← Chapters

မရိုင်းပြကြပါနဲ့

Vol. 68 Ch. 940

မရိုင်းပြကြပါနဲ့

Vol. 68 Ch. 940

ကျန်းရီသည် ဒဏ်ရာများကို ကုသရင်း တည်းခိုခန်းတွင် ငါးရက်နေခဲ့၏။ သူ အရည်ကျို နတ်ဘုရားမီးဖိုကိုလည်း ဆက်လက်သန့်စင်ခဲ့သည်။ ထိုရှေးဟောင်းအသုံးအဆောင်၏ အမည်က လဲ့ထင်ဝေ၏ အရည်ကျို နတ်ဘုရားခေါင်းလောင်းနှင့် အလွန်ဆင်တူပေသည်။ ရှေးဟောင်းအသုံးအဆောင်သည် ထိုကဲ့သို့ ဝံ့ကြွားသောအမည်ရှိ၍ သေချာပေါက် အလွန်အစွမ်းထက်လိမ့်မည်ဟု သူ ခံစားနေရပေသည်။

ငါးရက်မြောက်နေ့တွင် ကျန်းရီ နိုးထလာခဲ့သည်။ သူသည် သူ့ဒဏ်ရာများကို စစ်ဆေးလိုက်၏။ ဒဏ်ရာတော်တော်များများက ပျောက်ကင်းသွားပေပြီ။ သူ၏ လက်ရှိအခြေအနေက သူ ဝူနီနှင့် တိုက်ခိုက်ခဲ့စဉ်က အခြေအနေကဲ့သို့ ဖြစ်နေပြီဖြစ်သည်။ ထို့ကြောင့် ယခုတွင် ကောင်းကင်ရှောင်တိမ်းခြင်းကိုသုံးရန် သူ့အတွက် ပြဿနာမရှိနိုင်တော့ပေ။

“သွားမယ်”

ကျန်းရီသည် ရေမိုးချိုးကာ အဖြူရောင်ဝတ်စုံတစ်ထည်ကို လဲလှယ်ဝတ်ဆင်လိုက်ပြီး တည်းခိုခန်းအပြင်သို့ ထွက်လိုက်လေသည်။ သူ၏ရုပ်ရည်က သာမန်လူငယ်တစ်ယောက်ပုံစံသာ ရှိနေပေသေးသည်။ သူ့ကို မည်သူမှ အာရုံမစိုက်ကြလောက်ပေ။

ကျန်းရီသည် မြို့တောင်ဘက်သို့ လျှောက်သွားလိုက်၏။ မြို့တောင်ဘက်တွင် ဧရာမတောင်ထွတ်ကြီးတစ်ခု ရှိပေသည်။ ထိုတောင်ထွတ်ကို ဗုဒ္ဓဧကရာဇ်က ထက်ခြမ်းပိုင်ထား၏။ ထို့ကြောင့် အလယ်တွင် ချောက်တစ်ခု ရှိနေပေသည်။ ဗုဒ္ဓဧကရာဇ်သည် သူ၏မဟာစွမ်းရည်ကို အသုံးပြု၍ ဧရာမ ကောင်းကင်ပန်းချီကား ဆယ့်နှစ်ချပ်ကို ကမ်းပါးနံရံများတွင် ရေးဆွဲထားပေသည်။ ထိုပန်းချီကားတစ်ချပ်စီတွင် အဆင့်မြင့် တာအိုပုံသဏ္ဌာန်တစ်ခုစီ ပါ၏။ ထိုချောက်ကမ်းပါးသည် ရီမျိုးနွယ်ကို ဆွေစဉ်မျိုးဆက် အကျိုးပြုခဲ့သော မဟာဆန်းကြယ်နယ်မြေတစ်ခုပင်။

ကျန်းရီသည် ဝါးခမောက်ဆောင်းထားပြီး ကောက်ရိုးမိုးကာကို ဝင်ဆင်၍ ဗုဒ္ဓတောင် မြောက်ဘက်ရှိ ရေကန်လေးတစ်ခုဘေးတွင် ငါးမျှားနေသော ဆန်းကြယ်သည့် အဘိုးအိုက မည်သူဖြစ်ကြောင်း ခန့်မှန်းမနေတော့ပေ။ သူသည် ထိုအဘိုးအို၏ အကြောင်းကို ရီချန် သို့မဟုတ် ရီမျိုးနွယ်ဝင်များကို သွားမေးနိုင်သည်လည်း မဟုတ်သဖြင့် ဆက်ခန့်မှန်းနေလျှင်လည်း မည်သည့်အဖြေမှ ရမည် မဟုတ်ချေ။

