ထန်ရှု၏အမျိုးသမီးများ
Vol. 66 Ch. 924
ကြယ်အလင်းများက ကောင်းကင်ပြင်ကျယ်မှ ကမ္ဘာမြေသို့ ပက်ဖျန်းနေပြီး ညကန့်လန့်ကာကလည်း ဖုံးလွှမ်းနေလျက်ရှိကာ လမ်းတစ်လျှောက်တွင် နွေဦးရာသီက အပူလှိုင်းများအား လေနှင့်အတူ သယ်ဆောင်လာခဲ့သည်။ ထန်ရှု၊ ရွှယ်ယုနှင့် ကူးယန်အာတို့က မြေပြင်ပေါ်သို့ ပြန်ရောက်လာပြီး နင်မြို့သို့ ချက်ချင်းပြန်ရန် ထန်ရှုက ဆုံးဖြတ်ခဲ့သည်။ သို့သော် အမျိုးသမီးနှစ်ယောက်၏အပြန်အလှန်တုံ့ပြန်မှုက တစ်ခုခုမှားယွင်းနေသည်ဟု သူက ရေးတေးတေးသတိပြုမိခဲ့၏။
"အခု မင်းတို့နှစ်ယောက်လုံးက တစ်ယောက်ကိုတစ်ယောက်သိနေပြီပဲ။ အနာဂတ်မှာ မင်းတို့နှစ်ယောက်ရဲ့ဆက်ဆံရေးကို အဆင်ပြေစေချင်တယ်"
တောင်ခါးပန်းတွင် ရပ်လျက် ကောင်းကင်အား ကြည့်ရင်း ထန်ရှုက အလွန်လေးနက်သောအသံနှင့် ပြောလိုက်၏။
ကူးယန်အာက သူ့လက်မောင်းအား ဆုပ်ကိုင်ရင်း အချိန်တစ်ခုကြာ တိတ်ဆိတ်ငြိမ်သက်နေခဲ့၏။ ထို့နောက် သူမက ဖြည်းညှင်းစွာ ပြော၏"ငါ သူမရဲ့ဂျူနီယာတစ်ယောက်မဖြစ်ချင်ဘူး၊ ဆရာသခင်"
"ငါက ဒါနဲ့ပတ်သက်ပြီး ဂရုမစိုက်ပါဘူး"ရွှယ်ယုက အေးစက်စွာ ကြားဖြတ်ပြောလိုက်သည်။
ထန်ရှုက အားတင်းပြုံးလျက် ဆိုလိုက်၏"ယန်အာ၊ ရွှယ်ယုက ငါ့အမျိုးသမီးလေ၊ ငါ......"
ကူးယန်အာက သူမလက်အား မြှောက်ကာ သူ့စကားအား ကြားဖြတ်ပြောလိုက်သည်"ငါ့စိတ်ထဲမှာ ဘာရှိနေတယ်ဆိုတာ ရှင် ရှင်းရှင်းလင်းလင်းသိပါတယ်၊ ဆရာသခင်။ ငါ့ကို လွန်ခဲ့သောနှစ်ထောင်ပေါင်းများစွာ အသက်ရှင်သန်စေနိုင်ခဲ့တဲ့တစ်ခုတည်းသောအရာက ရှင့်ကို ရှာဖွေဖို့နဲ့ ရှင်နဲ့ ထာဝရအတူတကွနေထိုင်ဖို့ပဲ။ အင်မော်တယ်ကမ္ဘာပျက်ဆီးသွားရင်တောင်မှ ငါ ဘယ်တော့မှ မထွက်သွားသလို ဘယ်တော့မှ အရှုံးပေးမှာမဟုတ်ဘူး။ ငါ ဘာမှဂရုမစိုက်ဘူး၊ ရှင်ရဲ့အခြားအမျိုးသမီးတွေနဲ့ပတ်သက်ပြီး ဘာအတွေးမှ မရှိဘူး။ ဒါပေမယ့် သေချာတာတစ်ခုတော့ ရှိတယ်၊ ကျွန်မ ရှင့်နောက်လိုက်မယ်၊ တစ်ယောက်မှ ကျွန်မတို့ကို ခွဲလို့မရဘူးပဲ"
