← Chapters

မိမိကိုယ်ကို လှည့်စားခြင်း

Vol. 16 Ch. 224

မိမိကိုယ်ကို လှည့်စားခြင်း

Vol. 16 Ch. 224

သူတို့က တစ်ယောက်နှင့် တစ်ယောက် ကြည့်လိုက်ကြသည်။ စန်ယီပင်း၊ နှဲ့ကျန်းနွန်နှင့် ကျောင်းယန်တို့မှာ ထိုမျှ ဗဟုသုတ မများကြပေ။ ထို့ကြောင့် သူတို့က များစွာ မတွေးမိကြချေ။ ဖူချန်းကား ကိစ္စများကို လေးလေးနက်နက် တွေးတော ကြည့်ဖို့ပင် ပျင်းနေသူ ဖြစ်၏။ သို့သော် မိုဝူကျီက ပြဿနာ အပေါ်ယံ ပြောပြ လိုက်သည့်အခါ သူတို့ အားလုံးက မမြင်နိုင်သည့် ပြဿနာများစွာ ရှိသေးကြောင်း သိလိုက်သည်။

“အဲဒါဆိုရင် စီနီယာ ခေါင်းဆောင် အစ်ကိုကြီး ပစ္စည်းတွေကို ထားခဲ့မှာလား …” နောက်ဆုံးတွင် စန်ယီပင်းက မိုဝူကျီသည် ပစ္စည်းများ ထားခဲ့သည့် အကြောင်းအရင်းကို နားလည် သွားလေသည်။

“ဖြစ်နိုင်တာ ကောင်းကင် ဂိုဏ်းချုပ်က စေတနာ ကောင်းပြီးတော့ အင်မော်တယ် အမွေအနှစ် အကြောင်း သတင်းဖြန့် လိုက်တာလား” ကျောင်းယန်က မေးလိုက်သည်။

“မဖြစ်နိုင်ဘူး။ ကောင်းကင် ဂိုဏ်းချုပ်က အဲဒီလောက် စေတနာ ကောင်းတဲ့သူ မဟုတ်ဘူး။ သိတဲ့အတိုင်း သူက ကမ္ဘာတစ်လွှားက ရတနာတွေ အကုန် လိုက်စုဆောင်း နေတာလေ။ စီနီယာ ခေါင်းဆောင် အစ်ကိုကြီးက လက်စွပ်ကို ပြန်ထားလိုက်လို့ တကယ်လို့ ဖွင့်ကြည့်ရင် ရတနာတွေ ပါရင် ပါနေမှာ …” စန်ယီပင်းက ထပ်ပြောလိုက်လေသည်။

မိုဝူကျီက အားရပါးရ ပြုံးကာ ပြန်ဖြေလိုက်သည်။

“လက်စွပ်ကို သေချာပေါက် ယူသွားမှာပါ။ ဒါပေမဲ့ အဲဒါမလုပ်ခင် အရင် ဖြေရှင်းစရာတွေ ရှိသေးတယ်။ နောက်တစ်ခုက ဒီနေရာမှာ ရှိနေတဲ့ ဝိညာဉ် စွမ်းအားတွေက အတော်လေး သိပ်သည်း နေပေမဲ့ စွမ်းအား စုစည်းခြင်း အစီအရင် အရာမျိုးကို မတွေ့မိဘူး။ ဖြစ်နိုင်တာက ဝိညာဉ် သွေးကြောများ ရှိနေမလားပဲ ...”

