← Chapters

နတ်ဆိုးအပြုံး

Vol. 68 Ch. 944

နတ်ဆိုးအပြုံး

Vol. 68 Ch. 944

ကျန်းရီသည် ဗုဒ္ဓဧကရာဇ်မြို့သို့ မသွားတော့ဘဲ အနီးရှိ မြို့ငယ်လေးတစ်မြို့သို့ သွားလိုက်လေသည်။ သူသည် မြို့ထဲသို့ မဝင်ခင် ပုံရိပ်ယောင်နတ်ဘုရားစွမ်းရည်ကို ထပ်သုံး၍ အဘိုးအိုတစ်ဦးအဖြစ် ပုံစံပြောင်းလိုက်သည်။ ထို့နောက် သူသည် မြို့ထဲသို့ ရောက်သည်နှင့် ကောင်းကင်ကံကြမ္မာသင်္ဘောတစ်စီးကို စီးလိုက်ပြီး အခြားမြို့တစ်မြို့သို့ တန်းသွားလိုက်လေသည်။ အခြားမြို့သို့ ရောက်သောအခါ သူ ထပ်မံ၍ ပုံစံပြောင်းလိုက်ပြီး အခြား ကောင်းကင်ကံကြမ္မာသင်္ဘောတစ်စီးကို စီး၍ နောက်တစ်မြို့သို့ ဆက်သွားလိုက်သည်။

ထိုနည်းဖြင့် ကျန်းရီသည် မြို့အနည်းငယ်ကို ဖြတ်ကျော်ခဲ့လေသည်။ သူသည် အကြိမ်များစွာ ပုံစံပြောင်းခဲ့ပြီး ယခုတွင် အသက်လတ်ပိုင်းအရွယ် ထွားကြိုင်းသော ယောက်ျားကြီးတစ်ဦးပုံစံ ရှိနေ၏။ သူသည် ထန်မျိုးနွယ်၏ ကောင်းကင်သင်္ဘောကိုစီးကာ အရှေ့မြောက်ဘက်သို့ သွားလိုက်သည်။ သူ၏ဦးတည်ရာက ဝူမျိုးနွယ်၏ ဒေသလေးခုဆီသို့ပင်။

ဝူနီသည်လည်း ကောင်းကင်ကံကြမ္မာသင်္ဘာကိုစီး၍ မြောက်ဘက်ဧကရာဇ်မြို့သို့ ပြန်နေပေပြီ။ သူသည် ဤခရီးတွင် ပို၍ကျော်ကြာလာခဲ့ပြီး အရှေ့ဘက် တော်ဝင်နယ်မြေ၏ နံပါတ်(၁)သခင်လေး ဖြစ်လာခဲ့သည်။ ထို့ကြောင့် သူ ပြန်ရောက်လျှင် ဝူမျိုးနွယ်၏ မျိုးနွယ်ခေါင်းဆောင်ငယ်အဖြစ် တင်မြှောက်ခြင်း ခံရနိုင်ပေသည်။ သူသည် တာဝန်အားလုံးကို ပြီးမြောက်အောင် လုပ်နိုင်ခဲ့ပြီး ဂုဏ်တက်ခဲ့သည်။ သူသည် ဆက်ကျင့်ကြံကာ သူ၏အင်အားကို ကြယ်ငါးပွင့်အဆင့်အထက်သို့ ရောက်အောင် လုပ်မည်ဖြစ်သည်။

“ဟုန်ဝူမြို့”

ထန်မျိုးနွယ်၏ ကောင်းကင်ကံကြမ္မာသင်္ဘော၏ အခန်းတစ်ခန်းထဲတွင် ကျန်းရီက မြေပုံပေါ်ရှိ မြို့တစ်မြို့ကို ထောက်လိုက်၏။ ဝူနီသည် မြောက်ဘက်ဧကရာဇ်မြို့သို့ ရောက်ရန် ဟုန်ဝူမြို့ကို ဖြတ်ကျော်ရမည်ဖြစ်သည်။ ဝူနီ၏ အစ်မတစ်ယောက်က ဟုန်ဝူမြို့တွင် နေထိုင်၏။ အလာခရီးတွင် ဝူနီသည် ဟုန်ဝူမြို့တွင် သုံးရက် အနားယူခဲ့သည်။

