ပန်းချီကမ်းပါး
Vol. 68 Ch. 939
“ဒါက ဘယ်လို နတ်ဘုရားစွမ်းရည်မျိုးလဲ”
ကျန်းရီသည် သူ အိပ်မက် မက်နေသည်ဟု ခံစားလိုက်ရ၍ ကြောက်ရွံ့သွား၏။ သူ ပတ်ဝန်းကျင်ကို နားမလည်နိုင်သောမျက်နှာထားဖြင့် လှည့်ပတ်ကြည့်လိုက်ပြီး အကြိမ်ကြိမ် အာရုံခံကြည့်လိုက်သည်။ သို့သော် သူသည် အစောက သူရှိနေခဲ့သော ရေကန်လေးကို မတွေ့ရတော့ပေ။ အဘိုးအိုကိုလည်း ရှာမတွေ့တော့ချေ။ ထို့ကြောင့် ဖြစ်ပျက်ခဲ့သော အရာအားလုံးက အိပ်မက်တစ်ခုကဲ့သို့ ထင်နေရပေသည်။
စွမ်းအားကြီးသော အဘိုးအိုသည် ကျန်းရီအကြောင်းကို အူမချေးခါးမကျန် သိနေ၏။ ကျန်းရီတွင် မိုးကြိုးမီးနတ်ဘုရားဒိုင်းရှိပြီး ထိုဒိုင်းကို မည်သို့ဖန်တီးသည်ကိုလည်း သူက ရှင်းရှင်းလင်းလင်း သိထားသည်။ ထို့ပြင် ထိုအဘိုးအိုသည် သူ၏ အမည်မဲ့ကျင့်စဉ်ကဲ့သို့၊ ရီဖျောင်ဖျောင်ကဲ့သို့ လျှို့ဝှက်ချက်များကိုလည်း သိထားလိမ့်မည်ဟု ကျန်းရီ ခံစားနေရသည်။
‘ငါ့ရဲ့ ကံကြမ္မာကို နောက်ကွယ်က ကြိုးကိုင်နေတဲ့သူက အဲ့အဘိုးအိုများ ဖြစ်နေမလား။ ငါ့ကို အမည်မဲ့ကျင့်စဉ် ပေးခဲ့တဲ့သူကရော သူပဲလား။ ဒါမှမဟုတ်... သူက ယွီဝမ်လား။ ဒါပေမဲ့ သူ့ရဲ့ရုပ်သွင်ကတော့ မတူဘူး’
ကျန်းရီသည် နေရာတွင်ပင် ရပ်ရင်း တွေတွေကြီး စိုက်ကြည့်နေကာ အတွေးများနေလေသည်။ တစ်စုံတစ်ယောက်က သူ၏ကံကြမ္မာကို ထိန်းချုပ်နေသည်ဟု တွေးမိသောအခါ သူ၏ရင်ထဲတွင် မသက်မသာ ဖြစ်သွားသည်။ ထိုသို့သော အခြေအနေနှင့် ကြုံရလျှင် လူတိုင်း ယင်းသို့ခံစားရမည်သာ။
“ကောင်လေး... လောကထဲက အရာအားလုံးမှာ အကြောင်းနဲ့အကျိုးဆိုတာ ရှိတယ်။ တချို့ကိစ္စတွေကို မင်းသိချိန်တန်ရင် အလိုလို သိလာမှာပါ။ မင်း မသိသင့်သေးတဲ့ အရာတွေကို သိသွားရရင် မင်းပဲ နာကျင်ခံစားရလိမ့်မယ်။ ငါးရက်ကြာပြီးရင် မင်း ပန်းချီကမ်းပါးကို သွားလို့ရတယ်။ ငါ ဗုဒ္ဓအင်ပါယာနဲ့ စကားပြောပြီးသွားပါပြီ။ မင်း ဗုဒ္ဓဧကရာဇ်ရဲ့ ပန်းချီကမ်းပါးဆန်းကြယ်နယ်မြေကို သွားပြီး ကြည့်လို့ရတယ်။ တစ်ခုခု သိမြင်နားလည်နိုင်၊ နားမလည်နိုင်ဆိုတာကတော့ မင်းရဲ့ ကံအပေါ်မှာပဲ မူတည်တယ်။ မှတ်ထားပါ... မင်း နတ်ဘုရားတစ်ပိုင်းအဆင့်အထိ မတက်လှမ်းနိုင်ဘူးဆိုရင် မင်း ဒီနေရာမှာ သေရမယ်ဆိုရင်တောင် ငါ မင်းကို ထပ်တွေ့မှာ မဟုတ်ဘူး...”
