အစုတ်ပြတ်ဆုံး အင်မော်တယ် နယ်မြေ
Vol. 16 Ch. 218
ကျောင်းယန်သို့ ပေးလိုက်သည့် အိတ်ထဲတွင် အဝတ်အစား အချို့ ပါလေသည်။ ထိုအဝတ်များက မိုးကြိုးမြူတောတွင် ပဝါမည်းနှင့် အမျိုးသမီး သိုလှောင်လက်စွပ်မှ ရထားသော ပစ္စည်းများ ဖြစ်လေသည်။ ကျောင်းယန် အဝတ်များက စုတ်ပြဲနေပြီး သူမ နောက်ကျောလည်း ပေါ်နေသည့် အတွက် ထိုအဝတ်များကို ပေးလိုက်ခြင်း ဖြစ်သည်။
“ဒါတွေက အရမ်းကို တန်ဖိုး ကြီးလွန်းတယ်။ ကျုပ် ဘာမှလည်း မလုပ်လိုက် ရပါဘူး …” ဖူချန်းတွင် စိတ်စွမ်းအား မရှိသော်လည်း သူ့လူသား အဆင့်လွန် ကျင့်ကြံဆင့်ဖြင့် သူ့အတွက် သိုလှောင်အိတ် ထဲမှ ပစ္စည်းများကို အာရုံခံ ကြည့်ဖို့ရာ လွယ်ကူလှသည်။
ကျောင်းယန်လည်း ဝင်ပြော ချင်သည်ကို တွေ့၍ မိုဝူကျီက လက်တားပြကာ ပြောလိုက်သည်။
“ကျုပ် အသက်နဲ့ ယှဉ်ရင် ဒါတွေက ဘာမှ မဟုတ်ပါဘူး။ စိတ်စွမ်းအင် ကျောက်တုံးတွေ ဆိုတာလည်း ဘယ်လောက်ပင် အရည်အသွေး ကောင်းကောင်း သုံးပစ် ရမှာပဲလေ။ မိတ်ဆွေတွေ ကမှ တကယ့် ရတနာတွေပါ ... ကျုပ်အတွက် ညီမ ကျောင်းယန်တို့ အစ်ကိုဖူတို့ လူမျိုးနဲ့ တွေ့ခွင့်ရတာ တကယ်ကို ကံကောင်းတယ် …”
ထိုစကားလုံးများက နှလုံးသားမှ ထွက်လာခြင်း ဖြစ်၏။ သူက ဖူချန်းနှင့် ကျောင်းယန်တို့နှင့် အရမ်း မရင်းနှီးလှပေ။ သူက ကျောင်းယန်ကို ကယ်တင်ပြီး နောက်တွင် သူမက ပြန်ရောက် လာလိမ့်မည်ဟု တွေးမထားမိပေ။ ထိုသည်က တစ်ကိုယ်ကောင်း ဆန်သူတွေ ပေါများလှသည့် ကျင့်ကြံခြင်း လောက ဖြစ်လေသည်။ အကယ်၍ ကျောင်းယန်က ပြန်ရောက် လာခြင်းမှာ သူမကို ကယ်တင်ဖူး၍ ဖြစ်လိမ့်မည်။ သို့သော် ဖူချန်းလည်း သူ့ကို ကယ်ရန် ရောက်လာလေသည်။ အကြောင်းမှာ သူလုပ်လို၍သာ ဖြစ်ရမည်။ မိုဝူကျီက ဖူချန်းကို မိတ်ဆွေစစ် အဖြစ် ဆက်ဆံရန် ဆုံးဖြတ် လိုက်လေသည်။
“ညီလေးမိုလို လူမျိုးနဲ့ တွေ့တာကိုက ကျုပ်အတွက် ကံကောင်းတာပါ ...” ဖူချန်းက သိုလှောင်အိတ်ကို ခါးတွင် သေချာသိမ်းကာ ပြောလိုက်သည်။ သူက မိုဝူကျီသည် ကျောင်းယန်ကို ကယ်တင်လိုက်သည့် အခြေအနေကို ရှင်းရှင်းလင်းလင်း မြင်လိုက် ရလေသည်။ ကျောင်းယန်၏ ခင်ပွန်းသည်ပင် လာရောက် မကူညီပေ။ သို့သော် မိုဝူကျီက ကျောင်းယန်အတွက် သူစိမ်း တစ်ယောက်သာ ဖြစ်ကြောင်း သိ၏။
