အင်မော်တယ်နေအိမ်အား ဖွင့်ခြင်း
Vol. 66 Ch. 921
'ကောင်းတာလုပ်တဲ့သူက ကောင်းတာကို ရိတ်သိမ်းရမယ်၊ မကောင်းတာလုပ်တဲ့သူက မကောင်းတာကို ရိတ်သိမ်းရမယ်'ဟု ရှေးလူကြီးများက ပြောခဲ့ကြသည်။ အချိန်မကျသေးသည်သာ ဖြစ်သည်။
ဤရက်စက်ကြမ်းကြုတ်သောသူများက ရှင်းပြမနိုင်သောပြစ်မှုများစွာကို ပြုလုပ်ခဲ့ကြပြီး လက်ရှိတွင် သူတို့၏မကောင်းမှုက သူတို့အား တံခါးလာခေါက်ချေပြီ။ ထန်ရှုသို့မဟုတ်ရွှယ်ယုဖြစ်စေ၊ တစ်ယောက်မှ သူတို့အား စာနာသနားခြင်းအလျဉ်းမရှိပေ။ ဤလူဆိုးများအား ဖယ်ရှားခြင်းက လူကောင်းများစွာ၏ကပ်ဘေးအား ကယ်တင်ခြင်းဖြစ်သည်ကို ထန်ရှုက သိသည်။
"ကောင်းပြီလေ။ ငါတို့ ဒီည တောင်ပေါ်တက်ကြမယ်"
ဖုန်းခေါ်ပြီးနောက် ထန်ရှုက ရွှယ်ယုအား ပြောလိုက်၏။
ရွှယ်ယုက ခေါင်းညိတ်လိုက်၏။ သူမက ထန်ရှု၏စရိုက်လက္ခဏာကို နားလည်သည်။ သူက ထင်ရှားကျော်ကြားရခြင်းကို ဘယ်သောအခါမှ မနှစ်သက်ပေ၊ သူက အသေးအဖွဲ့ကိစ္စများအား ရင်ဆိုင်ဖြေရှင်းရသည်ကို ဘယ်သောအခါမှ မနှစ်သက်ပေ။ ရဲများက ရောက်လာမည်ဖြစ်သောကြောင့် သူတို့အနေနှင့် စောစောထွက်ခြင်းက ပိုကောင်းသည်။
"အားလုံးပဲ မြန်မြန်လာကြ....ဆရာထန်နဲ့သူ့ဇနီးကို မတော်မဆမဖြစ်စေကြနဲ့...."ဦးလေးကျာ၏အသံကို ခြံစည်းရိုးအပြင်ဘက်၌ ကြားလိုက်ရပြီး သူတို့၏ခြေသံများက ပိုရှင်းလင်းလာသည်ကို ကြားနေရ၏။
ထန်ရှုနှင့်ရွှယ်ယုတို့က အကြည့်များအား ဖလှယ်လိုက်ကြပြီး သူတို့က အိမ်အပြင်ဘက်သို့ ထွက်လာ၏။ အပြင်ဘက်တွင် ဦးလေးကျာက ယောင်္ကျား၊ မိန်းမနှင့်ကလေးအားလုံးပေါင်းတစ်ရာကျော်အား ဦးဆောင်လာပြီး အရှေ့ဂိတ်ပေါက်မှ မီတာနှစ်ဆယ်အောက်အကွာအဝေးသို့ ရောက်ရှိနေသည်ကို သူတို့က မြင်တွေ့လိုက်ကြသည်။
ဦးလေးကျာက ထန်ရှုနှင့်ရွှယ်ယုတို့ထွက်လာသည်ကို မြင်သောအခါ သူက ရုတ်တရက်အံ့အားသင့်သွားသည်။ ထို့နောက် သူက ပြေးလာကာ မေးလိုက်၏"မင်းတို့အားလုံးအဆင်ပြေရဲ့လား၊ ဆရာထန်"
ထန်ရှုက ရင်ထဲ၌ ထိသွား၏။ ဦးလေးကျာက သူနှင့်ရွှယ်ယုတို့အား စိုးရိမ်ပူပန်နေသည်ကို သူက အလွယ်တကူစိတ်ကူးနိုင်သည်။ သူ ဤနေရာကို လာပြီးနောက် ရွာသားအားလုံးအား ချက်ချင်းဆင့်ခေါ်ခဲ့သည်။ ဤလူတစ်ရာက ရွာတစ်ရွာလုံးနီးပါးပင်ဖြစ်၏။
"ဦးလေးကျာ၊ ငါတို့အားလုံးအဆင်ပြေပါတယ်၊ တကယ်ပါ......"
