← Chapters

မိန်းမများက အဆိပ်ရှိ၏

Vol. 68 Ch. 941

မိန်းမများက အဆိပ်ရှိ၏

Vol. 68 Ch. 941

ရီချန်က လက်ဝှေ့ယမ်းလိုက်ပြီး အစောင့်များကို နောက်ပြန်ဆုတ်ခိုင်းလိုက်သည်။ သူမသည် ကျန်းရီကို မယုံနိုင်ဟန်ဖြင့် ကြည့်ကာ မေးလိုက်၏။

“ရှင်က...”

ကျန်းရီသည် ရီချန်ကို ကြည့်လိုက်ပြီး မည်သို့ ပြန်ဖြေရမည်မသိ ဖြစ်သွား၏။ ရီချန်တွင် ထူးခြားသော စွမ်းရည်တစ်ခုရှိနိုင်၏။ သူမက သူ့ကို ပိုင်ရီဟု ခန့်မှန်းမိခြင်း ဖြစ်မည်။ မဟုတ်လျှင် သူမ၏ မျက်လုံးများက ထိုမျှ တောက်ပနေမည် မဟုတ်ပေ။ သို့သော် ကျန်းရီသည် ဝန်ခံရလောက်အောင် မတုံးအချေ။ ထို့ကြောင့် သူ ရေငုံနှုတ်ပိတ်သာ နေလိုက်သည်။

“သူ့ကို ဝင်ခိုင်းလိုက်”

ပန်းချီကမ်းပါးအထက်ရှိ ကောင်းကင်မှနေ၍ အရှိန်အဝါကြီးသော အသံတစ်သံ ပဲ့တင်ထွက်လာသည်။ အစောင့်များသည် မျက်နှာထားတည်သွားပြီး ဒူးတစ်ဘက်ထောက်ကာ အော်ပြောလိုက်ကြ၏။

“ကျွန်တော်တို့ ဗုဒ္ဓအင်ပါယာရဲ့ အမိန့်ကို အလေးအနက် နာခံပါတယ်”

ရီချန်က မြောက်ဘက်ကို တစ်ချက်ကြည့်လိုက်၏။ သူမသည် ကျန်းရီက စကားပြောမည့်ပုံ မပေါ်ကြောင်း တွေ့လိုက်သောအခါ လက်ခါ၍ ပြောလိုက်၏။

“ကောင်းပြီ... ရှင် ဝင်နိုင်ပြီ”

“ကျေးဇူးအများကြီးတင်ပါတယ် သခင်မလေးရီချန်”

ကျန်းရီ သက်ပြင်းတစ်ချက် ချလိုက်၏။ ဆန်းကြယ်သောအဘိုးအိုက သူ့ကို မလိမ်ခဲ့ပေ။ ထိုအဘိုးအိုသည် ရီမျိုးနွယ်နှင့် ရင်းနှီးသောဆက်ဆံရေးရှိပြီး ရီမျိုးနွယ်အပေါ် အနည်းငယ် ဩဇာသက်ရောက်နိုင်လောက်ခြင်း ဖြစ်ပေမည်။ ကျန်းရီသည် ရီချန်ကို လက်ဆုပ်ကာ ဦးညွှတ်လိုက်ပြီး အပေါက်ဆီသို့ ပျံသန်းသွားကာ အားလုံး၏မြင်ကွင်းမှနေ၍ လျင်မြန်စွာ ပျောက်ကွယ်သွားလေသည်။

ရီချန်သည် ကျန်းရီ၏ နောက်ကျောပြင်ကို တွေဝေစွာ ငေးကြည့်နေခဲ့၏။ တစ်ခဏကြာမှာ သူမလည်း အထဲသို့ လိုက်ဝင်သွားလိုက်လေသည်။ ထို့နောက် ကောင်းကင်ဧကရာဇ် အထွတ်အထိပ်အဆင့် တပ်မှူးက လက်ဝှေ့ယမ်းကာ ပြောလိုက်သည်။

“အကာအရံကို ပြန်ပိတ်လိုက်တော့”

ဝှစ်...ဝှစ်...