အနည်းငယ်စိတ်ဓာတ်ကျပုံပေါ်လျက် ထန်ရှုက သူမပခုံးအား ပုတ်ကာ နူးညံ့ညင်သာစွာ ပြန်ပြောလိုက်၏"အရူးမလေး၊ မင်းကို စွန့်ခွာဖို့အတွေး ငါ့မှာ ဘယ်လိုလုပ်ရှိနိုင်မှာလဲ။ ငါက မင်းကို မြေတောင်မြှောက်ပေးခဲ့တဲ့သူလေ။ မင်းက ငါ့ရဲ့အချစ်ရဆုံးတပည့်ဖြစ်ပြီး ငါ့အတွက် မင်းထက် အရေးကြီးတာ ဘာမှမရှိဘူး။ ပြီးတော့....ငါ့နှလုံးသားထဲမှာ မင်းရဲ့နေရာက ငါ့အမေနဲ့အတူတူပဲ"
"ငါက မင်းရဲ့စိတ်ထဲမှာ အရေးကြီးဆုံးအရာရှိတာ ငါ အမြဲတမ်း သိပါတယ်၊ ဆရာသခင်"ကူးယန်အာက စိတ်လှုပ်ရှားစွာ ပြော၏"ဒါပေမယ့် ငါက အရင်ကလို ကလေးသေးသေးလေးမဟုတ်တော့ဘူး။ ငါက အရွယ်ရောက်လာပြီ။ နှစ်ထောင်ပေါင်းများစွာရှိပြီးဆိုတော့ ငါ့အသက်က သူမဘိုးဘေးတွေရဲ့ဘိုးဘေးတွေရဲ့အသက်နဲ့အတူတူပဲ၊ ဒါကြောင့် ငါ သူမရဲ့ဂျူနီယာမဖြစ်ချင်ဘူး"
"ဒါက....."
ထန်ရှုက အကူအညီမဲ့သလို စိတ်ထိခိုက်ခံစားနေရသည်။
ရွှယ်ယုက စောင်းငဲ့ကြည့်၏။ သူမလည်း အမျိုးသမီးတစ်ယောက်ဖြစ်ပြီး ထန်ရှုအပေါ် ကူးယန်အာ၏ခံစားချက်အား ရှင်းလင်းစွာ ခံစားမိသည်။ သူမတို့ မြေအောက်လိုဏ်ဂူတွင် ရှိစဉ်တုန်းက သူမ၏အစစ်အမှန်အဆင့်အတန်းကို သိခဲ့ပြီး ရွှယ်ယုလည်း သူမအား လေးစားမိသည်။ ခဏတာငြိမ်သက်သွားပြီးနောက် သူမက အခြေအနေအား ချိုးဖြတ်ကာ ပြောလိုက်၏"ထန်ရှု၊ သူမက ရှင့်ကို လက်လျော့မှာ မဟုတ်ဘူး၊ ဒါကြောင့် ရှင်လဲ သူမကို လက်မလွတ်သင့်ဘူး။ ပြီးတော့ သူမက နှစ်သန်းချီရှင်သန်ခဲ့ပြီး ဒီနေရာအထိတောင် ရောက်လာခဲ့တယ်။ တစ်ချိန်တုန်းက ရှင်သိတဲ့မိန်းမငယ်လေးက အခု အမျိုးသမီးတစ်ယောက်ဖြစ်နေပြီဆိုတာ ရှင် မြင်နိုင်ပါတယ်။ ရှင်တို့နှစ်ယောက်ကြားခံစားချက်က ဆရာနဲ့တပည့်ဆက်ဆံရေးကို ကျော်လွန်နေပြီလို့ ငါ ထင်တယ်။ ဘာလို့ ကျင့်ဝတ်တွေနဲ့ ရှင့်ကိုယ်ရှင့် တင်းတင်းကျပ်ကျပ်ချည်နှောင်နေအုံးမှာလဲ။ ပြီးတော့ အစကတည်းက ရှင့်မှာ အမျိုးသမီးတွေအများကြီးရှိနေပြီမဟုတ်လား။ ရှင် သူမကို ပေါင်းထည့်တာမပေါင်းထည့်တာက ကိစ္စတစ်ခုမဟုတ်တော့ဘူးလေ။ ငါ ပြောချင်တာက သူမက ငါ့အောက်ကမျိုးဆက်မဖြစ်ချင်ဘူး၊ ဒါကြောင့် သူမကို ရှင့်ရဲ့အမျိုးသမီးဖြစ်အောင် လုပ်လိုက်ရုံပေါ့"
