← Chapters

ဆန်းကြယ်သောအဘိုးအို

Vol. 68 Ch. 937

ဆန်းကြယ်သောအဘိုးအို

Vol. 68 Ch. 937

ကျန်းရီက မသေခဲ့ပေ။ အကယ်၍ သူသာ ပြစ်ဒဏ်စီရင်လေဓားကြောင့် ရုတ်ခြည်း အမှုန့်ဖြစ်သွားခြင်းဆိုလျှင် အဝေးသို့ လွင့်ပျံထွက်သွားမည် မဟုတ်ချေ။

ဟုတ်၏။

ကျန်းရီသည် ထိခတ်မှုအဟုန်ကြောင့် လွင့်ပျံထွက်သွားခြင်းပင်။ ဝိညာဉ်လေနတ်ဘုရားဒိုင်းက သူ့အသက်ကို ကယ်တင်ခဲ့ပေသည်။

နောက်ဆုံးအခိုက်အတန့်တွင် ကျန်းရီသည် သူ၏နဝမမြောက်ကြယ်စက်လုံးအတွင်းရှိ ဝိညာဉ်လေအားလုံးကို ထုတ်ကာ ဝိညာဉ်လေနတ်ဘုရားဒိုင်း ဖန်တီးခဲ့၏။ ဝိညာဉ်လေများက သူ့ခန္ဓာကိုယ်ပတ်ပတ်လည်တွင် မမြင်နိုင်သော ဒိုင်းတစ်ခု ဖြစ်လာခဲ့သည်။ ပြစ်ဒဏ်စီရင်လေဓားက ဒိုင်းပေါ်သို့ ကျရောက်လာသည်နှင့် ဝိညာဉ်လေများက လွင့်ပျယ်သွားသော်လည်း ထိုပြင်းထန်သော ဓားချက်ကိုတော့ ကာပေးနိုင်ခဲ့သည်။ သူသည် ဒိုင်းနှင့်ဓားတို့ ထိခတ်မှုအဟုန်ကြောင့် အဝေးသို့ လွင့်ထွက်သွားခဲ့ခြင်းပင်။

ကျန်းရီ ပျောက်ကွယ်သွားခဲ့ခြင်းမှာ တည်နေရာပြောင်းရွှေ့လိုက်ခြင်း၊ ကောင်းကင်ရှောင်တိမ်းခြင်းကို သုံးလိုက်ခြင်းတို့ကြောင့် မဟုတ်ပေ။

အမှန်တွင် ကျန်းရီသည်လည်း ထိုအကြောင်းကို သေချာမသိချေ။ သူသည် ကောင်းကင်၏ အခြားတစ်ဘက်မှနေ၍ ကြိုးတစ်ချောင်း ရောက်လာပြီး သူ့ကို ရုတ်တရက် ရစ်ပတ်လိုက်သည်ကို ခံစားခဲ့ရ၏။ ထို့နောက် သူသည် မြောက်ဘက်သို့ လျင်မြန်စွာ ဆွဲခေါ်ခံသွားရလေသည်။ ဆွဲခေါ်သွားနှုန်းက အလွန်လျင်မြန်သဖြင့် သူသည် မျက်လုံးများပင် မဖွင့်နိုင်ခဲ့ပေ။ မည်သူမှလည်း သူဆွဲခေါ်သွားခံရကြောင်း သတိမပြုမိခဲ့ပေ။

ဝိညာဉ်လေနတ်ဘုရားဒိုင်းက သေနိုင်လောက်သော ဓားချက်ကို ကာပေးနိုင်ခဲ့သော်လည်း ပြစ်ဒဏ်စီရင်လေဓားတွင် စွမ်းအားကြီးဖိအား ပါဝင်ပေရာ သူ၏အရိုးအချို့ ကျိုးသွားခဲ့လေသည်။ သူ၏ကိုယ်တွင်းအင်္ဂါများကလည်း ထိခတ်မှုအဟုန်ကြောင့် ဒဏ်ရာရသွားခဲ့သည်။ သူသည် အရင်ဒဏ်ရာများမှ ပြန်ကောင်းခါစဖြစ်သော်လည်း ထပ်မံ၍ အပြင်းအထန် ဒဏ်ရာထပ်ရသွားလေသည်။

“ဖူး...”