ထောင်ချီသော ကောင်းကင်ဧကရာဇ်များက သူတို့၏ အတွင်းအားများကို ပြန်ရုတ်သိမ်းလိုက်ကြ၏။ အကာအရံအလွှာသည် အဖြူရောင်အလင်း လက်သွားကာ ပြန်ပိတ်သွားပြီး ပုံမှန်အတိုင်း ဖောက်မြင်နိုင်သည့်အခြေအနေသို့ ပြန်ရောက်သွားလေသည်။

“သူက ဘယ်သူလဲ။ သူက တကယ်ပဲ ပန်းချီကမ်းပါးထဲကို ဝင်ခွင့်ရတာလား”

“အင်း... အဲ့လူက မျိုးနွယ်ကြီးတစ်ခုက မျိုးဆက်မဟုတ်လောက်ဘူး။ မဟုတ်ရင် သခင်မလေးရီက သူ့ကို သိမှာပေါ့။ ဗုဒ္ဓအင်ပါယာကတောင် ကိုယ်တိုင်အမိန့်ပေးရတယ်ဆိုတော့ သူက ရိုးရှင်းတဲ့သူတစ်ယောက်တော့ မဟုတ်မှာ သေချာတယ်”

“သူက ကောင်းကင်ဧကရာဇ် ပထမအဆင့်ကိုပဲ ရောက်သေးတယ်။ ငါ့လောက်တောင် စွမ်းအားမကြီးဘူး... ဒါပေမဲ့ အဲ့လို မျက်နှာသာပေးခံနေရပြီ။ ဒါက တကယ့်ကို ဒေါသထွက်စရာပဲ...”

အပြင်ဘက်ရှိ လူတစ်စုက ဆွေးနွေးနေကြ၏။ လူများစွာသည် သုံးရက်လုံးလုံး မပြန်ဘဲ သခင်လေးများနှင့် သခင်မလေးများ ပန်းချီကမ်းပါးထဲမှ ပြန်ထွက်လာသည်ကို စောင့်နေကြမည်ဖြစ်သည်။ သူတို့သည် မျိုးနွယ်ကြီးများမှ ထိုသခင်လေးများ၊ သခင်မလေးများက မည်သည်ကို သိမြင်နားလည်နိုင်ခဲ့မည်ကို သိလိုနေကြပေသည်။

ရွှီး...

ကျန်းရီသည် အကာအရံအလွှာပေါက်ထဲသို့ ဝင်ပြီးနောက် အဖြူရောင်အလင်းကို တွေ့လိုက်ရ၏။ ထို့နောက်တွင် သူ့မျက်စိ‌ရှေ့ရှိ လောက,က လုံးဝပြောင်းလဲသွားလေသည်။

ကျန်းရီ လှည့်ပတ်ကြည့်လိုက်၏။ သူ အတန်ငယ် အံ့အားသင့်သွားသည်။ ကောလာဟလများသည် ပန်းချီကမ်းပါးက ချောက်တစ်ခုဟု ဆိုကြ၏။ အမှန်လည်း အပြင်မှကြည့်လျှင် ချောက်တစ်ခုနှင့် တူပေသည်။ ယခုတွင်မူ ထိုကောလာဟလများနှင့် အပြင်မှမြင်ကွင်းများက အတုအယောင်များဖြစ်ကြောင်း သူ သဘောပေါက်သွားလေသည်။

အရှေ့တွင် အမှန်ပင် တောင်တစ်လုံးရှိ၏။ သို့သော် မည်သည့်ချောက်မှ မရှိပေ။ အရှေ့ရှိ တောင်၏ ကမ်းပါးနံရံက ပြန့်ပြူးချောပွတ်နေပြီး စက္ကူတစ်ရွက်ကဲ့သို့ ထင်ရပေသည်။ ထိုနံရံပေါ်တွင် ပန်းချီကားများ ရေးဆွဲထားခြင်းပင်။

