← Chapters

အရည်ကျို နတ်ဘုရားမိစ္ဆာမီးတောက်

Vol. 68 Ch. 945

အရည်ကျို နတ်ဘုရားမိစ္ဆာမီးတောက်

Vol. 68 Ch. 945

ရွှီး...

ကျန်းရီတစ်‌ယောက် အံ့အားသင့်နေစဉ်တွင် လျှို့ဝှက်ကျင့်ကြံခြင်းအခန်း၏ အကာအရံများက လင်းလက်သွားပြီး ကောင်းကင်စိတ်အာရုံ ဝင်ရောက်လာလေသည်။ ထို့နောက် အသံတစ်သံ ထွက်ပေါ်လာ၏။

“အရှင်... ကျုပ်က ထန်မျိုးနွယ်က အကြီးအကဲ ထန်ရှန့်ပါ။ ဘာဖြစ်သွားတာလဲဆိုတာကို မေးလို့ရမလားခင်ဗျာ။ အစောက ဘာလို့ စွမ်းအားကြီးအရှိန်အဝါတစ်ခု ထွက်လာရတာပါလဲ”

“အန်...”

ကျန်းရီ အသိစိတ်ပြန်ကပ်သွားပြီး ချက်ချင်း အသံပြန်ပို့လွှတ်လိုက်သည်။

“အကြီးအကဲထန်... ကျွန်တော် ကျင့်ကြံနေရင်း ကျွန်တော့်ရဲ့အရှိန်အဝါက မတော်တဆ အပြင်ကို ထွက်သွားတာပါ။ အားလုံးကို နှောင့်ယှက်မိတဲ့အတွက် ကျွန်တော် တောင်းပန်ပါတယ်”

“ကိစ္စမရှိပါဘူး”

ကောင်းကင်စိတ်အာရုံက ကျန်းရီအပေါ်သို့ ကျရောက်လာပြီး ခေတ္တမျှ အာရုံခံလိုက်ကြ၏။ ကျန်းရီက ကောင်းကင်ဧကရာဇ် ပထမအဆင့်သာ ရှိသူတစ်ယောက်ဟု ထင်ရသဖြင့် အကြီးအကဲထန်က အတန်ငယ် အံ့အားသင့်နေပံပင်။ သို့သော် ကောင်းကင်စိတ်အာရုံက လျင်မြန်စွာ ပြန်ဆုတ်သွားသည်။ ထို့နောက် အသံပို့လွှတ်မှုတစ်ခု ထပ်မံ ရောက်ရှိလာ၏။

“အရှင်... ဆက်ပြီး ကျင့်ကြံပါ။ အရှင့်ကို နှောင့်ယှက်ရတာ တောင်းပန်ပါတယ်။ ထန်ရှန့် အရှင်နဲ့ မိတ်ဆွေဖွဲ့ချင်ပါတယ်။ အရှင် အားတဲ့အခါကျ ကျုပ်တို့ အတူတူသောက်ကြမလား”

“ဟားဟား... ကောင်းပါပြီ”

ကျန်းရီက ပြန်၍ အသံပို့လွှတ်လိုက်သည်။ အကာအရံများက တောက်ပလာပြီး ပြန်ပွင့်သွားလေသည်။ ထို့နောက်မှ ကျန်းရီ သူ့နဖူးရှိ ဇောချွေးများကို သုတ်လိုက်ကာ သံသယဖြင့် ရေရွတ်လိုက်သည်။

“ငါ အဲ့ဒါကို တကယ်ပဲ နိုးထလာအောင် လုပ်နိုင်ခဲ့တာလား”

အစောတွင် ကျန်းရီသည် အရည်ကျို နတ်ဘုရားမီးဖိုကို အပြည့်အဝ သန့်စင်နိုင်ခဲ့ပြီး ထိုရှေးဟောင်းအသုံးအဆောင်ဖြင့် ဝိညာဉ်ချိတ်ဆက်နိုင်ခဲ့သည်။ ထိုအကြောင်းအားလုံးကို သူ သိပေသည်။

