← Chapters

ထူးဆန်းအံ့ဖွယ် သင်္ဘော

Vol. 16 Ch. 214

ထူးဆန်းအံ့ဖွယ် သင်္ဘော

Vol. 16 Ch. 214

“ဘမ်း ...” လျှပ်စီး ကျရောက် လာသည့်အခါ လျှပ်စီးသံနှင့် အတူ သစ်သားပြားများ ကျိုးကြေသံက ထွက်ပေါ် လာလေသည်။

နောက်အခိုက်အတန့်တွင် အခန်းအတွင်းမှ လူရှစ်ယောက်က ချက်ချင်းလက်ငင်း ပြေးထွက် သွားကြသည်။ မိုဝူကျီနှင့် မိန်းမငယ်လေးသာ ကျန်ရစ် နေလေသည်။ မိန်းကလေးက မည်သည့် နေရာကိုမှ မသွားဘဲ မတ်တတ်ရပ် လိုက်သည်။ ထိုသည်က သူမ ကျင့်ကြံဆင့်မှာ အရမ်း မမြင့်ကြောင်း ညွှန်ပြနေခြင်း ဖြစ်သည်။

မိုဝူကျီ မလှုပ်ရှားရသည့် အကြောင်းအရင်းမှာ သူက စိတ်စွမ်းအားဖြင့် သိရှိပြီးပြီ ဖြစ်ရာ လျှပ်စီးက သင်္ဘော ကုန်းပတ်ကို ကျိုးသွားစေကြောင်း အတည် ပြုပြီးလေပြီ။ သို့သော်လည်း သင်္ဘောကို ချက်ချင်း မမြုပ်သွား စေနိုင်သည့် အက်ကွဲကြောင်း အသေးလေး တစ်ခုတော့ ဖြစ်ပေါ် လာလေသည်။ ထိုသည်က အချိန်တချို့ တောင့်ခံထား နိုင်ပေလိမ့်မည်။ မိုဝူကျီက စိတ်ထဲမှ သက်ပြင်းချရုံမှ အပ မတတ်နိုင်ပေ။ သင်္ဘောကို ရှားရှားပါးပါး တွေ့ခဲ့သော်လည်း ဤပေါ်တွင် ကြာကြာ မနေနိုင် လောက်တော့ချေ။

မိုဝူကျီက တည်တည်ငြိမ်ငြိမ် ဖြစ်နေသည်ကို တွေ့၍ မိန်းမငယ်လေးက နောက်တစ်ခါ ပြန်မထိုင်ခင် တွေဝေ သွားလေသည်။ သူမက မိုဝူကျီကို ချောင်းကြည့်ပြီးနောက် ခေါင်းကို အမြန်အဆန် ငုံ့လိုက်သော်လည်း သူမ အပြုအမူများက မိုဝူကျီ မြင်ကွင်းအောက်မှ မလွတ်နိုင်ပေ။ မိန်းမငယ်လေး မျက်နှာတွင် အဖုအချိုင့်များ ရှိနေလေ၍ ရုပ်ပျက်ဆင်းပျက် မဟုတ်သော်ငြား သူမက ထိုအတိုင်း မွေးဖွား လာခြင်းသာ ဖြစ်ရမည်။

ထွက်သွားကြသည့် လူရှစ်ယောက်က ပြန်ရောက် လာကြသည်။ သူတို့က အပြင်ဘက်ရှိ အခြေအနေများကို လေ့လာ ဆန်းစစ်ခဲ့ပြီး ကုန်းပတ်က ကျိုးသွားသော်လည်း သင်္ဘောက တောင့်ခံနိုင် သေးလေသည်။

သူတို့ အပြုအမူများနှင့် အလှမ်း ကွာသော်လည်း မိုဝူကျီက သူတို့ စွမ်းအားများကို ခံစားမိသည်။ မျက်နှာမည်း ဘုန်းကြီးသည် အနည်းဆုံး လူသား အဆင့်လွန် အဆင့်၆တွင် ရှိပြီး သေရည်အတူတူ သောက်သုံး နေကြသည့် အမျိုးသား နှစ်ယောက်နှင့် အမျိုးသမီး တစ်ယောက်တို့မှာလည်း လူသား အဆင့်လွန် အဆင့်တွင် ဖြစ်ကြသည်။ တံခါးဘေးတွင် ထိုင်နေသော အတွဲမှာ အမျိုးသားက လူသား အဆင့်လွန် အဆင့်သို့ တက်လှမ်း ပြီးခါစ ဖြစ်ကာ အမျိုးသမီးက စိတ်ဝိညာဉ် တည်ဆောက်ခြင်း အဆင့်တွင် ဖြစ်လေ၏။

