← Chapters

အင်အား ငှားရမ်းခြင်း

Vol. 16 Ch. 220

အင်အား ငှားရမ်းခြင်း

Vol. 16 Ch. 220

ဤသို့သော အခြေအနေမျိုးတွင် လူများစွာကို စုစည်း  နိုင်သည်က တာ့ရှီရှုန်း စွမ်းရည်သာ ဖြစ်၏။ ကျောက်တံခါးသည် အပြင်ဘက်မှ တိုက်ခိုက် မှုများကြောင့် ပြိုကျသွားမည့် ကိစ္စနှင့် ပတ်သက်၍ အတွင်းဘက်မှ ကျင့်ကြံသူများ၏ တုံ့ပြန်မှုမှာလည်း မြန်ဆန်လှသည်။ မိုဝူကျီ စကားဆုံးသည်နှင့် အားလုံးက ကိုယ်ပိုင် မှော်ရတနာများ ဆွဲကိုင်ပြီး တံခါးကို တိုက်ခိုက် ကြတော့သည်။

ကျောက်ခန်းမက ဘာမျှ မဖြစ်လျှင်ပင် ကျောက်တံခါးမှာ အားလုံး၏ ပူးပေါင်း တိုက်ခိုက်မှုကို ခံနိုင်ရည် ရှိမည် မဟုတ်ပေ။ သို့သော် ကျောက်ခန်းမကား ကျောက်တံခါးနှင့် အတူ တုန်ခါ လာလေသည်။ ထို့ကြောင့် ကျင့်ကြံသူ အုပ်စု၏ ပူးပေါင်း တိုက်ခိုက်မှု တစ်ကွက်တည်းဖြင့် တံခါးတွင် အက်ကြောင်း ပေါ်လာလေသည်။ အားလုံးက တံခါးကို ဖြတ်၍ အပြေးအလွှား ထွက်သွား ကြတော့သည်။ ကံကောင်းလှစွာ ကျောက်လှေကားက ကျန်ရှိ နေသေး၏။ တစ်ယောက်ချင်းစီ အပြေးအလွှား တက်သွားကြပြီး မြေကြီးထဲမှ ထွက်လာ ကြတော့သည်။

အပေါ်တွင် တိုက်ပွဲ ဖြစ်နေသည့် ကျင့်ကြံသူ နှစ်ယောက်က မြေကြီးထဲမှ လူနှစ်ဆယ်လောက် ရုတ်တရက် ထွက်ပေါ် လာမှုကြောင့် တိုက်ခိုက်မှုကို ရပ်လိုက်ကြသည်။ မိုဝူကျီ မြင်သည့် ပထမဆုံး ပုဂ္ဂိုလ်မှာ ခိုကိုးရာမဲ့ ဖြစ်နေသည့် ဘွားဘွားလင်းလောင် ဖြစ်လေသည်။ သူမ ခန္ဓာကိုယ်တွင် သွေးခြောက်များ ပေပွနေကာ အသက်ဝအောင် ရှူရှိုက်ရင်း ကျောက်တုံးကြီးကို မှီထားလေသည်။

သူမ ရန်သူမှာ အနက်ဝတ် အမျိုးသား ဖြစ်ကာ မောပန်းနေရင်း ဒဏ်ရာ ရထားသည်မှာ အတူတူ ဖြစ်လေသည်။ သူ့အခြေအနေ မှာလည်း ဘွားဘွားလင်းလောင်ထက် မကောင်းနိုင်ချေ။

