← Chapters

ရွှယ်ရီလား၊ ပိုင်ရီလား၊ ဟေးရီလား

Vol. 68 Ch. 947

ရွှယ်ရီလား၊ ပိုင်ရီလား၊ ဟေးရီလား

Vol. 68 Ch. 947

“အဲ့လိုဆိုရင်လည်း ကောင်းပါပြီ”

ထန်ရှန့်က ပခုံးတွန့်လိုက်ပြီး ထန်ရွှယ်နှင့် ထန်ယန်တို့ကိုကြည့်ကာ သက်ပြင်းသဲ့သဲ့ ချလိုက်လေသည်။

“သူတို့ရဲ့ ကံကြမ္မာက သူတို့အပေါ်မှာပဲ မူတည်တော့မှာပဲ”

“အင်...”

ထန်ရွှယ်နှင့် ထန်ယန်တို့ အတန်ငယ် တုန်ယင်သွား၏။ သူမတို့သည် အတန်ငယ် ခေါင်းမော့၍ ကျန်းရီကို စိတ်ပျက်ဟန်ဖြင့် ကြည့်လိုက်ကြသည်။ သူမတို့၏ ပုံစံက အလွန်ကြောက်ရွံ့ဝမ်းနည်းနေဟန်ပေါ်၍ ကျန်းရီ စိတ်ပျော့သွားပြီး သူမတို့ကို လက်ခံမိမလိုပင် ဖြစ်သွားသည်။

ကျန်းရီသည် စိတ်တင်း၍ မျက်နှာလွှဲလိုက်၏။ ထန်ရှန့်က လက်ဝှေ့ယမ်း၍ မိန်းမပျိုနှစ်ယောက်ကို ထွက်သွားခိုင်းလိုက်သည်။ ထို့နောက် သူသည် ကျန်းရီကို ထိုင်စေ၍ လက်ဖက်ရည်အတူ သောက်လိုက်ပြီး ပြုံးကာ ပြောလိုက်လေသည်။

“ညီလေးဟေးရီက ဘယ်ကိုသွားမှာလဲ။ ညီလေး အချိန်ရရင် ကောင်းကင်ကံကြမ္မာမြို့ကို လာလည်သင့်တယ်။ ဒီတစ်ခေါက် မြောက်ဘက်ဧကရာဇ်မြို့ကိုရောက်ရင် အစ်ကိုက အနားယူတော့မှာ။ ဟူး... အဲ့ကောင်မလေးနှစ်ယောက်ကိုတော့ မျိုးနွယ်ကို ပြန်ပို့ပေးပြီး မျိုးနွယ်ရဲ့ အစီအစဉ်တွေကိုပဲ စောင့်ရတော့မယ့်ပုံပဲ”

ကျန်းရီက နှုတ်ဆိတ်နေလိုက်ပြီး မည်သည့်ခံစားချက်မှ မပြသလိုက်ပေ။ တစ်ခဏကြာပြီးနောက် သူ မော့ကြည့်ကာ ပြောလိုက်သည်။

“အစ်ကိုကြီး... ဘာလို့ အစ်ကိုကြီးက ကျွန်တော့်ကို လူကောင်းလို့ ထင်ရတာလဲ။ ဘာလို့ အဲ့ကောင်မလေးနှစ်ယောက်ကို ကျွန်တော့်ဆီ စိတ်ချလက်ချ ပေးနေရတာလဲ။ ကျွန်တော်က လူဆိုးတစ်ယောက်ဖြစ်နေရင် ဘယ်လိုလုပ်မလဲ။ ပြီးတော့ ဒီလောကထဲမှာ လူဆိုး၊ လူကောင်းဆိုပြီး ရှင်းရှင်းလင်းလင်း ခွဲဖို့လွယ်တာမဟုတ်ဘူး။ ကျွန်တော် အစ်ကိုကြီးကို ပွင့်ပွင့်လင်းလင်းပဲ ပြောပါမယ်။ ကျွန်တော့်လက်မှာလည်း သွေးတွေစွန်းထားပါတယ်”

“ဟားဟားဟား...”

