ကုလားအုပ်တောင်
Vol. 68 Ch. 949
ကျန်းရီသည် ပစ်မှတ်ကို အတည်ပြုပြီးနောက် ပတ်ဝန်းကျင်ရှိ မြေမျက်နှာသွင်ပြင်ကို ဂရုတစိုက် လေ့လာလိုက်သည်။ အစိမ်းရောင်ဝတ်စုံနှင့် အမျိုးသမီး၏ သတင်းအချက်အလက်များကို အပြန်ပြန်အလှန်လှန် ဖတ်ရှုသုံးသပ်ပြီးနောက် သူသည် တိုက်ပွဲစမည့် နေရာကို ရွေးချယ်လိုက်သည်။ ထိုနေရာမှာ ဟုန်ဝူမြို့၏ အရှေ့ဘက် မိုင်ငါးသောင်းအကွာရှိ ကုလားအုပ်တောင်ဖြစ်သည်။
အတိအကျဆိုရသော် ကုလားအုပ်တောင်က တောင်ကြောတစ်ခုဖြစ်ပြီး မိုင်ထောင်ကျော် ရှည်လျားပေသည်။ ထိုတောင်ကြောထဲတွင် ဓားပြတပ်မဟာငယ်လေးများ များစွာ ပုန်းအောင်းနေကြသည်။ ထိုနေရာတွင် မကြာခဏဆိုသလို တိုက်ပွဲပေါင်းများစွာ ဖြစ်လေ့ရှိသည်။ ထို့ကြောင့် ထိုနေရာ၌ တိုက်ပွဲတစ်ပွဲ ဖြစ်နေလျှင်ပင် မည်သူမှ များစွာအရေးစိုက်ကြမည် မဟုတ်ပေ။ အကယ်၍ ဟုန်ဝူမြို့မှ လူများက သတင်းရလျှင်ပင် ထိုနေရာအထိ ရောက်အောင် တစ်ရက်၊ နှစ်ရက်လောက် လာရပေလိမ့်မည်။ သူတို့ရောက်လာချိန်ဆိုလျှင် ကျန်းရီက ခြေရာလက်ရာပင် မကျန်ခဲ့ဘဲ လွတ်မြောက်သွားလောက်ပေပြီ။
ဝူနီ၏ ခရီးလမ်းကြောင်းအရ သူတို့သည် ဟုန်ဝူမြို့သို့ ရောက်ရန် ကုလားအုပ်တောင်ကို ဖြတ်ကျော်ရမည်ဖြစ်သည်။ ကုလားအုပ်တောင်တွင် ဓားပြတပ်မဟာများစွာရှိ၍ ဝူနီကို လာကြိုသော တပ်သားတစ်သောင်းက ဝူနီ၏ လုံခြုံရေးအတွက် လူခွဲကာ ထောက်လှမ်းနေကြမည်ဖြစ်သည်။ ထို့ကြောင့် ကျန်းရီသည် ခုခံမှုအနည်းငယ်နှင့်သာ ရင်ဆိုင်ရပေလိမ့်မည်။
ကျန်းရီသည် ဆုံးဖြတ်ချက် ချလိုက်ပြီဖြစ်၍ များစွာ ဆက်မတွေးတောမည် မဟုတ်ပေ။ သူသည် အစိမ်းရောင်ဝတ်စုံနှင့် အမျိုးသမီးကို ဟုန်ဝူမြို့သို့ ချက်ချင်း လူစေလွှတ်၍ စုံစမ်းခိုင်းလိုက်၏။ သူတို့သည် ဝူယန်အာ၏ အစေခံအိုကြီး ဝူကန်း ရှိနေသောနေရာကို အသေးစိတ် စုံစမ်းရမည်ဖြစ်သည်။ ကျန်းရီသည် ဝူကန်း၏ စိတ်ဝိညာဉ်အရှိန်အဝါ၊ လေသံနှင့် စကားပြောပုံဆိုပုံတို့ကို အတည်ပြုနိုင်ရန် သူနှင့် တစ်ကြိမ်တော့တွေ့ဆုံရမည်ဖြစ်သည်။ ထို့ပြင် ကျန်းရီက ဝူကန်း၏ သွားပုံလာပုံနှင့် အပြုအမူများကိုလည်း တုပရပေမည်။ ထိုမှ ဟန်ဆောင်ထားမှုက အလွယ်တကူ ပေါ်မသွားမည်ဖြစ်သည်။
အချိန်က နီးကပ်နေပေပြီ။ ထို့ကြောင့် သူ၏ရှေးဟောင်းနတ်ဘုရားလက်စွပ်အတွင်းရှိ ဝိညာဉ်ဆေးပင်များအကြောင်းကို စုံစမ်းရန် အချိန်မရှိပေ။ သူ လျင်မြန်စွာ ထရပ်လိုက်ပြီး ကောင်းကင်ကံကြမ္မာသင်္ဘောကိုစီးကာ ဟုန်ဝူမြို့သို့ သွားလိုက်လေသည်။
ကျန်းရီ ဟုန်ဝူမြို့သို့ ရောက်သောအခါ အစိမ်းရောင်ဝတ်စုံနှင့် အမျိုးသမီးက မှန်ကန်သော သတင်းအချက်အလက်များနှင့် စောင့်ကြိုနေပြီဖြစ်သည်။ ဝူကန်းသည် ညအချိန်တွင် ပြဇာတ်ရုံ၌ ပြဇာတ်များကြည့်ရခြင်းကို နှစ်သက်၏။ ကျန်းရီသည် ပြဇာတ်ရုံအတွင်း၌ အခြားလူများနှင့် ရောနှောကာ ဝူကန်းကို လျှို့ဝှက်လေ့လာနိုင်ပေသည်။
ညရောက်လာ၏။ ကျန်းရီသည် ဟုန်ဝူမြို့ထဲတွင် တစ်နေ့လုံး စောင့်ဆိုင်းနေခဲ့ပြီး မှောင်စပျိုးလာသောအခါ မြို့ထဲရှိ အကြီးဆုံးပြဇာတ်ရုံသို့ သွားလိုက်လေသည်။ သူသည် ပြဇာတ်ရုံ၏ထောင့်တစ်နေရာတွင် ထိုင်ကာ ဝူကန်း ရောက်လာမည်ကို စောင့်နေလိုက်သည်။
ပြဇာတ်က ဒေသပြဇာတ်ပင်။ မျက်နှာချေများ ဖြူဖွေးနေအောင် လူးထားသော ပြဇာတ်သမားနှစ်ယောက်က ကျန်းရီ မသိသော သီချင်း အချို့ကို သီဆိုနေကြသည်။ သူတို့၏ အသံက မိန်းမအသံနှင့် အလွန်ဆင်တူပေသည်။ ကျန်းရီသည် သူတို့ သီဆိုနေသော သီချင်းများကို နားထောင်မိသောအခါ ကြက်သီးများပင် ထလာလေသည်။
တစ်နာရီကြာ စောင့်ပြီးနောက် ပြဇာတ်ရုံအတွင်းသို့ လူတစ်စု ဝင်လာ၏။ ထိုလူများက မောက်မာရင့်သီးကြသည်။ သူတို့သည် ပြဇာတ်ရုံအတွင်း ဝင်လာချင်းချင်း ခက်ထန်သော မျက်လုံးများဖြင့်ကြည့်၍ လူအချို့ကို တွန်းဖယ်ပစ်ကြသည်။