ဦးလေးကျာက ခေါင်းညိတ်ကာ ပြော၏"ဒီနေရာက ဘေးမကင်းဘူး၊ ဆရာထန်။ ဒီနေရာမှာ လူဆိုးကောင်တွေ နည်းနည်းပဲ ရှိနေချိန်အတောအတွင်း မြန်မြန်ထွက်သွားတော့....."
"ဒီနေရာကို မုဆိုးဘယ်လောက်ရောက်လာတာလဲ"ထန်ရှုက မေးလိုက်၏။
"ခုနှစ်ယောက်ပဲ၊ ဒါပေမယ့် တစ်ယောက်စီက ရက်စက်ကြမ်းကြုတ်တဲ့သူချည်းပဲ" ဦးလေးကျာက ပြန်ဖြေ၏။
"သူတို့အားလုံးခုနှစ်ယောက်ပဲဆိုရင် နောက်ထပ်ဘာပြဿနာမှ မရှိတော့ဘူး"ထန်ရှုက ပြုံးကာ ပြောလိုက်၏"လက်ရှိ သူတို့အားလုံး အိမ်ထဲမှာ ရှိတယ်၊ ငါ သူတို့အားလုံးကို ရိုက်နှက်ထားတယ်။ မကြာခင် ဒီနေရာကို ရဲတွေ ရောက်လာမယ်၊ ဒါကြောင့် ငါတို့ အရင်ထွက်သွားတော့မယ်။ ရဲတွေ ဒိီနေရာကို ရောက်လာတဲ့အခါကျရင် မင်းတို့တွေ အဲဒီမုဆိုးတွေကို သူတို့လက်ထဲ အပ်နိုင်တယ်"
ဦးလေးကျာက တစ်ချက်မှင်တက်သွားပြီးနောက် သူက ဘောက်ဆတ်ဆတ်ပြောလိုက်၏"မင်းက အရွယ်ရောက်ပြီးသားလူတစ်ယောက်နော်၊ ဆရာထန်။ ဒီအချိန်မှာ မင်းက ဘယ်လိုလုပ်ပြီး ဒီလိုဟာသတစ်ခုကို ပြောနိုင်ရတာလဲ။ အချိန်ရှိတုန်း မင်း ဒီနေရာက ထွက်သွားတာက ပိုကောင်းတယ်။ သူတို့ ထပ်လာတဲ့အခါကျရင် ဒီလူဆိုးတွေကို ရှောင်ဖို့ ငါတို့ အကြောင်းပြချက်အချို့ကို ရှာနိုင်တယ်"
ဤရွာ၏ရွာသားများက ထန်ရှုနှင့် ယခင်က တွေ့ခဲ့ဖူးပြီး သူတို့က အော်လိုက်သည်:
"ဟုတ်တယ်၊ ဆရာထန်။ ဒီလူတွေ ဘယ်လောက်ဆိုးသလဲ မင်း မသိပါဘူး။ သူတို့မှာ ဓားတွေ၊ သေနတ်တွေ ရှိတယ်၊ ဒါကြောင့် မင်း ဒီနေရာက မြန်မြန်ထွက်သွားရမယ်"
"ဆရာထန်၊ အဖိုးကျာက မင်းကို ဟာသလုပ်နေတာမဟုတ်ဘူး။ မြန်မြန်လေးလုပ်၊ မဟုတ်ရင် ဒီလူဆိုးတွေ ဒီနေရာကို ပြန်ရောက်လာတဲ့အခါကျရင် မင်း ထွက်သွားနိုင်တော့မှာမဟုတ်ဘူး"
"မင်းက ငယ်ငယ်လေးပဲ ရှိသေးတယ်။ ဘာအန္တရာယ်တွေက အရှေ့မှာ စောင့်မျှော်နေတယ်ဆိုတာ မင်း မသိဘူးပဲ။ အဲဒီအမှိုက်ကောင်တွေက ဆိုးသွမ်းလွန်းတယ်။ သူတို့က လူတွေကိုတောင် သတ်ရဲတယ်"
"မြန်မြန်သွား....."
