မင်း ငါ့ကို အထင်လွဲနေတာပဲ
Vol. 8 Ch. 118
ကောင်းကင်ဘုံ တားမြစ် အမြုတေကျောက်!
ထိုအရာသည် စကြဝဠာအတွင်းရှိ အံ့မခန်း အင်မော်တယ်ကျောက်တုံးများထဲမှ တစ်ခု ဖြစ်သည်။ ထိုကျောက်တုံးပေါ်တွင် တားမြစ်စနစ်၏ မန္တန်များ ရေးဆွဲလို့ရပြီး မှော်ဝင်၍ ရှားပါးသော ပစ္စည်းများ ပြုလုပ်ရာတွင် အသုံးပြုသည့် အဓိက ပစ္စည်းတစ်ခု ဖြစ်သည်။
သို့သော် ယခု လက်ရှိ သူ၏ နည်းပါးသော စွမ်းအားကြောင့် ယဲ့ဖန်သည် သာမန် မှော်ဝင်ပစ္စည်းများသာ လုပ်နိုင်သေးသည်။
"လေလံပွဲ?"
မာစတာကူး ပြောခဲ့သည့်စကားကို ပြန်အမှတ်ရပြီး ယဲ့ဖန်၏ မျက်လုံးက တစ်ချက်လက်လာကာ လေလံစံအိမ်ထဲ ဝင်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။
…
ကူးအိမ်တော်၏ လေလံစံအိမ်သည် နိုင်ငံအနှံ့ အများအပြား ရှိသည့် သီးခြားလေလံစံအိမ်များ ဖြစ်သည်။
ထိုလေလံစံအိမ်သည် မြို့တိုင်း၊ ဒေသတိုင်း၏ ရှေးဟောင်းပစ္စည်းဆိုင်တန်းထဲတွင် တည်ရှိသည်။
ကူးအိမ်တော်၏ လေလံစံအိမ် တံခါးဝသို့ ယဲ့ဖန် ခြေချလိုက်မိသည့်အခိုက်တွင် လူငယ်တစ်ယောက်က သူ့ဆီ လှမ်းလာနေသည်ကို သတိထားလိုက်မိသည်။
"ဆရာဘိုးဘိုးလား?"
ယဲ့ဖန် ကြောင်သွားပြီးမှ လှည့်ကြည့်လိုက်သောအခါ ရှုကွမ်း၏ မြေးဖြစ်သူ ရှုထန့်မှန်း သိလိုက်သည်။
ယခင်တုန်းက သူ ယဲ့ဖန်ကို စော်ကားမိသည့်အတွက် ရှုကွမ်းက သူ့ခြေထောက်ကို ချိုးခဲ့သော်လည်း အခုတော့ လုံးဝ ပြန်ကောင်းနေပုံ ရသည်။
"မင်း ပြန်ကောင်းလာပြီလား?" ယဲ့ဖန် အံ့ဩနေပြီးမှ သခင်လေးထန့်ကို ပြုံး၍ မေးလိုက်သည်။
သူ့အမေးကြောင့် ရှုထန့်တစ်ယောက် အရင်တစ်ခါ သူတို့တွေ့ခဲ့တုန်းက သူ ယဲ့ဖန်ကို စော်ကားခဲ့မိသည်ကို ပြန်အမှတ်ရလာပြီး ကြောက်လန့်လာသည်။
ထို့နောက် သူက ရှက်ကိုးရှက်ကန်းနှင့် ယဲ့ဖန်ကို အရိုအသေပေး၍ ပြောလိုက်သည်။
"ဆရာဘိုးဘိုး၊ ကျွန်တော် မသိနားမလည်ခဲ့လို့ပါ။ အရင်တစ်ခါက စော်ကားခဲ့မိတဲ့အတွက် တောင်းပန်ပါတယ်။ ကျွန်တော့်ကို ကုပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်"
ရှုကွမ်းက ရှုထန့်၏ ခြေထောက်ကို ချိုးလိုက်ပြီးနောက် ယဲ့ဖန်ထံမှ သူ ဆေးတစ်ချို့ကို ရရှိခဲ့သည်။ သို့မဟုတ်ပါက သူ အခုချိန်ထိ အိပ်ယာထဲ လှဲနေရလောက်ပေသည်။
ယဲ့ဖန်နှင့် ရှုထန့်တို့ စကားပြောနေစဉ်တွင် ရုတ်တရက် အလွန်ထေ့ငေါ့သော အသံကို ကြားလိုက်ရသည်။
"ဟိုး … ဒါနက္ခတ်လေးသွယ် ကမ္ဘာဦး လက်ဘက်ရည်အိုးကို ကျောက်တုံးနဲ့ လဲလိုက်တဲ့ အရူးမလား?"
