မင်းရဲ့မိသားစုလောက်နဲ့ မင်းက ငါ့ရန်သူဖြစ်ချင်နေတာလား
Vol. 66 Ch. 911
သူတို့ဘက်တွင် သေဆုံးသူက လေးယောက်၊ ဒဏ်ရာရသူက ငါးယောက်သာ ရှိသောကြောင့် တိုက်ပွဲတွင် လျန်မိသားစုက အခြေအနေကောင်းသည်ဟု ဆိုနိုင်ပေသည်။ စုန့်တုံလိုင်၊ အောင်းဝေ့နှင့် ကုန်းချွမ်တို့ဘက်တွင်မူ ကြီးကြီးမားမား ဆုံးရှုံးနေခဲ့သည်။ အရေအတွက်က သူတို့ဘက်က သာသော်လည်း သူတို့၏ယေဘုယျခွန်အားက အားနည်းလွန်း၏။
ထို့ပြင် သူဌေးဟွမ်လက်အောက်ရှိအယောက်နှစ်ဆယ်ကျော်က တိုက်ခိုက်ရေးစွမ်းအားသိပ်မရှိသောသာမန်လူများသာဖြစ်၏။ သူတို့က အုပ်စုသုံးစုဖွဲ့ထားလျှင်ပင် လျန်မိသားစု၏လက်ရွေးစင်ကျွမ်းကျင်သူများက ရက်ရက်စက်စက်သတ်ဖြတ်နိုင်ခဲ့သည်။ မျက်နှာအမာရွတ်လူကလွဲပြီး ကျန်သူများအားလုံးကို မိနစ်အနည်းငယ်အတွင်း သတ်ဖြတ်ခဲ့၏။
ရှဲ...ရှဲ...
သွေးခဲစပါးအုံးသည်လည်း လျန်ဝမ်ရှင်းနှင့်လျန်ဝမ်ထျန်းတို့၏ပူးပေါင်းတိုက်ခိုက်မှုကြောင့် ဆိုးဝါးစွာ ရိုက်နှက်ခံနေရ၏။ ၎င်း၏သွေးရောင်ခန္ဓာကိုယ်က လူးလိမ့်နေပြီး ရေကန်သို့ ထွက်ပြေးရန် ကြိုးစားနေသည်။ သို့သော် လေထဲတွင်လွင့်မျောနေသောအနက်ရောင်ပုလင်းက သန်မာသောစုပ်အားတစ်ခုတစ်ခုကို လွှတ်ပြီး အမည်းရောင်မြူတစ်ခုကို အဆက်မပြတ်ထုတ်လွှတ်ကာ အောက်ဘက်ရှိလူသေဝိညာဉ်များအား ဆွဲယူလျက် သန္ဓေသားကိုးယောက်တစ္ဆေတစ်ရာအလံထဲသို့ ဝါးမျိုနေခဲ့၏။
လျန်မိသားစုခေါင်းဆောင်လျန်ပုကလည်း သိုင်းဆရာကြီးအဆင့်ကို ရောက်ရှိထားပြီး သူ၏ကျင့်ကြံခြင်းက နယ်ပယ်အသစ်တစ်ခုကို မရောက်ရှိသေးသော်လည်း အတော်လေးပြောင်မြောက်သည်။ သူက ဓားမော့ကို ဝှေ့ယမ်းကာ ကြေးရောင်မျက်နှာဖုံးတစ်ခုဝတ်ဆင်ထားသောလူတစ်ယောက်အား ခုတ်ပိုင်းပြီး နောက်သို့ ဆုတ်ရန် ဖိအားပေးပြီးနောက် တင်းမာစွာ မေးလိုက်၏"မင်းက ဘယ်သူလဲ။ မင်းခွန်အားက စုန့်တုံလိုင်၊ အောင်းဝေ့၊ ကုန်းချွမ်တို့နဲ့ တစ်ပြေးညီရှိနေတာပဲ။ မင်းက သေချာပေါက်သူတို့လူမဟုတ်ဘူး....."