အဘိုးအို၏အသံက ထပ်မံ ပဲ့တင်ထပ်လာ၏။ ထို့ကြောင့် ကျန်းရီ အံ့အားသင့်သွားပြီး လျင်မြန်စွာ တွေးတောလိုက်သည်။ အဘိုးအို၏ စကားများအရ ထိုအဘိုးအိုက ဗုဒ္ဓဧကရာဇ်မဟုတ်ကြောင်း သူ ခန့်မှန်းနိုင်ပေသည်။ သို့သော် ထိုအဘိုးအိုသည် ရီမျိုးနွယ်နှင့် ထူးကဲသောဆက်ဆံရေးတစ်ခု ရှိရပေမည်။ မဟုတ်လျှင် သူ၏ စကားတစ်ခွန်းက ကျန်းရီကို ရီမျိုးနွယ်၏ ဆန်းကြယ်နယ်မြေအတွင်းသို့ ဝင်ခွင့်ပေးနိုင်ပါမည်နည်း။
‘သူက တကယ်ပဲ ယွီဝမ်ဖြစ်နေမလား။ သူက ယွီဝမ်ဆိုရင် အမေနဲ့တူ ကောင်းကင်မိုးကြိုးမြို့ကို လာခဲ့တဲ့ အဘိုးအိုက ဘယ်သူလဲ’
ကျန်းရီ နားမလည်နိုင်ပေ။ သို့သော် ထိုအဘိုးအို၏ လေသံက အလွန်ပြတ်သားပေသည်။ သူ မေးခွန်းများမေးလျှင်လည်း မည်သည့် အဖြေမှ ရနိုင်မည်မဟုတ်ပေ။ သူသည် ထိုနေရာတွင် (၁၅)မိနစ်ကြာ ခပ်တွေတွေ ရပ်နေပြီးနောက် အနောက်ဘက်သို့ ပျံသန်းသွားလိုက်လေသည်။
‘နတ်ဘုရားတစ်ပိုင်းအဆင့်... ငါ နတ်ဘုရားတစ်ပိုင်းအဆင့်ကို တက်လှမ်းနိုင်ရမယ်’
ကျန်းရီ၏ မျက်လုံးများ အရောင်လက်လာ၏။ သူသည် ဖော်ပြ၍မရနိုင်သော ခံစားချက်တစ်ခုကိုလည်း ခံစားလိုက်ရသည်။ သူသာ နတ်ဘုရားတစ်ပိုင်းအဆင့်သို့ တက်လှမ်းနိုင်လျှင် သူ၏မေးခွန်းအားလုံးကို ထိုအဘိုးအိုက ဖြေပေးပေလိမ့်မည်။ သို့ဆိုလျှင် သူ ရီဖျောင်ဖျောင်ကို ရှာနိုင်မည်ဖြစ်သည်။
‘အဲ့အဘိုးအိုက ငါ့ကိုလည်း ကယ်ပေးခဲ့တယ်၊ ငါ့အကြောင်းတွေကိုလည်း အများကြီး သိထားတယ်ဆိုတော့ ငါနဲ့ တစ်နည်းနည်းတော့ ပတ်သတ်နေမှာပဲ။ ဒါမှမဟုတ် သူက အမေနဲ့ ပတ်သတ်နေတာလား။ သူသာ ငါ့ကိုကူပြီး စုလောရွှယ်ကို ကယ်ပေးမယ်ဆိုရင် ကောင်းမှာပဲ’
မေးခွန်းများက များပြားလှ၏။ ကျန်းရီသည် များစွာတွေးမိသဖြင့် ခေါင်းကိုက်လာသည်။ သူသည် တော်တော်ဝေးဝေး ပျံသန်းပြီးနောက် အဝေးရှိ မိုးထိအောင်မြင့်မားသော တောင်ကြီးတစ်လုံးကို လှမ်းမြင်လိုက်၏။ ထိုတောင်က ဗုဒ္ဓတောင် ဖြစ်ပေလိမ့်မည်။ သူသည် သူ့မျက်နှာကို ပွတ်လိုက်ပြီး ဆက်မတွေးမိရန် သူ့ကိုယ်သူ ဖိအားပေးလိုက်သည်။ ဆက်တွေးနေလျှင်လည်း အကျိုးရှိလိမ့်မည် မဟုတ်ပေ။
ထို့နောက် ကျန်းရီ၏ ခန္ဓာကိုယ်က အဖြူရောင်အလင်း လက်သွား၏။ သူသည် သာမန်ရုပ်ရည်ရှိသည့် လူငယ်တစ်ယောက်အဖြစ် ပြောင်းလဲသွားသည်။ သို့သော် ထိုရုပ်ရည်က ပိုင်ရီ၏ရုပ်ရည်နှင့် မတူတော့ပေ။ သူ၏ အရှိန်အဝါကလည်း များစွာပြောင်းလဲသွားပြီး သူ၏အင်အားက အဆင့်တစ် ကောင်းကင်ဧကရာဇ်အဆင့်သို့ ရောက်သွားလေသည်။
ဝှစ်...
