ရန်ကျောက်ကဲတစ်ယောက်အေးစက်စက်ဆက်ဆံခံရသည်လား
Vol. 1-9 Ch. 118
အခန်း (၁၁၈) ရန်ကျောက်ကဲတစ်ယောက်အေးစက်စက်ဆက်ဆံခံရသည်လား
ဖန်ယွင်ရှန်းကိုတစ်လှည့် စစ်ခုန်ချင်းကိုတစ်လှည့် ကြည့်လိုက်ပြီးနောက် ရန်ကျောက်ကဲ ခေါင်းခါယမ်းရင်း ပြုံးလိုက်သည်။
“ဆရာဒေါ်လေး’ဖူ’ တံခါးပိတ်ကျင့်ကြံရာက ထွက်လာပြီဆိုတော့ ဒီလိုဖြစ်လာသင့်ပါတယ် ၊ ကဲ... သွားကြရအောင် ၊ မြောက်ကောင်းကင်ဒေသကို အခုပဲ ခရီးထွက်ကြမယ်”
ရန်ကျောက်ကဲ လက်ခုပ်တစ်ချက်တီးရင်း ရှေ့ဆက်လျှောက်သွားသည်။
သူ စောစောကပြောခဲ့သည့်စကားများက ကြိုတင်ဟောပြောချက်များပမာ မြောက်ကောင်းကင်ဒေသရှိ သွေးနီသက်တံ့ဂိုဏ်းသို့ သွားရောက်မည့် ကျောက်မင်သည်လည်း သူတို့အုပ်စုနှင့်အတူ ပူးပေါင်း ခရီးထွက်ခဲ့သည်။
***
မြောက်ကောင်းကင်ဒေသသို့ရောက်ရှိသည်နှင့် အကြီးအကဲများနှင့် တွေ့ဆုံပြီးနောက် ရန်ကျောက်ကဲတို့အဖွဲ့က တိမ်တိုက်ရေကန်သို့ ထွက်ခွာခဲ့သည်။ ကျောက်မင်ကတော့ သူတို့ကို နှုတ်ဆက်ကာ သွေးနီသက်တံ့ဂိုဏ်းသို့ သွားရောက်ခဲ့သည်။
တိမ်တိုက်ရေကန်သည် မြောက်ကောင်းကင်ဒေသ အရှေ့ဘက်တွင်ရှိသော နိုင်ငံငယ်တစ်ခု၏နယ်မြေထဲတွင် တည်ရှိသည်။ ရေကန်ဧရိယာက မကျယ်ပြန့်သော်လည်း ရှုမျှော်ခင်းကလှပပြီး တည်နေရာက ထူးခြားသည်။
အဝေးမှလှမ်းကြည့်မည်ဆိုလျှင် ကန်ရေပြင်ထက်တွင် အလင်းတန်းလေးများပမာ လွင်မျောနေသည့် အဖြူရောင်တိမ်တိုက်များကို တွေ့မြင်ရမည်ဖြစ်ပြီး ရေကန်အလယ်ရှိ လေထုထဲတွင် အဖြူရောင်တိမ်တိုက်များက လွင့်ပြယ်သွားခြင်းမရှိဘဲ ရစ်သိုင်းစုဝေးနေသည်။
ထူးခြားသောဝိညာဉ်စွမ်းအားများက တိမ်တိုက်ရေကန်တစ်ခုလုံးကို ဝန်းရံထားပြီး ရေကန်အလယ်တွင်တော့ ထူးခြားသည့် တိမ်တိုက်ခန်းမဆေင်တစ်ခု ရှိနေသည်။
ထိုခန်းမဆောင်တစ်ခုလုံး တိမ်တိုက်များဖုံးလွှမ်းလျှက် လေထုအတွင်းမှ ရေခိုးရေငွေ့များက မိုးတိမ်များအဖြစ် ပေါင်းစည်းသွားသည့်တိုင် လေတိုက်ခတ်ခြင်းမရှိသလို မိုးရွာသွန်းခြင်းလည်း မရှိပေ။
ဤနေရာတွင် တစ်နှစ်ပတ်လုံး နွေရာသီဖြစ်ပြီး ပတ်ဝန်းကျင်အပူချိန်ကလည်း သိသိသာသာ မပြောင်းလဲပေ။ တိမ်ဖြူများသည်သာ ဘယ်သောအခါမှ လွင့်ပြယ်မသွားဘဲ ကြီးမသည့် ခန်းဆောင်ကြီးတစ်ခုပမာ ရစ်သိုင်းဖုံးအုပ်လျှက်ရှိ၏။
