← Chapters

ပြစ်ဒဏ်စီရင်လေဓား

Vol. 68 Ch. 936

ပြစ်ဒဏ်စီရင်လေဓား

Vol. 68 Ch. 936

ဝူနီသည် အမှန်ပင် ကြယ်ခြောက်ပွင့် တာအိုပုံသဏ္ဌာန်တစ်ခုကို သိမြင်နားလည်ခဲ့၏။ သို့သော် သူသည် ထိုအကြောင်းကို တစ်ခါမှ မကြေညာခဲ့ချေ။ ဝူမျိုးနွယ်မှ မျိုးနွယ်ဝင်အများစုပင် ထိုအကြောင်းကို မသိကြပေ။ သူ့အဖေသာ ထိုအကြောင်းကို ကောင်းစွာ သိထားသည်။ ယင်းက ကျီထင်ယွီ၏ အကြံပင်။ ဝူနီတွင် စွမ်းအားကြီး တာအိုပုံသဏ္ဌာန်တစ်ခု ရှိကြောင်း ကြေညာလျှင်လည်း မည်သည့်အကျိုးမှ ရှိမည်မဟုတ်ပေ။ ရန်သူနှင့် ရင်ဆိုင်ရချိန်တွင် ထုတ်သုံးလိုက်မှ ရန်သူက အံ့အားသင့်သွားမည်ဖြစ်သည်။ ထို့ပြင် ပုံမှန်အတိုင်း ကြေညာမည့်အစား တိုက်ပွဲတွင် ထုတ်သုံးပြလိုက်ခြင်းက ဝူနီ၏ ဂုဏ်သတင်းကို ပိုကျော်ကြားသွားစေမည်ဖြစ်သည်။

ယခုက ထိုတာအိုပုံသဏ္ဌာန်ကို ထုတ်ပြရန် အချိန်ကောင်းပင်။ အတိတ်တွင် ပိုင်ရီက မထင်မရှားလူတစ်ယောက် ဖြစ်သော်လည်း အပြစ်ဆေးကြောဒေသအပြင်ဘက်မှ အဖြစ်အပျက် ဖြစ်ပြီးနောက် ပိုင်ရီ၏အမည်က ကျော်ကြားလာပေသည်။ ယဉ်ရို့ပင်းက အသက်စွန့်ရန် အဆင်သင့်ဖြစ်နေခဲ့ပြီး ဗုဒ္ဓအင်ပါယာက လက်ဝါးချက် သုံးခဲ့ပေရာ သူ မည်သို့မကျော်ကြားဘဲ နေပါမည်နည်း။ ယခုတွင်မူ သူ၏ ဝိညာဉ်လေများအား ထိန်းချုပ်နိုင်သည့် စွမ်းရည်ကို လူများ တွေ့ခဲ့ရပြီဖြစ်၍ ပိုင်ရီဟူသော အမည်က ရေပန်းစားလာပေလိမ့်မည်။

အကယ်၍ ဝူနီကသာ ကြယ်ခြောက်ပွင့် တာအိုပုံသဏ္ဌာန်ကို အသုံးပြု၍ ပိုင်ရီကို သတ်လိုက်လျှင် ဝူနီ၏ ဂုဏ်သတင်းက များစွာကျော်ကြားသွားမည်ဖြစ်သည်။ သူက ရှီးဖေးနှင့် အခြားသူများကိုပင် ကျော်တက်သွားနိုင်လောက်သည်။ နောက်ပိုင်းတွင် သူသည် ဧကရာဇ်ကိုးပါးမျိုးနွယ်စုကြားတွင် ထိပ်တန်း မျိုးဆက်သစ်သခင်လေးတစ်ယောက် ဖြစ်လာနိုင်ပေသည်။ ထိုသို့ဖြစ်လာလျှင် အနာဂတ်တွင် သူ မြောက်ဘက်ဘုရင်နှင့် မြောက်ဘက်ဧကရာဇ်ဖြစ်လာနိုင်ချေ ပိုများလာပေလိမ့်မည်။

