မလုံလောက်သေးချေ
Vol. 16 Ch. 217
မိုဝူကျီ အတင့်ရဲနေသည့် အကြောင်းအရင်းမှာ သူက ကျင့်ကြံသူ တစ္ဆေနှင့် ရင်ဆိုင် တိုက်ဖူးသည့် အတွက် ရန်သူ၏ အငွေ့အသက်ကို သတိထားမိ၏။ အကယ်၍ သူက ထိုသူ့ အငွေ့အသက်ကို မခံစားနိုင်ပါက သူ့စိတ် စွမ်းအားနှင့်ပင် ရှာနိုင်မည် မဟုတ်ပေ။ သူ့အငွေ့အသက်ကို သိထားသည့် အတွက် မိုဝူကျီက ထိုကျင့်ကြံသူ တစ္ဆေကို ရှာမတွေ့မည်ကို မစိုးရိမ်တော့ပေ။
အခန်းအတွင်းသို့ မဝင်ခင် မိုဝူကျီက သင်္ဘော တစ်ခုလုံးကို စိတ်စွမ်းအားဖြင့် စစ်ဆေးပြီး သွားလေပြီ။ ထို့နောက် မိုဝူကျီက ကျင့်ကြံသူ တစ္ဆေပုန်းအောင်း နေသည့် နေရာကို ရှာတွေ့ သွားလေသည်။
ကျင့်ကြံသူ တစ္ဆေက မီးဖိုချောင်ကို အတော်လေး သဘောကျဟန် ရှိကာ သူက မီးဖိုချောင်ရှိ မီးဖိုထဲတွင် ကောင်းကောင်း ပုန်းအောင်း နေလေ၏။ ကျင့်ကြံသူ တစ္ဆေက သူ့ကို အရင် ရန်စထားသည့် အတွက် သင်္ဘောပေါ်တွင် ထိုသူ့ကို မဖျက်ဆီး နိုင်ပါက မိုဝူကျီက စိတ်အေးလက်အေး နေနိုင်မည် မဟုတ်ပေ။ နောက်ထပ် အကြောင်းအရင်း တစ်ချက်မှာ ကျင့်ကြံသူ တစ္ဆေက သူ့အငွေ့အသက် ဖုံးကွယ်ရန် အစီအရင်ထဲ ဝင်ပြေးမည်ကို စိုးရိမ်မိ၍ သူက ဤနေရာတွင် ရှိနေသော အစီအရင် အားလုံးကို ဦးစွာ ဖယ်ရှားလိုခြင်း ဖြစ်သည်။
ပုံရိပ်ယောင် အစီအရင်နှင့် ကြုံတွေ့သည့် အခါ မိုဝူကျီက ဦးတည်ရာ မရှိ တိုက်ခိုက် နေခြင်းသည် အင်အားများ ဖြုန်းတီးခြင်းသာ ဖြစ်ကြောင်း သိ၏။ ထို့အပြင် သူက သင်္ဘော၏ ခုခံရေး အစီအရင်ကို လေ့လာပြီးနောက် သူက အတော်လေး နားလည်နေပြီ ဖြစ်ကာ သူ့တွင် ပုံရိပ်ယောင် အစီအရင်နှင့် ပတ်သက်သည့် ဗဟုသုတများ ရှိလေသည်။
ပထမဆုံး မိုဝူကျီ လုပ်သည့်အရာက သူ့လက်ကို မြှောက်၍ အခန်းအလယ်သို့ လျှပ်စီးများ ပစ်ခွင်းခြင်း ဖြစ်လေသည်။ သူထင်ထားသည့် အတိုင်း ထိုလျှပ်စီး အားများက အစီအရင်ပေါ်တွင် သက်ရောက်မှု မရှိသော်လည်း ထိုလျှပ်စီး အားများကြောင့် မိုဝူကျီက အစီအရင်၏ အားနည်းသည့် နေရာကို ရှာနိုင်ခဲ့လေ၏။
မိုဝူကျီက နောက်ထပ် လျှပ်စီးနှစ်ချက် ပစ်လွှတ်လိုက်ပြီး သင်္ဘောပေါ်ရှိ ပုံရိပ်ယောင် အစီအရင်ကို ဖျက်ဆီးပစ် လိုက်သည်။ မြင်ကွင်း တစ်ခုလုံးတွင် ဖုန်များ သောင်းသောင်း ထလာကာ အရိုးများဖြင့် ပြည့်နေလေသည်။