ကျန်းရီသာ နတ်ဘုရားတစ်ပိုင်းအဆင့်သို့ ရောက်သွားလျှင် အရာအားလုံးကို ပြောပြမည်ဟု အဘိုးအိုက ပြောခဲ့၏။ နတ်ဘုရားတစ်ပိုင်းအဆင့်သို့ မရောက်သေးခင်၊ လုံလောက်သော အင်အားကို မပိုင်ဆိုင်ထား‌သေးခင် ကိစ္စများစွာကို သိလိုက်ရခြင်းက ကျန်းရီကို နာကျင်ခံစားရစေပေလိမ့်မည်။

ထိုအဘိုးအို၏ အင်အားက အလွန်ကြောက်မက်ဖွယ်ကောင်းပေသည်။ ထို့ကြောင့် သူ၏ဇစ်မြစ်ကလည်း ထူးကဲမည်ဖြစ်ကြောင်း ထင်ရှားသည်။ ယင်းအဘိုးအိုသည် ကျန်းရီက ပန်းချီကမ်းပါးသို့ ဝင်ခွင့်ရှိသည်ဟု ပြောခဲ့၏။ သူက လိမ်ပြောခြင်း မဟုတ်နိုင်ပေ။ ထို့ကြောင့် ကျန်းရီသည် မြို့ပြင်သို့ ထွက်ကာ ပန်းချီကမ်းပါးသို့ ပျံသန်းသွားလိုက်လေသည်။ တစ်နာရီမပြည့်ခင်မှာပင် သူသည် ကြီးမားသော တောင်ထွတ်တစ်ခုကို အဝေးမှ လှမ်းမြင်လိုက်ရ၏။

ထိုတောင်ထွတ်ကို အနုပညာဧကရာဇ်တောင်ထွတ်ဟု ခေါ်ပေသည်။ ဗုဒ္ဓဧကရာဇ်က ထိုတောင်ထွတ်တွင် နတ်ဘုရားတစ်ပိုင်းအဆင့်သို့ တက်လှမ်းနိုင်ခဲ့ခြင်းဟု ဆိုကြ၏။ သူသည် နတ်ဘုရားတစ်ပိုင်းအဆင့်သို့ တက်လှမ်းနိုင်ခဲ့သည့်နေ့တွင် အနုပညာဧကရာဇ်လည်း ဖြစ်လာခဲ့သည်။ ထို့နောက်တွင် သူသည် သူ့ကိုယ်ရံတော်၏ ဓားကို ယူ၍ တောင်ထွတ်ကို ပိုင်းချခဲ့ပြီး ချောက်ကမ်းပါးနံရံတွင် ကောင်းကင်ပန်းချီကား သုံးချပ် ရေးဆွဲခဲ့သည်။ သို့ဖြင့် ပန်းချီကမ်းပါး ဖြစ်ပေါ်လာခြင်းပင်။ နောက်ပိုင်းတွင် သူသည် ဆယ်နှစ်တိုင်အောင် အဆက်မပြတ် တိုးတက်ခဲ့ကာ အဆင့်မြင့် တာအိုပုံသဏ္ဌာန်များစွာကို သိမြင်နားလည်နိုင်ခဲ့သည်။ ထို့ကြောင့် ကောင်းကင်ပန်းချီကား အရေအတွက်ကလည်း တိုးလာခဲ့သည်။ ဤသို့ဖြင့် နောက်ဆုံးတွင် ထိုချောက်ကမ်းပါးသည် အရှေ့ဘက် ‌တော်ဝင်နယ်မြေ၏ ထိပ်တန်းဆန်းကြယ်နယ်မြေဆယ်ခုထဲမှ တစ်ခု ဖြစ်လာခဲ့လေသည်။

ပန်းချီကမ်းပါးတစ်ခုလုံးကို ဖောက်မြင်နိုင်သည့် အကာအရံအလွှာတစ်ခုက လွှမ်းခြုံထား၏။ ထို့ကြောင့် ကျန်းရီသည် အပြင်မှနေ၍ အတွင်းရှိ များပြားသော အစောင့်များကို မြင်နိုင်နေပေသည်။ ထိုနေရာတစ်ဝိုက်တွင် သိုင်းသမားများစွာ စုဝေးနေ၏။ သူတို့သည် ပွဲကြည့်ရန်၊ ကောင်းကင်ဧကရာဇ်မျိုးနွယ်စုမှ သခင်လေးများနှင့် သခင်မလေးများကိုကြည့်ရန် လာခဲ့ခြင်းဖြစ်ကြောင်း ထင်ရှားသည်။