"......"
ထန်ရှုက ဤရိုးသားဖြူစင်သောရွာသားများအား ကြည့်နေခဲ့သည်၊ တစ်ယောက်ချင်းစီ၏မျက်နှာပေါ်တွင် စိုးရိမ်ပူပန်မှုက ပေါ်လွင်နေ၏။ သူက စိတ်ထဲရှိခံစားချက်အား ဘေးချိတ်ကာ ပြောလိုက်သည်"အားလုံးပဲ၊ ငါ့ကို မယုံရင် ငါနဲ့အတူ အိမ်ထဲကို လိုက်ဝင်လာခဲ့ကြ။ ငါ အဲဒီလူဆိုးတွေကို နှိမ်နင်းပြီးပြီ။ အခု သူတို့က အထဲမှာ ရှိနေတယ်"
"ဆရာထန်....."
ထန်ရှုက မဖြစ်နိုင်သည်အား ဆက်ပြောနေသေးသည်ကို မြင်ပြီး ဦးလေးကျာက ဒေါသထွက်သွားကာ ခြေဆောင့်နင်းလျက် ပြောလိုက်၏"မင်းက တကယ်ပဲ ကြားဝါပြောဆိုရတာကို ကြိုက်တာလား။ ကောင်းပြီ၊ ငါ အထဲဝင်ပြီး တစ်ချက်သွားကြည့်မယ်"
ပြောပြီးနောက် သူက အိမ်ထဲသို့ သုတ်ခြေတင်ဝင်သွားပြီး အထဲရှိ မြင်ကွင်းအား မြင်လိုက်ရသောအခါ သူက ရုတ်ခြည်းရပ်တန့်လိုက်၏၊ မယုံကြည်နိုင်သောအကြည့်တစ်ခုက သူ၏အိုမင်းနေသောမျက်နှာပေါ်တွင် ပေါ်လာတော့သည်။ သူ့နောက်မှလိုက်လာသောရွာသားများကလည်း ရုတ်တရက်ရပ်လိုက်ကြသည်၊ သူတို့က သူတို့၏စိတ်ဝိညာဉ်ဆုံးရှုံးသွားသည့်အလားပင်၊ သူတို့က အလွန်အံ့ဩတုန်လှုပ်နေကြ၏။ သူတို့က မြေပြင်ပေါ်တွင် ခွေးသေကောင်များပမာလဲနေသောလူခုနှစ်ယောက်အား စိုက်ကြည့်လိုက်ကြ၏။
"အိုး ဘုရားသခင်....ငါက အိမ်မက်မက်နေတာ မဟုတ်လား။ ဒီ....ဒီလူဆိုးတွေကို ဆရာထန်က တကယ်ပဲ ရိုက်နှက်ခဲ့တာလား"
"ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ဒီလူတွေမှာ သေနတ်တွေ၊ ဓားတွေ ရှိတာလေ"
"ဆရာထန်က သိုင်းပညာကမ္ဘာမှ သိုင်းပညာရှင်တစ်ယောက်များလား.....ကျည်ဆံကိုမကြောက်တဲ့သူလား။ ငါ စောနက သေနတ်သံတွေကို ရှင်းရှင်းလင်းလင်းကြားခဲ့ရပါတယ်....."
"တောက်.....ဒါက အံ့အားသင့်စရာပဲ"
"......"