ကျန်းရီသည် မြေပြင်ပေါ်သို့ ရောက်သောအခါ သူ့လည်ချောင်းအတွင်းသို့ သွေးများ ပျို့တက်လာသည်ကို ခံစားလိုက်ရ၏။ ထို့ကြောင့် သူ မထိန်းနိုင်တော့ဘဲ သွေးအန်လိုက်လေသည်။ သူသည် မျက်လုံးများ မဖွင့်နိုင်ဖြစ်နေ၍ ကောင်းကင်စိတ်အာရုံဖြင့် ပတ်ဝန်းကျင်ကို ရုတ်ခြည်း အာရုံခံလိုက်၏။

“အာ...”

ကျန်းရီ၏ ခန္ဓာကိုယ်ကို ရစ်ပတ်ထားသော ကြိုးက ပြေသွား၏။ ထိုကြိုးက ငါးမျှားကြိုးဖြစ်ကြောင်း ကျန်းရီ သိလိုက်ရသည်။ လက်ရှိတွင် သူသည် ရေကန်လေးတစ်ခုဘေးတွင် ရောက်နေ၏။ ရေကန်အနီးတွင် တဲလေးတစ်လုံး ရှိသည်။ ထိုတဲအရှေ့၌ ဖော်ရွေသော မျက်နှာထားနှင့် မုတ်ဆိတ်ဖြူများရှိပြီး  ဝါးခမောက်နှင့် ကောက်ရိုးမိုးကာကို ဝတ်ဆင်ထားသည့် အဘိုးအိုတစ်ယောက် ရှိလေသည်။ အဘိုးအိုသည် ငါးမျှားကြိုးကို ရေကန်ထဲသို့ ပြန်ချလိုက်၏။

‘အဲ့ငါးမျှားတံက မူလရတနာတစ်ခုလား။ အဲ့ငါးမျှားတံရဲ့ ငါးမျှားကြိုးက မိုင်ထောင်ချီအထိ ဆန့်တန်းလာပြီး ငါ့ကို ဆွဲခေါ်သွားနိုင်တာလား။ အဲ့အဘိုးအိုက ဘယ်သူလဲ။ ငါ့ဆီ အသံပို့လွှတ်လိုက်တာက သူလား’

ကျန်းရီ၏ ခေါင်းထဲတွင် မေးခွန်းများစွာ ထွက်ပေါ်လာ၏။ သို့သော် ထိုအဘိုးအိုက သူ့ကို ကယ်တင်ခဲ့ခြင်းဖြစ်၍ သူ များစွာစဉ်းစား မနေတော့ပေ။ သူ လျင်မြန်စွာ ကုန်းထလိုက်ပြီး သူ့ရင်ဘတ်ထဲမှ ပြင်းထန်သောနာကျင်မှုကို တောင့်ခံကာ အဘိုးအိုကို ဦးညွှတ်လိုက်လေသည်။

“ကျွန်‌တော့်အသက်ကို ကယ်ပေးခဲ့တဲ့အတွက် အဘိုးကို ကျေးဇူးအများကြီးတင်ပါတယ်”

အဘိုးအိုကို သူ၏မျက်ခုံးဖြူများကို ပင့်၍ ကျန်းရီကို ပြုံးကာ ကြည့်လိုက်၏။ သူက အလွန်ကြင်နာတတ်ဟန်ပေါ်ပေသည်။ ထို့နောက် သူ ခေါင်းခါ၍ ပြောလိုက်သည်။

“ဒီနေရာက လုံခြုံပါတယ်။ အရင်ဆုံး မင်းရဲ့ ဒဏ်ရာတွေကို ကုသလိုက်ပါ။ ဒဏ်ရာတွေ သက်သာလာမှ တခြားအကြောင်းတွေ ပြောကြတာပေါ့”