ကျန်းရီ၏ တိုက်ခိုက်မှုကလည်း အလွန်ကြောက်မက်ဖွယ်ကောင်းသည်။ အကယ်၍ ဝူနီသာ သူ၏အစွမ်းကို ဆက်ဖုံးကွယ်ထားလျှင် ကျန်းရီ၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရနိုင်ပေသည်။

ဝူနီသည် ရုတ်ခြည်း ဆုံးဖြတ်ချက်ချလိုက်၏။ သူ၏ မျက်ခုံးနှစ်ခုကြားမှနေ၍ အနီရောင် ပုလဲရတနာတစ်ခု ထွက်လာသည်။ ထိုပုလဲက အနီရောင်အလင်းလွှာတစ်ခုကို ထုတ်လွှတ်၍ သူ၏ဦးခေါင်းကို လွှမ်းခြုံလိုက်သည်။ ထို့နောက် ဝူနီသည် သူ၏လှံကို လျင်မြန်စွာ ဝှေ့ယမ်းလိုက်၏။ ထို့ကြောင့် ပတ်ဝန်းကျင်တွင် တိမ်တိုက်များ ရစ်သိုင်းလာပြီး လေနှင့် မိုးကြိုးများ ထန်လာလေသည်။

ဟူး...ဟူး...

ရုတ်တရက် လေထန်လာ၏။ အရပ်မျက်နှာအနှံ့မှ လေများက ဝူနီထံသို့ လျင်မြန်စွာ ပျံဝင်သွားကြသည်။ လေကအလွန် ပြင်းထန်လာပြီး သခင်လေးများ၊ သခင်မလေးများ မျက်နှာပျက်သွားကြ၏။ အဘယ်‌ကြောင့်ဆိုသော် လေဆင်နှာမောင်းကြီးတစ်ခု ဖြစ်ပေါ်လာကာ ယင်းလေဆင်နှာမောင်းက သူတို့ကို ဝူနီဆီသို့ ဆွဲစုပ်နေသောကြောင့်ပင်။

“ဒါက...”

ကိုယ်ရံတော်များသည် သူတို့၏ သခင်လေးများ၊ သခင်မလေးများကို လျင်မြန်စွာ ဖမ်းဆွဲထားလိုက်ကြပြီး ကောင်းကင်ထက်ရှိ ပြောင်းလဲနေသော ရာသီဥတုကို ကြောက်ရွံ့စွာ ကြည့်နေကြလေသည်။ သူတို့သည် တိမ်မည်းများ၏ ဖိအားကို ခံစားနေရ၏။ လူပေါင်းများစွာ တုန်လှုပ်သွားကြသည်။ ထိုလူများထဲမှ တစ်ယောက်က ရေရွတ်လိုက်၏။

“ဒါက အစွမ်းအထက်ဆုံး လေဓာတ်တာအိုပုံသဏ္ဌာန်... ကြယ်ခြောက်ပွင့်အဆင့် တာအိုပုံသဏ္ဌာန် ပြစ်ဒဏ်စီရင်လေဓားလား”

အဖြေကို ချက်ချင်းပင် သိလိုက်ရသည်။

အရပ်မျက်နှာတိုင်းတွင် လေထန်နေပြီး အားကောင်းသော လေလမ်းကြောင်းများက အောက်ဘက်ရှိ သစ်ပင်ကြီးများကို အမြစ်မှ လှန်ပစ်လိုက်ကြသည်။ မြေခဲကြီးများကလည်း ကောင်းကင်ထက်သို့ ပျံလွင့်သွားပြီး ကျောက်စကျောက်နများကလည်း နေရာအနှံ့သို့ လွင့်ထွက်သွားကြသည်။ ထိုမြင်ကွင်းက အလွန်ကြောက်မက်ဖွယ်ကောင်းပေသည်။

ဝူနီက လှံကို ဆက်ဝှေ့ယမ်းနေ၍ လေဆင်နှာမောင်းများ မြောက်မြားစွာ ထွက်ပေါ်လာသည်။ နောက်ဆုံးတွင် ဧရာမ အစိမ်းရင့်ရောင် ဓားကြီးတစ်ချောင်း ဖြစ်ပေါ်လာလေသည်။

