက လုံးဝကို စင်းလုံးချောနေတဲ့ အိုးပဲ။ ဒါက ပထမတစ်ခုထက် ဆယ်ဆပိုပြီး တန်ဖိုးကြီးမှာပဲ*

*ဒါဆို ဒါက ယွမ် ၅၀၀ မီလီယံထက်တောင် ပိုပေးရမှာပေါ့*

…..

ကြည့်နေကြသည့်သူတိုင်း ရူးမတတ် ဖြစ်လာကြသည်။

ဆွေးနွေးသံတွေကို ကြားပြီး အဖြူရောင်ဝတ်စုံနှင့် လူငယ်လေး ရင်တုန်လာသည်။

ခုနလေးတင် သူက ထိုပန်းအိုကို ကောက်ကိုင်ပြီး ခဏလောက် လေ့လာကြည့်သော်လည်း မဝယ်မိခဲ့။

ဒီပန်းအိုးအတုထဲမှာ တကယ့် နက္ခတ်လေးသွယ် ကမ္ဘာဦး လက်ဘက်ရည်အိုးအစစ် ရှိနေလိမ့်မည်ဟု သူ ဘယ်တုန်းကမှ ထင်မထားခဲ့မိပါ။

*သေစမ်း… ငါ ကိုယ့်လက်ကိုယ်သာ ဖြတ်ချင်လိုက်တော့တာပဲ၊ ငါသာ အဲ့အိုးကို ပြန်မချထားလိုက်ဘူးဆိုရင် နက္ခတ်လေးသွယ် ကမ္ဘာဦး လက်ဘက်ရည်အိုးက ငါ့အပိုင် ဖြစ်လာမှာပဲ*

သို့သော်လည်း ယဲ့ဖန်က ဈေးနည်းနည်းဖြင့် ရသွားခဲ့ချေပြီ။

ယခုအချိန်တွင် အထိတ်လန့်ဆုံးဖြစ်နေသည့်သူကတော့ ဆိုင်ရှင်ပင် ဖြစ်သည်။

အစောပိုင်းတုန်းက သူက ယဲ့ဖန် ပန်းအိုးကို ဈေးတောင် မဆစ်ဘဲ ယွမ် ၁၀,၀၀၀ ပေးဝယ်ခဲ့၍ အထင်သေးခဲ့မိသည်။

သူ့ကိုယ်သူ ယွမ် ၁၀,၀၀၀ အသာလေး ရှာနိုင်ခဲ့၍ ကျေနပ်နေခဲ့သော်လည်း မထင်မှတ်ဘဲ သူက ယွမ် ၅၀၀ မီလီယံကို လက်လွှတ်လိုက်ရသူ ဖြစ်နေသည်။

*ချီးပဲ၊ အဲ့ဒါက ယွမ် ၅၀၀ မီလီယံကြီးများတောင်မှဟ*

*ငါသာ ရောင်းလိုက်ရရင် အခုချိန်ဆို ငါ ဘီလီယံနာကြီး ဖြစ်နေမှာ*

ဆိုင်ရှင်က နောင်တရကာ ကိုယ့်ပါးကိုယ်သာ ရိုက်ချင်စိတ် ပေါက်နေသည်။

"မိတ်ဆွေလေး ငါ မင်းနဲ့ ဈေးညှိလို့ရမလား"

ထိုစဉ် မာစတာကူးက အိန္ဒြေဆယ်ကာ ယဲဖ့န်ကို ကြည့်ကာ "အဲ့ နက္ခတ်လေးသွယ် ကမ္ဘာဦး လက်ဘက်ရည်အိုးအတွက် ငါ မင်းကို ယွမ် ၁ ဘီလီယံ ပေးမယ်ဆိုရင်ကော ဘယ်လို သဘောရလဲ"

*ယွမ် ၁ ဘီလီယံ*

ဈေးကို ကြားသည်နှင့် ဆိုင်ရှင် သတိလစ်ချင်ချင် ဖြစ်လာသည်။

အဖြူရောင်ဝတ်စုံနှင့် လူငယ်လေးသည်လည်း ထိတ်လန့်သွားကာ သူ့ရင်ထဲ ငလျင်လှုပ်သလို ခံစားလိုက်ရသည်။

ချက်ချင်းပင် အားလုံးက ယဲ့တိုင်းကို ဝိုင်းကြည့်မိလိုက်ကြသည်။

*ယွမ် ၁ ဘီလီယံ*

မည်သူမျှ ဤလောက် ကြီးမားသော မက်လုံးကို တောင့်မခံနိုင်ပါ။

သို့သော် ယဲ့ဖန်က တည်ငြိမ်စွာပင် ခေါင်းကိုခါ၍ "ကျုပ် ပိုက်ဆံ မလိုဘူး"