ထိုရှေးဟောင်းအသုံးအဆောင်သည် အရည်ကျို နတ်ဘုရားမီးဖိုဟုခေါ်ပြီး ရှေးခေတ်စစ်သူကြီး ကျန်ထျန်ဝမ် ပြုလုပ်ခဲ့သော မူလရတနာတစ်ခုဖြစ်သည်။ ကျန်ထျန်ဝမ်သည် အထွတ်အထိပ်အဆင့် နတ်ဘုရားတစ်ပိုင်း သိုင်းပညာရှင်ဖြစ်ခဲ့ပြီး ကြယ်ကိုးပွင့်အဆင့်အထိ ရောက်ခဲ့သည်။ သူ ကျင့်ကြံသော တာအိုပုံသဏ္ဌာန်မှာ မီးဓာတ်ဖြစ်သည်။ ထို့ကြောင့် သူ့ကို ‘မီးနတ်ဘုရား’ဟု ခေါ်ကြသည်။

ထိုအရည်ကျို နတ်ဘုရားမီးဖိုသည် အမြဲ သူ့ဘေးတွင် ရှိနေခဲ့သော မူလရတနာတစ်ခုပင်။ တစ်ခါက သူသည် မဟာမိစ္ဆာတစ်သန်းကို အနိုင်ယူနိုင်ခဲ့ပြီး မရေမတွက်နိုင်သော မိစ္ဆာအရှင်များကို သတ်ပစ်ခဲ့သည်။ သူက ရှေးဟောင်းမဟာမျိုးနွယ်၏ ထိပ်တန်းသိုင်းပညာရှင်သုံးယောက်ထဲမှ တစ်ယောက်လည်း ဖြစ်ခဲ့သည်။

“ကောင်းကင်စစ်သူကြီးနန်းတော်၊ ကောင်းကင်နတ်ဘုရားနန်းတော်... ကောင်းကင်ဘုရင်နန်းတော်။ ကျန်တဲ့ နန်းတော်နှစ်ခုမှာ မဟာသိုင်းပညာရှင်နှစ်ယောက်ကို မြှုပ်နှံထားတာလား။ အဲ့နန်းတော်နှစ်ခုထဲမှာ ပိုပြီးစွမ်းအားကြီးတဲ့ ရှေးဟောင်းအသုံးအဆောင်တွေ ရှိတာလား”

ကျန်းရီ လိုချင်သွား၏။ အရည်ကျို နတ်ဘုရားမီးဖိုထဲတွင် ထိုမီးဖို၏ သခင်အကြောင်း အနည်းငယ် ရှိပေသည်။ ယင်းကို ကျန်ထျန်ဝမ်က ချန်ခဲ့ခြင်းဖြစ်မည်။ အစပိုင်းမှ အကြောင်းများက အရေးမကြီးပေ။ အရေးကြီးသော အကြောင်းများက နောက်ပိုင်မှအကြောင်းများ ဖြစ်သည်။

အရည်ကျို နတ်ဘုရားမီးဖိုထဲတွင် စွမ်းအားမတူသော တာအိုပုံသဏ္ဌာန်သုံးခုကို ထည့်သွင်းထား၏။ တာအိုပုံသဏ္ဌာန်တစ်ခုစီကို နှိုးရန် အင်အားအဆင့်တစ်ခုစီ လိုအပ်ပေသည်။ ၎င်းတာအိုပုံသဏ္ဌာန်တစ်ခုစီသည် စွမ်းအားအဆင့်မတူသော မီးတောက်တစ်ခုစီကို ထုတ်လွှတ်နိုင်သည်။ ပထမတာအိုပုံသဏ္ဌာန်က ယန်ကိုးပါးသမာဓိမီးတောက်ကို ထုတ်လွှတ်နိုင်သည်။ ဒုတိယပုံသဏ္ဌာန်က နိဗ္ဗာန်မီးတောက်ကို ထုတ်လွှတ်နိုင်သည်။ တတိယပုံသဏ္ဌာန်ကမူ အရည်ကျို နတ်ဘုရားမိစ္ဆာမီးတောက်ကို ထုတ်လွှတ်နိုင်ပေသည်။

အချက်အလက်များက ရှင်း၏။ ယန်ကိုးပါးသမာဓိမီးတောက်က အထွတ်အထိပ်အဆင့် ကောင်းကင်ဧကရာဇ် သိုင်းပညာရှင်များကို သတ်နိုင်သည်။ ကြယ်ငါးပွင့် ပညာရှင်များပင် စွမ်းအားကြီး ခုခံနတ်ဘုရားစွမ်းရည်များ မရှိလျှင် ပျက်စီးရမည်ဖြစ်သည်။ နိဗ္ဗာန်မီးတောက်က ပို၍ စွမ်းအားကြီးသည်။ ၎င်းက နတ်ဘုရားတစ်ပိုင်းများ အပါအဝင် ကြယ်ခုနစ်ပွင့်နှင့်အောက် သိုင်းပညာရှင်များကို သတ်နိုင်ပေသည်။