ထန်ရှန့်က ကျယ်လောင်စွာ ရယ်လိုက်ပြီး ကျန်းရီကို လှိုက်လှိုက်လှဲလှဲ စိုက်ကြည့်ကာ ပြောလိုက်သည်။

“အစ်ကိုလည်း ညီလေးကို ပွင့်ပွင့်လင်းလင်း ပြောမယ်။ ထန်မျိုးနွယ်က အစ်ကိုတို့ကို သိုင်းသမားတွေဖြစ်ဖို့ သင်ပေးလိုက်တာမဟုတ်ဘူး... ကုန်သည်တွေဖြစ်ဖို့ သင်ပေးလိုက်တာ။ အစ်ကိုတို့က သိမ်းပိုက်ဖို့အတွက် မတိုက်ခိုက်ဘူး... စီးပွားရေးပဲ လုပ်ကြတယ်။ စီးပွားရေးမှာ အရေးအကြီးဆုံးက လူတစ်ယောက်ရဲ့ အကျင့်စရိုက်ကို အကဲခတ်ရတာပဲ။ အစ်ကိုတို့ အကဲခတ်တာသာ မှန်ရင် စီးပွားရေးက ချောမွေ့မှာပဲ။ အဲ့ဒါကြောင့် ထန်မျိုးနွယ်ဝင်တွေက လူကဲခတ် တော်ကြတယ်...”

“ဘယ်သူက လူကောင်း၊ ဘယ်သူက လူဆိုးဆိုတာကို ဘယ်လို ခွဲလဲဆိုတာကတော့... ဒီလောကထဲမှာ ရှင်သန်နိုင်ဖို့အတွက် အင်အားကြီးရမယ်။ လက်မှာ သွေးမစွန်းဖူးတဲ့သူ ဘယ်သူရှိလို့လဲ။ အစ်ကိုတို့က လူကောင်းနဲ့ လူဆိုးကို ဘယ်လိုခွဲလဲဆိုရင် လူတစ်ယောက်မှာ ကိုယ်ပိုင်စည်းမျဉ်းနဲ့ လုံးဝမကျော်မယ့်စည်းတွေ ရှိနေလားဆိုတာကို ကြည့်တယ်။ ညီလေးမှာ အဲ့နှစ်ခုလုံးရှိနေတယ်ဆိုတာ သံသယဖြစ်စရာ မရှိပါဘူး”

“အဟင်း...”

ကျန်းရီ ခပ်သဲ့သဲ့ ပြုံးလိုက်သည်။ သူသည် ထန်ရှန့်၏စကားကို လက်ခံ၏။ ဤလောကထဲတွင် လုံးဝကောင်းသည်ဆိုသော လူများ မရှိပေ။ ရှိခဲ့လျှင်လည်း အားလုံး သေသွားပြီးလောက်ပေပြီ။ ယခုတွင် ကျန်းရီသည် ထန်ရှန့်အပေါ် အတော်လေး အမြင်ကြည်သွား၏။ ထန်မျိုးနွယ်ဝင်များက အမှန်ပင် ထိပ်တန်းအဆင့် ကုန်သည်များဖြစ်ကြောင်း ကျန်းရီ တွေးလိုက်သည်။ သူတို့သည် မိတ်ဆွေဖွဲ့ရာတွင် အတော်လေး တော်ပေသည်။

ထန်မျိုးနွယ်ဝင်များသည် ရေတိုအကျိုးကို မကြည်ကြဘဲ ရေရှည်ကို မျှော်တွေး၍ မိတ်ဆွေဖွဲ့ကြ၏။

စီးပွားရေးက တစ်ကြိမ်သာ အကျိုးရစေပြီး မိတ်ဆွေကောင်းများက တစ်သက်တာ အကျိုးရစေပေသည်။ လောကထဲရှိ ထိပ်သီးအားလုံးက ထန်မျိုးနွယ်၏ မိတ်ဆွေများ ဖြစ်နေပေပြီ။ ထိုထိပ်သီးများသည် ထန်မျိုးနွယ်နှင့် အခြားသူများကြားတွင် ရွေးချယ်ရမည်ဆိုပါက ထန်မျိုးနွယ်ကိုသာ ရွေးချယ်ကြမည်ဖြစ်သည်။