ကျန်းရီသည် သာမန်ရုပ်ရည်သာရှိပြီး အဆင့်(၁) ကောင်းကင်ဧကရာဇ်အဆင့် ကျင့်ကြံခြင်းသာရှိသော လူငယ်တစ်ယောက်အဖြစ် ပုံစံပြောင်းထား၏။ သို့ဖြစ်၍ သူ လူကြားထဲတွင် ရောနှောနေသောအခါ ထင်ပေါ်နေမည် မဟုတ်ပေ။ သူသည် ပတ်ဝန်းကျင်ကို အာရုံခံကြည့်လိုက်၏။ ပန်းချီကမ်းပါးအတွင်းသို့ မည်သို့ဝင်ရမည်ကို သူ မသိပေ။ ထို့ကြောင့် သူသည် တောင်ထွတ်အပြင်ဘက်တွင် ရပ်၍သာ စိတ်ရှည်ရှည် စောင့်နေလိုက်လေသည်။

ဝှစ်...ဝှစ်...ဝှစ်...

ဆယ့်ငါးမိနစ် ကြာပြီးနောက် မြောက်ဘက်မှနေ၍ လေခွင်းသံများ ထွက်ပေါ်လာသည်။ ကျန်းရီနှင့် အခြားသူများက ခေါင်းမော့ကာ ကြည့်လိုက်ကြသည်။ သိုင်းသမားတစ်စုက ကောင်းကင်ကိုဖြတ်၍ ပျံသန်းလာသည်ကို သူတို့ တွေ့လိုက်ရ၏။ သူတို့သည် သခင်လေးများ၊ သခင်မလေးများနှင့် သူတို့၏ ကိုယ်ရံတော်များဖြစ်ပေသည်။ သခင်လေးများနှင့် သခင်မလေးများ၏ အဝတ်အစားများက အလွန်ခမ်းနားလှပ၏။ သူတို့၏ ဟန်ပန်ကလည်း ဝံ့ကြွားကြသည်။ ကိုယ်ရံတော်များကလည်း အလွန်ရှိန်ဖွယ်ကောင်းကာ သံချပ်ကာများကို ဝတ်ဆင်၍ ဓားများဆွဲကိုင်ထားကြပေသည်။ သူတို့သည် ပတ်ဝန်းကျင်ကို လျင်မြန်စွာ ဝေ့ဝဲကြည့်လိုက်ပြီး မျိုးနွယ်ကြီးများ၏ ဂုဏ်အရှိန်အဝါကြီးမှုကို ကျေကျေနပ်နပ် ခံစားလိုက်လေသည်။

‘ဗုဒ္ဓအင်ပါယာက မလာဘူးလား။ အဲ့ဒါဆို ငါက အထဲကို ဘယ်လိုဝင်ရမှာလဲ’

ကျန်းရီသည် မျက်တောင်ပုတ်ခတ်လိုက်ပြီး လူအုပ်အရှေ့ရှိ ရီချန်နှင့် သူမဘေးရှိ ယဉ်ရို့ပင်းတို့ကို တစ်ချက်ကြည့်လိုက်လေသည်။ သူ ရင်ခုန်သွား၏။ ရီချန်၏ မျက်ဝန်းများထဲတွင် ပူဆွေးမှုအရိပ်အယောင်တစ်ခု ရှိနေပုံပင်။ ထို့ပြင် ယဉ်ရို့ပင်းကလည်း ဆယ်ရက်အတွင်းမှာပင် အတော်လေး ပိန်ကျသွားခဲ့သည်။ သူမ၏ အင်္ကျီလက်က လေထဲတွင် တဖျပ်ဖျပ်ခတ်နေ၏။ သူမ၏ ညိုမှိုင်းနေသော ချစ်စဖွယ် ရုပ်ရည်က သူ့ကို စိုးရိမ်မိသွားစေလေသည်။

‘သူတို့က ငါသေသွားပြီလို့ ထင်နေတာလား’