ပုံရိပ်ယောင် အစီအရင်မှာ ခုခံနိုင်စွမ်း ရှိသည့် ထောင်ချောက် အစီအရင်နှင့် မတူပေ။
လျှပ်စီး တချို့ဖြင့် အမှတ်အသား ထားလိုက်ကာ မိုဝူကျီက အစီအရင် အားနည်းချက်နှင့် ပင်မကို ရှာတွေ့ သွားလေသည်။ ထို့ကြောင့် လျှပ်စီးနှစ်ချက် ပစ်လွှတ် လိုက်သည့်အခါ ပုံရိပ်ယောင် အစီအရင် တစ်ခုလုံးက စိတ်ကူးယဉ် အိပ်မက်ကဲ့သို့ ပျောက်ဆုံး သွားလေသည်။
မိုဝူကျီ တွက်ဆမှုများက မမှားယွင်းပေ။ သူက ထိုသင်္ဘောသည် ကျင့်ကြံသူ တစ္ဆေ၏ အပိုင် ဖြစ်ကြောင်း ခန့်မှန်းမိ လိုက်သည်။ ထို့အပြင် ထိုကျင့်ကြံသူ တစ္ဆေက ယွမ်ဒန်တစ်ပိုင်း ဖြစ်သည့်အတွက် အားမနည်း လှချေ။ သူ့ကိုယ်သူ ပုန်းကွယ်နေသည့် အကြောင်းအရင်းမှာ မိုဝူကျီနှင့် ကျန်သူများ အားလုံးမှာ လူသား အဆင့်လွန် အဆင့် ဖြစ်နေ၍ ဖြစ်သည်။ သူရှိကြောင်း သိသည်နှင့် သူ့ကိုယ်သူ အန္တရာယ်ထဲ ဆွဲခေါ်မိမှာ စိုး၍ ဖြစ်သည်။
အဆုံးသတ်၌ မိုဝူကျီကို ချောင်းမြောင်း တိုက်ခိုက်ပြီးတော့ သင်္ဘောပေါ် ခေါ်ထားသည့် အကြောင်းမှာ သူက လက်စား ချေလို၍ ဖြစ်သည်။ သူ့အတွက် လူသား အဆင့်လွန် အဆင့် သွေးများကို စုဆောင်းမိဖို့က မလွယ်ကူလှပေ။ ထိုသွေးများက သူ့အတွက် နောက်တစ်ဆင့် တက်လှမ်းနိုင်ရန် ကူညီပေး လိ့မ်မည်။ သူနောက်တစ်ဆင့်သို့ ရောက်သည်နှင့် သူက သင်္ဘောမှ ထွက်သွားနိုင်ပြီး တခြား တစ်ခုအဖြစ် ဖွဲ့စည်းနိုင် လိမ့်မည်။
သို့သော်လည်း သူ့အကြံများ အားလုံးကား မိုဝူကျီကြောင့် ပျက်စီး သွားရလေသည်။ သူအနေနှင့် ယွမ်ဒန်အဆင့် တက်လှမ်းနိုင်မည့် သွေးများကို ဆုံးရှုံး သွားလေသည်။ ထိုသွေးများကို စုဆောင်းဖို့ရာ အချိန်မည်မျှ ထပ်လိုမည်ကို မည်သူ သိမည်နည်း။
မိုဝူကျီက လျှပ်စီးများစွာ ထုတ်လွှတ် နိုင်သည်ကို ကြုံတွေ့ပြီး နောက်တွင် သူက မှင်တက် သွားလေသည်။ အကယ်၍ သူသာ အချိန်နောက်ပြန် သွားနိုင်ပါက သူက ထိုအစီအရင်ကို လွှတ်ပေးကာ မိုဝူကျီကို သူနှင့်အတူ ရင်ဆိုင်ခိုင်းမည့် အစား သွားခွင့်ပေးမိ လိမ့်မည်။ ကျင့်ကြံသူ တစ္ဆေအနေနှင့် မည်သည့် အရာကို အကြောက်ဆုံး ဖြစ်မည်နည်း။ လျှပ်စီးသာ ဖြစ်လေ၏။ သူက သူ့မျက်စိရှေ့တွင် လျှပ်စီး ကျင့်ကြံသူကို မြင်တွေ့ နေရမှန်း မယုံနိုင်ပေ။