ကျန်းရီသည် ဗုဒ္ဓဧကရာဇ်မြို့သို့ လျင်မြန်စွာ ပျံသန်းသွား၏။ အရာအားလုံးက အရေးမပါတော့၍ သူသည် ရှေးဦးစွာ အရိပ်ဧကရာဇ်၏ လူများကို လိုက်ရှာကာ မီးမြွေသစ်ခွကို ပေးရန် ဆုံးဖြတ်လိုက်သည်။ ထို့နောက်တွင်မှ သူ သတင်းအချက်အလက်များကို စုံစမ်း၍ မည်သို့ဆက်လုပ်ရမည်ကို ဆုံးဖြတ်ရမည်ဖြစ်သည်။
ကျန်းရီရှိနေသောနေရာနှင့် ဗုဒ္ဓဧကရာဇ်မြို့က သိပ်မဝေးပေ။ ထို့ကြောင့် သူသည် တစ်နာရီနှင့်ပင် ဗုဒ္ဓဧကရာဇ်မြို့သို့ ရောက်သွားလေသည်။ သူသည် မြို့ထဲသို့ သိုသိုသိပ်သိပ် ဝင်သွားပြီး တည်းခိုခန်းတစ်ခုကို ရှာကာ တည်းခိုလိုက်သည်။ ထို့နောက် သူက အစိမ်းရောင်ပုလဲလုံးကို ထုတ်လိုက်ပြီး ပုလဲလုံးအတွင်းသို့ အတွင်းအားထည့်ကာ အရိပ်ဧကရာဇ်၏ လူများ ရောက်လာမည့်အချိန်ကို စောင့်ဆိုင်းနေလိုက်လေသည်။
ဒေါက်...ဒေါက်...
တစ်နာရီကြာပြီးနောက် အပြင်မှနေ၍ တံခါးခေါက်သံများ ထွက်ပေါ်လာ၏။ ကျန်းရီသည် ကောင်းကင်စိတ်အာရုံကို ထုတ်လွှတ်၍ အာရုံခံကြည့်လိုက်ရာ အသားညိုကာ၊ ပိန်ပါးသော သာမန်ရုပ်ရည်ရှိသည့် အဘိုးအိုတစ်ယောက်ကို တွေ့လိုက်လေသည်။ ကျန်းရီသည် ထိုအဘိုးအိုထံသို့ အသံပို့လွှတ်လိုက်၏။ လျှို့ဝှက်အချက်ပြစကားများကို အတည်ပြုပြီးနောက် သူသည် တံခါးဖွင့်ပေးကာ အဘိုးအိုကို အထဲသို့ ဝင်လာစေလိုက်သည်။
“သခင်လေး...”
အဘိုးအိုက တရိုတသေ နှုတ်ဆက်လိုက်ပြီး ဝမ်းသာသောမျက်ဝန်းများဖြင့် ပြောလိုက်သည်။
“သခင်လေး အဆင်ပြေလို့ တော်သေးတာပေါ့။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ဒီအစေခံအိုကြီးက သခင်လေးကိုရှာဖို့ လူတွေ စေလွှတ်နေခဲ့တာ။ သခင်လေးက မြို့ထဲမှာ ရှိနေလိမ့်မယ်လို့ မထင်ခဲ့ဘူး”
ရွှီး...