မိုဝူကျီ မမှန်းဆနိုင်သော တစ်ဦးတည်းသော လူမှာ မိန်းမငယ်လေးနှင့် အတူ ရှိနေသည့် လူအိုကြီး ဖြစ်၏။ သူ့ကျင့်ကြံဆင့်က အနည်းငယ် ပုံမှန် မဟုတ်ပေ။

“အစ်ကိုကြီးက ဘာလို့ ထွက်မကြည့်တာလဲ ...” မိုဝူကျီက ဝင်လာကတည်းမှ လှုပ်လှုပ်ရှားရှား မရှိသည့် အပြင် အပြင်ဘက်သို့ ထွက်ပြီးတော့လည်း စစ်ဆေး မကြည့်သောကြောင့် တံခါးနားတွင် ထိုင်နေသော အမျိုးသမီးက သိချင်စွာ မေးကြည့်လိုက်သည်။

“ယန်ယန် ...” သူမ ခင်ပွန်းသည်က သူမက သူစိမ်းဖြစ်သည့် မိုဝူကျီကို ထိုသို့ မေးလိုက်သည်ကို ကြား၍ သူမကို အသာလေး ခေါ်ကာ သူမလက်ကို ကိုင်ထားလိုက်သည်။

မိုဝူကျီက ထိုကိစ္စကို စိတ်ထဲ မထားပေ။ သူက ထိုအမျိုးသမီး အပေါ်တွင် အမြင်ကောင်း ရှိလေသည်။ အမျိုးသမီးက သင်္ဘောသားများကို ကယ်တင်ဖို့ရာ မေးစဉ် ကြင်နာတတ်သည့် သူမ၏ စရိုက်ကို သိသာ နိုင်လေသည်။ တစ်ဖက်တွင် အမျိုးသားက နည်းနည်း သတိတကြီး ထားနေသည်မှာ လူကြောက်ပုံစံ ပေါ်နေလေသည်။

ဤနေရာတွင် စုံတွဲက ဘာလာလုပ် ရမည်ကို မည်သူ သိမည်နည်း။ ပင်လယ်တွင် ဝိညာဉ် စွမ်းအားများ ပြတ်လပ် နေသောကြောင့် သေချာပေါက် ကောင်းသည့်အရာ ရှိမည် မဟုတ်ပေ။

“မိတ်ဆွေ ကျုပ်အားနာ ပါတယ်ဗျာ ... ကျုပ်ဇနီးက ဒီနေရာက ကိစ္စတွေကို သိပ်နားမလည် သေးလို့ပါ ...” အမျိုးသားက မိုဝူကျီကို အားနာစွာ ပြောလိုက်သည်။

မိုဝူကျီက ပြုံးကာ ပြန်ဖြေလိုက်သည်။

“ကိစ္စမရှိပါဘူး။ ကျုပ်က နှေးကွေးနေရုံပါ။ ကျုပ်ထလာမဲ့ အချိန်ကျ ခင်ဗျားတို့တွေက ပြန်ရောက် လာပြီလေ ...”

“ဟားဟား ... ခင်ဗျား စကားတွေက ကျုပ်တို့အားလုံး သေရမှာ ကြောက်နေတဲ့ပုံ ဖြစ်နေပြီ။ ဒါပေမဲ့ ခင်ဗျား မှန်ပါတယ် ကျုပ်တို့‌တွေ သွားကြည့်ကြည့်၊ မကြည့်ကြည့် သင်္ဘော ဆက်သွားလို့ရတုန်း သွားနေမှာပဲ အဲဒါကြောင့် အပြင်မှာ ဘာဖြစ်နေလဲ ဆိုပြီး သွားကြည့်တာ အသုံးမဝင်ဘူး ...” မျက်နှာမည်း လူသန်ကြီးက မိုဝူကျီ ပြောသည်ကို သဘောတူသည့် ဟန်ဖြင့် ပြောလိုက်သည်။

