← Chapters

လူဘယ်လောက် များများက ကျေးဇူး တရားကို ပြန်ပေးဆပ်ကြ သနည်း

Vol. 16 Ch. 216

လူဘယ်လောက် များများက ကျေးဇူး တရားကို ပြန်ပေးဆပ်ကြ သနည်း

Vol. 16 Ch. 216

ကျန်းရှားပိုင်နှင့် အပေါင်းအပါများက မန်ကျီ ပျောက်ဆုံးသွားကြောင်း သိသွားသည့် အခါ ကျန်းရှားပိုင်က ချက်ချင်းဆိုသလို သူ့လှံရှည်ကို ဆွဲယူ၍ ဆန်အိုးကို ခွဲချ လိုက်တော့သည်။

“ဘမ်း ...” သင်္ဘောတစ်လျှောက် ခွမ်းခနဲ အသံ ထွက်လာကာ မီးဖိုချောင် ကြမ်းပြင် နေရာအနှံ့တွင် သွေးအကြောင်းများ ကျန်နေလျက် သွေးများ ပြန့်သွား လေတော့သည်။

“အားလုံး မြန်မြန် ထွက်သွားကြစို့ ... သင်္ဘောက ထူးဆန်းတယ် ...” မျက်နှာမည်း လူသန်ကြီးက လှည့်မထွက်ခင် ပြောလိုက်သည်။ ကျန်ရှိနေသော လူသုံးယောက်မှာ သူ့နောက်သာ လိုက်သွား ကြတော့သည်။ မျက်စိတစ်မှိတ် အတွင်း သူတို့ လေးယောက်လုံး အပြင်ကုန်းပတ်သို့ ပြန်လည် ရောက်ရှိလာကြသည်။

“အော်မိသော်ဖော ... ကိုယ်တော် အရင် ကြိုးစားကြည့်မယ် ...” ဘုန်းကြီးက ကုန်းပတ်သို့ ရောက်ရောက်ချင်း ပင်လယ်ထဲသို့ တိုက်ရိုက် ခုန်ချ လိုက်လေသည်။

“ဝှီး ...” လေထဲတွင် ဘုန်းကြီးကို မမြင်နိုင်သည့် အကာအရံ တစ်ခုနှင့် တားဆီးထားသည့် အလား သင်္ဘောပေါ်သို့ ပြန်ကျ လာလေသည်။

ထောင်ချောက် အစီအရင်လား ..

ကျန်ရှိနေသော လူတွေက တစ်ယောက်နှင့် တစ်ယောက် ကြည့်လိုက်ကာ တစ်ယောက်မှ ထိုသို့ မလုပ်ရဲကြပေ။ မမြင်နိုင်သည့် ထောင်ချောက်ကား သူတို့ ဖြေရှင်းနိုင်သည့် အရာ မဟုတ်ပေ။

“ကြည့်ရတာ ညီလေးမန်တော့ တစ်ခုခု ဖြစ်သွားပုံပဲ” လူသန်ကြီး ဖူချန်းက သက်ပြင်းချကာ ပြောလိုက်သည်။ အကယ်၍ သူသာ ဤ သင်္ဘောက မူမမှန်မှန်း သိခဲ့ပါက သူက ပင်လယ်ထဲမှာသာ နေခဲ့လိုက်မည်။

ကျန်းရှားပိုင်က မိုဝူကျီကို လေးလေးစားစား ဦးညွှတ်လိုက်ပြီး …

“ညီလေးမိုက ဒီနေရာ မူမမှန်တာကို ပထမဆုံး သိတဲ့သူဆိုတော့ ဘာတွေများ ကြံထားလဲ ဆိုတာ သိခွင့်ရှိမလား ...”

တိတ်ဆိတ်သွားသည့် သင်္ဘောကို စစ်ဆေးကြည့်ပြီး နောက်တွင် မိုဝူကျီက အသက် ပြင်းပြင်းရှူရင်း ပြန်ဖြေ လိုက်လေ၏။

“အားလုံးက ခဏတော့ စောင့်သင့်တယ်လို့ ထင်တယ်။ ဒီ သင်္ဘောက သူ့ဘာသာ ရောက်လာတာ ဆိုတော့ ဦးတည်ရာ ရှိမှာပဲ။ ပြီးတော့ ကျုပ်တို့က ပင်လယ်ထဲ ရောက်နေတာ ဆိုတော့ သင်္ဘောပေါ်က ဆင်းတာ၊ မဆင်းတာက သိပ်မကွာခြားဘူး ထင်တယ်။ အားလုံးကို တစ်ယောက်တည်း လျှောက်မသွားဖို့ ပြောချင်တယ်။ ကျုပ်တို့တွေ သေချာအေးဆေး တိုင်ပင်ဆွေးနွေး ကြည့်သင့်တယ် ...”