ကျန်းရီသည် ထိုလူစုကို တစ်ချက်ကြည့်၍ မျက်မှောင်ကြုတ်လိုက်၏။ ဝူကန်း ရောက်ရှိလာပေပြီ။ သူက မီးခိုရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည်။ သူသည် မည်သူ့ကိုမှ လူမထင်ဟန်ဖြင့် ခေါင်းမော့ရင်ကော့ကာ လျှောက်ဝင်လာခြင်းပင်။
“အရှင်ကန်း... ရောက်လာပါပြီလား”
ပြဇာတ်ရုံ၏ ရုံမှူးက ပြုံး၍ ပြာတီးပြာတာ ကြိုဆိုလိုက်သည်။ ဝူကန်းသည် ရုံမှူးကို ကြည့်ပင်မကြည့်ဘဲ အရှေ့သို့ လျှောက်သွားလိုက်ပြီး ခုံလွတ်တစ်ခုံတွင် ဝင်ထိုင်လိုက်ကာ ပြဇာတ်စင်ကို ကြည့်လိုက်လေသည်။ ထို့နောက်ကမှ သူက ထူးဆန်းသော လေသံဖြင့် ပြောလိုက်သည်။
“ဒီနေ့ ဘာလို့ စင်ပေါ်မှာ ရှောင်ပိုင် မရှိတာလဲ။ မြန်မြန် သူ့ကို စင်ပေါ်ပို့လိုက်။ ငါ သူဖျော်ဖြေတာကို ကြည့်ချင်နေတာ”
“ဟုတ်ကဲ့ပါ...ဟုတ်ကဲ့ပါ”
ရုံမှူးက ခါးကိုင်းသည်အထိ ဦးညွှတ်ကာ တောင်းပန်းဟန် ပြုံးလိုက်သည်။ ထို့နောက် သူ လက်ဝှေ့ယမ်းလိုက်ရာ စင်ပေါ်တွင် ဖျော်ဖြေနေသော လူနှစ်ယောက်က ချက်ချင်း စင်နောက်သို့ ဆင်းသွားလေသည်။ မကြာခင်မှာပင် ခံ့ညားသော ပြဇာတ်သမားတစ်ယောက် စင်ပေါ်သို့ တက်လာပြီး ဝူကန်းကို ညုတုတုအကြည့်ဖြင့် ကြည့်ကာ ကျော်ကြားသော သီချင်းတစ်ပုဒ်ကို သီဆိုလိုက်၏။
“ထွီ...”
ကျန်းရီသည် ဝူကန်းက မျက်နှာချေများ ဖြူဖွေးနေအောင် လိမ်းထားသော ပြဇာတ်သမားကို ချစ်ခင်နှစ်သက်သော မျက်ဝန်းများဖြင့် ကြည့်နေကြောင်း တွေ့လိုက်ရသောအခါ ယင်ကောင်ဆယ်ကောင် စားမိသကဲ့သို့ ရွံရှာသွားလေသည်။ ထိုဝူကန်းက ယောက်ျားများကို ကြိုက်သော အခြောက်အိုကြီး ဖြစ်နေပေသည်။
“ကောင်းတယ်... ဆိုတာကောင်းတယ်။ ဆုချကြ... မြန်မြန် သူ့ကို ဆုချလိုက်ကြ”
ဝူကန်း၏ အသံက ကြက်ဖသံကဲသို့ ပဲ့တင်ထပ်သွား၏။ ကျန်းရီသည် ထိုအသံကို ကြားသောအခါ အန်မိမလိုပင် ဖြစ်သွားလေသည်။ သူသည် ဝူကန်း၏ စိတ်ဝိညာဉ်အရှိန်အဝါကို ဂရုတစိုက်အာရုံခံကြည့်လိုက်ပြီးနောက် ချက်ချင်း ပြဇာတ်ရုံထဲမှ ထွက်သွားလိုက်သည်။ သူ ဆက်သည်းမခံနိုင်တော့ပေ။