ဘွားဘွားလင်းလောင်က မိုဝူကျီကို တွေ့သည်နှင့် သူမက သက်ပြင်း ချလိုက်တော့သည်။ သူမက အနီးအနားတွင် ကောင်းကင်ဖွေရှာ နန်းတော်မှ တစ်ယောက်ယောက် ရှိနေမှန်း သိ၍ သူမက ဝမ်းသာ သွားလေသည်။ သူမအတွက် ရန်သူလက်ထဲမှ လွတ်မြောက်ဖို့ ဆိုသည်မှာ မဖြစ်နိုင်ချေ။ ထို့အပြင် ပင်လယ်က လေးဘက်လေးတန် ဝန်းရံ ထားသေး၍ သူမအတွက် တည်နေရာကိုပင် သေချာ မပြောပြနိုင်ပေ။ ဤနေရာတွင် တိုက်ခိုက်ရန် ရပ်လိုက်ခြင်းက အလွန် အန္တရာယ် များလှသည်။ သူတို့ တိုက်ခိုက်သည်နှင့် သူမက လွတ်မြောက်ဖို့ရန် အခွင့်အရေး ရတော့မည် မဟုတ်ပေ။

ထို့ကြောင့် သူမက ကောင်းကင်ဖွေရှာ နန်းတော်မှ အကူအညီကို အားထားခဲ့ခြင်း ဖြစ်သော်လည်း ရောက်လာသူမှာ မိုဝူကျီ ဖြစ်နေ လိမ့်မည်ဟု ထင်ထားပါ့ မည်နည်း။ အနည်းဆုံးတော့ အကြီးအကဲ တစ်ယောက် သို့မဟုတ် မြေကမ္ဘာအဆင့် ကျင့်ကြံသူနှင့် အထက် ဖြစ်နေလျှင် သူမ အသက် ရှင်နိုင်ခြေ ရှိသေး၏။ သို့သော်လည်း မိုဝူကျီ ပေါ်လာ၍ သူမ မျှော်လင့်ချက် အားလုံး ပျောက်ဆုံး သွားလေသည်။

အနက်ဝတ် အမျိုးသားက ပေါ်လာသည့် ကျင့်ကြံသူ အားလုံးက အလွန် အားနည်းလှ၍ သူနှင့် မယှဉ်နိုင်ကြောင်း သိလိုက်သည်။ ဒုက္ခပေး နိုင်သည့် တစ်ဦးတည်းသော သူမှာ ရက်အတော်ကြာ လိုက်နေခဲ့ ရသည့် အမျိုးသမီးသာ ဖြစ်လေသည်။ ထို့ကြောင့် ကျန်အရာ အားလုံးက သူမကို သတ်ပြီးသည့် အချိန်အထိ စောင့်ဆိုင်း နိုင်လေသည်။ သို့သော် သူက ဘွားဘွားလင်းလောင်ဆီ ခုန်မဝင်ခင် မိုဝူကျီက အော်ပြောလိုက်သည်။

“အားလုံး မြန်မြန် ထွက်မသွား ကြနဲ့ဦး။ ဖုတ်ကျင့်ကြံ သူက အင်မော်တယ် အမွေ ရထားတာ  ဆိုတော့ ကျုပ်တို့ကို နှုတ်ပိတ်ဖို့ ကြိုးစားလိမ့်မယ်။ အဲဒါကြောင့် သူထွက်လာတာနဲ့ အတူတူ ချကြစို့ … တကယ်လို့ ကျုပ်တို့ မအောင်မြင်ခဲ့ရင် နေရာခွဲပြီး ထွက်ပြေးကြမယ်။ ကျုပ်တို့ထဲက တစ်ယောက် လွတ်သွားတာနဲ့ ဖုတ်ကျင့်ကြံသူက သူ့လျှို့ဝှက်ချက်ကို ထိန်းထားနိုင်မှာ မဟုတ်တော့ဘူး …”

အင်မော်တယ် အမွေအနှစ် …

ထိုစကား နှစ်လုံးမှာ ဘွားဘွားလင်းလောင်ကို မှင်တက် သွားစေရုံ သာမက အနက်ဝတ် အမျိုးသားလည်း မှင်တက် သွားလေသည်။

