ထျန်းဂျီဂိုဏ်း၏ ဂိုဏ်းချုပ်
Vol. 16 Ch. 221
စန်ယီပင်းက ဘေးပတ်လည်ကို ကြည့်ကာ တစ်ခွန်းမျှ မပြောသေးချေ။
ဘွားဘွား လင်းလောင်က မည်သို့ လူစားမျိုး ဖြစ်သနည်း။ တစ်ချက်တည်း ကြည့်ရုံဖြင့် စန်ယီပင်းသည် မိုဝူကျီနှင့် သီးခြား ပြောချင်ကြောင်း သတိပြုမိ လိုက်၍ သူမက ပြောလိုက်သည်။
“ငါ့သင်္ဘောပျံက နည်းနည်း ချို့ယွင်းသွားတာ သွားပြင်ကြည့် လိုက်ဦးမယ် ...”
မိုဝူကျီက ခရမ်းပြာရောင် အပြားကို ထုတ်ကာ ဘွားဘွား လင်းလောင်ကို ပေးလိုက်လေသည်။
“စီနီယာ ... ဒီဟာ မျောလာတာ တွေ့လို့ ပြီးတော့ ဒီအပေါ်မှာ ဆေးလုံး ဘုံစေတီ အမှတ်အသား ပါနေလို့ ဆယ်ထားတာ ...”
ဘွားဘွား လင်းလောင်က ကျေးဇူးတင်စွာ လက်ခံလိုက်ပြီး …
“ကျေးဇူး တင်ပါတယ် ... ဒီဟာက ငါ့အပိုင်ပါ။ အရင် ကောင်းကင် ပင်လယ်ထဲမှာ အဲဒီလူက ငါ့သင်္ဘောပျံကို ဝင်တိုက်ခဲ့လို့ ကျသွားတာပါ။ ဒီဟာနဲ့ ဆိုရင် ပြန်ပြင်ဆင်ဖို့ လွယ်ကူသွားမှာ ... ပြီးရင် အတူတူ ပြန်ကြတာပေါ့ ...”
ထိုသို့ပြောပြီး ဘွားဘွား လင်းလောင်က ဘေးသို့သွားကာ သူမ သင်္ဘောပျံကို စတင် ပြင်ဆင်တော့သည်။ ဖူချန်းနှင့် ကျောင်းယန်တို့က ထိုအခွင့်အရေးကို ယူကာ ဘေးတွင် စောင့်နေ ကြလေသည်။ မကြာခင်တွင် မိုဝူကျီက ဤနေရာမှ ထွက်သွားတော့မည် ဖြစ်ကာ သူတို့ကို နောက်တွင် ချန်ထားမည် မဟုတ်ပေ။
သုံးယောက်သား ထွက်သွားပြီးနောက် စန်ယီပင်းနှင့် နှဲ့ကျန်းနွန်တို့က မိုဝူကျီရှေ့ ရုတ်တရက် ဒူးထောက် လိုက်ကြသည်။
မိုဝူကျီက ခြေလှမ်းများပင် နောက်ဆုတ်လိုက်ပြီး အံ့ဩတကြီး မေးလိုက်လေသည်။
“ဒါက ဘာသဘောလဲ ... ထကြပါဗျာ ...”
စန်ယီပင်းက မထသေးဘဲ တောင်းပန် ငုံ့လျှိုးကာ ပြောလိုက်သည်။
“ထျန်းဂျီဂိုဏ်းသား စန်ယီပင်းက ဂိုဏ်းချုပ်ကို နှုတ်ဆက်ပါတယ် ...”
နှဲ့ကျန်းနွန် ကလည်း ထိုအတိုင်း လိုက်ပြုမူကာ …
“ထျန်းဂျီဂိုဏ်းသား နှဲ့ကျန်းနွန်က ဂိုဏ်းချုပ်ကို နှုတ်ဆက်ပါတယ် ...”