ရန်ကျောက်ကဲတို့အားလုံးက သိုင်းကျင့်ကြံသူများ ဖြစ်လေရာ ရေပေါ်တွင်လမ်းလျှောက်ပြီး ကန်အလယ်သို့ ဦးတည်လာခဲ့ကြ၏။
သို့သော် တိမ်တိုက်ခန်းဆောင်အနီးသို့ မရောက်ခင် ရေတံတိုင်းတစ်ခုက အတားအဆီးတစ်ခုသဖွယ် ရေမျက်နှာပြင်ထက်မှ ရုတ်တရက် ထွက်ပေါ်လာသည်။
ထိုရေတံတိုင်းကို တစ်ချက်ကြည့်မိတော့ ရေတံတိုင်းမျက်နှာပြင်ထက်တွင် ရေးသားထားသည့် စာလုံးများကို တွေ့မြင်လိုက်ရပြီး ရန်ကျောက်ကဲ မျက်လုံးပြူးသွားသည်။
“’ရန်’အိမ်တော်ကကောင်လေး အပြင်မှာစောင့်နေ ၊ ကျန်တဲ့သူတွေ ဝင်လာလို့ရတယ်”
ထိုစာကြောင်းကိုမြင်တော့ အားဟူမျက်နှာ ရှုံမဲ့သွားသည်။
“သခင်လေး...”
ဖန်းယွင်ရှန်းနှင့် စစ်ခုန်ချင်းတို့ တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြသည်။
အခြေအနေများကို ရှင်းရှင်းလင်းလင်း မသိသော်လည်း ယနေ့ဖြစ်ရပ်ကိုကြည့်ခြင်းအားဖြင့် အကြီးအကဲ’ဖူ’က ရန်ကျောက်ကဲ၏ဖခင်ကို မုန်းတီးနေသည်ဆိုသော ကောလဟလများက မှန်ကန်နိုင်သည်။
အားဟူက သူ့လက်များကို အသာပွတ်သပ်လိုက်ရင်း အသံပို့လွှတ်စနစ်ဖြင့် ရန်ကျောက်ကဲကို တိတ်တဆိတ် ပြောလိုက်သည်။
“သခင်လေး... သူ ဝင်ခွင့်မပြုလည်း အတင်းဝင်ဖို့ နည်းလမ်းမရှိဘူးလား... ဟမ်”
သူတို့ရှေ့ရှိ ရေတံတိုင်းမျက်နှာပြင်က နူးညံ့သယောင်ထင်ရသော်လည်း စွမ်းအားနည်းသည်ဟုယူဆလျှင် သူတို့ ကျပ်မပြည့်သောကြောင့်သာ ဖြစ်ပေမည်။
ဖူအန်းစုက ဝါရင့်သိုင်းဆရာသခင်တစ်ယောက်ဖြစ်ပြီး သူမ၏ သိုင်းစွမ်းဖြင့် ရေကိုဖိအားပေး ပြုလုပ်ထားသည့်တံတိုင်းတစ်ခု ဖြစ်သည်။
ယခင်က ရန်ရှု ထွက်မပြေးနိုင်ရန် ရှီတိက သူ၏သိုင်းစွမ်းဖြင့် မိုးမြေကို ပိတ်ဆို့ထားဆီးထားသကဲ့သို့ပင် ဖြစ်၏။
ဖူအန်းစုနှင့် ကျင့်ကြံခြင်းအဆင့်တူညီသူ သို့မဟုတ် သာလွန်သူများအတွက် ဤရေတံတိုင်းက အရေးမပါသော်လည်း ရန်ကျောက်ကဲနှင့် အားဟူတို့အတွက်ကတော့ သံတံတိုင်းနှင့် ကြေးနီနံရံများပမာ ဖျက်စီးရခက်သည့် အရာတစ်ခု ဖြစ်သည်။
သူတို့ရှေ့မှ ရေတံတိုင်းမျက်နှာပြင်ကိုကြည့်ရင်း ရန်ကျောက်ကဲက ခေါင်းခါယမ်းကာ ရယ်မောလိုက်သည်။
“ဘာမှမဖြစ်ဘူး ၊ အဆင်ပြေပါတယ်”