ထင်ထားသကဲ့သို့ပင်။

ထိုအဘိုးအို၏အသံက ကျန်းရီ အစောက ကြားခဲ့ရသော အသံနှင့် တစ်ပုံစံတည်း တူပေသည်။ ကျန်းရီသည် ဂရုတစိုက် အာရုံခံကြည့်လိုက်၏။ သို့သော် ထိုအဘိုးအို၏ ကျင့်ကြံခြင်းအဆင့်ကို အာရုံခံ၍မရကြောင်း သူ သတိပြုမိလိုက်လေသည်။ ထို့ကြောင့် ထိုအဘိုးအိုက နတ်ဘုရားတစ်ပိုင်းဖြစ်ကြောင်း ပြောနေရန်ပင် မလိုတော့ပေ။

အဘိုးအိုသည် ရဟန်းဝတ်ရုံကို ဝတ်ဆင်ထားသော်လည်း ကတုံးမတုံးထားချေ။ သူက ရီမျိုးနွယ်မှ လူများနှင့် ကွဲပြားပုံရသည်။ ဗုဒ္ဓဧကရာဇ်ကြောင့် ရီမျိုးနွယ်မှ ပညာရှင်အားလုံးက ဇင်ကို ကျင့်ကြံကြသည်ဟု ဆိုကြ၏။ သူတို့ကျင့်ကြံသော ဇင်မှာ ဇင်နှလုံးသားဖြစ်၍ သူတို့သည် ရဟန်းဝတ်ရုံကို ဝတ်ဆင်ကြကာ ကတုံးတုံးကြသည်။ သို့သော် သူတို့က လက်ထပ်ခွင့်ရှိကာ မိသားစုထူးထောင်နိုင်ပေသည်။ ထို့ပြင် သေရည်သောက်ခွင့်၊ အသားစားခွင့်လည်း ရှိသည်။ သူတို့သည် ဗုဒ္ဓအပေါ်ကြည်ညိုသော နှလုံးသားရှိရန်သာ လိုလေသည်။ ထို့ကြောင့် ရီမျိုးနွယ်မှ မျိုးနွယ်ဝင်များက ဇင်ဒုက္ခကို ကျင့်ကြံသော ရဟန်းများနှင့် ကွဲပြားပေသည်။

‘သူက ရီမျိုးနွယ်က နတ်ဘုရားတစ်ပိုင်း ပညာရှင် မဟုတ်ဘူးလား’

အဘယ်ကြောင့် ထိုအဘိုးအိုက ဗုဒ္ဓတောင်၏ မြောက်ဘက်တွင် ထွက်ပေါ်လာသနည်း။ ရီမျိုးနွယ်သည် ထိုသို့သော ပညာရှင်တစ်ယောက်ကို အဘယ်သို့ သတိမပြုမိကြသနည်း။ ထို့ပြင် အဘယ်ကြောင့် ထိုအဘိုးအိုက သူမည်သူဖြစ်ကြောင်း သိနေခြင်းနည်း။ အဘယ်ကြောင့် သူ့ကို ကယ်တင်ခဲ့သနည်း။

“အာ...”

မေးခွန်းများစွာ ရှိနေသော်လည်း ကျန်းရီသည် သူ၏ရင်ဘတ်မှ ပြင်းထန်သော နာကျင်မှုကြောင့် ဆက်မတွေးနိုင်တော့ပေ။ ကျန်းရီသည် အဘိုးအိုကို ကြည့်လိုက်၏။ အဘိုးအိုက စကားဆက်ပြောလိုဟန် မရှိကြောင်း သူ တွေ့လိုက်သည်။ ထို့ကြောင့် သူသည် ရွေးချယ်စရာ မရှိတော့ဘဲ တင်ပျဉ်ခွေထိုင်၍ ကုသဆေးလုံးနှစ်လုံးကို သောက်ကာ ကုသခြင်းတွင် အာရုံစိုက်လိုက်ရလေသည်။

