အစုလိုက် အပြုံလိုက် သတ်ဖြတ်ခြင်
Vol. 16 Ch. 211
“ကျင်းလင်ပေးက ဘယ်မှာလဲ ...” မိုဝူကျီက ထိုအမျိုးသမီး မေးခွန်းကို မဖြေဘဲ ကျင်းလင်ပေး အကြောင်းကို ပြန်မေးလိုက်သည်။
“ခေါ်လာခဲ့ကြ ...” မီးခိုးရောင် ဝတ်ရုံနှင့် အမျိုးသမီးက ပြောပြီးနောက် လက်ဟန် ပြလိုက်သည်။
နောက်မှ လက်ဝါးကပ်တိုင် တစ်ခုကို ယူလာကာ ထိုပေါ်တွင် သွေးသံရဲရဲ အမျိုးသမီး တစ်ဦးကို သံများဖြင့် စိုက်ထားလေသည်။ သူမ လက်၊ ခြေများကို သံများဖြင့် သီးခြားစီ ခွဲထား၍ "大" ထိုသို့ စကားလုံး ဖြစ်ပေါ် နေလေသည်။
ထိုသူက ကျင်းလင်ပေး ဖြစ်နေ၍ မိုဝူကျီ အကြည့်များက အေးစက် လာလေသည်။ ကျင်းလင်ပေးကို မြေပုံအကြောင်း မေးမြန်းရန် အတွက် နည်းလမ်း ပေါင်းစုံကို သုံးထားဟန် ရသည်။ သို့သော် လက်ဝါးကပ်တိုင် ပေါ်တွင် သံဖြင့် ရိုက်ထား လိမ့်မည်ဟု ထင်မထားပေ။
“စိတ်ပူ မနေပါနဲ့ သူမက အသက် ရှိပါသေးတယ်။ သူမ လည်ပင်းက သံက သူမ လည်ချောင်းနဲ့ နည်းနည်းလေး လွတ်နေ ပါသေးတယ်။ ဒါပေါ့ သူမကို ကြိုးနဲ့ ချိတ်ထားတာလေ ... တစ်ခု ပြောပြရဦးမယ် ... ငါတို့ ဝူချောင်ဝူရွှောင်က လူတိုင်း ဝင်ချင်တိုင်း ဝင်လို့ရတာ မဟုတ်ဘူး … ငါ့သားတို့ သူ့ကို အရှင်ဖမ်းခဲ့ကြ …” အမျိုးသမီးက ခံစားချက် ကင်းမဲ့စွာ ပြောလိုက်သည်။
“ဒုတိယအစ်မ ...” ဟွားရွှမ်က ရှိက်ကြီးတငင် ငိုကြွေး လိုက်လေသည်။ ထို့နောက် သူမ နောက်မှ လူရှစ်ယောက်က ရှေ့တက် လာလေသည်။
မိုဝူကျီက အသက်ပြင်းပြင်း ရှူလိုက်ပြီး သူ့ဒေါသကို ချိုးနှိမ်ထားကာ အေးအေးဆေးဆေး ပြန်ဖြေလိုက်သည်။
“ဟွားရွမ် ... တိုက်ကွက် ပုံဖော်လိုက် ငါတို့တွေ သတ်နိုင်သလောက် များများ သတ်ကြမယ်… စိတ်မထိန်းနိုင်ပဲ ရှေ့တက်သွားရင် ချက်ချင်းလက်ငင်း အသားစ ဖြစ်သွားလိမ့်မယ် … ”
သူတို့ ဆယ်ယောက်ရှေ့တွင် ရှိနေသည်က ရန်သူ ၁၀၀၀၀ကျော် ဖြစ်သည်။ ထို့ကြောင့် အသင့်တော်ဆုံး နည်းလမ်းသည် သူတို့ဆီ မြားများဖြင့် အဆက်မပြတ် ပစ်ခတ်ခြင်း ဖြစ်သည်။ ထိုသို့ လုပ်လျှင်ပင် မိုဝူကျီအတွက် သူ့ကိုယ်သူ ကာကွယ်ဖို့ရာ ခက်ခဲ ပေလိမ့်မည်။ ဝူရွှောင်ဟု ခေါ်သော အမျိုးသမီးက သူတို့ကို အသက်ရှင်လျက် ဖမ်းချင်သည့် အတွက် သူမသည် အလွန် စိတ်ကြီးဝင် နေလေသည်။
လူ ၁၀၀၀၀ကျော်သည် များပြားသော အရေအတွက် ဖြစ်သော်လည်း လူဆယ်ယောက်ကို ဖမ်းဖို့ရာ အတွက် ရာဂဏန်း လောက်သာ ကောင်းကောင်း လုပ်နိုင်ကြ လေသည်။