"အဓိပ္ပါယ်မရှိတာတွေ"ထန်ရှုက စိတ်ဆိုးစွာ အပြစ်တင်လိုက်သည်။
ရွှယ်ယုပြောတာကို ကြားပြီးနောက် ကူးယန်အာ၏မျက်လုံးများက အံ့အားသင့်ခြင်းနှင့်ပျော်ရွှင်ခြင်းတို့ လင်းလက်သွား၏။ သူမက ရွှယ်ယုအား ကြည့်ကာ မေး၏"ရှင့်စိတ်ထဲမှာ အဲလိုအတွေး တကယ်ပဲ ရှိတာလား"
"ဒါပေါ့"ရွှယ်ယုက ပြန်ဖြေ၏"ပွင့်ပွင့်လင်းလင်းပြောရရင် ငါလဲ နောက်ကျသူတစ်ယောက်ပါပဲ။ ကမ္ဘာမြေမှာ ငါ့ကို မိတ်ဆက်တဲ့အခါကျရင် ငါ့ကို အကျေနပ်စေဆုံးက ငါက 'သူ့ချစ်သူဖြစ်တယ်'ဆိုတာပဲ၊ ဒါပေမယ့် မကျေနပ်စေတဲ့နာမည်ကတော့ ငါက တတိယမိန်းမဆိုတာပဲ၊ စတုတ္ထဒါမှမဟုတ် ပဉ္စမတောင် ဖြစ်နိုင်တယ်"
"ကောင်းတယ်..."ကူးယန်အာက အခွင့်အရေးအား ချက်ချင်း ရယူကာ ပြောလိုက်၏"ဒါဆို ငါ့ကို အစ်မကြီးလို့ခေါ်ပါ၊ ငါ မင်းကို ညီမလေးယုလို့ ခေါ်မယ်၊ မင်းလဲ ငါ့ကို အစ်မယန်အာလို့ ခေါ်နိုင်တယ်"
"အစ်မယန်အာ"ရွှယ်ယုက ခေါင်းညိတ်ကာ ညင်သာစွာ တုံ့ပြန်လိုက်၏။
ကျေနပ်သောအမူအရာတစ်ခုနှင့်အတူ ကူးယန်အာက ပြောလိုက်၏"ညီမယု၊ ငါတို့က ညီအစ်မတွေ ဖြစ်ပြီးဆိုမှတော့ ငါတို့ရဲ့ပထမဆုံးတွေ့ဆုံမှုအတွက် ငါ မင်းကို လက်ဆောင်တစ်ခုပေးမယ်။ အမ်၊ ငါ မင်းကို ဘာလက်ဆောင်ပေးသင့်လဲ"
သူမက မျက်မှောင်ကြုတ်ရင်း စက္ကန့်ဒါဇင်ကြာ စဉ်းစားနေ၏။ ထန်ရှုက စကားပြောတော့မည့်အခိုက်တွင် သူမက ရုတ်တရက် ပျော်ရွှင်စွာ ပြောလိုက်၏"သိပြီ၊ မင်းရဲ့ကျင့်ကြံခြင်းအဆင့်က စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ကို ရောက်ရှိနေပြီမလား။ ဒါဆိုတော့ ငါ မင်းကို ဓားပျံတစ်ခု လက်ဆောင်ပေးမယ်။ ဒီဓားပျံရဲ့နာမည်ကို နှင်းပုစဉ်းရင်ကွဲကြယ်ဧကရာဇ်လို့ ခေါ်တယ်။ အင်မော်တယ်ကမ္ဘာမှာ ဒါကို သန့်စင်ဖို့အတွက် အဖိုးတန်ရတနာတွေကို နှစ်ထောင်ပေါင်းများစွာ ငါ စုဆောင်းခဲ့ရတယ်။ ဒါကြောင့် အင်မော်တယ်ကမ္ဘာမှာဆိုရင်တောင် ဒါက ထိပ်တန်းအဆင့်လက်နက်တစ်ခုလို့ ပြောနိုင်တယ်"
