← Chapters

မင်းတို့က သေဖို့ ထိုက်တန်တယ်

Vol. 66 Ch. 920

မင်းတို့က သေဖို့ ထိုက်တန်တယ်

Vol. 66 Ch. 920

ထန်ရှုက ရွှယ်ယု၏လက်အား ကိုင်လျက် ရွာထဲသို့ လျှောက်သွား၏။ သူငှားထားသောအိမ်က ရွာ၏မြောက်ပိုင်းအစွန်းအဖျားတွင် တည်ရှိပြီး အတော်လေးဝေးလံသောနေရာတစ်ခုတွင် ရှိသည်။ ဦးလေးကျာက ပြန်လာရန် အကြိမ်များစွာ အော်ခေါ်ခဲ့သော်လည်း ထန်ရှုက ပြန်လှည့်မကြည့်သလို သူက မရပ်တန့်ခဲ့ပေ။

"မင်း သူတို့ကို ဘာလုပ်ချင်လဲ"

ရွှယ်ယုက ထိုမုဆိုးများအား သနားကြင်နာစိတ်အနည်းငယ်မျှပင် မရှိပေ။ ထိုလူနှစ်ယောက်၏မျက်လုံးများက သူမအား မဟုတ်မကအတွေးများနှင့် ကြည့်ခဲ့သည့်အပေါ် သူမက ပိုတောင် ရွံရှာစက်ဆုပ်မိသည်။ မည်သို့ပင်ဆိုစေကာမူ ထိုလူများက သေရန် ထိုက်တန်လျှင်ပင်  ထန်ရှုက သတ်ဖြတ်သည်ကို သူမက မမြင်ချင်ပေ။

"ကောင်းကင်ဘုံပိုက်ကွန်က ကျယ်ပြန့်လွန်းတယ်။  ၎င်းက ပြေလျော့နိုင်ပေမယ့် ဘာတစ်ခုမှ မလွတ်စေရဘူး"ထန်ရှုက ပြော၏"ဒီမုဆိုးတွေက ရက်စက်ယုတ်မာသူတွေဖြစ်မှတော့ သူတို့လုပ်ခဲ့တာတွေရဲ့အကျိုးဆက်က ဘယ်လိုလဲဆိုတာ သူတို့ကို အရသာခံစေရမယ်။ ငါ သူတို့ကို မသတ်သလို သူတို့ကို အလွတ်ပေးမှာလဲ မဟုတ်ဘူး"

"ဒါက အကောင်းဆုံးပဲ"ရွှယ်ယုက ရယ်ကာ ပြောလိုက်သည်။

သူတို့က ဟောင်းနွမ်းဆုတ်ပြတ်နေသောအိမ်တစ်လုံးသို့ ရောက်ရှိလာသောအခါ ယမ်းမှုန့်နံက လေထဲတွင် သင်းပျံ့နေပြီး ပျက်ဆီးယိုယွင်းနေသောအိမ်ထဲမှ ချောင်းဆိုးသံကို ကြားလိုက်ရသည်။ ရုပ်ဆိုးသောမျက်နှာနှင့်လူနှစ်ယောက်က တံခါးအား မှီလျက် ငိုက်မျဉ်းနေကာ ခါးကုန်းလူကြီးတစ်ယောက်အား ခြံထောင်တွင် တွေ့လိုက်ရပြီး သူက ရှားပါးတိရစ္တာန်အချို့၏အသေကောင်းများအား အိတ်ထဲသို့ ထည့်ကာ ယာယီသစ်သားရုံထဲသို့ ပစ်ချလိုက်သည်။

"ဟေး၊ နံပါတ်နှစ်၊ ငါ မနေ့က အမဲလိုက်ထားတဲ့တောဝက်ကို သတ်မယ်။ ငါတို့တွေ ဒီည တောဝက်ဟင်း စားကြတာပေါ့" ခါးကုန်းလူကြီးက တံခါးရှေ့သို့ ရောက်လာပြီး ဘယ်ဘက်ရှိငိုက်မြည်းနေသောလူအား ကန်လိုက်၏။

"ကောင်းပြီ"ဘယ်ဘက်ရှိလူက ခေါင်းမော့ကာ ပြန်ဖြေလိုက်၏။ ထို့‌နောက် သူက မျက်လုံးပြန်မှိတ်လိုက်သည်။

"သူဌေး....."