ဟုန်ဝူမြို့က မြောက်ဘက်နှင်းဖုံးဒေသနှင့် ဗုဒ္ဓဒေသ၏ နယ်စပ်တွင် တည်ရှိသည်။ ထိုမြို့သည် ဝူမျိုးနွယ်၏ ပိုင်နက်ထဲတွင်ဖြစ်သည်။ ဝူနီတို့အုပ်စုသည် မြောက်ဘက်နှင်းဖုံးဒေသသို့ ရောက်လျှင် မိမိတို့ ပိုင်နက်အတွင်း ရောက်ပြီဖြစ်၍ သတိလျော့သွားပေလိမ့်မည်။ ဝူမျိုးနွယ်၏ ပိုင်နက်ထဲတွင် မည်သူက ဝူမျိုးနွယ်၏ နံပါတ်(၁)သခင်လေးကို သတ်ဝံ့ပါမည်နည်း။

ထို့ကြောင့် ကျန်းရီသည် ဟုန်ဝူမြို့အပြင်ဘက်တွင် တိုက်ခိုက်ရန် အစီအစဉ်ဆွဲထားလေသည်။

ကျန်းရီသည် စုလောရွှယ်ကိုကယ်ရန် ဝူနီနှင့် ကျီထင်ယွီတို့ကို ဖမ်းဆီးရပေမည်။ နှစ်ယောက်စလုံးကို မဖမ်းနိုင်လျှင်ပင် ကျီထင်ယွီကို ရအောင်ဖမ်းရမည်ဖြစ်သည်။ ထို့နောက်မှ သူသည် ဓားစာခံကို အသုံးချ၍ ဝူမျိုးနွယ်နှင့် ညှိနှိုင်းကာ စုလောရွှယ်ကို ကယ်ရမည်ဖြစ်သည်။

ဟုန်ဝူမြို့သို့ရောက်ရန် နှစ်လကြာဦးမည်ဖြစ်သည်။ ထို့ကြောင့် ကျန်းရီသည် အရည်ကျို နတ်ဘုရားမီးဖိုကို သန့်စင်ရန်နှင့် ဝိညာဉ်လေများကို လေ့လာရန် အချိန်အလုံအလောက် ရပေသည်။ သူ ဝိညာဉ်လေများကို အပြည့်အဝ အသုံးချနိုင်သွားပြီး အရည်ကျို နတ်ဘုရားမီးဖိုကို အလုံးစုံ သန့်စင်ပြီးသွားသည့် အချိန်ဆိုလျှင် ဟုန်ဝူမြို့ကို ရောက်လောက်ပေပြီ။ ယင်းက စတင်ရမည့် အချိန်ပင်။

ကျန်းရီစီးသော ကောင်းကင်ကံကြမ္မာသင်္ဘောက ဝူနီ၏ ကောင်းကင်ကံကြမ္မာသင်္ဘောထက် အတန်ငယ် ပိုမြန်ပေသည်။ ထို့ပြင် သူသည် ဝူနီထက် သုံးရက်စော၍ ထွက်ခဲ့ခြင်းပင်။ ထို့ကြောင့် ခန့်မှန်းတွက်ချက်မှုအရ သူသည် ဟုန်ဝူမြို့သို့ ဝူနီထက် ငါးရက်စော၍ ရောက်နိုင်ပေသည်။ ငါးရက်ဆိုသောအချိန်က ပြင်ဆင်စရာရှိသည်များကို ပြင်ဆင်ထားရန် လုံလောက်ပေသည်။

“အဆတစ်ရာ လျှို့ဝှက်ကျင့်ကြံခြင်းအခန်း... အချိန်တစ်လခွဲ”

ကျန်းရီသည် တည်နေရာကို အတည်ပြုပြီးနောက် မြေပုံကို ပြန်သိမ်း၍ လျှို့ဝှက်ကျင့်ကြံခြင်းအခန်းသို့ သွားလိုက်လေသည်။ သူသည် ယခင်တစ်ခေါက် ရထားသော ထန်မျိုးနွယ်၏ အမိန့်ပြားကို ပြလိုက်သဖြင့် လျှော့ဈေး ရလိုက်၏။ ထို့နောက် သူသည် ကောင်းကင်ကျောက်တုံးများကို ပေးကာ လျှို့ဝှက်ကျင့်ကြံခြင်းအခန်းထဲသို့ ဝင်လိုက်သည်။