မိုဝူကျီ ထိမ်ချန်ထားသည့် နောက်ထပ်တစ်ချက် ရှိသေးလေသည်။ ထိုအချက်မှာ သင်္ဘောသည် သူတို့ လှုပ်ရှားနိုင်စွမ်းကို မကန့်သတ် ထားသော်လည်း မန်ကျီ တစ်ယောက်တည်း ရှိနေစဉ် သေဆုံး သွားခဲ့ခြင်း ဖြစ်၏။ ထို့ကြောင့် သင်္ဘောပေါ်တွင် အရာများကို မမြင်နိုင်အောင် ပြုလုပ်နိုင်စွမ်း ရှိသော်လည်း သူတို့ ကိုးယောက်လုံးကို တစ်ချိန်တည်း ရင်မဆိုင်နိုင်ပေ။

အရေးကြီးဆုံး အချက်မှာ သူက ထို သင်္ဘောပေါ်မှ အစီအရင်ကို လေ့လာရန် အချိန် လိုအပ်နေခြင်း ဖြစ်၏။ ထိုထောင်ချောက် အစီအရင်ကို ဖျက်ဆီးပြီး နောက်ပိုင်းမှသာ သူတို့တွင် အခွင့်အရေး ရလာမည် ဖြစ်သည်။

“ကျုပ်လည်း ညီလေးမို ပြောတာ ထောက်ခံတယ် ...” ကောင်းကျီက ဦးစွာ တုံ့ပြန် လိုက်လေသည်။

ကျန်ရှိနေသော လူများမှာ မိုဝူကျီ ပြောသည်က အချိန်ဖြုန်း နေသည်ဟု ထင်ကြသော်လည်း ထိုသည်က သူတို့ လုပ်နိုင်သည့် အကောင်းဆုံး နည်းလမ်း ဖြစ်နေလေသည်။ ထို့ကြောင့် သူတို့က သင်္ဘောမှ အစီအရင်ကို မချိုးဖျက်နိုင်ပါက သို့မဟုတ် သူတို့ လုပ်နိုင်ခဲ့သည် ဆိုလျှင်ပင် ပင်လယ်ထဲ ကျမည် ဖြစ်၏။ ထို့ကြောင့် သင်္ဘာပေါ်မှ စောင့်ဆိုင်းခြင်းက အကောင်းဆုံး ဖြစ်လိမ့်မည်။

အားလုံးက ဝိုင်းဝန်း ထိုင်လိုက်ကြပြီး မုန်တိုင်း ဆဲမည့်အချိန်ကို စောင့်ဆိုင်းရင်း ကိုယ့်အတွေးနှင့်ကိုယ် အလုပ် ရှုပ်နေလေသည်။ သို့သော်လည်း မိုဝူကျီက ချူရှင်ကျီ မှတ်စုကို ထုတ်ယူကာ ထောင်ချောက် အစီအရင်အကြောင်း စတင် လေ့လာလိုက်သည်။

ထောင်ချောက် အစီအရင် အတွက် သူက ယခင်တစ်ခါ ကြုံတွေ့ဖူး လေသည်။ သို့သော် အခြေခံအဆင့် အစီအရင် ဖြစ်ကာ ယခု သင်္ဘောပေါ်တွင် ရှိနေသည့် အစီအရင်မှာ အလယ်အလတ် အဆင့် အစီအရင် ဖြစ်နေနိုင် လေသည်။ ထိုသို့ တွေးတောထား ပြီးနောက် နှစ်ရက်တာ အတွင်း မိုဝူကျီက သင်္ဘောရှိ ထောင်ချောက် အစီအရင်၏ အားနည်းချက်ကို ရှာတွေ့ သွားလေသည်။ တွေးတော ထားသည့်အတိုင်း သင်္ဘောပေါ်မှ အစီအရင်မှာ အလယ်အလတ် အဆင့် အစီအရင် ဖြစ်နေသည်။