သို့သော်လည်း မိုဝူကျီ စိတ်စွမ်းအားက လှိုင်းလုံးများက သင်္ဘော ကိုယ်ထည် အပေါက်ထဲကို ဝင်လာမည် ဖြစ်ကြောင်း ခံစားမိ လိုက်သည်။ ထိုသို့ဆိုလျှင် ရေထဲတွင် နောက်ထပ် မိနစ် အနည်းငယ်သာ အချိန်ရတော့မည်။

စိတ်မရှည်တော့သည့် မိုဝူကျီက မတ်တတ်ရပ်ကာ လက်များကို ပုတ်လိုက်ပြီး ပြောလိုက်သည်။

“သင်္ဘောကို တစ်ခုခု ရိုက်မိတဲ့အသံ ကြားလိုက်တယ် ... တစ်ချက်သွားကြည့် လိုက်ဦးမယ် ...” အားလုံး ထွက်သွားသည့် အချိန်တွင် မိုဝူကျီက လိုက်ပါ မသွားခဲ့ပေ။ သင်္ဘောက ကောင်းဆဲ ဖြစ်ကာ မိုဝူကျီက သွားကြည့်ရန် မတ်တတ် ရပ်သည့်အခါ အားလုံးက တစ်ခုခု ကြီးကြီးမားမား ဖြစ်ပျက်မှာလားဟု သံသယ ဝင်မိနေကြသည်။

ယန်ယန်အမည်ရှိ အမျိုးသမီးလည်း ထရပ်လိုက်ကာ …

“အစ်ကိုရွမ် ကျွန်မတို့လည်း သွားကြည့်ကြ ရအောင် ...”

အမျိုးသားက စိုးရိမ် နေသော်လည်း သူက ထိုသို့ အခွင့်အရေးကို မယူရဲပေ။ အမျိုးသမီး ပြောလိုက်သည်နှင့် သူက ချက်ချင်း ထရပ်ကာ သူမနှင့်အတူ ကုန်းပတ်ဆီသို့ ထွက်သွားလေသည်။

နှစ်ယောက်သား သင်္ဘောကိုယ်ထည် အပေါက် ပွင့်သွားပြီး ပင်လယ်ရေများ စီးဝင် လာနေသည်ကို မြင်လိုက် ကြရ၍ ခဏတာ ကြောင်သွားမိ ကြသည်။ ကျင့်ကြံသူပင် ဖြစ်ဖြစ်၊ သေမျိုးပင် ဖြစ်ဖြစ် အဆုံးမဲ့ ပင်လယ်ထဲတွင် သူတို့ လမ်းကြောင်းကို မသိသရွေ့ အနှေးနှင့် အမြန် သေမည် ဖြစ်သည်။

“အစ်ကိုရွမ် ကျွန်မတို့ ဘယ်လို လုပ်ကြမလဲ ...” ယန်ယန် မျက်နှာက ဖြူဖျော့ လာလေသည်။

ထိုစဉ် နောက်မှ ခြေသံများကို ကြားလိုက်ရ၍ အခန်းအတွင်းမှ လူအားလုံးက ထွက်လာ ကြလေသည်။ သင်္ဘောကား ပင်လယ်ထဲ နစ်မြုပ် တော့မည်ကို မြင်ပြီး သူတို့ အမူအရာများမှာ ပြောင်းလဲ သွားကြသည်။

“အားလုံး ကြည့်ကြ ... ဟိုမှာ သင်္ဘောတစ်စင်း လာနေပြီ ...” အံ့ဩတကြီး ရေရွတ်သံကြောင့် အားလုံးက စိတ်လှုပ်ရှား လာကြသည်။

သင်္ဘောကို ဦးဆုံးမြင်သူမှာ သေရည် သောက်နေသည့် အုပ်စုထဲမှ အမျိုးသမီး ဖြစ်ရာ သူမက အဝေးကို လက်ညှိုးထိုး၍ တက်တက်ကြွကြွ ပြောလိုက်လေသည်။

“တကယ့်ကို သင်္ဘော တစ်စင်းပဲ ...” လက်ရှိတွင် ရှိနေသော လူများမှာ သူတို့ဆီ ရွက်လွှင့် လာနေသည့် သင်္ဘာပုံရိပ်ကို ရှင်းရှင်းလင်းလင်း မြင်နိုင် ကြလေသည်။

မိုဝူကျီလည်း သင်္ဘောကို မြင်လိုက်ရသည်။ ထိုသင်္ဘောမှာ သူတို့ ရှိနေသည့် သင်္ဘောထက် ဆယ်ဆမက ပို၍ ကြီးမားရာ ဧရာမဟုပင် ဆိုနိုင်လေသည်။