ကျန်းရီ ရင်ထဲထိသွား၏။ ထို့နောက်ချက်ချင်းပင် သူ ခေါင်းခါလိုက်ပြီး ခါးသက်သက် ပြုံးလိုက်သည်။ ထိုနတ်မိမယ်အလှပဂေးလေးနှစ်ယောက်၏ ရှေ့တွင် သူက သာမန်ပါရမီရှင်တစ်ယောက်သာ ဖြစ်သည်။ ထို့ပြင် သူတို့က ခဏတာသာ သိကျွမ်းခဲ့ရခြင်းပင်။ ထို့ကြောင့် သူမတို့နှစ်ယောက်က သူ့ကို များစွာအရေးစိုက်လိုက်မည် မဟုတ်ချေ။ သူမတို့က သူ့အတွက် ဝမ်းနည်နေခြင်းမှာ ပို၍ပင် မဖြစ်နိုင်ပေ။

‘ငါက ဘယ်တုန်းက ငါ့ကိုယ်ငါ အဲ့လောက်အထင်ကြီးတတ်သွားတာလဲ’

ကျန်းရီသည် သူ့ကိုယ်သူ့ ဟားလိုက်ပြီး အားလုံးကို လှမ်းကြည့်လိုက်လေသည်။ ကောင်းကင်ထက်မှ လူများက သူ့ကို အရေးမစိုက်ကြပေ။ သခင်လေးများနှင့် သခင်မလေးများကလည်း အောက်မှ လူများကို တစ်ချက်ပင် မကြည့်ကြချေ။ သူတို့၏ ကိုယ်ရံတော်များကသာ တာဝန်အရ ဝေ့ဝဲကြည့်ရှုကြသည်။

“မြန်မြန်ကြည့်.... အဲ့ဒါက သခင်လေးဝူနီ။ သူက ငါတို့ အရှေ့ဘက် တော်ဝင်နယ်မြေရဲ့ နံပါတ်(၁)သခင်လေးပဲ”

“ဝိုး... အရမ်းခံ့ညားတာပဲ။ ဘုရားရေ... သူက တကယ်ပဲ ငါ့ကို ပြုံးပြလိုက်တယ်။ ငါ မူးမေ့သွားတော့မယ်... မူးမေ့သွားတော့မယ်...”

“အပိုတွေ... သခင်လေးနီက အမြဲ ခံ့ညားတည်ငြိမ်တယ်။ သူက လှိုက်လှိုက်လှဲလှဲ ပြုံးနေတယ်ဆိုပေမယ့် နင့်ကို ပြုံးပြနေတာ မဟုတ်ဘူး။ နင် ကိုယ့်ရုပ်ကိုယ် မှန်ထဲပြန်ကြည့်သင့်နေပြီ... အချစ်ရူးမကြီးရဲ့”

“သခင်မလေးရို့ပင်း... တောက် ချောချက်ပဲကွာ”

“သခင်မလေးချန်က အရမ်းလှတာပဲ။ သူ့ရဲ့ မျက်နှာဖုံးကို ချွတ်ခွင့်ရမယ့်၊ သူ့ရဲ့ နတ်မိမယ်ရုပ်သွင်လေးကို ကြည့်ခွင့်ရမယ့် ကံကောင်းတဲ့သကောင့်သားက ဘယ်သူဖြစ်မလဲ”

“အဲ့ဒါက ကျန့်မျိုးနွယ်က ပါရမီရှင်လား။ သူကလည်း အသက်ငယ်ငယ်နဲ့ အဲ့အဆင့်တောင် ရောက်နေပြီလား...”

“...”

ပတ်ဝန်းကျင်တွင် အုတ်အုတ်ကျွက်ကျွက်အသံများ ဆူညံသွား၏။ ထင်ထားသလိုပင် ထိုလူများသည် ရီချန်၊ ဝူနီနှင့် အခြားသူများကို လာကြည့်ကြခြင်းပင်။ ကျန်းရီသည် ဝူနီက နံပါတ်(၁)သခင်လေးဟူဟော စကားကို ကြားလိုက်သောအခါ ‌ခေါင်းငုံ့လိုက်၏။ သူ၏မျက်ဝန်းများထတွင် မမေ့နိုင်သော အမုန်းတရားတစ်ခု ထွက်ပေါ်လာလေသည်။ ဝူနီက ပိုကျော်ကြားလာလေလေ၊ သူ့ရင်ထဲရှိ အမုန်းတရားက ပိုကြီးထွားလာလေလေပင်။ ဝူနီနှင့်သူ့ကြားမှ ရန်ငြိုးက နက်ရှိုင်းလွန်းလှပေသည်။

