← Chapters

နစ်မြုပ်နေသော ကျွန်း

Vol. 16 Ch. 222

နစ်မြုပ်နေသော ကျွန်း

Vol. 16 Ch. 222

ထိုစဉ် ဘွားဘွားလင်းလောင် ရောက်လာကာ ပြောလိုက်လေ၏/

“အားလုံး အဆင်သင့်ပဲလား ... အဆင်သင့် ဖြစ်ရင် ငါတို့တွေ သွားကြစို့ ...”

မိုဝူကျီက မြန်မြန် ဝင်ပြောလိုက်သည်။

“သူတို့ လေးယောက်ကို ကောင်းကင်ဖွေရှာ မြို့ဆီ ပြန်ခေါ်သွားပေးဖို့ စီနီယာကိုပဲ ဒုက္ခပေး ရတော့မှာပဲ။ ကျွန်တော်က မပြန်ခင် ဒီနား ခဏနေရဦးမယ် …”

သူ့စကား အဆုံးတွင် မိုဝူကျီက စန်ယီပင်း၊ ဖူချန်းနှင့် ကျန်သည့် နှစ်ယောက်ကို ပြောလိုက်လေသည်။

“ကျုပ်မှာ အင်မော်တယ် အမွေကို လာရှာတဲ့ နောက်ထပ် မိတ်ဆွေ နှစ်ယောက် ရှိသေးတယ်။ မပြန်ခင် သူတို့ကို ရက်အနည်းငယ် ရှာကြည့် ချင်သေးတယ်။ အတော် ကြာလို့မှ မတွေ့တော့ရင်‌ ကောင်းကင်ဖွေရှာ မြို့ဆီ ချက်ချင်း ပြန်လာခဲ့မယ် …”

“အဲဒါဆို မင်း ဘယ်လို ပြန်လာမှာလဲ …” ဘွားဘွား လင်းလောင်က မိုဝူကျီကို ကြည့်ရင်း မေးလိုက်လေသည်။

မိုဝူကျီက အမှန်တိုင်းသာ ပြောလိုက်ရသည်။

“ကျွန်တော့်မှာ ကားပျံရှိတယ် ...”

သူက ကားပျံကို ပြောနေရင်း ထုတ်ပြလိုက်သည်။

“အာ ... ဒီကားပျံက နည်းနည်း ရင်းနှီး နေသလိုပဲ …” ဘွားဘွား လင်းလောင်က မိုဝူကျီ၏ ကားပျံကို မြင်၍ အံ့ဩတကြီး ပြောလိုက်လေသည်။

မိုဝူကျီက ဘွားဘွား လင်းလောင်သည် သူ့ကားပျံကို မှတ်မိနိုင်ကြောင်း မှန်းဆမိ၍ ရိုးရိုးသာ ပြန်ပြော လိုက်လေ၏။

“ဒါက ဓားရေကန်က စီနီယာချိန်ရဲ့ လက်ဆောင်ပါ …”

ဘွားဘွား လင်းလောင်က မိုဝူကျီကို အဓိပ္ပာယ် ရှိရှိ ကြည့်ကာ ပြောလိုက်သည်။

“ဟုတ်ပြီလေ။ ဒီလို ဆိုမှတော့ ငါတို့ အခု သွားနှင့်မယ်။ အားလုံး တက်ကြပါ …”

စန်ယီပင်းက အလောတကြီး ရှေ့ထွက်လာကာ …

“စီနီယာမို ဒီပင်လယ်ထဲမှာ သားရဲတွေ သိပ်မရှိဘူး ဆိုပေမဲ့ ကျင့်ကြံ သူတွေတော့ ရှိနေဦးမှာ။ စီနီယာမှာ ကားပျံ ရှိမှတော့ ကျွန်မတို့တွေလည်း စီနီယာကို လိုက်ကူရှာ ပေးမယ်လေ ...”