မိုဝူကျီက တစ်ခုခု မှားယွင်းနေကြောင်း သိလိုက်သည်။ သို့သော်လည်း သူက ထျန်းဂျီဂိုဏ်းနှင့် စိမ်းလှချည်တော့ မဟုတ်လှပေ။ သူ့အင်မော်တယ် မော်တယ် ကျင့်စဉ်သည် ထျန်းဂျီဂိုဏ်းမှ ဖြစ်ကာ သူက ထျန်းဂျီဂိုဏ်းကို ထို့အတွက် အလွန်တရာ ကျေးဇူးတင်နေ မိလေသည်။
“ခင်ဗျားတို့ နှစ်ယောက် မတ်တတ်ရပ် ပြီးတော့ သေချာ ပြောပြပါဗျာ ... တစ်ခုခုတော့ မှားနေပြီ။ ကျုပ်က ကောင်းကင်ဖွေရှာ နန်းတော်က သာမန် အပြင်စည်း တပည့်လေးပါ။ ခင်ဗျားတို့ ထျန်းဂျီဂိုဏ်းရဲ့ ဂိုဏ်းချုပ် မဟုတ်ပါဘူး ...”
မိုဝူကျီက လေးလေးနက်နက် ပြောလိုက်သည်။ သူ့ရှေ့တွင် ဒူးထောက်ကာ သူ့အား ဂိုဏ်းချုပ်ဟု ခေါ်နေသည့် လူနှစ်ယောက်ကို ကြည့်ရင်း အင်မော်တယ် မော်တယ် ကျင့်စဉ်နှင့် တစ်ခုခု ပတ်သက် နေကြောင်း သတိပြုမိ လိုက်သည်။
မည်သို့ပင် ဆိုစေကာမူ သူက အင်မော်တယ် မော်တယ် ကျင့်စဉ်ကို ပြန်မပေးနိုင်ပေ။ သူက လူသား အဆင့်လွန်သို့ ရောက်ခါစ ဖြစ်ကာ သူက မြေကမ္ဘာ အဆင့်ပင် မတက်လှမ်း ရသေးပေ။ ကျင့်စဉ်မရှိဘဲ သူက မည်သို့ လုပ်ရမည်နည်း။
“မမှားရပါဘူး။ ကျွန်မတို့ အရင်ဂိုဏ်းချုပ် ပျောက်မသွားခင် ကတည်းက စီနီယာကို ထျန်းဂျီဂိုဏ်းရဲ့ နောက်ဂိုဏ်းချုပ် အဖြစ် သတ်မှတ် ပေးခဲ့တာ ... စီနီယာက ဒီရာထူးကို လက်ခံပေးဖို့ မျှော်လင့်ပါတယ် ...” စန်ယီပင်းက မထသေးရုံ သာမက ခေါင်းကိုပါ ပိုငုံ့လိုက် လေသည်။
မိုဝူကျီက စန်ယီပင်းနှင့် နှဲ့ကျန်းနွန်တို့ကို တန်းဆွဲထူကာ သံသယ အများအပြားဖြင့် ပြောလိုက်လေ၏ ...
“ဘာလို့လဲ။ ကျုပ်တော့ ခင်ဗျားတို့ ဂိုဏ်းချုပ်နဲ့ တွေ့ဖူးတယ် လို့တော့ မထင်ဘူး။ ပြီးတော့ ဒီလို အရေးကြီး ကိစ္စမျိုးကို ပြောတဲ့အခါ လိုရင်းကိုပဲ တန်းပြော ကြတာပေါ့။ ဒူးထောက်ပြီးတော့ ပြောစရာ မလိုပါဘူး ...”
“ဟုတ်ကဲ့ပါ ...” စန်ယီပင်းက အသက်ဝအောင် ရှူကာ ဆက်ပြော လိုက်လေသည်။
“လွန်ခဲ့တဲ့ လအနည်းငယ် လောက်က ကျွန်မတို့ ဂိုဏ်းချုပ်က ဖိတ်ကြားမှု တစ်ခု ရခဲ့တယ်။ အဲဒီလူက နယ်လှည့် ကျင့်ကြံသူ ၂၇၀၅ ဖြစ်နေတယ် ...”
