ထန်ရွှယ်နှင့် ထန်ယန်
Vol. 68 Ch. 946
လဝက်ဟူသော အချိန်က အလွန်လျင်မြန်စွာ ကုန်ဆုံးသွား၏။ ကျန်းရီသည် အချိန်မီ နိုးထလာ၏။ သူ လက်ဝါးဖြန့်လိုက်ရာ အတွင်းအားတန်းများက သူ့လက်ဝါးဆီသို့ ရောက်လာလေသည်။
ထို့နောက် ကျန်းရီသည် ထရပ်လိုက်ပြီး လက်ခုပ်တီးလိုက်၏။ ရာချီသောဝိညာဉ်လေတန်း ထွက်သွားပြီး သူ့ခန္ဓာကိုယ်အရှေ့တွင် ရပ်တန့်လိုက်လေသည်။ သူသည် ဝိညာဉ်လေတန်းများကို ထိန်းချုပ်၍ အချင်းချင်း ရစ်ပတ်စေလိုက်၏။ ဝိညာဉ်လေတန်းများက တီထွေးကြီးကဲ့သို့ ရစ်ပတ်သွားသည်။ မကြာခင်မှာပင် ဝိညာဉ်လေတန်းများ ပေါင်းစည်းပြီးသွား၏။ နောက်ဆုံးတွင် ဝိညာဉ်လေတန်းများသည် တစ်သားတည်းဖြစ်သွားပြီး ပြန်ခွဲထုတ်၍ မရတော့ပေ။
“ကောင်းပြီ”
ကျန်းရီ၏ မျက်လုံးများ အရောင်လက်သွားသည်။ သူသည် ဝိညာည်လေအစုအဝေးကြီးကို ထိန်းချုပ်၍ အခန်းထဲတွင် ဖြည်းဖြည်းချင်း ပျံသန်းစေလိုက်၏။ အခန်းကို ဆယ်ပတ်ပတ်၍ ပျံသန်းပြီးနောက်တွင်ပင် ဝိညာဉ်လေများက ပြန်ကွဲထွက်မသွားသဖြင့် သူ လုံးဝစိတ်အေးသွားသည်။ ထို့နောက် သူ ပြုံးကာ ရေရွတ်လိုက်လေသည်။
“နောက်ဆုံးတော့ ပေါင်းစည်းတာ အောင်မြင်သွားပြီ။ ဒါပေမဲ့ မြန်မြန်ပျံခိုင်းရင်တော့ ကွဲထွက်သွားမလား၊ မသွားဘူးလားဆိုတာတော့ ငါ မသိဘူး”
ဝိညာဉ်လေများက တိုက်ခိုက်စွမ်းအားကြီးပေသည်။ ထို့ကြောင့် ၎င်းတို့သည် မည်သည့်ပုံစံဖြစ်နေပါစေ သေစေနိုင်သော လက်နက်များ ဖြစ်နေမည်သာ။ ၎င်းတို့ကိုသာ ပေါင်းစည်းနိုင်လျှင် ၎င်းတို့၏ ပေါင်းစည်းစွမ်းအားက ပြိုင်ဘက်ကင်းပေလိမ့်မည်။ သို့သော် ၎င်းတို့ ပြန်ကွဲထွက်သွားလျှင်တော့ သိပ်၍စွမ်းအားကြီးတော့မည် မဟုတ်ပေ။
ရွှီး...