မိုဝူကျီက ခဏတာ တွေးတော လိုက်ပြီး စန်ယီပင်း ပြောသည်က မှန်ကြောင်း သတိပြုမိ လိုက်သည်။ သူမက ပြောသည် အထဲမှ ပင်လယ်တွင် ကျင့်ကြံသူများ ရှိနေနိုင်သည် ဆိုသည့် အချက် မဟုတ်ဘဲ သူ့တွင် ကားပျံရှိသည့် အချက် ဖြစ်သည်။ ထို့အပြင် ဤနေရာသို့ လာသည်နှင့် ပြန်သွားသည်က မတူညီပေ။ ဤတစ်ကြိမ်တွင် သူက တည်နေရာနှင့် ကြာမြင့်ချိန်ကို သေချာ သိ၍ ကောင်းကင် ပင်လယ်ထဲတွင် နောက်တစ်ကြိမ် လမ်းပျောက်တော့မည် မဟုတ်ပေ။

ထို့အပြင် သူ့ကားပျံမှာ လူခုနစ်ယောက်၊ ရှစ်ယောက်လောက် ဆံ့၍ ကျန်သူများ အားလုံးကို ခေါ်ဖို့ရာ သူ့အတွက် သက်ရောက်မှု များများစားစား မရှိလှချေ။ အကြောင်းမှာ သူတို့ လေးယောက်သာ ကောင်းကင်ဖွေရှာ မြို့သို့ ပြန်ရောက်သွားပြီး လိန်မျိုးနွယ်စုမှ သတိထားမိ သွားပါက သူတို့အတွက် အန္တရာယ် ရှိနေနိုင် လေသည်။

ထို့အပြင် ဟော်ယွီချန်က မိုဝူကျီသည် ဝေဟင်လျှပ်စီး ဟန်ပန် ခုနစ်မျိုး ပထမပုံစံကျင့်စဉ်ကို ဝယ်ယူသွားသည့် သူမှန်း စုံစမ်းနိုင်ပါက လိန်မျိုးနွယ်စုလည်း လုပ်ဆောင် နိုင်လိမ့်မည်။ လိန်မျိုးနွယ်စုက သူ့အကြောင်းကို သိသွားပါက ကောင်းကင်ဖွေရှာ မြို့တွင် စောင့်နေနိုင် ပေသည်။

“ဟုတ်ပြီ အတူတူ သွားကြတာပေါ့ ...” မိုဝူကျီက နေရာတွင် ဆုံးဖြတ် လိုက်ပြီးနောက် ဘွားဘွား လင်းလောင်ဘက် လှည့်ကာ …

“စီနီယာ အရင် ပြန်နှင့်လိုက်ပါ။ ယန်အာကို စောင့်ရှောက်ပေးဖို့ စီနီယာဆီပဲ အပ်ထား ရဦးမယ် …”

ယန်အာ ကိစ္စအတွက် မိုဝူကျီက တစ်ခွန်းသာ ပြောလိုက်လေသည်။ သူမ၏ သန္ဓေပြောင်း ဝိညာဉ်ကြောနှင့် အတူ ကျင့်ကြံနှုန်း မှာလည်း သူ့ထက် မြန်ဆန်လှ၍ သူ မမှာကြားလျှင်ပင် ကောင်းကင်ဖွေရှာ နန်းတော်က သူမကို ရတနာ သဖွယ် ဆက်ဆံမှာ ဖြစ်လေသည်။

ဘွားဘွား လင်းလောင်က မိုဝူကျီသည် ထိုလေးယောက်နှင့် ရင်းနှီးလှကြောင်း ပြောနိုင်လေသည်။ ထို့အပြင် သူမတွင် အရေးတကြီး ဖြေရှင်းစရာ ကိစ္စများ ရှိနေသေး၍ ပြောလိုက်တော့သည်။

“အဲဒါဆိုလည်း အရင် သွားနှင့်လိုက်မယ်။ အနက်ဝတ် အမျိုးသားကိုလည်း ဂရုစိုက်ဦး။ သူက ဝေးဝေး မရောက်လောက် သေးဘူး။ သူက ငါ့ကြောင့် ဒဏ်ရာ ရသွားတယ် ဆိုပေမဲ့ သူက မင်းတို့တွေ ရင်ဆိုင်နိုင်မှာ မဟုတ်ဘူး”