“ဝိညာဉ် သွေးကြောလား …” တချို့က ဆက်တိုက် ဆိုသလို အံ့ဩသွား ကြသည်။

မိုဝူကျီက ခေါင်းကို ညိတ်ကာ သူ့စိတ် စွမ်းအားဖြင့် စစ်ဆေး ကြည့်လိုက်သည့် အခါ ကျင်းကုမူ လဲလျောင်းနေသည့် နေရာမှာ ဝိညာဉ်စွမ်းအား အသိပ်သည်းဆုံး ဖြစ်ကြောင်း သိလိုက်သည်။ အကယ်၍ သူတို့သာ ဝိညာဉ်သွေးကြော အရင်းအမြစ်ကို စစ်ဆေးလိုပါက ကျင်းကူမူ၏ အလောင်းကို ဖယ်ရှားရန် လိုအပ်လေသည်။ သို့သော် ကျင်းကုမူ၏ သေတမ်းစာ  ထဲတွင် သူက သူ့ခန္ဓာကိုယ်ကို မရွေ့ရန် မှာကြားထား၏။

အားလုံးက မိုဝူကျီ ပြောလိုက်သည့် ဝိညာဉ်သွေးကြော အကြောင်း တွေးနေစဉ် မိုဝူကျီ အမူအရာက ဖြည်းဖြည်းချင်း ဆိုးရွားလာပြီး ရုတ်တရက် ထအော် လိုက်တော့သည်။

“အားလုံး ဒီကို မြန်မြန် လာကြ …”

သူ ပြောပြီးသည်နှင့် ကျင်းကုမူ ရှိသည့်အခန်းထဲ အရင် ဝင်လိုက်တော့သည်။ ဖူချန်းနှင့် ကျန်လူများက မိုဝူကျီကို အပြည့်အဝ ယုံကြည်ထားသည့် အတွက် သူ အခန်းထဲသို့ ဝင်သွားသည့်အခါ လေးယောက်သား လိုက်ဝင် လိုက်တော့သည်။

စန်ယီပင်းက သေချာ မေးကြည့်ဖို့ ပြင်နေစဉ် အပြင်ဘက်မှ ဟားတိုက် ရယ်မောသံကို ကြားလိုက် ရလေသည်။

“အဲဒါက စစ်မှန်ခြင်း နတ်ဘုရား အဆင့် ကျင့်ကြံသူ မလား ...” ကျောင်းယန်က တုန်တုန်ယင်ယင် မေးလိုက်သည်။

သူတို့ အားလုံး၏ မျက်နှာကား တစ္ဆေ တစ်ကောင်လို ဖြူဖျော့သွား ကြလေသည်။ ထိုရယ်မောသံကား ချောက်ချားဖွယ် ကောင်းလှ၍ စစ်မှန်ခြင်း နတ်ဘုရားအဆင့် ကျင့်ကြံသူမှ လွဲ၍ မည်သူ ဖြစ်နိုင်မည်နည်း။

“သူပဲ ... ပြီးတော့ သူက ငါတို့ဒီမှာရှိတာ သိတယ် …” မိုဝူကျီ ပြောလိုက်သည့် လေသံကား အနည်းငယ် အလျင်စလို ဖြစ်နေလေသည်။ သူတို့သည် သူတို့ထက် များစွာ အားကောင်းသူနှင့် ရင်ဆိုင်ရမည် ဖြစ်၏။ ထိုသူက ဒဏ်ရာ အပြင်းအထန် ရနေလျှင်ပင် သူတို့ ရင်ဆိုင်နိုင်သည့်သူ မဟုတ်သေးချေ။

အားလုံး တိတ်ဆိတ် သွားသည်ကို တွေ့၍ မိုဝူကျီက ကျင်းကုမူ အလောင်းနောက်မှ အခန်းထောင့်ဆီ ပြေးသွား လိုက်တော့သည်။ တစ်ချိန်တည်းတွင် တခြားလူများကို လက်ဟန် လှမ်းပြလိုက်သည်။ တခြား သူများက အနီးရောက် လာသောအခါ သူက စိတ်စွမ်းအင် ကျောက်တုံးများကို ထုတ်၍ အစီအရင် အလံများ ခင်းကျင်း လိုက်လေသည်။ ထိုအလံများက မိုဝူကျီ ကိုယ်တိုင် ဖန်တီးထားခြင်း မဟုတ်ပေ။ ထိုသည်ထဲမှ တချို့က သူဝယ်လာသော အဆင့်နိမ့် အလံများ ဖြစ်ကြပြီး တချို့မှာ တခြားသူများ၏ သိုလှောင်လက်စွပ် အတွင်းမှ ဖြစ်လေသည်။