အရည်ကျို နတ်ဘုရားမိစ္ဆာမီးတောက်ကမူ ပို၍ပင် ကြောက်မက်ဖွယ်ကောင်းသည်။ အတိတ်တွင် ကျန်ထျန်ဝမ်သည် အရည်ကျို နတ်ဘုရားမီးတောက်ကို သုံး၍ ကြယ်ကိုးပွင့် သိုင်းပညာရှင်များနှင့် ယှဉ်နိုင်သော မိစ္ဆာအရှင်အချို့ကို သတ်ခဲ့ပြီး မီးနတ်ဘုရားဟူသော မဟာဂုဏ်ပုဒ်ကို ရရှိခဲ့ပေသည်။

ကျန်းရီသည် အကြောင်းအရာ အချက်အလက်များကို ဂရုတစိုက် ဖတ်ရှုရင်း အံ့အားသင့်နေလေသည်။ ထိုရတနာက အလွန်စွမ်းအားကြီးပေသည်။ ၎င်းကို မည်သည့် ဝိညာဉ်ချိတ်ဆက် မူလရတနာကမှ ယှဉ်နိုင်မည် မဟုတ်ချေ။

မည်သို့သော ဝိညာဉ်ချိတ်ဆက် မူလရတနာက ကျန်းရီကို ကြယ်ကိုးပွင့် သိုင်းပညာရှင်များအား သတ်နိုင်မည့် အခွင့်အရေးတစ်ခု ရစေပါမည်နည်း။

“မဟုတ်သေးဘူး...”

ရှေးဟောင်းအသုံးအဆောင်က စွမ်းအားကြီးစေကာမူ သူ့တွင် တာအိုပုံသဏ္ဌာန်ကို နှိုးနိုင်မည့် အင်အားအလုံအလောက်မရှိလျှင် မည်သည့် သိုင်းပညာရှင်ကိုမှ သတ်နိုင်မည်မဟုတ်ကြောင်း  ကျန်းရီ နားလည်သွား၏။ ကျန်ထျန်ဝမ်က ကြယ်ကိုးပွင့် သိုင်းပညာရှင်များကို သတ်နိုင်ခဲ့ခြင်းမှာ သူကိုယ်တိုင်ကလည်း ကြယ်ကိုးပွင့် သိုင်းပညာရှင် ဖြစ်နေ၍ပင်။ ထို့ပြင် သူက မီးဓာတ်တာအိုပုံသဏ္ဌာန်ကို ကျင့်ကြံပေသည်။ အခြားသူများဆိုလျှင် အရည်ကျို နတ်ဘုရားမိစ္ဆာမီးတောက်ကို မထုတ်လွှတ်နိုင်လောက်ပေ။ ထိုမီးတောက်ကို ထုတ်လွှတ်နိုင်ရန် အသုံးပြုသူကလည်း ကြယ်ကိုးပွင့်အဆင့် ရှိရမည်ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ ကျန်းရီတစ်ယောက် ဝမ်းမြောက်နေပေသည်။ တစ်ချိန်တည်းမှာပင် သူမည်သူဖြစ်ကြောင်းနှင့် ထိုရတနာအကြောင်း မပေါ်သွားအောင် သတိထားရမည်ဟု သူ့ကိုယ်သူ သတိပေးလိုက်လေသည်။ မဟုတ်လျှင် သူသည် မရေမတွက်နိုင်သော သိုင်းပညာရှင်များ၏ အမဲလိုက်မှုကို ခံရပေလိမ့်မည်။ ဤလောကထဲရှိ ထိပ်တန်းမူလရတနာဆယ်ခုထဲတွင် ရှေ့ပိုင်းခုနစ်ခုက ရှေးဟောင်းအသုံးအဆောင်များချည်းသာ ဖြစ်သည်။

‘ငါ့ရဲ့ အင်အားက အရည်ကျို နတ်ဘုရားမီးဖိုကို နှိုးဖို့ လုံလောက်နေပြီလား’