အင်မော်တယ်‌ အမွေအနှစ်က ဘာများလဲ … ထိုသည်က ဒဏ္ဍာရီထဲမှ အင်မော်တယ်တွေ ချန်ထား ရစ်ခဲ့သော ထိပ်တန်းရတနာ ဖြစ်လေ၏။ သာမန် ကျင့်ကြံသူများ အတွက် ထိပ်တန်းဝိညာဉ် ပစ္စည်း ရရှိခြင်းက သူတို့ လုပ်နိုင်သည့် အကောင်းဆုံး အရာ ဖြစ်လေသည်။ သို့သော် ထိပ်တန်း ဝိညာဉ်ပစ္စည်းများကို အင်မော်တယ် အမွေအနှစ် ရှေ့တွင် အမှိုက်ဟုပင် ယူဆ၍ ရလေသည်။

နောက်နည်းလမ်း တစ်ခုမှာ လူတစ်ယောက်က မည်မျှပင် ဆိုးရွား နေပါစေ သူသာ အင်မော်တယ် အမွေအနှစ် ရရှိပါက သူ့တောင်ပံများကို ဖြန့်၍ ထူးဆန်း အံ့ဩဖွယ် အင်မော်တယ်ထဲမှ တစ်ယောက် ဖြစ်လာနိုင်လေသည်။

“ဘမ်း …” နောက်ထပ် ပေါက်ကွဲသံ ထွက်ပေါ်လာကာ အလောင်းကောင်၏ အနံ့ဆိုးဆိုးက လေထဲ ပျံ့နှံ့ လာလေသည်။

ထိုသည်က အစစ်အမှန် ဖုတ်ကျင့်ကြံသူလား ... အနက်ဝတ် အမျိုးသားက ချက်ချင်းပင် တက်ကြွ လာလေသည်။ မိုဝူကျီ ပြောထားသည့် အတိုင်း ထိုဖုတ်ကောင်သည် သူတို့ကို နှုတ်ပိတ်ရန် ရောက်လာခြင်း ဖြစ်ရမည်။

“အားလုံး တိုက်ကြ…” ဤတစ်ကြိမ်တွင် အင်မော်တယ် အမွေအနှစ် အကြောင်း ဘာမျှ မဆိုဘဲ မိုဝူကျီက သူ့ထျန်းဂျီတုတ်ကို ကိုင်ဆွဲ လိုက်တော့သည်။ အင်မော်တယ် အမွေအနှစ်လို ရတနာသည် တစ်သက်မှ တစ်ခါ ထွက်ပေါ်လာခြင်း ဖြစ်သည်။ အကယ်၍ သူသာ ထိုစကား နှစ်လုံးကို ထပ်ခါ ထပ်ခါ ပြောနေလျှင် ကျန်သူများက သူ့အား သံသယ ဝင်ပေလိမ့်မည်။ အရေးကြီးဆုံးက မိုဝူကျီသည် ဖုတ်ကျင့်ကြံသူကို အင်မော်တယ် အမွေအနှစ် အကြောင်း မသိစေလိုပေ။

ထင်ထားသည့် အတိုင်း မိုဝူကျီနှင့် အပေါင်းအပါများ မတိုက်ခိုက်ခင် အနက်ဝတ် အမျိုးသားက ဖုတ်ကျင့်ကြံသူဆီ ခုန်ဝင် သွားလေသည်။ အင်မော်တယ် အမွေအနှစ်နှင့် နှိုင်းယှဉ်လျှင် ဘွားဘွားလင်းလောင်က ဘာမျှ မဟုတ်ချေ။ အလင်းတန်းများက ပြေးထွက် လာသည့်အတွက် ဖုတ်ကျင့်ကြံသူမှာ အနက်ဝတ် အမျိုးသား၏ ပိတ်ဆို့ခြင်းကို ခံလိုက် ရလေသည်။

