← Chapters

မင်းလျှောက်ရမယ့် ခရီးလမ်းက အရှည်ကြီးကျန်သေးတယ်

Vol. 68 Ch. 938

မင်းလျှောက်ရမယ့် ခရီးလမ်းက အရှည်ကြီးကျန်သေးတယ်

Vol. 68 Ch. 938

ကျန်းရီသည် ဒဏ်ရာများကို ငါးရက်ကြာ ကုသလိုက်၏။ သူ၏ အရင်ဒဏ်ရာများက အပြည့်အဝ ပြန်မကောင်းသေးခင်တွင် ပြင်းထန်သော ဒဏ်ရာများ ထပ်ရလိုက်၍ သူ ကုသခြင်းတွင် အပြည့်အဝ အာရုံစိုက်ရန် လိုအပ်ခဲ့သည်။ ဗုဒ္ဓဧကရာဇ်၏ မွေးနေ့ပွဲက ရက်အနည်းငယ်သာ လိုတော့သည်။ မွေးနေ့ပွဲပြီးသွားလျှင် ဝူနီက အချိန်မရွေး ပြန်သွားနိုင်ပေသည်။ ဝူနီ ပြန်သည့်အချိန်တွင် သူ၏ခန္ဓာကိုယ်က အပြည့်အဝ ပြန်ကောင်းနေရန် လိုအပ်၏။ မဟုတ်လျှင် သူ ဝူနီကို လိုက်ဖမ်းနိုင်မည် မဟုတ်ချေ။

ပြီးခဲ့သော ငါးရက်အတွင်းတွင် လူများစွာသည် ဝူနီတို့တိုက်ပွဲသတင်းကို သူတို့၏မျိုးနွယ်များသို့ သတင်းပို့ခဲ့ကြ၏။ ထို့ကြောင့် ထိုသတင်းက အရှေ့ဘက် ‌တော်ဝင်နယ်မြေတစ်ခွင်လုံးတွင် ပျံ့နှံ့နေပြီဖြစ်သည်။ ဝူနီ၏ ဂုဏ်သတင်းက အမှန်ပင် တိုးတက်လာခဲ့၏။ သူသည် ရှီးဖေးကို ကျော်တက်ကာ အရှေ့ဘက် တော်ဝင်နယ်မြေ၏ နံပါတ်(၁)သခင်လေး ဖြစ်လာပေပြီ။

ရှီးဖေး၏ခြေထောက်များ အဖြတ်ခံရသည့် သတင်းကလည်း အရှေ့ဘက် တော်ဝင်နယ်မြေတစ်ခွင်လုံးတွင် ပျံ့နှံ့သွားသည်။ ထို့ကြောင့် ရှီးဖေး၏ ပြန်ရခါစ ဂုဏ်သတင်းက အောက်ခြေသို့ ထပ်မံရောက်ရှိသွားသည်။ နဂါးညှိုးရော်မြက်ပင်မရှိလျှင် သူ၏ဘဝတစ်ခုလုံး ရေဆုန်မျောရတော့မည်ဖြစ်သည်။ သို့ဆိုလျှင် သူသည် မျိုးနွယ်ခေါင်းဆောင်လည်း ဖြစ်လာနိုင်တော့မည် မဟုတ်ဘဲ အပျော်အပါးမက်သော သာမန်သခင်လေးတစ်ယောက်အဖြစ်သာ အဆုံးသတ်သွားရပေလိမ့်မည်။