ထိုဓားကြီးသည် လေဆင်နှာမောင်းများ ပေါင်းစည်း၍ ဖြစ်ပေါ်လာသော ဓားတစ်ချောင်းဟု မထင်ရဘဲ ဓားအစစ်အမှန်တစ်ချောင်းကဲ့သို့ ထင်ရပေသည်။ ဓားအရှည်က မီတာ(၃၀၀)ရှိပြီး ထိုဓားသည် နတ်ဘုရားတစ်ပါး၏ ဓားနှင့် တူပေသည်။ ထိုဓားကြီး ထွက်ပေါ်လာသောအခါ အရှေ့ဘက်ရှိ အာကာပြင်က အလိုလို ထက်ခြမ်းကွဲသွား၏။ ဓားသွားက အာကာပြင်ကို ခုတ်ပိုင်းလိုက်သကဲ့သို့ပင်။ ဓားသွားသည် ထက်ရှလွန်းသဖြင့် ဆံခြည်မျှင်ကို ထိရုံဖြင့်ပင် ဖြတ်ပိုင်းနိုင်ပေသည်။

“ကြယ်ခြောက်ပွင့် တာအိုပုံသဏ္ဌာန်”

ကျန်းရီ၏ မျက်ဝန်းများထဲတွင် ကြောက်ရွံ့သည့် အရိပ်အယောင်တစ်ခု ဖြတ်သန်းသွား၏။ ထိုဓားကြီး ဖြစ်ပေါ်လာသည်နှင့် သူသည် မွန်းကြပ်ဖွယ်ဖိအားကို ခံစားလိုက်ရပြီး မရဏအငွေ့အသက်ကို ရှူမိလိုက်လေသည်။ ယင်းက အမှန်ပင် ကြယ်ခြောက်ပွင့် တာအိုပုံသဏ္ဌာန်ဖြစ်ပြီး ဟွမ်ဖူထောင်ထျန်း၏ ကြယ်ငါးပွင့် တာအိုပုံသဏ္ဌာန်ထက် များစွာပို၍ ကြောက်မက်ဖွယ်ကောင်းပေသည်။

‘ထွက်ပြေးရမလား...’

ကျန်းရီ အရင်ဆုံး တွေးမိသည်မှာ ထွက်ပြေးရန်ဖြစ်သည်။ ကြယ်ခြောက်ပွင့် တာအိုပုံသဏ္ဌာန်၏ တိုက်ခိုက်မှုကို သူ တားနိုင်မည် မဟုတ်ပေ။

သို့သော် ကျန်းရီသည် ထိုအတွေးကို ခေါင်းထဲမှ ‌‌မောင်းထုတ်လိုက်ရ၏။ ဓားကြီးက စတင်လှုပ်ရှားလာပေပြီ။ အရှေ့ရှိ အာကာပြင်ကလည်း ငလျင်လှုပ်သကဲ့သို့ တုန်ခါလာသည်။ အာကာပြင်တွင် အက်ကြောင်းများ လျင်မြန်စွာ ဖြစ်ပေါ်လာပြီး သူ့ကို ရုတ်ခြည်း ဝန်းရံသွားသည်။ သူ့အနီးရှိ အာကာပြင်က စုတ်ပြဲတုန်ခါနေလေသည်။ ထို့ကြောင့် သူ ကောင်းကင်ရှောင်တိမ်းခြင်းကို ထုတ်သုံးလိုက်လျှင်ပင် သေခြင်းကို ရှောင်လွှဲနိုင်လောက်မည် မဟုတ်ပေ။

“သေပေတော့...”

မီးပွားတစ်ချက်တောက်စာ အခိုက်အတန့်အတွင်းမှာပင် ကျန်းရီသည် အရာအားလုံးကို ရင်းရန် ဆုံးဖြတ်လိုက်၏။ သေမြေကြီး၊ ရှင်ရွှေထီးပင်။ သူ၏မျက်ဝန်းများထဲတွင် ရူးသွပ်မှုအရိပ်အယောင်တစ်ခု ထွက်ပေါ်လာသည်။ သူသည် ဝူနီနှင့် မီတာ‌ခြောက်ဆယ်သာ ဝေးတော့သော ရွှေအိုရောင်ဝိညာဉ်ဓားသုံးချောင်းကို ထိန်းချုပ်၍ ဝူနီ၏ ဦးခေါင်းဆီသို့ တိုက်ရိုက်ပျံသန်းစေလိုက်လေသည်။