သင်္ဘောသည် အနည်းဆုံး မီတာရာချီ၍ ရှည်လျားကာ မီတာအတော် ကျယ်ဝန်းလေသည်။ သူတို့နှင့် အခြား သင်္ဘောကြားတွင် အကွာအဝေး လှမ်းသေးသော်လည်း မိုဝူကျီက နေရာနှင့် ရှင်းလင်းနေသည့် ကုန်းပတ်ကို သေချာ မြင်နိုင်လေသည်။ ထိုအပေါ်တွင် အမှိုက်များ၊ အကျိုးအပျက်များ ရှိမနေချေ။ မိုးရေစက်များသာ ကျန်ရှိ နေလေသည်။ သိုသော် မိုဝူကျီကို နားမလည် ဖြစ်စေသည်က ထိုသင်္ဘောပေါ်တွင် လူတစ်ယောက်မှ မမြင်မိခြင်း ဖြစ်၏။

ပြင်းထန်သည့် မုန်တိုင်းအတွင်း သင်္ဘော နှစ်စင်းမှာ တစ်ခုနှင့်တစ်ခု နီးကပ် လာကြသည်။

“ဘမ်း ...” နောက်ထပ် ကျိုးကြေသံနှင့် အတူ သူတို့ သင်္ဘောကား လုံးဝ ကျိုးပျက် သွားလေသည်။ သင်္ဘောအပေါက်က ကျယ်လာသောကြောင့် ရေများက အတားအဆီး မရှိ ဝင်လာ ကြလေသည်။

နစ်မြုပ်နေပြီ ဖြစ်သည့် သင်္ဘောနှင့် ဧရာမ သင်္ဘောတို့မှာ ဆယ်မီတာကျော် ကွာဝေး နေသေးသည်။ သို့သော်လည်း မိုဝူကျီက မလှုပ်ရှားသေးပေ။ သူက ရုတ်တရက် ထိုအခြေအနေကား ထူးဆန်းနေကြောင်း သတိပြုမိ လိုက်သည်။

အိပ်ငိုက် နေသူကို ခေါင်းအုံးလာပေး သကဲ့သို့ အဆင်သင့် ဖြစ်မနေပေ ဘူးလား ... ထို့အပြင် ခေါင်းအုံးမှာလည်း ခေါင်းတည့်တည့် ရောက်လာ သေးလေသည်။ မထူးဆန်း ပေဘူးလား ....

ဧရာမ သင်္ဘာကြီးက ခေါင်းအုံးကြီး ဖြစ်ပြီး သူတို့သင်္ဘော နစ်မြုပ်ခါနီးတွင် ထိုသင်္ဘောကြီးက မည်သည့် နေရာကမှန်း မသိ ထွက်ပေါ် လာလေသည်။ ထို့အပြင် သင်္ဘော ရွေ့လျားနေသည့် အရှိန်မှာ စင်းလုံးချော ဖြစ်၏။

“ဟိုဘက် သင်္ဘောပေါ် မြန်မြန် တက်ကြ ... ဒီဟာက မြုပ်တော့မယ် ...” ယန်ယန်က မိုဝူကျီ တစ်ယောက် မလှုပ်မယှက် ဖြစ်နေသည်ကို တွေ့၍ အော်ဟစ် သတိပေး လိုက်သည်။

မိုဝူကျီက မည်မျှပင် ထူးဆန်းစေကာမူ သူက ထိုသင်္ဘောပေါ် တက်ရမည်ကို သိ၏။ သင်္ဘောကြီးသည် သူရှိနေသည့် သင်္ဘော ပျက်လေးနှင့် အလွန် နီးကပ်နေပြီ ဖြစ်၍ အနည်းငယ် ခုန်ရုံမျှဖြင့် သင်္ဘာကြီးပေါ် ရောက်ရှိ နိုင်လေသည်။

သင်္ဘောကြီးပေါ် ရောက်သည့် အချိန်တွင် သူ့စိတ် စွမ်းအားဖြင့် နေရာအနှံ့ စစ်ဆေး ကြည့်လိုက်သည်။ မိုဝူကျီကို အံ့ဩတကြီး ဖြစ်သွား စေသည်က ကုန်းပတ်ပေါ်တွင် လူမရှိရုံမျှ မက သင်္ဘော အတွင်းပိုင်းတွင်လည်း မည်သူမျှ မရှိကြပေ။ သင်္ဘော၏ အခန်းအများစုက လွတ်နေပြီး မီးဖိုချောင်ထဲတွင် အစားအစာများလည်း ရှိနေသေးသည်။

သင်္ဘောပေါ်က လူတွေ ဘယ်ရောက် သွားကြတာလဲ ....