ပြောပြီးနောက် ပုစဉ်းရင်ကွဲ၏အတောင်ပံလောက်ပါးလွှာသောအင်မော်တယ်ဓားတစ်လက်က သူမလက်ထဲရှိ လေထဲမှ ထွက်ပေါ်လာ၏။ ဓားကိုယ်ထည်တစ်ခုလုံးအား အပြာရောင်အလင်းဖျော့ဖျော့တစ်ခုက ဖုံးလွှမ်းထားပြီး ထွက်ပေါ်လာချိန်တွင် ပတ်ဝန်းကျင်လေထုအား လှိုင်းထန်သွားစေ၏။ ဟင်းလင်းပြင်ကိုယ်တိုင်က အက်ကွဲတော့မတတ်ပင်။
ဤအင်မော်တယ်ဓား၏ထူးခြားမှုအား ရွှယ်ယုက ခံစားနိုင်သည်။ ထွက်ပေါ်လာချိန်တွင် ၎င်းထုတ်လွှတ်သောဖိအားက သူမခန္ဓာကိုယ်အား အေးခဲရပ်တန့်သွားစေသည်။ သူမလည်း မြင်မြင်ချင်းသဘာကျမိသွား၏။
"ကျေးဇူးအများကြီးတင်ပါတယ်၊ အစ်မယန်အာ...."
ဤတစ်ခါတွင်တော့ သူမ၏နှလုံးသားမှ ရိုးရိုးသားသားကျေးဇူးတင်ခြင်းပင်ဖြစ်၏။
ကူးယန်အာက ရွှယ်ယုလက်အား ဆုပ်ကိုင်ကာ သူမလက်ချောင်းအား အင်မော်တယ်ဓားနှင့် ခြစ်လိုက်သည်။ ထို့နောက် သူမအား ဓားထုတ်နည်းနှင့်ဓားပျိုးထောင်နည်းအား သင်ကြားပေးခဲ့ပြီးနောက် ကူးယန်အာက အားရကျေနပ်စွာနှင့် ပြောလိုက်တော့၏"ညီမ၊ မင်း ငါ့ကို ကျေးဇူးတင်ဖို့မလိုပါဘူး။ အနာဂတ်မှာ ငါတို့က တစ်မိသားစုတည်းဖြစ်လာမှာပဲလေ၊ ဒါကြောင့် ဒီလိုအသေးအဖွဲစကားတွေကို ပြောဖို့မလိုပါဘူး"
သူမက ပျော်နေ၏။ တကယ်ကို မကြုံစဖူးထူးထူးခြားခြားပျော်ရွှင်နေသည်။
ဒီမတိုင်ခင်တုန်းက ဆရာတပည့်ဆက်ဆံရေးကြောင့် ထန်ရှုက သူမနှင့်အတူ စိတ်ကူးယဥ်ဆန်သောဆက်ဆံရေးတစ်ခု ရှိလာရန် ဆန္ဒမရှိဘဲ အမြဲတမ်းလိုလိုတွန့်ဆုတ်နေမိသည်။ သို့သော် ယခု သူမက အကွက်တစ်ခုအား မြင်မိသွား၏၊ သူမအား လက်ခံပြီး သူ့အမျိုးသမီးဖြစ်လာစေမည့်အကွက်တစ်ခုပင်။
ထိုအရာက....သူ့အမျိုးသမီးအားလုံး၏အသိအမှတ်ပြမှုကို ရရှိခြင်းပင်။