သို့သော် ကျန်းရီ မည်သို့မှ မပြောလိုက်ပေ။ သူသည် ဆုံးဖြတ်ချပြီးလျှင် ပြန်ပြင်မည် မဟုတ်ချေ။ ထန်ရှန့်ကလည်း ထန်ရွှယ်နှင့် ထန်ယန်တို့အကြောင်းကို ထပ်မပြောတော့ပေ။ ထိုအစား သူက ကျန်းရီကို အဖြူရောင်တံဆိပ်ပြားတစ်ပြားပေးကာ ပြောလိုက်လေသည်။

“ညီလေးကို အစ်ကို့မှာ တစ်ခုတည်းရှိတဲ့ ပလက်တီနမ်တံဆိပ်ပြားကို ပေးမယ်။ တစ်‌နေ့ ညီလေး အောင်မြင်လာတဲ့အခါကျ အစ်ကို့ကို မေ့သွားရင် အစ်ကို စိတ်ဆိုးမှာနော်”

“ဟားဟား...”

ကျန်းရီသည် တံဆိပ်ပြားကို ယူလိုက်ပြီး ကျယ်လောင်စွာ ရယ်လိုက်၏။ ထန်ရှန့်၏ အကျင့်စရိုက်ကို သူ အလွန်သဘောကျပေသည်။ ထန်ရှန့်သည် စိတ်ရင်းမပါသော စကားများကို မပြောပေ။ ထို့ကြောင့် ကျန်းရီ ခေါင်းညိတ်ကာ ပြန်ပြောလိုက်လေသည်။

“အစ်ကိုထန်... ကျွန်တော်တို့ မိတ်ဆွေဖွဲ့ကြတာပေါ့။ အင်း... ဟေးရီဆိုတာ နာမည်အတုပါ။ ဒါပေမဲ့ အခုလောလောဆယ်တော့ ကျွန်တော့်ရဲ့ နာမည်အရင်းကို အစ်ကို့ကို ပြောမပြနိုင်သေးဘူး။ နောက်ကျရင် သေချာ‌ပေါက် ကျွန်‌တော်က ဘယ်သူဆိုတာ အစ်ကို သိလာမှာပါ။ ကျွန်တော် ပြောနိုင်တာကတော့ တစ်နေ့ ကျွန်တော် လောကကြီးရဲ့ အထွတ်အထိပ်ကို ရောက်သွားရင်တောင် ထန်မျိုးနွယ်က အမြဲ ကျွန်တော့်ရဲ့ မဟာမိတ် ဖြစ်နေမှာပါ”

“ကောင်းပြီ...”

ထန်ရှန့်သည် ကျန်းရီက စိတ်ရင်းအမှန်ဖြင့် ပြောခြင်းဖြစ်ကြောင်း ခံစားနိုင်ပေသည်။ ထို့ကြောင့် သူ ဆက်မမေးတော့ဘဲ ကြင်နာစွာ ပြုံး၍သာ ကျန်းရီနှင့် စကားစမြည် ဆက်ပြောနေလိုက်သည်။ သူတို့သည် အသက်ကွာသော်လည်း နေ့တစ်ဝက်အတွင်းမှာပင် မိတ်ဆွေကောင်းများ ဖြစ်သွားကြလေသည်။

ညရောက်သောအခါ ကျန်းရီက နှုတ်ဆက်၍ ထွက်သွားလိုက်၏။ သူတို့သည် ခုနစ်ရက်အတွင်း ဟုန်ဝူမြို့သို့ ရောက်တော့မည်ဖြစ်သည်။ ထို့ကြောင့် သူသည် ဝိညာဉ်လေများနှင့် နတ်ဆိုးအပြုံးကို တတ်နိုင်သမျှ ဆက်လေ့လာရမည်ဖြစ်သည်။