ကျင့်ကြံသူ တစ္ဆေက မိုဝူကျီသည် ဒုတိယ အကြိမ်တွင် လျှပ်စီး နှစ်ချက်ဖြင့် သူ့အစီအရင်ကို ဖျက်ဆီးပစ် လိုက်နိုင်သည်ကို တွေ့သောအခါ ပို၍ပင် တုန်လှုပ် လာလေသည်။ အကယ်၍ ကျင့်ကြံသူ တစ္ဆေသာ ထိုလျှပ်စီး အလုံးများကို မြင်တွေ့ပြီးနောက် တိုက်ဖို့ရာ လက်မလျှော့ သေးလျှင် သူက ထိုတိုက်ခိုက်မှုကြောင့် ရူးသွပ်သွား ပေလိမ့်မည်။ ကျင့်ကြံသူ တစ္ဆေက မိုဝူကျီ၏ တိုက်ခိုက်မှုများက မည်မျှ အားပြင်းကြောင်း သတိပြုမိ သွားလေသည်။ သူက မိုဝူကျီသည် လိမ်ညာ နေတာလားဟုပင် သံသယ ဝင်မိလေသည်။ ထိုတိုက်ခိုက်မှုများက လူသား အဆင့်လွန် မဟုတ်ဘဲ ယွမ်ဒန်အဆင့် ဖြစ်နေပြီ မဟုတ်ပါလော …
“ဘမ်း ဘမ်း …” လျှပ်စီးအားများက သင်္ဘောတစ်ဝိုက် ဆက်တိုက် ပေါက်ကွဲ သွားလေကာ အခန်းတိုင်းဆီ ပြေးဝင် သွားလေသည်။ လျှပ်စီး တိုက်ခိုက်မှုကြောင့် ပုံရိပ်ယောင် အစီအရင်လည်း မခုခံနိုင်တော့ပေ။
ကျင့်ကြံသူ တစ္ဆေက တိတ်တိတ် မနေရဲတော့ချေ။ အကြောင်းမှာ သူသာ တစ်ခုခု မလုပ်ပါက မိုဝူကျီသည် သင်္ဘော တစ်ခုလုံးကို အပိုင်းပိုင်း လုပ်လိမ့်မည်။ သင်္ဘောမရှိလျှင် ပင်လယ်ထဲဝယ် သူ့သည်လည်း မိုဝူကျီနှင့် အခြား လူများထက် အခြေအနေ ကောင်းမည် မဟုတ်ပေ။
“ရောင်းရင်း ... ကျေးဇူးပြုပြီး ရပ်လိုက်ပါတော့ ... ကိစ္စတွေက အရမ်း လေးလေးနက်နက် မထားပါနဲ့ ကျုပ်ရှုံးတာ ဝန်ခံပါပြီ ... အခု ခင်ဗျား သွားချင်တာ သွားလို့ ရပါပြီ။ ခင်ဗျားကို ရန်မစတော့ပါဘူး” ကျင့်ကြံသူ တစ္ဆေက သင်္ဘော တစ်လျှောက်မှ အသံများကို ကြားရသည့် အတွက် မိုဝူကျီက သင်္ဘော အတွင်းပိုင်းသို့ ဝင်လာစဉ်က ပြောခဲ့သော စကားများကို နားလည် သွားလေသည်။ မိုဝူကျီကို ဤသင်္ဘောပေါ်တွင် ဖမ်းထားဖို့ ကြိုးစားခြင်းမှာ သေမင်း လက်ယက်ခေါ်သည့် အလား ဖြစ်နေလေသည်။
မိုဝူကျီက နောက်ထပ် လျှပ်စီးကို ထုတ်လွှင့်လိုက်ရာ တိုင်လုံးကြီးက ပြိုလဲ သွားလေသည်။
“ခင်ဗျားက လာမရှုပ်သင့်တဲ့သူကို လာရှုပ်မိတာ ခင်ဗျားအမှားပဲ …”
“ကျုပ်က ရှုံးကြောင်း ဝန်ခံပြီး သွားပြီလေ။ ပြီးတော့ ခင်ဗျားကိုတောင် လွှတ်ပေး နေတာကို ဘာထပ်လိုချင် သေးတာလဲ။ ကျုပ်နဲ့ တိုက်ရင် ခင်ဗျားအတွက် မလွယ်ဘူးဆိုတာ သိသင့်တယ် ဒါမှမဟုတ် ကျုပ် ဘယ်က တိုက်လို့ တိုက်မှန်း မသိ ဖြစ်သွားလိမ့်မယ် …” ကျင့်ကြံသူ တစ္ဆေလည်း ဒေါသ ထွက်လာလေသည်။ သူက ယွမ်ဒန်အဆင့် ရောက်နေလျှင်လည်း ဘာအရေးလဲ။ သူ့လက်ရှိ နေရာကို သိဦးမည် မဟုတ်ပေ။