စိတ်ဝိညာဉ် တည်ဆောက်ခြင်း အဆင့်၇မှာ ရှိသူအနေနှင့် ကျောင်းယန်က ဤမျှ အဆင့်လေးဖြင့် သိုလှောင်အိတ် တစ်လုံး ပိုင်ဆိုင် နိုင်လိမ့်မည်ဟု မတွေးဖူးပေ။ ထို့အပြင် သိုလှောင်အိတ်ထဲတွင် စိတ်စွမ်းအင် ကျောက်တုံးများနှင့် ထိပ်တန်း ဆေးလုံးများလည်း ပါဝင်သေးသည်။ သို့သော် သူမကို စိတ်လှုပ်ရှား စေသည်က မိုဝူကျီက သူမအတွက် အမျိုးသမီး အဝတ်များပါ ထည့်ပေးထားခြင်း ဖြစ်သည်။
“ကျေးဇူးတင်ပါတယ် အစ်ကိုမို … ကျွန်မ အခု လဲလိုက်ဦးမယ် ...” မိုဝူကျီ စကားများကို နားထောင်ပြီးနောက် ကျောင်းယန်းက သိုလှောင်အိတ်ကို မငြင်းတော့ချေ။ ထို့အစား ကျေးဇူးစကားသာ ပြန်ပြော လိုက်တော့သည်။ သူမက မိုဝူကျီသည် ပြဿနာတိုင်း အတွက် အဖြေရှိသည့် လူစားမျိုးဟု ခံစားမိသည်။ ထို့ကြောင့် သူ့လို လူမျိုးသည် သိုလှောင်အိတ် တစ်လုံး၊ နှစ်လုံးကို ဂရုစိုက်နေမည် မဟုတ်ပေ။
လက်တွေ့တွင် မိုဝူကျီက ထိုသိုလှောင် အိတ်များကို အမှန်ပင် ဂရုမစိုက်ပေ။ သူ့တွင် သိုလှောင်အိတ် တော်တော်များများ ကျန်ရှိ နေသေးသည့် အပြင် သိုလှောင်လက်စွပ် လေးကွင်းလည်း ရှိသေးသည်။
“အထဲမှာ သွားလဲလေ ... ကျုပ်တို့တွေ အပြင်က စောင့်နေမယ် ...” မိုဝူကျီက သင်္ဘော အတွင်းသို့ ဦးတည်နေသည့် တံခါးကို ညွှန်ပြလိုက်သည်။
“အာ …” ကျောင်းယန်က သင်္ဘော အတွင်းပိုင်းကား မည်မျှပင် ထူးဆန်း ကြောက်မက်ဖွယ် ကောင်းကြောင်းကို အမှတ် ရသောအခါ ချက်ချင်းပင် ဖြူဖျော့ သွားလေသည်။
မိုဝူကျီက ထိုသို့ ပြောရုံမှအပ ရွေးချယ်စရာ မရှိတော့ချေ။
“အဲဒီလို ဆိုရင် ဒီကုန်းပတ်မှာ လဲလေ ကျုပ်တို့တွေ ပင်လယ်ကနေ စောင့်နေမယ် ...”
စကားအဆုံးတွင် မိုဝူကျီက တိုင်လုံး တချို့ကို ဆွဲယူလိုက်ပြီး ပင်လယ်ထဲ ပစ်ချ လိုက်တော့သည်။ သူက ဖူချန်းကိုပါ ဆွဲခေါ်သွားပြီး တိုင်လုံးများ အပေါ်မှ ခုန်ပျံ ကျော်လွှားကာ သွားလိုက်တော့သည်။
“ညီလေးမို ... ညီမ ကျောင်းယန်ကို တစ်ယောက်တည်း ထားခဲ့တာ ...” ဖူချန်းက မိုဝူကျီသည် ကျောင်းယန်ကို တစ်ယောက်တည်း ထားခဲ့သည်ကို မြင်သောအခါ အံ့ဩတကြီး ဖြစ်သွားလေသည်။ သို့သော် မိုဝူကျီက ပြုံးရင်း ပြန်ဖြေလိုက်သည်။
“စိတ်မပူပါနဲ့ သင်္ဘောက အခု စိတ်ချရပါပြီ။ ကျုပ်လည်း အဲဒီပေါ်မှာ နေလာတာပါ ...”
