← Chapters

ဝေဟင်လျှပ်စီး ဟန်ပန် ခုနစ်မျိုး၏ ဒုတိယပုံစံ

Vol. 16 Ch. 212

ဝေဟင်လျှပ်စီး ဟန်ပန် ခုနစ်မျိုး၏ ဒုတိယပုံစံ

Vol. 16 Ch. 212

“ဒီနေ့က စပြီးတော့ ဒီလူ ၈၀၀က ငါတို့အဖွဲ့ဝင် ဖြစ်လာလိမ့်မယ်။ ဝူရှောင်ဝူရွှောင် အဖွဲ့က ပျက်သုဉ်းသွားပြီ။ ငါတို့ သိမ်မွေ့ အမဲလိုက် သုံးဖော်အဖွဲ့ပဲ ရှိတော့မယ် …”

ဟွားရွှမ် ပြောသည်ကို ကြားပြီး မိုဝူကျီက အနည်းငယ် စိတ်ရှုပ်ထွေး သွားမိ၏။ သူ သတ်လိုက်သော မြင်းစီးသမားမှ လွဲ၍ မြင်းစီးသမား ၉၀၀၀ဝန်းကျင် ကျန်ရှိ နေသေးသည်။ သို့သော် ဟွားရွှမ်က လူ၈၀၀သာ လက်ခံမည်ကို ပြောသောကြောင့် သူမရှေ့မှ လူထောင်ချီက အငြင်း ခံရမည် ဖြစ်၏။

“ငါတို့ အဖွဲ့ရဲ့ ပိုက်ဆံ တစ်ပြားစီက ချွေးတွေ၊ အားထုတ်မှုတွေနဲ့ ရထားတာ။ တခြားနည်းနဲ့ ပြောရမယ် ဆိုရင် ဝူချောင်ဝူရွှောင် အဖွဲ့ရဲ့ ဝင်ငွေက မသမာမှုနဲ့ ရလာတာပဲ။ ငါတို့အဖွဲ့က အဲဒီလို လူမျိုးကို အလိုမရှိဘူး ...”

ထိုအရာကို ကြားပြီး မြင်းစီးသမား အုပ်စုအတွင်း ရုတ်ရုတ်သဲသဲ ဖြစ်သွားသော်လည်း တစ်ယောက်မှ မလှုပ်ရှား ရဲကြပေ။ မိုဝူကျီက အဝေး တစ်နေရာတွင် ရပ်နေသောကြောင့် အားလုံးက ဦးဆုံးလှုပ်ရှားမှု လုပ်မိလျှင် အင်မော်တယ် ဆရာဆီမှ အသတ်ခံရ မလားဟု သတိထား နေကြခြင်း ဖြစ်သည်။

မိုဝူကျီက သဘောတူစွာ ခေါင်းညိတ်ပြ လိုက်သည်။ ထိုသည်က ကိစ္စများကို ဖြေရှင်းရာ၌ “အုပ်စုတစ်ခုထဲ သိမ်းသွင်း၍ နောက်တစ်အုပ်စုလုံးကို သတ်ဖြတ်ခြင်း” နည်းလမ်းကား အမှန်ကန်ဆုံး နည်းလမ်း ဖြစ်လေသည်။ ဟွားရွှမ်က ပြောလိုက်သည့် အကြောင်းက သူတို့လက်မှာ အပြစ်မဲ့ လူများ၏ သွေးများ စွန်းထင်းနေ၍ ဖြစ်သည်။

“အဆိပ်ဆူးကို အရင်သတ်ကြ …” ဟွားရွှမ်က ကျယ်လောင်စွာ ဟစ်ကြွေးလိုက်သည်။

လူနှစ်ယောက်က မိုဝူကျီ လက်ချက်ဖြင့် ဒဏ်ရာ ရနေသည့် အဆိပ်ဆူးကို တရွတ်တိုက် ဆွဲခေါ်လာ ကြသည်။ သူတို့ဓားကို မြှောက်လိုက်သည့် အချိန် လွှဲချ လိုက်သည်နှင့် အဆိပ်ဆူး ဦးခေါင်းလည်း မြေခသွား ရတော့သည်။