မိုဝူကျီက သူတို့ကို ဖုတ်ကျင့်ကြံ သူဆီ ချီတက်ဖို့ ပြောသည်ကို မည်သူကမျှ မကြားကြသည့် အတွက် တချို့မှာ အကြမ်းဖျင်း နားလည် သွားကြသည်။ အကြောင်းမှာ သူတို့အတွက် အနက်ဝတ် အမျိုးသားကို ဖုတ်ကျင့်ကြံ သူနှင့် ရင်ဆိုင်လိုခြင်း ဖြစ်ကြောင်း သိလိုက် ကြလေသည်။

လူအများက လှည့်ထွက်သွား ကြပြီး မကြာခင်တွင် အဝေးရောက် သွားကြလေသည်။ သို့သော်လည်း အများစုမှာ သင်္ဘော မရှိကြောင်း သိ၍ အမှန်အကန် မလွတ်မြောက်နိုင်မှန်း သတိပြုမိကာ နောက်တွင် နေခဲ့ကြလေသည်။

မိုဝူကျီက ဘွားဘွားလင်းလောင်ဆီ သွားရင်း လေးလေးစားစား ဦးညွှတ်လိုက်ကာ …

“အကြီးအကဲ … စီနီယာ အင်အားက ကျုပ်တို့ထက် အများကြီး သာတယ်ဆိုတော့ ဟိုအနက်ဝတ် အမျိုးသားနဲ့ ဖုတ်ကျင့်ကြံသူတို့ တိုက်နေတဲ့ အထဲ ပါဝင်ဖို့ ဖိတ်ခေါ် ချင်ပါတယ်။ တကယ်လို့ အဲဒီ ဖုတ်ကျင့်ကြံသူသာ ထွက်ပြေးသွားရင် အတော်လေး အခက် တွေ့ရလိမ့်မယ် …”

အနက်ဝတ် အမျိုးသားနှင့် ဘွားဘွားလင်းလောင် တို့က သူတို့အင်အား ဆယ်ပုံ တစ်ပုံလောက် ကျန်သည်အထိ တိုက်ခိုက် ထားသော်လည်း မိုဝူကျီက သူတို့ကို ရန်စဖို့ရာ မတတ်နိုင်မှန်း သိ၏။

ဘွားဘွား လင်းလောင်သည် မိုဝူကျီ၏ ကူညီပေးဖို့ရန် တောင်းဆိုသည့် စကား နောက်ကွယ်မှ အဓိပ္ပာယ်ကို နားလည် သွားလေသည်။ သူမနာမည်မှာ လင်းလောင်ဖြစ်သည့် အကြောင်းမှာ သူမက တခြား လူများ၏ အမြင်ကို အလွယ်တကူ နားလည်၍ လေ့လာနိုင်စွမ်း ရှိသောကြောင့် ဖြစ်သည်။

ထို့ကြောင့် ဘွားဘွားလင်းလောင်က မိုဝူကျီ၏ အကြံကို ချီးကျူးမိ လိုက်သည်။

ယခုအခါ မိုဝူကျီက သူမကို ကူညီရန် ဖိတ်ခေါ်သည့် အတွက် သူမက တိုက်ခိုက်ဖို့ အင်အား မကျန်တော့သည့် အချက်ကို ထည့်မတွက်လျှင်ပင် …

“ငါက အဆိပ်မိနေတာ။ ငါက ဆေးလုံးတွေနဲ့ ထိန်းထားပေမဲ့ အချိန်မီ ပြန်ကောင်းလာမှာ မဟုတ်လောက်ဘူး။ ဖုတ်ကျင့်ကြံသူက အင်မော်တယ် အမွေတကယ် ရခဲ့တာလား ...”