ကြယ်ခြောက်ပွင့် တာအိုပုံသဏ္ဌာန်က ကောင်းကင်ကိုပင် ဆန့်ကျင်နိုင်သော တာအိုပုံသဏ္ဌာန်တစ်ခုပင်။ လဲ့မျိုးနွယ်အကြီးအကဲက ကြယ်ခုနစ်ပွင့် တာအိုပုံသဏ္ဌာန်ဖြစ်သော ‘ပြောင်းပြန်အချိန်စီးကြောင်း’ကို အသုံးပြုနိုင်၍ ရှန်းစီမျိုးနွယ်စု၏ နံပါတ်(၁) ပညာရှင် ဖြစ်လာခဲ့ခြင်းပင်။ ဟွမ်ဖူထောင်ထျန်းကလည်း ကြယ်ငါးပွင့် တာအိုပုံသဏ္ဌာန် ‘မိုးကြိုးအလင်းလျှပ်စစ်အရိပ်’ကို အသုံးပြုနိုင်၍ ရှန်းစီမျိုးနွယ်စု၏ နံပါတ်(၁)သခင်လေး ဖြစ်လာခြင်းပင်။ ထို့ကြောင့် ကြယ်ခြောက်ပွင့် တာအိုပုံသဏ္ဌာန်က မည်မျှ အစွမ်းထက်ကြောင်း သိသာပေသည်။ အဆင့်မြင့် တာအိုပုံသဏ္ဌာန်များကို သိမြင်နားလည်နိုင်ရန် အလွန်ခက်ခဲ၏။ ကြယ်ငါးပွင့်အထက် တာအိုပုံသဏ္ဌာန်များကို သိမြင်နားလည်နိုင်ရန်ကမူ ပို၍ပင် ခက်ခဲပေသည်။

လူများစွာသည် ပြစ်ဒဏ်စီရင်လေဓား၏ စွမ်းအားနှင့် ဝူနီ၏ အတွင်းအားက အဆင့်မြင့် ကောင်းကင်ဧကရာဇ်အဆင့်တွင်သာ ရှိသေးကြောင်း ခံစားကြရ၏။ အကယ်၍ ဝူနီသာ ကောင်းကင်ဧကရာဇ် အထွတ်အထိပ်အဆင့်သို့ ရောက်သွားလျှင် ပြစ်ဒဏ်စီရင်လေဓား၏ စွမ်းအားက ပို၍ပင် တိုးတက်လာမည်ဖြစ်သည်။ သူသည် ကောင်းကင်ဧကရာဇ်အဆင့်မှ သိုင်းသမားများကို ထိုပြစ်ဒဏ်စီရင်လေဓားဖြင့်ပင် လွှမ်းမိုးနိုင်လိမ့်မည်ဟု ယူဆနိုင်၏။ မည်သည့်ကောင်းကင်ဧကရာဇ်က နတ်ဘုရားတစ်ပါး၏ဓားကို ခံနိုင်ပါမည်နည်း။

ဝူနီ၏အမည် ကျော်ကြာလာသည်နှင့်အတူ ပိုင်ရီ၏အမည်ကလည်း အရှေ့ဘက် တော်ဝင်နယ်မြေတစ်ခွင်လုံးသို့ ပျံ့နှံ့သွားလေသည်။ ပိုင်ရီက ရှီးဖေး၏ ခြေထောက်များကို ဖြတ်ပစ်နိုင်ခဲ့ပြီး ဝူနီနှင့် ယှဉ်တိုက်နိုင်ခဲ့သည်။ ယဉ်ရို့ပင်းက သူ့ကို ကာကွယ်ရန်အတွက် သူမကိုယ်သူမပင် ရင်းခဲ့သည်။ ထို့ပြင် ရီချန်ကလည်း သူ့ကို ကြိုက်နေသည်။ ထိုသို့သော လူငယ်တစ်ယောက်က မည်သို့ မကျော်ကြားလာလဲ နေမည်နည်း။

သို့သော်...

တိုက်ပွဲပြီးနောက်တွင် ပိုင်ရီက ရုတ်တရက် ပျောက်ကွယ်သွားခဲ့သည်။ ထို့ကြောင့် လူများစွာက သူသေသွားလောက်ပြီဟု ယူဆကြသည်။

သေပြီးသွားသူတစ်ယောက်ကို မည်သူမှ အရေးမစိုက်ကြပေ။ အမှန်တွင် လူများစွာသည် ပိုင်ရီ၏ ဇစ်မြစ်အမှန်ကို စုံစမ်းလိုက်ကြ၏။ သို့သော် သူက သေသွားပြီဖြစ်၍ စုံစမ်းနေလျှင်လည်း အရေးပါတော့မည် မဟုတ်ပေ။ သူက မည်မျှထူးချွန်သည်ဖြစ်စေ သေသွားလျှင် ပြာပုံတစ်ခုနှင့် မခြားချေ။ ထို့ကြောင့် သူ့အကြောင်းက သာမန် စကားစမြည်ပြောစရာ အကြောင်းတစ်ခုထက် ပိုမလာခဲ့ပေ။