ရန်သူနှင့် ထိပ်တိုက်ရင်ဆိုင်သောအခါ အနိုင်ရသူကသာ ရှင်သန်နိုင်ပေလိမ့်မည်။

ကြယ်ခြောက်ပွင့် တာအိုပုံသဏ္ဌာန်က အလွန်ကြောက်မက်ဖွယ်ကောင်း၏။ သို့သော် ကျန်းရီသာ ဝူနီကို ရုတ်ခြည်း ဒဏ်ရာရသွားအောင် လုပ်နိုင်လိုက်လျှင် သို့မဟုတ် သတ်ပစ်နိုင်လိုက်လျှင် ဝူနီက ထိုကြယ်ခြောက်ပွင့် တာအိုပုံသဏ္ဌာန်ကို ထိန်းချုပ်နိုင်တော့မည် မဟုတ်ပေ။ သို့ဆိုလျှင် ထိုတာအိုပုံသဏ္ဌာန်က ရုတ်ခြည်း လွင့်ပျယ်သွားပေလိမ့်မည်။ ကျန်းရီလည်း ရှင်သန်နိုင်ပေလိမ့်မည်။

အိပ်မက်များက လှပ၏။

သို့သော် လက်တွေ့ဘဝက ကျန်းရီကို ရက်စက်သော အခြေအနေတစ်ခုအတွင်းသို့ တွန်းပို့လိုက်သည်။ ဝိညာဉ်ဓားသုံးချောင်က အနီရောင်အလင်းလွှာနှင့် ထိမှန်သွားသောအခါ အလင်းလွှာက အတန်ငယ်သာ တုန်ခါသွားပြီး ပျက်စီးမသွားခဲ့ပေ။ အလင်းလွှာသည် နောက်ထပ် ထပ်မံတိုက်ခိုက်ခံရလျှင် ပျက်စီးသွားမည့်ပုံ ပေါ်သော်လည်း ကျန်းရီတွင် အချိန်မရှိတော့ပေ။

ရွှက်...ရွှက်...

ဧရာမလေဓားကြီးသည် ကောင်းကင်ကို ခုတ်ပိုင်းလိုက်၏။ မျက်တောင်တစ်ခတ်အတွင်းမှာပင် ၎င်းက ကီလိုမီတာနှင့်ချီအောင် ခုတ်ပိုင်းနိုင်လိုက်ပေပြီ။ နောက်စက္ကန့်ပိုင်းအတွင် ၎င်းဓားကြီးက သူ့ထံရောက်လာတော့မည်ဟု ကျန်းရီ တွေးလိုက်လေသည်။

‘ငါ သေရတော့မှာလား...’

ကျန်းရီသည် အရှေ့ဘက် တော်ဝင်နယ်မြေသို့ သွားမည်ဆိုကတည်းက သူသေသွားနိုင်ကြောင်း တွေးထားပြီးပေပြီ။ သို့သော် ဤမျှမြန်မြန် သေရလိမ့်မည်ဟုတော့ သူ မမျှော်လင့်ထားခဲ့ပေ။

‘ရန်သူကို လျှော့တွက်တာက တကယ်ကို သေစေလောက်တဲ့အမှားပဲ...’

ကျန်းရီသည် ရင်ထဲမှနေ၍ ခါးသက်သက်ရယ်လိုက်၏။ သူသည် သူ၏အင်အားအမှန်ကို ဖုံးကွယ်ခဲ့ပြီး ဝိညာဉ်လေများဖြင့်ပင် ဝူနီကို အနိုင်ယူနိုင်လိမ့်မည်ဟု ယူဆခဲ့သည်။ ယခုတွင် ထိုယူဆချက်က မရယ်ရသောဟာသတစ်ခုကဲ့သို့ပင်။ ဝူနီက အဆင့်မြင့် ကောင်းကင်ဧကရာဇ်အဆင့်တွင်သာ ရှိသေးသော်လည်း သူ၏ တိုက်ခိုက်စွမ်းအားက ကြယ်လေးပွင့် သို့မဟုတ် ကြယ်ငါးပွင့်အဆင့်တွင် ရှိပေသည်။ ဧကရာဇ်ကိုးပါးမျိုးနွယ်စုမှ မျိုးဆက်များကို လျှော့တွက်၍မရပေ။