ကျန်းရီသည် ဝူကန်း၏ စိတ်ဝိညာဉ်အရှိန်အဝါကို သေချာမှတ်မိသွားပြီဖြစ်၍ တုပနိုင်ပြီဖြစ်သည်။ ဝူကန်၏ အသံနှင့် ရုပ်သွင်ကိုမူ သူ အလွယ်တကူ တုပနိုင်သည်။ ဝူကန်းကဲ့သို့ တိုက်ခိုက်စွမ်းအားကြီးသော သူများသည် စွမ်းအားကြီးသော စိတ်ဝိညာဉ်အရှိန်အဝါများ ရှိကြသည်။ ထို့ကြောင့် ထိုစိတ်ဝိညာဉ်အရှိန်အဝါများကို အလွယ်တကူ မှတ်မိနိုင်ပေသည်။
“ကောင်းပြီ... အထက်က အကြီးအကဲတွေကို တင်ပြလိုက်ကြ။ မင်းတို့က ဒီကိစ္စမှာ ငါ့အမိန့်မရဘဲ ဝင်ပါမှာ မဟုတ်ဘူးလို့ သူတို့ကို ပြောလိုက်။ တကယ်လို့ ငါ တစ်ခုခုဖြစ်သွားရင် အကြီးအကဲတွေဆီကို သတင်းပို့လိုက်ပါ။ သေရမယ်ဆိုရင် ငါ့ရဲ့ လုပ်ရပ်တွေကို ငါ နောင်တမရဘူးလို့ သူတို့ကို ပြောလိုက်ပါ”
ကျန်းရီက အစိမ်းရောင်ဝတ်စုံနှင့် အမျိုးသမီးထံ အသံပို့လွှတ်လိုက်ပြီး ဟုန်ဝူမြို့မှ ထွက်သွားလိုက်သည်။ ညအချိန်တွင် မြို့ပြင်၌ သွားလာခြင်းက အလွန်အန္တရာယ်များ၏။ သို့သော် သူက အရေးမစိုက်ပေ။ မြို့ပြင်သို့ ရောက်သောအခါ သူ၏ခန္ဓာကိုယ်က သတ်ဖြတ်အရှိန်အဝါသဲ့သဲ့ ထုတ်လွှတ်လိုက်၏။ သူသည် တိုင်းပြည်ဧကရာဇ်တစ်ပါးကို သတ်တော့မည့် လုပ်ကြံရေးသမားတစ်ယောက်ကဲ့သို့ အရာအားလုံးကိုရင်းရန် အဆင့်သင့်ဖြစ်နေပေပြီ။
ဝှစ်...
ဉာဉ့်နက်လာသောအခါ ကျန်းရီ၏ အမြန်နှုန်းက ပို၍လျင်မြန်လာ၏။ သူက ပျံသန်း၍ သွားနေခြင်းပင်။ သူသည် အမည်မဲ့ကျင့်စဉ်ကိုသုံး၍ ဝိညာဉ်လေများကို အဆက်မပြတ် စုပ်ယူကာ မြေပြင်အထက် ဆယ်မီတာအကွာမှနေ၍ ပျံသန်းနေခြင်းပင်။ သူက ဝိညာဉ်လေများ များစွာ လိုအပ်၏။ ထို့ကြောင့် သူသည် ဤရက်အနည်းငယ်အတွင်း ကုလားအုပ်တောင်သို့ တိုက်ရိုက်ပျံသန်းသွားပြီး ညအချိန်တွင် ဝိညာဉ်လေများကို စုပ်ယူရန် ဆုံးဖြတ်ထားခြင်းပင်။
သို့သော်...