ဗုဒ္ဓဧကရာဇ်မြို့က ပြီးခဲ့သော ရက်အနည်းငယ်အတွင်း အလွန်စည်ကားနေခဲ့၏။ ဗုဒ္ဓဧကရာဇ်၏မွေးနေ့ကြောင့် အနီးဒေသများမှ မျိုးနွယ်ကြီးများအားလုံး ရောက်ရှိလာကြသည်။ သို့သော် သူတို့အများစုသည် ဗုဒ္ဓတောင်ပေါ်သို့ တက်ခွင့်ရရန် အဆင့်မမီကြပေ။ ရီမျိုးနွယ်သည် ရီချန်၊ သူမ၏ဒုတိယအစ်ကို၊ ရီကျန်းနှင့် အကြီးအကဲအချို့ကို စေလွှတ်၍သာ သူတို့ကို ကြိုဆိုစေလိုက်၏။ ဗုဒ္ဓအင်ပါယာက ပေါ်ပင်ပေါ်မလာခဲ့ချေ။

ဗုဒ္ဓရဲတိုက်က ပို၍ပင် သက်ဝင်လှုပ်ရှားနေသည်။

ဧကရာဇ်ကိုးပါးမျိုးနွယ်စုမှ မျိုးနွယ်ဝင်များအားလုံး ဗုဒ္ဓရဲတိုက်သို့ ရောက်နေပေပြီ။ ထို့ပြင် ရှေးဟောင်းမျိုးနွယ်များမှ မျိုးနွယ်ဝင်များလည်း ရောက်နေ၏။ ရီနံ့သာစံအိမ်၏ ရာချီသော ခြံဝန်းများတွင် ဧည့်သည်များ အပြည့်ဖြစ်နေပေသည်။ ထို့ကြောင့် အချို့ဧည့်သည်များကို အခြားနေရာများတွင် နေရာချထားပေးရသည်။ ပထမသခင်လေး ရီရှန်နှင့် တတိယသခင်လေး ရီမေ့တို့သည် ဧည်သည့်များကို ဧည့်ခံရခြင်းဖြင့် မိုးလင်းမှမိုးချုပ်အထိ အလုပ်များနေကြလေသည်။

ဗုဒ္ဓရဲတိုက်အတွင်းမှ လူများက ပိုင်ရီ၏အကြောင်းကို မေ့သွားပုံပင်။ တတိယမြောက်နေ့တွင် ရီချန်သည် မည်သည့်ကိစ္စမှ မဖြစ်ခဲ့ဟန်ဖြင့် ထွက်ပေါ်လာ၏။ ပြီးခဲ့သော ရက်အနည်းငယ်အတွင်း ယဉ်ရို့ပင်းက အတော်လေး မူမမှန်ဖြစ်နေခဲ့ပြီး စားသောက်ပွဲများစွာကိုလည်း မတက်ရောက်ခဲ့ပေ။ ရှေးဟောင်းမျိုးနွယ်အချို့မှ သခင်လေးများနှင့် သခင်မလေးများက သူမထံသို့ သွားလည်ခဲ့သော်လည်း သူမက သူတို့ကို မတွေ့ခဲ့ချေ။

ဝူနီကမူ အလွန်ရေပန်းစားနေ၏။

ဝူနီသည် နေ့စဉ်လိုလို လူများ၏ ဝန်းရံမြှောက်ပင့်မှုများကို ခံနေရ၏။ သို့သော် သူသည် အမှန်ပင် ရင့်ကျက်လာပြီဖြစ်၍ စိတ်ကြီးဝင်သည့်ပုံစံ တစ်ချက်ပင် မပြဘဲ လူများကို တလေးတစား ပြန်ဆက်ဆံခဲ့သည်။ သူက အလွန်အထင်ကြီးစရာ ကောင်းနေသဖြင့် သခင်မလေးများစွာ၏ ရင်ထဲတွင် ချစ်ခင်စိတ်များ ပျို့တက်လာခဲ့ပေသည်။

ထူလုံ၊ ကျန့်ဝူယင်းနှင့် အခြားသူများသည် ဝူနီက ထိုသခင်မလေးများကို  စည်းထား၍ တလေးတစား ပြန်ဆက်ဆံနေသည်ကို တွေ့သောအခါ အတော်လေးထူးဆန်းသည်ဟု ခံစားနေကြရ၏။ ဝူနီသည် သခင်မလေးများနှင့် သိပ်အရောမဝင်ခဲ့ပေ။ သူသည် အတိတ်ကလို အပျော်အပါးမက်သော သခင်လေးတစ်ယောက် မဟုတ်တော့ချေ။