"ညီအကိုတို့...."

ထိပ်ပြောင်နှင့်နံပါတ်ငါးတို့က အိမ်ထဲသို့ ပြေးဝင်လာပြီး ကျယ်လောင်စွာ အော်လိုက်သည်။

ခါးကုန်းလူကြီးက ခေါင်းလှည့်လိုက်ပြီး သူတို့က လက်ဗလာနှင့်ပြန်လာသည်ကို တွေ့လိုက်ရ၏။ သူက ချက်ချင်း ဒေါတကြီး အော်ဆဲလိုက်သည်"မင်းတို့နှစ်ကောင် ဘာအော်နေတာလဲ။ ငါ မင်းတို့ကို ငါ့အတွက် အရက်ဝယ်ဖို့ မပြောခဲ့ဘူးလား"

နံပါတ်ငါးက အလျင်စလိုပြောလိုက်သည်"ငါတို့မှာ ဝိုင်ဝယ်ဖို့ အချိန်မရခဲ့ဘူး၊ အကိုကြီး။ ဒါပေမယ့် ဒီနေရာမှာ ငါတို့တွေ တကယ်လှတဲ့အမျိုးသမီးတစ်ယောက်ကို တွေ့ခဲ့တယ်။ သူမက တီဗီပေါ်မှာ ငါ မြင်ဖူးတဲ့အမျိုးသမီးကြယ်ပွင့်တွေထက် ပိုဟော့တယ်။ မင်း သူမကို မြင်တဲ့အခါကျရင် မျက်တောင်တောင်မခတ်နိုင်ဘူးဆိုတာ ငါ ကျိန်ပြောရဲတယ်"

ထိပ်ပြောင်လည်း ခေါင်းညိတ်ကာ ပြောလိုက်၏"နံပါတ်ငါးပြောတာမှန်တယ်။ ငါ သက်သေခံနိုင်တယ်။ အဲဒီအမျိုးသမီး....တောက်....သူမရဲ့ခန္ဓာကိုယ်ပဲဖြစ်ဖြစ်....သူမရဲ့အသွင်အပြင်ပဲဖြစ်ဖြစ်....သူမရဲ့အပြုအမူပဲဖြစ်ဖြစ်....သူမက သေချာပေါက် ထိပ်တန်းထဲကထိပ်တန်းပဲ။ တစ်သောင်းထဲမှ‌ သူမလိုတစ်ယောက်ကို ရှာတွေ့နိုင်လိမ့်မှာမဟုတ်ဘူး။ အကိုကြီး၊ ငါ အမျိုးသမီးများစွာကို မြင်ဖူးတယ် ဒါပေမယ့် သူမလောက်လှတဲ့သူကို တစ်ခါမှ မမြင်ခဲ့ဖူးဘူး"

အံ့အားသင့်မှုက ခါးကုန်းလူကြီး၏မျက်လုံးထဲတွင် လင်းလက်သွားသည်။ သူတို့ထဲကတစ်ယောက်သာ ပြောပါက သူက အာရုံစိုက်မည်မဟုတ်ပေ။ သို့သော် သူ၏ညီအကိုနှစ်ယောက်လုံးက ယခုကဲ့သို့ ပြောလာသောကြောင့် ထိုအမျိုးသမီးက သေချာပေါက်ထိပ်တန်းဖြစ်ရပေမည်။