ကျန်းရီသည် အလွန်မြင့်မြင့်တော့ မပျံသန်းဝံ့ပေ။ အနီးပတ်ဝန်းကျင်တွင် ပုန်းအောင်းနေသူများ ရှိနိုင်ပေသည်။ သူသာ အလွန်မြင့်မြင့် ပျံသန်းလိုက်လျှင် ရုတ်ရုတ်သဲသဲ ဖြစ်သွားနိုင်သည်။ မြေပြင်အထက် ဆယ်မီတာလောက်တွင် ပျံသန်းခြင်းက စွမ်းအားကြီး သိုင်းပညာရှင်တစ်ယောက်ဆိုလျှင် လုပ်နိုင်လောက်မည်ဖြစ်၍ များစွာအာရုံစိုက်ခံရမည် မဟုတ်ပေ။ ကျန်းရီသည် ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေသို့ဝင်၍လည်း ပတ်ဝန်းကျင်ကို မပြတ်အာရုံခံနေပေသည်။
တစ်ညပျံသန်းပြီးသော်လည်း ကျန်းရီ မည်သူနှင့်မှ မတွေ့ဆုံသေးပေ။ နေ့အချိန်ရောက်လာသောအခါ ကျန်းရီသည် တောင်အသေးလေးတစ်လုံး၌ အနားယူလိုက်၏။ သူသည် တင်ပျဉ်ခွေထိုင်ကာ ကောင်းကင်နားလည်သိမြင်ခြင်းကို ထုတ်လွှတ်၍ ပတ်ဝန်းကျင်တွင် မည်သူမှ ရှိမနေကြောင်း အတည်ပြုလိုက်ပြီး ဝိညာဉ်လေများကို ပုံမှန်နှုန်းဖြင့် ထုတ်လွှတ်ကာ ပေါင်းစည်းလိုက်သည်။ ထို့နောက် သူ လက်ဝှေ့ယမ်းလိုက်ပြီး အော်ပြောလိုက်သည်။
“သွား...”
အေးစက်သော လေညင်းတစ်ချက် တိုက်ခတ်သွားပြီး ဝိညာဉ်လေများက ရုပ်ဆိုးသော ဓားတစ်ချောင်းအဖြစ် ပေါင်းစည်းသွားကာ အရှေ့သို့ ပျံထွက်သွားလေသည်။ ထိုဓားသည် အရှေ့ရှိ တောင်ငယ်လေးတစ်လုံးအတွင်း နစ်မြုပ်ဝင်သွား၏။
တောင်ငယ်လေးက မည်သို့မှ မလှုပ်ရှားသွားချေ။ သို့သော် ဝိညာဉ်လေဓားက တောင်၏အခြားတစ်ဘက်မှ ပြန်ထွက်လာသောအခါ တောင်ငယ်လေး၏ အထက်ပိုင်းသည် ရုတ်တရက် တုန်ခါကာ မြေပေါ်သို့ ပြတ်ကျသွားလေသည်။
ဝုန်း...ဝုန်း...ဝုန်း...
မြေပြင်က တုန်ခါသွားပြီး ဖုန်မှုန့်များ တထောင်းထောင်းထကာ ကျောက်စကျောက်နများကလည်း အရပ်မျက်နှာအနှံ့သို့ လွင့်ပျံထွက်သွားကြသည်။ ကျန်းရီသည် တောင်ထိပ်ကို ကောင်းကင်စိတ်အာရုံဖြင့် အာရုံခံကြည့်လိုက်ရာ ညီညာပြန့်ပြူးနေကြောင်း သိလိုက်ရသည်။ သူ စိတ်ထဲမှ ပြုံးလိုက်ပြီး ထိုဝိညာဉ်လေဓားက အလွန်စွမ်းအားကြီးကြောင်း တွေးလိုက်လေသည်။ ၎င်းသည် စွမ်းအားများစွာ သုံးရန်မလိုဘဲ တောင်တစ်လုံးကို အလွယ်တကူ ဖြတ်ပစ်နိုင်ပေသည်။
အရေးအကြီးဆုံးအချက်မှာ ဝိညာဉ်လေဓားက တောင်ကိုဖြတ်ပြီးနောက် မပျက်စီးသွားခြင်းဖြစ်သည်။ ယင်းက ကျန်းရီသည် ဝိညာဉ်လေများကို အပြစ်အနာအဆာကင်းကင်း ပေါင်းစည်းနိုင်ခဲ့သည်ဆိုသော အဓိပ္ပာယ်ပင်။
“သွား...”