ယနေ့တွင် ဗုဒ္ဓဧကရာဇ်၏ မွေးနေ့ပွဲ စတင်ပေပြီ။

ဗုဒ္ဓအင်ပါယာက နောက်ဆုံးတွင် ထွက်ပေါ်လာပြီဖြစ်ပြီး ဧည့်သည်များကို ကိုယ်တိုင်ဧည့်ခံလေသည်။ သို့သော် ဗုဒ္ဓဧကရာဇ် ထွက်ပေါ်မလာသဖြင့် အားလုံး အတန်ငယ် စိတ်ပျက်သွားကြသည်။ ‌မွေးနေ့ပွဲသို့ ဧကရာဇ်ကိုးပါးမျိုးနွယ်၏ မျိုးနွယ်ခေါင်းဆောင်များ မတက်ရောက်ကြဘဲ သခင်လေး၊ သခင်မလေးများသာ တက်ရောက်သဖြင့် ဗုဒ္ဓဧကရာဇ်က တစ်ခေါက်ပင် ထွက်ပေါ်မလာခြင်း ဖြစ်နိုင်ပေသည်။

လက်ဆောင်ပြိုင်ပွဲ စတင်ပေပြီ။ သခင်လေးများ၊ သခင်မလေးများသည် သူတို့ အထူးပြင်ဆင်လာခဲ့သော လက်ဆောင်များကို ‌ပေးအပ်လိုက်ကြ၏။ ထိုလက်‌ဆောင်များက မရှားပါးသလို တန်ဖိုးလည်း မကြီးကြပေ။ သို့သော် ၎င်းတို့တွင် ပင်ကိုအရည်အသွေးရှိကြပေသည်။

ဗုဒ္ဓအင်ပါယာသည် လူအချို့အား ထိုလက်ဆောင်များကို ဗုဒ္ဓဧကရာဇ်ထံ ယူသွားပေးရန် ခိုင်းလိုက်၏။ ညစာစားပွဲတွင် ဗုဒ္ဓဧကရာဇ်က ထိုလက်ဆောင်များထဲမှ လက်ဆောင်ဆယ့်နှစ်ခုကို အလွန်နှစ်သက်ကြောင်း သတင်းပြန်ပို့ခဲ့သည်။ ဗုဒ္ဓအင်ပါယာက ထိုလက်ဆောင်ဆယ့်နှစ်ခုကို ‌ပေးသည့် လူဆယ့်နှစ်ယောက်ကို နောက်ငါးရက်ကြာလျှင် ရီမျိုးနွယ်၏ အဓိကဆန်းကြယ်နယ်မြေသုံးခုအတွင်းသို့ ဝင်ခွင့်ပြုမည်ဖြစ်ကြောင်း ကြေညာလိုက်လေသည်။ သို့သော် သူတို့သည် အဓိကဆန်းကြယ်နယ်မြေသုံးခုထဲမှ ကြိုက်ရာတစ်ခုကိုသာ ရွေးချယ်၍ ဝင်ခွင့်ရမည်ဖြစ်သည်။

ဗုဒ္ဓဧကရာဇ်က ဧကရာဇ်ကိုးပါးမျိုးနွယ်စုကို မျက်နှာသာပေးခဲ့ခြင်းလော သို့မဟုတ် သူတို့၏ လက်ဆောင်များက အမှန်ပင် ကောင်းမွန်နေခဲ့ခြင်းလောကို မသိရပေ။ သို့သော် ဝူနီ၊ ထူလုံ၊ ကျန့်ဝူယင်း၊ ယဉ်ရို့ပင်း၊ လင်းချီကျန့်နှင့် ယဲ့ရင်တို့အားလုံး ‌ရွေးချယ်ခံခဲ့ရပေသည်။ ရှီးဖေးကမူ ရှီးမျိုးနွယ်သို့ ပြန်သွားခဲ့ပြီဖြစ်သည်။ သူတို့သည် လက်ဆောင်သာ ပို့ပေးခဲ့ပြီး လူကိုယ်တိုင် မတက်ရောက်ခဲ့ကြပေ။ ကျန်မျိုးနွယ်ကမူ မတက်ရောက်ရုံသာမက မည်သည့်လက်ဆောင်မှလည်း မပို့ပေးခဲ့ပေ။