သို့သော် ရုတ်တရက် အချောအလှနှစ်ယောက် နီးကပ်သွားသည်ကို မြင်ပြီး ထန်ရှုက ခေါင်းကိုက်သွားခဲ့ရသည်၊ အထူးသဖြင့် ရွှယ်ယု၏ကူးယန်အာအပေါ် အခေါ်အဝေါ်နှင့်သဘောထားပင်။ သူက သူတို့အား အပြစ်တင်ချင်သော်လည်း ထိုသို့လုပ်လျှင် ကူးယန်အာအား ဝမ်းနည်းသွားစေမည်ကို သူက စိုးရိမ်သည်။ သို့ဖြစ်၍ သူ့နှလုံးသားထဲရှိစိတ်ဓာတ်ကျသောခံစားချက်အား လောင်းကျွမ်းစေရန်သာ တတ်နိုင်ခဲ့၏။
"မင်း အခုပြန်သင့်ပြီ၊ ယန်အာ"
ကူးယန်အာ၏အပြုံးမျက်နှာက ပြန်ဖြေ၏"မစိုးရိမ်ပါနဲ့ ၊ဆရာ။ ငါ ရောက်ကာစပဲရှိတာလေ၊ အလျင်စလိုပြန်ဖို့ မလိုပါဘူး။ ဟုတ်တယ်၊ ရှင် နောက် ဘယ်သွားမလို့လဲ။ ငါ ရှင့်ကို ပို့ပေးရမလား"
ထန်ရှုက ခဏစဉ်းစားလိုက်၏။ သူ့မျက်လုံးများက ရုတ်တရက်လင်းလက်သွားပြီး သူက ပြုံးကာ အကြုံပြုလိုက်သည်"ဒီလိုဆိုမှတော့ တစ်စုံတစ်ခုကို ရင်ဆိုင်ဖို့ မင်း ငါနဲ့အတူ လိုက်လာခဲ့။ ငါတို့ကို ဟိုင်းချင်စီရင်စုရဲ့နင်မြို့ကို ခေါ်သွားပါ"
"ကောင်းပါပြီ"
သူမက ထန်ရှုလက်အား ဆုပ်ကိုင်ပြီး ရွှယ်ယုပခုံးအား ညင်သာစွာ ကိုင်လိုက်၏။ ထို့နောက် ကြီးမားသောအရှိန်အဝါတစ်ခုက သူမထံမှ ထွက်ပေါ်လာပြီး သူတို့၏ပုံရိပ်က ချက်ချင်းပျောက်ကွယ်သွားခဲ့သည်။
ကောင်းကင်နှင့်ကမ္ဘာက လှည့်ပတ်နေသည်ဟု ထန်ရှုနှင့်ရွှယ်ယုတို့ တစ်ခဏခံစားမိချိန်တွင် သူတို့က နင်မြို့အရှေ့ပိုင်းမြူနီစပယ်ရှိအစွန်အဖျားကျသောနေရာတစ်ခုသို့ ရောက်ရှိလာခဲ့၏။
"ငါတို့ရောက်ပြီ....."
"ရောက်ပြီလား"
ရွှယ်ယုက အံ့အားသင့်စွာ လှည့်ပတ်ကြည့်လိုက်ပြီး စဉ်းစားမရဖြစ်သွား၏။
"ယန်အာရဲ့အမှန်တကယ်ခွန်အားက အင်မော်တယ်တစ်ယောက်ပဲ၊ ဒီလိုအကွာအဝေးတစ်ခုမဆိုနဲ့၊ လကိုသွားရရင်တောင် သူမအတွက် တစ်က္ကန့်ပဲ ကြာမှာ"ထန်ရှုက ပြော၏"ဒါနဲ့ သွားကြရအောင်။ ငါတို့က နင်မြို့ကို ရောက်လာပြီ၊ ထိုနေရာကို သွားဖို့ လောစရာမလိုဘူး၊ ဒါကြောင့် ငါတို့တွေ အစီအစဉ်အချို့ပြုလုပ်ဖို့ မြောင်တွေဆီ အရင် သွားကြတာပေါ့"