မိုဝူကျီက ချက်ချင်း ဆိုသလို မျက်ခုံးကြုတ် လိုက်ပြီး …
“ဂျူနီယာစန် မင်းလည်း ကျုပ်က နယ်လှည့် ကျင့်ကြံသူ ၂၇၀၅ မှန်း သိမှာပါ။ ဒါပေမဲ့ ကျုပ် တစ်ခါမှ ဂိုဏ်းချုပ်ကို မဖိတ်ကြားဖူးဘူး ...”
စန်ယီပင်းက မျက်လုံးထောင့်မှ မျက်ရည်များကို သုတ်ချလိုက်ပြီး …
“ကျွန်မ သိပါတယ်။ ဒါပေမဲ့ ကျွန်မတို့ ဂိုဏ်းချုပ်က စီနီယာလို့ ယုံကြည်နေခဲ့တာ။ အဲဒီအချိန်မှာ သူက စီနီယာကို အလောတကြီး ရှာနေခဲ့တာ ဆိုတော့ စီနီယာကို ရှာဖို့ ယင်သင်္ချိုင်းဆီ သွားဖို့ တွေဝေ မနေခဲ့ဘူး။ အဲဒီနောက်မှာ ကျွန်မတို့ ဂိုဏ်းချုပ်က ပြန်ရောက် မလာတော့ဘူး ...”
“ဘယ်သူ လုပ်တာလဲ ဆိုတာ ရှာတွေ့လား ...”
မိုဝူကျီ အမူအရာများက လေးနက်လာကာ မေးလိုက်သည်။ သူ့နာမည် အသုံးပြု၍ တခြား သူများကို ဒုက္ခပေးခြင်းသည် မည်သူပင် ဖြစ်နေပါစေ သူက သေချာပေါက် အလွတ်ပေးမည် မဟုတ်ပေ။
စန်ယီပင်းက အံကိုကြိတ်ကာ ပြောလိုက်သည်။
“ယုလင်း လိန်မျိုးနွယ်စုပါ ...”
“ယုလင်း လိန်မျိုးနွယ်စု” ဆိုသည့် စကားစုကို ကြားပြီး မိုဝူကျီက ရုတ်တရက် တွေးမိသွားသည်။ ဤကိစ္စက သူနှင့် သက်ဆိုင် နေသည်လား ...
မျှော်လင့်ထားသည့် အတိုင်း စန်ယီပင်းက ဆက်ပြော လိုက်သည့်အခါ သူ့အတွေးများကား အတည် ပြုပြီးသား ဖြစ်သွားလေသည်။
“စီနီယာကို ရှာဖို့ လိန်မျိုးနွယ်စုက ယန်မြို့တော် တစ်ခုလုံးကို အထပ်ထပ် အခါခါ ရှာဖွေခဲ့တယ်။ နောက်တော့ သူတို့က ထျန်းဂျီဂိုဏ်းရဲ့ အဆင့်ဇယားကို သတိပြုမိ သွားတယ်။ ကျွန်မတို့ ထျန်းဂျီဂိုဏ်းမှာ ထူးချွန်နေတဲ့ အရည်အချင်းမျိုး မရှိတော့ အဆင့်ဝင်ဖို့က မဖြစ်နိုင် သလောက်ပဲ။ ဒါပေမဲ့လည်း စီနီယာက ကျွန်မတို့ဂိုဏ်းက ရောင်းတဲ့အရာ တစ်ခုအတွက် အမှတ်တွေ လဲလှယ်ပြီးတော့ ဝယ်ယူလိုက်တယ်။ အဲဒီ အမှတ်တွေနဲ့ ကျွန်မတို့ ဂိုဏ်းက အဆင့်ဇယားကို ခုန်တက်သွားတယ်။ အဲဒါနဲ့ လိန်မျိုးနွယ်စုတွေက အဲဒီအကြောင်းကို ရှာတွေ့သွားတာ ...”