“ခင်ဗျား မီးဖိုထဲ ပုန်းနေတာကို ကျုပ်မသိဘူးများ ထင်နေတာလား …” စကား အဆုံးတွင် မိုဝူကျီက မီးဖိုဆီ ပြေးသွားရင်း လျှပ်စီးများ ပစ်လွှတ် လိုက်လေသည်။
“ဘမ်း ဘမ်း …” မီးဖိုက ချက်ချင်းလက်ငင်း ပြိုကျသွားကာ မီးဖိုချောင် ထောင့်ဘေးတွင် အရိပ်မည်း ပေါ်လာလေသည်။ ထိုသူက မိုဝူကျီကို ပါးစပ် ဟောင်းလောင်းဖြင့် ကြည့်နေပြီး တအံ့တဩ မေးလိုက်သည်။
“ကျုပ်ကို မြင်ရတယ်လား ...”
မိုဝူကျီက အေးစက်စက် ရယ်မောလိုက်ရင်း ကျင့်ကြံသူ တစ္ဆေဆီသို့ လျှပ်စီးအချို့ ထုတ်လွှင့် လိုက်လေသည်။
“အခုရော ဘယ်လိုလဲ။ ခင်ဗျားကို သတ်ဖို့က ကျုပ်အတွက် အလွယ်လေးပဲ ...”
အကယ်၍ ကျင့်ကြံသူ တစ္ဆေက ယခင်ကသာ လက်မလျှော့ခဲ့လျှင် မိုဝူကျီသည် သူ၏ စိတ်ပျက်လက်ပျက် မျှော်လင့်ချက် ပျက်သုဉ်းနေသည့် ပုံကို မြင်နိုင်လိမ့်မည်။
လျှပ်စီးတချို့က ကျင့်ကြံသူ တစ္ဆေဘေးသို့ ကျရောက်သွားကာ သူ့ကို ချောင်ပိတ်ထား နိုင်လိုက်သည်။ တစ်လက်မပင် လှုပ်ရှားလို့ ရမည် မဟုတ်ပေ။ သူက လျှပ်စီး အလင်းများ သူ့ဆီ ပျံသန်း လာနေသည်ကို မြင်၍ တုန်လှုပ် နေလေသည်။ မိုဝူကျီ လက် လှုပ်ရှားလိုက်သည့် အခိုက်အတန့်တွင် သူ့ကဲ့သို့ ကျင့်ကြံသူ တစ္ဆေပင် ပြာြဖစ် သွားမည်မှန်း ရှင်းရှင်းလင်းလင်း သိ၏။
သူက ယွမ်ဒန်တစ်ပိုင်း အဆင့်သာ ရှိသေးကာ အကယ်၍ ယွမ်ဒန်အဆင့်သို့ ရောက်နေလျှင်ပင် သူက မိုဝူကျီဆီမှ လျှပ်စီးများနှင့် ရင်ဆိုင်ရ သည့်အခါ သေမင်းကို တွေ့ရဦးမည် ဖြစ်သည်။
“ကျုပ်ကို မသတ်ပါနဲ့။ အရင် နှစ်တွေတုန်းက ကျုပ် အဖိုးတန် ပစ္စည်းတွေ အများကြီး စုဆောင်းခဲ့ပါတယ် အားလုံး ပေးပါ့မယ်” ကျင့်ကြံသူ တစ္ဆေက တခြားသူများ၏ သွေးကို များစွာ သောက်သုံးကာ အပြစ်များ ကျူးလွန်ခဲ့ လေသည်။ သူ့ကျင့်ကြံခြင်း အတွက် တခြားသူများ၏ အသွေးအသားကို အသုံးပြုခြင်းက မှန်ကန်သည် ဟုသာ အမြဲတမ်း တွေးခဲ့မိသည်။ သို့သော် သေခြင်းတရားနှင့် နီးကပ် လာသည့်အခါ သေခြင်းတရားက မည်မျှ ကြောက်မက်ဖွယ် ကောင်းကြောင်း နားလည် သွားလေသည်။
မိုဝူကျီက အသာအယာ ပြောလိုက်သည်။
“ဘာတွေရှိလဲ အရင် ကြည့်ကြည့် ကြတာပေါ့။ တကယ်လို့ ကျုပ် ကျေနပ်တယ် ဆိုရင်တော့ ခင်ဗျား အသက်လေးကို ချမ်းသာပေး နိုင်ပါတယ် ...”