လျှို့ဝှက်ကျင့်ကြံခြင်းအခန်း၏ အကာအရံများ လင်းလက်သွား၏။ အချိန်ပြည့်သွားပေပြီ။ ကျန်းရီသည် ဝိညာဉ်လေးအစုအဝေးကြီးကို လက်တစ်ဘက်ဖြင့် ဆုပ်ကိုင်လိုက်၏။ ဝိညာဉ်လေများသည် သူ့ခန္ဓာကိုယ်အတွင်းသို့ အလိုအလျောက်စီးဝင်သွားကြပြီး သူ၏နဝမမြောက်ကြယ်စက်လုံးအတွင်းသို့ စုပ်ယူခံလိုက်ရလေသည်။ ထို့နောက် ကျန်းရီသည် ကျေကျေနပ်နပ်ဖြင့် အပြင်သို့ ထွက်သွားလိုက်သည်။
“ငါတို့ ဘယ်ရောက်နေပြီလဲ”
ကျန်းရီသည် လှည့်ပတ်ကြည့်လိုက်ပြီး ကြီးကြပ်သူကို မေးလိုက်၏။ ကြီးကြပ်သူက လျင်မြန်စွာ လက်ဆုပ်၍ တလေးတစား ဖြေလိုက်သည်။
“အရှင်... ကျွန်တော်တို့က ကြာပန်းမြို့နားကို ရောက်နေပါပြီ။ ဗုဒ္ဓဒေသက ထွက်တော့မှာပါ”
“အင်း... ကောင်းပြီ”
ကျန်းရီသည် မြေပုံကို ထုတ်၍ ကြည့်လိုက်ပြီး ခေါင်းညိတ်လိုက်လေသည်။ နောက်ခုနစ်ရက်နေလျှင် သူတို့ ဟုန်ဝူမြို့ကို ရောက်လောက်ပေသည်။ သူက ဟုန်ဝူမြို့အနီးရှိ ဟုန်ယန်မြို့တွင် ဆင်းရမည်ဖြစ်သည်။ ထို့နောက်တွင် သူသည် အရိပ်ဧကရာဇ်၏ လူများကို ရှာ၍ အစီအစဉ်များ ဆွဲရပေမည်။
ကြီးကြပ်သူက လက်ဆုပ်၍ ယဉ်ယဉ်ကျေးကျေး ပြောလိုက်သည်။
“အရှင်... ကျွန်တော်တို့ရဲ့ အကြီးအကဲက အရှင် လျှို့ဝှက်ကျင့်ကြံခြင်းအခန်းထဲက ထွက်လာရင် စကားစမြည်ပြောရအောင် အခန်းနံပါတ်(၁)ကို လာခဲ့ဖို့ ဖိတ်ခေါ်ထားပါတယ်။ သူက လောကထဲက သူရဲကောင်းတွေနဲ့ မိတ်ဆွေဖွဲ့ချင်တာပါ”
“ထန်ရှန့်ကလား”
ကျန်းရီ ချီတုံချတုံ ဖြစ်သွား၏။ သူသည် ပြီးပြီးရော သဘောတူခဲ့သော်လည်း ထန်ရှန့်က အလေးအနက် မှတ်ယူသွားလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။
ကျန်းရီသည် ငြင်းဆိုရန် ဟန်ပြင်လိုက်၏။ သို့သော် ကြီးကြပ်သူ ဆက်ပြောလိုက်သော စကားကြောင့် သူစိတ်ပြောင်းသွားလေသည်။
“အရှင်... အကြီးအကဲက အရှင့်ကို ပလက်တီနမ်တံဆိပ်ပြား လက်ဆောင်ပေးခွင့်ရှိပါတယ်။ အဲ့တံဆိပ်ပြားနဲ့ဆိုရင် နောက်ကျ အရှင် ထန်မျိုးနွယ်က ကောင်းကင်ကံကြမ္မာသင်္ဘောတွေကို အလကားစီးခွင့် ရပါလိမ့်မယ်။ ပြီးတော့ ထန်မျိုးနွယ်ရဲ့ ဘယ်လျှို့ဝှက်ကျင့်ကြံခြင်းအခန်းမှာမဆို (၇၀)ရာခိုင်နှုန်း လျှော့ဈေးရနိုင်ပါတယ်။ အဲ့တံဆိပ်ပြားက အဆင့်အမြင့်ဆုံး တံဆိပ်ပြားပါ။ အရှင်ထန်ရှန့်က အရှင့်ကို တော်တော်လေး လေးစားနေပါတယ်’