"မင်းသေပြီးမှ ငရဲမင်းကို မေးလိုက်တော့"
ဟန်စမ်၏ဝူရှုးဝတ်စုံက လျန်မြန်စွာ ရွေ့လျားနေပြီး သူ၏အရူးအမူးသတ်ဖြတ်ခြင်းဆန္ဒက လျန်ပုအပေါ်သို့ ကျရောက်နေသည်။ သူတို့၏ခွန်အားက ညီမျှနေပြီး တစ်ခဏတိုက်ကွက်ဖလှယ်မှုက သူတို့ခန္ဓာကိုယ်မှ သူတို့၏ချီနှင့်သွေးများ လိမ့်တက်လာသလို ခံစားရစေသည်။
"ဟမ့်၊ မင်းကိုယ်မင်း ဖုံးကွယ်ထားတာပေါ့။ ဘယ်လိုတောင် အရှက်မရှိတဲ့လူလဲ" လျန်ပုက ပြုံးဖြဲဖြဲလိုက်၏"မင်းက သေလမ်းကို ရှာနေမှတော့ ငါ့ရဲ့ရက်စက်မှုအတွက် အပြစ်မတင်နဲ့တော့"
ပြောပြီးနောက် လျန်ပုက သူ၏ဓားမော့ကို ဝှေ့ယမ်းလိုက်ပြီး သူ၏ဘယ်လက်က မီးဘောလုံးတစ်လုံးအား လျင်မြန်စွာ သိပ်သည်းလာခဲ့သည်။ ထို့နောက် သူက မီးဘောလုံးအား ပစ်ထုတ်ပြီး မီးတောက်တစ်ခုအဖြစ် ပေါက်ကွဲထွက်စေကာ ဟန်စမ်အား တိုက်ခိုက်ခဲ့၏။
"ဒြပ်စင်ပညာရှင်လား...."
ဟန်စမ်၏အမူအရာက ကြီးမားစွာပြောင်းလဲသွား၏။ ၎င်းအား ရှောင်တိမ်းရန် သူက အလျင်စလို ရွေ့လျားနေစဉ် သူ့အနောက်ရှိလေက ဂယက်ထသွားပြီး ဓားမြှောင်တစ်ချောင်းက သူ့နောက်ကျောအား ရုတ်တရက် ထိုးစိုက်လာ၏။
"တောက်...."
လုပ်ကြံသတ်ဖြတ်သူတစ်ယောက်က အမှောင်ထဲတွင် ပုန်းနေပြီး သူ့အား ချောင်းမြောင်းတိုက်ခိုက်လာမည်ဟု သူ မထင်မှတ်ထားခဲ့ပေ။ စိတ်ပျက်ခြင်းအနည်းငယ်က သူ့မျက်လုံးတွင် ပြည့်နှက်သွားပြီး သူ့အတွင်းထဲရှိရူးသွပ်ခြင်းက ပိုကြမ်းတမ်းလာ၏။ ဓားမြှောင်က သူ့နှလုံးအား ထိုးဖောက်နေသည့်အခိုက်တွင် သူ့ကိုယ်သူအား လေဂယက်ရှိရာသို့ ပစ်ထုတ်လိုက်၏။
"မင်းက သေချင်နေတာလား။ ဒါဆိုလဲ မင်းကို ငါနဲ့အတူ အပါခေါ်သွားမယ်"
ရှောင်ယာက လေထဲ၌ ပေါ် ထွက်လာစဉ် ဟန်စမ်က သူ့အရှေ့တွင် ထွက်ပေါ်လာပြီး သူ၏ဓားမော့ကို ဝှေ့ယမ်းကာ နက်ရှိုင်းသောဒဏ်ရာတစ်ခုအား ချန်ထားခဲ့၏။ ရှောင်ယာက သိုင်းဆရာကြီးအဆင့်အား မရောက်ရှိသေးပေ။ သူက သိုင်းဆရာကြီးတစ်ယောက်၏စွမ်းအားပြည့် မျက်နှာချင်းဆိုင်တိုက်ခိုက်မှုတစ်ခုအား ရှောင်တိမ်းရန် လုံလောက်သောအချိန်မရှိပေ။
"ငါ့ကို ကယ်ပါ....."