ထိုသို့ ကြားပြီး မိုဝူကျီက ဖူချန်းဘက်သို့ လှည့်ကာ ပြောလိုက်သည်။

“အစ်ကိုဖူ ... မြေပုံ ထုတ်ပြ လိုက်ပါဦး …”

ဖူချန်းက တွန့်ဆုတ်နေခြင်း မရှိဘဲ မြေပုံကို မိုဝူကျီဆီ ပေးကာ ဖွင့်ပြ လိုက်လေသည်။

”အကြီးအကဲ ကြည့်ကြည့်ပါ။ ကျုပ်တို့က ဒီမြေပုံကနေ လိုက်လာကြတာ။ ကျုပ်တို့တွေ အင်မော်တယ် အမွေတွေ့တာနဲ့ ဖုတ်ကျင့်ကြံသူပါ တွေ့လာမယ်လို့ ထင်မထားမိဘူး။ ဖုတ်ကျင့်ကြံသူက အင်မော်တယ် အမွေကို လုယူထားရုံတင် မကဘူး ကျုပ်တို့ကိုလည်း နှုတ်ပိတ်  ချင်နေတာ …”

အနက်ဝတ် အမျိုးသားက ဖုတ်ကျင့်ကြံသူနှင့် ရင်ဆိုင်နေစဉ် သူ့စိတ် စွမ်းအားဖြင့် ဘွားဘွားလင်းလောင်ကို ဆက်တိုက် စောင့်ကြည့် နေလေသည်။ သို့သော် သူက ဖုတ်ကျင့်ကြံသူကို အလွတ် မပေးနိုင်ပေ။

မိုဝူကျီက ဖူချန်းလက်ထဲမှ မြေပုံ ဖွင့်လိုက်သည့် အခါ သူက စိတ်စွမ်းအားဖြင့် ရှင်းရှင်းလင်းလင်း မြင်လိုက် ရလေသည်။ ထိုအရာက အတုအယောင် ဖြစ်မည်ကို စိုးရိမ်စရာ မလိုတော့ပေ။ ထိုသို့သော မြေပုံကို အလောတကြီး ပြုလုပ်၍ မရချေ။ အင်မော်တယ် အမွေအနှစ်က ဤနေရာတွင် ရှိနေနိုင်ကာ မိုဝူကျီ ပြောသည့်အတိုင်း သူတို့ တွေ့ရှိသည်ကို ဖုတ်ကျင့်ကြံသူက လုယူသွားသည်က ဖြစ်နိုင်ချေ ရှိလေသည်။ ဖုတ်ကျင့်ကြံသူက သူတို့ကို အရင် မသတ်သေးသည်မှာ ဖုတ်ကျင့်ကြံသူက အင်မော်တယ် အမွေအနှစ်ကို ရှာဖွေ ထိန်းသိမ်းလို၍ ဖြစ်ရမည်။ အင်မော်တယ် အမွေအနှစ်နှင့် ယှဉ်လျှင် ကျန်သည့်အရာ အားလုံးမှာ ဘာမှ မဟုတ်ချေ။

အင်မော်တယ် အမွေအနှစ်လို ရတနာမျိုးကို ရှာတွေ့သည်နှင့် တတ်နိုင်သမျှ မြန်မြန် ထိန်းသိမ်း ထားသင့်သည်။ မဟုတ်လျှင် တခြားဆီ ရောက်သွားလိမ့်မည်။ မိုဝူကျီနှင့် တခြား လူများကဲ့သို့ ပမွှားလေးများ အတွက် အင်မော်တယ် အမွေအနှစ်ကို ထိန်းသိမ်းပြီးမှ သတ်လို့ ရလေသည်။

အင်မော်တယ် အမွေအနှစ် တည်ရှိမှုကို အတည် ပြုပြီးနောက် အနက်ဝတ် အမျိုးသား၏ တိုက်ခိုက်မှုများက ပြင်းထန် လာလေသည်။ ဖုတ်ကျင့်ကြံသူလည်း ရူးသွပ်တော့ မတတ် ဖြစ်နေလေသည်။ သူ့ကျင့်ကြံဆင့် အတွက် ပမွှားလေး တချို့ ဖမ်းဆီးပြီး အဆင့် တက်ဖို့ရာ ကြံစည်ထား သော်လည်း ထိုမျှ အားကောင်းသော ကျင့်ကြံသူနှင့် တွေ့လိမ့်မည်ဟု မည်သူက တွေးထားမည်နည်း။ အကယ်၍ ထိုလူသာ မမောပန်းနေလျှင် သူအသတ်ခံ ပြီးသည်မှာ ကြာလောက်လေပြီ။ ကံဆိုးလှစွာ သူက မိုဝူကျီအရင်က ပြောသည့် စကားများကို မကြားလိုက်ပေ။ မဟုတ်လျှင် သူ့တွင် အင်မော်တယ် အမွေအနှစ် မရှိကြောင်း ရှင်းပြမိ လိမ့်မည်။