လျှို့ဝှက်ကျင့်ကြံခြင်းအခန်း၏ အကာအရံများက အလွန်အစွမ်းထက်၏။ အပြင်မှလူများသည် အခန်းထဲမှ အခြေအနေများကို မည်သို့မှ အာရုံခံနိုင်မည် မဟုတ်ပေ။ ထို့ပြင် ဝိညာဉ်လေများက သူ့ထိန်းချုပ်မှုအောက်မှ လွတ်ထွက်သွားလျှင်ပင် အကာအရံများက ကာရံပေးမည်ဖြစ်သည်။ ထို့ကြောင့် လျှို့ဝှက်ကျင့်ကြံခြင်းအခန်းက အလွန်လုံခြုံမှု ရှိပေသည်။

ကျန်းရီသည် လျှို့ဝှက်ကျင့်ကြံခြင်းအခန်းထဲသို့ ဝင်ပြီးနောက် ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေသို့ တန်းဝင်လိုက်၏။ သူသည် အတွင်းအားကို ကျင့်ကြံရင်း ကောင်းကင်ပန်းချီကားထဲမှ ရခဲ့သော နတ်ဘုရားစွမ်းရည်ကို လေ့လာလိုက်လေသည်။

ဟုတ်၏။

ကျန်းရီသည် ဗုဒ္ဓဧကရာဇ်၏ ပန်းချီကားထဲမှနေ၍ တာအိုပုံသဏ္ဌာန်တစ်ခု မဟုတ်ဘဲ နတ်ဘုရားစွမ်းရည်တစ်ခုကို ရရှိခဲ့ပေသည်။ ယင်းက အထူး ဝိညာဉ်တိုက်ခိုက်မှုစွမ်းရည်တစ်ခုပင်။ သူ ပန်းချီကမ်းပါးတွင် အတန်ငယ် မျက်နှာညှိုးခဲ့ခြင်းမှာ ထိုနတ်ဘုရားစွမ်းရည်၏ အခြေခံ‌လောက်ကိုသာ သိမြင်နားလည်နိုင်ခဲ့၍ ဖြစ်သည်။ သူသာ ပန်းချီကမ်းပါးထဲတွင် ရက်အနည်းငယ်လောက် ဆက်နေနိုင်ပါက အပြည့်အဝ သိမြင်နားလည်နိုင်ခဲ့လောက်ပေသည်။ သို့သော် ယခုတွင် သူ သိမြင်နားလည်နိုင်ပါဦးမည်လောကို သူမသိပေ။

ဗုဒ္ဓဧကရာဇ်သည် စိတ်ဝိညာဉ်တိုက်ခိုက်မှုတွင်လည်း ကျွမ်းကျင်သည်လော။ သူ၏ ကောင်းကင်ပန်းချီကားက တိုက်ပွဲမြင်ကွင်းတစ်ခုကို ရေးဆွဲထားခြင်းပင်။ ထို့ကြောင့် ပုံမှန်ဆိုလျှင် လူများသည် တိုက်ခိုက်တာအိုပုံသဏ္ဌာန်ကို ရှာကြပေလိမ့်မည်။ သို့သော် သူက စိတ်ဝိညာဉ်တိုက်ခိုက်မှုစွမ်းရည်တစ်ခုကို ထည့်သွင်းထားခြင်းပင်။ ထို့ကြောင့် လူများစွာက မသိမြင်နိုင်ခဲ့ခြင်းမှာ အံ့ဩစရာ မရှိချေ။ ပန်းချီကားထဲရှိ စိတ်ဝိညာဉ်တိုက်ခိုက်မှုစွမ်းရည်က ထူးခြား၏။ ၎င်းသည် လူများကို အပြုံးဖြင့် တိုက်ခိုက်ခြင်းပင်။

ကျန်းရီ၏ စိတ်ထဲတွင် ရီဖျောင်ဖျောင်၏ နှုတ်ခမ်းများမှ ယစ်မူးဖွယ်အပြုံးနှင့် ပြည့်နှက်နေဆဲပင်။ သူသည် ထိုအပြုံးအတွင်း သူ့ကိုယ်သူ နှစ်မြှုပ်ရန် အကောင်းဆုံး ကြိုးစားလိုက်၏။ စိတ်ထဲ၌ ထိုအပြုံးက ရှင်းလင်းနေဆဲတွင် သူ ထိုစိတ်ဝိညာဉ်တိုက်ခိုက်မှုကို သိမြင်နားလည်သွားအောင် လုပ်လိုနေပေသည်။

ကျန်းရီသည် ပို၍ သိမြင်နားလည်လာလေလေ ဗုဒ္ဓဧကရာဇ်နှင့် ထိုစိတ်ဝိညာဉ်တိုက်ခိုက်မှုစွမ်းရည်ကို ပို၍ အထင်ကြီးလာလေလေပင်။

အပြုံး...