ရှောင်ယာက အလျင်စလိုအော်လိုက်သည်။ ဤအချိန်တွင် သူ့မျှော်လင့်ချက်အား လျန်ပုထံတွင်သာ ပုံအပ်ထားနိုင်တော့၏။ လျန်ပုက ဟန်စမ်အား လျင်မြန်စွာသတ်ဖြတ်နိုင်မည်ဆိုလျှင် သူက အသက်ရှင်ရန်မျှော်လင့်ချက်တစ်ခု ရှိလာပေမည်။ ကံမကောင်းစွာနှင့် သူ၏နှလုံးအား ထိုးဖောက်သွားပြီး သူက သေအဲ့ဆဲဆဲဖြစ်နေသည်ကို သိသောကြောင့် ဟန်စမ်က သူ့နောက်ရှိ လျန်ပု၏တိုက်ခိုက်မှုအား လစ်လျူရှုခဲ့သည်။ သူ့လက်ထဲရှိဓားရှည်က ရှောင်ယာအား ခုတ်ပိုင်းလိုက်ပြီး သူ့နောက်ကျောကလည်း ဒဏ်ရာရသွားကာ နှစ်ဆယ်စင်တီမီတာကျော်ဒဏ်ရာတစ်ခုအား ချန်ထားခဲ့၏။
ထို့နောက် မီးလျှံမြားတစ်ခုက ဟန်စမ်၏ခန္ဓာကိုယ်အား ထိုးဖောက်သွားပြီး သူ၏အသက်အားအား လျင်မြန်စွာ လျော့ကျလာသည်။ သူက သွေးတစ်ပွက်အန်သွားပြီး ခက်ခက်ခဲခဲခေါင်းလှည့်ကာ လျန်ပုအား သတ်ဖြတ်ချင်စိတ်အပြည့်နှင့် စိုက်ကြည့်လိုက်၏။
"ငါ မင်းကို ငါနဲ့အတူ အပါမခေါ်သွားနိုင်တာ ဝမ်းနည်းစရာပဲ"
ထို့အတူ လျန်ပုကလည်း သတ်ဖြတ်ချင်စိတ်တို့ ပေါက်ကွဲထွက်လာသည်။ ရှောင်ယာအသတ်ခံရခြင်းက သူ၏ညာလက်မောင်းဖြတ်တောက်ခံရသလို ခံစားရစေပြီး သူ့အနေနှင့် အသက်ရှုရခက်ခဲလာပြီးစိတ်ဓာတ်ကျမတတ်ပင်။ ရှောင်ယာက အလွန်ငယ်ရွယ်သည်ကို မှတ်ထားရပေမည်။ သူက သိုင်းဆရာကြီးအဆင့်သို့ မရောက်သေးသော်လည်း အနာဂတ်တွင် သူက ရောက်ရှိနိုင်လောက်ပေ၏။
သူက သိုင်းပညာပါရမီရှင်ဖြစ်သော်လည်း ယခုကဲ့သို့ အသတ်ခံခဲ့ရ၏။ လျန်ပုက ဟန်စမ်အား အပိုင်းပိုင်းဆုတ်ဖြတ်ချင်သည်မှာ ထိန်းမရတော့ပေ။ သို့သော် ဆက်လက်တိုက်ခိုက်မည့်အစား သူက မီတာအနည်းငယ်အကွာတွင် ရပ်ကာ ပြောလိုက်၏"မင်းက ဆိုးဆိုးဝါးဝါးသေချင်တာလား။ ဒီနေရာကို ငါ့ဘိုးဘေး ဘာယူလာတယ်ဆိုတာ မင်း မမြင်ဘူးလား။ အဲဒါက သန္ဓေသားကိုးယောက်တစ္ဆေတစ်ရာအလံပဲ၊ အဲဒါက