မိုဝူကျီက အနက်ဝတ် အမျိုးသား အသည်းအသန် တိုက်ခိုက် နေသည်ကို တွေ့သောကြောင့် ဘွားဘွားလင်းလောင်ကို တီးတိုး မေးလိုက်သည်။

“စီနီယာ ဘာအဆိပ် မိထားတာလဲ …”

ဘွားဘွား လင်းလောင်က မိုဝူကျီသည် သူမကို ကယ်တင်ချင်မှန်း သိသည့်အတွက် သက်ပြင်းချရင်း ဖြေလိုက်လေသည်။

“ငါမိလာတဲ့ အဆိပ်ကို သိသိလိုက်ချင်း ဖြေဆေးကို ငါကိုယ်တိုင်တောင် မဖော်စပ် နိုင်ခဲ့ဘူး။ အဆင့်၇ ကောင်းကင်အဆင့် ဆေးလုံး လိုနေတာ။ ဆေးပင်တွေ ကလည်း အတော်လေး တန်ဖိုးကြီးတယ်။ အနက်ဆေးလုံး ...”

“စီနီယာက အကြောဆိပ် မိလာတာလား …” မိုဝူကျီက ဘွားဘွားလင်းလောင်ကို ကျောက်စိမ်းပုလင်း လှမ်းပေးရင် ပြောလိုက်သည်။

“ဒီဆေးလုံး အကွဲလေးကို မြန်မြန် သောက်လိုက်ပါ။ ဖုတ်ကျင့်ကြံသူက အားသိပ် မကောင်းဘူး ဆိုတော့ မကြာခင် သေသွားလိမ့်မယ် …”

“ဒါက အနက် ဆေးလုံးလား ... မင်း ...” စကားတချို့ ပြောပြီး နောက်တွင် ဘွားဘွားလင်းလောင်က ဆေးလုံး အကွဲကို ပါးစပ်ထဲ ထည့်ကာ မျက်လုံးကို မှိတ်ထားလိုက်သည်။

အနက်ဝတ် အမျိုးသားက ဘွားဘွားလင်းလောင် ဆေးသောက် လိုက်သည်ကို မြင်ပြီး တစ်ခုခု ခံစားမိကာ သူမဆီ အလင်းတန်း ပစ်လွှတ် လိုက်လေသည်။

မိုဝူကျီက နောက်မဆုတ် တော့ချေ။ သူ့ထျန်းဂျီတုတ်ဖြင့် အလင်းတန်းကို တိုက်ရိုက် ဝှေ့ယမ်း လိုက်တော့သည်။

“ဘမ်း …” အလင်းတန်းမှ လာသော သဘာဝ စွမ်းအားများက နေရာအနှံ့ ပြန့်ကျဲ သွားလေသည်။ ထိုစွမ်းအားက မိုဝူကျီကို ဆယ်မီတာလောက် လွင့်စဉ် သွားစေသည်။ သို့သော် တစ်ဝက်တစ်ပျက်တွင် ဖူချန်းက သူ့ကို ဖမ်းထားနိုင် လိုက်လေသည်။

အမှန်ပင် တစ်ခုခု ဖြစ်လာလေသည်။ ပြင်းပြင်းထန်ထန် အပြုအမူ အနေဖြင့် အနက်ဝတ် အမျိုးသား ခန္ဓာကိုယ်က အနီရောင် တောက်ပလာပြီး သူ့ဝန်းကျင်တွင် ကြောက်မက်ဖွယ် အရှိန်အဝါများ ထွက်ပေါ် နေလေသည်။