သို့သော် ဖူချန်းက ချက်ချင်း သဘော မပေါက်ပေ။ ကျောင်းယန်က ပို၍ပင် ကြောက်လန့် နေလေသည်။ သို့သော်လည်း သူမက မိုဝူကျီသည် သူမကို ထိခိုက် စေလိမ့်မည် မဟုတ်မှန်း ယုံကြည်၍ အဝတ်များကို မြန်မြန်ဆန်ဆန် လဲလှယ်ကာ သင်္ဘောပေါ်မှ ခုန်ချ လိုက်တော့သည်။
သူမက မိုဝူကျီ သူမအတွက် ပြင်ဆင် ပေးခဲ့သည့် တိုင်လုံးများပေါ် ရောက်သည့် အခါမှ သူမ စိတ်က တည်ငြိမ် သွားလေသည်။ သေခြင်း တရားနှင့် ယှဉ်လျှင် သင်္ဘောပေါ်တွင် နေခြင်းက သူမအတွက် ကြောက်စရာ အကောင်းဆုံး ဖြစ်လေသည်။ သူမလို လူမျိုးအတွက် မိုဝူကျီကို ပြန်လာကယ် ဖို့ရန် သတ္တိမည်မျှ လိုအပ် လိမ့်မည်နည်း။
မကြာခင်တွင် သူမက မိုဝူကျီ ထိုသင်္ဘောပေါ် ရောက်သွားပြီး ဘာမှ မဖြစ်ခြင်းမှာ အကြောင်းအရင်း တိုက်ဆိုင်၍ မဟုတ်မှန်း နားလည် လာလေသည်။ သူက သင်္ဘောကား ဘေးကင်းသွားမှန်း သိလိမ့်မည်။ ထို့အပြင် သင်္ဘောပေါ်မှ အမည်မသိ အရာကို မိုဝူကျီက သတ်ဖြတ်လိုက်ခြင်း ဖြစ်ရမည်။ မဟုတ်လျှင် မိုဝူကျီက အကြောင်းပြချက် မရှိဘဲ သူမကို တစ်ယောက်တည်း ထားခဲ့မည် မဟုတ်ပေ။
ဖူချန်းအတွက် သူက အဖြစ်အပျက်များကို ပို၍ သိရှိ သွားလေသည်။ သူက ထိုသင်္ဘောပေါ်ရှိ အရာကို မိုဝူကျီက အပြတ် ရှင်းလိုက်ပြီမှန်း သိကာ သူနှင့် ကျောင်းယန် ရရှိထားသော သိုလှောင်အိတ်များက ထိုမှ ရရှိလာခြင်း ဖြစ်ရမည်။
သို့သော်လည်း သူက ထပ်၍ မမေးတော့ပေ။ တချို့သော အရာများသည် မပြောဘဲ နေသည်က ပိုကောင်းသည် မဟုတ်ပါလော ....
မကြာခင်တွင် သုံးယောက်သား ကျွန်းသို့ ရောက်ရှိ လာကြသည်။ သူတို့ရှေ့မှ သွားနှင့်သော ငါးယာက်မှာ ကမ်းစပ်တွင် မရှိကြတော့ချေ။
“အင်မော်တယ် နယ်မြေက ဒီကျွန်းပေါ်မှာ ရှိတယ်ဆိုပေမဲ့ အတုအယောင်လည်း ဖြစ်နိုင်တယ်။ မဟုတ်ရင် ဒီနေရာကို ပြထားတဲ့ မြေပုံတွေ အများကြီးရှိမှာ မဟုတ်ဘူး ...” ဖူချန်းက သက်ပြင်းချကာ ကျွန်းကို လှမ်းမျှော်ကြည့် လိုက်သည်။
ကျောင်းယန်က မှုန်မှိုင်းမှိုင်း အမူအရာဖြင့် …
“နောက်ကျ ဘယ်လို ပြန်ရမလဲ ဆိုတာ မသေချာတော့ဘူး ....”