လူသားဝိညာဉ်တွေကို ဝါးမျို၊ မကျေမချမ်းတစ္ဆေတွေအဖြစ် ပြောင်းလဲပြီး လက်နက်ထဲမှာပဲ ထာဝရပိတ်မိစေနိုင်တဲ့ပစ္စည်းတစ်ခုပေါ့။ စောင့်နေစမ်းပါ၊ မင်း မကြာခင် အဆုံးမဲ့နာကျင်မှုနဲ့အတူ ရုန်းကန်ရလိမ့်မယ်၊ အနာဂတ်မှာ မင်းရဲ့ဝိညာဉ်က သန္ဓေသားကိုးယောက်တစ္ဆေတစ်ရာအလံရဲ့ဖျက်ဆီးမှုနဲ့အတူ ပြန့်ကျဲသွားရလိမ့်မယ်"
သူ၏ခြိမ်းခြောက်မှုအပေါ် ဟန်စမ်၏ဖြူရော်နေသောမျက်နှာက ပမာမခန့်တုံ့ပြန်ခဲ့သည်။ ဤကမ္ဘာတွင် တစ္ဆေတည်ရှိလိမ့်မည်ဟု သူ ဘယ်သောအခါမှ မယုံကြည်ပေ။ ဘာဝိညာဉ်နဲ့ဘာမကျေမချမ်းတစ္ဆေတွေလဲ။ အဲဒါတွေအားလုံးက မရယ်ရတဲ့ဟာသတစ်ခုပဲ။
ဟမ့်.....
အေးစက်သောနှာခေါင်းရှုံ့သံတစ်ခုကို ကြားလိုက်ရသည်။ သူ့မျက်နှာက ကြောက်ရွံ့မှုများ ထင်ဟပ်သွားပြီး ဟန်စမ်က အနည်းငယ်တုန်လှုပ်သွား၏။ သူ၏အသက်အားက လျင်မြန်စွာ ဆုံးရှုံးနေသော်လည်း သူ့အရှေ့ရှိလျန်ပုမျက်နှာမှ ကြောက်ရွံ့မှုကို သူက ရှင်းရှင်းလင်းလင်းမြင်နိုင်သေးသည်၊ ယခင်မောက်မာနေသောလျန်ပုက လက်ရှိတွင် သူ့လည်ပင်းနောက်ကျောအား လူငယ်တစ်ယောက်က ဆုပ်ကိုင်ထားခဲ့၏။
ထန်ရှု၏မျက်လုံးများက ဟန်စမ်အပေါ် ကျရောက်သွားပြီး သူက ပြောလိုက်၏"သူ ပြောတာ မှန်တယ်။ ငါက ကြားမဝင်ရင် မင်းရဲ့ဝိညာဉ်က အကျဉ်းကျသွားရလိမ့်မယ်။ မင်းရဲ့ခန္ဓာကိုယ်လုံးဝပျောက်ကွယ်သွားတဲ့အထိ မင်းက နေ့ရောညရော အကြမ်းတမ်းအရက်စက်ဆုံးနှိပ်စက်ညှင်းပန်းမှုကို ခံရမယ်၊ ပြီးရင် မင်းရဲ့ဝိညာဉ်က မကျေမချမ်းစွမ်းအင်တစ်ခု(မကျေမချမ်းတစ္ဆေလို့လဲ ခေါ်တယ်)အဖြစ် ပြောင်းသွားရလိမ့်မယ်။ မင်း အဲလိုအအခြေအနေကို ကျရောက်သွားတဲ့အခါကျရင် မင်း ဘယ်တော့မှ ပြန်လည်မမွေးဖွားနိုင်တော့ဘူး"
"မင်း ဘယ်သူလဲ" လျန်ပုက ကြောက်ရွံ့မှုပြည့်နှက်နေသောအကြည့်နှင့်အတူ မေးလိုက်၏။
