ကောင်းကင်ပင်လယ်
Vol. 16 Ch. 213
ကောင်းကင် ပင်လယ် …
ထိုသည်က အင်ပါယာ ငါးခုထဲတွင် အကြီးမားဆုံး ပင်လယ် ဖြစ်၏။ အင်ပါယာငါးခု သို့မဟုတ် ပျောက်ဆုံးနယ်မြေ အတွင်းမှ ပင်လယ်များ ဖြစ်သည့် လောင်ပင်လယ် ကဲ့သို့ ပင်လယ်မှာ ကောင်းကင် ပင်လယ်၏ အခွဲလေး တစ်ခုသာ ဖြစ်၏။
ကျင်းလင်ပေးက မိုဝူကျီဆီ ကောင်းကင် ပင်လယ်အတွင်းမှ နေရာများကို ညွှန်ပြထားသည့် ပင်လယ် မြေပုံကို ထုတ်ပေးလိုက်သည်။
ထိုစဉ် မိုဝူကျီက ကောင်းကင် ပင်လယ်သို့ သွားဖို့ အဆင်သင့် ဖြစ်နေလေပြီ။ မူလတွင် သူက ကျင်းလင်ပေး၏ မြေပုံ မပါလျှင်ပင် မိုဝူကျီက ကောင်းကင် ပင်လယ်ဆီ ဒေါ်လေး ဆယ့်တစ်နှင့် မိုရှင်းထောင်ကို ရှာဖို့ရန် သွားမည် ဖြစ်သည်။ ဤမြေပုံဖြင့် သူ့အတွက် သွားရပိုလွယ်ကူ သွားပေသည်။ သို့သော်လည်း ကျင်းလင်ပေး၏ မြေပုံမှာ အပြည့်စုံဆုံး မဟုတ်ချေ။ သူမ မေ့လျော့နေသည့် အပိုင်းများ ပါဝင်နေလေ၏။
ကောင်းကင် ပင်လယ်သည် လောင်ပင်လယ်နှင့် ခြားနားလှသည်။ လောင်ပင်လယ်မှာ ရေချိုပင်လယ် ဖြစ်၏။ မိုဝူကျီသည် ကောင်းကင် ပင်လယ်သို့ မရောက်ဖူး သော်လည်း ကမ်းစပ်မှာ ရပ်နေရုံဖြင့် ငန်ကျိကျိ အနံ့က ရေချိုပင်လယ် မဟုတ်ကြောင်း ပြောပြ နေလေသည်။
လှိုင်းလုံးများက ကမ်းစပ်ဆီ ဆက်တိုက် ဆိုသလို ရိုက်ခတ်နေကြပြီး သုံးမီတာလောက် မြင့်သည့် ရေပန်းများ ဖြစ်ပေါ် လာနေသည်။ ထို့အပြင် လေများက အားမပြင်းလှပေ။ လေသာ ကြမ်းပါက ပင်လယ် ရေစက်များနှင့် လှိုင်းလုံးများက ပို၍ အားကောင်း ကြလိမ့်မည်။
မိုဝူကျီ စိတ်ထဲတွင် စိုးရိမ် ပူပန်မှုနှင့်သာ ပြည့်နေလေသည်။ သူ ပင်လယ်ထဲ သွားလိုက်သည်နှင့် သူ့စွမ်းရည်နှင့်ပင် အလွန် အန္တရာယ်များ လှသည်။ ဒေါ်လေး ဆယ့်တစ်နှင့် မိုရှင်းထောင်တို့က ဝင်သွားပြီ ဖြစ်ကာ သူတို့ အသက် ရှင်နိုင်ခြေကား အရမ်းကို နည်းလှ၏။
တခြားသော ပင်လယ်များနှင့် ယှဉ်လျှင် မြို့ဝန်းကျင်၌ တည်ရှိသော ပင်လယ်များက နည်းနည်း ကွာခြားလှသည်။ မိုင်အနည်းငယ် အထိ လူသား အရိပ်အယောင် မရှိချေ။ ဤနေရာတွင် ဝိညာဉ် စွမ်းအားများက နည်းပါး လွန်းသည့်အတွက် ဘဝအတွက် မသင့်တော်ရုံ သာမက အဆင့်တစ် ဆေးပင်များကိုပင် တွေ့ဖို့ရာ အလွန် ခက်ခဲလှသည်။