ထိုအတွက် မိုဝူကျီတွင် အဖြေမရှိပေ။ သူတို့လက်ရှိ နေရာမှာ အင်မော်တယ် နယ်မြေဟု သတ်မှတ်ထားသည့် နေရာနှင့် မနီးမဝေးတွင် ဖြစ်လေသည်။ သူတို့က ဒေါ်လေး ဆယ့်တစ်နှင့် မိုရှင်းထောင် တို့ကို ရှာရန် ရည်ရွယ်ထား၍ သင်္ဘောကို မျှောလိုက်ခြင်း ဖြစ်သည်။ မဟုတ်လျှင် သူတို့က သင်္ဘောကို ဤနေရာတွင် သိမ်းထားပါက သူတို့ရှေ့မှ ငါးယောက်အတွက် အကျိုးရှိ သွားလိမ့်မည်။ ထိုငါးယောက်မှာ အကူအညီ လိုတုန်း ပစ်ထားခဲ့သည့် အတွက် မိုဝူကျီက သူတို့အတွက် ထားရှိရန် စိတ်ကူး မရှိပေ။
“သွားကြစို့ ... ကျွန်းအတွင်းပိုင်း အရင် ကြည့်ကြတာပေါ့။ ငါတို့ ရှာတွေ့နိုင်မဲ့ အရာတော့ ရှိမှာပါ ...” ဖူချန်းက အကောင်းမြင် တတ်သူ ဖြစ်ကာ အခြေအနေတိုင်း အတွက် အကောင်းဆုံးသာ တွေးလေသည်။
မိုဝူကျီက ရှေ့မှ ဦးဆောင်ပြီး ကျောင်းယန်က အလယ်တွင် နေကာ ဖူချန်းက နောက်ဆုံးမှ ဖြစ်လေသည်။
ကျွန်းပေါ်တွင် တောင်အမြင့်များ မရှိသော်လည်း မရေတွက်နိုင်သည့် တောင်ကြောများ ရှိနေသည်။ ဆူးပင်၊ နွယ်ပင်များက နေရာအနှံ့ ရှိနေပြီး အဆိပ်ပြင်း မြွေများနှင့် ပုရွက်ဆိတ်များက ပျံ့နှံ့ နေလေသည်။
ကျင့်ကြံဆင့် အနိမ့်ဆုံး ဖြစ်သည့် ကျောင်းယန်ပင် စိတ်ဝိညာဉ် တည်ဆောက်ခြင်း အဆင့်သို့ ရောက်ရှိနေသည်မှာ ကျေးဇူးတင်စရာ ကောင်းလှသည်။ လမ်းမရှိတော့ ပါက သူတို့သည် သင့်တော်သည့် နေရာမှ သွားကြရသည်။
နှစ်နာရီ အကြာတွင် မိုဝူကျီက ရပ်တန့် လိုက်လေသည်။ သူ့တွင် မြေပုံ မရှိသော်လည်း သူ့မျက်စိရှေ့မှ မြင်ကွင်းကား လုံးဝ ပျက်စီး နေသောကြောင့် ဖြစ်သည်။
“ဒီနေရာ ဖျက်ဆီးခံရတာ မကြာသေးဘူး။ ခဏ ... အင်မော်တယ် နယ်မြေ တည်နေရာက ဒီနားပဲ ...” ဖူချန်းက မြေပုံကို ဖွင့်ကာ စစ်ဆေး ကြည့်လိုက်သည်။ ချက်ချင်း ဆိုသလို သူက ယုံကြည်ချက် ရှိရှိ ပြောလိုက်သည်။
“ဟုတ်တယ် ... ဒီနေရာပဲ။ ဘယ်ဘက်မှာ တောင်ခုနစ်လုံး ရှိပြီးတော့ ညာဘက်မှာ ယောက်ချိုနဲ့ တူတဲ့ တောင်ကပုရှိတယ်။ အဲဒီ အလယ်ရဲ့ ညာဘက်မှာ အင်မော်တယ် နယ်မြေရှိတယ်။ ကြည့်ရတာ ကျန်းရှားပိုင်နဲ့ အခြားလူတွေက ဒီနေရာကို ရောက်ခဲ့ကြပုံပဲ ... ပြီးတော့ ဒီနေရာကို အရင်တုန်းက လာဖူးတဲ့ သူတွေလည်း ရှိလိမ့်မယ် ...”