စန်ယီပင်း ဆက်ပြောပြစရာ မလိုတော့ပေ။ မိုဝူကျီက အရာအားလုံး နားလည် သဘောပေါက် သွားလေပြီ။ လိန်မျိုးနွယ်စု လောဘကား မတင်းတိမ်နိုင်ပေ။ သူတို့သည် ထျန်းဂျီဂိုဏ်းကိုပင် သူလဲလှယ် သွားသည့်အရာကို အတင်းကျပ် ထုတ်ဖော် လိုသေးသည်။ တစ်ချိန်တည်းတွင် လိန်မျိုးနွယ်စုက ထျန်းဂျီဂိုဏ်းကို အသုံးချ၍ သူ့ပုန်းကွယ်ရာ နေရာကို ရှာချင်လို သေး၏။
မိုဝူကျီက သက်ပြင်းချကာ ဆက်ပြော လိုက်လေသည်။
“ခင်ဗျားတို့ ဂိုဏ်းချုပ်ကို ဝင်ပါစေမိပြီ။ လိန်မျိုးနွယ်စုက ဒီလောက် အရှက်မဲ့ လိမ့်မယ်လို့ ထင်မထားဘူး။ သူတို့က ကျုပ်နေရာကို ရှာချင်လို့ ခင်ဗျားတို့ ဂိုဏ်းက သိလောက်မယ် အထင်နဲ့ လုပ်တာ ဖြစ်ရမယ် ...”
စန်ယီပင်းက ပြတ်ပြတ်သားသား ပြောလိုက်လေသည်။
“ကျွန်မတို့က သိရင်တောင် ဂိုဏ်းချုပ်က တစ်ခွန်းမှ ပြောမှာ မဟုတ်ဘူး။ ကျွန်မတို့ ဂိုဏ်းမှာ တပည့်တွေကို သင်ကြားထားတာ ရှိတယ်။ ကျွန်မတို့ ဂိုဏ်းသားတွေက သေသည်အထိ ဖြောင့်မတ်စွာ နေသွားမယ် အသက်ရှင်နေစဉ် ဘယ်သူ့ဆီမှ ဒူးမထောက်ဘူး ...”
မိုဝူကျီ အမူအရာ ပြောင်းသွားလေသည်။ ထျန်းဂျီဂိုဏ်းကို လေးစားမိသည့် ပထမဆုံး အကြိမ် ဖြစ်လေသည်။ ကျင့်ကြံခြင်း လောကတွင် သစ္စာဖောက် တတ်ကြသည့် ဂိုဏ်းများစွာ ရှိကြသည်။ ထိုသို့ သင်ကြားရေးကို လုပ်ဆောင်ဖို့ ဆိုလျှင် ထျန်းဂျီဂိုဏ်းက သတ္တိမည်မျှ ကောင်းကြသနည်း။
“လိန်မျိုးနွယ်စုက ကျွန်မတို့ ဂိုဏ်းချုပ်ကို သတ်ပြီးတဲ့ နောက်မှာ သူတို့က ထျန်းဂျီဂိုဏ်း ယာယီစခန်းကို ဝင်ပြီးတော့ အားလုံးကို တိတ်တဆိတ် သတ်ဖြတ်သွားတယ်။ အခု ထျန်းဂျီဂိုဏ်းက ပျက်စီးသွားပြီ။ ဖြစ်နိုင်တာက ကျွန်မတို့ နှစ်ယောက်ပဲ အသက်ရှင်တာ ဖြစ်နိုင်တယ် ....”