"ဟမ့်" ထန်ရှုက သူ့အား အေးစက်စွာ နှာခေါင်းရှုံ့ကာ မေး၏"မင်းက လျန်မိသားစုရဲ့ခေါင်းဆောင်လား"
"ငါပဲ" လျန်ပုက လျင်မြန်စွာ ပြန်ဖြေလိုက်သည်"ငါ့ကို သွားခွင့်ပေးပါ၊ မဟုတ်လို့ကတော့ မင်းက ငါ့မိသားစုရဲ့ရန်သူဖြစ်လာလိမ့်မယ်။ ငါ့ဘိုးဘေးနှစ်ယောက်က ဒီနေရာမှာ ရှိတယ်၊ သူတို့က အရမ်းသန်မာတာနော်"
"ချီသန့်စင်ခြင်းအဆင့်ကိုရောက်ရှိနေတဲ့ပုရွက်ဆိတ်နှစ်ကောင်ကိုများ အရမ်းပြောင်မြောက်တယ်လို့ မင်းက ပြောနေတာလား" ထန်ရှုက သူ့အား သရော်လိုက်၏"ရေတွင်းအောက်ကနေ ကောင်းကင်ကို ကြည့်တဲ့ ဖားတစ်ကောင်လိုပဲလား။ မင်းရဲ့ဗဟုသုတက တိမ်လွန်းပါတယ်....."
ထန်ရှုက ပြောနေစဉ် လျန်မိသားစု၏လက်ရွေးစင်နှစ်ယောက်က သူ့အား အနောက်မှ ဓားမော့ဖြင့် အလစ်အငိုက်ခုတ်ပိုင်းလာသည်။
"သေစမ်း"
ထန်ရှုက လျှပ်စီးအလား ရွေ့လျားသွားခဲ့သည်။ သူက နှစ်မီတာအကွာရှိနေရာလပ်တစ်ခု၌ ထွက်ပေါ်လာပြီး သူ့အတွေးများက လှုပ်ရှားသွားကာ လျှပ်စီးမီးပွားဒါဇင်ကျော်က လေထဲမှ ထွက်ပေါ်လာပြီး ထိုလူနှစ်ယောက်၏အရေးကြီးအမှတ်များဆီသို့ မြားပမာ ပစ်လွှတ်ကာ သူတို့အား တိုက်ရိုက်သတ်ဖြတ်လိုက်၏။
သူ၏လည်ပင်းအား ထန်ရှု၏လက်ထဲတွင် ဝကွက်အပ်ထားလျက် သူ၏မိသားစုမှ ကျွမ်းကျင်သူနှစ်ယောက်သေသွားသည်ကို လျန်ပုက အကူအညီမဲ့စွာ ကြည့်နေရသည်။ သူ့နှလုံးသားက ရေခဲတွင်းတစ်ခုထဲသို့ ကျရောက်နေသလို ဖြစ်ပြီး သူ့စိတ်ထဲတွင် ကြောက်ရွံ့မှုက မွေးဖွားလာသည်။ သူတို့က သိုင်းဆရာကြီးအဆင့်ကို မရောက်သေးသော်လည်း သိပ်မဝေးပေ၊ သို့သော် ဤလူငယ်က လျှပ်စစ်အထူးစွမ်းရည်တစ်ခုကို အသုံးပြုကာ သူတို့အား အလွယ်တကူသတ်ဖြတ်နိုင်ခဲ့၏။ ဤလူငယ်၏စွမ်းအားက သူပိုင်ဆိုင်ထားသောမီးစွမ်းပကားအထူးစွမ်းရည်ထက် ဆယ်ဆကျော်ပိုအားကောင်းနေမည်မှာ အသေအချာပင်။
"မင်းတို့အားလုံးရပ်စမ်း...."