“ဘမ်း …” အနီရောင် အလင်းက ဖုတ်ကျင့်ကြံသူဆီ ရောက်သွားပြီး ဓားနီဖြင့် သူ့ခေါင်းကို ဖြတ်လိုက်လေသည်။ အနက်ဝတ် အမျိုးသား လက်သည်းအောက်တွင် ဖုတ်ကျင့်ကြံသူကား အပိုင်းပိုင်း အစစ ပေါက်ကွဲ သွားလေသည်။

ထို့နောက် ဘွားဘွားလင်းလောင်က မျက်လုံး ပြန်ဖွင့်လာပြီး လေထဲသို့ ခုန်ဝင် လိုက်သည့်အခါ ထောက်တိုင် သုံးခုပါသည့် ဒယ်စောက်က အနက်ဝတ် အမျိုးသား နောက်ကျောဘက်သို့ ပြေးဝင် သွားလေသည်။

သူ့ရှေ့မှ အဖြစ်အပျက်များကို ကြည့်ပြီး မိုဝူကျီက ကြောင်သွားမိသည်။ ရှီကျင်းဝမ်၏ ဒယ်စောက်သုံး၍ တိုက်ခိုက်ခြင်း နည်းလမ်းမှာ ဘွားဘွားလင်းလောင် ဆီမှ လက်ဆင့်ကမ်း ရလာကြောင်း ဖြစ်ရမည်ဟု တွေးလိုက်မိသည်။

“ဘမ်း ...” ဧရာမ ဒယ်စောက်ကြီးက အနက်ဝတ် အမျိုးသား နောက်သို့ ထိမှန်သွားရာ သွေးများပင် အန်ထွက် လာစေသည်။

ထိုသို့ ဖြစ်နေလျှင်ပင် အနက်ဝတ် အမျိုးသားက ဘွားဘွား လင်းလောင်ဘက် လှည့်၍ မခုခံဘဲ ဖုတ်ကျင့်ကြံသူ ပေါ်မှ အရာအားလုံးကို ဆွဲကာ အနီရောင် အလင်းနှင့် ပျောက်ကွယ် သွားလေသည်။

မိုဝူကျီက ပါးစပ် ဟောင်းလောင်း ဖြစ်သွားကာ ထိုသို့သော စွမ်းရည်မျိုးကား သူ့စိတ်ကူးထက်ပင် ကျော်လွန် နေသေး၏။ အနက်ဝတ် အမျိုးသား ထွက်သွားသည်နှင့် သူက အာကာသနှင့် အချိန် လှိုင်းတွန့်လေး တစ်ခုကို ခံစားမိ လိုက်သည်။ သူသည် ထိုလူဦးတည် သွားသော နေရာကို မသိလိုက်ချေ။

တစ်ဖက်မှ ဘွားဘွား လင်းလောင်က သက်ပြင်း ချလိုက်ကာ ကျေးဇူးတင်စွာ ပြောလိုက်သည်။

“မိုဝူကျီ ဒီနေ့ ငါ့ကို မင်းကယ်ခဲ့တာပဲ ...”

“အကြီးအကဲ တကယ်တော့ ကျွန်တော်တို့က အချင်းချင်း အပြန်အလှန် ကူညီခဲ့တာပါ။ တကယ်လို့ စီနီယာသာ တံခါးကို မပေါက်ကွဲ စေခဲ့ရင် ကျွန်တော်တို့ အဲဒီ ဖုတ်ကျင့်ကြံသူ လက်ထဲ သေတာ ကြာနေလောက်ပြီ။ ဒါနဲ့ အနက်ဝတ် အမျိုးသားက ဘယ်လို ထွက်သွားတာလဲ …” မိုဝူကျီက အနက်ဝတ် အမျိုးသား ထွက်ပြေးသွားသည့် နည်းလမ်းကို အံ့ဩနေဆဲ ဖြစ်သည်။