*ဟမ်*
ထိုအော်ကြီးဟစ်ကျယ် အသံကို ကြားလိုက်ရပြီး ရှုထန့် ခဏလောက် မှင်တက်သွားသည်။ ထို့နောက် ထိုအသံကို မှတ်မိပြီး သူ့မျက်နှာက ချက်ချင်းဆိုသလိုကို တင်းမာလာသည်။
"မော့ထောင် မင်း ဘာပြောလိုက်တာလဲ?"
အစောပိုင်းတုန်းက တွေ့ခဲ့သည့် ယောကျ်ားနှစ်ယောက်နှင့် မိန်းမတို့ပင် ဖြစ်သည်။ သူတို့ကို ဦးဆောင်လာသည့်သူက အဖြူရောင်ဝတ်စုံနှင့် လူငယ်လေး ဖြစ်သည်။
ယဲ့ဖန်ကို တစ်ချက်ကြည့်ပြီးနောက် လူငယ်လေးက ရှုထန့်ကို လှောင်လိုက်သည်။
"ဟီးဟီး … သခင်လေးထန့်၊ ခင်ဗျား ဒီအရူးနဲ့ သိနေလိမ့်မယ်လို့ ကျုပ် မထင်ထားမိဘူး"
*အရူး*
မော့ထောင်၏ သရော်သံကြောင့် ရှုထန့်၏ မျက်နှာက လူသတ်တော့မလို တင်းမာလာကာ ချက်ချင်း အော်လိုက်သည်။
"မော့ထောင်၊ ပါးစပ်ပိတ်ထားစမ်း။ မင်း ငါ့ဆရာဘိုးဘိုးကို နောက်တစ်ခါ ထပ်စော်ကားမယ်ဆိုရင် ငါ မင်းကို နောက်ဆုံးထွက်သက်အထိ ရိုက်သတ်ရလိမ့်မယ်"
ပြီးခဲ့သည့် အဖြစ်အပျက်များပြီးနောက် ရှုထန့်က ယဲ့ဖန်ကို အလွန်လေးစားလာမိသည်။
သူ့အဘိုးနှင့် သွေးစွန်းတစ္ဆေတို့တောင်မှ သူ့ကို လက်မြှောက်ထားရသည်။
ရှုထန့်သည် မော့ထောင်အား သူလေးစားရသည့်ပုဂ္ဂိုလ်အပေါ် စော်ကားခွင့်မပြုနိုင်ပါ။
မော့ထောင်နှင့် သူ့လူများက ဆရာဘိုးဘိုး ဟူသည့် စကားကြောင့် ကြောင်သွားပြီးမှ ဟားတိုက်ရယ်မောကြသည်။
"ဆရာဘိုးဘိုး? ဟဟ… တရုတ်ပြည်တောင်ပိုင်းက နာမည်ကြီး သခင်လေးထန့်က အရူးတစ်ယောက်ကို သူ့ဆရာဘိုးဘိုးလို သဘောထားပြီး လေးစားနေလိမ့်မယ်လို့ ငါ ထင်မထားမိခဲ့ဘူး။ ဒီသတင်းသာ တရုတ်ပြည်တောင်ပိုင်းမှာ ပျံ့သွားရင် မင်းတော့ သခင်လေးအားလုံးကြားထဲမှာ အရယ်ရဆုံး လူပြက် ဖြစ်လာမှာပဲ"
သူ့သူငယ်ချင်းသုံးယောက်ကလည်း ရယ်မောနေကြသောကြောင့် ရှုထောင့်၏ မျက်နှာက သုန်မှုန်လာသည်။
ထိုစဉ် ယဲ့ဖန်က တိုးတိုးလေး ရေရွတ်လိုက်သည်။
"အရူး"
*ဘာ*
ယဲ့ဖန်၏ စကားကို ကြားလိုက်သည်နှင့် မော့ထောင်၏ မျက်နှာက အေးစက်လာသည်။ ထို့နောက် သူက သူ့အား တင်းမာသော မျက်နှာထားကြည့်ကာ မေးလိုက်သည်။
"ဟေ့ကောင် မင်းက ငါ့ကို ကျိန်ဆဲလိုက်တာလား?"
