← Chapters

အဖျက်မိုးသောက်

Vol. 68 Ch. 942

အဖျက်မိုးသောက်

Vol. 68 Ch. 942

စစ်ထူမျိုးနွယ်၏ တိုက်ပွဲ အာကာပြင်ထဲတွင် ကျန်းရီသည် တိုက်ပွဲတစ်ပွဲကို တွေ့ခဲ့သည်။ ရီဖျောင်ဖျောင်နှင့်အတူ ပါလာသော အဘိုးအိုက လုမျိုးနွယ်၏ ပညာရှင်ဆယ်ယောက်ကို လက်ဝါးချက်တစ်ချက်ဖြင့် သတ်ပစ်ခဲ့သည်။

ယခု ဤပန်းချီကမ်းပါးတွင် ကျန်းရီသည် ရီဖျောင်ဖျောင်နှင့် ထိုအဘိုးအို၏ ပန်းချီကို ထပ်မံတွေ့လိုက်ရပေပြီ။ ကျန်းရီသည် အရိပ်ဧကရာဇ်၏ လူများအား ရီဖျောင်ဖျောင်ကို စုံစမ်းပေးရန် တောင်းဆိုခဲ့၏။ သို့သော် ယခုအထိ မည်သည့်သတင်းမှ မရသေးပေ။ သူသည် စာရင်းထဲရှိ ကျန်ရီဖျောင်ဖျောင်များက သူရှာနေသော ရီဖျောင်ဖျောင် မလုပ်လောက်ဟူသော မကောင်းသည့်နမိတ်ကို ရနေခဲ့၏။ ရီဖျောင်ဖျောင်က အရှေ့ဘက် တော်ဝင်နယ်မြေတွင် မရှိလောက်ဟုပင် သူ ထင်မိခဲ့သည်။ မဟုတ်လျှင် ကျန်းရီ၏အမည်က နယ်မြေတစ်ခွင်လုံးတွင် ကျော်ကြားနေပြီဖြစ်ရာ ရီဖျောင်ဖျောင်နှင့် ယွီဝမ်တို့က သူ့ကို လာတွေ့လိုက်ပေသည်။

အမေ...

ကျန်းရီသည် ရီချန်၏ဘေးသို့ ပျံသန်းသွား၏။ ထို့နောက် သူသည် ပန်းချီကားထဲရှိ ဝတ်စုံဖြူနှင့် မိန်းမလှလေးကို ကြည့်လိုက်၏။ သူ ရင်ထဲလှုပ်ခတ်သွားသည်။ ထိုတိုက်ပွဲက လွန်ခဲ့သော နှစ်(၂၀)ကျော်က ဖြစ်ပွားခဲ့သော တိုက်ပွဲတစ်ခုဖြစ်ရမည်။ ရီဖျောင်ဖျောင်က ကောင်းကင်မိုးကြိုးမြို့မှာကဲ့သို့ ငယ်ရွယ်၊ လှပနေသေးသည်။ အဘိုးအိုသည်လည်း ကျန်းရီ စစ်ထူမျိုးနွယ်၏ တိုက်ပွဲ အာကာပြင်ထဲတွင် တွေ့ခဲ့ရသော ပုံစံနှင့် တထပ်တည်းတူညီပေသည်။

ထိုရဟန်းက မည်သူနည်း။

ကျန်းရီ၏မျက်လုံးများက မီးခိုးရောင်ဝတ်ရုံ ဝတ်ဆင်ထားသော အဘိုးအိုနှင့် တိုက်ခိုက်နေသည့် ရဟန်းကို ကြည့်လိုက်၏။ သူသည် ရဟန်း၏ မျက်နှာကို မမြင်ရဘဲ နောက်ကျောဘက်ကိုသာ မြင်ရပေသည်။ ထိုပန်းချီကားကို ဗုဒ္ဓဧကရာဇ်က ရေးဆွဲထားခြင်း ဖြစ်သဖြင့် ထိုရဟန်းက ဗုဒ္ဓဧကရာဇ်ကိုယ်တိုင် ဖြစ်နိုင်သည်။ ဗုဒ္ဓဧကရာဇ်၏ မျိုးနွယ်မှ မျိုးနွယ်ဝင်များအားလုံးက ထိုရဟန်းကဲ့သို့ ဝတ်ဆင်ကြသည် မဟုတ်ပါလား။