ကျန်းရီ၏ စိတ်ထဲတွင် မေးခွန်းတစ်ခု ထပ်မံ ထွက်ပေါ်လာ၏။ ရှေးဟောင်းအသုံးအဆောင်ထဲမှ အချက်အလက်များက မီးဖိုကို နှိုးရန် အသုံးပြုသူက မည်သည့်အဆင့်ရှိရမည်ဟု အတိအကျ မဖော်ပြထားပေ။ လက်ရှိတွင် ကျန်းရီသည် ကောင်းကင်ကံကြမ္မာသင်္ဘောပေါ်၌ ထပ်မစမ်းဝံ့တော့ချေ။ သူသာ ကောင်းကင်ကံကြမ္မာသင်္ဘောတွင် အပေါက်တစ်ပေါက်ဖြစ်အောင် လုပ်မိသွားပါက ထန်မျိုးနွယ်ဝင်များ၏ လိုက်ဖမ်းခြင်းကို ခံရပေလိမ့်မည်။

“ငါ ဟုန်ဝူမြို့အပြင်ကို ရောက်တဲ့အထိ စောင့်ရမယ်”

ကျန်းရီသည် စိတ်လှုပ်ရှားမှုကို အကောင်းဆုံးကြိုးစား၍ ဖိနှိပ်ထား၏။ ရတနာက ကောင်းသော်လည်း သူ့အင်အားက အားနည်းလွန်းနေပေ‌သည်။ သူ ယန်ကိုးပါးသမာဓိမီး‌တော်ကို ထုတ်လွှတ်နိုင်မည် ဆိုလျှင်ပင် နိဗ္ဗာန်မီးတော်ကို မထုတ်လွှတ်နိုင်လောက်ပေ။ အရည်ကျို နတ်ဘုရားမိစ္ဆာမီးတောက်ကိုဆိုလျှင် ပြောနေရန်ပင် လိုမည်မထင်ချေ။

ယန်ကိုးပါးသမာဓိမီးတောက်က အထွတ်အထိပ်အဆင့် ကောင်းကင်ဧကရာဇ် ပညာရှင်များကို လောင်မြိုက်နိုင်မည်ဟု ကျန်းရီ သေချာပေသည်။ စုန်းနတ်ဘုရား၏ ကောင်းကင်ဖျက်မီး မှော်အတတ်အကြောင်းကို သူ သိ၏။ ထိုမှော်အတတ်၏ အမြင့်ဆုံးအဆင့်က ယန်ကိုးပါးသမာဓိမီးတောက်ဖြစ်သည်။ ထိုမီးတောက်က အထွတ်အထိပ်အဆင့် ကောင်းကင်ဧကရာဇ် ပညာရှင်များကို သတ်နိုင်ပေသည်။

‘ငါကျင့်ကြံရမယ်။ ဘယ်ရတနာကို နှိုးချင်နှိုးချင် အတွင်းအားလိုအပ်တယ်။ ငါ့ရဲ့ အတွင်းအားအဆင့်က အားနည်းလွန်းနေတယ်။ ငါ့ရဲ့ အတွင်းအားအဆင့်ကို မြှင့်တင်နိုင်မှ အဲ့ရတနာကို နှိုးနိုင်မယ်။ ထန်မျိုးနွယ်ရဲ့ အဆတစ်ထောင်လျှို့ဝှက်ကျင့်ကြံခြင်းအခန်းကို သေချာပေါက် တစ်ခေါက်လောက်တော့ ရောက်အောင်သွားပြီး ငါ့ရဲ့ အတွင်းအားအဆင့်ကို ကောင်းကင်ဧကရာဇ် အထွတ်အထိပ်အဆင့်အထိရောက်အောင် ကြိုးစားရမယ်။ ငါသာ ယန်ကိုးပါးသမာဓိမီးတောက်နဲ့ နိဗ္ဗာန်မီးတောက်ကို စိတ်ကြိုက်ထုတ်လွှတ်နိုင်ရင် ကောင်းကင်ဧကရာဇ်တိုင်းနဲ့ သာမန်နတ်ဘုရားတစ်ပိုင်းတွေကို သတ်နိုင်သွားလိမ့်မယ်။ ဒါပေမဲ့... ငါ့ရဲ့ လက်ရှိအဆင့်က ယန်ကိုးပါးသမာဓိမီးတော်ကိုတောင် ထုတ်နိုင်လောက်ပါ့မလား။ အရှင်ဘုရား ကျွန်တော့်ကို ကူညီပါ’

ကျန်းရီ စိတ်ထဲမှ ဆုတောင်းလိုက်၏။ သူသာ အရည်ကျို နတ်ဘုရားမီးဖိုကို နှိုး၍ ယန်ကိုးပါးသမာဓိမီးတောက်ကို ထုတ်လွှတ်နိုင်လျှင် ဝူနီ၏အနီးရှိ သိုင်းပညာရှင်အုပ်စုကို အလွယ်တကူ ရှင်းပစ်နိုင်ပေလိမ့်မည်။

ကျန်းရီ သက်ပြင်းချလိုက်ပြီး သူ့ခေါင်းထဲမှ အနှောင့်အယှက်ဖြစ်စေမည့် အတွေးများကို ရှင်းထုတ်လိုက်သည်။ ထို့နောက်တွင် သူသည် ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေသို့ဝင်၍ အတွင်းအားကို စတင်ကျင့်ကြံကာ ဝိညာဉ်လေများကို လေ့လာလိုက်လေသည်။

ဝှီး...ဝှီး...