လူသားတို့၏ အခြေခံအကျဆုံး မျက်နှာအမူအရာတစ်ခု။ ကလေးငယ်တစ်ယောက်သည် မွေးကတည်းက မည်သို့ပြုံးရမည်ကိုသိ၏။ အပြုံးသည် မိမိအနီးမှ လူများကို နွေးထွေးစေသလို မိမိကိုလည်း စိတ်အားတက်စေသည်။ ပြုံးသူများက ကံဆိုးမည်မဟုတ်၊ ပြုံးသူများက လွယ်လွယ်အိုမင်းမည်မဟုတ်ဟု ယုံကြည်ကြ၏။ အပြုံးတစ်ပွင့်က ကြင်နာမှု၊ ချစ်ခင်မှု၊ ပျော်ရွှင်မှု စသဖြင့် အရာများစွာကို ပြသနိုင်၏။

အပြုံးသည် ရန်သူ၏ သတိတရားကိုပင် လျော့နည်းသွားစေနိုင်သည်။ မိန်းမတစ်ယောက်၏အပြုံးက လူသတ်နိုင်၏။ အပြုံးတစ်ပွင့်သည် လူများကို မသိလိုက်ဘဲ ထိခိုက်သွားစေနိုင်သည်။ အပြုံးတစ်ပွင့်မှ ထုတ်လွှတ်လိုက်သော တိုက်ခိုက်မှုက ပြိုင်ဘက်ကင်းပင်။

အပြုံးတစ်ပွင့်၏နောက်တွင် ဓားဝှက်ထားလိမ့်မည်ဟု မည်သူက ထင်မည်နည်း။ အပြုံးနောက်ကွယ်တွင် ကြင်နာမှုနှင့် နွေးထွေးမှုအစား သတ်ဖြတ်လိုမှု ရှိနေလိမ့်မည်ဟု မည်သူက‌ မျှော်လင့်မည်နည်း။

“အဲ့ဒါကို နတ်ဆိုးအပြုံးလို့ ခေါ်သင့်တယ်”

ကျန်းရီ သက်ပြင်းသဲ့သဲ့ ချလိုက်၏။ သူသာ နတ်ဆိုးအပြုံးကို ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်သွားလျှင် သူ့စိတ်ဝိညာဉ်က များစွာသန်မာလာပေလိမ့်မည်။ သူသည် လူများကို မသိမသာ သတ်နိုင်လာမည်ဖြစ်သည်။ သာမန်သိုင်းပညာရှင်များသည် သူတို့ကို မည်သည့်အရာက သတ်သွားကြောင်းပင် သိလိုက်မည် မဟုတ်ပေ။

စိတ်ဝိညာဉ်တိုက်ခိုက်မှုက ထူးဆန်းသော တိုက်ခိုက်မှုတစ်ခုပေ။ ၎င်းတွင် ရည်ရွယ်ချက်နှစ်ခုရှိသည်။ ပထမတစ်ခုမှာ ပြိုင်ဘက်၏ စိတ်ဝိညာည်ကို ဖျက်ဆီးပစ်ရန်ဖြစ်သည်။ စိတ်ဝိညာဉ်ပျက်စီးသွားလျှင် လူလည်း သေသွားမည်ဖြစ်သည်။ ဒုတိယတစ်ခုမှာမူ ရန်သူကို စိတ်ရှုပ်ထွေးအောင် လုပ်ကာ အခြားတိုက်ခိုက်မှုများကို မခုခံနိုင် သို့မဟုတ် ပြန်မတိုက်ခိုက်နိုင်အောင် လုပ်ရန်ပင်။ သို့ဆိုလျှင် ရန်သူက အလွယ်တကူ အသတ်ခံလိုက်ရပေမည်။