မိုဝူကျီက မောင်းနှင်ရေး ကိရိယာများကို စစ်ဆေး ကြည့်သည့်အခါ အံ့ဩသွား စေသည်က သင်္ဘောကို အစီအရင်ပြားဖြင့် ထိန်းချုပ် မောင်းနှင်ထားခြင်း ဖြစ်သည်။ အစီအရင် ပြားကား အလွန် ရိုးရှင်းလှ၍ အခြေခံ အစီအရင်ဟုပင် ယူဆ၍ မရချေ။ ထို့ကြောင့် သင်္ဘောကို အလွယ်လေး ကြည့်နိုင်ခြင်း ဖြစ်သည်။

မိုဝူကျီက သင်္ဘောကြီးကို လေ့လာနေစဉ် အခြားသော ကိုးယောက်မှာလည်း တူညီစွာ ဆန်းစစ် နေကြသည်။ အားလုံးက ထူးဆန်းသော အခြေအနေများကို တွေ့ရှိသွား၍ အပြင်ဘက် ကုန်းပတ်ပေါ်တွင်သာ ရပ်နေကြပြီး အထဲသို့ မဝင်ကြပေ။ မိုဝူကျီ လုပ်နေသည့် အရာနှင့် အတူတူပင် ဖြစ်လေသည်။

“ဒီမှာ တစ်ယောက်ယောက်များ ရှိလား။ ကျုပ်တို့ သင်္ဘောက နစ်မြုပ်သွားလို့ ခဏတာ ဒီမှာ နေချင်လို့ပါ ...” လူလတ် အမျိုးသားက ရှေ့ထွက်လာပြီး အော်ပြောလိုက်သည်။ သူက သင်္ဘောကို လေးလေးစားစား ဦးညွှတ်၍ ကျယ်ကျယ် ပြောလိုက်ခြင်း ဖြစ်သည်။

သူက အသံကို သဘာဝ စွမ်းအားနှင့် ပို့လွှတ်လိုက်သည့် အတွက် သင်္ဘောက မည်မျှပင် ကြီးမားစေကာမူ နေရာအနှံ့ ရောက်ရှိ သွားလိမ့်မည်။ သို့သော် သူ့စကား ဆုံးသွားသော်လည်း တိတ်ဆိတ်မှုသာ ကြီးစိုးနေဆဲ ဖြစ်သည်။ အသံ တစ်သံမှ မကြားရပေ။

မိုဝူကျီက သင်္ဘောပေါ်တွင် လူမရှိသောကြောင့် အကြောင်း ပြန်လိမ့်မည် မဟုတ်မှန်း သိ၏။ သန့်ရှင်း သပ်ရပ်နေပြီး အစားအစာ အပြည့်နှင့် သင်္ဘောလွတ် တစ်စင်းသာ ဖြစ်လေသည်။ ထိုသည်က မိုဝူကျီကို စိတ်ချောက်ချားစေသည်။

“မိတ်ဆွေတို့ ကျုပ်တို့က ပင်လယ်မှာ ဒုက္ခတွေ့ပြီးတော့ ဆုံစည်းကြတယ် ဆိုတော့ အခက်အခဲတွေကို အတူတူ ကျော်လွှားတာ ပိုကောင်းမယ်လို့ ထင်တယ်။ ကျုပ်ဘာသာ အရင်မိတ်ဆက် ပါရစေ ... ကျုပ်က ကျန်းရှားပိုင်ပါ ဒီနှစ်ယောက်က မန်ကျီနဲ့ ချီစုစုပါ ...”သူ့ကို မည်သူကမှ အကြောင်းမပြန်မှန်း သိလိုက်ပြီး နောက်တွင် လူလတ် အမျိုးသားက လှည့်လာကာ အားလုံးကို တလေးတစား နှုတ်ဆက် လိုက်လေသည်။

