အင်မော်တယ် တည်နေရာ မြေပုံ
Vol. 16 Ch. 215
မီးဖိုချောင်ထဲ စစ်ဆေးပြီး နောက်တွင် လူအုပ်ကြီးက သင်္ဘော၏ အကျယ်ဆုံး အခန်းဆီ ပြန်ရောက် လာကြသည်။ သင်္ဘောပေါ်တွင် လူတစ်ယောက်မျှ မရှိသော်လည်း အခန်းတိုင်းက သေသပ်နေကာ တစ်ယောက်မှ အထဲဝင်ကြည့်ဖို့ မပြောကြချေ။
ကျန်းရှားပိုင်က ဦးစွာ ပြောလိုက်သည်။
“မိတ်ဆွေတို့ ကျုပ်တို့ သင်္ဘောအနှံ့ လိုက်ရှာပြီး သွားပြီ။ ဘာအန္တရာယ်မှတော့ မတွေ့ဘူး ပြီးတော့ အခန်းတွေ အများကြီး ရှိတယ်။ သင်္ဘောပေါ် လာတာ နည်းနည်း ထူးဆန်း နေပေမဲ့ မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး။ တွေးကြည့်ကြပါဦး ဒီသင်္ဘောကို ကမ်းကပ်ပြီးတော့မှ လှိုင်းလုံးကြောင့် ပြန်ပါလာတာ ဖြစ်နိုင်တာပဲလေ ...”
ကျန်းရှားပိုင်က သူ့ကိုယ်သူ ထပ်၍ မပြောနိုင်တော့ပေ။ သူပြောသလို ဖြစ်နိုင်ချေက အလွန် နည်းပါးလှရာ မဖြစ်နိုင်သည့် ဘက်သို့ ရောက်နေလေပြီ။
“အော်မိသော်ဖော ... ကိုယ်တော် ထင်တာတော့ ဒီသင်္ဘောက ကောင်းကင် ပင်လယ်ထဲ ရည်ရွယ်ချက် ရှိရှိ ရောက်လာတာပဲ နေမယ် ...” ဘုန်းကြီးက မျက်နှာထား တည်တည်ဖြင့် ပြောလိုက်သည်။
“ကိုယ်တော် စကားပြောတဲ့ အခါ ရှေ့နောက် ဖြစ်နိုင်ချေလေး တွေးပါဦး။ အခုလေးတင် အစ်ကိုကျန်းရဲ့ ဇာတ်ကြောင်းက မဖြစ်နိုင်တဲ့ဘက် ရောက်နေပေမဲ့ ဖြစ်နိုင်ချေ နည်းနည်းတော့ ရှိသေးတယ်။ ဒါပေမဲ့ ကိုယ်တော် ပြောတာက လုံးဝကို အဓိပ္ပာယ် မရှိတာကြီးပဲ ... အဲဒီလူရဲ့ ဦးနှောက် ပျက်သွားပြီလို့များ ထင်နေတာလား။ သူက ဘာရည်ရွယ်ချက်နဲ့ သင်္ဘော အလွတ်ကြီးကို ကောင်းကင် ပင်လယ်ထဲ လွှတ်ရမှာလဲ ...” လူသန်ကြီး ဖူချန်းက ထေ့ငေါ့ကာ ဝင်ပြောလိုက်သည်။
ဘုန်းကြီးက ဖူချန်းကို အံ့ဩတကြီး ကြည့်ကာ …
“တမင်လား ... ပုံမှန်ဆိုရင် သူက ကိုယ်တော်တို့ကို ခြောက်လှန့်ဖို့ လုပ်တာလေ။ ဒကာက မကြောက်ဘူးလား။ သေချာ တွေးကြည့်ပါဦး။ ကောင်းကင် ပင်လယ်ဆီ သင်္ဘော ပို့လိုက်တဲ့သူက ကိုယ်တော်တို့ရဲ့ တုန်လှုပ် ချောက်ချားဖွယ် ရုပ်တွေကို မြင်ပြီးတော့ သူက အားရပါးရ ရယ်မော မနေနိုင်ဘူးလား ...”