“ကျွန်တော် သိပါတယ် …” မိုဝူကျီက ထပ်မေးလိုက်သည်၊

“စီနီယာ အဲဒီ အနက်ဝတ် အမျိုးသားက ဘယ်အဆင့် ရောက်နေပြီလဲ ဆိုတာ သိလား …”

ယန်မြို့တော်တွင် သူက အမှတ်များကို လဲလှယ်စဉ်က သူ မတော်တဆ သတ်မိသွားသော နယ်ခြား ကျင့်ကြံသူသည် ဖြစ်တည်ခြင်းမဲ့ နတ်ဘုရား အဆင့်တွင် ရှိကြောင်း သိလိုက်ရသည်။ မှော်ရတနာများ လဲလှယ်ရေး နေရာတွင် ဖြစ်တည်ခြင်းမဲ့ နတ်ဘုရား အဆင့်(၁)သည် အမှတ် ၅၀၀၀ မှစ၍ ပြီးပြည့်စုံခြင်း အဆင့်သည် ၉၀၀၀ထိ ရနိုင်၏။ ရိုးရိုးလေးချီနှင့် တိုက်ပွဲ ဖြစ်နေသည့် နယ်ခြား ကျင့်ကြံသူကို သူသတ်လိုက်သော အခါ အမှတ်သည်၉၀၀၀ တစ်ခါတည်း ရရှိ သွားလေသည်။

ဘွားဘွား လင်းလောင်က ဂုဏ်သိက္ခာကြီးဟန် အမူအရာ ကျန်ရှိနေပြီး …

“အဲဒီလူက ငါ့လောက် အားကောင်းတယ် ဖြစ်နိုင်တာက စစ်မှန်ခြင်း နတ်ဘုရား အဆင့် (၁) ဖြစ်လောက်တယ် …”

“စီနီယာက စစ်မှန်ခြင်း နတ်ဘုရား အဆင့်လား ...” မိုဝူကျီက လေအေးများ ရှူရှိုက် လိုက်တော့သည်။ ဘွားဘွား လင်းလောင်သည် အဆင့်၇ ဆေးလုံးဆရာ ဖြစ်မှန်း သိသော်လည်း သူမ ကျင့်ကြံဆင့်မှာ ထိုမျှမြင့်နေ လိမ့်မည်ဟု ထင်မထားမိပေ။

“အင်း ငါက စစ်မှန်ခြင်း နတ်ဘုရား အဆင့်(၁) မှာပဲ။ တကယ်လို့ အဲဒီလူက ငါ့ကို အဆိပ် မမိစေခဲ့ရင် သူနဲ့ ရင်ဆိုင်ဖို့ ကြောက်စရာ မလိုဘူး.. ” ဘွားဘွား လင်းလောင်က တစ်ခုခု တွေးမိဟန်ဖြင့် မေးလိုက်သည် …

“မိုဝူကျီ မင်းရဲ့ အနက်ဆေးလုံးက ဘယ်က ရလာတာလဲ။ ပြီးတော့ ဘာလို့ ကွဲနေတာလဲ။ ငါသိသလောက် ဒီအင်ပါယာ ငါးခုလုံးမှာ ဒီဆေးလုံးကို ဖော်စပ်နိုင်တာ နှစ်ယောက်ပဲ ရှိတယ်။ ငါရယ် နောက်ထပ် တစ်ယောက်ရယ် …”

မိုဝူကျီက ရိုးရိုးလေးချီ အသက်ရှင် နေနိုင်ဦးမည့် အကြောင်းကို တွေးမိ လိုက်လေသည်။ မိုဝူကျီက သူ့ကိုယ်သူ သတိပေး လိုက်ရသည်။ နောင်အချိန် သူ ထျန်းဂျီဂိုဏ်းသို့ ဝင်သည့်အခါ ရိုးရိုးလေးချီသည် သူပထမဆုံး စောင့်ကြည့်ရမည့် ပုဂ္ဂိုလ် ဖြစ်လေသည်။