ကျန်မျိုးနွယ်သည် ရီမျိုးနွယ်နှင့် ရန်ငြိုးရှိ၍ ထိုသို့လုပ်ခြင်း မဟုတ်ချေ။ ကျန်မျိုးနွယ်သည် အရှေ့ဘက် တော်ဝင်မျိုးနွယ်ရှိ အသိုသိပ်ဆုံး မျိုးနွယ်တစ်ခုဖြစ်သည်။ သူတို့သည် မည်သည့်ကိစ္စများတွင်မှ ဝင်ပါမည်မဟုတ်ပေ။ ကျန်မျိုးနွယ်၏ မျိုးဆက်များကလည်း လူရှေ့သူရှေ့တွင် ထွက်ပေါ်လာမည် မဟုတ်ပေ။ ကျန်မျိုးနွယ်သည် ဆန်းကြယ်ဧကရာဇ်မြို့ထဲတွင် နေခဲ့ကြသည့် လျှို့ဝှက်မျိုးနွယ်ကြီးများကဲ့သို့ပင်။ လူများက သူတို့ကို မေ့သွားလေလေ၊ သူတို့က ပိုကြိုက်လေလေဖြစ်သည်။

ဗုဒ္ဓဧကရာဇ်၏ ရက်ရောမှုက ဝူနီနှင့် အခြားသူများကို အလွန်ဝမ်းမြောက်သွားစေခဲ့၏။ သူတို့အားလုံးသည် တုံ့ဆိုင်းခြင်းမရှိဘဲ ရီမျိုးနွယ်၏ ပန်းချီကမ်းပါးအတွင်းသို့ ဝင်ရန် ရွေးချယ်လိုက်ကြသည်။ ထိုကမ်းပါးသည် ဗုဒ္ဓဧကရာဇ်၏ ကောင်းကင်ပန်းချီကား ဆယ့်နှစ်ချပ်ကို ပြသထားသော ကမ်းပါးရှည်တစ်ခုဖြစ်ပြီး ရီမျိုးနွယ်၏ အကောင်းဆုံး ဆန်းကြယ်နယ်မြေလည်း ဖြစ်သည်။

ဗုဒ္ဓဧကရာဇ်၏ ကောင်းကင်ပန်ချီကား ဆယ့်နှစ်ချပ်အတွင်း၌ စွမ်းအားကြီးသော အဆင့်မြင့် တာအိုပုံသဏ္ဌာန်များ ရှိပေသည်။ ထိုတာအိုပုံသဏ္ဌာန်များထဲမှ တစ်ခုကို သိမြင်နားလည်နိုင်ခဲ့လျှင်ပင် လွန်စွာ တန်သွားမည်ဖြစ်သည်။

***

ကျန်းရီသည်လည်း ထိုနေ့တွင် နိုးထလာခဲ့သည်။ သူသည် ငါးရက်ကြာ အနားယူခြင်းမရှိ ကုသနေခဲ့၏။ ထို့ကြောင့် သူ့အရိုးများက ပြန်ဆက်သွားပေပြီ။ သို့သော် အပြည့်အဝပြန်ကောင်းရန် ရက်အနည်းငယ် လိုပေလိမ့်ဦးမည်။

ကျန်းရီသည် ဗုဒ္ဓဧကရာဇ်၏ မွေးနေ့ပွဲကြောင့် ထလာခြင်းပင်။ ယ‌နေ့ပြီးနောက်တွင် ဝူနီက ဗုဒ္ဓဧကရာဇ်မြို့မှ ထွက်သွားနိုင်ပေသည်။ ထို့ကြောင့် သူသည်လည်း ဤနေရာမှ ထွက်ခွာ၍ ဝူနီ၏အကြောင်းကို ထောက်လှမ်းကာ ဝူနီကို ဖမ်းနိုင်မည့် နည်းလမ်းများကို စဉ်းစားရပေမည်။