“ဒီမှာပါ ... ဒီမှာအားလုံး ရှိပါတယ် ...” မိုဝူကျီက ကျင့်ကြံသူ တစ္ဆေဆီမှ ပစ်ပေးသော သိုလှောင်လက်စွပ် တစ်ကွင်းကို လက်ခံလိုက်သည်။
မိုဝူကျီက သိုလှောင် လက်စွပ်ကို ယူလိုက်ပြီး အမှတ်အသားကို သူ့စိတ် စွမ်းအားဖြင့် ချိုးဖျက်လိုက်သည်။ သိုလှောင်လက်စွပ် အကျယ်အဝန်းမှာ အရင်တစ်ခါ နယ်ခြား ကျင့်ကြံသူဆီမှ ရထားသည့် အရွယ်အစား အတိုင်း ဖြစ်ကာ စိတ်စွမ်းအင် ကျောက်တုံးများနှင့် မှော်ရတနာ အမျိုးမျိုး ရှိလေသည်။ သို့သော်လည်း မိုဝူကျီ တွေ့သမျှ အားလုံးက အမှိုက်သာသာများ ဖြစ်ကြသည်။
“ရောင်းရင်း ... ကျုပ်မှာ မျက်လုံး ပါပြီးတော့ ကန်းနေလို့ ခင်ဗျားကို ရန်စမိတာပါ။ အခု ဒီသိုလှောင် လက်စွပ်ကို ယူသွားပါ ...” ကျင့်ကြံသူ တစ္ဆေက မိုဝူကျီ အမူအရာ ပြောင်းသွားသည်ကို မြင်၍ မြန်မြန် ထပ်ပြော လိုက်လေသည်။
“ဒါတွေပဲ ရှိတာလား...” မိုဝူကျီက သူ့စိတ်စွမ်းအားကို လက်စွပ်မှ ပြန်ရုပ်သိမ်း လိုက်ပြီး အေးအေးဆေးဆေး မေးလိုက်သည်။
ကျင့်ကြံသူ တစ္ဆေက မိုဝူကျီ စိတ်အခြေအနေကို မပြောနိုင်သည့် အတွက် တွန့်ဆုတ်တွန့်ဆုတ်ဖြင့် ပြန်ပြော လိုက်တော့သည်။
“ဒါတွေပါပဲ …”
ကျင့်ကြံသူ တစ္ဆေ၏ လေ့လာချက် အရ မိုဝူကျီသည် အများဆုံး ယွမ်ဒန်အဆင့် ကျင့်ကြံဆင့်သာ ရှိဦးမည် ဖြစ်ရာ မှော်ရတနာနှင့် စိတ်စွမ်းအင် ကျောက်တုံးများကို ထည့်မတွက်လျှင်ပင် သိုလှောင် လက်စွပ်သည် ယွမ်ဒန်အဆင့် ကျင့်ကြံသူများ အလွယ်တကူ ရနိုင်သည့်အရာ မဟုတ်ပေ။
“အဲဒီပစ္စည်းတွေက မလောက်သေးဘူး ... ခင်ဗျား ကောင်းကောင်း အနားယူ လိုက်တော့ …” မိုဝူကျီက လက်ကို မြှောက်ကာ လျှပ်စီးများကို လွှတ်လိုက်တော့သည်။
“မလုပ် …” ကျင့်ကြံသူ တစ္ဆေက စူးစူးနစ်နစ် ငိုကြွေးရင်း သူ့ပါးစပ်မှ စကားတစ်ခွန်း မဆုံးခင် မိုဝူကျီ လျှပ်စီးက သူ့ဆီ ရောက်ရှိ သွားတော့သည်။ သူ မသေဆုံးခင် သူက မိုဝူကျီကို သူ့တွင် နောက်ထပ် သိုလှောင်လက်စွပ် ရှိသေးကြောင်း ပြောချင်သော်လည်း စကားတစ်လုံးသာ ထွက်နိုင် လိုက်သည်က နှမြောဖို့ ကောင်းလှသည်။
နောက်ထပ် သိုလှောင်လက်စွပ် တစ်ကွင်းက ကြမ်းပြင်ပေါ်သို့ ကျလာလေသည်။