သူသတ်လိုက်သည့် ကျင့်ကြံသူက ပြီးပြည့်စုံခြင်း ဖြစ်တည်ခြင်းမဲ့ နတ်ဘုရားအဆင့် ရှိသည်ကို မြင်၍ ရိုးရိုးလေးချီ သည်လည်း ကျင့်ကြံဆင့် တူလောက်မည် ဖြစ်ကြောင်း တွေးမိလိုက်သည်။

“ဒါက မတော်တဆ တွေ့ခဲ့တာပါ။ ပြီးတော့ ကျွန်တော်က ဆေးလုံးတွေ အကြောင်း ဗဟုသုတ နည်းနည်းရှိတော့ မြင်မြင်လိုက်ချင်း အနက် ဆေးလုံးမှန်း တန်းသိလိုက်တာ။ အဲဒါကြောင့် သိမ်းထားလိုက်တာ ...” မိုဝူကျီက ရိုးရိုးလေးချီနှင့် သူ့စိတ် စွမ်းအားအကြောင်း မပြောလိုက်ပေ။

ဘွားဘွား လင်းလောင်က သူ့ကို ဆက်မမေးတော့ဘဲ သင်္ဘောပျံထဲကိုသာ ဝင်သွားလေသည်။

“အဲဒါဆို သွားနှင့်တော့မယ်။ ဂရုစိုက် ကြပါ …”

စကားအဆုံးတွင် သင်္ဘောပျံက အရိပ်သာ ချန်ရစ်ပြီး ကောင်းကင် ပင်လယ်မှ ကောင်းကင်ယံတွင် ပျောက်ကွယ် သွားလေသည်။

“စီနီယာ ခေါင်းဆောင် အစ်ကိုကြီး အဲဒီ စီနီယာက ကောင်းကင် နယ်ပယ်အဆင့်က စစ်မှန်ခြင်း နတ်ဘုရားအဆင့် ဆိုတာ တကယ်လား ...”

ဘွားဘွားလင်းလောင် ထွက်သွားသည်နှင့် စန်ယီပင်းက သိချင်စွာ မေးလိုက်တော့သည်။ ဖူချန်းနှင့် ကျန်လူများမှာလည်း မိုဝူကျီကို စိတ်အား ထက်သန်စွာ ကြည့်နေလေသည်။ သူတို့အတွက် ကောင်းကင်အဆင့် ကျင့်ကြံသူမှာ ဒဏ္ဍာရီထဲသာ ကြားဖူးသောအရာ ဖြစ်၏။

မိုဝူကျီက ပြုံးကာ …

“အမှန်ပဲ။ သူမက ကောင်းကင်ဖွေရှာ နန်းတော်က ဘွားဘွား လင်းလောင်ပဲ။ အဲဒီ စီနီယာနဲ့ တွေ့ခွင့် ရတာကိုက ကျုပ်အတွက် အတော်လေး ကံကောင်းနေပြီ ...”

“အာ ...” စန်ယီပင်းက နောက်တစ်ကြိမ် ထပ်မေးလိုက်သည်။

“စီနီယာ ခေါင်းဆောင် အစ်ကိုကြီး သူမကို ဆက်ဆံရခက်တဲ့ လူလို့ ပြောကြတာ မဟုတ်ဘူးလား ...”

မိုဝူကျီက ခေါင်းခါပြ လိုက်ပြီး …

“သူမသာ ကြင်နာပြနေရင် တစ်ရက် တစ်ရက် ကျင့်ကြံဖို့ကို အချိန်ရှိမှာ မဟုတ်ဘူး။ အဲဒါကြောင့် သူမနဲ့ တွေ့ခွင့်မရတဲ့ လူတွေက သူမကို ပုတ်ချကြတာ။ တစ်ခါတလေ လူကိုယ်တိုင် ဆက်ဆံကြည့်မှ သိရတဲ့ အရာတွေရှိတယ် ...”