ထန်ရှုက ပြုံးလျက် ရွာသားများ၏အံ့အားသင့်နေသောစကားများအား နားထောင်နေသည်။ ထို့နောက် သူက ပြုံးကာ ပြော၏"အားလုံးပဲ၊ အခု မင်းတို့အားလုံး မြင်ပြီးပြီပဲ။ ဒီကောင်တွေအားလုံးကို ငါ ရိုက်နှက်ခဲ့တာပဲ၊ သူတို့မှာ အန္တရာယ်များတဲ့ပစ္စည်းအချို့ရှိသလားဆိုတာ မြန်မြန်ရှာဖွေကြ။ ပြီးတော့ ကြိုးခိုင်ခိုင်ရှာပြီး သူတို့ကို ချည်ထားတာ အကောင်းဆုံးပဲ။ သူတို့က ရဲတွေ မရောက်လာခင် နိုးသွားရင် သူတို့က မင်းတို့ကို သေချာပေါက်အန္တရာယ်ပြုလာပေလိမ့်မယ်"
ယခုမှ ဦးလေးကျာက အိမ်မက်မှ နိုးလာပုံရပြီး သူက အလျင်စလိုအော်လိုက်၏"ဟုတ်တယ်၊ ဟုတ်တယ်။ ဒါ မှန်တယ်၊ ဆရာထန်။ လူကြီးတွေအားလုံး ကြိုးတွေကို မြန်မြန်သွားရှာကြ။ ဒီလူတွေအားလုံးကို ချည်ဖို့ဆိုရင် ကြိုးတွေက ထူပြီးခိုင်ခံ့ရမယ်။ ရဲတွေရောက်လာပြီး သူတို့ကို ခေါ်သွားတာနဲ့ ငါတို့ရွာက ငြိမ်းချမ်းလာလိမ့်မယ်"
ထို့နောက် ထန်ရှုနှင့်ရွှယ်ယုတို့က ရွာသားများ၏ရိုသေလေးစားသောအကြည့်များအောက်တွင် ရွာမှ လျင်မြန်စွာ ထွက်လာခဲ့သည်၊ ကျဲဝါလေ့က သူတို့အတွက် ချန်ထားသောကားအား ရွာထဲ၌ ချန်ထားရစ်ခဲ့၏။
ညရောက်လာပြီး ကြယ်များက ကောင်းကင်ယံ၌ ထွက်ပေါ်လာချိန်တွင် သူတို့နှစ်ယောက်က သူတို့၏ပန်းတိုင်သို့ နောက်ဆုံးတွင် ရောက်ရှိလာခဲ့သည်။ အတိတ်တွင် သူက လိုက်ဂူအား အသုံးပြုကာ ဆေးပင်များအား စိုက်ပျိုးရန် စိီစဉ်ထားခဲ့၏၊ သို့သော် ကျင်းစန်းချီနှင့်ကျင်းစစ်ကျဲတို့အား သတ်ဖြတ်ခြင်းအဖြစ်အပျက်များပါဝင်သည့်လျှို့ဝှက်ဂိုဏ်း၏လူများထွက်ပေါ်လာမှုကြောင့် သူက ထိုဆေးပင်အားလုံးအား ယူခဲ့ရသည်။ မည်သို့ပင်ဆိုစေကာမူ ဤနေရာရှိကမ္ဘာစိတ်ဝိညာဉ်ချီက အပြင်ကမ္ဘာထက် အများကြီးပိုကြွယ်ဝ၏။
"ဟေး၊ မင်း မောနေပြီလား"
လိုဏ်ဂူထိပ်အား ကြည့်နေသောထန်ရှုက နောက်လှည့်ကြည့်လိုက်ရာ ရွှယ်ယု၏မျက်နှာက နွမ်းလျနေသည်ကို တွေ့ရှိလိုက်ရသည်။
"နည်းနည်းပါပဲ"ရွှယ်ယုက ညင်သာစွာ ခေါင်းညိတ်ပြလိုက်၏။
"ငါ ဒီကြယ်ခြောက်ပွင့်အစီအရင်ကို လေ့လာနေတဲ့အတောအတွင်း မင်း အရင်နားယူသင့်တယ်"ထန်ရှုက ပြုံးကာ ပြောလိုက်၏"ငါ နားမလည်တာ တစ်ခုခုရှိမှ ငါ မင်းကို မေးမယ်"