ကျန်းရီ၏ လက်စွပ်က လင်းလက်သွားပြီး မီးမြွေသစ်ခွ ထွက်ပေါ်လာသည်။ သူသည် ထိုသစ်ခွကို အဘိုးအိုအား ပေးလိုက်ပြီး ပြောလိုက်၏။
“ဒါက မီးမြွေသစ်ခွပါ။ ဒီသစ်ခွကို ခင်ဗျားရဲ့ အထက်လူကြီးဆီ ချက်ချင်း ပို့လိုက်ပါ။ တစ်ခုခုလွဲချော်သွားရင် ခင်ဗျား အကျိုးဆက်တွေကို သိပါတယ်”
“ဟုတ်ကဲ့ပါ”
အဘိုးအိုက လေးနက်သော မျက်နှာထားဖြင့် မီးမြွေသစ်ခွကို လက်ခံယူလိုက်သည်။ ထို့နောက် သူသည် ကျောက်စိမ်းဘူးလေးတစ်ဘူးကို ထုတ်၍ မီးမြွေသစ်ခွကို ဘူးအတွင်း ဂရုတစိုက် သိမ်းလိုက်ပြီး လေးနက်သောလေသံဖြင့် ပြောလိုက်လေသည်။
“သခင်လေး စိတ်မပူပါနဲ့။ ဒီဆေးပင် တစ်ခုခုဖြစ်သွားရင် ဒီအစေခံအိုကြီးရဲ့ခေါင်းကို သခင်လေးကို ပေးပါမယ်”
ကျန်းရီသည် အရိပ်ဧကရာဇ်၏ နည်းလမ်းများကို တွေ့ကြုံခဲ့ဖူးပြီဖြစ်၍ သူ၏လက်အောက်ငယ်သားများအပေါ် အတော်လေး ယုံကြည်နေပြီဖြစ်သည်။ ထို့ကြောင့် ကျန်းရီ လက်ယမ်းကာ မေးလိုက်သည်။
“ဟုတ်ပါပြီ... ဒါနဲ့ မြို့ထဲမှာ ဘယ်လို အခြေအနေရှိလဲ။ ဝူနီကရော ဘယ်မှာလဲ”
“ဝူနီက ဗုဒ္ဓရဲတိုက်မှာပဲ ရှိနေပါသေးတယ်”
အဘိုးအိုက မီးမြွေသစ်ခွကို သိမ်းကာ လေးလေးစားစား ပြန်ဖြေလိုက်သည်။
“နောက်ငါးရက်နေရင် ပန်းချီကမ်းပါးကို ဖွင့်မယ်လို့ ကျွန်တော်တို့ သိထားပါတယ်။ ဝူနီ၊ ထူလုံ၊ ကျန့်ဝူယင်းနဲ့ တခြားသူတွေ ဝင်ကြပါလိမ့်မယ်။ ဗုဒ္ဓဧကရာဇ်က လူဆယ့်နှစ်ယောက်ရဲ့ လက်ဆောင်တွေကို အတော်လေးသဘောကျလို့ အဲ့လူတွေကို ဆန်းကြယ်နယ်မြေတွေထဲ ဝင်ခွင့်ပေးလိုက်တာပါ။ သူတို့ထဲက ကိုးယောက်က ပန်းချီကမ်းပါးထဲကို ဝင်ဖို့ ရွေးချယ်ခဲ့ကြပါတယ်”
“ပန်းချီကမ်းပါးလား”
ကျန်းရီ ဒွိဟဖြစ်သွား၏။ ပန်းချီကမ်းပါးတွင် ဗုဒ္ဓဧကရာဇ်၏ ကောင်းကင်ပန်းချီကားများ ရှိနေမည်ဖြစ်ရာ သူသာ တစ်စုံတစ်ခုကို သိမြင်နားလည်နိုင်လိုက်လျှင် သူ၏အင်အားက များစွာ တိုးတက်သွားမည်ဖြစ်သည်။ သို့သော် ပန်းချီကမ်းပါးသို့ ဝူနီနှင့် အခြားသူများလည်း သွားပေလိမ့်မည်။ အကယ်၍ သူသာ ပန်းချီကမ်းပါးသို့ သွားလိုက်လျှင် ဝူနီက သူ့ကိုသတ်ရန် ထပ်ကြိုးစားဦးမည်လော။