ရုတ်ရုတ်သဲသဲ ဖြစ်နေကြသော မြင်းစီးသမားများက ငြိမ်ကျ သွားလေသည်။ ထိုသတ်ဖြတ်မှုက သူတို့အပေါ် များစွာ သက်ရောက်မှု ရှိ၏။ မိုဝူကျီ စိတ်ထဲတွင် လူသတ်သမားများက ဆက်ဆံဖို့ ကောင်းသော လူများ မဟုတ်ပေ။ ဟွားရွှမ်က အမျိုးသမီး ဖြစ်သော်လည်း သူမက ကောင်းကောင်း ကိုင်တွယ်နိုင်စွမ်း ရှိသည်။

သူမက မြင်းစီးသမားများကို ဝေ့ဝိုက်ကြည့် လိုက်ပြီး ဟွားရွှမ်က ကျေနပ်စွာ ပြောလိုက်သည်။

“အခု တစ်ယောက်ကို တစ်ယောက် ပြောဖို့ ခွင့်ပြုပေးမယ်။ အပြစ်မဲ့ ပြည်သူတွေရဲ့ သွေးစွန်းနေတဲ့ သူတိုင်း ခြွင်းချက်မရှိ အသတ်ခံရမယ်။ ကောင်းကောင်း ပြောနိုင်တဲ့ သူတွေက သိမ်မွေ့အမဲလိုက် သုံးဖော်အဖွဲ့ရဲ့ အကြီးအကဲ ဖြစ်လာလိမ့်မယ်။ ရှေ့တန်း ၈၀၀အုပ်စု ရှေ့တက်ကြမယ်။ တစ်ယောက်ယောက် တစ်ခုခု ကြံစည်နေတာ တွေ့ရင် သတ်ပစ်လိုက်ကြ … ”

“ဟုတ်ကဲ့ပါ ” ဟွားရွှမ် ဦးဆုံးလက်ခံ ထားသော လူ ၈၀၀ကာ ဓားရှည်များ မြှောက်ကာ ရှေ့တက် လာကြပြီး အချိန်မရွေး သတ်ပစ်ဖို့ရာ အဆင်သင့် ဖြစ်နေလေသည်။

“လျိုဆန်း အကြောင်း ပြောချင်ပါတယ်။ အရင်တုန်းက … ” ဟွားရွှမ် စကား ဆုံးသည်နှင့် မြင်းစီးသမား တစ်ယောက်က တခြား တစ်ယောက်ကို လက်ညှိုး ထိုးပြပြီးတော့ ပြောလိုက်တော့သည်။

သို့သော် သူ့စကား မဆုံးခင် သူ့ဘေးမှ မြင်းစီးသမားကြောင့် သူ့ခေါင်း ပြတ်သွားလေသည်။

မြင်းစီးသမား အများစုက တိတ်ဆိတ် သွားကြလေသည်။ မကြာခင်တွင် သူတို့သည် ဟွားရွှမ်က တင်ပြသူ အသတ်ခံရသည့် အကြောင်းကို ဘာမှ အရေးမယူမှန်း သိလိုက်ကြသည်။

ထိုအချက် ပြချက်ကြောင့် မြင်းစီးသမား အုပ်စုတွင် ရုန်းရင်းဆန်ခတ် ဖြစ်လာလေသည်။ တစ်ယာက်ပြီး တစ်ယောက် သူတို့ ဓားများကို မြှောက်ကာ တစ်ယောက်နှင့် တစ်ယောက် သတိထား နေကြသည်။ တချို့သူများက ဆက်ဆံရေး ကောင်းသောကြောင့် အဖွဲ့ဖွဲ့၍ နေနေကြ သော်လည်း တချို့ လူများက သူတို့ အသက်သာ ကာကွယ်ဖို့ ကြိုးစား နေကြသည်။

ထိုမြင်းစီးသမား အုပ်စုထဲတွင် ရှိနေသရွေ့ ချိန်ရွယ်ထားသည့် ဓားများ ရှိနေမည် ဖြစ်ပြီး အပြင်ထွက်ဖို့ ကြိုးစားပါက ရှေ့တွင် စောင့်နေကြသော လူ၈၀၀၏ သတ်ဖြတ်ခြင်းကို ခံရမည် ဖြစ်သည်။