ကမ်းပါးနံရံက ဆယ်မိုင်ရှည်လျားပြီး မီတာသုံးရာ မြင့်ပေသည်။ ထိုကမ်းပါးနံရံပေါ်တွင် စွမ်းအားကြီး နတ်ဘုရားစွမ်းရည်အချို့ဖြင့် ရေးဆွဲထားသော ပန်းချီကားများရှိ၏။ ကျန်းရီအရှေ့မှ ပန်းချီကားတစ်ချပ်က အနံမီတာ(၁၅၀) ရှိ၏။ ထိုပန်းချီကားသည် အလွန်ခမ်းနားပြီး အထင်ကြီးစရာကောင်းပေသည်။ ယင်းကို တစ်ချက်ကြည့်လိုက်ရုံဖြင့် ရင်ထဲတွင် လှိုက်ခနဲ တုန်သွားနိုင်သည်။

‘ဒါက ကျောက်ထွင်းပန်းချီကားပဲ... ဓားတစ်ချောင်းကိုသုံးပြီး ထွင်းထားတာ ဖြစ်မယ်။ နှစ်တွေအများကြီး ကြာပြီးတာတောင် ပန်းချီကားက ထင်ရှားပြီး အသက်ဝင်နေတုန်းပဲ။ ဗုဒ္ဓဧကရာဇ်ရဲ့ အရည်အချင်းက တကယ့်ကို အံ့အားသင့်စရာပဲ’

ကျန်းရီသည် ခံစားချက်များဖြင့် သက်ပြင်းချကာ တွေးလိုက်လေသည်။ ထို့နောက် သူသည် ကောင်းကင်စိတ်အာရုံဖြင့် ပတ်ဝန်းကျင်ကို အာရုံခံလိုက်၏။ အထဲသို့ ဝင်လာသော လူဆယ့်နှစ်ယောက်က နှစ်ယောက်တစ်စု၊ သုံးယောက်တစ်စုဖြင့် စုဝေးနေကြောင်း သူသိလိုက်ရသည်။ သူတို့သည် ပန်းချီကားများကို အာရုံစိုက်ကာ ငေးကြည့်နေကြသဖြင့် သူ့ကို သတိမထားမိကြပေ။

“ဝူနီ...”

ကျန်းရီသည် သူ့ဘယ်ဘက် မိုင်များစွာအကွာသို့ အာရုံခံပြီးနောက် ရုတ်တရက် မျက်ဝန်းအကြည့်များ အေးစက်သွား၏။ သူ့မျက်ဝန်းများထဲတွင် သတ်ဖြတ်လိုသည့် အရိပ်အယောင်တစ်ခု ထွက်ပေါ်လာသော်လည်း သူ ချက်ချင်း ပြန်၍ဣန္ဒြေဆည်လိုက်လေသည်။ ထို့နောက် သူသည် သူ့အနောက်ဘက်တွင် အာကာပြင်လှုပ်ခတ်သွားကြောင်း သတိပြုမိလိုက်၏။ ဖျော့တော့သော မိန်းမကိုယ်သင်းရနံ့လေးတစ်ခုလည်း ရောက်ရှိလာသည်။ သူသည် ထိုရနံ့ကို ကောင်းစွာရင်းနှီး၏။ ၎င်းရနံ့မှာ ရီချန်၏ ကိုယ်သင်းရနံ့ပင်။

“ရှင့်ခန္ဓာကိုယ်ကနေပြီး သတ်ဖြတ်အရှိန်အဝါတွေ ထွက်နေတယ်... ရှင်က ဝူနီကို သတ်ချင်တာလား။ ရှင်က... ပိုင်ရီလား”