*ဘာ*

*သူ ငြင်းလိုက်တယ်*

ယဲ့ဖန်က ယွမ် ၁ ဘီလီယံ ဟူသည့်မက်လုံးကို တောင့်ခံနိုင်လိမ့်မည်ဟု မည်သူမျှ ထင်မထားခဲ့မိပါ။

မာစတာကူးတောင်မှ မယုံနိုင်သလို ဖြစ်သွားကာ ယဲ့ဖန်ကို အသည်းအသန် စည်းရုံးတော့သည်။

"မိတ်ဆွေလေး ဒီနက္ခတ်လေးသွယ် ကမ္ဘာဦး လက်ဘက်ရည်အိုးက တန်ဖိုးဖြတ်မရတာ အမှန်ပင်မယ့် တကယ်လို့ မင်း ဒါကို လေလံတင်မယ်ဆိုရင်တောင် အများဆုံး ယွမ် ၅၀၀ ကနေ ၈၀၀ အထိပဲ ရနိုင်လိမ့်မယ်။ မင်း ယွမ် ၁ ဘီလီယံတော့ ရနိုင်မှာ မဟုတ်ဘူး"

"ငါက အင်မော်တယ် လက်ဘက်ရည်ဆရာ၊ မာစတာ မိုကျစ်ဖူရဲ့ လက်ရာကို အလွန်သဘောကျတဲ့ သူမို့ ဈေးကြီးပေးရမယ်ဆိုရင်တောင် ငါ ဝယ်မှာပဲ။ မင်း အခု ဒီအခွင့်အရေးကို လက်လွှတ်ခံလိုက်ရင် နောင် ယွမ် ၁ ဘီလီယံ ရဖို့ မသေချာတော့ဘူးနော်"

မာစတာကူးသည် အင်မော်တယ် လက်ဘက်ရည်ပညာရှင် မိုကျစ်ဖူကို အလွန်လေးစား အားကျသည်။ ထို့ကြောင့် သူသည် သူ၏ ဂန္တဝင် လက်ရာများကို သူ ဈေးကွက်ပေါက်ဈေးထက် ဈေးပိုပေး၍ သူ ဝယ်လေ့ ရှိသည်။

ယဲ့ဖန်က အသာပြုံး၍ "ကျုပ် ပြောပြီးပြီပဲ ကျုပ် ပိုက်ဆံ မလိုပါဘူးလို့"

ယဲ့ဖန်စကားကြောင့် မာစတာကူး တစ်ခဏမျှ ကြောင်သွားသည်။ ထို့နောက် စိတ်ပျက်သွားသည့် အမူအရာမျိုး ဖြစ်လာသည်။

ထိုစဉ် ယဲ့ဖန်က ထပ်ပြောလာသည်။

"ဒါပေမယ့် ခင်ဗျား အခြားတစ်ခုနဲ့ အလဲအလှယ် လုပ်လို့ရတယ်"

*ဘာ*

မာစတာကူး အံ့ဩသွားသည်။ ထို့နောက် ယဲ့ဖန် ပြောသည့်စကားကို နားလည်သွားပြီး ဝမ်းသာအားရ မေးလိုက်သည်။

"မိတ်ဆွေလေး မင်း ဘာလိုချင်တာလဲ ပြောပါ။ ငါ မင်းကို အိမ်ရာတစ်ခုနဲ့ သီးသန့် လေလံစံအိမ်တစ်ချို့ ပေးနိုင်သည်၊ ဒါမှမဟုတ်လည်း…"

မာစတာကူးက ယဲ့ဖန်အား တက်ကြွစွာ စည်းရုံးရေး ဆင်းနေသည်။ သို့သော် ယဲ့ဖန်က သူ၏ လည်သာအိတ်ကို လက်ညှိုးထိုး၍ ပြောလိုက်သည်။

"ခင်ဗျားလည်သာအိတ်ထဲက ပစ္စည်းတစ်ခုကိုပဲ လိုချင်တာ"

*အမ်*

မာစတာကူး အပါအဝင် အားလုံး ခဏမျှ ကြောင်သွားကြသည်။

လည်သာအိတ်ထဲတွင် လမ်းဘေးဆိုင်များက ဝယ်ထားသည့် ပစ္စည်းများစွာ ရှိကြောင်း သူ သေချာသိသည်။ ထိုပစ္စည်းများ အားလုံးပေါင်းလျင်တောင် တန်ဖိုးအားဖြင့် ယွမ် ထောင်ဂဏန်းမျှသာ ဖြစ်သည်။