အေးစက်သောအလင်းတစ်ခုက ခါးကုန်းလူကြီး၏မျက်လုံးများထဲတွင် လက်သွားပြီး သူက တင်းမာ‌စွာ ပြောလိုက်၏"ငါတို့ညီအကိုတွေ ဒီနေရာကို လာတာ ပိုက်ဆံစုဆောင်းဖို့အတွက်ပဲ။ မင်းတို့ကောင်တွေ မိန်းမနဲ့လုပ်ချင်ရင် အလုပ်ကြိုးစားပြီး ပိုက်ဆံရှာကြ။ ပြဿနာအသစ်တွေ ပေါ်ပေါက်လာအောင် မလုပ်နဲ့"

"ဒါပေမယ့် အကိုကြီး၊ ငါတို့....."ထိပ်ပြောင်၏အသံက လေထဲတွင် တန့်သွား၏။

နံပါတ်ငါးက သူ၏လက်ကို မြှောက်ကာ လျင်မြန်စွာ ပြောလိုက်၏"ငါတို့က ဒုက္ခတွေ ထပ်ရှာချင်တာ မဟုတ်ပါဘူး၊ အကိုကြီး....။ အဲဒီအမျိုးသမီးက ကောင်းကင်ဘုံမှနတ်သမီးတစ်ပါးလိုပဲ။ သူမကို မင်းကိုယ်တိုင် စောင့်ကြည့်ပါ။ မင်းမျက်လုံးတွေက သေချာပေါက် ကျွတ်ကျသွားလိမ့်မယ်။ ပြီးတော့ သူမက အသက်နှစ်ဆယ်အရွယ်လူငယ်တစ်ယောက်နဲ့ အတူရှိနေတယ်။ သူက အလွန်မောက်မာပြီး ငါတို့ကိုတောင် ခြိမ်းခြောက်ခဲ့တယ်"

ဘန်း....

အိမ်ရှေ့တံခါးက ကန်ဖွင့်ခံလိုက်ရပြီး ထန်ရှုက ရွှယ်ယုအား ဆွဲလျက် ဝင်လာသည်။ သူက ပတ်ပတ်လည်အား လျန်မြန်စွာ ကြည့်ကာ နှာခေါင်းရှုံ့လိုက်၏"ဟုတ်တယ်၊ ငါက မောက်မာပြီး မင်းတို့ကို ခြိမ်းခြောက်ခဲ့တယ်။ ဒီတော့ ဘာဖြစ်လဲ။ မင်းတို့က လက်စားချေချင်တာလား"

h?

နံပါတ်ငါးက တုန်လှုပ်သွား၏၊ ဤလူငယ်က သူ့အား ခြေရာခံလိုက်လာရဲမည်ဟု သူ မထင်ထားခဲ့ပေ။ ဒီအကောင်ရဲ့ဦးနှောက်က ပျက်ဆီးနေတာလားဒါမှမဟုတ်တစ်ခုခုများဖြစ်နေတာလား။ သူက ကျားပါးစပ်ထဲကိုဝင်လာတဲ့သိုးတစ်ကောင်ဆိုတာ သူ မသိဘူးလား။

ခါးကုန်းလူကြီးက ထန်ရှုအား သတိကြီးကြီးထားလျက် လေ့လာခဲ့သည်။ သို့သော် သူ့မျက်လုံးများက ရွှယ်ယုအပေါ်သို့ ကျရောက်သွားသောအခါ သူက ရုတ်တရက်အံ့ဩတုန်လှုပ်သွားခဲ့၏။ သူ၏မှင်တက်နေသောအခြေအနေမှ ပြန်နိုးထလာရန်အတွက် စက္ကန့်အနည်းငယ်ကြာခဲ့ပြီး သူက အေးစက်စွာ ပြောလိုက်၏"မင်းက ဘယ်သူလဲ။ မင်းက တံခါးတောင် ကန်ရဲတာပဲ။ မင်းက အသက်အပိုပါတာများလား....."