မိုဝူကျီက ထိုဘုန်းကြီးသည် အမှန်ပင် လူပြောင်ဖြစ်ကြောင်း ခံစားမိ လိုက်သည်။ သူက လေးလေးနက်နက် ဖြစ်နေကာ သူက အမှန်တရားများကို ပြောနေသကဲ့သို့ ထင်ရသော်လည်း အမှန်မှာ အားလုံး အရေး မပါတာချည်း ဖြစ်နေသည်။
ဖူချန်းက ဘုန်းကြီးကို စိုက်ကြည့်ရင်း ပြောလိုက်သည်။
“ဟုတ်တာပေါ့ ကျုပ်နည်းနည်းတော့ လန့်သွားမိတယ် ...”
ဘုန်းကြီးက လက်ခုပ်တီးရင်း ပြောလိုက်သည်။
“တွေ့လား ... ကိုယ်တော် ပြောတာ မှန်ပါတယ်။ သင်္ဘောကို လွှတ်လိုက်တဲ့ သူက သူ့ရည်ရွယ်ချက် အထမြောက် သွားလောက်ပြီ။ ဘယ်လောက်တောင် ကြံစည် ရတာလဲ ... ကိုယ်တော်နဲ့ တွေ့လို့ကတော့ သူ့အရိုးတွေကို အပိုင်းပိုင်း ဖြတ်ပစ်မယ် ... အော်မိသော်ဖော ခွင့်လွှတ် ပေးကြပါ လောဘ၊ ဒေါသ၊ မောဟ ပညတ်ချက်ထဲမှာ ကိုယ်တော် အပြစ်ကျူးလွန် မိသွားတယ်။ အများဆုံး သူ့အရိုးကို အပိုင်းပိုင်း ဖြတ်သင့်တယ် ဆိုပေမဲ့လည်း ကြင်နာ သနားတတ် ရဦးမယ်လေ ... ကိုယ်တော် ဆက်ပြီး မပြောသင့်တော့ဘူး ...”
မိုဝူကျီက ဘုန်းကြီး ဆက်ပြောရာမှ တားဆီးရန် ဝင်ပြောလိုက်သည်။
“အားလုံးက ဘယ်လိုလုပ် ဒီနေရာကို ရောက်လာကြတာလဲ ... ပြီးတော့ အားလုံးက ပင်လယ်ထဲမှာ ဒုက္ခတွေ့ပြီးတော့ ဒီမှာအတူတူ လာဆုံ နေကြတယ် ...”
အဖွဲ့က ချက်ချင်းပင် တိတ်ဆိတ်သွားကာ တစ်ယောက်မှ မိုဝူကျီ မေးခွန်းကို မဖြေကြချေ။ အကြည့်နှင့်တင် အားလုံးက သူတို့ကိုယ်ပိုင် ရည်ရွယ်ချက် ရှိပြီး မျှဝေ မပေးချင်မှန်း သိသာလှသည်။
မိုဝူကျီက တဲ့တိုးသာ ပြောလိုက်သည်။
“ကျုပ်က ပင်လယ် မြေပုံကြောင့် ရောက်လာတာ။ ဒီမြေပုံမှာ အင်မော်တယ် တည်နေရာ ပါတယ် ...”
မိုဝူကျီက တိုက်ရိုက် ပြောလိုက်သည့် အကြောင်းအရင်းကား ထိုကိစ္စကို သံသယ ဝင်နေသည်မှာ ကြာလှပြီ ဖြစ်လေ၏။ ပင်လယ်သည် ကြီးမားကျယ်ပြော လွန်းသော်လည်း ကံဆိုးစွာဖြင့် သူတို့က အတူတကွ လာဆုံစည်း နေကြသေးရာ မထူးဆန်း ပေဘူးလား ... ထိုသည်က ရိုးရိုးရှင်းရှင်း တိုက်ဆိုင်တာ မဖြစ်နိုင်ပေ။
“အာ ...” ကျောင်းယန်က ဦးစွာ ပထမဆုံး တုံ့ပြန်သူ ဖြစ်ရာ …
“ကျွန်မတို့လည်း အင်မော်တယ် တည်နေရာ ပြထားတဲ့ မြေပုံကို တွေ့ခဲ့တာ ...”