‘အရင်တုန်းက အမေက ဗုဒ္ဓဧကရာဇ်နဲ့ တိုက်ခိုက်ခဲ့တာလား’

ကျန်းရီသည် သူ့နှာခေါင်းကို ပွတ်လိုက်ပြီး သူ့အမေက အမှန်ပင် စိတ်မြန်လက်မြန်ရှိသည်ဟု ခံစားလိုက်ရလေသည်။ သူမသည် သွားရာနေရာတိုင်းတွင် တိုက်ခိုက်ခဲ့၏။ သူမက ကောင်းကင်မိုးကြိုးမြို့တွင် လုမျိုးနွယ်ဝင်များကို သတ်ဖြတ်ခဲ့ပြီး ကောင်းကင်ကြယ်တာရာနယ်မြေတွင်လည်း ဗြောင်းဆန်စေခဲ့သည်။ သူ၏ စိတ်မြန်လက်မြန်ရှိသည့် အကျင့်စရိုက်က ရီဖျောင်ဖျောင်ထံမှ အမွေရခြင်း ဖြစ်နိုင်ပေသည်။

‘အဲ့ မီးခိုးရောင်ဝတ်ရုံနဲ့ အဘိုးအိုက ယွီဝမ်လား။ သူက ယွီဝမ်ဆိုရင် ရေကန်ဘေးမှာ ငါးမျှားနေတဲ့ ဆန်းကြယ်တဲ့ အဘိုးအိုက ဘယ်သူလဲ’

ကျန်းရီ နားမလည်နိုင် ဖြစ်နေ၏။ ရီချန်သည်လည်း ကျန်းရီ ရုတ်တရက် ရောက်လာခြင်းကြောင့် လန့်သွား၏။ သူမက ကျန်းရီကို တစ်ချက်ကြည့်လိုက်သည်။ သူမ၏ မျက်ဝန်းများက ရုတ်ခြည်း အေးစက်သွားသည်။ ထို့နောက် သူမ လှည့်ထွက်သွားလေသည်။

ကျန်းရီက ပန်းချီကားထဲရှိ လူသုံးယောက်ကို ညွှန်ပြ၍ ကျယ်လောင်စွာ ‌မေးလိုက်၏။

“သခင်မလေးရီချန်... အဲ့လူသုံးယောက်က ဘယ်သူတွေလဲ”

“ဟွန်း...”

ရီချန်က နှာမှုတ်လိုက်ပြီး ကျန်းရီ၏ မေးခွန်းကို မဖြေပေ။ ကျန်းရီသည် ရှက်ကိုးရှက်ကန်းဖြင့် သူ့နှာခေါင်းကို ပွတ်လိုက်ပြီး ပြောလိုက်၏။

“အို့.... သခင်မလေးလည်း မသိဘူးပေါ့။ အဲ့လိုဆိုမှတော့ ကျွန်တော် မမေးခဲ့ဘူးလို့ပဲ သဘောထားလိုက်ပါ”

ရီချန်သည် နောက်လှည့်၍ ကျန်းရီကို လှောင်ပြောင်သောမျက်ဝန်းများဖြင့် စိုက်ကြည့်လိုက်၏။ ကျန်းရီက သူ့နှာခေါင်းကို ရှက်ကိုးရှက်ကန်း ထပ်ပွတ်လိုက်သည်။ ရီချန်၏ မျက်ဝန်းများက ထိုသို့ခနဲ့ခြင်းက အလွန်အဆင့်အတန်းနိမ့်ကြောင်း ပြောနေခြင်းပင်။

ကျန်းရီ ခေါင်းကိုက်သွား၏။ ထိုမိန်းမသည် နတ်မိမယ်တစ်ပါးကဲ့သို့ အလွန်လှပသော်လည်း ကပ်တွက်တတ်သော အကျင့်စရိုက်ရှိပြီး အလွန်အလွယ်တကူ အငြိုးထားတတ်လေသည်။

ထိုစဉ် ကျန်းရီ အကြံတစ်ခု ရလိုက်၏။ ထို့ကြောင့် သူ အသံပို့လွှတ်လိုက်သည်။

“သခင်မလေးရီချန်... သခင်မလေးသာ ကျွန်တော့်ရဲ့ မေးခွန်းကို ဖြေမယ်ဆိုရင် ကျွန်တော်လည်း သခင်မလေးရဲ့ မေးခွန်းတစ်ခုကို ပြန်ဖြေပေးမယ်။ ကျွန်တော် အမှန်အတိုင်းပဲ ဖြေမှာပါ... မလိမ်ပါဘူး။ အဲ့လိုဆိုရင်ရော ဘယ်လိုလဲ”