"မရဘူး။ အတူတူလေ့လာကြမယ်"ရွှယ်ယုက ခေါင်းခါယမ်းကာ ပြောလိုက်၏"ငါ ဒီအင်မော်တယ်နေအိမ်ကို မကြာခင် ဖွင့်နိုင်အောင် ကြိးစားချင်တယ်"
နင်မြို့ရှိလျန်မိသားစုက သူတို့အတွက် ရောဂါတစ်ခုဆိုသည်ကို သူမက ရှင်းလင်းစွာ သိ၏။ သူတို့အား ဖြစ်နိုင်သမျှ မြန်မြန်မဖယ်ရှားနိုင်ပါက ထန်ရှုက စိုးရိမ်နေရမည်မှာ ပြောစရာမလိုပေ။ ဤအင်မော်တယ်နေအိမ်က တည်ရှိလာသည်မှာ အချိန်အတော်ကြာပြီးဆိုသည်ကို သူမက သိ၏၊ ယခုထိတိုင် ၎င်းက တစ်ခါမှ မပွင့်သေးပေ။ ဒါက ထန်ရှု၏စိတ်၌ အမြစ်တွယ်နေသည်၊ သို့ဖြစ်၍ သူတို့က အင်မော်တယ်နေအိမ်အား စောစောဖွင့်နိုင်ပြီး အထဲရှိအရာက ဘာလဲဆိုတာ သိလာနိုင်သရွေ့ ထန်ရှုက သူ၏စိုးရိမ်ပူပန်မှုကို စောစောဖြေရှင်းနိုင်ပေမည်။
တစ်ညလုံး လေ့လာလျက် နှစ်ယောက်စလုံးက သူတို့၏တွေ့ရှိချက်များအား ဆွေးနွေးနေခဲ့သည်။ သူတို့က ကြယ်ခြောက်ပွင့်အစီအရင်၏ဆန်းကြယ်မှုအား ပိုနားလည်လာလေလေ၊ သူတို့ ရှာဖွေတွေ့ရှိလာသည်က ပိုဆန်းကြယ်လာလေလေပင်။ မည်သို့ပင်ဆိုစေကာမူ နေရောညရောလေ့လာပြီး တတိယမြောက်နေ့ကို ရောက်လာပြီးနောက် သူတို့နှစ်ယောက်က ကြယ်ခြောက်ပွင့်အစီအရင်၏ပ ဟေဠိအားလုံးကို နောက်ဆုံး၌ နားလည်ခဲ့သည်။
"ငါ စမ်းကြည့်မယ်"
ထန်ရှုလက်ချောင်းက ဓားပျံတစ်လက်အလား ဆောင်ရွက်နေခဲ့ပြီး ကြယ်ခြောက်ပွင့်အစီအရင်၏ဖော်ထုတ်ချက်အရ အစီအရင်၏ပဟေဠိအား စတင်ချိုးဖြတ်ခဲ့သည်။ သူတွေးထားသမျှနည်းလမ်းမှန်အားလုံးအား ပြုလုပ်ပြီးသောအခါတွင် ကြယ်ခြောက်ပွင့်အစိီအရင်က သန်မာသောရောင်ခြည်တန်းတစ်ခုသာ ထုတ်လွှတ်ပြီးနောက် ထပ်မံပျောက်ကွယ်သွားခဲ့၏။
"မဟုတ်ဘူး၊ အဲလိုမဖြစ်သင့်ဘူး"ရွှယ်ယုက မျက်မှောင်ကြုတ်လျက် အံ့အားသင့်စွာ ပြောလိုက်သည်"ငါတို့ရဲ့ချိုးဖြတ်ခြင်းနည်းလမ်းက ကြယ်ခြောက်လုံးအစီအရင်ရဲ့တုံ့ပြန်မှုအရ မှန်ကန်သင့်တယ်။ ဘယ်လိုလုပ်ပြီး လမ်းတစ်ဝက်မှာတင် အဆုံးသတ်သွားရတာလဲ"
ထန်ရှုလည်း အလားတူနားမလည်နိုင်ဖြစ်နေသည်။ တစ်ခဏတိတ်ဆိတ်သွားပြီးနောက် သူက သူ၏မေးစေ့အား ပွတ်ကာ ရေရွတ်လိုက်၏"ငါတို့မသိတာတစ်ခုခုရှိရမယ်လို့ ငါ ထင်တယ်။ ကြယ်ခြောက်ပွင့်အစီအရင်က ငါတို့တိုင်းပြည်ကမဟုတ်ဘူး၊ အနောက်နိုင်ငံတွေကပဲ။ ဒိအစီအရင်ကိုမူလစီရင်ခဲ့တဲ့လူက စိတ်ထဲမှာ အခြားစဉ်းစားထားတာတွေ ရှိရမယ်၊ အဲဒါက ဘာများပါလိမ့်"