ချီဝမ်ရွမ်က ကျောင်းယန်ကို တားဆီး ချင်သော်လည်း မမီလိုက်ပေ။ ထို့ကြောင့် သူက ကျောင်းယန် စကားများကို ထောက်ခံပေးရုံသာ ရှိတော့သည်။
“ဟုတ်တယ် ... ကျုပ်တို့လည်း ကောင်းကင် ပင်လယ်ထဲ ထွက်လာတာက အဲဒီ မြေပုံကြောင့်ပဲ ...”
အားလုံး၏ မျက်နှာများတွင် ထူးဆန်းသော အမူအရာ ဖြစ်ပေါ်နေလေ၏။ မျက်နှာမည်း လူသန်ကြီးက ရုတ်တရက် မြေပုံကို ကြမ်းပြင်ပေါ် ပစ်ချကာ …
“အဘွားကြီး ကျုပ်ကို အရူး လုပ်လိုက်သေးတယ် ...”
မိုဝူကျီက ထိုမြေပုံကို ဝေ့ကြည့်လိုက်ကာ သူ့ကို ကျင်းလင်ပေး ဆွဲပေးလိုက်သည့် မြေပုံနှင့် ဆင်တူနေကြောင်း သိလိုက်ရသည်။ သို့သော် အဓိက အမှတ်အသားများက ခြားနားလှသည်။ ဥပမာအားဖြင့် အင်မော်တယ် တည်နေရာ အနေအထားမှာ ကွာခြားကာ နည်းနည်း နောနော ကွာခြားခြင်း မဟုတ်ဘဲ ကြီးကြီးမားမား ကွာခြားခြင်း ဖြစ်သည်။ မိုဝူကျီက ကျင်းလင်ပေး မှတ်ဉာဏ်က မတိကျလျှင်ပင် သူမက တည်နေရာ အမှားတော့ ဆွဲလိမ့်မည် မဟုတ်ချေ။
လူသန်ကြီးက သူ့မြေပုံ ပစ်ချပြီးနောက် အခြားသော လူများလည်း သူတို့ မြေပုံများကို ပြလိုက်ကြသည်။ တွေးထင် ထားသည့်အတိုင်း မြေပုံအားလုံးက အတူတူပင် ဖြစ်နေသည်။
ကျန်းရှားပိုင်က လေးလေးနက်နက် အမူအရာဖြင့် …
“အဲဒီလို ဆိုရင်တော့ တစ်ယောက်ယောက်က ကျုပ်တို့ကို အဲဒီမြေပုံ သုံးပြီးတော့ ဆွဲဆောင် ချင်နေတာပဲ ... အဲဒါ ဘယ်သူပဲ ဖြစ်ဖြစ် သူ့ရည်ရွယ်ချက်က အခုထိ မသေချာသေးဘူး ...”
မိုဝူကျီက သူ့မြေပုံကို ထုတ်မပြပေ။ တစ်ယောက်မှလည်း သူ့မြေပုံ မတောင်းကြပေ။ ကိစ္စများက ရှင်းလင်း လာလေပြီ။ မိုဝူကျီက သူ့မြေပုံ ထုတ်သည်ဖြစ်စေ၊ မထုတ်သည် ဖြစ်စေ အရေး မကြီးတော့ပေ။
ထိုသို့ ပြောလိုက်ပြီး ကျန်းရှားပိုင်က မိုဝူကျီဘက် လှည့်ကြည့်ကာ ပြောလိုက်သည်။
“ညီလေးမို မင်းက ပင်လယ်မြေပုံမှာ ပြဿနာရှိမှန်း သိတယ်ဆိုတော့ မင်းမြေပုံက ဘယ်မှာလဲ ...”