“ငါ့ကို လေးစားတာလား”
ကျန်းရီ ခပ်သဲ့သဲ့ ပြုံးလိုက်၏။ အကယ်၍ အရည်ကျို နတ်ဘုရားမီးဖို၏ အရှိန်အဝါသာ မတော်တဆထွက်မသွားလျှင် ထန်ရှန့်သည် ကျန်းရီကို အရေးပင် စိုက်မည် မဟုတ်ပေ။
အခွင့်အရေး မယူတတ်ခြင်းက ကျန်းရီ၏ ပုံစံမဟုတ်ပေ။ ထို့ကြောင့် သူ ခေါင်းညိတ်ကာ ပြောလိုက်သည်။
“ငါ့ကို လမ်းပြပေးပါ”
“ဟုတ်ကဲ့... ကြွပါ အရှင်”
ကြီးကြပ်သူက ချက်ချင်း မျက်နှာဝင်းပသွားပြီး ဦးညွှတ်ကာ လမ်းပြလိုက်လေသည်။ သူသည် ကျန်းရီကို အခန်းနံပါတ်(၁)သို့ တိုက်ရိုက်ခေါ်သွားပြီး ခေါင်းညိတ်ကာ တလေးတစား ပြောလိုက်၏။
“အကြီးအကဲ... အရှင်က အခန်းအောင်းကျင့်ကြံတာကနေ ထွက်လာပါပြီ”
“ဟားဟားဟား... ဝင်ခဲ့ပါ”
အခန်း၏ အကာအရံများက ရုတ်ခြည်း ပိတ်သွား၏။ ထို့နောက် အခန်းတံခါးပွင့်သွားကာ တုတ်ခိုင်သော အဘိုးအိုတစ်ယောက် ထွက်လာလေသည်။ သူ့မျက်နှာပေါ်တွင် အရေးအကြောင်းများ များစွာရှိနေပြီဖြစ်သည်။ သို့သော် သူ၏ ဆံပင်များက မည်းနက်နေသေးပြီး သူ၏ခန္ဓာကိုယ်က အသက်လတ်ပိုင်းအရွယ် လူတစ်ယောက်ကဲ့သို့ တုတ်ခိုင်နေပေသေးသည်။
“ထန်ရှန့် အရှင့်ကို နှုတ်ခွန်းဆက်ပါတယ်”
ထန်ရှန့်သည် ကျန်းရီကို အရှင်ဟူ၍ သုံးနှုန်းကာ လေးလေးစားစား နှုတ်ဆက်လိုက်၏။ ထန်ရှန့်က ကြယ်ငါးပွင့် သိုင်းပညာရှင်ဖြစ်၍ နတ်ဘုရားတစ်ပိုင်းများကိုသာ အရှင်ဟု သုံးနှုန်းပေသည်။ ကျန်းရီက ကောင်းကင်ဧကရာဇ် ပထမအဆင့်တွင်သာ ရှိသည်ဟု ထင်ရပေရာ သူ ကျန်းရီကို ထန်မျိုးနွယ်မှ အစောင့်များ၏ အရှေ့တွင် အရှင်ဟု သုံးနှုန်းလိုက်ခြင်းက ကျန်းရီအပေါ် အရေးထားကြောင်း ပြသလိုက်ခြင်းပင်။
ကျန်းရီသည် သူတစ်ပါးက သူ့ကို လေးလေးစားစား ဆက်ဆံလျှင် သူကလည်း ပြန်၍ လေးလေးစားစား ဆက်ဆံတတ်ပေသည်။ ထို့ကြောင့် သူ လက်ဆုပ်ကာ ပြောလိုက်သည်။
“အကြီးအကဲထန်က ယဉ်ကျေးလွန်းနေပါပြီ။ ကျွန်တော်က အရှင်လို့ အခေါ်ခံရဖို့ မထိုက်တန်ပါဘူး။ ကျွန်တော့်ကို ဟေးရီလို့ပဲ ခေါ်ပါ”
ကျန်းရီ၏ လက်ရှိပုံစံက အသားမည်း၍ ထွားကြိုင်းသော အသက်လတ်ပိုင်းအရွယ် ယောက်ျားကြီးတစ်ယောက်၏ ပုံစံဖြစ်နေသဖြင့် ဟေးရီဆိုသောအမည်တုက အတော်လေး ကောင်းပေသည်။
“ဟေးရီတဲ့လား...”