ကျန်းရီသည် ဗုဒ္ဓဧကရာဇ်မြို့အနီးရှိ တောအုပ်တစ်ခုတွင် တစ်ညနေခဲ့ပြီး ဝိညာဉ်လေအချို့ကို စုပ်ယူခဲ့၏။ ယခုတွင် သူသည် ထိုစုပ်ယူလာခဲ့သော ဝိညာဉ်လေများကို လက်မှပြန်ထုတ်လိုက်ပြီး အမည်မဲ့ကျင့်စဉ်ကိုသုံးကာ ၎င်းတို့ကို ထိန်းချုပ်၍ သူ့ခန္ဓာကိုယ်ပတ်ပတ်လည်တွင် ခပ်ဖြည်းဖြည်း လှည့်ပတ်စေလိုက်လေသည်။

‘ဝိညာဉ်လေတွေက ဓား၊ ဒိုင်းနဲ့ ချပ်ဝတ်အဖြစ် ပြောင်းလဲနိုင်တယ်... ပြီးတော့ မိုင်သောင်းအချီအကွာကနေလည်း သတ်ဖြတ်နိုင်တယ်...’

ကျန်းရီသည် ဆန်းကြယ်သောအဘိုးအို ပြောခဲ့သော စကားများနှင့် မိုးကြိုးမီးနတ်ဘုရားဒိုင်းကို ဖန်တီးသည့်နည်းအတိုင်း သူ ဝိညာဉ်လေနတ်ဘုရားဒိုင်းကို ဖန်တီးခဲ့ပုံကို ပြန်တွေးတောလိုက်သည်။ သူ အကြံတစ်ခု ရလိုက်၏။ သူသည် ဝိညာဉ်လေတန်းများကို ထိန်းချုပ်၍ အချင်းချင်း လိမ်ရစ်ကာ ပေါင်းစည်းစေလိုက်သည်။ သူသည် တိုက်ခိုက်ရန် နည်းလမ်းများကို ရှာဖွေနေခြင်းပင်။

ဝိညာဉ်လေများသည် ကာကွယ်ရန် နတ်ဘုရားဒိုင်းအဖြစ် ပေါင်းစည်းနိုင်သဖြင့် တိုက်ခိုက်ရန်အတွက် ဓား၊ ဓားမြှောင်၊ လှံ စသော လက်နက်တစ်ခုခုအဖြစ်လည်း ပေါင်းစည်းနိုင်လောက်ပေသည်။

ဝိညာဉ်လေများတွင် စွမ်းအားကြီး အဖျက်စွမ်းအင်ရှိ၏။ ညအချိန်တွင် မြင့်မားသော ကောင်းကင်ထက်၌ ဝိညာဉ်လေများ သိပ်သည်းနေတတ်သည်။ သာမန်နတ်ဘုရားတစ်ပိုင်းများပင် မြင့်မားသော ကောင်းကင်ထက်သို့ မတက်ဝံ့ကြပေ။ ထို့ကြောင့် ဝိညာဉ်လေများ ပိုသိပ်သည်းလေလေ၊ စွမ်းအားပိုကြီးလေလေဟု ယူဆနိုင်သည်။

ဝိညာဉ်လေတန်း တစ်တန်းတည်းသာဆိုလျှင် သာမန် ကောင်းကင်ဧကရာဇ်တစ်ပါး၏ နတ်ဘုရားဒိုင်းက ကာနိုင်ပေလိမ့်မည်။ သို့သော် ဝိညာဉ်လေတန်းများစွာက တစ်ပြိုင်တည်း တိုက်ခိုက်လျှင်မူ နတ်ဘုရားတစ်ပိုင်းတစ်ယောက်သည်ပင် ခံနိုင်မည် မဟုတ်ပေ။