မိုဝူကျီက ကျန်းရှားပိုင် စကားများကို မကြားသည့် အလား ပြုမူကာ စူတန်းကျီဘက် လှည့်ကာ မေးလိုက်သည်။
“ညီမလေး တန်းကျီ ... ကျုပ်တို့တွေ မီးဖိုချောင်မှာတုန်းက ဘယ်သူကမှ ဘာပြဿနာ ရှာမတွေ့ဘဲနဲ့ ဘာလို့ မျက်မှောင်ကြုတ် နေရတာလဲ ...”
မည်သူကမှ မိုဝူကျီက စူတန်းကျီကို မေးလိမ့်မည်ဟု ထင်မထားကြပေ။ ပြောရလျှင် ဤနေရာတွင် ရှိနေသော လူအုပ်ထဲတွင် စူတန်းကျီကို သိပ်၍ အာရုံ မရှိကြချေ။ သို့သော် မိုဝူကျီ မေးခွန်းကြောင့် အားလုံးက ကျန်းရှားပိုင် အကြောင်း မေ့သွားလေသည်။
“ကျွန် ... ကျွန်မလည်း မသိဘူး ...” စူတန်းကျီက ပြောရင်း အတွေးထဲ နစ်မျောနေဟန် ပေါ်သည်။
ကောင်းကျီက မတ်တတ်ရပ်၍ လက်နှစ်ဖက် ယှက်လျက် မိုဝူကျီကို ပြောလိုက်သည်။
“တာအိုရောင်းရင်း ကျုပ်မြေးမလေးက အမြဲတမ်း ရှက်တတ်လို့ပါ ဘယ်သွားသွား သူမက ဘာမှပြောလေ့ မရှိဘူး။ ဒီက ရောင်းရင်း အမြင်မှားတာ နေမှာပါ ...”
မိုဝူကျီက တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။
“ကျုပ် အမြင်မှားတာ မဟုတ်ဘူး။ ညီမလေး တန်းကျီ တကယ်လို့ မပြောချင်ရင် အတင်းတွန်းအား မပေးတော့ပါဘူး။ ပြီးတော့ ကျုပ်က ဒီမှာ မနေတော့ဘူး။ အားလုံးက သူတို့ အတွေးတွေကို စိတ်ထဲမှာပဲ ထားထားရင် အားလုံး အတူနေပြီးတော့ ပူးပေါင်းလည်း အလကားပဲ ...”
“ကျွန်မ ... ကျွန်မ ...” စူတန်းကျီ အသံက တုန်တုန်ယင်ယင် ထွက်ပေါ် လာလေသည်။
ကောင်းကျီက စူတန်းကျီ တစ်ခုခု ပြောတော့မည်ကို ခံစားမိပြီး သူက တဲ့တိုး ဝင်ပြောလိုက်သည်။
“စူတန်းကျီ ပြောစရာ ရှိရင် ပြောပြလိုက်ပါ ... ငါတို့အားလုံး အတူတူ ပူးပေါင်း ကြမှာပဲလေ ...”
ကောင်းကျီ၏ အာမခံ ပေးမှုကြောင့် စူတန်းကျီသည် နောက်ဆုံးတွင် ပြောပြရန် ဆုံးဖြတ် လိုက်လေသည်။၏
“မီးဖိုချောင်ထဲက အိုးအကြီးကြီးမှာ သွေးတွေနဲ့ ပြည့်နေတယ်။ ဒါပေမဲ့ အားလုံးက သာမန် ကိစ္စလို့ ထင်ကြတော့ ကျွန်မက ဘာမှ မပြောတော့တာ ...”