ကျန်းရီ‌ မျှော်လင့်ချက် ကုန်ဆုံးနေသည့်အချိန်တွင် သူ့နားအတွင်းသို့ အိုမင်းသောအသံတစ်သံ ဝင်လာလေသည်။

“ဝိညာဉ်လေတွေက လောကကြီးရဲ့ စွမ်းအားအကြီးဆုံး စွမ်းအင်ပဲ။ ကောင်လေး... မင်းမှာ ရတနာခန္ဓာ ရှိတယ်။ ဒါပေမဲ့ မင်းက အဲ့ဒါကို ဘယ်လိုသုံးရမလဲဆိုတာ မသိဘူး။ ဝိညာဉ်လေတွေက ဓား၊ ဒိုင်းနဲ့ ချပ်ဝတ်တွေ အဖြစ် ပြောင်းလဲနိုင်တယ်။ ဝိညာဉ်လေတွေကို သုံးပြီး မိုင်သောင်းချီအကွာအဝေးကနေလည်း လှမ်းသတ်ဖြတ်နိုင်တယ်။ ဒါပေမဲ့ မင်းက သေဖို့ကို ရပ်စောင့်နေတယ်ပေါ့လေ... တုံးအတဲ့ကလေးပဲ။ ဝိညာဉ်လေတွေကို ချက်ချင်း ဒိုင်းအဖြစ် ပြောင်းလဲလိုက်။ ဝိညာဉ်လေတွေကို မိုးကြိုးမီးနတ်ဘုရားဒိုင်း ဖန်တီးဖို့ မိုးကြိုးမီးကို လှည့်ပတ်သလို လှည့်ပတ်လိုက်ပါ။ အဲ့ဒါဆို မင်း ပြစ်ဒဏ်စီရင်လေဓားကို ကာနိုင်လိမ့်မယ်...”

ဝုန်း...

ထိုအခိုက်တွင် ကျန်းရီသည် မိုးကြိုးနှင့်အပစ်ခံလိုက်ရသလို ခံစားလိုက်ရ၏။ သူ ရုတ်ခြည်းတုံ့ပြန်လိုက်သည်။ သူသည် ဘာကိုမှ တွေးမနေတော့ဘဲ ဝိညာဉ်လေများအား မိုးကြိုးမီးနတ်ဘုရားဒိုင်း ဖန်တီးရန် မိုးကြိုးမီးကို လှည့်ပတ်သကဲ့သို့ အလျင်မြန်ဆုံးအရှိန်ဖြင့် လှည့်ပတ်လိုက်လေသည်။

အိုမင်းသောအသံ၏ ပိုင်ရှင်က မည်သူဖြစ်ကြောင်း ကျန်းရီ မသိပေ။ ထို့ပြင် ထိုသူက သူမည်သူဖြစ်ကြောင်း အဘယ်သို့ သိသွားသည်ကိုလည်း သူမသိချေ။ ထိုသူက ကျန်းရီတွင် မိုးကြိုးမီးနတ်ဘုရားဒိုင်းရှိကြောင်း မည်သို့သိသနည်း။ မိုးကြိုးမီးနတ်ဘုရားဒိုင်းကို ဖန်တီးရန် မိုးကြိုးမီးကို လှည့်ပတ်ရသည်ကိုရော သူက မည်သို့သိခြင်းနည်း။ အဘယ်ကြောင့် သူသည် ဝိညာဉ်လေများကို မည်သို့အသုံးပြုရမည်ကို သိနေသနည်း။

ထိုအခိုက်တွင် ကျန်းရီသည် သေရတော့မည် ဖြစ်၍ ထိုအကြောင်းများကို တွေးနေရန် အချိန်မရှိပေ။ သူသည် သူ၏နောက်ဆုံးမျှော်လင့်ချက်ကို ထိုအကြီးအကဲအပေါ်တွင် ထားရမည်ဖြစ်သည်။ အကယ်၍ သူ၏ဝိညာဉ်လေနတ်ဘုရားဒိုင်းက ပြစ်ဒဏ်စီရင်လေဓားကို မတားဆီးနိုင်ပါက သူ သေရပေလိမ့်မည်။

ရွှက်...ရွှက်...