ကျန်းရီသည် တရားထိုင်ခြင်း အခြေအနေသို့ ဝင်လိုက်၏။ အဘိုးအိုက ကျန်းရီကို ပြုံး၍ ကြည့်လိုက်သည်။ ထို့နောက် သူသည် ‌ခေါင်းညိတ်၍ နူးညံ့စွာ ရေရွတ်လိုက်သည်။

“ကျန်းရီလား...ပိုင်ရီလား... စိတ်ဝင်စားစရာပဲ၊ စိတ်ဝင်စားစရာပဲ”

***

ဝှစ်...ဝှစ်...ဝှစ်...

ဝူနီ၏ ကိုယ်ရံတော်များ၊ ထူ၊ ကျန့်၊ ယဉ်နှင့် ရီမျိုးနွယ်မှ ပညာရှင်များက ဗုဒ္ဓတောင် အရှေ့ဘက် မိုင်ရာချီအတွင်း ပျံသန်းရှာဖွေလိုက်၏။ ရီချန်သည် မိုင်ထောင်ချီပတ်လည်အတွင်းရှိ မြို့များမှ လူများအား ကျန်းရီကို ရှာရန် အမိန့်ပေးလိုက်သည်။

ကျန်းရီသည် အမှုန့်ဖြစ်သွားခြင်း မဟုတ်ဘဲ အဝေးသို့ လွင့်ပျံထွက်သွားခြင်းပင်။ အစောတွင် အားလုံး၏ မြင်ကွင်းက ဖုန်မှုန့်များ၊ ကျောက်မှုန့်များကြောင့် ဝေဝါးသွားခဲ့သည်။ သူတို့သည် မျက်တောင်နှစ်ခတ်စာ ကြာပြီးမှ ကောင်းကင်စိတ်အာရုံများကို ထုတ်လွှတ်အာရုံခံခဲ့ကြခြင်းပင်။ သို့သော် သူတို့အာရုံခံလိုက်သည့်အချိန်တွင် ကျန်းရီက အရိပ်အယောင်ပင် မကျန်ခဲ့ဘဲ ပျောက်ကွယ်သွားပေပြီ။ ထိုအခြေအနေအပေါ် ရှင်းပြချက် နှစ်ခုသာ ရှိပေသည်။ ကျန်းရီက လွတ်မြောက်သွားခြင်း သို့မဟုတ် အမှုန့်ဖြစ်သွားခြင်း ဖြစ်ပေလိမ့်မည်။

ကျန်းရီ အသက်ရှင်နေသေးလျှင် သူတို့သည် သူ့ကို ကိုယ်တိုင် တွေ့မြင်လိုကြ၏။ အကယ်၍ သူ သေသွားခဲ့လျှင်လည်း သူတို့က အလောင်းကို မြင်လိုကြပေသည်။

ကျန်းရီ သေဆုံးသွားပြီဖြစ်ကြောင်း သက်သေမရှိသ၍ ဝူနီ၊ ထူလုံနှင့် အခြားသူများသည် စိတ်အေးနိုင်မည် မဟုတ်ပေ။ ကျန်းရီထံတွင် ရှေးဟောင်းအသုံးအဆောင်တစ်ခု ရှိနေသည် မဟုတ်ပါလား။

ရီချန်နှင့် ယဉ်ရို့ပင်းတို့ကလည်း လက်မလျှော့ကြပေ။ သူမတို့က ကျန်းရီကို ချစ်ကြိုက်နေခြင်း မဟုတ်ချေ။ သို့သော် ကျန်းရီက အလွန်ထူးခြားပြီး အရည်အချင်းရှိပေသည်။ သူမတို့က အရည်အချင်းရှိသူများကို သဘောကျခြင်းပင်။ သူမတို့သည် သူ့ကို သူမတို့၏မျိုးနွယ်ထဲသို့ သိမ်းသွင်းလိုခဲ့၏။ သို့သော် ယခုတွင် သူက ရုတ်တရက်ကြီး ပျောက်ကွယ်သွားပေပြီ။ ထို့ကြောင့် သူမတို့ အဘယ်သို့ လက်လျှော့နိုင်ပါမည်နည်း။

ကံဆိုးစွာပင်...