"မင်းက ငါဘယ်သူလဲဆိုတာ သိဖို့ အရည်အချင်းမရှိဘူး"ထန်ရှုက စိတ်မဝင်စားစွာ ပြောလိုက်၏"ငါက သတ္တိဘယ်လောက်ရှိသလဲဆိုတာ သိဖို့ စွမ်းရည် မင်းမှာ မရှိဘူး။ အခု မင်းတို့ လုပ်ရမှာက အညံ့ခံမလား ဒါမှမဟုတ် အရိုက်ခံမလားပဲ"

တံခါးဘေးနားတွင်အိပ်ပျော်နေသောလူနှစ်ယောက်က တစ်ချိန်တည်း၌ နိုးထလာသည်။ သူ့ခန္ဓာကိုယ်က အလွန်အမင်းတောင့်တင်းသည့် ဘယ်ဘက်လူက သူ့လည်ပင်းအား ပွတ်သပ်လိုက်သည်။ ထို့နောက် သူက လက်သီးဆုပ်လျက် ထန်ရှုအား သတ်ဖြတ်ချင်စိတ်နှင့် စိုက်ကြည့်ကာ ခြိမ်းခြောက်လိုက်၏"ခွေးကောင်၊ မင်းရဲ့အဖိုးက ဒီ‌နေ့ မင်းကို သတ်ပြီး မင်းရဲ့အမျိုးသမီးကို....."

ဖြန်း.....

ထန်ရှု၏ခန္ဓာကိုယ်က လျှပ်တစ်ပြက်လက်သွားပြီး သူ့အရှေ့၌ ထွက်ပေါ်လာသည်။ မျက်နှာပေါ်တွင် ကျယ်လောင်သောပါးရိုက်သံနှင့်အတူ ကြိုးပြတ်သွားသောစွန်တစ်ခုအလား ထိုလူက အိမ်တံခါးမှ လွင့်ထွက်သွားပြီး အပြင်ဘက်ရှိအေးစက်သောမြေပြင်ပေါ်သို့ ပြင်းပြင်းထန်ထန်ကျရောက်သွားတော့၏။

"ကျွမ်းကျင်သူတစ်ယောက်လား"

ခါးကုန်းလူကြီး၏မျက်ခုံးများက ကျုံ့သွားပြီး သူ၏သတ်ဖြတ်ခြင်းဆန္ဒက မရှင်းမလင်းထွက်ပေါ်လာ၏။ သူက သူ့ဒုတိယညီ၏ခွန်အားကို သိသည်၊ အလွန်ကျွမ်းကျင်သောသိုင်းပညာရှင်တစ်‌ယောက်ပင် သူ့အား တိုက်ခိုက်နိုင်မည်မဟုတ်ပေ။ သူကိုယ်တိုင်က သိုင်းဆရာကြီးအဆင့်ကို ရောက်ရန် ခြေလှမ်းဝက်သာ လိုတော့သည်ဖြစ်သော်လည်း ဤလူငယ်က မည်သို့လှုပ်ရှားလိုက်သည်ကို သူက မဖမ်းနိုင်ခဲ့ပေ။

"မင်းက အရမ်းသန်မာတယ်"သူက သူ့ခါးမှ ပစ္စတိုတစ်လက်အား လျင်မြန်စွာ ယူထုတ်ပြီး ပြောင်းဝအား ထန်ရှုသို့ ချိန်ထားလိုက်၏"ဒါပေမယ့် ဘယ်သူက ပိုမြန်လဲဆိုတာ ငါ သိချင်တယ်။ မင်းလား ငါ့ရဲ့သေနတ်ကျည်ဆံလား....."