"မဟုတ်ဘူး၊ မဟုတ်ပါဘူး။ မင်း ငါ့ကို အထင်လွဲနေတာပဲ"
ယဲ့ဖန်က အသည်းအသန် လက်တခါခါဖြင့် ဒေါသထွက်နေသော မော့ထောင်နှင့် သူ့လူများကို ရှင်းပြလိုက်သည်။
"ငါက ဒီအတိုင်း အရူးဆိုတဲ့ စကားလုံးကို စော်ကားလိုက်တာပါ"
*ဘာ*
ယဲ့ဖန်၏ ရှင်းပြစကားကြောင့် မော့ထောင်နှင့် သူ့လူများ ကြောင်သွားသည်။ ထို့နောက် ယဲ့ဖန် ဆိုလိုချင်တာကို နားလည်သွားသည်။
*ခွေးကောင်*
မော့ထောင်နှင့် သူ့သူငယ်ချင်းနှစ်ယောက်က ဒေါသထွက်လာကာ ယဲ့ဖန်ကို ရိုက်ရန် ပြင်လိုက်သည်။
ထိုစဉ် ရှုထန့်က ယဲ့ဖန်ရှေ့ ရပ်ကာ မော့ထောင်အား အော်ဟစ်လိုက်သည်။
"မော့ထောင်၊ မင်း ငါ့ဆရာဘိုးဘိုးကို ထိရဲထိကြည့် မင်း ရှေးဟောင်းပစ္စည်းဆိုင်တန်းကနေ ထွက်သွားလို့ မရစေရဘူးလို့ ငါ ကတိပေးတယ်"
ရှုထန့်၏ စကားကြောင့် မော့ထောင်၏ မျက်နှာက ထိတ်လန့်တကြား ဖြစ်သွားသည်။
သူ ယဲ့ဖန်ကို လုံးဝ မကြောက်သော်လည်း သူ ရှုထန့်ကိုတော့ ကြောက်ပါသည်။
မော့ထောင်နှင့် သူ့လူများက သူတို့၏ အမူအယာများကို ဖုံးကွယ်၍ ယဲ့ဖန်ကို ပြုံးကာ ပြောလိုက်သည်။
"ဟေ့ကောင် သခင်လေးထန့်က မင်းကို အချိန်တစ်ခဏပဲ ကာကွယ်ပေးနိုင်မှာ၊ ဒါပေမယ့် သူ မင်းကို တစ်သက်လုံး ကာကွယ်ပေးနိုင်မှာ မဟုတ်ဘူး။ တွေ့ကြသေးတာပေါ့ကွာ"
မော့ထောင်နှင့် သူ့လူများက ယဲ့ဖန်အား စူးစူးဝါးဝါး တစ်ချက်စိုက်ကြည့်ပြီးမှ လှည့်ထွက်ကာ လေလံစံအိမ်ထဲ ဝင်သွားကြသည်။
ရှုထန့်က ယဲ့ဖန်ကို ပြောပြလိုက်သည်။
"ဆရာဘိုးဘိုး၊ အဲ့ကောင်က မော့ထောင်တဲ့၊ တရုတ်ပြည်တောင်ပိုင်းက ချမ်းသာတဲ့ ကလန်တွေထဲက တစ်ခုက သူပေါ့။ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်သင့်တယ်ဗျ။ သူက အသေးအဖွဲကိစ္စလေးတွေကိုတောင် အမြဲ လက်စားချေဖို့ ကြိုးစားတတ်တယ်"
ရှုထန့်၏ လေးနက်သော သတိပေးစကားကြောင့် ယဲ့ဖန် ခေါင်းသာ အသာညိတ်ပြလိုက်သည်။
ထို့နောက် သူတို့ ကူးအိမ်တော်၏ လေလံစံအိမ်ထဲသို့ ဝင်လာကြသည်။
…
ကူးအိမ်တော်၏ လေလံစံအိမ်သည် အလွန်သက်ဝင်လှသည်။