ထန်ရှန့် မျက်မှောင်ကြုတ်လိုက်၏။ သူသည် ထိုအမည်ကို မရင်းနှီးပေ။ ထန်မျိုးနွယ်ဝင်များသည် လောကတစ်ခွင် လှည့်လည်သွားလာနေကြသဖြင့် စွမ်းအားကြီး သိုင်ပညာရှင်များစွာ၏ အမည်များကို ကြားဖူးကြပေသည်။ သို့သော် ဟေးရီဆိုသော အမည်ကို သူ ယခုမှ ပထမဆုံးအကြိမ် ကြားဖူးခြင်းပင်။ သို့ပေသည့် ဟေးရီက ကောင်းကင်ဧကရာဇ် ပထမအဆင့်တွင်သာ ရှိပုံပေါ်နေ၍ သူ သဘောပေါက်သွားသည်။ ထိုအမည်က အမည်တုဖြစ်ကြောင်း ထင်ရှားပေသည်။ ထိုသူက သူမည်သူဖြစ်ကြောင်း ဖုံးကွယ်ထားခြင်း ဖြစ်ရပေမည်။ ထန်ရှန့်သည် ထိုသို့တွေးမိသွားသော်လည်း ကျန်းရီကို ယဉ်ယဉ်ကျေးကျေး ဖိတ်ခေါ်လိုက်လေသည်။
အခန်းနံပါတ်(၁)က ထန်မျိုးနွယ်၏ အကြီးအကဲအတွက် ဖြစ်သည်။ ကောင်းကင်ကံကြမ္မာသင်္ဘောသည် တစ်နှစ်ပတ်လုံး ပျံသန်းနေရပေသည်။ ထန်ရှန့်သည်လည်း ဤအခန်းတွင်သာ အနေများလေသည်။ ထို့ကြောင့် အခန်းထဲရှိ ပရိဘောဂများက အလွန်တန်ဖိုးကြီးပေသည်။ ကျန်းရီသည် အခန်းထဲသို့ ဝင်လိုက်ပြီးနောက် ဝေ့ဝဲကြည့်လိုက်၏။ သူမ၏ မျက်လုံးများက အခန်းထဲတွင် ဒူးထောက်နေသော မိန်းမပျိုနှစ်ယောက်ဆီတွင် ရပ်တန့်သွားပေသည်။
‘ပြိုင်ဘက်ကင်း အလှပဂေးလေးတွေပဲ’
ကျန်းရီ စိတ်ထဲမှ ချီးကျူးလိုက်၏။ ထိုမိန်းမပျိုနှစ်ယောက်စလုံးက ထိပ်တန်း အလှပဂေးများပင်။ သူမတို့၏ ရုပ်ရည်က ယဉ်ရို့ပင်းနှင့်ပင် ယှဉ်နိုင်ပေသည်။ သို့သော် ယဉ်ရို့ပင်း၏ ဟန်ပန်က ပို၍ကျော့ရှင်းသည်။ ထိုမိန်းမပျိုနှစ်ယောက်မူ ရုပ်ရည်ချောမောခြင်းသာ။ ထိပ်တန်းမိန်းမလှလေးများအားလုံးသည် အလွန်ထူးခြားသော ဟန်ပန်စရိုက် ရှိတတ်ကြပေသည်။
‘ဟင်... သူတို့က အမွှာတွေလား။ ထန်ရှန့်က ဘယ်လို စည်းစိမ်ခံရမလဲဆိုတာ တော်တော်သိတာပဲ..အဟင်း...’