“ညီလေးမို ...” ချီဝမ်ရွမ်အသံက မိုဝူကျီ နားထဲ ဝင်ရောက် လာလေသည်။

ချက်ချင်းဆိုသလို မိုဝူကျီက ချူရှင်ကျီ၏ အစီအရင် မှတ်စုကို သိမ်းလိုက်လေသည်။ ထို့နောက် အားလုံးက မတ်တတ်ရပ် နေကြပြီး သူတို့ကိုယ်ပိုင် မှော်ရတနာများပင် ကိုင်ဆွဲထား ကြကြောင်း သိလိုက်ရသည်။

“ညီလေးမို အခုလေးတင် ငါတို့ မြေပုံပေါ်မှာ မှတ်သားထားတဲ့ ကျွန်းကို ဖြတ်လာခဲ့တာ။ တကယ်လို့ ငါတို့ လွတ်မြောက်ချင်ရင် အခွင့်ကောင်းပဲ ... ငါတို့တွေ ပူးပေါင်းပြီးတော့ အစီအရင်ကို တိုက်ကြည့်ရအောင် ...” မိုဝူကျီက မှတ်စုများ သိမ်းလိုက်သည်ကို တွေ့သောအခါ ကျန်းရှားပိုင်က ဦးစွာ ဝင်ပြောလိုက်သည်။

မိုဝူကျီက သာမန်လူနှင့် တူကာ ဝိညာဉ် စွမ်းအားများ မရှိသော်လည်း တိုင်းတာ၍ မရနိုင်သည့် ခံစားချက်ကို ပေးစွမ်း နိုင်လေသည်။

“သေချာတာပေါ့ ... ဒီအစီအရင်က အနည်းဆုံးတော့ အလယ်အလတ် အဆင့် အစီအရင် ဆိုတော့ အားလုံး အတူတူ ချိုးဖျက်မယ် ဆိုရင် ကျုပ်ပြောတာ နားထောင်တာ ပိုကောင်းလိမ့်မယ် ...” မိုဝူကျီက ခေါင်းတစ်ချက် ညိတ်ကာ မတ်တတ်ရပ် လိုက်တော့သည်။

“ညီလေးမိုက အစီအရင် တာအိုအကြောင်း နားလည်တယ်လား ...” ကျန်းရှားပိုင်က မေးမြန်း လိုက်လေသည်။

ကျန်းရှားပိုင် သာမက ကျန်လူများ အားလုံးက မိုဝူကျီကို စိတ်လှုပ်ရှားစွာ ငေးကြည့် နေကြလေ၏။

ဤနေရာတွင် ဂိုဏ်းအမျိုးမျိုးမှ လူများစွာ ရှိသော်လည်း သူတို့ထဲ၌ အများစုမှာ လူသား အဆင့်လွန်များ ဖြစ်ကြ၍ အစီအရင် တာအိုအကြောင်း နားလည်သည့်သူ များများစားစား မပါပေ။

ဂိုဏ်းကြီး တစ်ခုအတွက်ပင် အစီအရင် တာအိုမှာ မျိုးဆက်အလိုက် လက်ဆင့် ကမ်းနိုင်သော အရာ မဟုတ်ပေ။ အကြောင်းမှာ အဖိုးတန်လွန်း၍ ဖြစ်သည်။ နယ်လှည့် ကျင့်ကြံသူ တစ်ယောက်အတွက် အစီအရင် တာအိုအပေါ် ကျွမ်းကျင်ခြင်းသည် ကံတရားနှင့် အခွင့်အရေး အပေါ် မူတည်လေသည်။ ထို့ကြောင့်သာ အစီအရင် ဆရာသခင်များက အလွန် ရှားပါးလှခြင်း ဖြစ်၏။

မိုဝူကျီက ရယ်မောရင်း ပြန်ဖြေလိုက်သည်။

“ကျုပ်က အစီအရင် တာအိုအကြောင်း အများကြီးတော့ မသိပါဘူး။ ဒီသင်္ဘောမှာ အားကောင်းတဲ့ ထောင်ချောက် အစီအရင် ရှိတယ်ဆိုပေမဲ့ ဘာကို ဝှက်ထားမှန်း မမြင်နိုင်ဘူး။ တစ်ခု သေချာတာက ကျုပ်တို့က ဒီပေါ်မှာ ကြာကြာနေလို့ မဖြစ်ဘူး။ မဟုတ်ရင် နောက်ထပ် တစ်ယောက် ပျောက်သွားလိမ့်မယ် ...”