ကျန်းရီ၏ ဝိညာဉ်ဓားများမှာ ပထမအမျိုးအစားဖြစ်သည်။ သတ်ဖြတ်အရှိန်အဝါနှင့် နတ်ဆိုးအပြုံးကမူ ဒုတိယ အမျိုးအစားဖြစ်သည်။ သတ်ဖြတ်အရှိန်အဝါသည် အလွန်အားကောင်းလျှင် ပြိုင်ဘက်၏ စိတ်ဝိညာဉ်ကို ဖိနှိပ်ထားနိုင်ပေသည်။ သို့ဆိုလျှင် ပြိုင်ဘက်က လှုပ်ရှားနိုင်တော့မည် မဟုတ်ပေ။ နတ်ဆိုးအပြုံးကမူ ထူးဆန်းသောနည်းလမ်းဖြင့် အလုပ်လုပ်ပြီး လူများကို တိတ်တဆိတ်တိုက်ခိုက်ပေသည်။

‘ဆယ်ရက်ကြာပြီးရင်တော့... နတ်ဆိုးအပြုံးက တိုးတက်လာလာ၊ မလာလာ ငါ အရည်ကျိုနတ်ဘုရားမီးဖိုကို စပြီး သန့်စင်ရမယ်’

ကျန်းရီသည် ဆုံးဖြတ်ချက်ချကာ နတ်ဆိုးအပြုံးကို စိတ်နှစ်၍ လေ့လာလိုက်လေသည်။ သူသည် မကြာမကြာဆိုသလို အရူးတစ်ယောက်ကဲ့သို့ ပြုံးနေပေသည်။ ထိုအခိုက်တွင် အခြားသူများသာ သူ့ကို မြင်လိုက်ပါက ကြောက်ရွံ့သွားကြပေလိမ့်မည်။

***

ဆယ်ရက်ကြာပြီးနောက် ကျန်းရီသည် အရည်ကျိုနတ်ဘုရားမီးဖိုကို ထုတ်လိုက်ပြီး စတင်သန့်စင်လိုက်လေသည်။ ၎င်းကို သန့်စင်ရန် ကြယ်တာရာစွမ်းအားသာလိုပေသည်။ သို့သော် အပြည့်အဝ သန့်စင်နိုင်ရန် အချိန်တစ်ခုတော့ ပေးရမည်ဖြစ်သည်။

ကျန်းရီသည် အရည်ကျိုနတ်ဘုရားမီးဖိုကို လဝက်ကြာ သန့်စင်လိုက်၏။ သူသည် ၎င်းကို ဗုဒ္ဓဧကရာဇ်မြို့တွင် ငါးရက်ကြာ သန့်စင်ခဲ့သေးသည်ဖြစ်၍ ယခုတွင် အပြည့်အဝ သန့်စင်ပြီးရန် ဆယ်ရက်သာ ထပ်လိုတော့ပေသည်။ ထို့ကြောင့် သူ စိတ်လှုပ်ရှားလာ၏။ အပြည့်အဝ သန့်စင်ပြီးလျှင် အရည်ကျိုနတ်ဘုရားမီးဖို၏ အစွမ်းက မည်သို့ရှိမည်ကို သူ မသိပေ။

ဆယ်ရက်ကြာပြီးနောက်...

အရည်ကျိုနတ်ဘုရားမီးဖို၏ ကိုယ်ထည်မျက်နှာပြင်ပေါ်တွင် သင်္ကေတပုံသဏ္ဌာန်များ တောက်ပလာ၏။ ထို့နောက် မီးဖိုမှနေ၍ ကြောက်မက်ဖွယ် အရှိန်အဝါတစ်ခု ထွက်လာပေသည်။ ထိုအရှိန်အဝါက အလွန်စွမ်းအားကြီးသဖြင့် လျှို့ဝှက်ကျင့်ကြံခြင်းအခန်း၏ အကာအရံများကပင် မတားဆီးနိုင်ချေ။ ထို့ကြောင့် သင်္ဘောပေါ်ရှိ လူအားလုံး လန့်ဖြန့်သွားကြ၏။

ဝှစ်...ဝှစ်...ဝှစ်...