အဖွဲ့ထဲမှ အားလုံးက တစ်ယောက်နှင့် တစ်ယောက် ကြည့်လိုက် ကြလေသည်။ မီးဖိုချောင်ထဲတွင် အိုးတစ်ခုသာ ရှိ၍ အားလုံးက ဖွင့်ကြည့် လိုက်သည့်အခါ ဆန်ကိုသာ တွေ့ခဲ့ရသည်။
“အဓိပ္ပာယ် မရှိတာတွေ ... အိုးထဲမှာ ဆန်တွေ ရှိနေတာပဲလေ ... ဘယ်မှာ ... ...” ကောင်းကျီက ပြောရင်း ရပ်တန့် လိုက်လေသည်။ စူတန်းကျီသည် သူ့နောက်သို့ အမြဲတမ်း လိုက်ပါနေသည် ဖြစ်၍ သူမ ရိုးသားကြောင်း သိ၏။ သူမက ထိုသို့ ကိစ္စများကို လိမ်ညာ ပြောဆိုမည် မဟုတ်ပေ။
မိုဝူကျီက စိတ်စွမ်းအား စေလွှတ်၍ မီးဖိုထဲမှ အိုးကို စစ်ဆေးကြည့် လိုက်သည်။ ဆန်အိုးထဲတွင် ဆန်နှင့်သာ ပြည့်နေလေသည်။ ထို့နောက် သူက စိတ်စွမ်းအားကို ဆန်အိုးထဲ အာရုံစိုက် ထားလိုက်သည်။
စိတ်စွမ်းအားဖြင့် သွေးနံ့ကို ချက်ချင်း ရလိုက်သည်။ ဆန်များက သွေးများအဖြစ် ပြောင်းလဲ သွားလေသည်။ စူတန်းကျီ စကားများက မှန်ကန် နေပေသည်။
မိုဝူကျီ မျက်နှာက ချက်ချင်း ပြောင်းလဲသွားပြီးတော့ စိတ်စွမ်းအားဖြင့် မီးဖိုထဲမှ သစ်သားချောင်းကို စစ်ဆေး ကြည့်လိုက်သည်။ သူ့စွမ်းအားက အထဲဝင်ရောက် သွားသည့်အခါ သစ်သားချောင်းများက အရိုးဖြူများ အဖြစ် ပြောင်းလဲ သွားလေသည်။ ထို့နောက် သူက အခြားသော ပစ္စည်းများကို စစ်ဆေးကြည့် လိုက်သည့်အခါ အခန်းများက ယခင်ကဲ့သို့ သန့်သန့်ရှင်းရှင်း မဟုတ်တော့ဘဲ ပင့်ကူအိမ် များဖြင့် ဖုံးလွှမ်း နေလေသည်။ အဝတ်များက နေရာအနှံ့ ပြန့်ကျဲနေကာ ခုတင်အောက်တွင် အရိုးခြောက်များ ရှိနေသေး၏။
ဤအခန်းကြီး ထဲတွင် အတွင်းပိုင်းက ဖုန်များနှင့် ပြည့်နေလေသည်။ သူ့ဘေးတွင် သစ်သားခုံကို မှီနေသည့် အရိုးခြောက် တစ်စုံ ရှိနေသည်။ အခန်းကား ကြောက်မက်ဖွယ် ကောင်းလှသည်။
ကောင်းကျီဆီမှ အဆူခံရပြီး နောက်တွင် စူတန်းကျီက ပို၍ပင် တိတ်ဆိတ် သွားတော့သည်။
“တစ်ချက်ပြန်ပြီးတော့ ကြည့်ကြည့်ရအောင် ...” ကျန်းရှားပိုင်က မတ်တတ်ရပ်ရင်း ပြောလိုက်သည်။ သူက လက်ပြတ်ကို တက်နင်းမိ လိုက်သည်ကို သတိပြုမိဟန် မပေါ်ပေ။
မိုဝူကျီက သူ့အသံ တုန်တုန်ယင်ယင် ဖြစ်နေရုံက လွဲ၍ မတတ်နိုင်ချေ။ အမှန်ပင် သူက စိုးရိမ် နေမိသည်။