ထိုသည်က သူ့အမြင်များ မူတည်၍ ပြောလိုက်ခြင်း မဟုတ်ပေ။ သင်္ဘောသည် သူတို့ကို နေခွင့်ပြု ထားပြီး မန်ကျီ ပျောက်ဆုံးသွားသည့် ကိစ္စနှင့် ပတ်သက်၍ ဖြစ်နိုင်ချေ နှစ်ခု ရှိလေသည်။ ပထမဦးစွာ သင်္ဘောသည် သူတို့ပူးပေါင်း အင်အားကို မယှဉ်နိုင်ခြင်း ဖြစ်လိမ့်မည်။ ဒုတိယ အချက်မှာ သင်္ဘောသည် ဆက်လက် ရှင်သန်နိုင်ရန် အတွက် သွေးလတ်လတ် ဆတ်ဆတ်များ လိုနေ၍သာ သူတို့ကို မွေးမြူထား သလို အသက်ရှင်လျက် ထားခြင်း ဖြစ်ရမည်။ ထို့အပြင် သူတို့အားလုံး ကျင့်ကြံဆင့်မှာ တူညီလှရာ တဖြည်းဖြည်းချင်း အရသာ ခံနိုင်အောင် သူတို့ကို ထိန်းသိမ်းထားခြင်း ဖြစ်နိုင်လေသည်။

ထိုသို့ ဖြစ်နိုင်ချေမှာ တစ်ချိန်တည်းတွင်သာ ဖြစ်နိုင်ချေ ရှိသည်။

“ဆရာမို ... ကိုယ်တော်ကတော့ ဘာသာရေးကို ခဏ စွန့်လွှတ်ပြီးတော့ ဒကာရဲ့ တပည့်အဖြစ် ခံပြီး ဒကာ အရည်အချင်းတွေကို ဖြန့်ဝေချင် ပါတယ် ...” ဘုန်းကြီးက လေးလေးနက်နက် ဆုံးဖြတ်ချက် ပြတ်သားဟန်ဖြင့် ပြောလိုက်သည်။

သို့သော် မိုဝူကျီက ထိုဘုန်းကြီးကို စိတ်ထဲ မထားဘဲ ချက်ချင်း ပြောလိုက်သည်။

“ကျုပ်က ဓားနဲ့ အဓိက နေရာတွေကို ပြပေးမယ်။ အားလုံးက တစ်ချိန်တည်း အဲဒီ နေရာတွေကို တိုက်ခိုက်ပေးပါ ...”

သူ့စကား အဆုံးတွင် မိုဝူကျီက ပထမဓားကို ထုတ်ကာ လေထဲမှ နေရာတစ်ခုကို ပြသ လိုက်လေသည်။

အများစုမှာ လူသား အဆင့်လွန် ဖြစ်သည့်အတွက် ဓားထွက်လာ သည်နှင့် မှော်ရတနာ ခုနစ်ချက်၊ ရှစ်ချက်လောက်က ကျရောက် လာလေသည်။

“ခွမ်း ...” အသံတစ်ချက်ဖြင့် အနည်းငယ် ကွဲအက်သံ ပေါ်လာလေသည်။

အားလုံးက ပထမ အချက်မှာတင် အက်ကွဲသံ ထွက်လာသည့် အတွက် မိုဝူကျီကို ပို၍ ယုံကြည် လာကြလေသည်။ သူက ဒုတိယဓား နေရာပြသော အခါ အားလုံးက စွမ်းအား ပိုစိုက်ထုတ် လိုက်ကြသည်။

တတိယအကြိမ် .... စတုတ္ထအကြိမ် ...

“ခွမ်း ...” သတ္တမအကြိမ်တွင် အဖွဲ့လိုက် မှော်ရတနာများက နေရာတစ်ခုကို သေချာ ရိုက်မိသွားကာ လေထဲတွင် အသံတစ်ခု ပဲ့တင် လာလေသည်။ ထို့နောက် ကွဲကြေသွားသံ အကျယ်ကြီးကို ကြားလိုက်ရသည်။

သူတို့ မျက်နှာသို့ ပင်လယ် လေပြည်အေးများ တိုက်ခတ်လာ၍ ပျော်ရွှင်စွာ အော်ဟစ် လိုက်ကြလေသည်။ ဘုန်းကြီးက အရင်ဦးဆုံး ခုန်ထွက်သွားကာ ပင်လယ်ထဲ ဆင်းသွားလေသည်။