ကျန်းရီသည် သေချာကြည့်လိုက်ရာ ထိုမိန်းမပျိုနှစ်ယောက်၏ရုပ်က တထေရာတည်းတူကြောင်း သိလိုက်ရ၏။ သူမတို့၏ အသားအရေက နှင်းကဲ့သို့ ဖြူစွပ်နေ၏။ သူမတို့က ဆွဲမက်ဖွယ် ကောင်းပေသည်။ ထိုအခိုက်တွင် သူမတို့သည် ကြမ်းပြင်ပေါ်၌ ဒူးထောက်ထားပြီး ခေါင်းငုံ့ကာ ကြမ်းပြင်ကို ကြည့်နေကြသည်။ သူမတို့သည် ကျန်းရီနှင့် ထန်ရှန့်တို့၏ အသုံးတော်ကို ခံရန် စောင့်နေသကဲ့သို့ပင်။
“ဟားဟားဟား...”
ထန်ရှန့်က အခန်း၏ အကာအရံများကို ပြန်ဖွင့်လိုက်၏။ ထို့နောက် သူက မိန်းမပျိုနှစ်ယောက်ကို ညွှန်ပြ၍ ပြောလိုက်သည်။
“ညီလေးဟေးရီ... ညီလေးက ထန်ရွှယ်နဲ့ ထန်ယန်ကို စိတ်ဝင်စားနေတာလား။ အစ်ကို အဲ့နှစ်ယောက်ကို မင်းကို လက်ဆောင်ပေးမယ်ဆိုရင် ဘယ်လိုလဲ။ သူတို့က ကောင်းကောင်းပြုစုတတ်ပါတယ်”
“အာ...”
ကျန်းရီ သူ့နှာခေါင်းကို ပွတ်လိုက်ပြီး အကြည့်လွှဲလိုက်သည်။ ထို့နောက် သူ လက်ဆုပ်ကာ ပြန်ပြောလိုက်သည်။
“အစ်ကိုထန်... သူတို့က အစ်ကို့ရဲ့ မိန်းကလေးတွေပါ။ ကျွန်တော် အစ်ကို့ဆီကနေ အဲ့မိန်းမလှလေးတွေကို မယူဝံ့ပါဘူး”
“အဲ့ဒါက အသေးအဖွဲလေးပါ”
ထန်ရှန့်က အရေးမစိုက်ဟန်ဖြင့် ပြန်ပြောလိုက်သည်။
“ထန်မျိုးနွယ်က နှစ်တိုင်း မိန်းမလှလေးတွေ အများကြီးဝယ်ပြီး လေ့ကျင့်ပေးတယ်။ ဒီမိန်းကလေးနှစ်ယောက်က အစ်ကို့ရဲ့ မိန်းကလေးတွေ မဟုတ်ပါဘူး။ အစ်ကိုက အဲ့ကိစ္စတွေအတွက် အိုလွန်းနေပါပြီ”
ထန်ရှန့်သည် ကျန်းရီကို ယောက်ျားချင်းသာ နားလည်နိုင်မည့် အပြုံးဖြင့် ပြုံးပြကာ လျှို့ဝှက်အသံပို့လွှတ်လိုက်သည်။
“အစ်ကို ညီလေးကို မလိမ်ချင်ဘူး။ သူတို့က ထန်မျိုးနွယ်ရဲ့ ဂုဏ်သရေရှိ ဧည့်သည်တွေကို ဧည့်ခံတဲ့သူတွေပဲ။ တကယ်လို့ ညီလေး သူတို့ကို လိုချင်တယ်ဆိုရင် လက်ဆောင်အနေနဲ့ ယူလိုက်လို့ ရပါတယ်။ အဲ့အမွှာနှစ်ယောက်က အပျိုစစ်စစ်တွေပဲ။ အစ်ကိုက ညီလေးကို လေးစားလို့ သူတို့ကို ညီလေးကို ပေးဖို့ ဆုံးဖြတ်ခဲ့တာ”
“ဒါက...”