“ကောင်းပြီ”

ရီချန်၏ မျက်လုံးများ အရောင်လက်သွားသည်။ ထို့နောက် သူမ ပြောလိုက်၏။

“ရှင် စကားတော့ တည်မယ်မလား”

“ထွက်ပြီးဆင်စွယ် ပြန်ဝင်ရိုးမရှိပါဘူး...”

ကျန်းရီက ခေါင်းညိတ်ကာ အသံပို့လွှတ်လိုက်သည်။

“ဒီတော့ အဲ့လူသုံးယောက်က ဘယ်သူတွေလဲ”

“အဲ့ဒါ ကျွန်မအဘိုးပါ”

ရီချန်က ရဟန်းကို လက်ညှိုးညွှန်၍ အသံပို့လွှတ်လိုက်၏။

“ဒီကောင်းကင်ပန်းချီကားက ကျွန်မရဲ့အဘိုး ပထမဆုံးဆွဲခဲ့တဲ့ ပန်းချီကားပဲ။ သူက သူနဲ့ ပညာရှင်တစ်ယောက်ရဲ့ တိုက်ပွဲကို ဆွဲခဲ့တာ။ ကျန်တဲ့လူနှစ်ယောက်ကိုတော့ ကျွန်မလည်း မသိဘူး။ တစ်ခါတုန်းက ကျွန်မ အဘိုးကို မေးကြည့်ခဲ့ဖူးသေးတယ်... ဒါပေမဲ့ သူက ဘာမှ မပြောပြခဲ့ဘူး...”

“...”

ကျန်းရီ မျက်လုံးပင့်လိုက်၏။ ထိုရဟန်းက ဗုဒ္ဓဧကရာဇ်ဖြစ်လိမ့်မည်ဟု သူ ခန့်မှန်းခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် ရီချန်၏ စကားက သူ့အတွက် အကျိုးမရှိပေ။ မည်မျှကြီးမားသော ဆုံးရှုံးမှုပေနည်း။

“ကောင်းပြီ... ကျွန်မ‌ မေးရမယ့်အလှည့်ရောက်ပြီ”

ရီချန်က ကျန်းရီကို တောက်ပသော မျက်ဝန်းများဖြင့်ကြည့်ကာ အသံပို့လွှတ်လိုက်သည်။

“ရှင်က ပိုင်ရီလား”

ကျန်းရီသည် သူ့နှာခေါင်းကို ထပ်ပွတ်လိုက်ပြီး အဆက်မပြတ် မျက်တောင်ခတ်လိုက်၏။ ရီချန်က လှောင်ပြောင်သောအပြုံး ပြုံး၍ လက်ခါလိုက်သည်။

“တော်ပြီ... ရှင် ပြောစရာမလိုဘူး။ ရှင် နှာခေါင်းကိုပွတ်တဲ့ပုံစံက လုံးဝတထေရာတည်းပဲ။ ရှင် ရှင့်ရဲ့ ရုပ်သွင်နဲ့ စိတ်ဝိညာဉ်အရှိန်အဝါကို ဘယ်လို ပြောင်းလိုက်လဲတော့ ကျွန်မ မသိဘူး။ ဒါပေမဲ့ ရှင် ဘယ်လိုပဲ ပြောင်းပြောင်း ကျွန်မ ရှင့်ကို မှတ်မိနိုင်တယ်”

“အာ...”

ကျန်းရီသည် သူ့နှာခေါင်းကို ပွတ်နေခြင်းကို ရပ်လိုက်ပြီး လက်ဆုပ်ကာ ရီချန်ထံ အသံပို့လွှတ်လိုက်၏။

“သခင်မလေးရီ... ကျွန်တော့်မှာ ပြောပြလို့မရတဲ့ အခက်အခဲတွေ ရှိပါတယ်။ သခင်မလေးအနေနဲ့ ဒီလျှို့ဝှက်ချက်ကို ထိန်းသိမ်းပေးထားနိုင်လိမ့်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။ ကျွန်တော် တောင်းဆိုတာပါ”

“ဟားဟား...”