ကျန်းရီသည် သူ့အခန်းသို့ ပြန်သွားလိုက်ပြီး အခန်းအကာအရံများကို ဖွင့်လိုက်၏။ ထို့နောက် သူသည် ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေသို့ ဝင်၍ ဝိညာဉ်လေများကို ထုတ်လွှတ်လိုက်သည်။ သူသည် ဝိညာဉ်လေများကို ထိန်းချုပ်ကာ ရစ်နွယ်ပေါင်းစည်းစေလိုက်ပြီး သူ့ခန္ဓာကိုယ်ကို ဖြည်းဖြည်းချင်း လှည့်ပတ်စီးဆင်းစေလိုက်သည်။

‘ပေါင်းစည်းနှုန်းက သိပ်မမြန်ဘူး... ရန်သူက သေချာပေါက် သတိထားမိသွားမှာပဲ။ ပြီးတော့ ရစ်လိမ်ထားတဲ့ ဝိညာဉ်လေတန်းတစ်တန်းက လူတစ်ယောက်ကိုပဲ သတ်နိုင်တယ်။ ဒါပေမဲ့ ဝူနီဘေးမှာ လူတွေ အများကြီးရှိတယ်။ ငါ ဒုတိယဝိညာဉ်လေတန်းကို ပေါင်းစည်းနေတဲ့အချိန် သူတို့ရဲ့ တိုက်ခိုက်မှုတွေက ငါ့ဆီ ရောက်လာနေလောက်ပြီ’

ကျန်းရီသည် ဝိညာဉ်လေတန်းများကို ခွဲထုတ်လိုက်၊ ပေါင်းစည်းလိုက်ဖြင့် လုပ်နေသည်။ လေ့ကျင့်ခြင်းက ပြီးပြည့်စုံစေပေလိမ့်မည်။ သူသည် အဖျက်စွမ်းအားပိုကြီးစေရန် ဝိညာဉ်လေများကို ပိုများများ ပေါင်းစည်းလိုက်၏။ ပေါင်းစည်းနှုန်းကို မြှင့်တင်နိုင်ရန်လည်း သူကြိုးစားလိုက်သည်။ ထို့ပြင် တစ်ချိန်တည်းမှာပင် သူသည် ဝိညာဉ်လေများကို ချပ်ဝတ်အဖြစ်လည်း ပြောင်းလဲရန် လိုအပ်ပေသည်။ တိုက်စစ်၊ ခံစစ် နှစ်ခုစလုံး လိုက်လျောညီထွေရှိမှ တိုက်ခိုက်စွမ်းအားက ကြောက်မက်ဖွယ် ကောင်းပေလိမ့်မည်။ မဟုတ်လျှင် သူက ပြိုင်ဘက်များကို သတ်နိုင်လျှင်ပင် သူသည်လည်း ပြိုင်ဘက်များ၏ သတ်ဖြတ်မှုကို ပြန်ခံရမည်သာ။

‘ကိုယ်ပွားအသင်္ချေ မှော်အတတ်က တကယ့်ကို စွမ်းတာပဲ... ငါ တစ်ချိန်တည်း အလုပ်အများကြီး လုပ်နိုင်တယ်။ မဟုတ်ရင် ငါ ဝိညာဉ်လေတွေကို ဓားနဲ့ ချပ်ဝတ်အဖြစ် တစ်ချိန်တည်း ပေါင်းစည်းနိုင်မှာ မဟုတ်ဘူး’

နှစ်ရက်အတွင်းမှာပင် ကျန်းရီသည် ဝိညာဉ်လေဓား ငါးချောင်းနှင့် ဝိညာဉ်လေနတ်ဘုရားဒိုင်းကို တစ်ချိန်တည်း ပေါင်းစည်းနိုင်သွားလေသည်။ ဝိညာဉ်လေနတ်ဘုရားဒိုင်းက အလွန်စွမ်းအားကြီးပြီး ကြယ်ခြောက်ပွင့် တာအိုပုံသဏ္ဌာန်ဖြစ်သော ပြစ်ဒဏ်စီရင်လေဓားကို တားဆီးနိုင်သည်။ ‌နောက်ဆုံးတွင် နတ်ဘုရားဒိုင်းက ပျက်စီးသွားသော်လည်း ကျန်းရီသည် အပြင်းအထန်သာ ဒဏ်ရာရသွားပြီး အသက်မသေခဲ့ပေ။ ထို့ကြောင့် ဝိညာဉ်လေနတ်ဘုရားဒိုင်းက မည်မျှ ခုခံစွမ်းအားကြီးကြောင်း ထင်ရှားပေသည်။