ကျန်းရီ၏နားထဲသို့ အသံပို့လွှတ်မှုတစ်ခု ဝင်ရောက်လာ၏။ သူ မျက်တောင်ခတ်လိုက်သည်။ သို့သော် ရီချန်ကိုတော့ လှည့်မကြည့်လိုက်ပေ။ ကြည့်ရသည်မှာ ရီချန်တွင် အမှန်ပင် ဆန်းကြယ်သောစွမ်းရည်တစ်ခု ရှိပုံပင်။ သို့မဟုတ် သူမသည် ပုံရိပ်ယောင်နတ်ဘုရားစွမ်းရည်ကို ဖောက်မြင်နိုင်သော စွမ်းအားကြီးအာရုံခံနိုင်စွမ်းတစ်ခုဖြင့် မွေးဖွားလာခဲ့ပုံပင်။

‘ငါ ရီချန်နဲ့ ဆက်ပတ်သတ်လို့ မဖြစ်ဘူး။ ကျန်းရီ... အဲ့မိန်းမက အဆိပ်ရှိတဲ့ပန်းပဲ။ သူနဲ့ အရမ်းနီးကပ်သွားရင် မင်း ပျက်သုဉ်းရလိမ့်မယ်’

ကျန်းရီ၏ခေါင်းထဲတွင် အတွေးတစ်ခု ထွက်ပေါ်လာ၏။ သူ ချက်ချင်းပင် နှလုံးသားကင်းမဲ့သွား၏။ ထို့နောက် သူသည် အတန်ငယ် မျက်နှာငဲ့၍ ရီချန်ကို မျက်လုံးစွန်းမှတဆင့် ကြည့်ကာ ရေခဲတမျှအေးစက်သော လေသံဖြင့် အသံပို့လွှတ်လိုက်လေသည်။

“သခင်မလေးရီချန် လူမှားနေပါပြီ”

ဝှစ်...

ကျန်းရီသည် ရီချန်နှင့် စကားပြောမနေတော့ဘဲ သူ့အရှေ့ရှိ ကောင်းကင်ပန်းချီကားကို လေ့လာရန် ပျံသန်းသွားလိုက်လေသည်။

“အာ...”

ရီချန်သည် ထိုသို့ လေသံအေးစက်စက်ဖြင့် အပြောမခံရဖူးချေ။ ကျန်းရီက ပိုင်ရီဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ သူမသည် ထိုသို့အပြောခံရခြင်းမျိုးကို မကြိုက်ပေ။ သူမအနားတွင် ဝိုင်းနေသော ယောက်ျားများက သူမ စိတ်ဆိုးသွားမည်စိုး၍ သူမကို တလေးတစားသာ ပြောဆိုဆက်ဆံခဲ့ကြသည် မဟုတ်ပါလား။ သို့သော် အဘယ်ကြောင့် ထိုသူက သူမကို အရေးမစိုက်ရသနည်း။

“ဟွန်း...”

ရီချန်၏ မျက်ဝန်းများက အေးစက်သွား၏။ ထို့နောက် သူမသည် ဒေါသတကြီးဖြင့် နောက်သို့ လှည့်ထွက်သွားလိုက်လေသည်။ သူမသည် ကျန်းရီကို ထပ်မကြည့်တော့ပေ။ သူမသည် ငယ်စဉ်ကတည်းက မာနကြီးခဲ့သူဖြစ်၍ ကျန်းရီ၏ သူမအပေါ် ဆက်ဆံပုံကို တွေ့သောအခါ မကျေမနပ်ဖြစ်သွားခြင်းက သဘာဝကျပေသည်။