နောက်တွင် ကျန်နေကြသော သူများလည်း မနှေးကြပေ။ အလျင်အမြန် ခုန်ဆင်း သွားကြလေသည်။ မိုဝူကျီ က ခြောက်ယောက်မြောက် ဖြစ်ကာ သူ့နောက်တွင် ကျောင်းယန်၊ မျက်နှာမည်း လူသန်ကြီးနှင့် ချီစုစုတို့ ကျန်နေသေး၏။

မိုဝူကျီက အပြင် ကုန်းပတ်ကို ဖြတ်စဉ် သူ့စိတ်စွမ်းအားက သူ့နောက်ကို လှမ်းဆွဲလိုက်သည့် အရိပ်မည်းကို အာရုံခံမိ လိုက်သည်။ ထိုအရိပ်တွင် အားကောင်းသော ယင်စွမ်းအားများ ရှိနေ၍ ထိုသူကား ကျင့်ကြံခြင်း လောက၌ လူသစ် မဟုတ်ကြောင်း သိသာသည်။ သူက ထိုသူသည် ဤနေရာတွင် ပုန်းအောင်းနေသော ယင်ကျင့်ကြံသူ သို့မဟုတ် ကျင့်ကြံသူ တစ္ဆေသာ ဖြစ်ကြောင်း သိလိုက်သည်။

ထို့အပြင် ထိုလူက မိုဝူကျီသည် သူ့အစားအစာများကို လွှတ်ပေးလိုက်သည့် သူမှန်းသိ၍ အငြိုးကြီး ထားကာ သူ့ကို ဦးဆုံး နှိမ်နင်းလိုခြင်း ဖြစ်ရမည်။

သို့သော် မိုဝူကျီတွင် စိတ်စွမ်းအား ရှိသည့်အတွက် ထိုတစ္ဆေကို သူ့အား ဖမ်းခွင့်ပြု ရမည်လား ...

လေထဲတွင် ခန္ဓာကိုယ်ကို လှည့်ကာ ရှောင်လိုက်ရင်း လက်ထဲတွင် ထျန်းဂျီတုတ် ပေါ်လာလေသည်။ ကျင့်ကြံသူ တစ္ဆေက မိုဝူကျီ ရှောင်လိုက်သည်ကို မြင်ကာ သူ့အနေနှင့် မိုဝူကျီကို နောက်တစ်ကြိမ် ထပ်ဖမ်းရန် မဖြစ်နိုင်မှန်း သိလိုက်သည်။ ထို့ကြောင့် ကျင့်ကြံသူ တစ္ဆေက နှစ်ပိုင်းပိုင်းကာ တစ်ကိုယ်က ကျောင်းယန်ဆီ ရောက်သွားပြီး နောက်တစ်ကိုယ်က ချီစုစုဆီ ရောက်သွားလေသည်။ သူက ထိုမိန်းကလေးများက ရင်ဆိုင်ဖို့ လွယ်ကူကြောင်း တွေးမိ၍ ဖြစ်သည်။

“အား ... ကြောက်လန့် တကြား အော်သံတစ်ခု ထွက်ပေါ်လာကာ ချီစုစုကို ကျင့်ကြံသူ တစ္ဆေက တရွတ်တိုက်ဆွဲ ခေါ်သွားကာ ကုန်းပတ်ပေါ်တွင် သွေးကြောင်းများသာ ကျန်ခဲ့လေသည်။

ပုံမှန်အားဖြင့် မိုဝူကျီက အရိပ် လက်သည်းချက်ကို အာရုံခံမိ သော်လည်း သူတို့က အရမ်း မြန်ဆန်ကာ ကွာဝေးလွန်း လှ၍ တစ်ယောက်သာ ကယ်တင် နိုင်လေသည်။ ကျောင်းယန်မှာ လူကောင်း ဖြစ်ဟန်ပေါ်ကာ သူနှင့်လည်း နေရာ နီးလေသည်။ ထို့ကြောင့် သူမကို ကူညီဖို့ရာ ဆုံးဖြတ် လိုက်လေ၏။

အရိပ် လက်သည်းက ကျောင်းယန်ဆီ ရောက်မလာခင် မိုဝူကျီက လေထဲတွင် ခန္ဓာတစ်ပတ် လှည့်ကာ ငါးမီတာလောက် အထိ မြင့်တက်စေပြီး သူ့တုတ်ဖြင့် ပြန်ရိုက်ချ လိုက်လေသည်။