နေဝင်ချိန်ရောက်သောအခါ မရေမတွက်နိုင်သော ပညာရှင်များက မိုင်သောင်းချီပတ်လည်အတွင်း ရှာပြီးသွားပေပြီ။ အနီးရှိ မြို့များမှ စစ်တပ်များကလည်း ကျန်းရီကို မတွေ့ကြောင်း အစီအရင်ခံခဲ့ကြသည်။ ထူးဆန်းသည်မှာ ကျန်းရီ ရှိနေသော ရေကန်လေးက မြောက်ဘက် မိုင်ထောင်ချီအကွာတွင်သာ ရှိနေသော်လည်း ပညာရှင်များက သတိမပြုမိကြခြင်းပင်။

ကျန်းရီသည် အရိပ်အယောင်ပင် မကျန်ခဲ့ဘဲ ပျောက်ကွယ်သွားပြီဖြစ်၍ ဝူ၊ ထူနှင့် ကျန့်မျိုးနွယ်တို့က ကျန်းရီ သေဆုံးသွားပြီဟု ယူဆလိုက်ကြသည်။ သူ့အနေဖြင့် ထွက်ပြေးရန် မဖြစ်နိုင်သလို ပညာရှင်များစွာ၏ ရှာဖွေမှုမှ လွတ်အောင်လည်း ပုန်း‌အောင်း မနေနိုင်လောက်ပေ။

“ပြန်ဖို့ အချိန်ကျပြီ။ ဆက်ရှာနေဖို့ မလိုတော့ဘူး”

ယဉ်ရို့ပင်းက ‌ခေါင်းခါလိုက်ပြီး ဗုဒ္ဓတောင်ဆီသို့ တန်းတန်းမတ်မတ် ပျံသန်းသွားလိုက်လေသည်။ သူမ၏ အဖြူရောင်ဝတ်စုံက လေထဲတွင် တဖျပ်ဖျပ်ခတ်နေ၏။ သူမ၏ ခြေဗလာကလည်း တောက်ပနေသည်။ သူမသည် တောအုပ်အတွင်းမှ ထွက်လာသော နတ်မိမယ်တစ်ပါးကဲ့သို့ အရှိန်အဝါရှိ၏။ သို့သော် သူမ၏ ကျော့ရှင်းသော နောက်ကျောပြင်ကို ကြည့်လိုက်လျှင် အထီးကျန်မှုနှင့် ဝမ်းနည်းမှု အငွေ့အသက်များကို ရှင်းရှင်းလင်းလင်း မြင်နိုင်ပေလိမ့်မည်။

“ပြန်ဖို့ အချိန်တန်ပြီ”

ရီချန်ကလည်း လက်ဝှေ့ယမ်းလိုက်ပြီး ဗုဒ္ဓတောင်ဆီသို့ တိတ်တဆိတ် ပျံသန်းသွားလိုက်၏။ သူမတို့သည် နေရာအနှံ့တွင် ရှာပြီးပြီဖြစ်သော်လည်း မည်သည့်အရာကိုမှ မတွေ့ရှိခဲ့ကြပေ။ မည်သည့် သဲလွန်စမှလည်း မရှိပေ။ ထို့ကြောင့် ပိုင်ရီက အမှုန့်ဖြစ်သွားခြင်းသာ ဖြစ်ရပေမည်။ လူငယ်ပါရမီရှင်တစ်ယောက်သည် ဝူနီ၏ ဓားချက်ကြောင့် သေဆုံးသွားရပေပြီ။

“ဟုတ်သား... မြောက်ဘက်မှာ...”