“ပြန်ကြည့်နေဖို့ မလိုပါဘူး။ ညီမလေး စူတန်းကျီ စကားတွေက အမှန်တွေ နေမှာ။ ဒီသင်္ဘောက တကယ် ထူးဆန်းတယ်။ ကျုပ် အပေါ် သွားလိုက်ဦးမယ် ...” မိုဝူကျီက ပြောရင်း အဓိက ကုန်းပတ်သို့ တက်သွားလိုက်သည်။
“အာ ... မိန်းမငယ်လေး စကားကို အမှန်လို့ ထင်နေတာလား ... ခဏစောင့်ဦး ကျုပ်သွားကြည့်ပြီးတော့ ဆန်တစ်ဆုပ်လောက် ယူခဲ့မယ်။ ဒီလောက် သတ္တိလေးနဲ့ ဘယ်လိုများ ရတနာ ရှာမှာလဲ ...” တစ်ချိန်လုံး တိတ်ဆိတ်နေသည့် မန်ကျီက ရုတ်တရက် ထရပ်ရင်း မီးဖိုချောင် ရှိရာ အောက်ထပ်ဆီ ပြေးဆင်း သွားလေသည်။
“ညီလေးမန် စောင့်ဦး အားလုံးအတူတူ သွားရအောင် ...” ကျန်းရှားပိုင်က နောက်မှ အော်ခေါ် လိုက်သော်လည်း မန်ကျီက ထွက်သွားလေပြီ။
ချီဝမ်ရွမ်နှင့် ကျောင်းယန်တို့ စုံတွဲက မိုဝူကျီနောက်မှ ကုန်းပတ်သို့ လိုက်မသွားခင် အနည်းငယ် တွေဝေ နေလေသည်။ ကောင်းကျီက စူတန်းကျီ စကားများကို သံသယ မဖြစ်မိပေ။ ထို့ကြောင့် မိုဝူကျီနောက်သာ လိုက်သွားတော့သည်။
သင်္ဘော အလယ်ထပ်တွင် ကျန်းရှားပိုင်၊ ချီစုစု၊ ဘုန်းကြီးနှင့် မျက်နှာမည်း လူသန်ကြီးသာ ကျန်ရှိ နေလေသည်။
“ခင်ဗျားတို့တွေက ကျုပ်နဲ့ လိုက်ပြီးတော့ ကြည့်ချင်ကြလား ...” ကျန်းရှားပိုင်က မန်ကျီ ပျောက်ကွယ်သွားကာ သူ့ခြေလှမ်းများပင် မကြားရသည့်အခါ သူက နည်းနည်း ကြောက်ရွံ့မိ လာလေသည်။
“အော်မိသော်ဖော ... ကိုယ်တော် လိုက်ခဲ့ပါ့မယ်။ ကိုယ်တော် ထင်တာတော့ ဒီသင်္ဘောရဲ့ ပိုင်ရှင်က အဲဒီအိုးထဲ ပုန်းနေလောက်မယ် ...” ဘုန်းကြီးက လေးနက်စွာ ပြောလိုက်သည်။ သူ့ခန့်မှန်းချက်က ရာနှုန်းပြည့် မှန်နေသကဲ့သို့ ပြောနေခြင်း ဖြစ်၏။
မျက်နှာမည်း လူသန်ကြီးက ထရပ်ကာ ပြောလိုက်သည်။
“ကျုပ်တော့ မဖြစ်နိုင်တာ မရှိဘူးလို့ ထင်တယ်။ အစ်ကိုကျန်းက ဒီလို ဖိတ်ကြားမှတော့ လိုက်ပါ့မယ် ...”
ထိုသို့ သဘောတူ လိုက်ပြီး လေးယောက်သား သင်္ဘော အတွင်းပိုင်းသို့ ဆင်းလာကာ မီးဖိုချောင်ဆီ ဦးတည် လိုက်တော့သည်။
“အစ်ကိုမို ညီမလေး တန်းကျီရဲ့ စကားတွေက အမှန်ပဲလား ...” စူတန်းကျီက ဘေးတွင် ရပ်နေသော်လည်း ကျောင်းယန်က မိုဝူကျီကို ဖြူဖျော့ဖျော့ မျက်နှာဖြင့် မေးလိုက်လေသည်။
မိုဝူကျီက ခေါင်းညိတ်ပြ လိုက်ကာ …
“အမှန်တွေပဲ ... မှန်လာလိမ့်မယ် ...”