ထန်ရှုက သွေးခဲစပါးအုံးအား ပူးပေါင်းတိုက်ခိုက်နေသောလျန်မိသားစု၏ဘိုးဘေးနှစ်ယောက်အား ကြည့်လိုက်သည်၊ ထို့နောက် ပတ်ပတ်လည်အား ကြည့်ကာ ကျယ်လောင်စွာ အော်လိုက်၏။ သူ့အသံက အလွန်ကျယ်လောင်လှပြီး လှိုင်းလုံးများ လိမ့်လာသည့်ပမာ ဦးတည်ဘက်တိုင်းဆီသို့ အဆက်မပြတ် ကူးပြောင်းသွားခဲ့သည်။
ထန်ရှုမှ မီတာတစ်ရာအကွာတွင် စုန့်တုံလိုင်နှင့်အောင်းဝေ့တို့က လျန်မိသားစုမှကျွမ်းကျင်သူလေးယောက်၏ဝန်းရံတိုက်ခိုက်မှုအောက်တွင် အလူးအလဲရှောင်တိမ်းနေရပြီး သွေးများဖြင့် ပေကျံနေသည်။ အခြားတစ်ဖက်တွင် ကုန်းချွမ်က အသတ်ခံထားရပြီး အနီးနားရှိမြေပြင်ပေါ်၌ လဲလျောင်းနေ၏။
"ဘာဖြစ်တာလဲ"
"ခေါင်းဆောင်"
"ဒါ ဘယ်သူလဲ"
လျန်မိသားစုဝင်ကျွမ်းကျင်သူဆယ်ယောက်ကျော်က တိုက်ခိုက်မှုအား ရပ်တန့်ကာ လျင်မြန်စွာ စုဝေးလာခဲ့ကြသည်။ သူတို့က ပြောင်မြောက်သည့်ရန်သူတစ်ယောက်အား ရင်ဆိုင်နေရသည့်အလား ထန်ရှုအား ကြည့်လိုက်ကြ၏။ သို့သော် သူတို့၏ခေါင်းဆောင်လျန်ပုအား ထိုလူက ဖမ်းထားသည်ကို မြင်ပြီး သူတို့၏စိတ်ထဲ၌ တုန်လှုပ်သွားခဲ့ကြသည်။
လျန်ဝမ်ထျန်းက မျက်မှောင်ကြုတ်ကာ အော်လိုက်သည်"ဝမ်ရှင်း၊ ဒီသွေးခဲစပါးအုံးနဲ့ ရင်ဆိုင်ထားလိုက်"
ပြောပြီးနောက် သူက ထန်ရှုမှ ဆယ်မီတာအကွာတွင် ချက်ချင်းထွက်ပေါ်လာသည်။ ထို့နောက် သူက မေးလိုက်၏"မင်းရဲ့အခြေအနေကို ပြောပါ"
ထန်ရှုက သူ့အား အေးစက်စက်ကြည့်ကာ ပြောလိုက်သည်"အောင်းဝူ၊ အဲဒီလူအိုကြိးကို ဖမ်းလိုက်။ ပြီးရင် သွေးခဲစပါးအုံးကို ငါ့ဆီ ယူလာခဲ့"
"ဟုတ်ကဲ့ပါ....."
မိုအားဝူက တောင်ခါးပန်းမှ ခုန်ချလာပြီး လျန်ဝမ်ရှင်းဆီ လျှပ်စီးတစ်ခုအလား ပြေးလာကာ လျှပ်တစ်ပြက်အတွင်း အဘိုးကြီးအရှေ့၌ ထွက်ပေါ်လာပြီး လျန်ဝမ်ရှင်း၏အမူအရာအား အကြီးအကျယ်ပြောင်းသွားစေခဲ့၏။ ထို့နောက် လေးလံပြင်းထန်သောလက်သီးတစ်ချက်အား လျန်ဝမ်ရှင်း၏ဝမ်းဗိုက်သို့ ပို့လွှတ်ကာ သူ့အား နောက်သို့ လွင့်ထွက်သွားစေသည်။ ထို့နောက် သူက ထပ်ကြပ်မကွာလိုက်သွားကာ ထန်ရှု၏နည်းလမ်းအား အတုခိုးလျက် လျန်ဝမ်ရှင်း၏လည်ပင်းအား ဆုပ်ကိုင်လိုက်သည်။
"ငါ့ကို အောက်ချစမ်း...."