“ကောင်းပါပြီ ...” ဟွားရွှမ်လည်း တည်ငြိမ် နေလေသည်။ သူမက ရန်သူရှေ့သို့ သွေးပူပြီး ပြေးဝင် သွားပါက သေမည် ဖြစ်ကြောင်း သေချာသိသည်။ မိုဝူကျီ ပြောသည်က မှန်ကန်ပေ၏။ သူတို့ တိုက်ကွက်ပုံစံ ထုတ်ပြီးတော့ တိုက်ခိုက်မှသာ ရန်သူ အရေအတွက် များများကို သတ်နိုင်ကြ လိမ့်မည်။
“သတ်ကြစမ်း ...” မြင်းစီးသမား အုပ်စုက ချီတက် လာကြလေသည်။ သူတို့၏ အငွေ့အသက်များက သာမန်လူကို တုန်လှုပ်စေကာ တိုက်ခိုက်ရေး စိတ်ဓာတ်နှင့် သတ္တိကို ပျောက်ဆုံး စေနိုင်သည်။
ဟွားရွှမ်တို့ အုပ်စုက သေသည်အထိ တိုက်ခိုက်ရန် ပြင်ဆင်ထားသည့် အတွက် သူတို့က ရန်သူ ၁၀၀၀၀ကျော်နှင့် ရင်ဆိုင် ရသောအခါ သူတို့ ခြေထောက်များသာ အနည်းငယ် တုန်ယင် နေလေသည်။ ဟွားရွှမ်က မိုဝူကျီသည် ဤတိုက်ပွဲကို သူတို့ဘက် အရေးသာအောင် ပြောင်းလဲပစ် နိုင်လိမ့်မည်ဟု အပြည့်အဝ မယုံကြည်ထားပေ။ ရာဂဏန်းလောက်က သတ်ရလွယ်ကူ သော်လည်း ထောင်ဂဏန်းကား တူညီသော ကိစ္စရပ် မဟုတ်ပေ။ မြင်းစီးသမား ၁၀၀၀၀ကျော်က သူတို့ဆီ အတူတူ ချီတက် လာခြင်းကား အမှန်ပင် ကြောက်စရာ ကောင်းလှလေသည်။
အသက်ပြင်းပြင်း ရှူလိုက်ပြီး မိုဝူကျီက လက်ကို မြှောက်လိုက်သည်။ သူတို့က ပုံရိပ်တစ်ခုပြီး တစ်ခု ဝေဝေဝါးဝါး ပြောင်းလဲ သွားတော့သည်။ သူ့ချီသွေးကြော ၁၀၁ခုလုံးကို နှိုးဆွလိုက်ပြီး အလင်းတန်းတွေ တစ်ခုပြီး တစ်ခု ပေါ်လာလေသည်။
ထိုအလင်းတန်းများက ဖြစ်ပေါ်လာ သည်နှင့် တန်းထွက် သွားတော့သည်။ သာမန် ကျင့်ကြံသူတွေ အတွက် မိုဝူကျီ၏ အလင်းတန်းများက အများဆုံး ဝတ်ရုံ အပေါ်လွှာကို ပြဲစေရုံ လောက်သာ ရှိမည်။ သို့သော် သေမျိုးများ အတွက် အလင်းတန်း တစ်ခုချင်းစီက သေမိန့်နှင့် ဆင်တူလေသည်။
“ဝှီး ... ဝှီး ...” သွေးများက ဆက်တိုက် ပန်းထွက် လာလေသည်။
ထိုမြင်းစီး သမားများကို မိုဝူကျီ၏ အလင်းတန်းများက ဂျုံများကို ဖြတ်နေသည့် အလား အပိုင်းပိုင်း ဖြတ်သွားတော့သည်။ အစပိုင်းတွင် သူ့အလင်း နံရံက အလွှာများ မရှိသေးပေ။ သို့သော် နောက်ဆုံးတွင် အလွှာများ ဖြစ်ပေါ် လာလေသည်။ မြင်းစီး သမားများက မည်သို့ပင် ရှေ့တက် လာပါစေ သူတို့က လျှပ်စီး ပင်လယ်ကို မဖြတ်သန်း နိုင်ကြပေ။