ကျန်းရီ လိုချင်သွား၏။ ထိုအမွှာနှစ်ယောက်က အထူးလေ့ကျင့်ပေးခြင်းကို ခံထားရသော ထိပ်တန်းအလှပဂေးလေးများဖြစ်သည်။ ပို၍လိုချင်စရာကောင်းသည်မှာ သူမတို့နှစ်ယောက်စလုံးက အပျိုဖြစ်နေသေးခြင်းပင်။ ကျန်းရီ ငြင်းလိုက်လျှင်လည်း သူမတို့သည် အနှေးနှင့်အမြန်ဆိုသလို အခြားယောက်ျားတစ်ယောက်၏ အသုံးတော်ခံများ ဖြစ်လာမည်သာ။ ထို့ကြောင့် ကျန်းရီသည် ခေါင်းညိတ် လက်ခံမိမလိုပင် ဖြစ်သွား၏။
‘ဒီလောကထဲမှာ အလကားရတဲ့အရာဆိုတာ မရှိဘူး။ ကျန်းရီ.... မင်းမှာ မပြီးဆုံးသေးတဲ့ တာဝန်တွေ ရှိသေးတယ်။ မင်း ဒီလို လမ်းချော်နေရင် နောက်ဆုံးကျ ဘယ်လိုသေလို့ သေသွားမှန်းတောင် သိလိုက်မှာမဟုတ်ဘူး’
ကျန်းရီ ချက်ချင်း အသိစိတ်ကပ်သွား၏။ သူ၏မျက်လုံးများကလည်း တည်ငြိမ်သွားသည်။ ထို့နောက် သူ လက်ဆုပ်ကာ ပြောလိုက်လေသည်။
“ကျွန်တော်က အစ်ကို့အတွက် ဘာမှလည်း လုပ်ပေးဖူးတာမဟုတ်တော့ အလကားသက်သက် လက်ဆောင်မယူနိုင်ပါဘူး။ ဒါပေမဲ့ အခုလို ကျွန်တော့်ကို ဂရုစိုက်ပေးတဲ့အတွက် အစ်ကိုထန်ကို ကျေးဇူးတင်ပါတယ်”
“ဒါက အသေးအဖွဲလေးပါဆို... ညီလေးက ယဉ်ကျေးလွန်းနေတာပဲ”
ထန်ရှန့်က ဝမ်းနည်ဟန်ဖြင့် ပြောလိုက်လေသည်။
“ညီလေးက ကြယ်လေးပွင့် ဒါမှမဟုတ် ကြယ်ငါးပွင့် အဆင့်ကို ရောက်နေပြီမလား။ တကယ်လို့ ညီလေးသာ အစ်ကို့ကို အလစ်တိုက်ခိုက်မယ်ဆိုရင် ညီလေးက အစ်ကို့ကို အလွယ်လေး သတ်နိုင်လိမ့်မယ်လို့ အစ်ကို ခံစားရတယ်။ ပြီးတော့ ညီလေးရဲ့ အရှိန်အဝါက အရမ်းလတ်ဆတ်တယ်... အဲ့တော့ ညီလေးက အသက်ငယ်လိမ့်ဦးမယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ။ ညီလေးလို သိုင်းပညာရှင်တွေက အစ်ကိုတို့ ထန်မျိုးနွယ်က မိတ်ဆွေဖွဲ့ချင်တဲ့သူတွေပဲ။ ညီလေး အစ်ကိုတို့အတွက် ဘာမှ ပြန်လုပ်ပေးစရာ မလိုပါဘူး။ အစ်ကိုတို့က စီးပွားရေးသမားတွေပါ... အဲ့တော့ ရင်းနှီးမြှုပ်နှံရတာကို သဘောကျပါတယ်။ တကယ်လို့ အနာဂတ်မှာ ညီလေးက ထိပ်သီးတစ်ယောက်ဖြစ်လာရင်သာ အစ်ကိုတို့အပေါ် ကြင်နာပေးဖို့ ကြိုးစားပေးပါ”
“အဲ့လိုကိုး...”