ကျန်းရှားပိုင်က ထိုသို့ ပြောသည်ကို ကြားပြီး မိုဝူကျီက အားလုံးက သူ့လိုမျိုး မမျှော်လင့်ဘဲ ထိုသင်္ဘောပေါ်သို့ ရောက်လာကြောင်း သေချာ သွားလေသည်။ ကြည့်ရသည်မှာ တစ်ယောက်ကမှ သင်္ဘာပေါ် မရောက်ခင်အထိ တစ်ယောက်နှင့် တစ်ယောက် မသိကြပေ။

ဘုန်းကြီးက ဗုဒ္ဓအမည် နာမဘွဲ့ကို ပြောပြလိုက်ပြီး …

“အားလုံးက ကိုယ်တော်ကို ဘုန်းကြီး နရှောင်လို့ ခေါ်လို့ ရပါတယ်။ ကိုယ်တော်က ရယ်ရတာကို သဘောကျပြီးတော့ ဟာသတွေ ပြောရတာကို သဘောတွေ့တယ်။ တစ်ခုခု မထူးခြားရင် အားလုံး ပင်ပန်းနေတဲ့ အခါ ကိုယ်တော် ဟာသတချို့ ပြောပြနိုင်တာပေါ့ ...”

လူအုပ် တစ်ခုလုံးက ကြောင်သွား ကြလေသည်။ သူတို့အတွက် ဘုန်းကြီးတစ်ပါး ထိုသို့ ပြောသည်ကို ပထမဆုံး အကြိမ် ကြုံဖူးခြင်း ဖြစ်ရာ သူက မည်မျှပင် ဟာသ ပြက်လုံးများကို စိတ်ဝင်စားနေ သနည်း။ ဖြစ်နိုင်သည်က သူ့စကားထဲမှာပင် ဟာသများ ပါဝင်နေဟန် ရသည်။

သူ့နောက်တွင် မျက်နှာမည်း လူသန်ကြီးက တဲ့တိုး ပြောလိုက်သည်။

“ကျုပ်က ဖူချန်းပါ နယ်လှည့်ကျင့်ကြံသူ တစ်ယောက်ပဲ ... အစ်ကိုကျန်းပြောတာ မှန်တယ်။ အခုလို အချိန်မျိုးမှာ အားလုံးက ပူးပေါင်းသင့်တယ်။ ကျုပ်မှာ အကြံဉာဏ်တော့ မရှိပေမဲ့ အင်အားတော့ စိုက်ထုတ်နိုင်တယ် ...”

“ကျုပ်က ချီဝမ်ရွမ် ဒါကကျုပ်ဇနီး ကျောင်းယန်ပါ ... ကျုပ်တို့ ကူညီနိုင်တာ ရှိသရွေ့ ကျုပ်တို့က မျက်နှာ လွှဲထားမှာ မဟုတ်ဘူး ...” လူငယ်က ပြောလိုက်သည်။

လူငယ် ပြောပြီးသည်နှင့် လူအိုကြီးက တလေးတစား ဦးညွှတ်ကာ ခြောက်ကပ်ကပ် အသံဖြင့် ပြောလိုက်သည်။

“ဒီလူအိုကြီးက အသုံးမဝင် တော့ပါဘူး။ ကျုပ်က ကျုပ်အသက်လေးကို မနည်းကယ်တင် ခဲ့ရပေမဲ့ ဒီက ညီလေးကျန်းတို့ ပြောသလို ကျုပ်လုပ်ပေးရမဲ့ အရာရှိရင် နောက်ဆုတ်နေမှာ မဟုတ်ပါဘူး ...”

“မိတ်ဆွေ နာမည်လေး ပြောပါဦး။ အဲဒါမှ တစ်ယောက်နဲ့ တစ်ယောက် ခေါ်ရတာ လွယ်ကူမှာပေါ့ ...” လူအိုကြီးက နာမည် ထုတ်မပြောသည်ကို မြင်ပြီး ကျန်းရှားပိုင်က ထပ်မေးလိုက်သည်။

“ကျုပ်ကို လူအိုကြီး ချောင်ကောင်းကျီလို့‌ ခေါ်လို့ ရပါတယ် ... ကျုပ်မြေး နာမည်က စူတန်းကျီပါ ... လွယ်လွယ် မှတ်မိနိုင်တဲ့ နာမည်တွေပါ ...” လူအိုကြီးက ပြုံးရင်း ပြောလိုက်သည်။