“သူက ငါ့ရဲ့ ဒယ်စောက်ကြောင့် ဒဏ်ရာ အပြင်းအထန် ရသွားလို့ လွတ်မြောက်ရေ နည်းလမ်းကို အသုံးပြုပြီး ထွက်သွားတာပဲ။ လွတ်မြောက်ရေ နည်းလမ်းက သဘာဝအခြေခံ ငါးမျိုးထဲက တစ်ခုပဲ ပြီးတော့ ကောင်းကင် ကျင့်စဉ်ထဲ ပါတယ်။ တိုင်းတာလို့ မရတဲ့အထိ တန်ဖိုးကြီးတယ်။ ငါတို့ ကောင်းကင်ဖွေရှာ နန်းတော်မှာတောင် အဲဒီလို တစ်ခုမှ မရှိဘူး …” ဘွားဘွား လင်းလောင်က ရှင်းပြလိုက် လေသည်။

ဖုတ်ကျင့်ကြံသူက အသတ် ခံရပြီးပြီ ဖြစ်ရာ အနက်ဝတ် အမျိုးသားလည်း ထွက်ပြေး သွားလေပြီ။ မိုဝူကျီက အဆင့်မြင့် ကျင့်ကြံသူနှင့် ဆက်ဆံရေးကောင်း တစ်ခု တည်ဆောက် နေလေသည်။ ကျင့်ကြံသူ အများစုက လာနှုတ်ဆက် ကြပြီး ကျွန်းမှ ထွက်သွားနိုင်ရန် ကိုယ်ပိုင် အရည်အချင်းအပေါ်သာ မှီခို ရလိမ့်မည်။

ဘွားဘွား လင်းလောင်က ကျင့်ကြံသူ များသည် မိုဝူကျီကို လာနှုတ်ဆက် ကြပြီး တချို့မှာ သူ့ကို တာ့ရှီရှုန်းဟုပင် ခေါ်ဆိုသွား၍ သူမက စိတ်ရှုပ်ထွေး သွားလေသည်။ သူမ လေ့လာ မိသလောက် မိုဝူကျီ အရည်အသွေးမှာ သာမန် ဖြစ်လေသည်။ သို့သော် သူမက ကောလာဟလ အကြောင်း မကြားမိ သောကြောင့် တာ့ရှီရှုန်းသည် နယ်လှည့် ကျင့်ကြံသူ ၂၇၀၅ ဖြစ်ကြောင်း လွတ်သွားလေ၏။

ကျောင်းယန်က ချီဝမ်ရွမ် အကြည့်ကို မြင်သောအခါ သူမက စိတ်ကို ခိုင်ခိုင်ထား၍ နေရစ်ခဲ့ လေသည်။ ပထမ တစ်ကြိမ် အလိမ်ခံရလျှင် ထိုသူ့အမှား ဖြစ်ကာ ဒုတိယအကြိမ် လှည့်ဖြား ခံရပါက မိမိအပြစ်သာ ဖြစ်လေသည်။

ကျောင်းယန်နှင့် ဖူချန်းမှ လွဲ၍ မိုဝူကျီကို ရှေ့ထွက် ကူညီကြသော အမျိုးသားနှင့် အမျိုးသမီးတို့လည်း ထွက်မသွား ကြသေးချေ။

“ခင်ဗျားတို့ နှစ်ယောက်က ကျုပ်ကို ပြောစရာ ရှိသေးလို့လား ...” ထိုလူနှစ်ယောက် ထွက်မသွား သေးသည်ကို မြင်ပြီး မိုဝူကျီက သူတို့သည် သူ့အား နယ်လှည့် ကျင့်ကြံသူ ၂၇၀၅ ဖြစ်သည့် အကြောင်းထက် ပိုသိနေ လိမ့်မည်ဟု ခံစားမိ လိုက်သည်။

***

All Chapters