ကျန်းရီကလည်း ရီချန်ကို အရေးမစိုက်တော့ပေ။ သူသည် လေထဲသို့ ပျံတက်၍ သူ့အရှေ့ရှိ ပန်းချီကားကို တိတ်တဆိတ်လေ့လာနေလိုက်သည်။ နောက်ဆုံးတွင် သူ ရောက်ရှိလာကြောင်းကို အနီးရှိလူများက သတိပြုမိသွားပေပြီ။ အနီးတွင် ကျန့်ဝူယင်းနှင့် ရှေးဟောင်းမျိုးနွယ်တစ်ခုမှ သခင်မလေးတစ်ယောက် ရှိနေ၏။ သူတို့နှစ်ယောက်သည် သံသယမျက်ဝန်းများဖြင့် ကျန်းရီကို လှမ်းကြည့်လိုက်ကြ၏။ သို့သော် သူတို့သည် ရီချန်လည်း လိုက်ဝင်လာကြောင်း တွေ့လိုက်သောအခါ ထိုသူက ရီမျိုးနွယ်ဝင်တစ်ယောက် ဖြစ်လိမ့်မည်ဟု တွေးကာ ဆက်အာရုံမစိုက်ကြတော့ပေ။

ဝူနီ၊ ထူလုံ၊ ယဉ်ရို့ပင်းနှင့် အခြားသူများသည်လည်း သူတို့၏ ကောင်းကင်စိတ်အာရုံများဖြင့် လျင်မြန်စွာ အာရုံခံလိုက်ကြ၏။ သို့သော် သူတို့လည်း သိပ်အရေးမထားလိုက်ကြပေ။ ရီချန်လည်း လိုက်ဝင်လာသဖြင့် သူတို့အားလုံး စိတ်အေးသွားကြခြင်းပင်။ ရီချန်က မည်သို့မှ မပြောလျှင် သူတို့လည်း ပြောမည် မဟုတ်ပေ။ သူတို့သည် ဤနေရာတွင် သုံးရက်သာ နေခွင့်ရ၏။ ထို့ကြောင့် မိနစ်တိုင်း၊ စက္ကန့်တိုင်းက အလွန်အဖိုးတန်ပေသည်။

ကျန်းရီ ကြည့်နေသော ကောင်းကင်ပန်းချီကားက အလွန်ရိုးရှင်း၏။ ပန်းချီပုံမှာ မိုးကောင်းကင်ကဲ့သို့သော ရှေးခေတ်သစ်ပင်ကြီးတစ်ပင်အောက်တွင် တင်ပျဉ်ခွေထိုင်နေသော ရဟန်းငယ်တစ်ပါး၏ ပုံပင်။ ထိုရဟန်းငယ်ကို မြည်းတစ်ကောင်က အဖော်ပြုပေးနေသည်။ ထိုကောင်းကင်ပန်းချီကားက အလွန်ကြီးမားပြီး ကျောက်တုံးပေါ်တွင် ထွင်းထားခြင်းဖြစ်သော်လည်း ကျန်းရီ၏ ပန်းချီလက်ရာထက် များစွာပို၍ ပြောင်မြောက်ပေသည်။

ကျန်းရီသည် ပန်းချီကားတစ်ချပ်ကို ကြည့်နေရသည်ဟု မထင်ဘဲ မြင်ကွင်းအစစ်အမှန်တစ်ခုကို ကြည့်နေရသည်ဟု ခံစားနေရလေသည်။ ရဟန်းငယ်ဘေးရှိ မြည်းက သူ့ကို ကြည့်နေသည်ဟုပင် သူ ခံစားနေရသည်။

‘ဒီကောင်းကင်ပန်းချီကားထဲမှာ ဘာတာအိုပုံသဏ္ဌာန်ပါတာလဲ။ ဘာလို့ ငါက ပန်းချီကားထဲက တာအိုပုံသဏ္ဌာန်ကို ခံစားနိုင်ပေမယ့် ဘာတာအိုအရှိန်အဝါကိုမှ မခံစားရတာလဲ’

ကျန်းရီသည် ထိုပန်းချီကားကို တစ်နာရီကြာ စိုက်ကြည့်နေခဲ့၏။ သူ့ရင်ထဲတွင် ခံစားချက်ခပ်ရေးရေးတစ်ခု ထွက်ပေါ်လာသော်လည်း သူ ထိုခံစားချက်ကို ဖမ်းဆုပ်ရန် ကြိုးစားလိုက်တိုင်း ထိုခံစားချက်က ပျောက်ကွယ်သွားလေသည်။ ယင်းသည် မမြင်နိုင်၊ ထိတွေ့၍မရနိုင်သော လေကဲ့သို့ပင်။

“တော်ပြီကွာ...”