ကျန်းရီသည် နတ်ဆိုးအပြုံးကို အချိန်တိုအတွင်း များစွာတိုးတက်လာအောင် မလုပ်နိုင်ခဲ့ပေ။ ထို့ကြောင့် ဝိညာဉ်လေများကိုသာ ဆက်လေ့လာရန် သူ ဆုံးဖြတ်လိုက်သည်။ သူသည် ဝိညာဉ်လေများကို သူ၏လက်များကဲ့သို့ အလွယ်တကူ ထိန်းချုပ်လာနိုင်အောင် ကြိုးစားလိုက်၏။ ထို့ကြောင့် သူ၏ ရှင်သန်နိုင်ခြေက ပိုမြင့်လာပေသည်။

***

ရွှီး...

ခြောက်ရက်ကြာပြီးနောက် ကျန်းရီ၏ အခန်းမှ အကာအရံများက အတန်ငယ် တုန်ယင်သွား၏။ ထို့ကြောင့် သူ ဝိညာဉ်လေများကို လျင်မြန်စွာ သိမ်းလိုက်ပြီး အကာအရံများကို ပိတ်၍ အသံပို့လွှတ်လိုက်လေသည်။

“ဘာဖြစ်တာလဲ”

“အရှင်... ကျွန်တော်တို့ ဟုန်ရှန့်မြို့ကို ရောက်လာတာပါ”

တပ်မှူးတစ်ယောက်က လေးလေးစားစား အသံပြန်ပို့လွှတ်လိုက်၏။ ကျန်းရီသည် အချိန်ကုန်တာ မြန်လွန်းသည်ဟု တွေးလိုက်၏။ သူ့စိတ်ထဲတွင် နှစ်ရက်၊ သုံးရက်လောက်သာ ကုန်သေးသည်ဟု ခံစားနေရပေသည်။ သူ ခါးသက်သက်ပြုံးလိုက်ပြီး အပြင်သို့ ထွက်ကာ ခပ်လှမ်းလှမ်းရှိ မြို့ကို ကြည့်လိုက်၏။

“ညီလေးဟေးရီ...”

ထန်ရှန့်သည် ကျန်းရီ ဆင်းတော့မည်ဖြစ်ကြောင်း သတင်းရပြီထားပုံပေါ်သည်။ ထို့ကြောင့် သူသည် အခန်းထဲမှ ထွက်လာပြီး ကျန်းရီဆီသို့ လျှောက်လာ၏။

“ညီလေး ဆင်းတော့မှာလား”

ကျန်းရီက ခေါင်းညိတ်ကာ ပြောလိုက်သည်။

“ဟုတ်တယ်... ကျွန်တော် နောက်ကောင်းကင်ကံကြမ္မာသင်္ဘောတစ်စီးကို ပြောင်းစီးရမှာ။ အစ်ကိုကြီးထန်ရှန့်... အခွင့်အရေးရရင် ကျွန်တော့် အစ်ကိုကြီးဆီ လာလည်ပါမယ်”

ထန်ရှန့်က ခပ်သဲ့သဲ့ပြုံးကာ ပြောလိုက်သည်။

“ကောင်းတဲ့အရာတွေအားလုံးကလည်း အဆုံးသတ်ရမှာပဲလေ။ ညီလေးက သွားတော့မယ်ဆိုတော့ အစ်ကိုက လိုက်ပို့ပေးရမှာပေါ့။ တကယ်လို့ ညီလေး ကောင်းကင်ကံကြမ္မာမြို့ကို ရောက်ရင် အစ်ကို့ရဲ့ စံအိမ်က ဘယ်မှာလဲလို့ အစောင့်တွေကို မေးလိုက်ပါ။ အစ်ကို ညီလေးကို အကောင်းဆုံး ဧည့်ခံမှာပါ”