ရီချန်သည် ကျန်းရီကို ခနဲ့သော မျက်လုံးများဖြင့်ကြည့်ကာ ပြောလိုက်သည်။

“ဒီသခင်မလေး လူမှားနေပြီလို့ ပြောခဲ့တာ ဘယ်သူလဲ။ ဘာလို့ ကျွန်မက အဲ့လျှို့ဝှက်ချက်ကို ထိန်းသိမ်းပေးရမှာလဲ။ နောက်ကျရင် ကျွန်မ ရို့ပင်းကို ပြောလိုက်မှာပဲ။ အင်း... ကျွန်မ ဝူနီကိုလည်း ပြောရမယ်”

“မလုပ်ပါနဲ့...”

ကျန်းရီ စိတ်လှုပ်ရှားသွားပြီး ခါးသက်သက်ပြုံးကာ လက်ဆုပ်တောင်းဆိုလိုက်၏။

“သခင်မလေးရီ... သခင်မလေးကို လိမ်ခဲ့မိတာ ကျွန်တော့အမှားပါ။ သခင်မလေးသာ ဒီလျှို့ဝှက်ချက်ကို ထိန်းသိမ်းပေးမယ်ဆိုရင် ကျွန်တော် သခင်မလေးအပေါ်မှာ ကျေးဇူးကြွေးတစ်ခု တင်သွားမှာပါ... ဘယ်လိုပါလဲ။ နောက်ကျရင် သခင်မလေး ဘာပဲလိုအပ် လိုအပ် ကျွန်တော့်ကို ပြောပါ။ သခင်မလေးက ဓားတောင်ကို ကျော်ပြီး၊ မီးပင်လယ် ဖြတ်ခိုင်းရင်တောင် ကျွန်တော်ပိုင်ရီ တုံ့ဆိုင်းနေမှာ မဟုတ်ပါဘူး”

“ဟီးဟီး...”

ရီချန်က ကျော့ရှင်းစွာ ရယ်လိုက်၏။ ထို့နောက် သူမက ခနဲ့တဲ့တဲ့ဖြင့် အသံပို့လွှတ်လိုက်သည်။

“ရှင်က ကျွန်မအပေါ်မှာ ကျေးဇူးကြွေးတစ်ခု တင်ပြီးနေပြီ မဟုတ်ဘူးလား။ ဒီလိုဆိုဘယ်လိုလဲ... တကယ်လို့ ရှင် ရီမျိုးနွယ်ထဲ ဝင်မယ်ဆိုရင် ကျွန်မ ရှင့်ရဲ့ လျှို့ဝှက်ချက်ကို ထိန်းသိမ်းပေးထားမယ်”

“အဲ့ဒါက...”

ကျန်းရီ၏ မျက်နှာက ရုတ်ခြည်းပင် ဘူးသီးခြောက်ကဲ့သို့ ရှုံ့တွသွား၏။ ထို့နောက် သူ အံကြိတ်ကာ အသံပို့လွှတ်လိုက်သည်။

“သခင်မလေးရီ... ကျွန်တော် သခင်မလေးကို လျှို့ဝှက်မထားချင်ပါဘူး။ ကျွန်တော်က ဘယ်မျိုးနွယ်ထဲကိုမှ မဝင်ဘူးလို့ သစ္စာဆိုထားတာပါ။ အဲ့ဒါကြောင့် ကျွန်တော် တောင်းပန်ပါတယ်။ ဒါပေမဲ့... တကယ်လို့ ကျွန်တော် မျိုးနွယ်တစ်ခုခုထဲ ဝင်‌မယ်ဆိုရင် သေချာပေါက် ရီမျိုးနွယ် ဖြစ်စေရမယ်လို့ အာမခံပါတယ်။ သခင်မလေး အခြားတစ်ခုခု တောင်းဆိုပါလား။ သခင်မလေးမှ ရန်သူတွေရှိလား။ ကျွန်တော် သူတို့ကို သခင်မလေးအတွက် ရှင်းပစ်ပေးရမလား”

“ရန်သူတွေဟုတ်လား... ကောင်းပြီလေ”

ရီချန်၏ မျက်ဝန်းထဲတွင် ဉာဏ်များသော အရိပ်အယောင်တစ်ခု ထွက်ပေါ်လာ၏။ ထို့နောက် သူမက ပခုံးတွန့်ကာ ပြောလိုက်သည်။

“ဒီသခင်မလေးအတွက် အပြစ်သားကျွန်းကို သွားဖျက်ဆီးပစ်လိုက်။ အပြစ်သားကျွန်းရဲ့ မျိုးနွယ်(၁၃)ခုက ကျွန်မရဲ့ ရန်သူတွေပဲ”

“...”