ရွှယ်ယုက ခေါင်းခါယမ်းကာ အနည်းငယ်အားမလိုအားမရဖြစ်နေပုံပေါ်သည်"ဒါကို အခုလွှတ်ချပြီး အစာနည်းငယ်စားရအောင်.....တစ်နေ့လုံး ငါ ဘာတစ်ခုမှ မစားရသေးဘူး"
ထန်ရှုက ခေါင်းညိတ်ကာ တုံ့ပြန်လိုက်၏။ သူနှင့်ရွှယ်ယုတို့က ရက်ပေါင်းများစွာကြာလေ့လာရင်း ကြီးမားသောစွမ်းအင်အား အသုံးပြုခဲ့သည်၊ သူတို့၏ရုပ်ပိုင်းဆိုင်ရာခွန်အားထက် အနည်းငယ်ပိုထုတ်မိ၏။ သူက ပြောက်မြောက်သောခန္ဓာကိုယ်နှင့်ခွန်အားရှိသည့်ကျွမ်းကျင်သူတစ်ယောက်ဖြစ်ကာ သုံးရက်မှငါးရက်အထိ ဘာမှမစား၊ မသောက်၊ မအိပ်ဘဲ နေနိုင်သော်လည်း ရွှယ်ယုက မတူပေ။
ထို့နောက် ထန်ရှုက သူ၏သိုလှောင်လက်စွပ်မှ ပန်းကန်ခွက်ယောက်အချို့၊ ချက်ပြီးသားဟင်းအနည်းငယ်၊ သောက်စရာအချို့နှင့် အခြားအရသာရှိသည်များအား ယူထုတ်ခဲ့၏။ ထို့နောက် သူက ပြုံးကာ ပြောလိုက်၏"စားပြီးရင် မင်း ကောင်းကောင်းအိပ်သင့်တယ်။ အနားယူပြီးရင် မင်းမှာ အံ့ဖွယ်ထိုးထွင်းဉာဏ်အချို့ရှိလာပြီး ပြဿနာရဲ့သော့ချက်ကို ရုတ်တရက် အဖြေရနိုင်လောက်တယ်"
"ကောင်းပြီလေ၊ အတူတူအိပ်ကြရအောင်"ရွှယ်ယုက ရယ်ကာ ပြောလိုက်၏။
ထန်ရှုက အတွေးနက်သွားပြီး ရှုံ့မဲ့စွာ ပြုံးလိုက်သည်"ငါ မအိပ်တော့ဘူး။ ငါက ရက်ပေါင်းများစွာ မအိပ်ရလဲ အဆင်ပြေတယ်။ ပြီးတော့ ခုနှစ်ရက်ပြည့်ရင်း နင်မြို့ကို ပြန်လာမယ်လို့ ငါ မြောင်ဝမ်ထန်ကို ကတိပေးခဲ့တယ်။ ဒီနေ့က စတုတ္ထမြောက်နေ့ပဲ၊ ဒီတော့ ဒီအင်မော်တယ်နေအိမ်ကို ဖွင့်ဖို့ နည်းလမ်းတစ်ခုခု ငါတို့မှာ မရှိလာရင် ငါတို့စိတ်ပျက်လက်ပျက်နဲ့ ပြန်သွားရလိမ့်မယ်"
"ရှင် စောစောက ကျွန်မကို ဘာပြောခဲ့တယ်ဆိုတာ မေ့သွားပြီလား"ရွှယ်ယုက အပြစ်တင်လိုက်၏"စားပြီးအိပ်ပြီးရင် ရှင်လဲ မျက်စိဖွင့်သွားနိုင်တာပဲ။ ပြီးတော့ ငါတို့က ခြေတစ်လှမ်းလောက်ပဲ လိုတော့တာ၊ ဒါကြောင့် ရှင် အဲဒါကို ဖော်ထုတ်နိုင်သရွေ့ ဘယ်အချိန်မဆို ဒီအင်မော်တယ်နေအိမ်ကို ဖွင့်နိုင်တာပဲမလား"