မည်သည့်နည်းစနစ်သို့မဟုတ်ကျွမ်းကျင်မှုတစ်ခုမှမပါဘဲ ရိုးရှင်းသောလက်သီးမျှဖြင့် မိုအားဝူက သွေးခဲစပါးအုံး၏ခန္ဓာကိုယ်အား တရစပ်ထိုးနှက်ခဲ့ပြီး ၎င်းက တရှဲရှဲအော်မြည်နေလေသည်။ မိုအားဝူက သူ၏ခြေထောက်ဖြင့် ကန်လိုက်ရာ ၎င်းက နောက်သို့ လွင့်ထွက်သွား၏။ ထို့နောက် ၎င်းက ထန်ရှုအရှေ့မီတာနှစ်ဆယ်အကွာရှိမြေပြင်ပေါ်သို့ ကျသွား၏။ ၎င်းက ရုန်းကန်ကာ တရှဲရှဲအော်နေသော်လည်း လုံးဝမလှုပ်ရှားနိုင်တော့ပေ။
ဒီလောက်တောင် အထက်စီးဆန်တာ၊ ဒီလောက်တောင် အားကောင်းတာလား.....
မိုအားဝူပြသလိုက်သောခွန်အားက ရှိနေသူတိုင်းအား ကျောချမ်းသွားစေသည်။ လျန်မိသားစုဝင်တိုင်း၏မျက်လုံးများက ကြေးခေါင်းလောင်းတစ်ခုထက် ပိုကြီးပိုကျယ်သွားပြီး အဆုံးစွန်းအထိ ထိတ်လန့်သွားကာ နောက်သို့ အလိုအလျောက်ဆုတ်မိသွားကြ၏။
"ဆရာထန်"
ဤအချိန်တွင် စုန့်တုံလိုင်နှင့်အောင်းဝေ့တို့ထက် ပိုပျော်ရွှင်ပြီးပိုကျေးဇူးတင်နေမည့်သူက ရှိမည့်မဟုတ်ပေ။ ဟန်စမ်က ဆိုးဆိုးဝါးဝါးဒဏ်ရာရသွားသည်ကို နှစ်ယောက်လုံး သတိပြုမိခဲ့ပြီး သူက ဒဏ်ရာမှ အသက်ရှင်နိုင်မည့်ပုံမပေါ်ပေ။ သူတို့က ဤနေရာတွင် သေရမည်ဟု တွေးထားခဲ့ကြသည်။ ထန်ရှုက အနေအထားအား ရုတ်တရက် ကိုင်တွယ်လိမ့်မည်ဟု သူတို့က မမျှော်လင့်ထားခဲ့ပေ။
ထန်ရှုက သူ့အား ခေါင်းညိတ်ကာ တုံ့ပြန်လိုက်၏။ သူ၏ဘယ်ဘက်လက်က လျှို့ဝှက်အတတ်ချိတ်တံဆိပ်အား ဖွဲ့စည်းလိုက်ပြီး လေထဲတွင်ပေါလောပေါနေသောသန္ဓေသားကိုးယောက်တစ္ဆေတစ်ရာအလံက လှည်းဖြင့် ဆွဲလာသည့်အလား သူ့လက်ထဲသို့ ရောက်ရှိလာခဲ့သည်။
"မင်း ဒီပစ္စည်းကို သန့်စင်ခဲ့တာလား"