မကြာခင်မှာပင် ကောင်းကင်ကံကြမ္မာသင်္ဘောက ဟုန်ရှန့်မြို့သို့ ရောက်သွား၏။ သင်္ဘောအခန်းများထဲမှ ဧည့်သည်ဒါဇင်ကျော် ထွက်လာပြီး အောက်ဘက်သို့ ပျံဆင်းသွားလိုက်ကြသည်။ အောက်ဘက်မှနေ၍လည်း လူတစ်ရာနီးပါး သင်္ဘောပေါ်သို့ ပျံတက်လာသည်။

“အစ်ကိုကြီး... ကျွန်တော်တို့ နောက်မှ ထပ်တွေ့ကြတာပေါ့”

ကျန်းရီက နှုတ်ဆက်လိုက်ပြီး ကောင်းကင်ကံကြမ္မာသင်္ဘောပေါ်မှနေ၍ မြို့ဂိတ်တံခါးဆီသို့ ပျံဆင်းသွားလိုက်လေသည်။ ထန်ရှန့်က ကျန်းရီ မြို့ထဲသို့ ဝင်သွားသည်အထိ ပြုံးကာ လက်ယမ်း၍ နှုတ်ဆက်လိုက်သည်။ သို့သော် သူ၏ မျက်နှာထားက ရှုပ်ထွေးနေပေသည်။

တပ်မှူးတစ်ယောက်က ထန်ရှန့်အနီးသို့ လျှောက်လာပြီး မြို့ဘက်သို့ကြည့်ကာ လေသံတိုးတိုးဖြင့် မေးလိုက်သည်။

“အကြီးအကဲ... သူက ဘယ်သူလဲ။ ဘာလို့ အကြီးအကဲက သူ့ကို လေးလေးစားစား ဆက်ဆံနေရတာလဲ”

“သူက ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ယောက်ပဲ”

ထန်ရှန့်က သက်ပြင်းသဲ့သဲ့ချလိုက်ပြီး ရုတ်တရက် အသံပို့လွှတ်လိုက်လေသည်။

“မှတ်ထားပါ... သူ့ရဲ့ အကြောင်းက ထိပ်တန်းလျှို့ဝှက်ချက်ပဲ။ ဘယ်သူ့ဆီကိုမှ ပေါက်ကြားသွားလို့ မရဘူး။ ပြီးတော့... သူ့အကြောင်းကို မျိုးနွယ်ဆီ သတင်းပို့ပြီး သူ့ကို အထူးအရေးကြီးဧည့်သည်တော်အဖြစ် မှတ်တမ်းတင်ထားခိုင်းလိုက်ပါ။ ငါတို့ သူနဲ့ ရန်သူဖြစ်လို့ မရဘူး”

“အထူးအရေးကြီးဧည့်သည်တော်လား...”

တပ်မှူးက မျက်မှောင်ကြုတ်သွားပြီး ပါးစပ်အဟောင်းသားဖြင့် အံ့အားသင့်သွားလေသည်။ သို့သော် ထန်ရှန့်က သူ့ကို ရှင်းမပြပေ။ ထို့ကြောင့် သူအနေဖြင့် ဆက်မေးရန် မသင့်တော်တော့ချေ။ ယင်းက ထိပ်တန်းလျှို့ဝှက်ချက် ဖြစ်သည်။ သူ၏အဆင့်အတန်းက ထိုလျှို့ဝှက်ချက်ကို သိနိုင်လောက်အောင် မမြင့်ပေ။

တပ်မှူးထွက်သွားပြီးနောက် ထန်ရှန့်က သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ပြီး မြို့ကို ကြည့်ကာ ပြုံး၍ ရေရွတ်လိုက်လေသည်။

“ရွှယ်ရီလား၊ ပိုင်ရီလား၊ ဟေးရီလား... ညီလေး မင်းရဲ့နာမည်အစစ်က ဘာလဲ။ ဒါမှမဟုတ်... အဲ့နာမည်တွေအကုန်လုံးက အတုတွေချည်းပဲလား”

***

All Chapters