ရီချန်သည် ခေတ္တမျှ ပျံသန်းပြီးနောက် မြောက်ဘက်သို့ တွေးတွေးချိန်ချိန် ကြည့်လိုက်၏။ ထို့နောက် သူမ ခေါင်းခါလိုက်လေသည်။ သူမသည် သက်ပြင်းချလိုက်ပြီး ဗုဒ္ဓတောင်ဆီသို့သာ တိတ်တဆိတ် ဆက်ပျံသန်းသွားလိုက်လေသည်။

“ပြန်ကြမယ်...”

ဝူနီသည် လှံကို ဝှေ့ယမ်းလိုက်ပြီး သူ့လူများကို ဦး‌ဆောင်၍ ဝံ့ကြွားသော ဟန်ပန်ဖြင့် ဗုဒ္ဓတောင်သို့ ပျံသန်းသွား၏။ ယနေ့တိုက်ပွဲက ဝူနီ၏ အမည်ကို ကျော်ကြားသွားစေမည်ဖြစ်သည်။ သူသည် သေချာ‌ပေါက် အရှေ့ဘက် တော်ဝင်နယ်မြေ၏ နံပါတ်(၁) သခင်လေး ဖြစ်လာနိုင်ပေသည်။ ယနေ့ ဤနေရာရှိ လူအရေအတွက်က သူ့ဂုဏ်သတင်းကို လောကတစ်ခွင် ပျံ့နှံ့သွားစေလောက်အောင် လုံလောက်ပေသည်။

“အန်... ထင်ယွီ ဘာဖြစ်လို့လဲ”

ဝူနီသည် ကျီထင်ယွီက မလှုပ်မယှက် ရပ်နေသည်ကို မြင်လိုက်၍ စိတ်ဝင်တစား မေးလိုက်၏။ ကျီထင်ယွီက မျက်မှောင်ကြုတ်ကာ အဝေးသို့ ကြည့်နေပြီး အသံပို့လွှတ်လိုက်လေသည်။

“ပိုင်ရီက မသေသေးဘူးလို့ ကျွန်မခံစားနေရတယ်”

ဝူနီ၏ မျက်ဝန်းများထဲတွင် အေးစက်စက်အလင်းတစ်ချက် လက်သွား၏။ သူ ချက်ချင်း ခေါင်းခါလိုက်ပြီး ပြန်၍ အသံပို့လွှတ်လိုက်သည်။

“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ပြစ်ဒဏ်စီရင်လေဓားနဲ့ တိုက်ခိုက်ခံရရင် အဆင့်သုံး ကောင်းကင်ဧကရာဇ်လေး မပြောနဲ့ ရူလောင်တောင် ဒဏ်ရာရသွားမှာပဲ။ ပြီးတော့ သူ မသေဘူးဆိုရင် ဘယ်ကို ပြေးနိုင်မှာလဲ။ ငါတို့ နေရာတစ်ခုလုံးကို ရှာပြီးပြီပဲ... သူ မြေရှိုးမိုးပျံနိုင်မှပဲ လွတ်လိမ့်မယ်။ ဒါပေမဲ့ သူ မြေရှိုးမိုးပျံနိုင်တယ်ဆိုရင်တောင် ရူလောင်နဲ့ တခြားသူတွေရဲ့ ထောက်လှမ်းမှုကနေ လွတ်နိုင်ပါ့မလား...”

“သခင်လေးပြောတာ အကျိုးအကြောင်းညီပါတယ်”

ကျီထင်ယွီက ခေါင်းညိတ်လိုက်၏။ သို့သော် သူမ၏ မျက်နှာပေါ်တွင် စိုးရိမ်သည့် အရိပ်အယောင်များ ရှိနေပေသေးသည်။

“ဒါပေမဲ့ သူက အခုထိ မသေသေးဘူးလို့ ကျွန်မ ခံစားနေရတုန်းပဲ။ ဒီလိုတွေ ဖြစ်ပြီးတာတောင်မှ သူ မသေသေးဘူးဆိုရင် နောက်ကျရင် သူက သေချာ‌ပေါက် အင်အားကြီး ရန်သူတစ်ယောက် ဖြစ်လာလိမ့်မယ်”

“ဟားဟားဟား...”