သူ့စိတ် စွမ်းအားဖြင် မိုဝူကျီက မြေအောက်မှ လှေကားထစ်များကို တွေ့လိုက်ရသည်။ သူ မြေကြီး တချို့ကို တူးလိုက်သည်နှင့် သူက ကျောက်ပြားကို မြင်လိုက်ရသည်။ ကျောက်ပြား အောက်တွင် မြွေလိမ်လှေကား ရှိ၏။ သူ့စိတ် စွမ်းအားတွင် ကန့်သတ်ချက် ရှိနေသည်က နှမြောစရာ ကောင်းလှလေသည်။ ထို့ကြောင့် သူက မြေကြီး အတွင်းပိုင်း အထိ မမြင်ရပေ။
“အစ်ကိုမို ကျွန်မတို့တွေ ဒီနေရာကနေ ဆင်းသွားလို့ ရတယ်။ မြေပုံပေါ်မှာ အဲဒီအတွက် လမ်းပါတယ်။ ဒါပေမဲ့ ကျွန်မတို့အရင် လာဖူးတဲ့ သူတွေ ရှိနေတာလား ...” ကျောင်းယန်က ဝေခွဲမရ ဖြစ်နေလေသည်။
မိုဝူကျီက ရယ်မောလိုက်ပြီး …
“ကျုပ်လေ့လာ နိုင်စွမ်းက အတော်လေး စူးရှလို့ပါ။ ပြီးတော့ ကျုပ်တို့ လျှောက်လာတော့ မြေကြီးက အခေါင်း ဖြစ်နေတယ်လို့ ခံစားမိလိုက်တာ ...”
လက်တွေ့တွင် မြေကြီးက မည်မျှပင် စိုစွတ်နေပါစေ သို့မဟုတ် မြေအောက်လှေကား ရှိနေပါစေ မိုဝူကျီက စိတ်စွမ်းအား အသုံးပြု၍ မြင်တွေ့ခဲ့ခြင်း ဖြစ်လေသည်။ သူလေ့လာ ဆန်းစစ် နိုင်စွမ်းနှင့် ပတ်သက်မှု မရှိချေ။ လူသား အဆင့်ကျင့်ကြံသူ အနေနှင့် စိတ်စွမ်းအား ပိုင်ဆိုင်ခြင်းသည် သူ၏ ထိပ်တန်း လျှို့ဝှက်ချက် ဖြစ်လေသည်။ ထို့ကြောင့် သူက ကျောင်းယန်နှင့် ဖူချန်းတို့ကို မိတ်ဆွေဟု ယူဆထားလျှင်ပင် ပြောမပြနိုင်ပေ။
“တစ်ချက် သွားကြည့်လိုက်မယ် ...” ဖူချန်းက သူ့သိုလှောင်အိတ်မှ စူးချွန်ပါ တင်းပုတ်ကို ထုတ်ကာ မြေကြီး နှစ်ခြမ်းကွဲအောင် ထိုးချ လိုက်တော့သည်။ ထိုတင်းပုတ်သည် အဆင့်နိမ့် ဝိညာဉ်ပစ္စည်း ဖြစ်ကာ မိုဝူကျီက ပေးထားခြင်း ဖြစ်သည်။ သူက လမ်းဖောက်ရာ အတွက် ချက်ချင်း အသုံးပြု လိုက်လေသည်။ သူ့ကျောပေါ်မှ ဓားအလေးကြီးကို မသုံးရဲပေ။
ရိုက်ချက် အနည်းငယ်ဖြင့် မြေကြီးအောက်မှ အပြာရောင် ကျောက်ပြားကို မြင်လိုက် ရလေသည်။ တင်းပုတ်ဖြင့် ကလန့်ကာ ဖွင့်လိုက်တော့သည်။ သုံးယောက်ရှေ့တွင် အဆုံးမရှိသည့် လှေကားကို မြင်တွေ့ နေရကာ အောက်မှ လေအေးများ ထွက်ပေါ် နေလေသည်။ မြေအောက်ထဲ၌ အမှန်ပင် အေးလှသည်။