ကြမ်းပြင်ပေါ်သို့ မကျခင် မိုဝူကျီက သူ့လက်ထဲ ဖမ်းထား လိုက်လေသည်။ ကျင့်ကြံသူ တစ္ဆေက သူ့ဆီမှ ဖုံးထား ရဲသေး၏။ ဤမွန်းစတားကို အရှင်မထားရန် ဆုံးဖြတ်ထား၍ ကံကောင်းလှသည်။
မိုဝူကျီက သိုလှောင် လက်စွပ်ကို စိတ်စွမ်းအားဖြင့် စစ်ဆေး ကြည့်ချင်သော်လည်း ပြင်းထန်သည့် ခုခံမှုနှင့် ကြုံတွေ့ နေရသည်။ ထိုတွန်းကန်နေသည့် အားက သူ့အား သိုလှောင် လက်စွပ်ထဲမှ ပစ္စည်းများကို ကြည့်ခွင့် မပေးချေ။
သူက သာမန် သိုလှောင်လက်စွပ် တစ်ကွင်းကို အလွယ်တကူ ချိုးဖျက် နိုင်သော်လည်း သူ့စိတ်စွမ်းအားက ထိုလက်စွပ်ကို ဝင်ကြည့်၍ မရသည်ကို မယုံနိုင်ပေ။
မိုဝူကျီက သိုလှောင်လက်စွပ်မှ အမှတ်အသားကို ဆက်၍ မဖျောက်ဖျက် သည်မှာ အစီအရင်အပေါ်ရှိ သူ့အသိပညာ များကြောင့် ဖြစ်လေသည်။ သူက အချိန်တို အတွင်း ထိုအမှတ်အသားကို ချိုးဖျက်နိုင်မည် မဟုတ်မှန်း သိလိုက်သည်။
မိုဝူကျီက သင်္ဘောကို ဆက်လက်၍ မဖျက်ဆီးတော့ပေ။ သူက သူတို့ တွေ့ခဲ့သည့် ကျွန်းကို သွားဖို့ရာ အားသန် နေလေသည်။ သူက ကျင့်ကြံသူ တစ္ဆေကို သတ်ပြီးပြီ ဖြစ်၍ ဤသင်္ဘောတွင် မည်သည့် အန္တရာယ်မှ မရှိတော့ချေ။ ပင်လယ်ထဲတွင် မျောလွင့် ထားခြင်းက ပင်လယ်ထဲရှိ ကျင့်ကြံသူ တချို့ကို ကယ်တင် နိုင်လိမ့်မည်။
မိုဝူကျီ ကုန်းပတ်ပေါ် ပြန်ရောက်သည်နှင့် လူနှစ်ယောက်က ပင်လယ်မှ ကုန်းပတ်ပေါ် တက်လာသည်ကို တွေ့လိုက်ရသည်။
“ညီမကျောင်းယန် ... အစ်ကိုဖူ … နှစ်ယောက်က ဘယ်လိုလုပ် ဒီရောက်နေတာလဲ ...” မိုဝူကျီက ကျောင်းယန်နှင့် ဖူချန်းကို ကြည့်ကာ မေးလိုက်သည်။
“အစ်ကိုမို အဆင်ပြေရဲ့လား ...” ကျောင်းယန်က အံ့ဩတကြီး မေးလိုက်လေ၏။
ဖူချန်းက အားရပါးရ ရယ်မောလိုက်ရင်း …
“ကောင်းတယ် အဆင်ပြေရင် ရပြီ။ ကျုပ်တော့ ဒီခရီးက အပြန်မဲ့ခရီး ဖြစ်မယ်လို ထင်နေတာ ခင်ဗျား အဆင်ပြေမှတော့ ကျုပ်တို့ အတူတူ အင်မော်တယ် တည်နေရာ ကျွန်းကို သွားကြစို့ …”
မိုဝူကျီက အခြေအနေ နားလည်ရန် အချိန် သိပ်မကြာပေ။ အားလုံးကို လွတ်မြောက်ရန် ကူညီပေးခဲ့ သော်လည်း ကျောင်းယန်နှင့် ဖူချန်း နှစ်ယောက်သာ သူ့ကို ပြန်လည် ကယ်ဖို့ရာ ရောက်လာ ကြလေသည်။ ကျန်သူများက သူ့ကို ထားရစ် သွားကြလေသည်။