ရွှယ်ယုအားပြောခဲ့သောသူ့စကားများက သူ့အား ပြန်ထိသည်ကို ကြားပြီးနောက် ထန်ရှုက ရယ်လိုက်မိလေတော့သည်။ အနည်းငယ်ချီတုံချတုံဖြစ်နေပြီးနောက် သူက သလင်းဖန်ခွက်နှစ်လုံးနှင့်ဝိုင်နီတစ်ပုလင်းအား သူ၏သိုလှောင်လက်စွပ်မှ ယူထုတ်လိုက်၏။ အဆို့အား ဖြုတ်ပြီးနောက် သူက ဝိုင်နှစ်ခွက်ဖြည့်ကာ ပြုံးလျက် ပြောလိုက်၏"ဝိုင်နီက လှပတဲ့မျက်နှာတွေအတွက် ကောင်းတယ်လို့ ပြောကြတယ်။ အရသာမကောင်းပေမယ့် ဒါကို သောက်ပြီး ကောင်းကောင်းအိပ်စက်ကြတာပေါ့"
ရွှယ်ယုက ဝိုင်ခွက်အား ယူကာ အထဲရှိဝိုင်နီများအား လှုပ်ခါလိုက်သည်။ သူမက ထန်ရှုနှင့်အတူ 'ချီးယား'လုပ်မည့်အခိုက်တွင် သူမ၏အမူအရာက ရုတ်တရက် ပြောင်းလဲသွားပြီး သူမက ပြောလိုက်၏"ဒီကြယ်ခြောက်ပွင့်အစီအရင်က အပြည့်အဝအသက်သွင်းဖို့ သွေးတွေ လိုအပ်မယ်လို့ မင်းထင်လား။ အနောက်တိုင်းမှော်ပုံပြင်တွေရဲ့ဇာတ်ကွက်တွေမှာ ကြားခံအနေနဲ့ အဲဒါကို လိုအပ်ကြတယ်မလား။ သွေးက ဒီကြယ်ခြောက်ပွင့်အစီအရင်ရဲ့ကြားခံပဲ ဖြစ်နိုင်တယ်"
ထန်ရှု၏အမူအရာက ပြောင်းလဲသွားသည်။ သူက ဝိုင်ခွက်အား ချက်ချင်းချလိုက်ပြီး သူ့ခန္ဓာကိုယ်က လိုဏ်ဂူထိပ်၌ လွင့်မျောသွားခဲ့၏။ သူက သူ၏နတ်ဘုရားဓားအား ယူထုတ်ကာ သူ့လက်ချောင်းအား ခြစ်လိုက်သည်။ သူ့သွေးတစ်စက်က ကြယ်ခြောက်ပွင့်အစီအရင်၏မျဉ်းအား ရုတ်ခြည်းထိမှန်သွား၏။
ဝီဝီဝီ.......
တလက်လက်တောက်ပနေသောအဖြူရောင်အလင်းတန်းများက ရုတ်တရက် ပေါက်ကွဲထွက်လာပြီး လျှပ်တစ်ပြက်အတွင်း လိုဏ်ဂူတစ်ခုလုံး တောက်ပသွားခဲ့သည်။ ပြင်းထန်သောတုန်ခါမှုနှင့်အက်ကွဲသံတစ်ခုနှင့်အတူ ကြယ်ခြောက်ပွင့်အစိီအရင်က အသက်ဝင်လာခဲ့သည်။ မြင်ကွင်းအား မြင်ပြီး ပျော်ရွှင်မှုက ထန်ရှု၏မျက်နှာအား ချက်ချင်းဖုံးလွှမ်းသွားတော့၏။ ကြယ်ခြောက်ပွင့်အစိီအရင်အားအသက်သွင်းရန်သော့ချက်က ရွှယ်ယု၏နောက်ဆုံးအခိုက်အတန့်အိုင်ဒီယာပင် ဖြစ်ပေသည်။
ထို့နောက် တုန်ခါမှုက လိုဏ်ဂူထဲရှိကျောက်တုံးများအား မရပ်မနားကျဆင်းလာစေပြီး စားပွဲပေါ်ရှိဟင်းလျာများနှင့်သောက်စရာများက စားသောက်ခွင့်မရနိုင်တော့ပေ။ ထန်ရှုက ရွှယ်ယုအား လျင်မြန်စွာ ဖက်လိုက်ပြီး တစ်ချိန်တည်း၌ သူ၏မူလဖရိုဖရဲစွမ်းအားအား ထုတ်လွှတ်ကာ သူတို့နှစ်ယောက်အား ကာကွယ်လိုက်၏။
***