အတွင်းဘက်တွင် မိုဝူကျီက စိတ်ပျက် သွားလေသည်။ အကယ်၍ အင်မော်တယ် နယ်မြေက စုတ်တီးစုတ်ပြတ် နေရာ တစ်ခု၌ ဖြစ်မည်ဆိုလျှင် ကမ္ဘာပေါ်တွင် အင်မော်တယ် နယ်မြေများ များပြား နေလိမ့်မည်။ အားလုံးက မြေပုံသည် အတုမှန်း သိကြသော်လည်း သာမန် လူသားပင် တည်ဆောက်နိုင်သော ဤနေရာဟု သတ်မှတ် ရသည်မှာ ဟာသ ပြက်လုံးသာ ဖြစ်လိမ့်မည်။
ဤနေရာကား အနုပ်စုတ် ကုပ်စုတ် အင်မော်တယ် နယ်မြေ ဖြစ်နေလျှင်ပင် လျှို့ဝှက် နေရာတွင် အနည်းဆုံးတော့ ဖုံးကွယ် အစီအရင်၊ ခုခံရေး အစီအရင်နှင့် သာမန် သတ်ဖြတ်ရေး အစီအရင်လောက်တော့ ရှိသင့်လေသည်။ သို့သော်လည်း ဤနေရာတွင် ဂေါ်ပြားနှင့်ပင် တူးဖော်နိုင်သော ကျောက်လှေကားများ အပ တခြားအရာ မရှိပေ။
“ဒီနေရာက အင်မော်တယ် နယ်မြေဆိုရင် ကျုပ်အိမ်ကမှ အခြေအနေ ကောင်းဦးမယ် ...” ဖူချန်းက ကျောက်လှေကားများကို စိတ်ပျက်လက်ပျက် ကြည့်လိုက်တော့သည်။
သို့သော် ကျောင်းယန်က ရုတ်တရက် ထပြော လိုက်လေ၏ ။
“အစ်ကိုမို အစ်ကိုဖူ ... ဒီနေရာက ထူးဆန်းတဲ့ အငွေ့အသက် တွေလည်း မရှိဘူး။ ပြီးတော့ သာမန်လူ တစ်ယောက်ကတောင် တူးဖော် နိုင်သေးတယ် ... ဒါပေမဲ့ လူသားက ဘယ်လိုလုပ် ဒီနေရာ အထိ ရောက်နိုင်မှာလဲ ...”
ထိုအရာကို ကြား၍ မိုဝူကျီက ခေါင်းညိတ်ပြ လိုက်သည်။ ထိုသည်က လူသားအတွက် ဤနေရာ အထိ ရောက်လာဖို့က ဖြစ်နိုင်ချေ ရှိသည်တော့ မဟုတ်လှပေ။ ကောင်းကင် ပင်လယ်တွင် သားရဲများ မရှိသော်လည်း လေပြင်းများက သာမန် လူသားများ တောင့်ခံနိုင်မည့် အရာ မဟုတ်ချေ။
“လာ သွားပြီး ကြည့်ကြည့် ရအောင် ...” မိုဝူကျီက ပြောပြီးနောက် ကျောက်လှေကားပေါ် ခြေချ လိုက်တော့သည်။
“ကျုပ်က နောက်က ကာပေးမယ်။ ပြီးရင် အပြာရောင် ကျောက်ပြားကို နဂို အခြေအနေ အတိုင်း ပြန်ထားလိုက်မယ် ...” ဖူချန်းက နောက်သို့ ပြန်လျှောက်ရင်း ပြောလိုက်သည်။