ရွှယ်ယုက သူ့အား ယုံကြည်မှုတစ်ဝက်-သံသယတစ်ဝက်အကြည့်နှင့် ကြည့်နေခဲ့သည်။ သူမက ရုတ်တရက် စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းအထွတ်အထိပ်အဆင့်ရှိစွမ်းအားရှင်တစ်ယောက်ဖြစ်လာခဲ့သော်လည်း မန္တန်တစ်ခုမှ မသင်ယူရသေးပေ၊ ထို့ကြောင့် သူမက ယခုလိုပျံသန်းရေးအရှိန်အား မသိသည်မှာ သဘာဝပင်။
ထို့နောက် သုံးယောက်သား တက္ကစီတစ်စီးအား ငှားယမ်းခဲ့သည်။ ပျာပန်းခတ်လှုပ်ရှားနေသောမြို့ထဲလမ်းအား မြင်သောအခါမှ သူတို့က နင်မြို့သို့ အမှန်တကယ်ရောက်နေသည်ကို ရွှယ်ယုက သဘောပေါက်ခဲ့၏။ သူမက ထိတ်လန့်သွားသလို ပျံသန်းနည်းအား ပိုတောင် သိချင်လာခဲ့သည်။ ကောင်းကင်တွင် လွတ်လွတ်လပ်လပ်ပျံသန်းခြင်းက ဘယ်လိုတောင်ပျော်စရာကောင်းနေမလဲဆိုသည်ကို သူမက စိတ်ကူးယဉ်နေမိ၏။
မြောင်မိသားစုအိမ်ရာ။
အိမ်ရာဂိတ်အထိ မောင်းရန် တက္ကစိီဒရိုင်ဘာအား အကျပ်ကိုင်လာဒ်ထိုးပြီးနောက် ထန်ရှုက ဒရိုင်ဘာအား ယွမ်ရာအနည်းငယ်ပေးပြီး အစောင့်ခြောက်ယောက်၏ရိုသေလေးစားသောအကြည့်များအောက်တွင် မြောင်မိသားစုအိမ်ရာသို့ ဝင်ရောက်ခဲ့သည်။
"အကိုထန်....."
သူရောက်ရှိသည့်သတင်းအား မြောင်ဝမ်ထန်ရရှိချိန်တွင် ထန်ရှုက သူ့စံအိမ်သို့ ရောက်ရှိနေပြီဖြစ်၏။ သူက အပြေးလာပြီးနောက် ထန်ရှုဘေးနားရှိအမျိုးသမီးနှစ်ယောက်အား မြင်သောအခါ သူ့ပါးစပ်က'O'စာလုံးအလား ပြောင်းလဲသွားပြီး သူ့မျက်လုံးများက ကြီးမားသွားခဲ့သည်။
"နောက်.....နောက်ထပ်လား......နောက်ထပ်.....ပြိုင်ဘက်ကင်းအလှတစ်ယောက်လား"
ထန်ရှုက ရယ်ကာ ပြောလိုက်၏"အကိုမြောင်၊ မင်းမျက်နှာက ဘာလို့ အဲလိုဖြစ်နေတာလဲ။ ဒါနဲ့ မင်းကို ငါ့တပည့်နဲ့ မိတ်ဆက်ပေးပါရစေ။ သူမနာမည်က ကူးယန်အာပါ"
"ငါလဲ ဆရာသခင်ရဲ့အမျိုးသမီးပဲ" ကူးယန်အာက ကမန်းကတန်းဖြည့်စွက်ပြော၏။
သူမ၏မှတ်ချက်က ထန်ရှု၏ဒေါသအကြည့်အား ဖိတ်ခေါ်ခဲ့ပြီး သူက ပြောလိုက်သည်"ဒီမိန်းကလေးရဲ့အဓိပ္ပါယ်မရှိတဲ့စကားတွေကို နားမထောင်ပါနဲ့၊ အကိုမြောင်......"