ကျောင်းယန်က သဘောတူစွာ ဝင်ပြော လိုက်လေသည်။

“ဟုတ်တယ် အဲဒီ စီနီယာက အရမ်း ဖော်ရွေတယ် ကောလာဟလတွေနဲ့ တခြားစီပဲ …”

စန်ယီပင်းက ခေါင်းညိတ်ပြကာ …

“အမှန်ပဲ။ သူမက အင်ပါယာ ငါးခုလုံးမှာ အကြီးမြတ်ဆုံး ဆေးလုံးဆရာပဲ။ သူမသာ လူတိုင်းကို ကူညီနေရင် ဖြစ်တည်ခြင်းမဲ့ နတ်ဘုရား အဆင့်ထိ ရောက်လာနိုင်မှာ မဟုတ်ဘူး ... ”

မိုဝူကျီက သူ့ကားပျံကို အသက် သွင်းလိုက်ကာ …

“ဒီနေရာကနေ အရင်ဆုံး ထွက်သွားကြ ရအောင် … ဒီနေရာမှာ အကြာကြီး နေတာက မလုံခြုံဘူး …”

ဤနေရာတွင် ဖုတ်ကျင့်ကြံသူက တံခါးပိတ် ကျင့်ကြံခဲ့ သောကြောင့် မိုဝူကျီက အနည်းငယ် ထူးဆန်းနေကြောင်း ခံစားမိလေသည်။ သူက ဖုတ်ကျင့်ကြံခြင်း အတွက် လိုအပ်ချက်ကို နည်းနည်းသာ သိသော်လည်း မြေအောက်တွင် ကျင့်ကြံခြင်းက ဘေးမကင်းမှန်းတော့ သိလေသည်။

အားလုံးက မိုဝူကျီ နောက်လိုက်ကာ ကားပျံထဲ ဝင်သွား ကြလေသည်။ သူက ကားပျံကို ထိန်းချုပ်ရင်း ကျွန်းမှ ထွက်လာလိုက်သည်။ ကားပျံက အရမ်းမကြီးမား သော်လည်း လူငါးယောက်က ကျပ်တည်း မနေပေ။ နေရာပင် အနည်းငယ် ချောင်နေလေသေး၏။

သူတို့ ငါးယောက်ကား မြန်မြန်ဆန်ဆန် ရင်းနှီး လာလေသည်။ ယခုအခါ သူတို့ အားလုံးမှာ ထျန်းဂျီ ဂိုဏ်းသားများ ဖြစ်နေကြ လေ၏။ ကျောင်းယန်က စိတ်ဓာတ် ကျနေဟန် ရှိသည်။ အကြောင်းမှာ သူမက ဤနေရာတွင် အားအနည်းဆုံး ဖြစ်နေ၍ မဟုတ်ဘဲ ချူဝမ်ရွမ်ကို မမေ့နိုင်သေး၍ ဖြစ်သည်။

နေ့ဝက် အကြာတွင် မိုဝူကျီ၏ ကားပျံသည် ပင်လယ်တစ်ဝိုက် လှည့်ပတ် နေလေသည်။

ဤနယ်မြေကို မိုဝူကျီ တစ်ယောက် တစ်နာရီကျော်လောက် ပတ်နေသည်ကို သတိပြုမိ၍ စန်ယီပင်းက မေးလိုက်လေသည်။

“စီနီယာ ခေါင်းဆောင် အစ်ကိုကြီး ဘာလို့ ဒီနေရာမှာ ဝေ့နေတာလဲ …”

မိုဝူကျီက ကျင်းလင်ပေး ဆွဲပေးလိုက်သည့် မြေပုံကို ထုတ်ကာ …

“ဒါက ကျုပ်ရထားတဲ့ မြေပုံပဲ။ အမှတ်အသားတွေ အရ ဒီနေရာမှာ ဘူးသီးပုံကျွန်း ရှိနေရမှာ။ ဒါပေမဲ့လည်း ဒီနေရာမှာ ဘာမှမတွေ့လို့ မြေပုံများ မှားနေတာလားလို့ …”

“အာ ဒီမြေပုံမှာလည်း အင်မော်တယ် အမွေအနှစ် တည်နေရာ ပါတယ် ဆိုပေမဲ့ နေရာက ကျွန်မတို့ဆီမှာ ရှိတဲ့ဟာနဲ့ မတူဘူး …” စန်ယီပင်းက မိုဝူကျီ မြေပုံကို ပထမဆုံး သတိပြုမိသည့်သူ ဖြစ်လေသည်။