သူမက မိုဝူကျီနောက် လိုက်ပါ သွားလိုက်သည်။ ကျောင်းယန်က အလင်း ကျောက်တုံးကို ထုတ်ယူ လိုက်သည့်အခါ လှေကားဝန်းကျင် ဆယ်မီတာ လောက်တွင် လင်းထိန် သွားလေသည်။ ထိုမှသာ မိုဝူကျီက ထိုကျောက်လှေကားကို အပြာရောင် ကျောက်များဖြင့် ဝန်းရံထားကြောင်း သတိထားမိ လိုက်လေသည်။ ကြည့်ရသည်မှာ ထိုလှေကားကို ပြုလုပ်ခဲ့သူကား ရိုးရှင်းသည့် သူတော့ မဟုတ်လောက်ချေ။
လှေကား အဆုံးတွင် ကျောက်တံခါး တစ်ချပ် ထပ်ရှိ နေလေသည်။ မိုဝူကျီက စိတ်စွမ်းအားဖြင့် စစ်ဆေးကြည့် လိုက်သည့်အခါ ခဏတာ မှင်တက် သွားလေသည်။ တံခါးနောက်တွင် ခန်းမကျယ် တစ်ခု ရှိနေပြီး ခန်းမ အတွင်းမှ လူများက မိုဝူကျီနှင့် မစိမ်းလှပေ။ ထိုလူများမှာ ကျန်းရှားပိုင်တို့ အုပ်စု ဖြစ်နေလေသည်။ သို့သော်လည်း သူ့ကို အံ့ဩစေသည်က အထဲတွင် လူနှစ်ဆယ်လောက် ရှိနေခြင်း ဖြစ်သည်။ ကျန်းရှားပိုင်တို့ အုပ်စုမှ လွဲ၍ အခြားသော လူဆယ်ယောက်ကျော်ကို သူမသိပေ။
အခန်း အလယ်တွင် တဲနှင့် တူသည့်အရာ ရှိနေလေသည်။ လူနှစ်ဆယ် နီးပါးက ထိုတဲကို ဝန်းရံထား ကြသည်။
မိုဝူကျီက ကျောက်တံခါးကို ဖွင့်လိုက်သည့်အခါ လူနှစ်ဆယ်ကျော်၏ အကြည့်များက သူတို့ သုံးယောက်ဆီ ရောက်ရှိ လာလေသည်။ ချီဝမ်ရွမ်က ချက်ချင်း ရောက်လာကာ …
“ယန်ယန် ငါ မင်းကို စိုးရိမ်နေတာ။ မင်း ဘာမှ မဖြစ်လို့ တော်သေးတယ်။ လာလာ ငါ့ဘေးကို လာခဲ့ ...” ထိုသို့ ပြောသည့်အခါ ကျောင်းယန်က ခေါင်းကို ညိတ်ပြသော်လည်း မိုဝူကျီနှင့် ဖူချန်းတို့ ဘေးတွင်သာ နေနေလေသည်။
သူမက အစကတည်းမှ ပင်လယ်ထဲသို့ မသွားလိုသော်လည်း ချီဝမ်ရွမ်က ခဏတိုင်း သူမကို ကာကွယ် ပေးပါ့မည်ဟု ကတိ အကြိမ်ကြိမ် ပေး၍ အင်မော်တယ် နယ်မြေကို ရောက်ပြီးသည်နှင့် သူတို့အတူတူ သက်ဆုံးတိုင် နေကြမည်ဟု မျှော်လင့် ထားမိသည်။ သူမက ထိုအရာကြောင့် လိုက်ပါလာခြင်း ဖြစ်သည်။ သို့သော်လည်း သူမက ထိုစကားလုံးများမှာ ဘာအဓိပ္ပာယ်မှ မရှိကြောင်း သိခဲ့ပြီး လေပြီ။
“နောက်ကျမှ လာတဲ့ သူတွေက ကိုယ့်ဘာသာ နေရာသိပြီးတော့ နောက်မှ ရပ်နေ ...” မိုဝူကျီသည် အခန်းအလယ်သို့ တည့်တည့် လျှောက်လှမ်း လာသည်ကို မြင်၍ စူးရှရှ အသံတစ်ခုက ကျယ်လောင်စွာ အမိန့်ပေး လိုက်လေသည်။
***