“ဘာ ...” မိုဝူကျီ ကြားသည့်အခါ သူ့စိတ်ထဲမှ ဒေါသမီးက လောင်မြိုက် လာလေသည်။
အကယ်၍ လိန်မျိုးနွယ်စုသာ ထျန်းဂျီဂိုဏ်းချုပ်ကို သတ်ဖြတ်လိုက်ပြီး ထျန်းဂျီဂိုဏ်းကိုပင် ဖျက်ဆီး လိုက်သည် ဆိုပါက သူတို့သည် ယုတ်မာလှပြီး စက်ဆုပ်ဖွယ် ကောင်းလှလေသည်။ အကယ်၍ ထျန်းဂျီဂိုဏ်းသာ ထိုအရာကြောင့် ပျက်စီး သွားခဲ့ခြင်း ဖြစ်နေလျှင် သူက ထျန်းဂျီဂိုဏ်းကို လက်စားချေဖို့ရန် ကူညီပေး ရမည်။ အကြောင်းမှာ သူက ယန်မြို့တော် အင်မော်တယ် ကျောက်စိမ်း အိမ်တော်တွင် လိန်ချန်းဟယ်ကို သတ်ခဲ့၍ လိန်မျိုးနွယ်စုက ဒေါသကို ထျန်းဂျီဂိုဏ်း အပေါ် ပုံချလိုက်ခြင်း ဖြစ်သည်။
စန်ယီပင်းက လက်သီး တင်းတင်း ဆုပ်ထားလိုက်ပြီး …
“အဲဒီ မတိုင်ခင်က ထျန်းဂျီဂိုဏ်းရဲ့ ပထမ အကြီးအကဲက လိန်မျိုးနွယ်စုက ကျွန်မတို့ ဂိုဏ်းချုပ်ကို သတ်လိုက်တာကို ခန့်မှန်းမိပြီးတော့ အဲဒီကိစ္စတွေ ဖြစ်မလာခင် ကျွန်မတို့ထဲက တချို့ကို ထွက်ပြေးခိုင်း လိုက်တာ။ တကယ်လို့ ဘာမှမဖြစ်ရင် နှစ်ဝက်အကြာမှာ ပြန်ဆုံကြမယ် ပြောခဲ့တယ်။ ဒါပေမဲ့ ထျန်းဂျီဂိုဏ်းက ပျက်စီး သွားပြီဆိုတော့ ဂိုဏ်းချုပ်ရဲ့ စကားကို နားထောင်ပြီး စီနီယာကို လာရှာတာပါ။ ပြီးတော့ ဂိုဏ်းချုပ်ရာထူး ပေးပြီးတော့ ထျန်းဂျီဂိုဏ်းရဲ့ အမွေအနှစ်တွေကို မပျောက်ဆုံး သွားစေဖို့ အတွက်ပါ ...”
သူမက ဆိုလိုရင်း ရောက်သည့်အခါ နောက်တစ်ကြိမ် ဦးညွှတ် လိုက်ပြန်သည်။ ဤတစ်ကြိမ်တွင်တော့ ဒူးမထောက် တော့ချေ။
မိုဝူကျီက ယခင် ဂိုဏ်းချုပ်သည် သူ့အား ဂိုဏ်းချုပ်ရာထူး ပေးခဲ့ခြင်းမှာ အင်မော်တယ် မော်တယ်ကျင့်စဉ်ကို လဲလှယ်ခဲ့၍ ဖြစ်ပေလိမ့်မည်။ သူက နယ်လှည့် ကျင့်ကြံသူ ၂၇၀၅ ဖြစ်နေ၍ မဟုတ်ပေ။
စန်ယီပင်း မျက်လုံးက နီရဲနေကာ …
“ကျွန်မတို့ ထျန်းဂျီ ဂိုဏ်းချုပ်က အင်မော်တယ် မော်တယ် ကျင့်စဉ်က သာမန်ထက် အရမ်း ထူးခြားနေမှန်း သိလို့ စီနီယာက အမှတ်အများကြီး သုံးပြီး လဲသွားရတဲ့ အကြောင်းပြချက် ရှိလိမ့်မယ် ဆိုပြီး ပြောဖူးတယ်။ အင်မော်တယ် မော်တယ် ကျင့်စဉ်က ကျွန်မတို့ ဂိုဏ်းရဲ့ ရတနာပါ။ အစ်ကိုမိုက ကျင့်ကြံနိုင်တော့ ကျွန်မတို့ ဂိုဏ်းချုပ် ဖြစ်လာတာ သဘာဝ ကျပါတယ်။ ကျွန်မတို့ ဂိုဏ်းချုပ် တစ်ခါက ပြောဖူးတယ်။ အစ်ကိုမိုက သေမျိုးတွေကြား ဖုံးကွယ်ပြီး နေနေတဲ့ လူသားကြားက နဂါး တစ်ကောင်ပဲတဲ့ .... ကျွန်မတို့ ဂိုဏ်းက ရွမ်အဆင့် ဖြစ်လို့များ မလုပ်ချင် ...”