ကျန်းရီသည် အတန်ငယ် တုံ့ဆိုင်းနေဆဲပင်။ သို့သော် သူ ထန်မျိုးနွယ်၏ နည်းလမ်းများကို အလွန်လေးစားနေပေသည်။ ထန်မျိုးနွယ်က ဧကရာဇ်ကိုးပါးမျိုးနွယ်စုပြီးလျှင် နံပါတ်(၁)မျိုးနွယ် ဖြစ်လာနိုင်ခြင်းမှာ အံ့အားသင့်စရာ မရှိတော့ပေ။ အနည်းဆုံးတော့ ကျန်းရီသည် အနာဂတ်တွင် ထန်မျိုးနွယ်၏ရန်သူ ဖြစ်လာတော့မည် မဟုတ်ချေ။
“ညီလေး... အစ်ကို့ကို ပွင့်ပွင့်လင်းလင်း ပြောလို့ရပါတယ်”
ထန်ရှန့်က ရုတ်တရက် အလေးအနက် ပြောလိုက်၏။ သူသည် မိန်းမပျိုနှစ်ယောက်ကိုကြည့်ကာ ပြောလိုက်၏။
“သူတို့အခြေအနေက တကယ့်ကို သနားစရာပါ။ သူတို့ရဲ့ မျိုးနွယ်က ရှင်းပစ်ခံလိုက်ရတယ်။ သူတို့က အသက်(၁၃)နှစ်အရွယ်ကတည်းက ကျွန်ဈေးမှာ အရောင်းခံခဲ့ရတာပဲ။ တကယ်လို့ ထန်မျိုးနွယ်ကသာ သူတို့ကို မဝယ်လိုက်ရင် အခုဆို သူတို့ ဆောင်ကြာမြိုင်တစ်ခုခုမှာ ရောက်နေလောက်ပြီ။ သူတို့က ငါ့နောက်ကို လိုက်လာတာ တစ်နှစ်ရှိပြီ။ ဒါပေမဲ့ သူတို့ မကောင်းတဲ့လူတစ်ယောက်လက်ထဲကို ရောက်သွားပြီး အနှိပ်စက်ခံရမှာစိုးလို့ ငါ သူတို့ကို ဘယ်သူ့ကိုမှ မပေးခဲ့ဘူး...”
“ဒါပေမဲ့ ညီလေးက ကြင်နာတတ်တဲ့ပုံ ပေါ်တယ်။ အစ်ကိုက လူတွေကို အကဲခတ်တဲ့နေရာမှာ တော်ပါတယ်။ သူတို့သာ ညီလေးနောက်ကို လိုက်သွားမယ်ဆိုရင် အနှိပ်စက်ခံရမှာ မဟုတ်ဘူးလို့ အစ်ကို ယုံကြည်တယ်။ ညီလေးက ငြင်းမယ်ဆိုရင်လည်း သူတို့က အနှေးနဲ့အမြန်ဆိုသလို တခြားတစ်ယောက်လက်ထဲကို ရောက်သွားမှာပဲ။ သူတို့သာ လူအိုကြီးတစ်ယောက် ဒါမှမဟုတ် မကောင်းတဲ့လူတစ်ယောက်ရဲ့ လက်ထဲကို ရောက်သွားမယ်ဆိုရင် သူတို့ရဲ့ဘဝက ပျက်စီးသွားလိမ့်မယ်။ ညီလေး ကောင်းမှုပြုတယ်လို့ပဲ သဘောထားပြီး သူတို့ကို လက်ခံလိုက်ပါ...”
“အာ... နေပါစေ၊ ကျေးဇူးတင်ပါတယ် အစ်ကိုကြီး”
ကျန်းရီက ခေတ္တမျှ တွေးတောလိုက်ပြီး ပြတ်ပြတ်သားသား ပြောလိုက်သည်။ သူ့တွင် လုပ်စရာကိစ္စများစွာ ရှိနေပေသေးသည်။ ထို့ပြင် သူ ဝူနီကို တိုက်ခိုက်လိုက်သည်နှင့် ဝူမျိုးနွယ်၏ လိုက်ဖမ်းခြင်းကို ခံရမည်ဖြစ်သည်။ ထိုအချိန်ကျလျှင် လောကတစ်ခွင်လုံး၌ သူ၏ ရန်သူများနှင့် ပြည့်နှက်သွားပေလိမ့်မည်။ ထိုမိန်းမပျိုနှစ်ယောက်သာ သူနှင့်လိုက်လာလျှင် ပို၍ပင် ဒုက္ခခံရမည်ဖြစ်သည်။
***