သင်္ဘောအခန်းများထဲမှနေ၍ လူများစွာ ပျံထွက်လာကြ၏။ ထိုလူများထဲတွင် ထန်မျိုးနွယ်မှ သိုင်းပညာရှင်များလည်း ပါပေသည်။ ကောင်းကင်ကံကြမ္မာသင်္ဘောကို ကြီးကြပ်ရသော ကြယ်ငါးပွင့် သိုင်းပညာရှင်နှစ်ယောင်ပင် သတိကြီးသွားသည်။ ထိုအရှိန်အဝါက အလွန်ကြောက်မက်ဖွယ် ကောင်းပေသည်။

သို့သော် အရှိန်အဝါသည် ချက်ချင်း ပြန်ပျောက်ကွယ်သွားပြီး မည်သည့်နေရာတွင်မှ ရှာမတွေ့တော့ချေ။ ထို့ကြောင့် လူများသည် ထိုအရှိန်အဝါက လျှို့ဝှက်ကျင့်ကြံခြင်းအခန်းတစ်ခန်းထဲမှ ထွက်လာခြင်းဖြစ်ကြောင်း သိလိုက်ကြသည်။ သို့သော် မည်သည့်အခန်းထဲက ထွက်လာကြောင်းကိုတော့ မည်သူမှ အတိအကျ မသိပေ။

“အဲ့အရှိန်အဝါက ဘာလဲ။ အနည်းဆုံးတော့ အဲ့အရှိန်အဝါက ကြယ်ငါးပွင့် သိုင်းပညာရှင်အဆင့် ရှိတယ်”

“တစ်ယောက်ယောက်က ကြယ်ငါးပွင့် သိုင်းပညာရှင်အဆင့်ကို တက်လှမ်းနိုင်သွားပြီး ကြယ်ငါးပွင့်နဲ့အထက် တာအိုပုံသဏ္ဌာန်တစ်ခုကို သိမြင်နားလည်သွားတာလား။ ဒါပေမဲ့ ဘာလို့ ကြယ်တာရာစွမ်းအား ရောက်မလာရတာလဲ”

“အဲ့ဒါက အရမ်းကြောက်စရာကောင်းတာပဲ။ တစ်ယောက်ယောက်က တိုက်ခိုက်လိုက်တာလို့ ငါထင်တယ်...”

အပြင်ဘက်မှ လူများသည် ဆွေးနွေး၍ မပြီးနိုင် ဖြစ်နေကြသည်။ ထို့ကြောင့် ထန်မျိုးနွယ်မှ အကြီးအကဲတစ်ယောက်က လျှို့ဝှက်ကျင့်ကြံခြင်းအခန်းများဆီသို့ လျှောက်သွားလိုက်ပြီး လူအုပ်ကို လက်ဝှေ့ယမ်းကာ ပြောလိုက်လေသည်။

“အားလုံးပဲ စိတ်အေးအေးထားကြပါ။ ကျုပ်က ထန်မျိုးနွယ်က အကြီးအကဲတစ်ယောက်ပါ။ ဘယ်သူက ဘယ်သူ့ကိုမှ မတိုက်ခိုက်ပါဘူး။ အဲ့ဒါက သိုင်းပညာရှင်တစ်ယောက်က သူ့ရဲ့အရှိန်အဝါကို မတော်တဆ ထုတ်လွှတ်မိသွားတာပါ။ ကျုပ် သူ့ကို သွားကြည့်လိုက်ပါမယ်”

“သေစမ်း...”

လျှို့ဝှက်ကျင့်ကြံခြင်းအခန်းထဲရှိ ကျန်းရီလည်း အံ့အားသင့်သွား၏။ ထိုအရှိန်အဝါက အလွန်ကြောက်မက်ဖွယ်ကောင်းသဖြင့် သူပင် ရုတ်တရက် လန့်သွားမိခဲ့ပေသည်။

ကျန်းရီသည် အရည်ကျိုနတ်ဘုရားမီဖိုကို လျင်မြန်စွာ ပြန်သိမ်းလိုက်ပြီး အကြောင်းအရာများစွာကို တွေးတောလိုက်လေသည်။ သူသည် အကြောင်းအရာများကို ပြန်တွေးတောရင်း ထပ်မံ တုန်ယင်သွား၏။ ထို့နောက် သူသည် မယုံနိုင်သောမျက်ဝန်းများဖြင့် တီးတိုးရေရွတ်လိုက်သည်။

“အဲ့မီးဖိုက တော်‌တော်စွမ်းအားကြီးတာပဲ... တကယ်ပဲ အစောက ငါ အဲ့ဒါကို နိုးထလာအောင် လုပ်နိုင်သွားတာလား”

***

All Chapters