အကယ်၍ တခြားသော လူသား အဆင့်လွန် ကျင့်ကြံသူ တစ်ယောက်ဆိုလျှင် သူက ထိုသို့ လုပ်ဆောင်ချက်မျိုးကို လုပ်ဆောင်နိုင်မည် မဟုတ်ပေ။ များစွာသော အလင်းတန်းများကို ဆက်တိုက် ပစ်လွှတ်ဖို့ရာ မိုဝူကျီက တခြားသူများ နားမလည် နိုင်သည့် ချီသွေးကြော ၁၀၁ခုကို မှီခို အားထားကာ လုပ်ဆောင် နေရသည်။ ထိုကြားတွင် သဘာဝစွမ်းအား သိုလှောင်ရေး လမ်းကြောင်း နှစ်ခုလည်း ပါဝင်သည်။
စူးရှသည့် သွေးနံ့ဆိုးဆိုးက လေထဲ ပျံ့နှံ့ လာလေသည်။ မည်မျှပင် ရက်စက် စေကာမူ မြင်းစီးသမားများက အသက်များကို အလွယ်တကူ နုတ်ယူနေသော ထိုအလင်း နံရံနှင့် ပတ်သက်ပြီးတော့ ဘာမှ မလုပ်ဆောင် နိုင်ကြချေ။ မြင်းစီးသမား အုပ်စုက အရေးမလှ ရှုံးနိမ့်နေပြီး တချို့က နောက်ပင် ပြန်ဆုတ်ချင် နေကြသည်။
သို့သော် မိုဝူကျီ၏ အလင်းနံရံက ရွေ့လျားနိုင်သည့် အတွက် သူတို့ ရှေ့တိုးသည် ဖြစ်စေ၊ နောက်ဆုတ်သည် ဖြစ်စေ ကိစ္စမရှိပေ။ သူတို့ ရှေ့တက် လာသရွေ့ သေမင်းက စောင့်ကြိုနေမှာ ဖြစ်သည်။
ခဏတာ မှင်တက် သွားပြီးနောက် ဝူရွှောင်က အကြောင်းအရာကို သေချာ နားလည် သွားတော့သည်။ မိုဝူကျီ စွမ်းအားက သူမ မှန်းဆ ထားသည်ထက် ပိုနေ၍ သူသည် သေချာပေါက် မြေကမ္ဘာအဆင့် ကျင့်ကြံသူသာ ဖြစ်ရမည်။ သူမက စွမ်းအား ကြီးသော်လည်း မြေကမ္ဘာအဆင့် ကျင့်ကြံသူနှင့်တော့ မယှဉ်နိုင်ချေ။
“မြားတွေ ပစ်လိုက်တော့ ... အားလုံး မြားတွေ ပစ်ကြ ...” ဝူရွှောင်က မိုဝူကျီကို အရှင်ဖမ်းလို့ မရနိုင်မှန်း သိသည်နှင့် ကျယ်လောင်စွာ အော်ပြော လိုက်တော့သည်။
“ဘမ်း ...” လျှပ်စီးအားက သူမ ရင်ဘတ်ကို ဖောက်ထွင်း သွားသောကြောင့် မြင်းပေါ်မှ ပြုတ်ကျ သွားတော့သည်။ သူမ၏ သံချပ်ကာကြောင့် အသက် ချမ်းသာရာ ရသွားလေသည်။ သို့သော် မိုဝူကျီက သူမထက် များစွာ အားကောင်းသည့် အတွက် သံချပ်ကာနှင့်ပင် သူမက ဒဏ်ရာ အပြင်းအထန် ရသွားလေသည်။
ဒဏ်ရာ အပြင်းအထန် ရသွားသော်ငြား သူမက မြားများကို ဆက်လက် ပစ်ဖို့သာ ကမူးရှူးထိုး အော်ဟစ်နေဆဲ ဖြစ်သည်။
သူတို့ကြောင့် အရေးမလှ ဖြစ်နေသည့် မြင်းစီး သမားများက ဝူရွှောင် မြင်းပေါ်က ပြုတ်ကျ သွားသည်နှင့် လူစုကွဲ သွားတော့သည်။ မြင်းစီးသမား အများစုက နောက်ဆုတ် သွားကြသော်လည်း များပြားစွာသော မြားများက မိုဝူကျီဆီ ပျံသန်း လာနေဆဲ ဖြစ်သည်။
မိုဝူကျီ အကြည့်များက လေးနက်လာပြီး ဓားရှည်ကို မြှောက်လိုက်တော့သည်။ ဓားရှည်တွင် ပုံရိပ်များစွာ ဖြစ်ပေါ်လာပြီး သောင်းချီနေသော မြားများကို ပိတ်ဆို့ထား လိုက်နိုင်သည်။ သို့သော်လည်း မိုဝူကျီက ဓားသမား မဟုတ်သည့် အတွက် သူသိသည့် တစ်ခုတည်းသော ဓားကျင့်စဉ်မှာ ပျောက်ကွယ်ဓားသာ ဖြစ်၏။ ဤဓားကျင့်စဉ်က လိုအပ်ချက် များလွန်းသည့် အတွက် သူ့ဘေး ပတ်လည်ကို မကာကွယ်နိုင်ပေ။