မိုဝူကျီက ခေါင်းညိတ်ပြ လိုက်ကာ …

“အင်း အင်မော်တယ် အမွေအနှစ်မြေပုံ ဆိုပေမဲ့ အတုထင်တယ် …”

“စီနီယာ ခေါင်းဆောင်အစ်ကို ဒါက အတု မဟုတ်ဘူး။ ကျုပ်က ဒီရောက်နေတာ တစ်လကြာပြီ။ ဒီနေရာမှာ ဘူးသီးပုံကျွန်းကို တကယ် တွေ့ခဲ့တယ်။ ဒါပေမဲ့ အခု တစ်လတာ အတွင်း ကျွန်းက ပျောက်ဆုံးသွားပြီ …” ဖူချန်းလည်း ဝင်ပြော လိုက်လေသည်။

အားလုံးက တစ်ယောက်နှင့် တစ်ယောက် ကြည့်လိုက်ကြရင်း ဆက်တိုက် ပြောလိုက်ကြသည်။

“ဖြစ်နိုင်တာ ကျွန်းက မြုပ်သွားတာ များလား ...”

မိုဝူကျီက ထောက်ခံစွာ ပြောလိုက်တော့သည်။

“ကျုပ်တော့ ရေအောက်ထဲ သွားပြီးတော့ ကြည့်ကြည့်ချင်တယ် …”

“အတူတူ သွားရအောင်။ အဲဒီမှာ အင်မော်တယ် အမွေအနှစ် ရှိနေနိုင်တယ် …” စန်ယီပင်း မျက်လုံးတွင် စိတ်လှုပ်ရှားမှုများ ဖြစ်ပေါ်နေပြီး အကယ်၍ ဤနေရာတွင် အင်မော်တယ် အမွေအနှစ် ရှိပါက ထျန်းဂျီဂိုဏ်းကို ပြန်လည် မြှင့်တင်ရေး ကိစ္စသည် ဖြစ်နိုင်ပေ၏။

မိုဝူကျီက ကြိုးကို ထုတ်ကာ ကြိုးရှေ့ကို ဆုပ်ကိုင် ထားလိုက်သည်။

“အဲဒါဆိုလည်း အတူတူ သွားကြတာပေါ့။ အားလုံး ကြိုးကို သေချာ ကိုင်ထားကြနော် ကျုပ် ဦးဆောင်သွားမယ် ...”

ကျောင်းယန်က ကျင့်ကြံဆင့် အနိမ့်ဆုံး ဖြစ်သော်လည်း စိတ်ဝိညာဉ် တည်ဆောက်ခြင်း နောက်ပိုင်း အဆင့်ထဲ ဖြစ်သည့်အတွက် သူမက ရေအောက်ထဲတွင် အသက်မရှူဘဲ ရက်အနည်းငယ် နေနိုင်ပေလိမ့်မည်။

အားလုံးက ကြိုးကို ကိုင်ထားပြီးနောက် မိုဝူကျီက ကားပျံကို သိမ်းကာ ပင်လယ်ထဲ ခုန်ချ လိုက်တော့သည်။ ကျောင်းယန်က ကျင့်ကြံဆင့် အနိမ့်ဆုံး ဖြစ်သည့်အတွက် မိုဝူကျီနှင့် ကပ်လျက် ရှိနေလေသည်။ မိုဝူကျီ ပြီးလျှင် ဒုတိယ အားအကောင်းဆုံး ဖြစ်သည့် ဖူချန်းက ကြိုးနောက်ဆုံးတွင် ရှိ၏။

ပင်လယ်ရေက အလွန်အမင်း အေးစက်နေပြီး အနက်ပိုင်းသို့ ရောက်လေလေ ဖိအား များလေလေ ဖြစ်သည်။ မီတာ ရာဂဏန်းလောက် သွားပြီးနောက်တွင် အားအနည်းဆုံး ကျောင်းယန်က ထပ်၍ တောင့်မခံ နိုင်တော့ပေ။ မိုဝူကျီက အသက်ကယ် ယွမ်ဆေးလုံး ထုတ်၍ ကျောင်းယန် ပါးစပ်ထဲ ထည့်ကာ မျိုချခိုင်း လိုက်တော့သည်။