ကျန်းရီသည် ရီချန်ကို ပါးစပ်အဟောင်းသားဖြင့် ကြည့်လိုက်၏။ သူသည် သနားစဖွယ် မျက်နှာထားဖြင့် မျက်မှောင်ကြုတ်ထားသဖြင့် သူ့နဖူးတွင် အရေးအကြောင်းသုံးခု ထင်နေပေသည်။

ရီချန်က ပြုံးကာ လက်ခါလိုက်လေသည်။

“ကဲပါ... ကျွန်မတို့ ရီမျိုးနွယ်က ဘယ်သူ့ကိုမှ ဖိအားမပေးပါဘူး။ အောင်မြင်တာ၊ ကျရှုံးတာက ကံတရားနဲ့ပဲ ဆိုင်တယ်။ ဒါပေမဲ့... ပိုင်ရီ ရှင် ကျွန်မရဲ့ စကားတွေကို မှတ်ထားပါ။ အခု ရှင် ကျွန်မအပေါ်မှာ ကျေးဇူးကြွေးတွေ တင်နေပြီ။ တကယ်လို့ နောက်ကျ ကျွန်မမှာ တောင်းဆိုစရာတွေ ရှိလာရင်၊ တောင်းဆိုစရာတွေက လွန်လွန်ကျူးကျူး မဟုတ်ဘူးဆိုရင် ရှင် မငြင်းတာ ကောင်းလိမ့်မယ်”

“ကျွန်‌တော် ငြင်းမှာ မဟုတ်ပါဘူး”

ကျန်းရီသည် ရင်ထဲမှ အလုံးကြီး ကျသွားသဖြင့် လျင်မြန်စွာ လက်ဆုပ်ကာ ဦးညွှတ်လိုက်သည်။ ရီချန်သည် သူ့ကို ကြည့်မနေတော့ဘဲ ကောင်းကင်ပန်းချီကားကို ကြည့်၍ နူးညံ့စွာ ပြောလိုက်သည်။

“မြန်မြန် ကောင်းကင်ပန်းချီကားတွေကို လေ့လာလိုက်တော့။ အချိန်က ဘယ်သူ့ကိုမှ မစောင့်ဘူး”

“ဟုတ်...ဟုတ်...”

ကျန်းရီသည် ရီချန်ကို ကျေးဇူးတင်သော မျက်ဝန်းများဖြင့် ကြည့်လိုက်ပြီး အရှေ့ရှိ ပန်းချီကားကို ဆက်ကြည့်လိုက်သည်။ သူသည် ရီဖျောင်ဖျောင်၏ ပုံကို ငေးကြည့်ရင်း မျက်ရည်များ ဝဲလာ၏။ သူ့မျက်နှာပေါ်တွင် မည်သည့်အရိပ်အယောင်မှ မပြသော်လည်း သူ့ရင်ထဲတွင် ပူးဆွေး၊ လွမ်းဆွတ်မှုနှင့် ပြည့်နှက်နေပေသည်။

အခြားသူများသည် ကျန်းရီနှင့် ရီချန်တို့၏ ကိစ္စများကို အရေးမစိုက်ပေ။ သူတို့သည် ဤနေရာတွင် သုံးရက်သာ နေခွင့်ရခြင်းပင်။ ဤကဲ့သို့သော အခွင့်အရေးကောင်းတစ်ခုကို အခြားကိစ္စများကြောင့် ဆုံးရှုံးလိုက်ရလျှင် အလွန်နှမြောစရာ ကောင်းပေလိမ့်မည်။