“ဦးလေးအာ... ပန်းချီကမ်းပါးကို ဖွင့်လိုက်ပါ”

ရီချန်၏ အသံလေး ထွက်ပေါ်လာ၏။ အထွတ်အထိပ်အဆင့် ကောင်းကင်ဧကရာဇ်တစ်ပါးသည် ပန်းချီကမ်းပါးထိပ်မှနေ၍ လေထဲသို့ ပျံတက်သွားပြီး လက်ဆုပ်ကာ ပြောလိုက်သည်။

“သခင်မလေးနဲ့ သခင်လေးတွေ... ဧကရာဇ်က စည်းမျဉ်းတစ်ခု သတ်မှတ်ထားပါတယ်။ ပန်းချီကမ်းပါးကို တစ်ခါဖွင့်ရင် သုံးရက်ပဲ ဖွင့်ပါတယ်။ အဲ့ဒါကြောင့် အားလုံး အချိန်ကို သတိပြုကြပါ။ သုံးရက်ပြည့်သွားတာနဲ့ အားလုံး အပြင်ကို ပြန်ရောက်လာပါလိမ့်မယ်။ ပြီးတော့ အထဲမှာ လုံးဝ လုံးဝ တိုက်ခိုက်ခွင့် မရှိပါဘူး။ တိုက်ခိုက်တဲ့သူရှိရင် ဘယ်သူပဲဖြစ်နေပါစေ အညှာအတာမရှိ သတ်ဖြတ်ခံရမှာပါ။ ကျွန်တော်မှာချင်တာတွေကတော့ အဲ့ဒါတွေပါပဲ။ ပန်းချီကမ်းပါးကို ဖွင့်...”

ဝှစ်...ဝှစ်...

ထောင်ချီသော စစ်သည်များသည် အနီးရှိ တောင်ထွတ်များမှနေ၍ ပျံတက်လာကြပြီး သူတို့၏အတွင်းအားကို တစ်ပြိုင်တည်း ထုတ်လွှတ်လိုက်ကြသည်။ ဖောက်မြင်နိုင်သော အကာအရံအလွှာက လင်းလက်လာပြီး တဖြည်းဖြည်း ပွင့်လာလေသည်။

ရီချန်က နောက်လှည့်လိုက်ပြီး ပုံမှန်လေသံဖြင့် ပြောလိုက်သည်။

“အားလုံးပဲ ဝင်ဖို့အချိန်ကျပါပြီ။ အထဲမှာ ပန်းချီကား(၁၂)ချပ်ရှိပါတယ်။ ရှင်တို့ ကြိုက်တဲ့ပန်းချီကားကို ကြည့်လို့ရပါတယ်။ ရှင်တို့နဲ့ သင့်တော်မယ့် ပန်းချီကားတစ်ချပ်ကို ရှာနိုင်ရင်တော့ အကောင်းဆုံး ဖြစ်မှာပါ။ သုံးရက်က တိုလွန်းပါတယ်... ဒါပေမဲ့ အဲ့ဒါက အဘိုးသတ်မှတ်ထားတဲ့ စည်းမျဉ်းပဲ။ ကျွန်မတို့ ရီမျိုးနွယ်ဝင်တွေလည်း တစ်ခါဝင်တိုင်း အထဲမှာ သုံးရက်ပဲ နေခွင့်ရှိပါတယ်”

ဝှစ်...

ဝူနီနှင့် အခြားသူများက ရုတ်ခြည်း လျင်မြန်စွာ ပျံသန်းသွားလိုက်ကြသည်။ ပျံသန်းသွားသူများမှာ သူတို့သာဖြစ်သည်။ သူတို့၏ ကိုယ်ရံတော်များကမူ အထဲသို့ ဝင်ခွင့်မရှိပေ။ ဤတစ်ကြိမ်တွင် လူဆယ့်နှစ်ယောက်သာ ဝင်ခွင့်ရပေသည်။

လူဆယ့်နှစ်ယောက်သည် တစ်ပြိုင်တည်း ပျံဝင်သွားကြပြီး အားလုံး၏ မြင်ကွင်းမှ ပျောက်ကွယ်သွားကြသည်။ သို့သော် ရီချန်သည် လိုက်ဝင်မသွားဘဲ လေထဲတွင် ခပ်တွေတွေ ရပ်နေလေသည်။ အောက်မှ သိုင်းသမားတစ်စုက အကာအရံအလွှာ၏ ပွင့်နေသောနေရာကို ကြည့်လိုက်ကြသည်။ သူတို့၏ မျက်လုံးများ အရောင်လက်လာ၏။ သူတို့သာ ထိုကဲ့သို့သော ရတနာနယ်မြေတစ်ခုအတွင်း ဝင်နိုင်လျှင် သေချာ‌ပေါက် အဆုံးမဲ့ အကျိုးကျေးဇူးများကို ရပေလိမ့်မည်။