ထိုင်ခုံများအားလုံးကို လေလံလာဆွဲသည့် ထိပ်သီးပုဂ္ဂိုလ်များက နေရာယူထားကြပြီး ဖြစ်သည်။ အချို့သည် ကျန်းရှီမြို့မှ ဖြစ်ပြီး အချို့သည် တရုတ်ပြည်တောင်ပိုင်းမှ ဖြစ်ပြီး အချို့ကတော့ အခြားနေရာမှ လာကြခြင်း ဖြစ်သည်။
လေလံအိမ်ထဲ ဝင်လာပြီးနောက် ယဲ့ဖန်နှင့် ရှုထန့်တို့သည် ထောင့်နားလောက်တွင် နေရာယူ၍ ထိုင်လိုက်ကြသည်။
ဆယ်မိနစ်ခန့်ကြာသော် လေလံစံအိမ်တစ်ခုလုံး လူပြည့်သွားလေတော့သည်။ ထို့နောက် လေလံပွဲလည်း စတင်တော့သည်။
လေလံပွဲကို အစီအစဉ်မှူးအဖြစ် ကျင်းပသူက လေးစားရသည့် မာစတာကူးပင် ဖြစ်သည်။ သူသည် ကူးအိမ်တော်၏ လေလံစံအိမ်ပိုင်ရှင်လည်း ဖြစ်ပေသည်။
အကျဉ်းချုံး မိတ်ဆက်ပြီးနောက် သူက လေလံပွဲကို စတင်လိုက်သည်။
"လေးစားရပါသော မိတ်ဆွေအပေါင်းတို့ ဒီနေ့ စပြမယ့် ပထမဆုံး ရှားပါးပစ္စည်းကတော့ မင်မင်းဆက်ခေတ်က နာမည်ကြီး ပန်းချီပညာနဲ့ လက်ရေးလှ ပညာရှင် ထောင်ကျစ်ချမ် ရေးဆွဲထားတဲ့ ဆောင်းဦးဆီးနှင်းများကြား သစ်ရွက်စိမ်းများ ကြွေကျခြင်း" ဆိုတဲ့ ပန်းချီကားပဲ ဖြစ်ပါတယ်။ လေလံဈေးကို ယွမ် ၁ မီလီယံနဲ့ စပါမယ်၊ ဈေးတစ်ခါတင်ကို ယွမ် ၅၀၀,၀၀၀ နဲ့ ဆက်ပါမယ်။ ကဲ… စလိုက်ကြရအောင်"
မာစတာကူး၏ စကားအဆုံးတွင် ပြင်းထန်သော လေလံပွဲကြီး စတင်လေတော့သည်။
ပထမဆုံး ပစ္စည်းကို ယဲ့ဖန် စိတ်ဝင်စားမှုမရှိပါ။
သူ့ခုံမှာ အေးအေးဆေးဆေး ထိုင်နေရင်း သူ၏ ကောင်းကင်ဘုံ တားမြစ် အမြုတေကျောက်ကို ဓားဖြင့် လှီးဖြတ်နေသည်။
ထိုဓားသည် အလွန်ထက်ရှလေသည်။
သူ တစ်ခါလှီးလိုက်တိုင်း သူ့အသားကိုတောင် ပြန်လှီးမိမလို ဖြစ်သွားသည်။ ယဲ့ဖန် ဘာလုပ်ရန် ကြိုးစားနေမှန်း ရှုထန့် နားမလည်ပါ။ သို့သော် ယဲ့ဖန်မှာလည်း သူ့ကိစ္စနှင့်သူ ရှိနိုင်သူမို့ သူသည် သူကိစ္စကိုသာ အာရုံပြန်စိုက်ထားလိုက်သည်။
လေလံပွဲက တစ်ခုပြီးတစ်ခု ဆက်သွားနေသည်။
"အခု ကျွန်တော်တို့ အနက်ရောင် နွယ်မြက်ပင်ကို လေလံတင်ပါမယ်။ ဒီဆေးဘက်ဝင်အပင်က နှင်းတောင်တွေလို အလွန်အေးတဲ့ နေရာမှာ တွေ့ခဲ့တာပါ။ ဒါက ဆယ်စုနှစ်တစ်ခုကြာမှ ၁ စင်တီမီတာ ကြီးထွားလာတာပါ။ တရုတ်ရိုးရာ တိုင်းရင်းဆေးပညာမှာဆို ဒါကို သက်ရှည်နွယ်မြက် လို့ ခေါ်ဝေါ်ပါသေးတယ်။ ဒါက လူတစ်ယောက်ရဲ့ သက်တမ်းကို ဆွဲဆန့်နိုင်ပြီး သွေးနဲ့ ချီဓာတ်တို့ကို သန့်စင်ပေးနိုင်ပါတယ်"