မိုဝူကျီက သူ့ခေါင်းကို မော့ကာ မှုန်မှိုင်းမှိုင်း ကောင်းကင်ကို လှမ်းကြည့် လိုက်တော့သည်။ သူက ကောင်းကောင်း မပြင်ဆင်ခဲ့ ရသေးသည့် ခံစားချက်ကို ရုတ်တရက် ရလိုက်သည်။ သူက အနည်းဆုံးတော့ လှေတစ်စင်း ပြင်ဆင် သင့်လေသည်။ သူက ပင်လယ်ပြင်တွင် ကားပျံကို ထိန်းချုပ်နိုင်မည် မဟုတ်ပေ။ သေချာပေါက် လှေတစ်စင်းတော့ လိုလိမ့်မည်။
ကားပျံကား လေထဲတွင် ဆက်တိုက် မောင်းနှင်နိုင်မည် မဟုတ်ပေ။ ထို့အပြင် သူသာ အန္တရာယ် များသည့် ရာသီဥတုနှင့် ကြုံတွေ့ပါက ဆင်းသက်ဖို့ရာ နေရာပင် တွေ့မည် မဟုတ်ပေ။ ထို့အပြင် သူက သားရဲပျံ များနှင့်လည်း ကြုံတွေ့ နိုင်သေးသည်။
နှိုင်းယှဉ်ကြည့်လျှင် လှေတစ်စင်းက ကားပျံထက် ပို၍ ဘေးကင်းလေသည်။
သို့သော်လည်း ယခုအချိန် လှေပြန်ရှာပါက အချိန်ဖြုန်းရာ ဖြစ်နေလိမ့်မည်။ ဒေါ်လေး ဆယ့်တစ်နှင့် မိုရှင်းထောင်တို့မှာ ထွက်သွားတာ လပိုင်း ကြာမြင့်နေပြီ ဖြစ်၍ သူက ချက်ချင်း လိုက်သွားလျှင်ပင် နောက်ကျ နိုင်သေး၏။ အကယ်၍ သူသာ ပြန်သွားလျှင် သူက ထိုကြာမြင့်ချိန်က မည်မျှ ကြာမည်မှန်း မသိပေ။
မိုဝူကျီက ပင်လယ်ထဲသို့ အရင်သွားရန် ဆုံးဖြတ် လိုက်တော့သည်။ ဒေါ်လေးဆယ့်တစ်နှင့် မိုရှင်းထောင်တို့ အရှိန်ဖြင့် သူတို့ နှစ်ယောက်တည်း အတွက် သင်္ဘောမှာ မကြီးလောက်ပေ။ အကယ်၍ သူတို့ နှစ်ယောက်သာ အသက် ရှင်နေပါက သူတို့ ဝေးဝေး ရောက်ဦးမည် မဟုတ်ပေ။
မိုဝူကျီက ထပ်၍ အချိန် မဆွဲနေတော့ပဲ ကားပျံကို ထုတ်လိုက်ကား အဆုံးမဲ့ ကျယ်ပြောလှသည့် ကောင်းကင် ပင်လယ်သို့ ခရီးနှင်လာ လိုက်သည်။ သူ အန္တရာယ်နှင့် ကြုံတွေ့သည်နှင့် သူက ချက်ချင်း နောက်ဆုတ်ဖို့ရာ ပြင်ဆင် ထားလေ၏။
ပင်လယ်ပြင်မှ လေက အားမပြင်းသည့် အတွက် မိုဝူကျီ၏ ကားပျံအပေါ် သက်ရောက်မှု များစွာ မရှိပေ။ တစ်နာရီ အတွင်း မိုဝူကျီက ပင်လယ် အနက်ပိုင်းသို့ ရောက်ရှိ လာလေသည်။ ကျင်းလင်ပေး ဆွဲပေးလိုက်သည့် မြေပုံမှာ ရိုးရှင်းလှသည်။ ပင်လယ်ပြင်တွင် တည်နေရာကို သိလိုပါက ကုန်းမြေ အမှတ်အသားများ၊ ရေနက်ပိုင်း အခြေအနေနှင့် ကြယ်များ၏ တည်နေရာ အစရှိသဖြင့် လိုအပ်လိမ့်မည်။ မိုဝူကျိက ဝင်လာစဉ်မှ စ၍ တူညီသော တည်နေရာကိုသာ ဦးတည်၍ ဝင်လာသော်လည်း ပင်လယ်ပြင်တွင် နေ့ဝက်ခန့် နေပြီးသည့်အခါ စတင်၍ သူ့နေရာကို ဝိုးတိုးဝါးတား ဖြစ်လာတော့သည်။