ကျန်းရီသည် သူ၏လက်ကို ဝှေ့ယမ်း၍ ဝိညာဉ်လေဓားကို ထိန်းချုပ်ကာ ပတ်ဝန်းကျင်တွင် လှည့်ပတ်ပျံသန်းစေလိုက်သည်။ ဝိညာဉ်လေဓား ဖြတ်သန်းသွားသောနေရာတိုင်းရှိ သစ်ပင်များက ခါးမှပြတ်သွားကြသည်။ ကျောက်တုံးကြီးများလည်း နှစ်ခြမ်းပြတ်သွားကြသည်။ တောင်လေးများလည်း ပြိုကျကုန်သည်။ မြေပြင်ကလည်း အဆက်မပြတ် တုန်ခါနေပြီး ဖုန်မှုန့်များ တထောင်းထောင် ထနေလေသည်။
ဝှစ်...ဝှစ်...
ကျန်းရီသည် တိတိပပ ထက်ခြမ်းပြတ်နေသော တောင်များ၊ သစ်ပင်များနှင့် ကျောက်တုံးများကို အခြားသူများ မမြင်သွားစေရန် အတွင်းအား အနည်းငယ် ထုတ်၍ ပတ်ဝန်းကျင်ကို ဖျက်ဆီးပစ်လိုက်လေသည်။ သူသည် ထိုနေရာကို ပရမ်းပတာ ဖြစ်သွားအောင် လုပ်ပြီးနောက် အရှေ့သို့ ဆက်ပျံသန်းသွားလိုက်သည်။
‘ငါ အရည်ကျို နတ်ဘုရားမီးဖိုကို နှိုးကြည့်ရမလား’
ကျန်းရီသည် နှစ်နာရီကြာ ဆက်သွားပြီးနောက် ရုတ်တရက် ရပ်လိုက်၏။ အရည်ကျို နတ်ဘုရားမီးဖိုက သူ့တွင်ရှိသည့် စွမ်းအားအကြီးဆုံး ရတနာဖြစ်သည်။ သူသာ ထိုနတ်ဘုရားမီးဖိုကို နှိုးနိုင်ပါက ဝူနီကို မဖမ်းနိုင်လျှင်ပင် ပညာရှင်တစ်စုကို အလွယ်တကူ သတ်ဖြတ်ကာ ပြန်ဆုတ်ခွာနိုင်ပေသည်။
ကျန်းရီသည် အတွေးကို ချက်ချင်း အကောင်အထည်ဖော်ရန် ဆုံးဖြတ်လိုက်၏။ သူသည် ပတ်ဝန်းကျင် မိုင်တစ်ထောင်ပတ်လည်ကို ထောက်လှမ်းလိုက်ပြီး အနီးတွင် မည်သူမှ ရှိမနေကြောင်း အတည်ပြုလိုက်သည်။ ထို့နောက် သူ အရည်ကျို နတ်ဘုရားမီးဖိုကို ထုတ်လိုက်လေသည်။
ရွှီး...