စူးစူးဝါးဝါး အော်သံက ထွက်ပေါ်လာပြီး အရိပ်လက်သည်းက ကျောင်းယန် အင်္ကျီစသာ ဆွဲနိုင်လိုက်ပြီး သင်္ဘော အတွင်းသို့ ပျောက်ကွယ် သွားတော့သည်။

“ဂျွတ် ...” သူ့ခြေထောက် အောက်မှ ကြမ်းပြင်သံကြောင့် မိုဝူကျီ အမူအရာ ပြောင်းသွားလေသည်။ ထို ကျင့်ကြံသူ တစ္ဆေက ရင်ဆိုင်ဖို့ လွယ်ကူသည့် သူတော့ မဟုတ်ချေ။ သူက မိုဝူကျီကို မဖမ်းနိုင်သော်လည်း သင်္ဘော အနေအထားကို ထိန်းချုပ်ကာ မိုဝူကျီကို ပင်လယ်ထဲ ဆင်းမသွား နိုင်စေရန် လုပ်ဆောင်လိုက်သည်။ ကြည့်ရသည်မှာ ထို ကျင့်ကြံသူ တစ္ဆေက မိုဝူကျီကို အလွတ်ပေးမည့်ပုံ မပေါ်ပေ။

သင်္ဘောပေါ်မှ ထောင်ချောက် အစီအရင်က နောက်တစ်ကြိမ် အသက်ပြန်ဝင် လာကာ အပြင်ဘက် ကုန်းပတ်မှ သွေးများက လုံးဝ ပျောက်ကွယ် သွားလေသည်။ ယခု မိုဝူကျီ သိသည်က အစီအရင် ချိုးဖျက်ရန် မိမိဘာသာ အားကိုးသင့်ကြောင်း ဖြစ်၏။ အကြောင်းမှာ သူက ကျောင်းယန်ကို ကယ်တင်ပြီး နောက်တွင် သင်္ဘောပေါ်တွင် သူတစ်ဦးတည်းသာ ကျန်ရှိ လေတော့သည်။

ယခင်နှင့် နှိုင်းယှဉ်လျှင် မိုဝူကျီက ယုံကြည်ချက် အနည်းငယ်သာ ကျန်ရှိတော့သည်။ ကျင့်ကြံသူ တစ္ဆေ လက်သည်းက မိုဝူကျီဆီ ရောက်လာသည့် အခါ သူက ထိုအရိပ် လက်သည်းကို နောက်တစ်ကြိမ် ရိုက်လွှတ် လိုက်လေသည်။ ထိုသည်က သူ့ခန့်မှန်းချက်ကို သေချာ သွားစေသည်။ ကျင့်ကြံသူ တစ္ဆေတွင် ကန့်သတ်ချက် ရှိကာ သူက ချောင်းမြောင်း တိုက်ခိုက်မှု အပေါ်သာ မှီခို အားထားရတာ ဖြစ်လေသည်။ အကယ်၍ သူတို့ ကိုးယောက်လုံးသာ သတ္တိမကြောင် ကြလျှင် သူတို့သည် အင်အား တစ်ခုတည်းဖြင့် ထို ကျင့်ကြံသူ တစ္ဆေကို ကိုယ်ထင် ပြခိုင်းလို့ ရလောက်မည်။

“အစ်ကိုရွမ် ... အစ်ကိုမိုကို မြန်မြန် သွားကယ်ရအောင် ...” ကျောင်းယန်က မိုဝူကျီ သင်္ဘောပေါ် ကျန်ခဲသည့် အကြောင်းအရင်းကို အလေး ထားဆုံးသူ ဖြစ်၏။ အကြောင်းမှာ သူက သူမကို ကယ်တင်ဖို့ ကြိုးစားရင်း ကျန်နေခဲ့ခြင်း ဖြစ်သည်။

နှစ်သိမ့်သည့် လေသံဖြင့် ချီဝမ်ရွမ်က ပြန်ဖြေလိုက်သည်။

“ယန်ယန် ... အစ်ကိုမိုက လူကောင်း ဆိုပေမဲ့ ငါတို့မှာ သူ့ကို ကယ်ဖို့ စွမ်းအား မရှိဘူး။ ဒီအတိုင်းပဲ ထားရအောင်ပါ ...”