ကျန်းရီသည် ဝိညာဉ်လေများကို ကျွမ်းကျွမ်းကျင်ကျင် အသုံးမပြုနိုင်သေးပေ။ အရည်ကျို နတ်ဘုရားမီးဖိုကိုလည်း အပြည့်အဝ မသန့်စင်ရသေးပေ။ အကယ်၍ သူသာ ဝူနီနှင့် ထပ်မံ ရင်ဆိုင်ရပါက ကိုယ့်သေတွင်းကိုယ်တူးသလို ဖြစ်သွားပေလိမ့်မည်။ မုတ်ဆိတ်ဖြူအဘိုးအို၏ လေသံအရ သူ အန္တရာယ်နှင့် ထပ်မံ ကြုံတွေ့ရလျှင်ပင် အဘိုးအိုက သူ့ကို ကယ်မည့်ပုံ မပေါ်ပေ။ ထို့ပြင် သူ ပန်းချီကမ်းပါးသို့ သွားလိုက်လျှင် သူမည်သူဖြစ်ကြောင်းလည်း ပေါ်သွားနိုင်ခြေရှိပေသည်။
ဝူနီကလည်း သေချာပေါက် သတိထားကာ ကြိုတင်ပြင်ဆင်ထားမည်ဖြစ်၍ နောင်တွင် ကျန်းရီ သူ့ကို လိုက်ဖမ်းရန် လွယ်တော့မည် မဟုတ်ချေ။ သို့သော် ဗုဒ္ဓဧကရာဇ်၏ ကောင်းကင်ပန်းချီကားများက အဖိုးမဖြတ်နိုင်သော ရတနာများပင်။ သူသာ ဤအခွင့်အရေးကို လက်လွှတ်လိုက်ရပါက သူ့တစ်သက်တွင် အခွင့်အရေး ထပ်မရနိုင်လောက်တော့ပေ။ မုတ်ဆိတ်ဖြူအဘိုးအိုက သူ့ကို နတ်ဘုရားတစ်ပိုင်းအဆင့်သို့ရောက်အောင် တက်လှမ်းခိုင်းထား၏။ ထို့ကြောင့် သူ အဆင့်မြင့် တာအိုပုံသဏ္ဌာန်များကို မသိမြင်မနားလည်နိုင်လျှင် နတ်ဘုရားတစ်ပိုင်းအဆင့်သို့ မည်သို့ရောက်နိုင်ပါမည်နည်း။
ကျန်းရီ၏ မျက်လုံးများ အရောင်လက်သွား၏။ ထို့နောက် သူ လေးနက်သောလေသံဖြင့် ထပ်မေးလိုက်သည်။
“ပန်းချီကမ်းပါးက အခြေအနေကရော ဘယ်လိုလဲ။ အဲ့မှာ လုံခြုံမှုရှိလား”
“အဲ့ဒါကိုတော့ ကျွန်တော်တို့ မသိပါဘူး။ အဲ့နေရာက ကျွန်တော်တို့ မပြောနဲ့ ဧကရာဇ်ကိုးပါးမျိုးနွယ်စုက သခင်လေးတွေ၊ သခင်မလေးတွေတောင် ခွင့်ပြုချက်မရရင် ဝင်လို့ရတဲ့နေရာ မဟုတ်ပါဘူး”
အဘိုးအိုက ဦးညွှတ်ကာ ပြန်ပြောလိုက်သည်။
“လုံခြုံလားဆိုတာ အတွက်ကတော့... အဲ့နေရာမှာ သေချာပေါက် လုံခြုံလောက်မှာပါ။ အဲ့လိုရတနာနယ်မြေတစ်ခုမှာ နတ်ဘုရားတစ်ပိုင်း ပညာရှင်တစ်ယောက်တော့ စောင့်ကြပ်နေမှာပါပဲ။ သူတို့က ကောင်းကင်ပန်းချီကားတွေကို အပျက်စီးခံမှာ မဟုတ်ပါဘူး။ အဲ့ဒါကြောင့် တကယ်လို့ သခင်လေး ပန်းချီကမ်းပါးကိုသွားရင်လည်း ဝူနီက သခင်လေးကို ဘာမှ လုပ်နိုင်မှာ မဟုတ်ပါဘူး”
“ကောင်းပြီ...”