အသက်ကယ်ယွမ် ဆေးလုံးမှာ လူတစ်ယောက်၏ အတွင်းသဘာဝ စွမ်းအားများကို လှုံ့ဆော် ပေးနိုင်ရာ အချိန်တို အတွင်း အင်အား တိုးမြင့်လာ စေသည်။ သို့သော်လည်း ဆိုးကျိုးတော့ ရှိလေသည်။ ဆေးလုံးကို မျိုချပြီးနောက် ကျောင်းယန် ခန္ဓာအတွင်းတွင် သဘာဝ စွမ်းအားများက ထွက်ပေါ်လာပြီး ရေဖိအားက သိသိသာသာ လျော့နည်းသွား၏။ သူမက မိုဝူကျီကို ကျေးဇူးတင်စွာ ခေါင်းညိတ်ပြ လိုက်သည်။ အသက်ကယ်ယွမ် ဆေးလုံးကြောင့်သာ မဟုတ်ပါက သူမက ရေမျက်နှာပြင် အထက်သို့ ပြန်ရောက်  သွားပေလိမ့်မည်။ ထိုနေရာတွင် တစ်ယောက်တည်း မလုံခြုံရုံ သာမက တခြား လူများ၏ အာရုံစိုက်မှုလည်း ရလိမ့်မည်။

နောက်ထပ် မီတာ ရာဂဏန်းလောက် သွားပြီးနောက်တွင် စန်ယီပင်းနှင့် ဖူချန်းတို့ပင် စတင်၍ ရုန်းကန် လာရသည်။ သူတို့ ခြေထောက်များက ပင်လယ် ကြမ်းပြင်ဆီ ရောက်သွားလေပြီ။

အားလုံးက သက်ပြင်း ချလိုက်သော်လည်း ဖူချန်းနှင့် တခြားလူများက သူတို့ခြေချ ထားသည်မှာ ပင်လယ်ကြမ်းပြင် မဟုတ်ဘဲ မြက်များနှင့် နေရာတစ်ခု ဖြစ်ကြောင်း သိရှိ သွားကြသည်။ ဖူချန်းက သူတို့ ရပ်နေသည့် အရာမှာ ဘူးသီးပုံစံ ကျွန်းမှန်း အရင် သိလိုက်သည်။ ထိုကျွန်းမှာ ပင်လယ်အောက်သို့ အမှန်တကယ် နစ်မြုပ် နေလေသည်။

မိုဝူကျီက သူ့စိတ်စွမ်းအားဖြင့် နေရာအနှံ့ ကြည့်လိုက်သောကြောင့် ကျန်လူများထက် ရှင်းရှင်းလင်းလင်း မြင်နိုင်လေသည်။ သူတို့ ရပ်နေသည့် နေရာမှာ ဘူးသီးပုံ ဖြစ်သောကြောင့် ဘူးသီးကျွန်း ဖြစ်ရမည်။

မိုဝူကျီက လက်ဖြင့် အချက်ပြကာ သူ့နောက်မှ လိုက်လာရန် ညွှန်ကြားလိုက်သည်။ ထို့နောက် သူက ဘူးသီးဝင်ပေါက်သို့ စတင် ရွေ့လျား လိုက်တော့သည်။

ကျွန်းမှာ မကြီးလှသည့် အပြင် သူတို့၏ မြန်ဆန်လှသည့် အရှိန်ကြောင့် မိုဝူကျီက အဝင်ဝသို့ အမွှေးတိုင် တစ်တိုင်ခန့် အတွင်း ရောက်အောင် သွားနိုင်လေသည်။ သူ့စိတ် စွမ်းအားဖြင့် စစ်ဆေးကြည့် လိုက်သောအခါ ထိုသည်က ကျွန်း၏ အဝင်ပေါက် အမှန်ပင် ဖြစ်နေလေသည်။

***

All Chapters