သူ့အိတ်ထဲက ပစ္စည်းအားလုံးကို ယဲ့ဖန်ထံ လက်ဆောင်ပေးလိုက်လျင်တောင်မှ နက္ခတ်လေးသွယ် ကမ္ဘာဦး လက်ဘက်ရည်အိုး၏ တန်ဖိုးကို မယှဉ်နိုင်ပါ။

သို့သော်လည်း ယဲ့ဖန်က သူလိုချင်သည့်အရာကို ပြောနေသည်မို့ မာစတာကူးက သူ့လည်သာအိတ်ကို အလျင်အမြန် ဖွင့်လိုက်သည်။

ချက်ချင်းပင် သူ့အိတ်ထဲမှာ ရှိသမျှ အရာအားလုံး လူမြင်ကွင်းထဲ ပေါ်လာသည်။

ခေါက်ထားသော ယပ်တောင်တစ်ချောင်း၊ မှင်သွေးကျောက်၊ လက်ကိုင်မပါသော ဝိုင်ခွက်လေးတစ်ခွက်နှင့် အရေးမပါသော ကျောက်တုံးလေးတစ်တုံး တို့ဖြစ်သည်။

ကျောက်တုံးကို မြင်သည်နှင့် ယဲ့ဖန်၏ မျက်လုံးက ပျော်ရွှင်မှုကြောင့် ဖိတ်ဖိတ်တောက်လာသည်။

"ကျုပ် အဲ့ကျောက်တုံးကို ယူမယ်"

ပြောပြီးသည်နှင့် ယဲ့ဖန်က ထိုကျောက်တုံးကို ကောက်ယူလိုက်သည်။

ကြည့်နေသည့်လူတိုင်းက ယဲ့ဖန်ကို မယုံနိုင်သလို ကြည့်နေကြသည်။

*ဒီကောင်က နက္ခတ်လေးသွယ် ကမ္ဘာဦး လက်ဘက်ရည်အိုးကို ကျောက်တုံးလေးတစ်တုံးနဲ့ အလဲအလှယ် လုပ်ချင်တာလား*

*ရူးနေပြီ*

*သူ လုံးဝ ရူးနေပြီ*

ငြိမ်သက်နေသော ပတ်ဝန်းကျင်သည် တစ်ဖန် ပြန်၍ ဆူညံလာသည်။

"ဘုရားရေ…  ဒီလူ ဆေးစားမှားလာတာလား? သူက ဘာလို့ နက္ခတ်လေးသွယ် ကမ္ဘာဦး လက်ဘက်ရည်အိုးကို သာမန်ကျောက်တုံးတစ်တုံးနဲ့ လဲချင်နေတာလဲ?"

"အရူး… သူက သေချာပေါက်ကို ကမ္ဘာပေါ်ကို နံပါတ်တစ် အရူးပဲ။ ယွမ် ၁ ဘီလီယံတောင် တန်တဲ့ဟာကို၊ ဘယ်လိုလုပ် ဒီကျောက်တုံးက နက္ခတ်လေးသွယ် ကမ္ဘာဦး လက်ဘက်ရည်အိုးထက် ပိုပြီး တန်ဖိုးကြီးပါ့မလဲ?"

"အရူး ဒီကောင်ရဲ့ ဦးနှောက်က သေနေပြီထင်တယ် မဟုတ်ရင် ဒီလို ရူးကြောင်ကြောင် ကိစ္စမျိုး သူ လုပ်ပါ့မလား"

လူတိုင်းက ယဲ့ဖန်ကို ရယ်ချင်ပက်ကျိဖြင့် ကြည့်နေကြသည်။ အဖြူရောင် ဝတ်စုံနှင့် လူငယ်လေးသည်လည်း ဝါးလုံးကွဲမတတ် ရယ်ချင်စိတ် ပေါက်နေသည်။

"ဟားဟား ဒီကောင့်ကို တော်တော်လေး ဉာဏ်ပြေးတဲ့ ကောင်လို့ ငါ ထင်နေခဲ့တာ။ အခုတော့ သူက အရူးဖြစ်နေတာကိုး။ ဘာလို့ သူက နက္ခတ်လေးသွယ် ကမ္ဘာဦး လက်ဘက်ရည်အိုးကို သာမန်ကျောက်တုံးလေးတစ်တုံးနဲ့ လဲရတာလဲ? ဟားဟား…"