“အဲဒါဆို ဘာလို့ ကျွန်မတို့ ကျန်တဲ့သူတွေက မမြင်ရတာလဲ ...” မိုဝူကျီ၏ အတည်ပြု အဖြေကို ကြားပြီး ကျောင်းယန်က ပို၍ပင် ကြောက်ရွံ့ လာလေသည်။
အကြမ်းဖျင်း ရှင်းပြပြီးနောက် မိုဝူကျီက ပြောလိုက်သည်။
“တကယ်လို့ ကျုပ်ခန့်မှန်းတာ မမှားရင် အစစ်အမှန် ဖြစ်နေတဲ့ ဒီသင်္ဘောက လွဲရင် သင်္ဘောထဲက အရာအားလုံးက အတုအယောင်တွေပဲ ... ပုံရိပ်ယောင် အစီအရင် ဖြစ်နိုင်တယ်။ အဲဒါက ကျုပ်တို့ရဲ့ ပုံမှန် တွေးခေါ်နှုန်းတွေကို ပျောက်ဆုံးစေတယ် ...”
ထိုသည်က ဖြစ်နိုင်တာလေးမျှ မဟုတ်ပေ။ မိုဝူကျီက ဤသင်္ဘောပေါ်တွင် ပုံရိပ်ယောင် အစီအရင် ရှိကြောင်း သေချာသည်။ သူက ချူရှင်ကျီ အစီအရင်ကို တစ်ရက်၊ နှစ်ရက် လေ့လာထားရုံမျှ မကပေ။ သူက ပုံရိပ်ယောင် အစီအရင်ကို မသိသေးသော်ငြား သူက အစီအရင် အများစုကို သင်ယူ ပြီးလေပြီ။
“ညီလေးမို စကားတွေက မှန်လောက်မယ်။ ကျုပ်တို့ စူတန်းကျီက အဲဒီလို ကိစ္စမျိုးကို လိမ်မဲ့သူ မဟုတ်ဘူး ...” ကောင်းကျီက ထပ်ပေါင်း ပြောလိုက်သည်။
မိုဝူကျီက ပြင်းထန်နေသည့် လေအားနှင့် လှိုင်းလုံးများကို ကြည့်ကာ သူက သင်္ဘောပေါ်မှ ထွက်သွားသင့်ကြောင်း စဉ်းစား နေမိသည်။ တစ်ယောက်ယောက်က သူတို့ကို မြေပုံနှင့် မျှားခေါ်ထားသည့် အတွက် ရိုးရိုးရှင်းရှင်း အလွတ် ပေးမည်လား ...
“ညီလေးမို အခု ဘာလုပ်ကြမလဲ ...” ချီဝမ်ရွမ်က ကိစ္စများကို သတိပြုမိ ပြီးလေပြီ။ မိုဝူကျီ စွမ်းအားက မသိသာသော်လည်း သူ့မြင်နိုင်စွမ်းက သေချာပေါက် လစ်ဟာမနေပေ။
မိုဝူကျီက ပြန်ဖြေခါနီးတွင် သူ့အမူအရာများက ရုတ်တရက် ပြောင်းလဲ သွားတော့သည်။ အောက်ထပ်ရှိ လူငါးယောက်တွင် တစ်ယောက်က ပျောက်ဆုံး သွားလေပြီ။ ပထမဆုံး ဆင်းသွားသည့် မန်ကျီက ပျောက်ဆုံး သွားလေ၏။ သူ့စိတ်စွမ်းအားဖြင့် သင်္ဘော တစ်ခုလုံးကို စစ်ဆေးကြည့် လိုက်သော်လည်း မန်ကျီကို ရှာမတွေ့တော့ချေ။
***