‘ငါ ဘာလုပ်သင့်လဲ’

ကျန်းရီ ခေါင်းကိုက်လာ၏။ ဗုဒ္ဓအင်ပါယာက ထွက်ပေါ်မလာပေ။ သူ မည်သို့ ဝင်ရမည်နည်း။

ကျန်းရီသည် ခေတ္တမျှ တွေးတောပြီးနောက် အံကြိတ်ကာ အပေါက်ဆီသို့ ခပ်မှန်မှန် ပျံသန်းသွားလိုက်သည်။ သူ ပျံတက်သွားသောအခါ လူများက အံ့အားသင့်သွားကြ၏။ သူ့အောက်ရှိ သိုင်းသမားများသာမက ရီမျိုးနွယ်၏ အစောင့်များကလည်း အံ့ဩသွားကြသည်။

ပန်းချီကမ်းပါးထဲသို့ အတင်းဝင်ရန် ကြိုးစားနေသူတစ်ယောက် အမှန်ပင် ရှိနေခြင်းလော။ ထိုသူက သေလိုနေခြင်းလော။

ဝှစ်...ဝှစ်...ဝှစ်...

ရီမျိုးနွယ်မှ အစောင့်ရာကျော်သည် ချက်ချင်း ပျံသန်းလာပြီး ကျန်းရီကို ဝန်းရံလိုက်ကြသည်။ တပ်မှူးတစ်ယောက် အေးစက်စက် ပြောလိုက်၏။

“မင်းက ဘာလုပ်ဖို့ ကြိုးစားနေတာလဲ။ ဒီနေရာက ပန်းချီကမ်းပါးပဲ။ အခွင့်မရှိဘဲ ကျူးကျော်တဲ့သူမှန်သမျှ အညှာအတာမရှိ သတ်ပစ်ခံရမယ်”

“ကျွန်တော်က ဘာလုပ်ဖို့မှ ကြိုးစားနေတာ မဟုတ်ပါဘူး”

ကျန်းရီက အသံပြောင်း၍ ပြန်ပြောလိုက်သည်။

“လူတစ်ယောက်က ကျွန်တော့်ကို ပန်းချီကမ်းပါးထဲ ဝင်ခွင့်ပေးခဲ့ပါတယ်။ ဗုဒ္ဓအင်ပါယာလည်း အဲ့အကြောင်းကို သိပြီးဖြစ်မှာပါ။ ခင်ဗျား ဗုဒ္ဓအင်ပါယာဆီ သတင်းပို့ပြီး အတည်ပြုကြည့်နိုင်ပါတယ်”

“အတင့်ရဲလိုက်တာ”

အစောင့်များ ဒေါသထွက်သွားကြ၏။ ထို့နောက်တွင် သူတို့သည် တစ်ယောက်ပြီးတစ်ယောက် လက်နက်များ ဆွဲထုတ်လိုက်ပြီး ကျန်းရီကိုဖမ်းရန် ဟန်ပြင်လိုက်ကြသည်။ ကျန်းရီသည် မလှုပ်ရှားဘဲ လေထဲတွင် ရပ်၍သာ ခမ်းလှမ်းလှမ်းရှိ ရီချန်ကို လှမ်းကြည့်လိုက်သည်။

ကျန်းရီနှင့် ရီချန်တို့ အကြည့်ချင်းဆုံသွားသည့်အခိုက်တွင် ရီချန်၏ သွယ်လျသောခန္ဓာကိုယ်လေးက အတန်ငယ် တုန်ယင်သွား၏။ ထို့နောက် သူမ၏ မျက်ဝန်းတစ်စုံက ကြယ်တာရာများကဲ့သို့ တောက်ပလာပြီး ကျန်းရီကို မယုံနိုင်ဟန်ဖြင့် ကြည့်နေ၏။ သူမသည် ခေတ္တမျှ မှင်တက်သွားပြီးနောက် အော်ပြောလိုက်လေသည်။

“အားလုံးပဲ ရပ်လိုက်ကြပါ။ မရိုင်းပြကြပါနဲ့”

***

All Chapters