သက်ပြင်း ချလိုက်ကာ …

မိုဝူကျီက ဆက်မကြည့် နိုင်တော့ပေ။ လူတစ်ထောင်ပင် အသက်ရှင်ဖို့ရာ ခက်ခဲလိမ့်မည် ဖြစ်ကြောင်း သိ၏။ သို့သော် ထိုသည်က ကိစ္စများကို ဖြေရှင်းနိုင်သည့် အကောင်းဆုံး နည်းလမ်း ဖြစ်လေသည်။

ထိုသို့ မဟုတ်လျှင် ဟွားရွှမ်အတွက် လူ၈၀၀လောက်ဖြင့် လူသောင်းကျော်ကို ထိန်းချုပ်ဖို့ ဆိုတာ မဖြစ်နိုင်လောက်ချေ။

လေထဲမှ သွေးနံ့က ပြင်းသထက် ပြင်းထန်လာကာ တိုက်ခိုက်သံများက နေ့တစ်ဝက်လောက် အကြာတွင် ငြိမ်သက် သွားလေသည်။ မိုဝူကျီက လှည့်ကြည့် လိုက်သောအခါ ဟွားရွှမ်က သူ့ဆီ လျှောက်လာသည်ကို မြင်လိုက်ရ၏။ သူနှင့် အဝေး တစ်နေရာတွင် သွေးချောင်းစီးကာ အလောင်းများက တောင်ပုံယာပုံ ဖြစ်တည်နေ၏။ အသက် ရှင်နေသော မြင်းအရေအတွက်ပင် ၅၀၀ မရှိပေ။

အတော်လေး အံ့ဩဖို့‌ ကောင်းလေသည်။ သောင်းချီနေသော လူများကို ရာဂဏန်း အထိ လျှော့ချ နိုင်လိုက်သည်။ ဟွားရွှမ်က ဤသွေးသံ ရဲရဲ ဘဝမျိုးနှင့် အမှန်တကယ် လိုက်ဖက်လှသည်။

“အစ်ကိုမို ... ဒုတိယ အစ်မရော ဘယ်လို နေသေးလဲ …” ဟွားရွှမ်က ဦးညွှတ်ကာ မေးလိုက်သည်။

“အသက် အန္တရာယ် မရှိတော့ပါဘူး။ ခဏနေရင် သူမကို ဟိုးနေရာကို ခေါ်သွားပြီးတော့ သေချာ အာဟာရ ပြည့်အောင် ဂရုစိုက်ပေးလိုက် ...”

မိုဝူကျီက အဝေး တစ်နေရာမှ အဆောက်အဦကို ညွှန်ပြကာ ပြောလိုက်ခြင်း ဖြစ်၏။ ထိုသည်က ဝူချောင်ဝူရွှောင်တို့၏ နေရာဟောင်း ဖြစ်လေသည်။

“ဟုတ်ကဲ့ပါ …” ဟွားရွှမ်က နောက်တစ်ကြိမ် ဦးညွှတ် လိုက်ပြီးနောက် စိုးရိမ်စွာ မေးလိုက်သည် …

“အစ်ကိုမို ကျွန်မ နည်းလမ်းက အရမ်းများ ရက်စက်သွားလား”

မိုဝူကျီက ပြုံးကာ ပြန်ဖြေလိုက်သည်။

“မင်းမှန်တယ်လို့ ထင်တာက မှန်တဲ့အရာ ဖြစ်လိမ့်မယ်။ နောက်တစ်ခါကျ ဒီနေရာကို ကျင်းလင်ပေးနဲ့ အတူ မင်းပါ ဦးစီးပေး ရမယ်။ ငါက ရက်တချို့ တံခါးပိတ် ကျင့်ကြံ လိုက်ဦးမယ်။ ကိစ္စတစ်ခုခု ရှိရင် အချိန်မရွေး လာခေါ်လှည့် ...”