မာစတာကူးက ပါးစပ်က အမြှုပ်ထမတတ် ရှင်းပြပြီးနောက် "အခု ဒါကို လေလံဆွဲလို့ရပါပြီ၊ အနက်ရောင်နွယ်မြက်ပင်ရဲ့ အနိမ့်ဆုံး ခေါ်ဈေးကတော့ ယွမ် ၂ မီလီယံပါ။ ဈေးတစ်ခါတင်ကို ယွမ် ၅၀၀,၀၀၀ နဲ့ ဆက်ပါမယ်"
မာစတာကူး၏ စကားကြောင့် ယဲ့ဖန်သည် ရုတ်တရက် ငြိမ်ကျသွားသည်။
သူသည် စင်ပေါ်မှ ဆေးဖက်ဝင်အပင်ကို စိတ်လှုပ်ရှားစွာ ကြည့်နေသည်။
*အနက်ရောင်နွယ်မြက်ပင်၊ ဒါခန္ဓာကိုယ် တိုးပွားခြင်း ဆေးလုံးလုပ်တဲ့နေရာမှာ ပါဝင်တဲ့ အဓိက ပါဝင်ပစ္စည်းထဲက တစ်ခုပဲ*
"၂.၅ မီလီယံ ယွမ်"
"၃ မီလီယံ ယွမ်"
"၃.၅ မီလီယံ ယွမ်"
…
ထိပ်သီးပုဂ္ဂိုလ်များက သည်းကြီးမည်းကြီး လေလံဆွဲနေကြသည်။
သူတို့တွင် ပိုက်ဆံ ပြတ်လပ်ခြင်း မရှိသော်လည်း ဘဝသက်တမ်းက တိုသည် မဟုတ်ပါလား။ ထို့ကြောင့် သက်ရှည်နွယ်မြက်ပင်ကို သူတို့ အသည်းအသန် လိုချင်ကြခြင်း ဖြစ်သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် အနက်ရောင်နွယ်မြက်ပင်၏ တန်ဖိုးက ၈ မီလီယံ ယွမ်သို့ ရောက်ရှိလာသည်။
ထိုစဉ်
"၂၀ မီလီယံ ယွမ်"
ယဲ့ဖန် ပေးလိုက်သည့် လေလံဈေးကြောင့် လေလံစံအိမ် တစ်ခုလုံး ငြိမ်ကျသွားသည်။
ရှိနေသည့် ထိပ်သီးပုဂ္ဂိုလ်များလည်း ထိတ်လန့်သွားသည်။ တစ်စုံတစ်ယောက်က ဆေးဖက်ဝင်အပင်အတွက် ၂၀ မီလီယံ ယွမ် သုံးစွဲလိမ့်မည်ဟု သူတို့ ထင်မထားမိကြပါ။
၂၀ မီလီယံ ယွမ်က နောက်ဆုံးဈေးဟု သူတို့ ထင်နေမိသည့်အချိန်တွင် နောက်ထပ် အသံတစ်သံ ထွက်ပေါ်လာသည်။
"၃၀ မီလီယံ ယွမ်"
….
လေလံစံအိမ်တော်တစ်ခုလုံး ပွက်လောရိုက်သံများဖြင့် ဆူညံသွားတော့သည်။
လူတိုင်းက ဈေးခေါ်သူကို လိုက်ရှာကြည့်လိုက်သောအခါ မော့ကလန်၏ သခင်လေး မော့ထောင် ဖြစ်နေသည်ကို တွေ့လိုက်ရသည်။
မော့ထောင်က ဝင့်ကြွားသော အပြုံးမျိုး ပြုံး၍ ယဲ့ဖန်ကို စိုက်ကြည့်၍ သူ့လက်သန်းကို ယဲ့ဖန်ရှေ့ ထောင်ပြလိုက်သည်။
သူ့စိတ်ကို ဆွလိုက်ချင်းဖြစ်သည်။