ထို့နောက်သူက ရယ်မောလျှက်ပင် ဖန်းယွင်ရှန်းနှင့် စစ်ခုန်ချင်းကို လှည့်ကြည့်လိုက်သည်။
“ဒါက ဆရာဒေါ်လေး’ဖူ’ ရဲ့ အမိန့်ပဲ ၊ မင်းတို့နှစ်ယောက် အရင်ဝင်သွားကြပါ”
နှစ်ယောက်သား ခေါင်းမော့ကြည့်လိုက်တော့ မကျေမနပ် ဖြစ်ဟန်မတူဘဲ ပုံမှန်အတိုင်း တည်ငြိမ်နေသည့် ရန်ကျောက်ကဲ၏ မျက်နှာကို တွေ့မြင်ရသည်။
အချိန်များစွာ ဖြတ်ကျော်ခဲ့ပြီးနောက် သူတို့ အနည်းနှင့်အများ သိရှိလာကြသည်မှာ ရန်ကျောက်ကဲသည် အခြားသူများအပေါ် နစ်နာစေလိုခြင်း မရှိသလို သူ့ကြောင့်လည်း အခြားသူများ နစ်နာမည်ကို မလိုလားသူတစ်ယောက် ဖြစ်သည်။ ထို့ပြင် အကြီးအကဲ’ဖူ’ နှင့် ရန်ကျောက်ကဲဖခင်၏ ပြဿနာမှာလည်း အကြီးတန်းမျိုးဆက်၏ ပြဿနာသာ ဖြစ်သည်။
ရန်ကျောက်ကဲက မိန်းကလေး (၂)ယောက်ကိုကြည့်ပြီး ပေါ့ပေါ့ပါးပါး ပြုံးလိုက်သည်။
“မင်းတို့ဝင်သွားပြီးရင် ငါလည်း ဝင်ခွင့်ရမှာပါ”
ဖန်းယွင်ရှန်း၏ နှုတ်ခမ်းလေးများ တွန့်ကွေးသွားပြီး ပြုံးလိုက်သယောင်ထင်ရသည့်တိုင် တကယ်တမ်းတွင် အနည်းငယ် ကြောက်ရွံ့မှုကြောင့် တုန်ယင်သွားခြင်း ဖြစ်၏။
ရန်ကျောက်ကဲက သူမတစ်ယောက်တည်းမြင်အောင် လက်မထောင်ပြလိုက်တော့မှ သူမက တုံ့ဆိုင်းမနေတော့ဘဲ ရေမျက်နှာပြင်ထက် ချက်ချင်းလမ်းလျှောက်သွားသည်။
ထို့နောက် ရန်ကျောက်ကဲက စစ်ခုန်ချင်းကိုကြည့်လိုက်ပြီး ခေါင်းညိတ်ပြလိုက်သည်။ ထိုအခါမှ သူမလည်း ရေတံတိုင်းဆီသို့ ဦးတည်ထွက်ခွာသွားသည်။
သူတို့ရောက်လာသည်နှင့် ရေတံတိုင်းတွင် လမ်းကြောင်းတစ်ခုပေါ်လာပြီး နှစ်ယောက်လုံးကို ဝင်ခွင့်ပြုလိုက်သည်။
“သခင်လေး... သူက ဘယ်လိုကြောင့် ဒီလိုလုပ်ရတာလဲ”
မိန်းကလေး (၂)ယောက်ဝင်သွားသည်ကိုကြည့်ရင်း အားဟူက အသံပို့လွှတ်စနစ်ဖြင့် ပြောလိုက်သည်။ သူ့အသံက အတော်လေး နာကျင်ခံစားနေရဟန် ရှိ၏။
သူက ဆက်ပြောသည်။
“လူယုတ်မာတစ်ယောက်ကို စော်ကားမိတာထက် လူကောင်းတစ်ယောက်ကိုစော်ကားမိတာကမှ ပိုကောင်းသေးတယ် ၊ ဒါပေမဲ့ မိန်းမတစ်ယောက်ကို စော်ကားမိတာထက် လူယုတ်မာတစ်ယောက်ကို စော်ကားမိတာက ပိုကောင်းတယ်တဲ့ ၊ ဒါပေမဲ့ အခု သူက ဒီလောက်အငြိုးထားနေရအောင် ဘယ်သူက သူ့ကို စော်ကားထားလို့လဲ ၊ စိတ်သဘောထား သေးသိမ်လိုက်တာ”
ရန်ကျောက်ကဲက နှုတ်ခမ်းများ တွန့်ကွေးလိုက်ရင်း...