မြောင်ဝမ်ထန်က စိတ်ထိန်းချုပ်လျက် ရှုံ့မဲ့စွာ ပြုံးလိုက်တော့သည်"ငါ အခု တကယ်ကို နားမလည်တော့ဘူး၊ အကိုထန်။ မင်းဘေးနားမှာရှိတဲ့အမျိုးသမီးတိုင်းက တကယ်ကို မှင်တက်စရာကောင်းတဲ့အလှတွေပဲ။ နေမင်းကြီးအောက်မှာရှိတဲ့အလှတွေအားလုံးက မင်းအမျိုးသမီးဖြစ်လာသလို ငါ့ကို ခံစားရစေတယ်၊ ဒါကို မင်း သိရဲ့လား"
ပြုံးရင်း ထန်ရှုက သူ့အား ကြိမ်းဝါးလိုက်တော့သည်"ဟေး၊ အဖိုးကြီး၊ မင်း ဒီနေရာမှာ ငါ့ကို ဟာသမလုပ်လို့မရဘူးလား။ ထိုင်ပြီးလက်ဖက်ရည်သောက်ကြရအောင်။ အားဝူ လာတင်ပြပြီးရင် ငါတို့ လျန်မိသားစုဆီ တိုက်ရိုက်သွားကြမယ်။ ဒီမကောင်းဆိုးဝါးမိသားစုကို ငါတို့ အပြီးတိုင် ဖယ်ရှားရမယ်"
ထန်ရှု၏နောက်ဆုံးစကားကြောင့် မြောင်ဝမ်ထန်က စိတ်ထဲရှိတုန်လှုပ်မှုအား ဖိနှိပ်ကာ တည်ကြည်လေးနက်သောမျက်နှာနှင့် တုံ့ပြန်လာခဲ့၏"လျန်မိသားစုကို အမြန်မဖယ်ရှားရင် သူတို့က လူသတ်သမားကင်ဆာတစ်ခုဆိုတာ ငါ သိပါတယ်။ ဒါပေမယ့်.....ဒီလောက်နဲ့ ငါတို့ သူ့ကို မဖယ်ရှားနိုင်ဘူးလေ...."
ထန်ရှုက လက်ဝှေ့ယမ်းကာ ပြောလိုက်သည်"နောက်ကျရင် ဘာပြဿနာမှ ရှိလာမှာ မဟုတ်တော့ဘူး။ ငါ မသေချာဘဲနဲ့ သူတို့ကို မရိုက်နှက်ဘူးဆိုတာ မင်းလဲ သိပါတယ်။ မင်းရဲ့စိုးရိမ်မှုတွေကို မင်းရဲ့ဗိုက်ထဲမှာပဲ ထားလိုက်ပါ၊ အကိုမြောင်...."
"ဒါဆို အကိုထန်၊ မင်းလက်ထဲက ဝှက်ဖဲက...."မြောင်ဝမ်ထန်က ခေါင်းရှုပ်စွာ ပြန်မေး၏။
ကူးယန်အာအား ညွှန်ပြရင်း ထန်ရှုက ပြုံးကာ ပြော၏"ကောင်းပြီ၊ ငါ့ရဲ့အချစ်ဆုံးတပည့်က ဒီနေရာကို ရောက်လာတာ အတော်လေးကံကောင်းသွားတယ်၊ သူတို့နဲ့ရင်ဆိုင်ဖို့ ငါ သူမရဲ့ခွန်အားကို အသုံးပြုမယ်။ ငါတို့နှစ်ယောက်လုံးမလှုပ်ရှားရင်တောင် ဒီနေ့မှာ လျန်တွေအားလုံးသေချာပေါက် ပျက်စီးကိန်းကြုံစေရမယ်"
မြောင်ဝမ်ထန်က ကူးယန်အာအား ကြည့်ကာ မယုံသင်္ကာဟန်နှင့် အံ့အားသင့်စွာ ပြော၏"မင်း ဘာပြောခဲ့တာလဲ၊ အကိုထန်။ မစ္စဂူလား။ ဒါ ဖြစ်နိုင်ပါ့မလား။ ငါ့ကို ဒီလိုဟာသမျိုး မပြောနဲ့လား"
"ဘာလဲ။ မင်းက အမျိုးသမီးတွေကို အထင်သေးတာလား"ထန်ရှုက ပြုံးကာ မေးလိုက်၏။