သူ့အနောက် ညာဘက်မှ မြင်းနှစ်ကောင် လဲကျသံကို ကြားလိုက်ရ၍ အနည်းဆုံး သူ့လူ နှစ်ယောက် ဒဏ်ရာ ရသွားကြောင်း သိလိုက်သည်။
မြားပျံများက အရေအတွက် တိုးပွား လာနေပြီး တရစပ် ကျရောက် လာနေသည်။ ထိုသို့ဆိုလျှင် ကြာကြာ ထိန်းထားနိုင်မည် မဟုတ်ပေ။ ထိုနှုန်းဖြင့် သူက အဆင်ပြေ သော်လည်း ဟွားရွှမ်နှင့် အခြားသူများက သေချာပေါက် သေသွားလိမ့်မည်။
ကောင်းကင်တစ်ခွင် နောက်ထပ် လျှပ်စီး အလင်းများ ဖြစ်ပေါ် လာလေသည်။ ဤတစ်ကြိမ်တွင် ဝူရွှောင်၏ မြင်းကျောပေါ်သို့ ကျရောက် သွားလေသည်။ ဝူရွှောင်က ဝူချောင်ထက် အားကောင်းသော်လည်း သူမက စိတ်ဝိညာဉ် တည်ဆောက်ခြင်း အဆင့်သာ ရှိသေး၏။
“ဘမ်း ...”ပေါက်ကွဲသံများ ဖြစ်ပေါ် လာလေသည်။ ဤတစ်ကြိမ်တွင် ဝူရွှောင်နှင့် သူမ မြင်းတို့က သွေးများကြား အငွေ့ပြန် သွားကာ မြားများဆက်တိုက် ပစ်လွှတ် ခိုင်းနေသည့် အသံပင် ရပ်တန့် သွားတော့သည်။ သူမ အသက်ကား မိုဝူကျီ၏ လျှပ်တစ်ပြက် လျှပ်စီးကြောင့် ပါသွားလေပြီ။
ဝူရွှောင် သေဆုံးမှုကြောင့် မြင်းစီး သမားတွေကြား ပို၍ ရုန်းရင်းဆန်ခတ် ဖြစ်လာလေသည်။ သူတို့က နေရာအနှံ့သို့ ပြေးလွှား နေကြပြီး ထွက်ပြေးဖို့ မလွတ်မြောက် နိုင်မှန်း သိသော တချို့လူများက အရှုံးပေး၍ မိုဝူကျီဆီ ခွင့်လွှတ် ပေးဖို့ရာ တောင်းခံ နေကြလေသည်။ ကောင်းကင် တစ်ခွင်မှ မြားများလည်း ပျောက်ဆုံး သွားတော့သည်။
ထိုမှသာ မိုဝူကျီက သတ်ဖြတ်ခြင်းကို ရပ်တန့် လိုက်တော့သည်။ သူက သူ့ကိုယ်သူ သက်ပြင်းချမိ လိုက်သည်။ အားအကောင်းဆုံး ကြေးစားများက ကြေးစားများသာ ဖြစ်နေဆဲ ဖြစ်သည်။
ပိန်ပါးပါး အမျိုးသားက သတိတကြီး ထား၍ နောက်ဆုတ် နေလေသည်။ ထိုသူက ဟွားရွှမ် ပြောဖူးသည့် အဆိပ်ဆူး ဖြစ်လေ၏။ သူက အရှုပ်အထွေး ကြားမှ လွတ်မြောက်ရန် ကြိုးစားနေခြင်း ဖြစ်သည်။ သို့သော် သူ ခြေလှမ်း အနည်းငယ်သာ ဆုတ်ရသေးစဉ် ဓားအရှိန်အဟုန် နှစ်ချက်က သူ့ခြေထောက်ဆီ ဖြတ်သွားလေသည်။
ထိုအရာကို မြင်ပြီး မိုဝူကျီပင် ပါးစပ် ဟောင်းလောင်း ဖြစ်သွားကာ ဟွားရွှမ်ကို မေးလိုက်သည်။
“သူတို့တွေကို မင်းပဲ တာဝန်ယူလိုက် ပြီးတော့ ကလန်ကဆန် လုပ်တဲ့သူတွေ သတ်ပစ်လိုက်။ ငါ ကျင်းလင်ပေးကို သွားကြည့် လိုက်ဦးမယ် ...”