“မင်း စိတ်လျှော့ပြီး ခဏလောက် စောင့်လိုက်စမ်းပါ ၊ မကြခင် သူ့သဘောနဲ့သူ ငါတို့ကို ဝင်ခွင့်ပြုလိမ့်မယ်”
အားဟူ မည်သည့်စကားမှ မပြောဘဲ တိတ်ဆိတ်နေသည်။ သူ၏ သခင်လေးက အမြဲတမ်း လွှမ်းမိုးနိုင်စွမ်း မြင့်မားသူဖြစ်ကြောင်း ကောင်းကောင်းသိသည်။ သို့သော် ‘ဖူအန်းစု’ ဆိုသည်က အခြားသူများနှင့် မတူပေ။
အဆင့်သတ်မှတ်ချက်အရ ဖူအန်းစုက ဖန်ကျွင်း ၊ ရှီတိတို့နှင့် အဆင့်အတန်း တူညီသည်။ သူမ၏ သိုင်းစွမ်းနှင့် ရာထူးနေရာက သူတို့ထက် အနည်းငယ်လျော့နည်းသည့်တိုင် မျိုးဆက်သစ်တပည့်များအနေဖြင့် သူမကို ရင်ဆိုင်နိုင်မည် မဟုတ်ပေ။
... အထူးသဖြင့်
ဖူအန်းစုက ကျိုးကြောင်းဆီလျော်သူတစ်ယောက် မဟုတ်ပေ။
သူမသာ တပည့်ငယ်တစ်ယောက်ကို သင်ခန်းစာပေးချင်သည်ဆိုလျှင် သေလုမျောပါးဖြစ်သည်အထိ ပြုလုပ်နိုင်ပြီး ထိုတပည့်အတွက် တရားမျှတမှုကိုပင် ရှာဖွေနိုင်မည် မဟုတ်ပေ။
ဝါဒတောင်မှ မျိုးဆက်သစ်တပည့်ငယ်များအနေဖြင့် မိစ္ဆာသခင်နှင့် တွေ့ရသည့်အလား ဖြစ်ပေလိမ့်မည်။
ဝါဒတောင်ဂိုဏ်းချုပ် ယွမ်ကျန်းဖုန်း၏ တပည့်ရင်းများထဲတွင် ရန်တိက အငယ်ဆုံးဖြစ်သလို နောက်ဆုံးမှ ဂိုဏ်းထဲရောက်လာသူလည်း ဖြစ်လေရာ အားလုံးက သူ့ကို လူသစ်တစ်ယောက်ပမာ သဘောထားကြသည်။
ရန်တိရောက်လာခါစအချိန်က သူ၏ ဂိုဏ်းတူမောင်နှမများထဲတွင် ယွမ်ကျန်းဖုန်း အယုံကြည်ရဆုံးသူက ရှီတိဖြစ်ပြီး ဂုဏ်အယူရဆုံးတပည့်ကတော့ ဖန်ကျွင်း ဖြစ်သည်။ သို့သော် ယွမ်ကျန်းဖုန်းကို ပျော်ရွှင်စေသူကတော့ ဖူအန်းစု ဖြစ်၏။
ဖူအန်းစု၏ မိဘများက ယွမ်ကျန်းဖုန်းနှင့် တစ်ဂိုဏ်းတည်း မဟုတ်သော်လည်း သေခြင်းရှင်ခြင်းတိုက်ပွဲများကို အတူတူ ဖြတ်ကျော်ခဲ့ကြသော ရင်းနှီးခင်မင်သည့် မိတ်ဆွေရင်းများ ဖြစ်ကြသည်။ စိတ်မကောင်းစရာမှာ သူတို့ (၂)ယောက်လုံး စောစီးစွာ ဆုံးပါးသွားကြခြင်းပင်။
ဖူအန်းစုမှာ ယွမ်ကျန်းဖုန်းလက်ပေါ်ပင် ကြီးပြင်းလာပြီး သားအဖအရင်းများပမာ ရင်းနှီးသည့်ဆက်ဆံရေး ရှိခဲ့သည်။