မာစတာကူးတောင်မှ ယဲ့ဖန်၏ ဆုံးဖြတ်ချက်ကို လိုက်မမှီနိုင်ပါ။

"မိတ်ဆွေလေး မင်းက ဒီကျောက်တုံးကို သိပ်သဘောကျနေမှတော့ ငါ မင်းကို ဒီကျောက်တုံးလေး လက်ဆောင် ပေးလိုက်ပါ့မယ်။ ပြီးတော့ ငါ မင်းကို ယွမ် ၁ ဘီလီယံလည်း ပေးပါ့မယ်"

မာစတာကူးက ဒီကျောက်တုံးကို ထူးဆန်းပုံ ရသည်ဟု ထင်၍သာ ဝယ်ခဲ့ခြင်း ဖြစ်သည်။ အဖိုးတန်လိမ့်မည်ဟုလည်း လုံးဝ မထင်ထားခဲ့မိပါ။

ထို့ကြောင့် မာစတာကူးက ယဲ့ဖန်၏ ဘဏ်အကောင့်ကို မေး၍ ဖုန်းတစ်ချက် ဆက်လိုက်သည်။

ငါးမိနစ်တောင် မကြာလိုက်၊ ယဲ့ဖန်ဖုန်းထဲသို့ ဘဏ်မှ ငွေလွှဲသည့် အသိပေးစာ ဝင်လာသည်။

*သင့်အကောင့်ထဲသို့ ယွမ် ၁ ဘီလီယံ ရောက်ရှိလာပါတယ်*

ထို့နောက် မာစတာကူးက စိတ်သက်သာရာ ရသလို သက်ပြင်းချ၍ စိန်များဖြင့် စီခြယ်ထားသော ရွှေရောင်ကဒ်ကို ယဲ့ဖန်အား တလေးတစားဖြင့် ပေးလိုက်သည်။

"မိတ်ဆွေလေး မင်းရဲ့ အကဲဖြတ်နိုင်စွမ်းကို ကျုပ် လေးစားပါတယ်၊ နာရီဝက်အတွင်းမှာ ကူးအိမ်တော်ရဲ့ လေလံစံအိမ်မှာ လေလံပွဲတစ်ပွဲ ကျင်းပဖို့ ရှိတယ်။ မင်း လာနိုင်လိမ့်မယ်လို့ ငါ မျှော်လင့်ပါတယ်"

ထိုသို့ ပြောပြီး မာစတာကူးက သူ၏ နက္ခတ်လေးသွယ် ကမ္ဘာဦး လက်ဘက်ရည်အိုးကို ပျော်ရွှင်စွာဖြင့် လက်ဝယ်ပိုက်၍ ထွက်သွားသည်။

အားလုံးက ယဲ့ဖန်ကို မနာလို၊ အားကျစွာ ကြည့်နေမိကြသည်။

ကျောင်းသားတစ်ယောက် ဖြစ်ဟန်တူသည့် လူတစ်ယောက်က အချိန်တိုလေးအတွင်း ဘီလီယံနာ တစ်ယောက် ဖြစ်လာလိမ့်မည်ဟု မည်သူမှ ထင်မထားခဲ့မိပါ။

ဤအဖြစ်အပျက်ကား ရှေးဟောင်းပစ္စည်း ရောင်းဝယ်ရေး လောက၌ အတော်လေး ရိုက်ခတ်သွားလောက်ပေမည်။

သို့သော် ယဲ့ဖန်က သူ၏ ရင်သပ်ရှုမောလောက်သော အောင်မြင်မှုကို အလေးထားပုံ မရပေ။

ထိုအစား သူက လက်ထဲမှ ကျောက်တုံးကို ဝမ်းသာအားရ ကြည့်ကာ တိုးတိုးလေး ရေရွတ်လိုက်သည်။

"ကောင်းကင်ဘုံ တားမြစ် အမြုတေကျောက်၊ ဒါ စကြဝဠာတစ်ခုလုံးမှာ အရှားပါးဆုံး ကျောက်တုံးဖြစ်တဲ့ ကောင်းကင်ဘုံ တားမြစ် အမြုတေကျောက်ပဲ"

"ဒီအင်မော်တယ် ကျောက်တုံးနဲ့ဆို ငါ မှော်ဝင် ပစ္စည်း ၃ခုတောင် ပြုလုပ်လို့ ရပြီ။ မှော်ဝင်ပစ္စည်းတစ်ခုစီတိုင်းက အဲ့နက္ခတ်လေးသွယ် ကမ္ဘာဦး လက်ဘက်ရည်အိုးထက် အစပေါင်းများစွာ ပိုတန်ဖိုးရှိတာ"

All Chapters