မီတာ(၃၀၀)ရှည်သော ပြစ်ဒဏ်စီရင်လေဓားက နတ်ဘုရားတစ်ပါး၏ ဓားကဲ့သို့ ခုတ်ပိုင်းလာ၏။ ၎င်းထုတ်လွှတ်နေသော ကြောက်မက်ဖွယ် အရှိန်အဝါက အားလုံးကို ရင်တုန်နေစေသည်။ ပြစ်ဒဏ်စီရင်လေဓားကို တားဆီးနိုင်သည့် ကြယ်ငါးပွင့် ပညာရှင်များပင် ဖိအားကို ခံစားနေရလေသည်။ အရာအားလုံးကို ပျက်သုဉ်းသွားစေနိုင်သည့် ထိုကောင်းကင်စုတ်ဖြဲ အရှိန်အဝါက အားလုံးကို တုန်လှုပ်နေစေလေသည်။

လေဓား ခုတ်ပိုင်းလာသောအခါ စူးရှသော‌ လေခွင်းသံတစ်သံ ထွက်ပေါ်လာပြီး အာကာပြင်က မြေပြင်ကဲ့သို့ ထက်ပိုင်းပြတ်သွားသည်။ အက်ကြောင်းများလည်း ဆန့်ထွက်လာသည်။ အာကာပြင်က ပြိုပျက်တော့မလိုပင်။ လေဓား ဖြတ်သွားသော နေရာတိုင်းတွင် စုတ်ပြဲရာများ ထွက်ပေါ်လာပေသည်။ ထို့ကြောင့် ကောင်းကင်သည် အပေါက်များ အဖောက်ခံထားရသကဲ့သို့ ဖြစ်နေလေသည်။

ဝုန်း...

ပြစ်ဒဏ်စီရင်လေဓားက ကျန်းရီအပေါ်သို့ ကျရောက်လာသောအခါ ခပ်အုပ်အုပ်အသံတစ်သံ ပဲ့တင်ထပ်သွားသည်။ အားလုံး ရင်တုန်သွားကြပြီး သူတို့၏ နှလုံးသားက ပါးစပ်မှ ခုန်ထွက်တော့မလိုပင် ခံစားလိုက်ကြရ၏။ လူအားလုံးသည် မျက်မှောင်ကြုတ်ကာ ကြည့်ရှုနေကြသည်။

ဝုန်း...

ကျန်းရီသည် အဝေးသို့ လွင့်ပျံထွက်သွား၏။ ထို့နောက် သူသည် အဖြူရောင်အလင်းတန်းတစ်တန်းအဖြစ် ပြောင်းလဲသွားကာ တဖြည်းဖြည်းကျုံ့သွား၏။ နောက်ဆုံးတွင် သူသည် အားလုံး၏ မြင်ကွင်းမှ ပျောက်ကွယ်သွားသည်။ လေဓားကြီးကမူ အောက်ဘက်ရှိ မြင့်မားသော တောင်ထွတ်တစ်ခုကို သွားခုတ်မိလေသည်။

ဝုန်း...

ကောင်းကင်ကိုပင် တုန်ခါသွားစေသော ပေါက်ကွဲသံကြီးတစ်သံ ပဲ့တင်ထပ်သွား၏။ မီတာနှင့်ချီ၍ မြင့်မားသော ဧရာမတောင်ကြီးက အမှုန့်ဖြစ်သွားလေသည်။ ဖုန်မှုန့်များ၊ ကျောက်မှုန့်များက ကောင်းကင်ထက်သို့ လွင့်ပျံသွားကြသည်။ ထို့ကြောင့် အားလုံး၏ သဲသဲကွဲကွဲ မမြင်နိုင်ကြတော့ပေ။ ပြစ်ဒဏ်စီရင်လေဓားကလည်း လေထဲတွင် ပျောက်ကွယ်သွားလေသည်။

“...”