ဤအချိန်တွင် လျန်ဝမ်ထျန်းကလဲ တုန်လှုပ်ချောက်ခြားသွားတော့၏။ သူနှင့်သူ့အကိုက နှစ်ပေါင်းတစ်ရာကျော် ကျင့်ကြံခဲ့ပြီး သူတို့၏ခွန်အားက ပြီးပြည့်စုံခြင်းအထွတ်အထိပ်ကို ရောက်ရှိထားသည်ဟု သူက တွေးထားခဲ့သည်။ ယခုကဲ့သို့ မထင်မရှားလူတစ်ယောက်က လျန်ဝမ်ရှင်းအား အလွယ်တကူဖမ်းဆီးနိုင်မည်ဟု သူ ဘယ်သောအခါမှ မမျှော်လင့်ထားခဲ့ပေ။
"မင်း ဘယ်သူလဲ"
လျန်ဝမ်ထျန်းက ထန်ရှု၏မေးခွန်းအား မဖြေဘဲ အလွန်ပြောင်မြောက်သောရန်သူတစ်ယောက်အား ရင်ဆိုင်နေရသည့်မျက်နှာနှင့် ကျယ်လောင်စွာ မေးလိုက်သည်။
ထန်ရှုးက လျန်ပုအား သွေးကြောပိတ်ပြီး မြေပြင်ပေါ်သို့ ခွေးသေတစ်ကောင်အလား ပစ်ထုတ်လိုက်၏။ ထို့နောက် သူက ဂရုမစိုက်ဟန်ဖြင့် ပြန်ဖြေလိုက်သည်"ငါ ဘယ်သူလဲဆိုတာ အရေးမကြီးဘူး။ ဘာက ပိုအရေးကြီးသလဲဆိုတော့ မင်းက ဒီပစ္စည်းကို သန့်စင်ခဲ့သလား ဒါမှမဟုတ် မသန့်စင်ခဲ့သလားဆိုတာပဲ"
လျန်ဝမ်ထျန်းက အသက်ပြင်းပြင်းရှုသွင်းကာ ပြောလိုက်၏"ငါတို့ လုပ်ခဲ့တာ။ ငါတို့ အဲဒါကို သန့်စင်ခဲ့တာ"
"မင်းတို့လျန်မိသားစုဝင်တွေက တကယ်ကို အံ့ဩစရာပဲ....မင်းတို့က ဒီလိုဆိုးယုတ်ရက်စက်တဲ့တစ္တေလက်နက်ကို သန့်စင်ရဲတာပေါ့လေ" ထန်ရှုက အေးစက်စွာ ပြောလိုက်၏။
သူ့အသံက ရှိနေသူတိုင်းပေါ်သို့ ကျရောက်သွားပြီး ထန်ရှုဘေးနားတွင်ရပ်နေသောကျင်းရှီက မြေပြင်ပေါ်တွင်လဲကျနေသောလျန်ပုအား ချက်ချင်းထိုးနှက်ကာ တိုက်ရိုက်သတ်ဖြတ်လိုက်သည်။ သတ်ဖြတ်ခြင်းဆန္ဒဆူဝေနေလျက် သူက လျန်ဝမ်ထျန်းနဲ့လျမ်ဝမ်ရှင်းတို့အား စိုက်ကြည့်လ်ိုက်၏။
လျန်ဝမ်ထျန်း၏မျက်လုံးက ကျဉ်းမြောင်းသွားပြီး သူက အော်ဟစ်လိုက်၏"မင်းတို့ကောင်တွေ....ငါ့လျန်မိသားစုရဲ့လက်ရှိခေါင်းဆောင်ကို သတ်ရဲတယ်ပေါ့။ မင်းတို့က ငါ့မိသားစုနဲ့ ကမ္ဘာ့ရန်ဘက်ဖြစ်ချင်နေတာလား"
"ဟမ့်၊ မင်းရဲ့လျန်မိသားစုတစ်ခုတည်းနဲ့ မင်းက ငါ့ရန်သူဖြစ်ချင်နေတာလား" ထန်ရှုက အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။
***