ကျန်းရီ၏ လက်စွပ်က လင်းလက်သွားပြီး ကျောက်မီးဖိုကြီး ထွက်လာသည်။ ယခုတွင် အရည်ကျို နတ်ဘုရားမီးဖိုက မည်သည့် အရှိန်အဝါကိုမှ ထုတ်လွှတ်မနေပေ။ ထို့ကြောင့် ၎င်းက ကျောက်တုံးကြီးတစ်တုံးနှင့် မခြားချေ။ ကျန်းရီသည် ၎င်းအတွင်းသို့ အတွင်းအား ဖြည်းဖြည်းချင်း ထည့်သွင်းလိုက်၏။ မကြာခင်မှာပင် အရည်ကျို နတ်ဘုရားမီးဖိုသည် ခပ်မှိန်မှိန်တောက်ပလာလေသည်။ မီးဖိုမျက်နှာပြင်ပေါ်ရှိ သင်္ကေတပုံသဏ္ဌာန်များကိုလည်း ခပ်ရေးရေး မြင်နိုင်လာသည်။
“အဲ့ဒါကို နှိုးဖို့က တကယ်ခက်တာပဲ”
အတွင်းအားတန်း ရာကျော် ထည့်သွင်းပြီးနောက် အရည်ကျို နတ်ဘုရားမီးဖိုက တဖြည်းဖြည်း တောက်ပလာသော်လည်း မည်သည့်တုံ့ပြန်မှုမှ မပြသေးပေ။ မီးဖိုအဖုံးက လှုပ်ပင် မလှုပ်သေးချေ။ ကျန်းရီသည် အရည်ကျို နတ်ဘုရားမီးဖိုမှနေ၍ အချက်အလက်များရခဲ့၏။ မီးဖိုအဖုံးကို ဖွင့်နိုင်မှာသာ မီးဖိုကို နှိုးနိုင်ခြင်းဖြစ်ကြောင်း သူသိထားပေသည်။
“အတွင်းအား ဆက်ထည့်မယ်ကွာ”
ကျန်းရီသည် အံကြိတ်၍ မီးဖိုအတွင်းသို့ အတွင်းအား ဆက်ထည့်လိုက်၏။ သို့သော် သူ အလွန်စိတ်ပျက်သွားရသည်။ သူ အတွင်းအား မည်မျှထည့်စေကာမူ အရည်ကျို နတ်ဘုရားမီးဖိုသည် လက်ရှိထက်ပို၍ တောက်ပမလာတော့ပေ။ မီးဖိုအဖုံးကလည်း လှုပ်ပင် မလှုပ်ချေ။ လက်ရှိ သူ၏အတွင်းအားအဆင့်ဖြင့် မီးဖိုကို နှိုးရန် မဖြစ်နိုင်သည့်ပုံပင်။
“ကြယ်တာရာစွမ်းအား ထည့်ရမှာလား”
ကျန်းရီ ခေါင်းကိုက်လာ၏။ ကြယ်တာရာစွမ်းအားက အလွန်အဖိုးတန်ပေသည်။ သူသာ ထိုစွမ်းအားကို မီးဖိုအတွင်းသို့ ထည့်သွင်းလိုက်လျှင် ကုန်သွားပေလိမ့်မည်။ ယခုတွင် ပတ်ဝန်းကျင်၌ မည်သည့်ရန်သူမှ ရှိမနေပေ။ ထို့ကြောင့် သူ အရည်ကျို နတ်ဘုရားမီးဖိုကို နှိုးလိုက်နိုင်မည်ဆိုလျှင်လည်း အသုံးဝင်မည် မဟုတ်ချေ။ ကြယ်တာရာစွမ်းအားများသာ ပြုန်းတီးသွားပေလိမ့်မည်။ သို့ဆိုလျှင် နှမြောစရာမကောင်းသလော။
“ဟူး... အရင်ဆုံး ကုလားအုပ်တောင်ကို သွားတာပဲ ကောင်းပါတယ်ကွာ”
ကျန်းရီသည် အတွင်းအား ထပ်ထည့်ကြည့်သော်လည်း မီးဖိုက မည်သို့မှ မတုံ့ပြန်သဖြင့် မီးဖိုကို ပြန်သိမ်းလိုက်ရလေသည်။ ဝူနီတို့ ရောက်လာရန် ရက်အနည်းငယ် လိုပေသေးသည်။ ကျန်းရီသည် ရှေးဦးစွာ ကုလားအုပ်တောင်၏ မြေမျက်နှာသွင်ပြင် အနေအထားကို ထောက်လှမ်းကာ တိုက်ပွဲအတွက် ပြင်ဆင်စရာရှိသည်များ ပြင်ဆင်ထားရမည်ဖြစ်သည်။ ထိုမှသာ ဝူနီတို့ကို အချိန်မရွေး ဟန့်တား တိုက်ခိုက်နိုင်မည်ဖြစ်ပေသည်။
***