ဟွားရွှမ်က မိုဝူကျီသည် ဤနေရာတွင် တံခါးပိတ် ကျင့်ကြံမည်ဆိုတာ သိသည့်အတွက် မြင်းစီး သမားများကို စိုးရိမ်ကင်းစွာ သေချာ ဖြေရှင်း နိုင်လေပြီ။

ဟွားရွှမ်ကို အဆုံးထိ ကိုင်တွယ်ဖို့ရာ ထားခဲ့ကာ မိုဝူကျီက ဝူချောင်ဝူရွှောင်တို့ နေရာဟောင်းသို့ ဝင်သွားတော့သည်။

ဤနေရာကား နန်းတော်တစ်ခု ဖြစ်ရာ ချင်ယွီပြည်နယ် သခင်၏ အိမ်တော်သို့ ရောက်ဖူးသော်လည်း ဤမျှလောက် တန်ဖိုး မကြီးမားပေ။

မိုဝူကျီက နေရာ တစ်ခုလုံးကို ရှာဖွေမနေဘဲ သာမန်အခန်း တစ်ခုကိုသာ ရွေးချယ် လိုက်တော့သည်။ ထို့နောက် အပြင်ဘက်တွင် ဆိုင်းဘုတ် ချိတ်ဆွဲထား ပြီးနောက် တံခါးပိတ် ကျင့်ကြံခြင်းကို စတင် လိုက်တော့သည်။

သူက ဝေဟင်လျှပ်စီး ဟန်ပန် ခုနစ်မျိုး၏ ဒုတိယပုံစံကို ကြည့်ချင်မိသည်။

ဂျူချီဂျန်းနှင့် တိုက်ပွဲ အပြီးတွင် ထိုကျင့်စဉ်များက ရိုးရှင်းလှကြောင်း ခံစားမိ နေသည်။

ဝေဟင်လျှပ်စီး ဟန်ပန်ခုနစ်မျိုး ဒုတိယ ပုံစံကား မပြီးပြည့်စုံသည့် ကျင့်စဉ် ဖြစ်သော်လည်း ပထမပုံစံနှင့် ယှဉ်လျှင် ပို၍ ပြည့်စုံသေး၏။ အနည်းဆုံးတော့ မပြီးပြည့်စုံသည့် ဝိညာဉ်စွမ်းအား လှည့်ပတ်ခြင်း နည်းလမ်း နှစ်ခုနှင့် ပုံနှစ်ခု ပါဝင်သေးသည်။

ဒုတိယပုံစံကို တောင်ခွင်း ငါးချက်ဟု ခေါ်ပြီး မိုဝူကျီက ထိုလျှပ်စီး ငါးချက်မှာ ဆက်တိုက် ထွက်လာလိမ့်မည်ဟု ကောက်ချက် ချမိသည်။ သို့သော် လက်တွေ့တွင် သူက ပထမပုံစံတွင် လျှပ်စီးများစွာ ထုတ်လွှင့်နိုင် ထားသောကြောင့် ဒုတိယပုံစံမှ သိပ်များစွာ မျှော်လင့် မထားပေ။

မျှော်လင့်ချက် နည်းစွာဖြင့် မိုဝူကျီက ကောက်ချက် မချခင် လေ့ကျင့်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။ ကျင့်စဉ်အသစ် တစ်ခုကို သင်ယူရသည်က ဆိုးလှသော အရာတော့ မဟုတ်ပေ။

ဝိညာဉ် လှည့်ပတ်ခြင်း လမ်းကြောင်းမှာ ရှင်းလင်းလှရာ မိုဝူကျီက အလွယ်တကူ ပထမ လှည့်ပတ်ခြင်းကို ပြီးမြောက်သွားပြီး ပထမ လျှပ်စီးအားကို ဖြစ်တည် လာစေသည်။

ဒုတိယပုံစံ လှည့်ပတ်ခြင်းကား မိုဝူကျီအတွက် ပြဿနာ မရှိချေ။ သူက ဒုတိယ လျှပ်စီးကို နောက်တစ်ကြိမ် စုစည်း လိုက်ပြန်သည်။

စိမ်ခေါ်မှု မများပြားလှပေ။ တတိယ လှည့်ပတ်ခြင်း လမ်းကြောင်းက မပြီးပြည့်စုံ သော်လည်း မိုဝူကျီက များများစားစား မစိုးရိမ်မိပေ။ သူက သူ့ဘာသာ လမ်းကြောင်းရှာကာ ဆက်လက် လုပ်ဆောင်ရမည်။ သူက ကျင့်စဉ် နားလည်နိုင်စွမ်းတွင် မကျွမ်းကျင် သေးသော်လည်း ကျင့်စဉ်များကို မွမ်းမံရာတွင် သူက အင်မော်တယ် မော်တယ် ကျင့်စဉ်ကိုသာ မှီခိုအားထား ရမည် ဖြစ်သည်။