ချောင်ကောင်းကျီနှင့် စူတန်းကျီ …

မိုဝူကျီက သူ့ဘာသာ တွေးမိ လိုက်လေသည်။ သူတို့ နာမည်များကား အမှန်ပင် မှတ်ရ လွယ်ကူလေသည်။

ကျန်းရှားပိုင် အကြည့်က သူ့ဆီ ရောက်လာသောကြောင့် မိုဝူကျီက လေးလေးစားစား ပြန်နှုတ်ဆက် လိုက်သည်။

“ကျုပ်ကလည်း နယ်လှည့် ကျင့်ကြံသူပါ မိုဝူကျီလို့ ခေါ်ပါတယ် ...”

ကျန်းရှားပိုင်က မိုဝူကျီသည် ကိုယ့်နေရာကို မသိသည့်အတွက် စိတ်မကျေမနပ် ဖြစ်သွားလေသည်။ မိုဝူကျီကား ကျင့်ကြံဆင့် နိမ့်ဟန် ရှိသော်လည်း သူ့ကို သွားရှုပ်၍ မဖြစ်သော လူဖြစ်ကြောင်း ခံစားမိနေသည်။ ထို့ကြောင့် မိုဝူကျီက ကိုယ့်ဘာသာ ကောင်းကောင်း မနှုတ်ဆက်သော်လည်း သူက တစ်ခွန်းမျှ မပြောတော့ပေ။

“မိတ်ဆွေတို့ ဒီသင်္ဘောပေါ်က အခြေအနေက အတော်လေး ထူးဆန်းနေတယ်။ အခု အထဲမှာ လူတစ်ယောက်မှ မရှိဘူး။ အဲဒါကြောင့် အားလုံး အတူတူ အပေါ်အောက် အကုန် ရှာကြည့်ရင် ကောင်းမယ်လို့ ထင်တယ်။ ပြီးတော့မှ သုံးသပ် ကြည့်ကြတာပေါ့ ...” အားလုံးက မိတ်ဆက်ပြီး သွားသည်နှင့် ကျန်းရှားပိုင်က သူ့စိတ်ထဲ ထင့်နေသည့် အကြောင်းအရာကို ပြောလိုက်လေသည်။

သူ့စိတ်ကူးကား အားလုံးကို စုစည်း၍ လုပ်ဆောင်လိုခြင်း ဖြစ်သည်။ မိုဝူကျီက အဓိပ္ပာယ် မရှိသည့် အပြုအမူ မလုပ်ချင်သည့် အတွက် အားလုံးပြောသည့် အတိုင်း သဘောတူ လိုက်ရသည်။

သင်္ဘောပေါ်တွင် အခန်းများစွာ ရှိ၍ အများစုမှာ သန့်ရှင်း ကျယ်ဝန်းသော အခန်းများ ဖြစ်ကြသည်။

အားလုံးက သင်္ဘာကို လိုက်လံ စစ်ဆေး နေသောကြောင့် မိုဝူကျီက အမြဲနောက်တွင် ရပ်နေလိုက်သည်။ အကြောင်းမှာ သူက နေရာ တစ်ခုလုံးကို စိတ်စွမ်းအားဖြင့် စစ်ဆေး ကြည့်ရှုပြီး လေပြီ။

တစ်နာရီ အကြာတွင် အားလုံးက မီးဖိုချောင်ကို ရောက်ရှိ လာကြသည်။ အခန်းသို့ မဝင်ခင် မိုဝူကျီက မီးဖိုချောင် တစ်ခုလုံးကို စိတ်စွမ်းအားဖြင့် အကုန် စစ်ဆေးကြည့် လိုက်သည်။ သစ်သားချောင်း၊ ဆန်၊ ဆီ၊ ဆား အစရှိသဖြင့် အားလုံးက ပုံမှန် ဖြစ်လေသည်။ အားလုံးက ထိုပစ္စည်းများကို မြင်တွေ့ပြီး နောက်တွင် သူ့ကဲ့သို့ပင် သုံးသပ် မိလိမ့်မည် ဖြစ်ကြောင်း ယုံကြည်သည်။ သို့သော် နောက်မှ စူတန်းကျီက အနည်းငယ် မျက်မှောင်ကြုတ် နေလေသည်။ သူမက မသိမသာ ခြေလှမ်းများပင် ပြန်ဆုတ်မိ သွားသေးသည်။

***

All Chapters