ဝူနီက လှောင်ရယ်ရယ်ကာ ပြောလိုက်သည်။

“သူ မသေသေးဘူးဆိုရင်တောင် သူ့အစွမ်းနဲ့ ဘာလုပ်နိုင်မှာ မလို့လဲ။ ဧကရာဇ်ကိုးပါးမျိုးနွယ်စုက လူတစ်ယောက်ကြောင့်နဲ့ တုန်လှုပ်မှာ မဟုတ်ဘူး။ ပိုင်ရီက ငါတို့ကို ခြိမ်းခြောက်နိုင်မှာ မဟုတ်ပါဘူး။ သူ မသေဘဲ နတ်ဘုရားတစ်ပိုင်းအဆင့်အထိ ရောက်သွားတယ်ဆိုရင်တောင် ငါတို့ကို ခြိမ်းခြောက်နိုင်ဦးမှာ မဟုတ်ဘူး။ ထင်ယွီ... ငါ မျိုးနွယ်ခေါင်းဆောင်ဖြစ်လာရင် ဧကရာဇ်ကိုးပါးမျိုးနွယ်စုထဲက မျိုးနွယ်တစ်ခုက ဘယ်လောက်အင်အားကြီးလည်းဆိုတာ မင်းနားလည်သွားမှာပါ”

“ဟုတ်... သခင်လေး ပြောတာ မှန်ပါတယ်”

ကျီထင်ယွီက တောက်ပစွာ ပြုံးလိုက်သည်။ ဤတစ်ကြိမ်တွင် ဝူနီ၏ ဂုဏ်သတင်းက တစ်လောကလုံးတွင် ကျော်ကြားသွားတော့မည်ဖြစ်သည်။ ထို့ကြောင့် ပိုင်ရီ သေသေ၊ ရှင်ရှင် အရေးမပါပေ။ ဝူနီက ဝူမျိုးနွယ်ခေါင်းဆောင် ဖြစ်လာလျှင် ပိုင်ရီတစ်ယောက် မဆိုထားနှင့် ပိုင်ရီတစ်ရာကိုပင် မှုရန်လိုမည် မဟုတ်ချေ။

“ထင်ယွီ... ဗုဒ္ဓအရှင်အတွက် လက်ဆောင် ပြင်ဆင်ပြီးပြီလား”

ဝူနီသည် ကျီထွင်ယွီနှင့်အတူ ပျံသန်းနေရင်း အသံပို့လွှတ်လိုက်၏။ ကျီထင်ယွီက ခေါင်းညိတ်ပြလိုက်သည်ကို တွေ့လိုက်သောအခါ သူ ကျေကျေနပ်နပ် ပြုံးလိုက်လေသည်။ ထို့နောက် သူသည် ပွင့်လင်းစွာ အသံပို့လွှတ်လိုက်၏။

“ဒီတစ်ခေါက် ငါသာ ရီမျိုးနွယ်ရဲ့ ဆန်းကြယ်နယ်မြေထဲ ဝင်နိုင်ခဲ့ရင် ငါ့ရဲ့ အင်အားက သေချာပေါက် အများကြီးတိုးတက်လာမှာပဲ။ အဲ့အခါကျရင် ငါက စစ်မှန်တဲ့ ကြယ်ငါးပွင့် ပညာရှင်ဖြစ်လာလိမ့်မယ်... မျိုးနွယ်ခေါင်း‌ဆောင်ငယ်ရာထူးကို ရဖို့လည်း သေချာသွားလိမ့်မယ်။ ထင်ယွီ... ငါ မျိုးနွယ်ခေါင်းဆောင်ငယ် ဖြစ်လာတဲ့နေ့ကျရင် မင်းကို လက်ထပ်မယ်”

***

All Chapters