“ကျုပ်ကို ပြန်လာကယ်တဲ့ အတွက် နှစ်ယောက်လုံးကို ကျေးဇူး တင်ပါတယ် …” မိုဝူကျီက လက်နှစ်ဖက် ယှက်လျက် ကျေးဇူးတင်ကြောင်း ဖော်ပြလိုက်သည်။
သူက သမာဓိ ရှိသူများကို သဘော ကျလေရာ ဒေါ်လေးဆယ့်တစ်နှင့် မိတ်ဆွေ ဖြစ်ခဲ့ပြီး ယခု ပင်လယ်အထိ လိုက်လံ ရှာဖွေနေသည့် အကြောင်းအရင်းလည်း ဖြစ်လေသည်။ အင်မော်တယ် တည်နေရာကို ရှာနေသော တခြားသော ကျင့်ကြံသူများနှင့် မတူညီပေ။ မိုဝူကျီက သူ့အဓိက ရည်ရွယ်ချက်သည် ဒေါ်လေးဆယ့်တစ်နှင့် မိုရှင်းထောင်တို့ကို ရှာဖွေရန် ဖြစ်ကြောင်း သေချာသိသည်။
ကျောင်းယန်က မြန်မြန် ပြန်ဖြေလိုက်သည်။
“အစ်ကိုဖူနဲ့ ကျွန်မက ဘာမှ မလုပ်လိုက် ရပါဘူး။ ကျွန်မတို့ သင်္ဘောပေါ် တက်လိုက်တဲ့ အချိန် အစီအရင် ပျောက်သွားမယ်လို့ ထင်မထားမိဘူး ...”
မိုဝူကျီက သူ့ကိုယ်သူ တွေးမိ လိုက်လေသည်။ ကျင့်ကြံသူ တစ္ဆေက အသတ်ခံ လိုက်ရပြီ ဖြစ်၍ သူထားထားသော အစီအရင်မှာ မကြာခင် ပျောက်ကွယ် သွားမည်က ပုံမှန်ကိစ္စသာ ဖြစ်သည်။
“ဒီနေ့ကစပြီးတော့ ခင်ဗျားတို့ နှစ်ယောက်က ကျုပ်ရဲ့ မိတ်ဆွေတွေပဲ။ ဒါက သင်္ဘောပေါ်မှာ တွေ့ခဲ့တဲ့ ပစ္စည်း တချို့ကို ခင်ဗျားတို့ကို လက်ဆောင်ပေးမယ်” မိုဝူကျီက ပြောပြီးပြီးချင်း သိုလှောင်အိတ် နှစ်လုံးကို ထုတ်ယူ လိုက်လေသည်။ ထိုသိုလှောင် အိတ်တွင် ဝိညာဉ်ပစ္စည်း တချို့နှင့် မြေကမ္ဘာအဆင့် စိတ်စွမ်းအင် ကျောက်တုံး ရာဂဏန်းလောက် ရှိသည့်အပြင် ကုသ ဆေးလုံးများလည်း ရှိလေသည်၊။ သူ့အတွက် ထိုအရာများက အဖိုးမတန်ချေ။
သူက သိုလှောင်အိတ် ထုတ်ပေးသည့် အကြောင်းအရင်းမှာ ကျောင်းယန်တွင် အခြားသော ဝိညာဉ် ပစ္စည်းများ မရှိရာ ဖူချန်းမှာ သူ့ဓားကြီးကို လက်ဖြင့် ကိုင်ဆောင် ထားသည်ကိုသာ တွေ့၍ ဖြစ်သည်။ ထို့ကြောင့် သူတို့တွင် သိုလှောင်အိတ် ရှိဦးမည် မဟုတ်မှန်း သေချာသည်။
မြေကမ္ဘာ အဆင့်သို့ မရောက်သေးသော နယ်လှည့် ကျင့်ကြံသူအတွက် သိုလှောင်အိတ် ရရန် မလွယ်ကူသည့် အတွက် မထူးဆန်း လှပေ။
***