သို့ဆိုလျှင် ကျန်းရီသာ ဝိညာဉ်လေတန်းများစွာကို ပုဆိန်၊ ဓား သို့မဟုတ် မြားတံအဖြစ် ပေါင်းစည်းနိုင်လျှင် ၎င်း၏ စွမ်းအားက ကြောက်မက်ဖွယ်ကောင်းလောက်အောင် ကြီးပေလိမ့်မည်။ သူသည် သာမန် သိုင်းပညာရှင်တိုင်းကို အလွယ်တကူ သတ်နိုင်လာမည်ဖြစ်သည်။

‘ဝိညာဉ်လေတွေက ကောင်းကင်ကြယ်တာရာနယ်နမိတ်မှာရှိတဲ့ ရှိန်စရာအကောင်းဆုံး စွမ်းအင်ပဲ။ အဲ့လေတွေက ဘယ်က ရောက်လာတာလဲ။ ဘာလို့ ငါက ဝိညာဉ်လေတွေကို စုပ်ယူနိုင်နေရတာလဲ။ ဒီအမည်မဲ့ကျင့်စဉ်ရဲ့ လျှို့ဝှက်ချက်က ဘာလဲ’

ကျန်းရီ တွေးတောအံ့အားသင့်နေ၏။ ဆန်းကြယ်အဘိုးအိုက သူ့တွင် အဖိုးတန်ခန္ဓာကိုယ်ရှိသည်ဟု ပြောခဲ့၏။ သို့သော် သူ ၎င်းကို မည်သို့သုံးရမည် မသိပေ။ သူ ရင်ထဲမှ သက်ပြင်းချလိုက်ပြီး ဝိညာဉ်လေများကို ဆက်ပေါင်းစည်းလိုက်သည်။ သူသည် ရန်သူများကို မိုင်သောင်းချီအကွာမှနေ၍ သတ်နိုင်ရန် မမျှော်လင့်ပေ။ သူ၏စိတ်ဝိညာဉ်က အားနည်းလွန်းသည် မဟုတ်ပါလား။ လက်ရှိတွင် သူသည် ဝိညာဉ်လေများကို သုံးကီလိုမီတာအတွင်းတွင်သာ ထိန်းချုပ်နိုင်ပေသည်။ ထိုထက်လွန်သွားလျှင် ဝိညာဉ်လေများက သူ့ထိန်းချုပ်မှုအောက်တွင် မရှိကြတော့ချေ။

‘ဟုတ်တယ်... စိတ်ဝိညာဉ်’

ကျန်းရီသည် စိတ်ဝိညာဉ်အကြောင်းကို တွေးရင်း ကိစ္စတစ်ခုကို အမှတ်ရသွား၏။ သူ၏ ရှေးဟောင်းနတ်ဘုရားလက်စွပ်ထဲတွင် ထူးဆန်းသော ဝိညာဉ်ဆေးပင်အချို့ ရှိပေသည်။ ထိုဆေးပင်များကို အပြစ်ဆေးကြောဒေသထဲတွင် ရရှိခဲ့ခြင်းပင်။ မီးမြွေသစ်ခွကို အရိပ်ဧကရာဇ်၏ လူကို ပေးလိုက်ပြီဖြစ်သည်။ သူသည် ကျန်ဝိညာဉ်ဆေးပင်များ၏ အမည်နှင့် အာနိသင်ကို သိရရန် တစ်စုံတစ်ယောက်ကို ကြည့်ခိုင်းရန် ဆုံးဖြတ်ထားခဲ့၏။ ထိုဆေးပင်များထဲတွင် စိတ်ဝိညာဉ်ကို တိုးတက်စေမည့် ဆေးပင်များပါလျှင် ကောင်းပေလိမ့်မည်။

ဝှီး...ဝှီး...

လျှို့ဝှက်ကျင့်ကြံခြင်းအခန်းထဲတွင် ပုံသဏ္ဌာန်မဲ့သော ဝိညာဉ်လေများ စီးဆင်းနေ၏။ တစ်ခါတရံတွင် ၎င်းတို့က ရစ်ပတ်နေပြီး၊ တစ်ခါတရံတွင် ခွာနေတတ်ကြသည်။ ၎င်းတို့သည် ကျန်းရီကို လှည့်ပတ်၍ ပျော်ရွှင်နေသော ငါးလေးများကဲ့သို့ လျင်မြန်စွာ စီးဆင်းနေကြသည်။ ကျန်းရီသည် အခြားအကြောင်းများကို ဆက်မတွေးတော့ဘဲ ဝိညာဉ်လေများကိုသာ အာရုံစိုက်၍ ‌လေ့လာလိုက်လေသည်။

***

All Chapters