ကျန်းရီ မျက်လုံးများဖွင့်လိုက်၏။ အဘိုးအိုက ရေကန်ဘေးတွင် ထိုင်၍ ငါးမျှားနေဆဲဖြစ်ကြောင်း သူတွေ့လိုက်သည်။ အဘိုးအိုက မျက်လုံးများကို ခပ်ဖွဖွ မှိတ်ထားပြီး အချိန်မရွေး အိပ်ပျော်သွားတော့မည့်ပုံ ပေါ်နေပေသည်။ ကျန်းရီသည် အဘိုးအိုထံ လျင်မြန်စွာ လျှောက်သွားလိုက်ပြီး အလေးအနက် ဦးညွှတ်ကာ ပြောလိုက်၏။

“ပိုင်ရီ အဘိုးရဲ့ ကြင်နာမှုအတွက် ထပ်ပြီး ဦးညွှတ်ပါတယ်”

မုတ်ဆိတ်ဖြူနှင့် အဘိုးအိုက မျက်လုံးများ အတန်ငယ် ဖွင့်ကာ ကျန်းရီကို ပြုံး၍ ကြည့်လိုက်သည်။ ထို့နောက် သူက လက်ယမ်းကာ ပြောလိုက်သည်။

“အဲ့ဒါက အသေးအဖွဲလေးပါ.... ပြောနေဖို့ မတန်ပါဘူး။ ပိုင်ရီတဲ့လား... ဟားဟား... ကျန်းရီဖြစ်သင့်တာ မဟုတ်ဘူးလား”

“အာ...”

ကျန်းရီ အိုးတိုးအန်းတန်း ပြုံးလိုက်၏။ ထို့နောက် သူ၏ခန္ဓာကိုယ်က အဖြူရောင်အလင်း လင်းလက်သွားသည်။ သူက သူ၏မူလပုံစံကို ပြန်ပြောင်းလိုက်ခြင်းပင်။ ထို့နောက် သူ ခါးသက်သက်ပြုံး၍ ပြောလိုက်လေသည်။

“ကျွန်တော့်ရဲ့ မဖြစ်စလောက်အစွမ်းလေးက အဘိုးရဲ့ နတ်မျက်စိတွေကို မလိမ်နိုင်တဲ့ပုံပဲ။ ကျွန်တော်က တကယ်ပဲ ကျန်းရီပါ။ ကျွန်‌တော့်မှာ ပြောပြလို့မရတဲ့ အခက်အခဲတွေ ရှိနေလို့ ပိုင်ရီဆိုတဲ့ နာမည်အတုကို သုံးထားရတာပါ။ ကြည့်ရတာ... အဘိုးက ကျွန်တော့်အကြောင်းကို အများကြီး သိထားတဲ့ပုံပဲ... ဟုတ်ပါသလား”

ထိုငါးမျှားနေသောအဘိုးအိုက ကျန်းရီကို ကယ်တင်ခဲ့သလို ကျန်းရီ မည်သူဖြစ်ကြောင်းလည်း သိသည်လော။ ပြီးခဲ့သော ရက်အနည်းငယ်အတွင်းတွင် ကျန်းရီ အလွန်လုံခြုံခဲ့ပေသည်။ သူသည် မည်သည်ကိုမှ စိုးရိမ်ရန် မလိုခဲ့ပေ။ အနည်းဆုံးတော့ ထိုအဘိုးအိုက သူ့ကို အန္တရာယ်ပြုမည် မဟုတ်ကြောင်း သူ သိပေသည်။ မဟုတ်လျှင် ထိုအဘိုးအိုက သူ့ကို အဘယ်ကြောင့် ကယ်တင်ခဲ့မည်နည်း။

“အင်း...”

မုတ်ဆိတ်ဖြူအဘိုးအိုက ကျန်းရီကို ပညာရှိမျက်ဝန်းများဖြင့် ကြည့်လိုက်၏။ သူ၏မျက်ဝန်းများက ကျန်းရီ၏ လျှို့ဝှက်ချက်အားလုံးကို ဖောက်မြင်နိုင်သကဲ့သို့ပင်။ သူသည် တစ်ချက်ကြည့်ပြီးနောက် အကြည့်လွှဲကာ ရေကန်မျက်နှာပြင်သို့ ကြည့်၍ ပြောလိုက်သည်။