ကျောင်းယန်က ချီဝမ်ရွမ်ကို မယုံကြည် နိုင်မှုများဖြင့် ကြည့်လိုက်ကာ ဆက်ပြောလိုက်သည်။

“ဒါပေမဲ့ အစ်ကိုရွမ် ... အစ်ကိုမိုက ကျွန်မကို ကယ်တင် ခဲ့တာလေ။ မဟုတ်ရင် ကျွန်မ သေနေလောက်ပြီ ...”

ချီဝမ်ရွမ်က သက်ပြင်း ချလိုက်ပြီးတော့ မနီးမဝေးက ကျွန်းကို လက်ညှိုး ထိုးပြကာ …

“ယန်ယန် ငါတို့တွေ ဘာမှ အကြံမရသေးခင် အဲဒီကျွန်းကို အရင်သွားစို့ ... ညီလေးမို အရည်အချင်းနဲ့ ဆိုရင် သူက ဘာမှ မဖြစ်လောက်ပါဘူး ...”

“ရှင် ...”

ကျောင်းယန် မျက်နှာကား လုံးဝ ဖြူဖျော့သွားကာ ရုတ်တရက် ထအော် လိုက်တော့သည်။

“အားလုံးပဲ အစ်ကိုမိုကြောင့်သာ မဟုတ်ရင် ကျွန်မတို့တွေ သင်္ဘောပေါ်မှ သောင်တင် နေဦးမှာပဲ။ အခု ကျွန်မတို့‌ ဘေးကင်းပြီ ဆိုပေမဲ့ အစ်ကိုမိုက အခုထိ သင်္ဘောပေါ်မှာပဲ ရှိသေးတယ်။ အားလုံး သင်္ဘောပေါ် သွားကြရင် အစ်ကိုမိုကို ကယ်တင် နိုင်လိမ့်မယ်လို့ ယုံကြည်တယ် ...”

ထိုစကားလုံးများက နှလုံးသားမှ စကားများ ဖြစ်၏။ ကျောင်းယန်က အခြား သူများထက် ပိုကြောက်ခဲ့ သော်လည်း သူမကို ကယ်တင်ခဲ့သည့် သူကို ပစ်ထား၍ အသက်ရှင် မနေနိုင်ချေ။

မျက်နှာမည်း လူသန်ကြီး ဖူချန်းက ဖြေလိုက်သည်။

“ဟုတ်ပြီ သူ့ကို အတူတူ သွားကယ်ကြစို့ ...”

သို့သော် သူတို့ နှစ်ယောက်သာ ထိုသို့ စိတ်ကူးရှိကြခြင်း ဖြစ်ကာ ကျန်သူများက ဘာမှမကြား သကဲ့သို့ အဝေးက ကျွန်းကိုသာ ကြည့်နေကြသည်။

ကျောင်းယန်က မျက်ရည်များ ဝေ့ကာ ပြောလိုက်လေသည်။

“အစ်ကိုဖူ ... ကျွန်မနဲ့အတူ အစ်ကိုမိုကို သွားကယ်ဖို့ ဆန္ဒရှိတာကို ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ကျွန်မက သူ့ကို ကယ်ကို ကယ်ရမယ်။ ပြီးတော့ ကျွန်မ ... ကျွန်မတို့တွေ သေသွားနိုင်တယ် ...”

ဖူချန်းက လက်မ ထောင်ပြလိုက်ပြီး …

“ညီမလေးကျောင်းယန် မင်းက အမျိုးသမီး ဖြစ်ပေမဲ့ ယောက်ျားသား များစွာကို အရှက် ရစေတာပဲ ... ဘာလို့ ပြောနေဦးမှာလဲ အခုပဲ သွားကယ်ကြစို့ ...”

အပြင်ဘက် ကုန်းပတ်တွင် တစ်ယောက်တည်း ရပ်နေသည့် မိုဝူကျီက ထောင်ချောက် အစီအရင်ကို ဖြေရှင်းလိုက်ရုံ သာမက သင်္ဘော အတွင်းပိုင်းသို့ ဝင်သွားပြီးတော့ အေးစက်စွာ ပြောလိုက်သည်။

“ခင်ဗျားက ကျုပ်ကို ဖိတ်မှတော့ ကျုပ်ကို အပြစ် မတင်နဲ့တော့ ...”

***

All Chapters