ယွမ်ကျန်းဖုန်းသည် ဖူအန်းစုကို ငယ်စဉ်ကပင် အလွန်ချစ်ခင်ကာ အလိုလိုက်ခဲ့သည်။
ရန်ကျောက်ကဲ စိတ်ရင်းဖြင့် တွေးမိသည်မှာ ရှီတိကို ကျေးဇူးတင်ရမည့်အချက် များစွာရှိသည်ဆိုသည့် အချက်ပင်။
စည်းကမ်းကြီးပြီး တည်ကြည်သည့် ဂိုဏ်းတူအစ်ကိုကြီးရှီတိသာ ဂိုဏ်းတူညီငယ် ၊ ညီမငယ်များကို ထိန်းချုပ်ဖိနှိပ်ထားခြင်း မရှိပါက ယွမ်ကျန်းဖုန်း မျက်နှာသာပေးခံရသည့် ဖူအန်းစုမှာ ဝါဒတောင်တစ်ခုလုံးတွင် ဆိုးချင်တိုင်းဆိုးနေပေလိမ့်မည်။
ရန်ကျောက်ကဲကို လှမ်းကြည့်ရင်း အားဟူက သူ့နှုတ်ခမ်းများကို ပွတ်သပ်လိုက်သည်။
“သခင်လေး... အကြီးအကဲ’ဖန်ကျွင်း’ နဲ့ ရင်ဆိုင်ရတုန်းကတောင် သခင်လေးက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု အပြည့်ရှိတယ် ၊ ဒါကြောင့် ကျွန်တော်လည်း ပိုပြီးတော့တောင် ယုံကြည်မှု ရှိတယ် ၊ တကယ်တော့... အကြီးအကဲ’ဖန်ကျွင်း’ ကမှ ကျိုးကြောင်းဆီလျော်သေးတယ် ပြောရမယ်”
သူက ဆက်ပြောသည်။
“ဒါပေမဲ့ အကြီးအကဲ’ဖူ’ကတော့ သူ့စိတ်ခံစားချက်အတိုင်း လုပ်ချင်ရာလုပ်တာပဲ”
ရန်ကျောက်ကဲက ပခုံးတစ်ချက်တွန့်လိုက်ပြီး လက် (၃) ချောင်းထောင်ပြလိုက်သည်။
“ပထမအချက်အနေနဲ့ ဆရာဒေါ်လေး’ဖူ’ တစ်ခုခုကို သဘောကျပြီးဆိုရင် တခြားသူတွေနဲ့ မတူဘူး ၊ သူက ချက်ချင်းကို အရူးအမူးဖြစ်ပြီး ထိန်းချုပ်မှု မရှိတော့ဘူး ၊ ပြီးတော့ ဆုံးဖြတ်ချက်ချမယ်ဆိုရင်လည်း သူက သဘောကျခြင်း မကျခြင်းအပေါ် အခြေခံပြီး ဆုံးဖြတ်တယ် ၊ ဒါပေမဲ့ကွာ... သူ့မှာ ဂိုဏ်းကိုချစ်တဲ့စိတ် အပြည့်ရှိတယ်”
“သူက ဂိုဏ်းထဲမှာပဲ ကြီးပြင်းလာပြီး ဆရာဘိုးဘိုးကလည်း သူ့ကို သမီးအရင်းလေးတစ်ယောက်လို အရမ်းချစ်တာဆိုတော့ သူကလည်း ဆရာဘိုးဘိုးကို ဖခင်ရင်းတစ်ယောက်လို သံယောဇဉ်မရှိဘဲ နေမတဲ့လား”
ရန်ကျောက်ကဲက လက်တစ်ချောင်းကို အောက်သို့ချိုးချလိုက်ရင်း...