ကျန်းရီသည် နှစ်နာရီကြာ လေ့လာပြီးနောက် ထိုကောင်းကင်ပန်းချီကားထဲရှိ တာအိုပုံသဏ္ဌာန်ကို သူ သိမြင်နားလည်နိုင်မည် မဟုတ်ကြောင်း သဘောပေါက်သွားလေသည်။ ထို့ကြောင့် သူသည် အခြားကောင်းကင်ပန်းချီကားတစ်ချပ်ကို သွားကြည့်ရန် ဆုံးဖြတ်လိုက်လေသည်။

လူတစ်ယောက်သည် ခေါင်းမမာသင့်ပေ။ ဤနေရာရှိ ကောင်းကင်ပန်းချီကားများထဲမှ တာအိုပုံသဏ္ဌာန်များက အဆင့်နိမ့် တာအိုပုံသဏ္ဌာန်များမဟုတ်ဘဲ စွမ်းအားကြီး အဆင့်မြင့် တာအိုပုံသဏ္ဌာန်များဖြစ်သည်။ ထိုတာအိုပုံသဏ္ဌာန်များကို အလွယ်တကူ သိမြင်နားလည်နိုင်လျှင် ရီမျိုးနွယ်ထဲ၌ နတ်ဘုရားတစ်ပိုင်းများ မှိုလိုပေါက်နေပေလိမ့်မည်။

လင်းချီကျန့်၊ ဝူနီ၊ ထူလုံနှင့် အခြားသူများကလည်း တစ်နေရာပြီး တစ်နေရာ ပြောင်းနေ၏။ သူတို့သည်လည်း ပန်းချီကားများထဲရှိ တာအိုပုံသဏ္ဌာန်များ၏ အနှစ်သာရကို မဖမ်းဆုပ်နိုင်ကြကြောင်း ထင်ရှားပေသည်။ ထို့ကြောင့် သူတို့သည် ကောင်းကင်ပန်းချီကားများကို တစ်ချပ်ပြီးတစ်ချပ် လိုက်ကြည့်နေကြပြီး မည်သည့်ပန်းချီကားက သူတို့နှင့် သင့်တော်သနည်းဟု ရှာနေကြခြင်းပင်။

ပန်းချီကမ်းပါးထဲတွင် တိတ်ဆိတ်မှုကသာ ကြီးစိုးထား၏။ တိတ်ဆိတ်လွန်းလှသဖြင့် အပ်ကျသံကိုပင် ကြားနိုင်လောက်သည်။ ဤနေရာထဲတွင် မည်သူမှ မဆင်မခြင် မပြုမူဝံ့ကြပေ။ ထို့ပြင် မည်သူကမှလည်း အချိန်မဖြုန်းလိုကြပေ။ ထို့ကြောင့် သူတို့အားလုံးသည် လေထဲတွင် တိတ်တဆိတ်ပျံဝဲကာ ကောင်းကင်ပန်းချီကားများကို ဂရုတစိုက် လေ့လာနေကြလေသည်။

ပန်းချီကား တစ်ချပ်၊ နှစ်ချပ်... ခြောက်ချပ်...