ကျင့်စဉ်တစ်ခုကို  တိုက်ခိုက်ရေး နည်းလမ်းအတွက် မွမ်းမံခြင်းဖြင့် ကြောက်ခမန်း လိလိ ဖြစ်ဖွယ် လျှပ်စီးအားများ အတွက် မိုဝူကျီ တစ်ယောက်သာ ထိုသို့ လုပ်ဝံ့လိမ့်မည်။

“ဘမ်း …” မိုဝူကျီက တတိယ လမ်းကြောင်းကို ပြန်လည် မွမ်းမံနေစဉ် ဝိညာဉ် စွမ်းအားများက တစ်ဝက်တစ်ပျက် ဖြစ်သွားသောကြောင့် သူ့ချီ သွေးကြောများက ကျယ်ပြန့်လာကာ ပေါက်ကွဲမှု ဖြစ်သွားလေသည်။ ကြောက်ခမန်း လိလိ စွမ်းအားများက နေရာအနှံ့ ပျံ့နှံ့ကုန်ကာ မိုဝူကျီ၏ ချီသွေးကြောများ အတွင်းတွင် အပြင်းအထန် တိုက်မိ ကုန်ကြသည်။

မိုဝူကျီက ထိုသို့ ဖြစ်နိုင်ချေကို ထည့်စဉ်းစား မိပေမဲ့လည်း သူက သူ့ချီ သွေးကြောများ ဆီမှ လျှပ်စီးများကို မြေကြီးထဲ ရုတ်ခြည်း လျှော့ချ လိုက်ရသည်။

ဝိညာဉ်စွမ်းအား လှည့်ပတ်မှုကို ဆက်လက် လုပ်ဆောင်ဖို့ နည်းလမ်း မရှိတော့ပေ။ သူက ကမူးရှူးထိုး လုပ်မိခြင်းအပေါ် နောင်တ ရနေလေသည်။ မသိ နားမလည်ခြင်းက အကြောက်တရား ကင်းမဲ့စေသည်။ သူက အကြောက်တရား ကင်းမဲ့သောကြောင့် သူက ကျင့်စဉ်ကို ပြန်လည် ပြင်ဆင်နိုင် လိမ့်မည်ဟု ထင်ခဲ့သည်။ သို့သော် လျှပ်တစ်ပြက် လျှပ်စီးကို ပြင်ဆင် နိုင်ခြင်းကား အမှန်တကယ် ကံကောင်းမှုကြောင့် ဖြစ်လေသည်။

“ဘမ်း ...” လျှပ်စီးအားက မိုဝူကျီ၏ သက်စောင့် နန်းတော်ထဲ ရောက်လာကာ သူ့ခေါင်း တစ်ခုလုံးအား ပေါက်ကွဲလု မတတ် ဖြစ်သွားစေသည်။ အကယ်၍ သူသာ ကြိုတင်မကာကွယ် ထားနိုင်လျှင် နောက်အခိုက် အတန့်လေးတွင် သူ့ဝိညာဉ်ကား လုံးဝ ပျောက်ကွယ် သွားပေလိမ့်မည်။

အစပိုင်းတွင် သူက အလွန် အေးစက်နေသည့် နေရာတွင် ပထမပုံစံကို အောင်မြင်ခဲ့ခြင်း ဖြစ်ရာ ဒုတိယပုံစံက သူ့ချီ သွေးကြောများကို မလောင်ကျွမ်း စေသော်လည်း သူ့စိတ်စွမ်းအားက သတိမပြုခဲ့ပေ။

ဟုတ်သား … အဆုံးမဲ့ ဝိညာဉ် တာရှည်ခံပန်း …

မိုဝူကျီက သူ့ဝိညာဉ် ပျောက်ကွယ်ခါနီး အခြေအနေကို ခံစားခဲ့မိ သောကြောင့် သူက အဆုံးမဲ့ ဝိညာဉ် တာရှည်ခံပန်းကိုသာ တွေးမိသွားသည်။ ကံကောင်းလှစွာ သူက အသုံးပြု ထားသည်မှာ မကြာသေး လှသည့်အတွက် မှတ်ဉာဏ်များက လတ်ဆတ် နေသေးသည်။