“ဆိုတော့... ဝါဒတောင်အတွက် အမှန်တကယ်အကျိုးရှိမယ့် အရေးကြီးကိစ္စမျိုးဆိုရင် သူ့ကိုယ်ပိုင်ခံစားချက်တွေကို ချိုးနှိမ်ပြီး ဂိုဏ်းအတွက် စဉ်းစားပေးမှာပဲ”
“ဒုတိယအချက်က... နောက်ကွယ်ကနေ လူကြီးတွေအတင်းပြောရတာတော့ သိပ်မကောင်းပါဘူး ၊ ဒါပေမဲ့ ဆရာဒေါ်လေး’ဖူ’က ကိစ္စအတော်များများကို စိတ်မရှည်တတ်ဘူး ၊ သူက စိတ်ဝင်စားတယ်ဆိုရင်တောင်မှ (၃)ရက်ငါးမျှားထွက်ရင် (၂)ရက်နဲ့ ပိုက်ကွန်ကို အခြောက်ခံချင်တဲ့သူမျိုးလေ”
ရန်ကျောက်ကဲက နောက်ထပ်လက်တစ်ချောင်းကို ချိုးလိုက်ရင်း...
“ဒါပေမဲ့ ဆရာဒေါ်လေး’ဖူ’က သိုင်းကျင့်ကြံခြင်းကို အရမ်းစိတ်အားထက်သန်တယ် ၊ သိုင်းကျင့်ကြံနေရရင် နှစ် (၁၀၀)ကြာသွားလည်း တစ်ရက်လို့ပဲ သူကထင်နေတာ ၊ သူငယ်ငယ်က မိစ္ဆာတစ်ယောက်လို ပရမ်းပတာတွေ အကုန်လျှောက်လုပ်ခဲ့တာဆိုပေမယ့် သိုင်းကျင့်ကြံခြင်းနဲ့ပတ်သက်ရင် သူ့ရဲ့ လုံ့လဝီရိယကိုတော့ ပထမဆရာဦးလေးကတောင် ချီးကျူးခဲ့ရတယ် မဟုတ်လား”
“ဆိုတော့... သူက သိုင်းတာအိုနဲ့ပတ်သက်တဲ့ လျှို့ဝှက်ချက်တစ်ခုကို မသိရသရွေ့ အောက်ခြေအထိရောက်အောင် အပြင်းအထန် ကြိုးစားတတ်တယ် ၊ သူ နားမလည်တဲ့အရာတစ်ခုရှိလာတဲ့အခါ စားလည်းမစား အိပ်လည်းမအိပ်ဘဲ မရမနေ နားလည်အောင်လုပ်တတ်တယ်”
ပြောရင်းဖြင့် ရန်ကျောက်ကဲကပါ သူမကို ချီးကျူးစကားဆိုလိုက်သည်။
“သူသာ ဒီလို မရူးသွပ်ခဲ့ဘူးဆိုရင်... သူ လက်ရှိ ကျင့်ကြံခြင်းအဆင့်ကို ရောက်နေတာဟာ ကံကောင်းလို့တော့ မဟုတ်ဘူးလေ ၊ ဟုတ်တယ်မလား ၊ ဆရာဒေါ်လေး’ဖူ’က မျက်နှာသာရချင်တဲ့သူဖြစ်သလို အငြိုးအတေးလည်းထားတတ်ပေမယ့် သိုင်းတာအိုရဲ့ ပြဿနာတွေကို သိရမယ်ဆိုရင် မျက်နှာရမှာတွေ ဘာတွေ ဘာတစ်ခုမှ မစဉ်းစားတော့ဘူး”
ရန်ကျောက်ကဲက ပြုံးလိုက်ပြီး ထောင်ထားသည့် တတိယမြောက်လက်ချောင်းကို ချိုးလိုက်သည်။
“တတိယအချက်က... အာ... အဟက်ဟက်... ငါတို့ဝါဒတောင်က ဆရာဒေါ်လေး’ဖူ’က စိတ်မရှည်တာပဲ ၊ သူက သိချင်ပြီဆိုရင် စိတ်ရှည်ရှည်နဲ့ သည်းခံပြီး မစောင့်တတ်ဘူး ၊ ချင်ချင်းကို သိချင်တော့တာကွာ...”
ရန်ကျောက်ကဲ စကားမဆုံးခင်မှာပင် သူတို့ရှေ့မှ ရေတံတိုင်းအတားအဆီးသည် အသံတစ်စက်မထွက်ဘဲ တိတ်ဆိတ်စွာဖြင့်ပွင် ပွင့်ဟလာခဲ့လေသည်။