ဆယ့်နှစ်နာရီကြာပြီးနောက် ကျန်းရီသည် ခြောက်နေရာ ပြောင်းပြီးသွားပေပြီ။ ဝူနီနှင့် အခြားသူများကလည်း ခုနစ်နေရာ၊ ရှစ်နေရာ ပြောင်းပြီးကြပြီဖြစ်သည်။ သို့သော် မည်သူမှ အကျိုးရလဒ် မရကြသေးပေ။

အားလုံးက နေရာများ ပြောင်းနေ၏။ ရီချန်သည်သာ ဘယ်ဘက်အစွန်ဆုံးရှိ ကောင်းကင်ပန်းချီကား၏ အရှေ့တွင် တိတ်ဆိတ်စွာ ရပ်နေလေသည်။ သူမ၏ လှပသောမျက်ဝန်းလေးများက ဝေဝါးနေ၏။ တစ်စုံတစ်ခုက သူမကို နှောင့်ယှက်နေပုံပင်။

ကျန်းရီ ကြည့်ခဲ့သော ပန်းချီကားခြောက်ချပ်လုံးက ကွဲပြားပေသည်။ အချို့က ရှုခင်းပုံပန်ချီများဖြစ်ပြီး အချို့က တိုက်ပွဲပုံပန်းချီများဖြစ်သည်။ ထိုပန်းချီကားအားလုံး၏ အဆင့်အတန်းက အလွန်မြင့်ပေသည်။ ၎င်းတို့ကို တစ်ချက်ကြည့်လိုက်ရုံဖြင့် ကိုယ်ပါ ပန်းချီကားအတွင်းသို့ ရောက်သွားသကဲ့သို့ ခံစားရသည်။ ယင်းခံစားချက်က အိပ်မက်နှင့် အလွန်ဆင်တူပေသည်။

‘ရီချန်က ဘာကို ကြည့်နေတာလဲ.. အန်...’

ကျန်းရီသည် ကောင်းကင်စိတ်အာရုံဖြင့် အာရုံခံကြည့်လိုက်ရာ ရီချန်က မလှုပ်မယှက်ရပ်နေကြောင်း သတိပြုမိလိုက်လေသည်။ သူသည် သူမအရှေ့ရှိ ကောင်းကင်ပန်းချီကားကိုလည်း စိတ်ဝင်တစား အာရုံခံကြည့်လိုက်၏။ သူ၏မျက်လုံးများ ရုတ်ခြည်း တောက်ပသွားသည်။ ထို့နောက် သူ့တစ်ကိုယ်လုံး တုန်ယင်လာပြီး သူ့ရင်ဘတ်ကလည်း ဖားဖိုတစ်လုံးကဲ့သို့ နိမ့်ချည်မြင့်ချည် ဖြစ်လာလေသည်။

ရီချန်၏အရှေ့ရှိ ကောင်းကင်ပန်းချီကားထဲတွင် လူသုံးယောက် တိုက်ခိုက်နေ၏။ ရဟန်းတစ်ပါးက အဘိုးအိုတစ်ယောက်နှင့် တိုက်ခိုက်နေပြီး လှပသော မိန်းမပျိုလေးတစ်ယောက်က တိုက်ပွဲကို ကြည့်နေလေသည်။

ထိုမိန်းမပျိုလေးက အလွန်ချောမောလှပသဖြင့် ကျန်းရီ၏ မျက်လုံးများ ပို၍ပင် အရောင်တောက်လာသည်။ ယင်းမိန်းမပျိုလေးက သူ၏အမေ ရီဖျောင်ဖျောင်ပင်။ ရဟန်းတစ်ပါးနှင့် တိုက်ခိုက်နေသော အဘိုးအိုသည်လည်း ရီဖျောင်ဖျောင် ကောင်းကင်မိုးကြိုးမြို့သို့ ရောက်လာခဲ့စဉ်က သူမနှင့်အတူ ပါလာခဲ့သော အဘိုးအိုဖြစ်သည်။

ဝှစ်...

ကျန်းရီသည် ခေတ္တမျှ တွေးတောလိုက်ပြီး ထိုကောင်းကင်ပန်းချီကားဆီသို့ သက်တန့်တစ်စင်းအလား ရုတ်ခြည်း ပျံသန်းသွားလိုက်လေတော့သည်။

***

All Chapters