“မင်းမှာ မေးခွန်းတွေ အများကြီးရှိနေတယ်၊ ငါ ဘယ်သူဆိုတာ သိချင်နေတယ်ဆိုတာကို ငါ သိပါတယ်။ ဒါပေမဲ့ အခုလောလောဆယ် ငါ မင်းကို အဲ့မေးခွန်းတွေရဲ့ အဖြေတွေကို ပြောမပြနိုင်သေးဘူး။ နောက်ကျ မင်း နတ်ဘုရားတစ်ပိုင်းအဆင့်ကို တက်လှမ်းနိုင်သွားရင် ငါ့ကို ဒီနေရာမှာ လာရှာပေါ့။ အဲ့အခါကျရင် ငါ မင်းကို အရာအားလုံး ပြောပြပါမယ်။ မင်းရင်ထဲမှာ အချိန်အကြာကြီး ရှိနေခဲ့တဲ့ သံသယတွေကိုလည်း ငါ ရှင်းပေးပါမယ်”

“အန်...”

ကျန်းရီ စိတ်လှုပ်ရှားသွား၏။ ထိုမုတ်ဆိတ်ဖြူအဘိုးအို၏ စကားများက တစ်စုံတစ်ခုကို ရည်ညွှန်းနေပုံပေါ်သည်။ သူ့ရင်ထဲတွင် အချိန်အတော်ကြာ ရှိနေခဲ့သည့် သံသယများလော။ ထိုအဘိုးအိုက မည်သူနည်း။ အဘယ်ကြောင့် ထိုအဘိုးအိုက သူ့အကြောင်းများကို များစွာ သိနေရသနည်း။

မုတ်ဆိတ်ဖြူအဘိုးအိုက ကျန်းရီကို ထပ်မံလှည့်ကြည့်၍ ပြောလိုက်သည်။

“မင်း နတ်ဘုရားတစ်ပိုင်းအဆင့်ကို တက်လှမ်းနိုင်သွားရင် ငါ့ကို လာရှာပါ။ မင်း မတက်လှမ်းနိုင်ဘူးဆိုရင်တော့ ငါ့ကို ထပ်တွေ့ရတော့မှာ မဟုတ်ဘူး။ ပင်လယ်ကျယ်ကြီးဆိုတာ ငါးတွေ ကူးခတ်ဖြတ်ကျော်ရမယ့် နေရာပဲ၊ ကောင်းကင်ဆိုတာ ငှက်တွေ ပျံသန်းဖြတ်ကျော်ရမယ့် နေရာပဲ။ ကောင်လေး... စိတ်မပူပါနဲ့။ လောကထဲမှာ စွန့်စားသွားလာပြီး မင်းလုပ်ချင်ရာကို လုပ်ပါ။ မင်းလျှောက်ရမယ့် ခရီးလမ်းက အရှည်ကြီး ကျန်သေးတယ်...”

ဟူး...ဟူး...

ကျန်းရီက တစ်စုံတစ်ခု ပြောလိုသေးသော်လည်း အဘိုးအိုက ညင်သာစွာ လက်ဝှေ့ယမ်းလိုက်လေသည်။ အေးမြသော လေညင်းတစ်ချက် တိုက်ခတ်လာပြီး ကျန်းရီသည် သူရှိနေသောနေရာမှ ပျောက်ကွယ်သွားလေသည်။

အဖြူရောင်အလင်းတစ်ချက် လက်သွားသည်ကို ကျန်းရီ တွေ့လိုက်ရ၏။ ထို့နောက်တွင် သူ တောင်တန်းတစ်ခု၏ အလယ်သို့ ရောက်လာပေသည်။ သူသည် ကောင်းကင်စိတ်အာရုံဖြင့် ပတ်ဝန်းကျင်ကို အာရုံခံကြည့်လိုက်၏။ သူ့ပတ်ပတ်လည် နေရာအနှံ့တွင် တောင်များသာ ရှိနေသည်။ မိုင်ဒါဇင်အနည်းငယ်ပတ်လည်အတွင်း မုတ်ဆိတ်ဖြူအဘိုးအို၏ အရိပ်အယောင်ကို မတွေ့ရတော့ပေ။ တဲကလေးနှင့် ရေကန်ငယ်လေးသည်လည်း အစအနပင် မကျန်ခဲ့ဘဲ ပျောက်ကွယ်သွားပေပြီ။

***

All Chapters