ထို့အပြင် ယခင် တည်ငြိမ်နေသော ပင်လယ်ပြင်က စတင်၍ အသက် ဝင်လာကာ လေပြင်းများက နေရာအနှံ့မှ တိုက်ခတ် လာလေသည်။ မိုဝူကျီက သူ့ကားပျံကို နိမ့်လိုက်ရသည်။ မဟုတ်လျှင် သူ့ကားပျံကား ထိုလေများကြောင့် အဝေးရောက် သွားလိမ့်မည်။ သူက ကားပျံကို အားစိုက်၍ အတင်း မောင်းနှင်လိုက်လျှင် ရလဒ်ကား ကားပျံကို ထိခိုက်စေပြီး သူ့စွမ်းအားများကို ကုန်ဆုံး စေလိမ့်မည်။
မိုဝူကျီက ပင်လယ် မျက်နှာပြင်နှင့် အတော်လေး နီးကပ် နေလေပြီ။ လေပြင်းများက ပျောက်ကွယ် မသွားသေးချေ။ ထို့အစား လေမုန်တိုင်း တိုက်ခတ် လာလေသည်။ လျှပ်စီးများက လက်ကာ မိုးကြိုးများက ဆင်းသက် လာလေသည်။ မိုဝူကျီက ချက်ချင်း လှည့်ပြန်ရန် ဆုံးဖြတ်လိုက်သည်။ ထိုရာသီဥတုဖြင့် သူက ဒေါ်လေး ဆယ့်တစ်ကို ရှာမတွေ့ရုံ သာမက သူလည်း ဦးတည်ချက် ပျောက်သွား နိုင်သေးသည်။
မကြာခင်တွင် သူလမ်းပျောက် နေပြီ ဖြစ်ကြောင်း သိလိုက်သည်။ သူ့လက်ရှိ နေရာမှာ ပင်လယ် မြေပုံပေါ်မှ လမ်းကြောင်းနှင့် အရမ်း သွေဖည် နေလေသည်။
လေများက ပြင်းထန် လာသောကြောင့် မိုဝူကျီက သိုလှောင်လက်စွပ် အတွင်းတွင် ပင်လယ်ပေါ်တွင် သူခြေချနိုင်မည့် အရာကို လှန်လှော ရှာဖွေလိုက်သည်။ အတော်ကြာ ရှာဖွေပြီးသည့် နောက်တွင် စိတ်စွမ်းအင် ကျောက်တုံးများနှင့် ကျင့်ကြံဖို့ လိုအပ်သည့် အရာများအပြင် သူ့တွင် တစ်ခါမျှ မသုံးရသေးသည့် မီးပြင်းဖိုသာ ရှိလေ၏။
ကားပျံက လေပြင်းများဖြင့် ပါတော့မလို ဖြစ်နေလေသည်။ မိုဝူကျီက သူ့ကားပျံလေးကို စတင်၍ စိုးရိမ် လာတော့သည်။ သူ့ကားပျံလေးမှာ မဆိုးလှသော ဝိညာဉ်ပစ္စည်း တစ်ခု ဖြစ်သော်လည်း ကာကွယ်ရေး စွမ်းရည်တော့ မပါရှိပေ။ ကားပျံကို ပင်လယ် ရေပြင်နားတွင် ရစ်သီရစ်သီ လုပ်နေပါက လှိုင်းလုံးကြီးများနှင့် တွေ့လျှင် သူ့ကားကို ခြေမွှ သွားလိမ့်မည်။
သုံးမီတာ၊ လေးမီတာလောက် ရှည်လျားသည့် အရာတစ်ခုကို လှိုင်းလုံးများက သယ်ဆောင် လာသောကြောင့် ကားပျံနှင့် ထိမိ သွားလေသည်။
မိုဝူကျီက သူ့ကားပျံကို အမြန်အဆန် သိမ်းလိုက်ကာ သစ်သားနှင့် တူသော အရာအပေါ် တက်လှမ်း လိုက်တော့သည်။ သူက လူသား အဆင့်လွန်ဆုံး ဖြစ်၍ ထိုလေများ၊ လှိုင်းများကို မှုမနေပေ။ သို့သော် သူ့ကားပျံလေးကိုတော့ စိုးရိမ်မိလေသည်။