မိုဝူကျီက လက်ကိုမြှောက်ကာ စန်ယီပင်း ဆက်မပြောရန် တားလိုက်ပြီး …
“ဂျူနီယာစန် အဲဒီလို စကားလုံးတွေနဲ့ ဖျောင်းဖျဖို့ မလိုပါဘူး။ ကျုပ် ဒီနေရာကို တာဝန်ယူဖို့ ဆုံးဖြတ် ပြီးသွားပါပြီ။ ဒီနေ့က စပြီးတော့ ထျန်းဂျီဂိုဏ်းရဲ့ အမွေအနှစ်တွေက ပျောက်ကွယ်သွားမှာ မဟုတ်တော့ပါဘူး။ ထျန်းဂျီဂိုဏ်းကို ရက်ရက်စက်စက် ဖျက်ဆီးခဲ့တဲ့ သူတွေကို ကျုပ်ကိုယ်တိုင် ပြန်ပေးဆပ် ခိုင်းမယ် ...”
ထျန်းဂျီဂိုဏ်း၏ ပျက်စီးမှုက သူနှင့် တိုက်ရိုက် ပတ်သက် နေလေသည်။ ထို့ကြောင့် သူက ထျန်းဂျီဂိုဏ်းချုပ် အဖြစ် တာဝန် ယူလိုခြင်းက တခြားသော အကြောင်းပြချက် မရှိဘဲ လက်စား ချေလို၍ ဖြစ်သည်။
စန်ယီပင်းနှင့် နှဲ့ကျန်းနွန်တို့က သက်ဝင်လှုပ်ရှား လာလေသည်။ အထူးသဖြင့် စန်ယီပင်း ဖြစ်၏။ သူမ အမြင်အရ မိုဝူကျီသည် အတော်လေး ထူးချွန်သော်လည်း သူ့ကိုယ်သူ နယ်လှည့် ကျင့်ကြံသူများ ကြားမှာ ဖုံးကွယ် နေခဲ့လေသည်။ ထိုသည်က သူသည် အောင်မြင် ကျော်ကြားမှုကို မလိုချင်၍တော့ မဖြစ်နိုင်ပေ။ ထို့အပြင် သူမက အကြောင်းအရင်းများကို ရှင်းပြသည့် အခါ သူမ စကားများကို တွေဝေခြင်း မရှိ သဘောတူ ခဲ့လေသည်။
ပြင်ပ လောကတွင် နယ်လှည့် ကျင့်ကြံသူ ၂၇၀၅သည် အားလုံး၏ တာ့ရှီရှုန်း အဖြစ် သတ်မှတ်ထားခြင်း ခံရသည်မှာ သူ့၏ တရားမျှတမှုနှင့် ကြင်နာမှုကြောင့် ဖြစ်လေသည်။ အကြည့်နှင့်ပင် ထိုအရာများက မှန်ကန်နေကြောင်း သိလိုက်ရသည်။
“စန်ယီပင်း၊ နှဲ့ကျန်းနွန်တို့က ဂိုဏ်းချုပ်ကို နှုတ်ဆက်ပါတယ် ...” နှစ်ယောက်သား နောက်တစ်ကြိမ် ဒူးထောက် လိုက်ပြန်သည်။ မိုဝူကျီက လက်ကို မြှောက်ကာ ထပ်တားလိုက် ရပြန်သည်။ ထို့နောက် သူက ရှင်းလင်းစွာ ပြောလိုက်သည်။
“ဒီအချိန်က စပြီးတော့ ရင်းနှီးတဲ့ သူတွေ၊ ဆရာတွေက လွဲရင် ငါတို့ ထျန်းဂျီ ဂိုဏ်းသားတွေက ကျန်တဲ့လူရှေ့ ဒူးထောက်စရာ မလိုဘူး ...”
“ဟုတ်ကဲ့ပါ ...” စန်ယီပင်းနှင့် နှဲ့ကျန်းနွန်တို့က တက်တက်ကြွကြွ တုံ့ပြန် လိုက်လေသည်။
လက်တွေ့တွင် ရင်းနှီးသူများနှင့် ဆရာများမှ လွဲ၍ ကျင့်ကြံသူများ ဒူးထောက် သင့်သည့်သူ မရှိတော့ပေ။
“ဂိုဏ်းချုပ် ...”