ထိုနေရာရှိ လူအားလုံး မှင်တက်သွားကြ၏။ သူတို့သည် ပဲ့တင်ထပ်နေသော ပေါက်ကွဲသံကြီးကို ကြားနေရဆဲဖြစ်ပြီး အရှေ့ရှိ မျောလွင့်နေသည့် ဖုန်မှုန့်၊ ကျောက်မှုန့်များကို ရင်တုန်စွာ ကြည့်နေကြသည်။ သခင်လေးများနှင့် သခင်မလေးများသည် ဝူနီ၏ ဝံ့ကြွားသော ဟန်ပန်ကို ကြည့်လိုက်ပြီး ဝူနီက နတ်ဘုရားတစ်ပါးနှင့်ပင် တူသည်ဟု ခံစားလိုက်ကြရလေသည်။

“ပိုင်ရီက ဘယ်မှာလဲ”

လူများစွာသည် တဒင်္ဂမျှ အံ့အားသင့်သွားပြီးနောက် သူတို့၏ ကောင်းကင်စိတ်အာရုံများကို ထုတ်လွှတ်၍ အာရုံခံလိုက်ကြသည်။ မိုင်(၂၀၀)အကွာအထိ အာရုံခံနိုင်သည့် ကောင်းကင်စိတ်အာရုံကို ပိုင်ဆိုင်ထားကြသော ကြယ်ငါးပွင့် ပညာရှင်များသည် တစ်စုံတစ်ခုကို သတိပြုမိသွားပြီး အံ့အားသင့်သွားကြ၏။ ကျန်းရီက အရိပ်အယောင်ပင် မကျန်ခဲ့ဘဲ ပျောက်ကွယ်သွားပေပြီ။

ပိုင်ရီသည် ပြစ်ဒဏ်စီရင်လေဓား၏ ခုတ်ပိုင်းမှုကို ခံလိုက်ရ၍ အမှုန့်ဖြစ်သွားခြင်းလော။

လူများစွာ၏ ခေါင်းထဲတွင် တူညီသောအတွေးတစ်ခု ထွက်ပေါ်လာပေသည်။ ကျန်းရီက ထွက်ပြေးသွားခြင်းဆိုလျှင်လည်း တစ်ခဏအတွင်း အရိပ်အယောင်ပင် မကျန်အောင် ထွက်ပြေးသွားနိုင်မည် မဟုတ်ပေ။ သူက တည်နေရာပြောင်းရွှေ့သွားခြင်း သို့မဟုတ် အာကာသစွမ်းရည်တစ်ခုကို ထုတ်လိုက်ခြင်းဆိုလျှင်လည်း အာကာပြင်တွင် တုန်ခါမှုတစ်ခု ဖြစ်ပေါ်လာရပေမည်။ သို့သော် သူတို့သည် မည်သည့် အာကာပြင်တုန်ခါမှုကိုမှ မခံစားခဲ့ရပေ။ ပိုင်ရီသည် လေထဲတွင် ပျောက်ကွယ်သွားသကဲ့သို့ပင်။

ထို့ကြောင့် ရှင်းပြချက် တစ်ခုသာ ရှိပေသည်။ ပိုင်ရီသည် လေဓား၏ ခုတ်ပိုင်းမှုကို ခံရကာ အမှုန့်ဖြစ်သွားပြီး ရုတ်ခြည်း ပျောက်ကွယ်သွားခြင်း ဖြစ်ပေမည်။

“သေပြီလား...”

ရီချန်နှင့် ယဉ်ရို့ပင်းတို့က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြ၏။ ယဉ်ရို့ပင်း၏ ချစ်စဖွယ်မျက်နှာလေးက နှင်းကဲ့သို့ ဖြူစုပ်နေပေသည်။ ရီချန်ကလည်း ကောင်းကင်ထက်ရှိ ဖုန်မှုန့်များကို ကြည့်လိုက်၏။ သူမ၏ မျက်ဝန်းများထဲတွင် ဖုံးကွယ်၍မရနိုင်သော စိတ်ပျက်မှု၊ ဝမ်းနည်းမှု အရိပ်အယောင်များ ရှိနေပေသည်။

***

All Chapters