အခြားတုတ်ခိုင်သောလူများက အိမ်ထဲသို့ လျင်မြန်စွာ ပြေးဝင်လာ၏။ စက္ကန့်အနည်းငယ်အတွင်း သူတို့က ခြောက်လုံးပြူးနှင့်လေရိုင်ဖယ်သေနတ်တို့အား လျင်မြန်စွာ ဆုတ်ကိုင်ကာ ထန်ရှုအား တစ်ယောက်ပြီးတစ်ယောက် ချိန်လိုက်ကြသည်။

သို့သော် ထန်ရှုက ရွှယ်ယုအား လှည့်ကြည့်လိုက်ပြီး ပြုံးလျက် မေးလိုက်၏"မင်း ကြောက်နေတာလား"

ရွှယ်ယုက လုံးဝမကြောက်ပေ။ သူမမျက်လုံးထဲတွင် သနားခြင်းအရိပ်အယောင်အချို့တောင် ရှိ‌နေ၏။ သူမက ခေါင်းခါယမ်းကာ ပြုံးလျက် ပြောလိုက်သည်"အသိဉာဏ်မရှိတဲ့လူတွေကို ဘာမှကြောက်စရာမရှိပါဘူး။ ကြောက်ရမယ့်အစား သူတို့အတွက် သနားတောင်သနားမိတယ်။ ရှင် အဲဒါကို အာရုံခံမိလား။ သူတို့ရဲ့သတ်ဖြတ်ခြင်းဆန္ဒက သိပ်သည်းလွန်းတယ်။ သူတို့ရဲ့လက်တွေက သွေးတွေစွန်းနေပြီး လူနှစ်ယောက်ကျော် သတ်ဖြတ်ထားတယ်"

"ဟုတ်တယ်၊ အထူးသဖြင့် ဒီခါးကုန်းလူကြီးပဲ"ထန်ရှုက ခေါင်းညိတ်ကာ ပြောလိုက်၏"သူက အနည်းဆုံးဆယ်ယောက်သတ်ခဲ့ပြီး သူ့ရဲ့သားကောင်တွေကို ညှင်းပန်းနှိပ်စက်ခဲ့တယ်။ ယနေ့အထိ သူတို့ ဘယ်လိုအသက်ရှင်နေသေးလဲဆိုတာ ငါ အတော်လေး အံ့အားသင့်မိတယ်"

"ကျေးဇူးပြုပြီး သူတို့ကို နည်းနည်းငြင်သာပေးပါ"ရွှယ်ယုက ပြောလိုက်၏။

ထန်ရှုက ခပ်ဖျော့ဖျော့ပြုံးလျက် ရက်စက်တင်းမာပြီးဒေါသထွက်နေသောလူတစ်အုပ်အား ကြည့်လိုက်သည်။ ထို့နောက် သူ့မျက်လုံးက ‌ခါးကုန်းလူကြီးအပေါ် ကျရောက်လာပြီး ပြုံးကာ ပြောလိုက်၏"ငါပြောတာတွေက တိကျတယ်မလား"

ခါးကုန်းလူကြီး၏နှလုံးသားက နစ်မြုပ်သွား၏။ သူနှင့်သူ့ညီအကိုများက ထန်ရှုအား သေနတ်များနှင့် ချိန်ထားသော်လည်း ဤလူငယ်က ထူးဆန်းလွန်းသည်ဟု သူတို့က ခံစားမိသည်။ သူက တစ်ခဏတုံ့ဆိုင်းသွားပြီး ခက်ထန်သောလေသံနှင့် ထပ်မေးလိုက်၏"အတိအကျ မင်းက ဘယ်သူလဲ"

ထန်ရှုက လက်ဝှေ့ယမ်းကာ ပြောလိုက်၏"မင်း ငါ့ကို သတ်နိုင်ရင် ငါ့ရဲ့အိုင်ဒီကတ်ကို ကြည့်ပြီး ငါ ဘယ်သူလဲဆိုတာ သိနိုင်မှာပါ ဒါပေမယ် မင်း မလုပ်နိုင်ရင် ငါ ဘယ်သူလဲဆိုတာ သိဖို့ မင်းအတွက် မလိုအပ်ပါဘူး။ ဟုတ်ပြီ၊ ငါနဲ့မင်းရဲ့ကျည်ဆံနဲ့ ဘယ်သူ ပိုမြန်သလဲလို့ မင်း ငါ့ကို မေးခဲ့တာမလား။ အခု စမ်းကြည့်ပါ။ ငါ ဒီနေရာမှာပဲ ရပ်နေမယ်၊ လုံးဝမရွေ့ဘူး"

"မင်း သေချင်နေတာပဲ....."