အချိန်ကုန်လာသည်နှင့်အမျှ လူများသည် ကောင်းကင်ပန်းချီကားများကို တစ်ချပ်ပြီးတစ်ချပ် ပြောင်း၍ကြည့်ရှုနေကြ၏။ သို့သော် မည်သူမှ အကျိုးရလဒ် မရသေးပေ။ အကျိုးရလဒ်များ မရသေးခြင်းမှာ ဗုဒ္ဓဧကရာဇ်၏ ကောင်းကင်ပန်းချီကားများက အလွန်လေးနက်၍လော သို့မဟုတ် အဆင့်မြင့် တာအိုပုံသဏ္ဌာန်များ၏ တာအိုအရှိန်အဝါက ဖမ်းဆုပ်ရန် ခက်ခဲ၍လောဟူသည်ကိုမူ မည်သူမှ မသိပေ။ သူတို့အများစုသည် အတော်လေး စိတ်လှုပ်ရှားလာကြပြီး ဤအခွင့်အရေးကောင်းကို ဖြုန်းတီးမိတော့မည်ဟု ခံစားနေကြရလေသည်။

ဒုတိယရက်‌ နေ့လယ်ခင်းတွင် ဟက်ဟက်ပက်ပက် ရယ်သံတစ်သံ ထွက်ပေါ်လာ၍ အားလုံး သတိပြုလိုက်ကြ၏။ ကျန့်ဝူယင်းက ရုတ်တရက် ကျယ်လောင်စွာ ရယ်ကာ ပြောလိုက်သည်။

“ငါ နားလည်သွားပြီ... နောက်ဆုံးတော့ ငါ နားလည်သွားပြီ။ ဒါက မိုးမြေတာအိုပုံသဏ္ဌာန် ‘အဖျက်မိုးသောက်’ပဲ။ ဒီတော့ အဖျက်မိုးသောက်ဆိုတာ ဒါကိုး။ တော်တော်လေး အားစိုက် လိုက်ရတာပဲ... နောက်ဆုံးတော့ ငါ ဖမ်းဆုပ်နိုင်ခဲ့ပြီ...”

ကျန့်ဝူယင်းသည် ရယ်မောပြောဆိုပြီးနောက် မြေပြင်သို့ ချက်ချင်းဆင်းလာကာ တရားထိုင်လိုက်လေသည်။ သူသည် သူ့ကိုကြည့်နေသည့် မနာလိုသော၊ အားကျသော မျက်ဝန်းများကို လုံးဝလျစ်လျူရှုထား၏။

“အဖျက်မိုးသောက်... အဲ့ဒါက ဒဏ္ဍာရီလာ ကြယ်ငါးပွင့်အဆင့် တာအိုပုံသဏ္ဌာန်မလား။ ကျန့်ဝူယင်းက တကယ်ကို တော်တာပဲ”

လင်းရှီယာ့က ရေရွတ်လိုက်သည်။ လင်းချီကျန့်ကလည်း ခေါင်းညိတ်ကာ ပြောလိုက်သည်။

“ဟုတ်တယ်... ဒီတစ်ခေါက်တော့ ကျန့်ဝူယင်းတစ်ယောက် ရတနာပုံဆိုက်တာပဲ”

“သူက တကယ့်ကို လူငယ်ပါရမီရှင်တစ်ယောက်ပဲ။ သူသာ ကြယ်ငါးပွင့် တာအိုပုံသဏ္ဌာန် ‘အဖျက်မိုးသောက်’ကို သိမြင်နားလည်နိုင်သွားမယ်ဆိုရင် အဆင့်မြင့် ကောင်းကင်ဧကရာဇ်အဆင့်ကို ရောက်သွားမှာပဲ။ နှစ်တစ်သောင်းအတွင်းက နံပါတ်(၁)ပါရမီရှင်ဆိုတဲ့ ဂုဏ်ပုဒ်က သူနဲ့ တကယ်ထိုက်တန်ပါတယ်”

ရီချန်သည် ခံစားချက်များဖြင့် သက်ပြင်းချလိုက်ပြီး သူမဘေးရှိ ကျန်းရီကို ကြည့်လိုက်သည်။ သူမသည် ကျန်းရီ၏ မျက်ဝန်းများက မျက်ရည်ဝဲနေကြောင်း တွေ့လိုက်ရသဖြင့် အတန်ငယ် အံ့အားသင့်သွား၏။ အစောတွင် ကျန့်ဝူယင်းက ကျယ်လောင်စွာ အော်ပြောခဲ့သော်လည်း ကျန်းရီက အဖက်မလုပ်ခဲ့ပေ။ သူကလည်း တစ်စုံတစ်ခုကို သိမြင်နားလည်နေခြင်းလော။

***

All Chapters