ထိုမျောပါနေသည့် အရာမှာ အမှန်တော့ သစ်သားပြား မဟုတ်ပေ။ ခရမ်းပြာနုရောင် သတ္တုနှင့် ပြုလုပ်ထားပြီး အလွန် ပေါ့ပါး၍ အကြမ်းခံသော အရာ ဖြစ်လေသည်။ မိုဝူကျီ ရပ်လိုက်သည်နှင့် လှိုင်းလုံးများကြောင့် ရွှဲရွှဲစို သွားသည်က လွဲလျှင် ကိစ္စများက အဆင်ချောမွေ့ သွားလေသည်။
ထို့အပြင် ဤပင်လယ် နေရာတွင် သားရဲများ ရှိဟန် မပေါ်ပေ။ ထို့ကြောင့် မိုဝူကျီက ရုတ်တရက် တိုက်ခိုက်မှုများ အတွက် စိုးရိမ်စရာ မလိုတော့ပေ။
လှိုင်းလုံးများက ပြင်းထန် နေသော်လည်း မိုဝူကျီအောက်တွင် ရှိနေသော အရာအပေါ် သက်ရောက်မှု နည်းနည်းလေးမျှ မရှိပေ။ မိုဝူကျီက စိတ်စွမ်းအားဖြင့် ထိုပစ္စည်းကို စစ်ဆေး ကြည့်လိုက်သည်။ သူက အမှန်တကယ်ကို ထိုသတ္တု အကြောင်း သိချင်မိသည်။
သူက ထိုပစ္စည်း အကြောင်း မသိရှိ နိုင်သော်လည်း ထိုအရာ အပေါ်တွင် ကောင်းကင်ဖွေရှာ နန်းတော် ဆေးလုံး ဘုံစေတီ၏ အမှတ်အသားကို မြင်လိုက်ရသည်။ ထိုသည်က မိုဝူကျီကို ပိုသိချင် သွားစေသည်။ ဆေးလုံး ဘုံစေတီ အမှတ်အသားက ဤနေရာသို့ မည်သို့ ရောက်နေသနည်း။ သူက ချက်ချင်း နားလည် သွားလေသည်။ ဤအစိတ်အပိုင်းက ဘွားဘွား လင်းလောင်၏ သင်္ဘောပျံမှ ရောက်လာခြင်း ဖြစ်ရမည်။ ယောင်ကျိုးမှာ ရှိစဉ် သူက ဘွားဘွားလင်းလောင် သင်္ဘောပျံကို သတိပြုမိခဲ့ကာ ထိုသည်မှာလည်း ခရမ်းပြာနုရောင် ဖြစ်သည်။
အကယ်၍ ဘွားဘွား လင်းလောင်၏ သင်္ဘောပျံသာ ဤအခြေအနေထိ ဖြစ်သွားခဲ့လျှင် ဘွားဘွား လင်းလောင်လည်း အခြေအနေ မကောင်းနိုင် လောက်ပေ။ ထိုသည်က စစ်ထူချင်သည် ကောင်းကင်ဖွေရှာ နန်းတော်ကို သတင်း မပို့ခဲ့ခြင်း သို့မဟုတ် ကောင်းကင်ဖွေရှာ နန်းတော်က ဘွားဘွား လင်းလောင် နေရာကို မရှာနိုင်ခြင်း တစ်ခုခု ဖြစ်ရမည်။
“ဘမ်း ...” နောက်ထပ် မုန်တိုင်းတစ်ခု ထပ်ရောက် လာပြန်သည်။ မိုဝူကျီ ခြေထောက်အောက်မှ သင်္ဘောပျံ အစိတ်အပိုင်းသည် လှိုင်းလုံးထိပ်ထိ ပါသွားလေသည်။ ထို့ကြောင့် သူက မနီးမဝေး နေရာမှ သင်္ဘော တစ်စင်းကို မြင်လိုက်ရသည်။