ထန်ရှုကြောင့် ပါးရိုက်ခံရကာ လွင့်ထွက်သွားသောလူက အကျဉ်းတန်စွာ ပြုံးလိုက်သည်။ သူက သူ့သေနတ်ပြောင်းဝအား ထန်ရှုခေါင်းသို့ ချိန်ထားပြီး ခလုတ်နှိပ်ရန် တုံ့ဆိုင်းမနေခဲ့ပေ။

ဘန်း.....

သို့သော် သေနတ်ပစ်ပြီးနောက် သူ့မျက်နှာပေါ်ရှိဆိုးရွားသောအပြုံးက အေးခဲရပ်တန့်သွားခဲ့သည်။

"ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ"

"ချီးပဲ.....သူက လူတစ်ယောက်ရောဟုတ်ရဲ့လား"

"သူက ကျည်ဆံကို လက်ဗလာနဲ့ ဖမ်းလိုက်တာလား....လဥလိုပဲ။ ငါပဲ ရုးနေတာလား ဒါမှမဟုတ် ဒီကမ္ဘာကပဲ ဂေါက်သွားတာလား"

"ချီးပဲ.....သူက ကြောက်စရာကောင်းလွန်းတယ်"

“…”

"....."

သက်လတ်ပိုင်းလူ၏ခါးက အကြိမ်အနည်းငယ်တုန်ယင်သွားပြီး ခလုတ်အားအသင့်ပြင်ထားသောသူ့လက်ချောင်းများက နောက်သို့ အလိုအလျောက်ဆုတ်သွား၏။ သူ့မျက်နှာပေါ်တွင် ကြောက်ရွံ့သောအကြည့်တစ်ခုနှင့်အတူ သူက ခြေနှစ်လှမ်းဆုတ်ကာ စိုးရိမ်တကြီးပြောလိုက်သည်"အကို...အကိုလေး....ငါတို့ရဲ့အပြစ်ပါပဲ.....ငါတို့ အညံ့ခံပါတယ်။ ငါ....ငါက အနောက်ပိုင်းခါးကုန်းပါ။ ဘာပဲပြောပြော ငါတို့က ဘာရန်ငြိုးမှ မရှိဘူးလေ.....ဒါကြောင့် ဒါက သေးငယ်တဲ့နားလည်မှုလွဲမှားတာလေးတစ်ခုပဲ။ ဒီနေ့ဖြစ်ပျက်သမျှအရာအားလုံးကို ငါတို့ လွှတ်ချလိုက်ရင် ဘယ်လိုလဲ၊ ငါတို့ ဒီနေရာကနေ ထွက်သွားပေးပါ့မယ်"

ထန်ရှုက ကျည်ဆံအား ဖိခြေလိုက်ပြီး ခပ်ဖျော့ဖျော့ပြုံးလျက် မေးလိုက်သည်"စောနက ငါသာ ကျည်ဆံကို မဖမ်းခဲ့ရင် မင်းက အရာအားလုံးကိုလွှတ်ချဖို့ ‌မေးမှာလား"

ခါးကုန်းလူကြီးက တစ်ခဏတိတ်ဆိတ်သွားပြီး သူက ဖြည်းဖြည်းချင်းပြောလိုက်၏"ဒါဆို....မင်း ဒါကို ဘယ်လိုပြီးပြတ်စေချင်လဲ၊ ဆရာ...."