ကျန်းရီသည် ပန်းချီကမ်းပါးသို့ ဝင်ရန် ဆုံးဖြတ်လိုက်လေသည်။ ယင်းက သူ လက်လွှတ်၍မရနိုင်သော အခွင့်အရေးတစ်ခုပင်။ ဝူနီ၏ကိစ္စအတွက် သူ အခြားနည်းလမ်းများကို ဖြည်းဖြည်းချင်း စဉ်းစားနိုင်ပေသည်။
ကျန်းရီသည် ကိစ္စအနည်းငယ် ထပ်မေးပြီးနောက် လက်ဝှေ့ယမ်းကာ အဘိုးအိုကို ထွက်သွားခိုင်းလိုက်ပြီး ကျင့်ကြံအားဖြည့်နေလိုက်သည်။ ဤတစ်ကြိမ်တွင် သူသည် ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေသို့ ဝင်လိုက်ပြီး အားဖြည့်ရင်း ဝိညာဉ်လေများကို လေ့လာလိုက်သည်။ မုတ်ဆိတ်ဖြူအဘိုးအို၏ စကားက သူ့ကို ဉာဏ်အလင်းပွင့်စေခဲ့ပေသည်။
“ဝိညာဉ်လေတွေက ဒီလောကရဲ့ စွမ်းအားအကြီးဆုံး စွမ်းအင်ပဲ။ ကောင်လေး... မင်းမှာ ရတနာခန္ဓာရှိတယ်။ ဒါပေမဲ့ မင်းက အဲ့ဒါကို ဘယ်လိုသုံးရမလဲဆိုတာ မသိသေးဘူးပဲ။ ဝိညာဉ်လေတွေက ဓား၊ ဒိုင်းနဲ့ ချပ်ဝတ်အဖြစ် ပြောင်းလဲနိုင်သလို မိုင်သောင်းချီအကွာကနေလည်း လှမ်းသတ်နိုင်တယ်”
ကျန်းရီသည် မုတ်ဆိတ်ဖြူအဘိုးအို၏ စကားများကို အမှတ်ရသွားပြီး သူ၏ဝိညာဉ်လေနတ်ဘုရားဒိုင်းအကြောင်းကို တွေးတောလိုက်၏။ သူက အမှန်ပင် မူလရတနာတစ်ခုကို ရရှိခဲ့ခြင်းဖြစ်ကြောင်း ကျန်းရီ သဘောပေါက်သွားသည်။ အကယ်၍ သူသာ ဝိညာဉ်လေများကို နက်နက်ရှိုင်းရှိုင်း လေ့လာနိုင်လျှင် စွမ်းရည်အမျိုးမျိုးကို အသုံးပြုနိုင်မည်ဖြစ်သည်။ သို့ဆိုလျှင် သူ၏တိုက်ခိုက်စွမ်းအားကလည်း သေချာပေါက် များစွာတိုးတက်လာပေလိမ့်မည်။ သို့သော် နှမြောစရာကောင်းသည်မှာ ယခုတွင် သူ၏ နဝမမြောက်ကြယ်စက်လုံးအတွင်း၌ ဝိညာဉ်လေစွမ်းအင်များ မရှိတော့ခြင်းပင်။ ထို့ကြောင့် သူသည် ညအချိန်တွင် ဝိညာည်လေများကို ထပ်စုပ်ယူပြီးမှ ၎င်းတို့ကို ဆက်လေ့လာနိုင်မည်ဖြစ်သည်။
“ဝိညာဉ်လေတွေနဲ့ အရည်ကျို နတ်ဘုရားမီးဖို”
ကျန်းရီသည် မျက်လုံးများ ဖွင့်လိုက်ပြီး အေးစက်စက်လေသံဖြင့် ရေရွတ်လိုက်လေသည်။
“ဝူနီ... ငါ ဝိညာဉ်လေတွေကို နက်နက်ရှိုင်းရှိုင်း နားလည်သွားပြီး အရည်ကျို နတ်ဘုရားမီးဖိုကို အပြည့်အဝ သန့်စင်ပြီးသွားရင် မင်း သေရလိမ့်မယ်။ မင်းမှာ ကြယ်ခြောက်ပွင့် တာအိုပုံသဏ္ဌာန်ရှိလည်း ငါမကြောက်ဘူး။ မပူပါနဲ့... ငါ မင်းကို မြောက်ဘက်ဧကရာဇ်မြို့ဆီ အေးအေးချမ်းချမ်း ပြန်ခွင့်ပြုမှာ မဟုတ်ပါဘူး”
***