မိုဝူကျီက သူ့ခြေထောက်အောက်မှ သင်္ဘောပျံ အစိတ်အပိုင်းကို ထိန်းချုပ်ကာ သွားလိုက်တော့သည်။ ဆယ်မိနစ်လောက် အတွင်း သင်္ဘောကား မြင်ကွင်းထဲသို့ ပေါ်လာလေသည်။ သင်္ဘော ကုန်းပတ်တွင် သင်္ဘောကို ထိန်းချုပ်ဖို့ရာ သင်္ဘောသားများက အလုပ် ရှုပ်နေကြသည်။
အစိတ်အပိုင်းကို သိုလှောင် လက်စွပ်ထဲ ထည့်လိုက်ပြီး မိုဝူကျီက ရေထဲ ခုန်ဆင်းကာ အကူအညီ တောင်းခံ လိုက်တော့သည်။
သင်္ဘောသား တချို့က မိုဝူကျီ အကူအညီ တောင်းသံကို ကြားသော်လည်း မိုဝူကျီကို ကျော်ကြည့် သွားကြကာ သူ့ကို ကယ်တင်ဖို့ရန် စိတ်ကူးမရှိမှန်း သိသာလှသည်။
မိုဝူကျီက ပြောစရာမဲ့ သွားလေတော့သည်။ သူက သူ့ကိုယ်သူ သင်္ဘောထိ ရောက်အောင်သွားပြီး တက်လိုက်တော့သည်။
“ခင်ဗျား … ” သင်္ဘောသား တစ်ယောက်က သရဲတစ္ဆေ မြင်လိုက်ရသည့် အလား ပြုမူကာ သူ့လက်ထဲမှ ကြိုးပင် လွတ်ကျ သွားလေသည်။ သူ့အကြည့်များ မှာလည်း မိုဝူကျီဆီသာ စွဲကပ် နေလေသည်။ သူက မိုဝူကျီ တစ်ယောက် လှိုင်းလုံးထဲတွင် ရုန်းကန် နေရသည်ကို သေချာ မြင်ခဲ့လေရာ ထိုလူက မျက်စိတစ်မှိတ် အတွင်း မည်သို့ သင်္ဘောပေါ် ရောက်နေသနည်း။
သူ့အမြင်အရ မိုဝူကျီ၏ သင်္ဘောမှာ လှိုင်းလုံးများကြောင့် ပျက်စီးသွားပြီ ဖြစ်ကာ ထိုသို့ ပင်လယ်ထဲ ရောက်နေခြင်း ဖြစ်ရမည်။ သူ့ကဲ့သို့ ရွက်တိုင်ကို ထိန်းချုပ်ဖို့ ကုန်းပတ်တွင် အမြဲရှိနေသည့် သင်္ဘောသား အတွက် ဖြစ်နေကျ မြင်ကွင်းဖြစ်သည်။ ယခုလေးပင် သူက သူ့မိတ်ဆွေနှင့် မိုဝူကျီ လှိုင်းလုံးများကို ခံနိုင်ရည် ရှိမည်၊ မရှိမည်ကို လောင်းကြေး ထပ်နေမိ သေးသည်။ မိုဝူကျီကို ကယ်တင်မည့် စိတ်ကူးက တစ်လက်မမှ အတွေးထဲ ပေါ်မလာပေ။ သူက သူ့ကို ကူညီရန် ကြိုးလေး ချပေးလိုက်ရုံ ဖြစ်သော်လည်း သူက ထိုသို့ လုပ်ဆောင်ဖို့ရာ ပျင်းရိ နေလေသည်။
မိုဝူကျီက သင်္ဘာသားကို ဂရုမစိုက်ပေ။ သူက အင်္ကျီမှ ရေကိုသာ ညှစ်ထုတ် နေလေသည်။
“ဝှီး ...” နောက်ထပ် လေပြင်း တိုက်ခတ် လာပြန်သည်။ ဤသင်္ဘောသားက ကြိုးကိုသေချာ မကိုင်ထားသည့် အတွက် လေဖြင့် သင်္ဘောတစ်ဖက်သို့ လွင့်စဉ် သွားလေသည်။
“ကယ်ပါ ...” လေများက ဆက်လက် တိုက်ခတ်နေဆဲ ဖြစ်ကာ လွင့်စဉ်သွားသော သင်္ဘာသားက လှိုင်းလုံး တစ်လုံးတည်းဖြင့် ပါသွားတော့သည်။