ထန်ရှုက ဖိချေထားသောကျည်ဆံအား ပစ်ထုတ်လိုက်ပြီး ပြုံးကာ ပြောလိုက်၏"စိုးရိမ်တကြီးဖြစ်နေဖို့ မလိုဘူး....။ ငါက လူအများကြီးကို သတ်ဖြတ်ခဲ့ပေမယ့် ဒီနေ့ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတစ်ခုကို မပြုလုပ်ချင်ဘူး။ မင်းတို့က  သေချာပေါက်သေမှာဆိုပေမယ့် မင်းတို့ကို သတ်မှာက ရဲသားတွေရဲ့ကျည်ဆံပဲဖြစ်ရမယ်"

လျှပ်တစ်ပြက်အတွင်း မူလဖရိုဖရဲစွမ်းအားစီးကြောင်းနှစ်ခုက ထန်ရှု၏လက်ထဲမှ ပစ်လွှတ်လိုက်သည်။ ၎င်းတို့က မမြင်နိုင်သောကြိုးများပမာ လူခုနှစ်ယောက်၏လက်ထဲရှိသေနတ်အားလုံးအား ချည်နှောင်ကာ အဝေးသို့ ပစ်ထုတ်လိုက်၏၊ ထို့နောက် ထန်ရှု၏ပုံရိပ်က လျှပ်တစ်ပြက်လက်သွားပြီး လူခုနှစ်ယောက်၏အရှေ့၌ ထွက်ပေါ်လာသည်။ သူက လက်သီးများအား သူတို့၏ခန္ဓာကိုယ်များပေါ်သို့ ပို့လွှတ်ခဲ့ပြီး သူတို့က နောက်သို့ လွင့်ထွက်သွားခဲ့ကြသည်။

အဟွတ်၊ အဟွတ်.....

အား....အား....

နာကျင်ညည်းညူးသံများ၏အလယ်တွင် လူခုနှစ်ယောက်လုံးက မြေပြင်ပေါ်သို့ တစ်ယောက်ပြီးတစ်ယောက် လဲကျသွား၏။

ထန်ရှုက ခါးကုန်းလူကြီးထံ လျှောက်လာသည်။ ထို့နောက် သူက သူ့ခေါင်းအား နင်းကာ ပြောလိုက်၏"အနောက်ပိုင်းခါးကုန်းတဲ့လား။ မင်းက တကယ်ရယ်စရာပဲ။ မင်းရဲ့ခွန်အားလောက်နဲ့ မင်းက အရမ်းကျော်ကြားတယ်တဲ့လား။ အနောက်ပိုင်းနယ်မြေတစ်ခုလုံးက မင်းလိုလူတွေနဲ့ ပြည့်နေတာများလား"

ခါးကုန်းကြီးက မြေပြင်ပေါ်တွင် လဲလျောင်းရင်း ရုန်းကန်ရန် သတ္တိတစ်အောင်စပင် မရှိဘဲ ထန်ရှု‌ခြေထောက်အား သူ့ခေါင်းပေါ်သို့ နင်းခွင့်ပြုထားခဲ့သည်။ အတိတ်တွင် သူက ကြမ်းကြုတ်ရက်စက်သောသူများအား တွေ့ဆုံခဲ့ရပြီး သိုင်းဆရာကြီးတစ်ယောက်နှင့်တောင် တွေ့ဆုံခဲ့ဖူးသည်၊ သို့သော် သူက အဆုံးတွင် ထွက်ပြေးလွတ်မြောက်နိုင်ခဲ့သေး၏။ ယခုကဲ့သို့ တက်နင်းခံရခြင်းမျိုး ဘယ်တုန်းကမှ မရှိခဲ့ပေ။