မိုဝူကျီက စန်ယီပင်း စကားကို ဖြတ်ပြောကာ …
“ဒီနေ့က စပြီးတော့ ကျုပ်ကို စီနီယာ ခေါင်းဆောင် အစ်ကိုကြီးလို့ပဲ ခေါ်ပါ။ အဲဒါက ပိုရင်းနှီး တယ်လေ ...”
စန်ယီပင်းက တွန့်ဆုတ် တွန့်ဆုတ်ဖြင့် ပြောလိုက်သည်။
“ဟုတ်ကဲ့ပါ စီနီယာ ခေါင်းဆောင် အစ်ကိုကြီး။ ဒါက ကျွန်မတို့ဂိုဏ်းရဲ့ ဂိုဏ်းချုပ်အ မှတ်အသားပြားပါ။ ဒါပေမဲ့ ထျန်းဂျီ ဂိုဏ်းချုပ်ရဲ့ ဓားရှည်က ဂိုဏ်းချုပ်နဲ့ အတူ ပျောက်ဆုံးသွားပြီ”
မိုဝူကျီက အမှတ်အသားပြားကို ယူလိုက်သည့် အခါ အေးစိမ့်မှုက သူ့လက်ဆီ စိမ့်ဝင် လာလေသည်။ အမှတ်အသားပြားမှာ ဖြူဆွတ် နေသော်လည်း မိုဝူကျီက ဤအဖြူရောင် အတွင်း မမြင်နိုင်သည့် ပုံချပ် ရှိနေသည်ဟု ခံစားနေ ရသည်။ သူ့စိတ် စွမ်းအားနှင့်ပင် ထိုပုံချပ်ကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ပေ။
ဂိုဏ်းချုပ် အမှတ်အသားပြားကို သိမ်းဆည်းပြီးနောက် မိုဝူကျီက ပင်လယ်ဘက် မျက်နှာမူကာ တည်တည်ငြိမ်ငြိမ် ပြောလိုက်လေသည်။
“တစ်ရက်ကျ ကျုပ်ကိုယ်တိုင် လိန်မျိုးနွယ်စု ဆီကနေ ဂိုဏ်းချုပ်ဓားကို ရအောင် ပြန်ယူမယ် ...”
ဘွားဘွား လင်းလောင်က ပျံသန်းရေး ရတနာကို ပြင်ဆင်နေဆဲ ဖြစ်သောကြောင့် စန်ယီပင်းနှင့် နှဲ့ကျန်းနွန်တို့ကို ဖူချန်းနှင့် တွေ့ဆုံရန် ခေါ်သွား လိုက်လေသည်။
“အစ်ကိုဖူ။ ဂျူနီယာကျောင်း အခုကစပြီး ခင်ဗျားတို့ နှစ်ယောက်က ဘာလုပ်ဖို့ ရည်ရွယ်ထားလဲ ...” မိုဝူကျီ၊ ဖူချန်းနှင့် ကျောင်းယန်တို့မှာ မိတ်ဆွေများ ဖြစ်ပြီးပြီ ဖြစ်၍ သူ့စကားလုံးများက တဲ့တိုး ဆန်လေသည်။
“ကျွန်မတော့ ဂိုဏ်းတစ်ခု ရှာပြီးတော့ အတွင်းစည်း တပည့် ဖြစ်နိုင်လား ကြိုးစား ကြည့်မို့ပါ ...” ကျောင်းယန်က ဖြေလိုက်သည်။
ချီဝမ်ရွှမ်၏ နှလုံးသား မဲ့မှုကြောင့် သူမက အိမ်မပြန် ချင်လိုပေ။ ယခင်က သူမက သူမမိသားစု အကြံဉာဏ်များကို ပစ်ပယ်ကာ ချူဝမ်ရွမ်နောက် လိုက်သွားမိသည်။
ဖူချန်းက အားရပါးရ ရယ်မောလိုက်ပြီး …
“ကျုပ်တို့မှာ အင်မော်တယ် အမွေအနှစ် မရလိုက်ပေမဲ့ ဒီခရီးကနေ တစ်ခုခုတော့ ရလိုက်တယ်။ အဲဒါက ညီလေးမိုလို မိတ်ဆွေမျိုးပဲ ... အစ်ကိုမို ဘယ်သွားမှာလဲ ဆိုတာ ကျုပ်လည်း သိချင်မိတယ်။ ပြီးတော့ အဲဒီ စီနီယာနဲ့ ရင်းနှီးတဲ့ပုံပဲ ....”