"သူမက အမျိုးသမီးတစ်ယောက်ဖြစ်လို့ ငါ အထင်သေးတာ မဟုတ်ရပါဘူး"မြောင်ဝမ်ထန်က ခါးသီးစွာ ပြုံးလျက် ခေါင်းခါယမ်းလိုက်၏။ "မစ္စဂူက ငယ်ရွယ်ပြီး မင်းရဲ့တပည့်တစ်ယောက်လဲ ဖြစ်တယ်လေ၊ သူမက လျန်တွေနဲ့ ဘယ်လိုလုပ်ရင်ဆိုင်နိုင်မှာလဲ။ အကိုထန်၊ ငါတို့က အရေးကြီးတဲ့ပြဿနာတစ်ခုနဲ့ ရင်ဆိုင်နေရတာနော်၊ ဒါကြောင့် အလေးအနက်ထားစမ်းပါ။ ငါတို့ မစ္စဂူးကို ထိခိုက်စေလို့မရဘူး"
သို့သော် ထန်ရှုက ထူးဆန်းသောအပြုံးတစ်ခုကို ဖော်ပြလျက် ပြော၏"ထာဝရခန်းမနဲ့ပတ်သက်ပြီး မင်းလဲ သိတယ်မလား။ ဒါပေမယ့် အဲဒါကို ဘယ်သူ တည်ထောင်ခဲ့သလဲဆိုတာ မင်း သိလား"
"ဒါပေါ့၊ ငါ သိိတာပေါ့။ သူဌေးလေးကူးရှောင်ရွှယ်ရဲ့ဆရာက တည်ထောင်ခဲ့တာလေ"မြောင်ဝမ်ထန်က ခေါင်းညိတ်ကာ ဖြေလိုက်၏"မင်း.....ဘာ။ မင်း ဆိုလိုတာက......"
ခေါင်းညိတ်ကာ ပြုံးလျက် ထန်ရှုက ပြန်ပြော၏"ဟုတ်တယ်။ သူမက ရှောင်ရွှယ်ရဲ့ဆရာပဲ၊ ဒါဆို မင်း အခု နားလည်ပြီးလား"
မြောင်ဝမ်ထန်က တံတွေးမျိုချမိ၏။ သူက ကူးယန်အာအား တုန်လှုပ်စွာ ကြည့်လိုက်သည်။ ထို့နောက် သူက ရေရွတ်လိုက်၏"တစ်စုံတစ်ယောက်ရဲ့ကျင့်ကြံခြင်းက အဆင့်တစ်ခုရောက်သွားရင် သူတို့ရဲ့ငယ်ရွယ်တဲ့အသွင်အပြင်ကို ထိန်းထားနိုင်တယ်ဆိုတာ တကယ်ပါပဲလား။ မ....မစ္စကူး....မဟုတ်ဘူး။ ဒါ မမှန်ဘူး။ ငါ မင်းကို စီနီယာကူးလို့ ခေါ်သင့်တယ်။ ထာဝရခန်းမရဲ့ပိုင်ရှင်က ဒီလောက်ငယ်ရွယ်ပြီး မှင်တက်စရာကောင်းလှအောင်လှနေမယ်လို့ ငါ မထင်ထားခဲ့လို့ပါ"
ထန်ရှုက ရယ်လိုက်ပြီး ပြုံးကာ ပြော၏"အိုး။ ကျေးဇူးပြုပြီး ဖားမနေပါနဲ့။ ဒီလှည့်ကွက်က သူမပေါ်မှာ အလုပ်မလုပ်ဘူး"
သို့သော် ကူးယန်အာ၏အပြုံးက ကြားဝင်လာခဲ့သည်"ဒါပေမယ့် သူ့စကားတွေက ငါ့အတွက် အရမ်းနှစ်လိုဖွယ်ဖြစ်တယ်၊ ဆရာသခင်။ ငါက ငယ်ရွယ်လွန်းပြီး အရမ်းလှတဲ့ဖူးသစ်စပန်းတစ်ပွင့်နဲ့ တကယ်ကိုတူတယ်။ မဟုတ်ရင် ငါက ဘယ်လိုလုပ်ပြီး မင်းရဲ့မိန်းမဖြစ်ဖို့ ထိုက်တန်မှာလဲ"
အဆုံးတွင် မြောင်ဝမ်ထန်၏ဦးခေါင်းက ရှော့ဖြစ်သွားပြီး ထန်ရှုနှင့်ကူးယန်အာကြား၌ မည်သည့်ဆက်ဆံရေးရှိသည်ကို သူက မဖော်ထုတ်နိုင်ခဲ့ပေ။
***