အခြားသော သင်္ဘောသားများက မိုဝူကျီသည် သင်္ဘာပေါ် တက်လာသည်ကို တွေ့သည်။ မိုဝူကျီသာ ကယ်တင်ချင်ပါက ထိုသင်္ဘောသားကို ကယ်တင် နိုင်လိမ့်မည်။ သို့သော် မိုဝူကျီက ဘာမှ မလုပ်ခဲ့ပေ။
မိုဝူကျီက စိတ်စွမ်းအားဖြင့် သင်္ဘော အတွင်းပိုင်းအထိ စစ်ဆေးပြီး သွားလေပြီ။ အထဲတွင် လူကိုးယောက် ရှိသေးကြောင်း သိ၏။ ထိုကိုးယောက်လုံးမှာ ကျင့်ကြံသူများ ဖြစ်ကြသည်။ သင်္ဘောပေါ်ရှိ သေမျိုးတွေမှာ သင်္ဘောသားတွေသာ ဖြစ်သည်။ ကိုးယောက်ထဲတွင် ငါးဖွဲ့ ကွဲနေလေသည်။ သင်္ဘော အတွင်းပိုင်း ထောင့်တစ်နေရာတွင် လူအိုကြီးနှင့် မိန်းမငယ်လေး ရှိသည်။ သူတို့မှာ မြေးအဘိုး ဖြစ်လိမ့်မည်။
အကောင်းဆုံး နေရာတွင် လူသုံးယောက် ရှိပြီး အမျိုးသား နှစ်ယောက်နှင့် အမျိုးသမီး တစ်ယောက်တို့က သေရည် သောက်နေကြ လေသည်။
သင်္ဘောဘယ်ဘက် တံခါးဝ အနီးတွင် မျက်နှာမည်း လူသန်ကြီး တစ်ယောက်ရှိ၏။ ထိုလူသန်ကြီးမှာ ဓားကြီးကို ဖက်တွယ်ထားကာ ကြည့်ရသည်မှာ သူ့မျက်လုံးများ မှိတ်ထားသည့် အတွက် တရား ထိုင်နေဟန် ရသည်။ ညာဘက် အခြမ်းတွင် အမျိုးသားနှင့် အမျိုးသမီးတို့ ရှိကာ သူတို့မှာ အတွဲနှင့် တူလေသည်။ သူတို့ နှစ်ယောက်မှာ ကြားလေ တိုးမရအောင် ပူးကပ် နေလေသည်။
နောက်ဆုံးတွင် ဘုန်းကြီးသဖွယ် ဝတ်ဆင်ထားသည့် လူဖြစ်ကာ အခန်း အလယ်တွင် ထိုင်နေလေသည်။
“ဘယ်သူလဲ ...” မိုဝူကျီက သင်္ဘော အတွင်းပိုင်း ဝင်လာသည်နှင့် လေးထောင့် မျက်နှာနှင့် လူက ထမေးလိုက်သည်။ ထိုလူလတ် အမျိုးသားမှာ သေရည် သောက်သုံး နေကြသည့် သုံးယောက်ထဲမှ ဖြစ်၏။
လူလတ် အမျိုးသား ပြောနေသော်လည်း ကျန်ရှစ်ယောက်တွင် မိန်းမငယ်လေးမှ လွဲ၍ မော့မကြည့်ကြပေ။
“ဝှီး …” အပြင်ဘက်တွင် လေပြင်းများက ဆက်လက် တိုက်ခတ်နေဆဲ ဖြစ်ကာ မိုဝူကျီ၏ စိတ်စွမ်းအားဖြင့် ကုန်းပတ်ပေါ်ရှိ သင်္ဘာသား အားလုံး လေပြင်းဖြင့် ပါသွားပြီ ဖြစ်ကြောင်း သိလိုက်ရသည်။ ရွက်တိုင် တချို့မှာလည်း ကျိုးနေလေသည်။
မိုဝူကျီက တိတ်တဆိတ် ခေါင်းသာ ခါလိုက်တော့သည်။ အကယ်၍ ထိုသင်္ဘောသားများက သူ့အသက်ကို ကယ်တင်ပေးဖို့ ရည်ရွယ်ချက် ရှိလျှင် သူက သူတို့သေမည်ကို ဤအတိုင်း ထိုင်ကြည့်နေမည် မဟုတ်ပေ။
“သူများကို ကူညီခြင်းက မိမိကိုယ်ကိုယ် ကယ်တင်ခြင်း” ဟူ၍ စကားပုံတောင် ရှိသေးသည် မဟုတ်ပါလော ...