မိုဝူကျီက ဖူချန်းကို ထိုစီနီယာမှာ ဘွားဘွားလင်းလောင် ဖြစ်ကြောင်း မပြောလိုက်ပေ။ မဟုတ်လျှင် ဖူချန်းနှင့် ကျောင်းယန်တို့ အနေ ခက်ကုန်လိမ့်မည်။
“ထျန်းဂျီဂိုဏ်းက ကျုပ်ကြောင့် ဖျက်ဆီး ခံလိုက်ရပြီ။ ကျုပ်က ထျန်းဂျီဂိုဏ်းကို ပြန်လည် တည်ဆောက်ပြီးတော့ လက်စားချေဖို့ ကျိန်ဆိုထားတယ်။ အစ်ကိုဖူနဲ့ ဂျူနီယာကျောင်းသာ ဆန္ဒရှိမယ် ဆိုရင် ကျုပ်နဲ့ အတူတူ ထျန်းဂျီဂိုဏ်းကို ဝင်လို့ရတယ် ...” မိုဝူကျီက ကွေ့ဝိုက် ပြောမနေတော့ပေ။ ယခု သူက ဖူချန်း၊ ကျောင်းယန်တို့နှင့် ရင်းနှီး နေလေပြီ။
ဖူချန်းက ခဏတာ စဉ်းစားပြီးနောက် သံသယ ဝင်ဟန်ဖြင့် …
“ညီလေးမို ဂိုဏ်းချုပ်တို့၊ အကြီးအကဲတို့ ဖြစ်ဖို့ဆိုတာ နေရာချထား ခံရမှာလေ။ ထျန်းဂျီဂိုဏ်းကို ပြန်လည် ထူထောင်ချင်ရုံနဲ့ မလုံလောက်သေးဘူး ...”
မိုဝူကျီက ဂိုဏ်းချုပ် အမှတ်အသားကို ဆွဲထုတ်လိုက်ပြီး …
“အစ်ကိုဖူ ... ကျုပ်က ဂိုဏ်းချုပ် ဖြစ်နေပြီ။ ဒီဟာက အရင် ဂိုဏ်းချုပ်ရဲ့ ဆန္ဒပါ။ တကယ်လို့ ခင်ဗျားက ထျန်းဂျီဂိုဏ်းကို ဝင်ဖို့ ဆန္ဒရှိတယ် ဆိုရင် ကျုပ်က စီနီယာ ခေါင်းဆောင် အစ်ကိုကြီး ဖြစ်သွားလိမ့်မယ်။ တကယ်လို့ ဆန္ဒမရှိဘူး ဆိုရင် ဒီစီနီယာနဲ့ အတူတူ ထွက်သွားလို့ ရပါတယ်။ ကျုပ်တို့က မိတ်ဆွေတွေ အဖြစ် ဆက်ရှိနေမှာပါ ....”
ဖူချန်းက မိုဝူကျီ စကားလုံးများကို ကြားသည်နှင့် ချက်ချင်း အရိုအသေ ပေးကာ …
“ဖူချန်းက ထျန်းဂျီဂိုဏ်းကို ဝင်ဖို့ ဆန္ဒရှိပါတယ်။ စီနီယာ ခေါင်းဆောင် အစ်ကိုကြီးကို နှုတ်ဆက်ပါတယ် ...”
ကျောင်းယန်က နောက်မှ လိုက်ကာ …
“ကျွန်မလည်း အစ်ကိုဖူနဲ့ အတူ ထျန်းဂျီဂိုဏ်းကို ဝင်ပါ့မယ်။ စီနီယာ ခေါင်းဆောင် အစ်ကိုကြီးကို နှုတ်ဆက်ပါတယ် ...”
***