မိုဝူကျီက အဆုံးမဲ့ ဝိညာဉ် တာရှည်ခံပန်းကို ချက်ချင်း ထုတ်ယူလိုက်ပြီး ပွင့်ချပ် တစ်လွှာကို စားသုံး လိုက်တော့သည်။

အေးစက်စက် ခံစားချက်က သူ့ခန္ဓာအနှံ့ ပြန့်လာကာ သူ့စိတ် အတွင်းပိုင်းထိ ဝင်ရောက် လာလေသည်။ မိုဝူကျီ စိတ်က ယခုအချိန် အရှင်းလင်းဆုံး ဖြစ်နေသည်။ သူ့အတွင်းမှ လျှပ်စီးများက လတ်ဆတ်လှသည့် စွမ်းအားများကြောင့် အားပျော့ သွားလေသည်။

ဝိညာဉ်စွမ်းအား လှည့်ပတ်ခြင်းကို ဆက်လုပ်သင့် ရဲ့လား …

မိုဝူကျီက သူ့လက်ထဲမှ အဆုံးမဲ့ ဝိညာဉ် တာရှည်ခံပန်း ပွင့်ချပ် များစွာကို ကြည့်ကာ အံကို ကြိတ်၍ နောက်တစ်ကြိမ် ထပ်မံ လှည့်ပတ် လိုက်ပြန်သည်။ တစ်ခုခု မှားယွင်း လာပါက သူက နောက်ထပ် ပွင့်လွှာ တစ်ချပ်ကို စားသုံးမှာ ဖြစ်ပြီး ဒုတိယပုံစံ ဖန်တီးမှုကို ရပ်တန့်မှာ ဖြစ်သည်။

မိုဝူကျီကို အံ့အားသင့် စေသည်က ဤတစ်ကြိမ်တွင် အခက်အခဲများ မရှိချေ။ ယခင် တစ်ခါနှင့် လုံးဝ ခြားနားလှသည်။ သူက တတိယ လှည့်ပတ်ခြင်းကို သက်သက်သာသာ ပြီးဆုံးသွား နိုင်လေသည်။

ထိုအချိန်တွင် မိုဝူကျီက သူ့လက်ထဲ လျှပ်စီးများစွာ ဖြစ်ပေါ်လာကာ သူ့ချီ သွေးကြောတွင်လည်း ဗြောင်းဆန်မှုများ မရှိတော့ချေ။ လက်ဟန်များ ဖော်ပြီး သူက စွမ်းအားများကို ထုတ်လွှင့် လိုက်တော့သည်။

အခန်းအတွင်း သိပ်သည်းလှသည့် လျှပ်စီးအားများက ဖြာကျလာကာ အပြာအလင်းများ တောက်ပနေ၍ လျှပ်စီးမိုး ရွာနေသည့် အလား ဖြစ်၏။ လျှပ်စီးများ သဲသဲမဲမဲ ဖြာကျပြီး နောက်တွင် အိမ်အတွင်း မီးတောင်ဝ ကဲ့သို့ ဖြစ်သွား၏။

သူ အောင်မြင် သွားလေပြီ ….

မိုဝူကျီက သူ့လက်ကို တအံ့တဩ ကြည့်လိုက်သည်။ ဒုတိယ ပုံစံကား ပြည့်စုံ သွားသော်လည်း မူလ တောင်ခွင်း ငါးချက်တော့ မဟုတ်တော့ပေ။ ထို့အစား လျှပ်စီးလှိုင်းများက ကျရောက်လာပြီး မူလ တောင်ခွင်း ငါးချက်ထက် ပို၍ စိတ်ကျေနပ်ဖွယ် ကောင်းလှသည်။

လျှပ်စီး လှိုင်းများက ယခင် သူဖန်တီးခဲ့သည့် အလင်းနံရံနှင့် ဆင်တူလေသည်။ သူတို့အားလုံးက တိုက်ကွက်ကြီးများ ဖြစ်ကြသည်။ သို့သော်လည်း မိုဝူကျီက ထိုလျှပ်စီး အားများက ယခင် အလင်းတန်းများထက် အားကောင်းကြောင်း သေချာလေသည်။