“ငါ့အစ်ကိုကြီးက မင်းကို ဘယ်သူလဲ မေးနေတာ နားကန်းနေလား …” မိုဝူကျီ ပြန်မဖြေသည်ကို မြင်၍ သုံးယောက်ထဲမှ နောက်တစ်ယောက်က ရှေ့ထွက်လာကာ ပြောလိုက်တော့သည်။
မိုဝူကျီက တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။
“ကျုပ် သင်္ဘောက လေကြောင့် ပျက်စီး သွားပြီးတော့ ပင်လယ်ထဲ မြုပ်သွားပြီ။ သွားစရာမရှိ ဖြစ်နေတုန်း ဒီသင်္ဘောက ကယ်လိုက်တာ ...”
မိုဝူကျီ အကြောင်း ကြားပြီးသည်နှင့် တခြား လူများက သူ့ကို ဂရုမစိုက် ကြတော့ပေ။ မေးခွန်းထုတ်သည့် လူလတ် အမျိုးသားပင် ပြန်ထိုင်လိုက်ပြီး သေရည်ပြန်သောက် နေလေသည်။ မိုဝူကျီက ထိုသို့ ရာသီဉတုကြားမှ လွတ်မြောက်လာသည့် အတွက် ရိုးရှင်းသော လူတော့ မဖြစ်နိုင်ချေ။
မိုဝူကျီက ထိုလူများသည် သင်္ဘောသားများ ပါသွားပြီ ဖြစ်ကြောင်းကို သိလိမ့်မည်ဟု သေချာနေ၏။ သို့သော် တစ်ယောက်ကမှ ဂရုမစိုက်ပေ။ ထိုလူများသည် သူကဲ့သို့ ဖြစ်ရမည်။ မုန်တိုင်းအတွင်း အကာအကွယ် တစ်ခုအဖြစ် လာခိုအောင်း ရုံသာ ဖြစ်ရမည်။
မိုဝူကျီက နေရာလွတ်ကို တွေ့၍ ထိုင်ချ လိုက်တော့သည်။ ထိုစဉ် သူက အတွဲကြားမှ တီးတိုး ပြောသံကို ကြားလိုက်ရသည်။
“အစ်ကိုရွမ် သူတို့ကို ကူညီသင့်လား။ သူတို့တွေက သေမျိုးတွေ ဆိုတော့ သေချာပေါက် လေပြင်းကို ခံနိုင်မှာ မဟုတ်ဘူး” ပြောသူက အမျိုးသမီး ဖြစ်၏။
အမျိုးသားက သက်ပြင်းချကာ …
“အသုံးမဝင်တော့ဘူး။ သူတို့က ပင်လယ်ထဲ ရောက်သွားပြီ ...”
“အာ …” အမျိုးသမီးက အနည်းငယ် လန့်သွားကာ ချက်ချင်းပင် ပြောမည့် စကားများကို ပြန်ရုပ်သိမ်း လိုက်လေသည်။
“ယန်ယန် … ဒီနေရာမှာ ရှိနေတဲ့ လူအားလုံးက မရိုးရှင်းဘူး။ မလိုတာတွေ မလုပ်ဘဲ နေကြစို့ ...” အမျိုးသား အသံက နောက်တစ်ကြိမ် ထွက်ပေါ် လာပြန်သည်။
အမျိုးသမီးက ခေါင်းညိတ်ပြ လိုက်ကာ စကား တစ်ခွန်းမှတော့ မပြောတော့ချေ။
***