မိုဝူကျီက မြင်းပေါ်မှ ပြုတ်ကျထားသော လူနှစ်ယောက် နောက်တစ်ဖန် မတ်တတ်ရပ် လာသည့်အခါ သေချာ ကြည့်လိုက်လေသည်။ သူတို့ ဒဏ်ရာများက အရမ်း မဆိုးရွားလှပေ။ ထို့ကြောင့် သူက ဆေးလုံး မတိုက်တော့ပေ။
အစုံလိုက် အပြုံလိုက် လူသတ်မှု ရပ်ဆိုင်း လိုက်သည်မှာ သူက ထိုမြင်းစီး ကြေးစားများ အားလုံးကို မသတ်ချင်၍ မဟုတ်ပေ။ သို့သော် သူတို့ကား ရည်ရွယ်ချက် မရှိဘဲ အများစုမှာ ခိုင်းသည့် အတိုင်း လုပ်နေကြ သူများ ဖြစ်ကြသည်။ သို့သော် မိုဝူကျီက ဆက်ပြီးတော့ သတ်မနေချင်ပေ။ ထိုသို့သော တစ်ဖက်သတ် သတ်ဖြတ်ခြင်းက သူ့အနာဂတ် ကျင့်ကြံခြင်း အတွက် အကျိုးမရှိပေ။ ထိုမြင်းစီး သမားများက မည်မျှပင် ရက်စက် စေကာမူ သူတို့ထဲတွင် အပြစ်မဲ့ သူများလည်း ပါနိုင်သေးသည်။
“…” ဟွားရွှမ်က ခေါင်းအေးအေး ထားကာ တုန်တုန် ယင်ယင်ဖြင့် ပြန်ဖြေလိုက်သည်။
“ကောင်းပါပြီ ...”
အင်မော်တယ် ဆရာ တစ်ယောက် မည်မျှ အားကောင်းကြောင်းကို ပထမဆုံး အကြိမ် ကြုံတွေ့ဖူးခြင်း ဖြစ်ရာ တစ်ချိန်တည်းတွင် အစ်မကြီးနှင့် တတိယ အစ်မတို့က ပင်လယ်ထဲရှိ အင်မော်တယ် တည်နေရာကို သွားချင်ကြသည့် အကြောင်းအရင်းကို နားလည် သွားလေသည်။
အကယ်၍ သူမသာ အင်မော်တယ် ဆရာများက ဤမျှ ကြောက်မက်ဖွယ် ကောင်းကြောင်း သိပါက သူမ အစ်မကြီးနှင့်အတူ လိုက်သွားလိမ့်မည်။
အစ်မကြီးက လူတစ်ယောက်တွင် ဘဝ ရည်မှန်းချက် ရှိသင့်ကြောင်း ပြောပြ ဖူးလေသည်။ ထိုသို့ဆိုလျှင် သူမ ရည်မှန်းချက်က မည်သည့်အရာ ဖြစ်မည်နည်း။
ဟွားရွှမ်က သူမရှေ့တွင် ဒူးထောက်နေသည့် များပြားစွာသော လူများနှင့် ပြေးထွက်သွားသော မြင်းစီးသမား တချို့ကို ကြည့်ကာ ရုတ်တရက် အော်လိုက်တော့သည်။
“သိမ်မွေ့ အမဲလိုက် သုံးဖော်အလံကို လွှင့်ထူလိုက် … ငါတို့တွေ ဒုတိယအစ်မ အတွက် လက်စား ချေကြမယ် … ”
“ဒုတိယအစ်မ အတွက် လက်စားချေမယ် ...” ဟွားရွှမ်နောက်မှ လူရှစ်ယောက်က အော်ကာ မြင်းစီး သမားတွေဆီ သူမနှင့်အတူ ချီတက် သွားတော့သည်။