အလင်းတန်းက သာမန် လူများကိုသာ သက်ရောက်မှု ရှိစဉ် လျှပ်စီးအားများက ကျင့်ကြံသူများနှင့် ရင်ဆိုင် နိုင်လိမ့်မည်။ သာမန် အခြေခံ စိတ်ဝိညာဉ် တည်ဆောက်ခြင်း အဆင့် ကျင့်ကြံသူတို့သည် ထိုလျှပ်စီး အားများနှင့် ထိတွေ့မိပါက သေချာပေါက် ပြင်းပြင်းထန်ထန် ဒဏ်ရာ ရကြလိမ့်မည်။

ဝိညာဉ်စွမ်းအား လှည့်ပတ်ပြီး နောက်တွင် မိုဝူကျီက ထိုလျှပ်စီး အားများက များစွာ အားကောင်းကြောင်း ပို၍ သေချာ သွားလေသည်။ အကယ်၍ သူသာ သူ့လျှပ်စီး ပညာရပ်ကို လျှပ်စီးစွမ်းအား စုပ်ယူခြင်းဖြင့် အားကောင်း စေပါက သူ့တွင် တိုက်ကွက် အကြီးကြီး ရပေလိမ့်မည်။

ထိုသည်က သူဖန်တီး ထားသော အရာ ဖြစ်၏။ မူလတောင်ခွင်း ငါးချက် မဟုတ်တော့ပေ။ ထို့ကြောင့် နာမည်ကို အကန့်အသတ်မဲ့ လျှပ်စီးမိုးဟု ပြောင်းလဲခြင်းက ပိုသင့်တော်လိမ့်မည်။ လျှပ်စီး လှိုင်းလုံးများက ကောင်းကင်မှ မိုးများ ရွာချလာသည့် အလား တူလှ၍ အကန့်အသတ်မဲ့ လျှပ်စီးမိုး နာမည်နှင့် ကိုက်ညီလှသည်။

မြန်မြန်ဆန်ဆန် ဆေးကြောလိုက်ပြီး မိုဝူကျီက ဤထဲတွင် ဆက်နေရန် ရည်ရွယ်ချက် မရှိတော့ ဟန်ဖြင့် အခန်းတံခါးကို ဖွင့်ကာ ထွက်လာလိုက်သည်။

“အစ်ကိုမို …” ကျင်းလင်ပေးနှင့် ဟွားရွှမ်တို့က သူထွက်လာသည်နှင့် လာနှုတ်ဆက် ကြသည်။ ကျင်းလင်ပေ မျက်နှာမှာ ဖြူဖပ်ဖြူရော် ဖြစ်နေသော်ငြား သူမက ပြန်ကောင်း လာနေလေပြီ။ ဟွားရွှမ် ဤနေရာတွင် ရှိနေခြင်းက သူမက အခြေအနေ တစ်ခုလုံးကို ထိန်းချုပ် ပြီးသွားကြောင်း သိနိုင်သည်။

“အစ်ကိုမို ကယ်ပေးခဲ့တဲ့ အတွက် ကျေးဇူး တင်ပါတယ်။ အစ်ကိုမို ကြောင့်သာ မဟုတ်ရင် ကျွန်မသေတာ ကြာလောက်ပြီ …” ကျင်းလင်ပေးက မိုဝူကျီကို ကျေးဇူးတင် စကားဆိုရင်း တရိုတသေ ဦးညွှတ် လိုက်လေသည်။ ထိုသည်က မိုဝူကျီသည် သူမကို ကယ်တင် ပေးခဲ့သည့် ဒုတိယ အကြိမ်မြောက် ဖြစ်လေသည်။

မိုဝူကျီက ပြုံးရယ်မောရင်း …

“ငါတို့တွေက မိတ်ဆွေတွေပဲလေ အဲဒီလို ပြောဖို့ မလိုပါဘူး … ”

“အစ်ကိုမို … အစ်မကြီးနဲ့ တတိယ ညီမလေးတို့ ပင်လယ်ထဲ သွားပြီးတဲ့ နောက်ပိုင်း ကျွန်မ ပင်လယ်မြေပုံကို မှတ်မိသလောက် အကြမ်းဖျင်း ပြန်ဆွဲထားတယ် … ”

***

All Chapters