'မွန်းစတားတစ်ကောင်ပဲ။ ဒီလူငယ်က သေချာပေါက် မွန်းစတားတစ်ကောင်ပဲ မဟုတ်ရင် သာမန်လူတစ်ယောက်က ဘယ်လိုလုပ်ပြီး ဒီလိုကြောက်စရာကောင်းတဲ့စွမ်းအားတစ်ခုကို ပိုင်ဆိုင်နိုင်မှာလဲ'

ထန်ရှုက ခေါင်းခါယမ်းကာ သူ့ခေါင်းအား မူးဝေစေသည့်အထိ ကန်လိုက်၏။ ထို့နောက် သူက သူ့အား အကြိမ်အနည်းငယ်ထပ်ကန်လိုက်ပြီး နောက်ဆုံးတွင် နံပါတ်ငါးဟုခေါ်သောလူကြီး၏ဘေးနားသို့ ရောက်ရှိလာသည်။ ထန်ရှုက ဆောင့်ကြောင့်ထိုင်ချပြီး သူ့ပါးအား ပွတ်ကာ ပြုံးလျက် ပြောလိုက်၏"သေဟန်ဆောင်မနေနဲ့"

"ကျေးဇူးပြုပြီး ငါ့ကို ခွင့်လွှတ်ပေးပါ....ငါ့ကို မသတ်ပါနဲ့"

နံပါတ်ငါးက မြေပြင်မှ ထကာ ကြောက်ရွံ့ခြင်းပြည့်နှက်နေသောမျက်နှာနှင့် တောင်းပန်လိုက်၏။

"မင်း ငါ့မေးခွန်းကို ဖြေနိုင်မယ်ဆိုရင် ငါ မင်းကို ဘယ်တော့မှ မသတ်ဘူးလို့ အာမခံတယ်"ထန်ရှုက ပြုံးကာ ပြော၏"ငါ မင်းကို မသန်မစွမ်းဖြစ်အောင်တောင် မလုပ်ဘူး"

"ကျေးဇူးပြုပြီး မေးပါ"နံပါတ်ငါးက စိတ်အားထက်သန်သောမျက်လုံးများနှင့်အတူ ပြောလိုက်၏။

"မင်းတို့နှစ်ယောက် ရွာထဲမှာတုန်းက မင်း ထိပ်ပြောင်ကို တိုးတိုးလေးဘာပြောခဲ့တာလဲ၊ ဘာလို့ မင်းတို့နှစ်ယောက်လုံး ဝိုင်ဝယ်တာကို လက်လျော့ပြီး တိုက်ရိုက်ပြန်လာခဲ့တာလဲ။ ငါ့ကို မလိမ်နဲ့၊ မဟုတ်ရင် ဒီကျည်ဆံက မင်းခေါင်းထဲကို ဝင်သွားလိမ့်မယ်....."

နံပါတ်ငါးမျက်နှာပေါ်ရှိသွေးရောင်က ချက်ချင်းပြန်လျော့သွားပြီး သူ့မျက်နှာက သရဲအလား ဖြူဖတ်ဖြူရော်ဖြစ်သွား၏။ ထို့နောက် သူက ထစ်ထစ်ငေါ့ငေါ့နှင့် ပြန်ဖြေလိုက်သည်"ငါ-ငါ ပြောခဲ့တာက.....ငါတို့ ညီကိုတွေ.....မင်းကို သတ်ဖို့...နည်းလမ်းကို......ရှာမယ်....ပြီးရင် ငါတို့ ညီကို‌တွေ....မင်း အမျိုးသမီးကို....အတူတကွ....သုံးဆောင်ကြမယ်...."

ဖြန်း....ဖြန်း....

ထန်ရှုက သူ့အား လက်သီးတစ်ချက်ထိုးကာ သူ့လည်ပင်အား နင်းချလိုက်၏။ ထို့နောက် သူက မိုဘိုင်းဖုန်းအား ထုတ်ကာ ရဲများအား ခေါ်ရန်အတွက် ၁၁၀အရေးပေါ်နံပါတ်အား ခေါ်လိုက်လေသည်။

***

All Chapters