မိုဝူကျီ၏ ကြောက်မက်ဖွယ် သတ်ဖြတ်မှုကို ကြုံတွေ့ပြီး အားအကောင်းဆုံး ကြေးစားပင် တိုက်ဖို့ရာ မဝံ့ရဲတော့ချေ။ ထပ်၍ အရေးကြီးသည်က ဝူချောင်နှင့် ဝူရွှောင်ပါ အသတ်ခံ လိုက်ရခြင်း ဖြစ်သည်။ အင်မော်တယ် ဆရာများနှင့် ရင်ဆိုင်သည့် အခါ သူတို့အား ပုရွက်ဆိတ်များ ဟုပင် ယူဆ၍ မရချေ။
ဟွားရွှမ်သည် မှန်မှန်ကန်ကန် လုပ်ဆောင်နိုင် သွားသည်ကို မြင်၍ မိုဝူကျီက သူမကို ထပ်မပြောတော့ပေ။ ကျင်းလင်ပေး ဘေးသို့သာ လျှောက်သွား လိုက်တော့သည်။
သူမသည် သေခြင်း၊ ရှင်ခြင်း စည်းအပေါ် ကျရောက် နေလေပြီ။ သူမ ခန္ဓာကိုယ်ပေါ်က အဝတ်များက အသားနှင့် ကပ်နေပြီး သွေးညစ်ညစ်များ ပေကျံ နေသည်ကို မြင်နေရသည်။ သူမကို လက်ဝါး ကပ်တိုင်တွင် တွယ်ထားရန် သတ္တုချောင်း ဆယ်ချောင်းမက သုံးထားလေသည်။ မိုဝူကျီသာ ကျင့်ကြံသူ မဟုတ်ပါက သူမ၏ အားနည်းလှသည့် နှလုံးခုန်သံကို သတိပြုမိမည် မဟုတ်ပေ။
ချက်ချင်း ဆိုသလို ကျင်းလင်ပေး ပါးစပ်ထဲ ဆေးနှစ်လုံး ထည့်ပေးလိုက်သည်။ ထို့နောက် သူမ ခန္ဓာကိုယ်မှ သံများကို ဖယ်ရှားပေး လိုက်သည်။
သို့သော် မိုဝူကျီက ကျင်းလင်ပေးကို မကယ်တင် နိုင်တော့ကြောင်း သိလိုက်ရ၏။
မိုဝူကျီတွင် စိတ်စွမ်းအား ရှိသည့်အပြင် မြေကမ္ဘာအဆင့် ဆေးလုံး ဆရာလည်း ဖြစ်နေသေးသည်။ သူ့လေ့လာချက် များအရ သူက ကျင်းလင်ပေး၏ အသက် ဝိညာဉ်က လွင့်ပါးနေပြီ ဖြစ်ကြောင်း ခံစားမိသည်။ ထိုသည်က သူမသည် သေခါနီး အခြေအနေတွင် ဖြစ်နေကြောင်း ဆိုလိုလေသည်။
ဘယ်ဆေးလုံးက အသက် ဝိညာဉ်ကို ပြန်လည် ဖြစ်ပေါ်စေ မည်နည်း …
ဟုတ်သား ... သူ့တွင် အဆုံးမဲ့ ဝိညာဉ် တာရှည်ခံပန်း ရှိသေးသည်။
အဆုံးမဲ့ ဝိညာဉ် တာရှည်ခံ ပန်းသည် အဆင့်ရှစ် ရတနာပန်း ဖြစ်ပြီး သာမန် အဆင့်ကိုး ဆေးပင်များထက် ပို၍ ဈေးကြီးလေသည်။ အကယ်၍ တခြား ကျင့်ကြံသူ ဆိုလျှင် ကျင်းလင်ပေးလို သေမျိုးအတွက် အဆုံးမဲ့ ဝိညာဉ် တာရှည်ခံပန်းကို ထုတ်သုံးမည် မဟုတ်လောက်ပေ။
သို့သော်လည်း မိုဝူကျီက အဆုံးမဲ့ ဝိညာဉ် တာရှည်ခံပန်းကို တွန့်ဆုတ် နေခြင်းမရှိ ထုတ်ယူလိုက်သည်။ ပွင့်လွှာ တစ်ချပ်ကို ကျင်းလင်ပေး ပါးစပ်ထဲ တိုက်ကျွေး လိုက်တော့သည်။ သူမလျှာပေါ် ရောက်သွားသည်နှင့် အရည်ပျော် သွားကာ သူမခန္ဓာကိုယ်ထဲ စီးဆင်း သွားလေသည်။
မိုဝူကျီက ဒုတိယ ပွင့်လွှာချပ်ကို ခွာတော့မည့် ဆဲဆဲတွင် ကျင်းလင်ပေး၏ ညည်းညူသံကို ကြားလိုက်ရသည်။
'အစ်မကြီး ... တတိယ ညီမလေး မြန်မြန် ထွက်ပြေးကြ …'
မိုဝူကျီ စိတ်ထဲ ဝမ်းမြောက်သွားကာ သူ့စိတ် စွမ်းအားဖြင့် ကျင်းလင်ပေးကို စမ်းကြည့်လိုက်သည်။ သူမအတွက် နောက်ဆုံး အခြေအနေ မဟုတ်တော့ပဲ သူမ အသက် ဝိညာဉ်လည်း ဖြည်းဖြည်းချင်းစီ ပြန်လည် စုစည်းလာသည့် လက္ခဏာကို တွေ့လိုက်ရသည်။
အဆုံးမဲ့ ဝိညာဉ် တာရှည်ခံပန်းကို နောက်ထပ် သုံးစရာ မလိုတော့ပေ။ ထို့ကြောင့် မိုဝူကျီက ဂရုတစိုက် သိမ်းထားလိုက်သည်။ သူက အဆုံးမဲ့ ဝိညာဉ် တာရှည်ခံပန်းသည် အဖိုးတန်မှန်း သိသော်လည်း မည်မျှ အဖိုးတန်လဲတော့ သေချာ မသိပေ။ ပွင့်လွှာ တစ်ချပ်က ကျင်းလင်ပေးကို ကယ်တင်နိုင်သည့် အတွက် မိုဝူကျီသည် ဤဆေးပင်၏ တန်ဖိုးကို နားလည် သဘောပေါက် သွားလေသည်။
ကျင်းလင်ပေးက အမှန်ပင် ဒေါ်လေး ဆယ့်တစ်၏ အဖိုးတန်မိတ်ဆွေ တစ်ယောက် ဖြစ်သည်။ သေခြင်းနှင့် ကြုံတွေ့နေရ သော်လည်း သူမက ဒေါ်လေး ဆယ့်တစ်နှင့် မိုရှင်းထောင်ကို ကယ်တင်ချင်၍ ဖြစ်သည်။ သူက လူကောင်းကို ကယ်တင်လိုက်ခြင်း ဖြစ်သည်။
အဆင့်လေး ဆေးလုံး နှစ်လုံးကို ကျင်းလင်ပေးအား တိုက်လိုက်သည်။ မိုဝူကျီသည် သူမအသက်က အန္တရာယ် မရှိတော့ကြောင်း သေချာ သွားလေ၏။ ကျန်ရှိသည်က အားပြန် ဖြည့်ရုံသာ ဖြစ်လေသည်။
ကျင်းလင်ပေးကို ကယ်တင်ပြီးနောက် မိုဝူကျီက ဟွားရွှမ်သည် အချိန်တို အတွင်း အခြေအနေများ အားလုံးကို ကောင်းမွန်စွာ ထိန်းချုပ် ထားနိုင်ကြောင်း တွေ့လိုက်ရသည်။ မြင်းသမား ထောင်ချီက သူမ ရှေ့ရပ်ကာ သူမစကားကို စောင့်နေကြသည်။
မိုဝူကျီက မြင်သောအခါ ထိုသည်က သေရေး၊ ရှင်ရေး အခြေအနေမှန်း သိလိုက်သည်။ အကယ်၍ ဟွားရွှမ်က ထိုမြင်းစီး သမားများကို အမိန့်ပေးနိုင်စွမ်း မရှိလျှင် နောင်တွင် အရှုပ်အရှင်း မဖြစ်လာစေရန် အားလုံးကို သတ်ပစ်လိုက်တာ ပိုကောင်းလေသည်။ သူက ဟွားရွှမ် မည်သို့ လုပ်ဆောင်မည်ကို မြင်တွေ့ချင် မိသည်။
***