မိနစ်အနည်းငယ် အကြာတွင် သူက ရပ်တန့် လိုက်လေသည်။

“စီနီယာ ခေါင်းဆောင် အစ်ကိုကြီး ဖုံးကွယ် အစီအရင် လုပ်လိုက်တာလား ...” နှဲ့ကျန်းနွန်က သူ့အပြုအမူကို သတိပြုမိကာ မေးလိုက်သည်။

မိုဝူကျီက ခေါင်းညိတ်ပြ လိုက်ပြီး …

“ဟုတ်တယ်။ ဒါက အဆင့်နိမ့် အစီအရင်လို့ကို ယူဆလို့ မရတဲ့ ရိုးရှင်းတဲ့ အစီအရင်လေးပဲ …. ဒီဟာအပြင် နောက်ထပ် အသံလုံ အစီအရင်ကိုပါ ထပ်ထည့်ထားတယ် …”

ထိုစဉ် မိုဝူကျီက ချူရှင်ကျီကို အမှန်ပင် ကျေးဇူးတင်မိ သွားလေသည်။ ချူရှင်ကျီ မပါရှိလျှင် သူက အစီအရင်များကို ခင်းကျင်းတာ အသာထား ရိုးရှင်းသော အစီအရင်များကိုပင် သိမည် မဟုတ်ပေ။

စန်ယီပင်းက နောက်မှ ပြောလိုက်သည်။

“ဘွားဘွား လင်းလောင်က အနက်ဝတ် အမျိုးသားက စစ်မှန်ခြင်း နတ်ဘုရား အဆင့်(၁)လို့ ပြောထားတယ်။ သူက ဒဏ်ရာ အပြင်းအထန် ရနေရင်တောင် သူ့စွမ်းအား တစ်ရာခိုင်နှုန်း လောက်နဲ့ ဆိုရင်ရော ဒီအစီအရင်က သူ့စိတ်စွမ်းအားကို ကာထားနိုင်ပါ့ မလား …”

စန်ယီပင်းက ထိုမေးခွန်းကို မေးလိုက်ပြီး နောက်တွင် ဖူချန်းနှင့် တခြားလူများက မိုဝူကျီကို မျှော်လင့်တကြီး ကြည့်လိုက်ကြသည်။

သို့သော် မိုဝူကျီက ခေါင်းခါပြ လိုက်ပြီး …

“စစ်မှန်ခြင်း နတ်ဘုရားအဆင့် ကျင့်ကြံသူရဲ့ စိတ်စွမ်းအားကို တားနိုင်မယ် ထင်ရင် အိပ်မက်မက် နေတာပဲ ဖြစ်ရမယ်။ သူ ဝင်လာတာနဲ့ ဒီအစီအရင်ကို တန်းခံစား မိလိမ့်မယ် ပြီးရင် ငါတို့ တည်ရှိမှုကို သိသွားလိမ့်မယ် …”

“အာ …” သူတို့တွေက ကြောင်သွား ကြလေသည်။ ဤအစီအရင်သည် အနက်ဝတ် မြင်ကွင်းမှ မဖုံးနိုင်လျှင် အဘယ်ကြောင့် အသုံးပြုနေ သနည်း။

မိုဝူကျီက အေးအေးဆေးဆေး ပြောလိုက်သည်။

“ငါတို့မှာ တခြား ပုန်းစရာ နေရာ မရှိဘူးလေ။ အဲဒါကြောင့် ဒီဟာက ငါတို့ အကောင်းဆုံး လုပ်နိုင်တာပဲ ...”

စန်ယီပင်းနှင့် အခြားလူများက ခေါင်းငုံ့လိုက် ကြသည်။ သူတို့၏ စီနီယာ ခေါင်းဆောင် အစ်ကိုကြီးက ကိုယ့်ဘာသာ လှည့်ဖြား နေလေသည်။ မဟုတ်လျှင် သူတို့က ဘယ်နေရာတွင် သွားပုန်း ရမည်နည်း။

“ဒီလို လှည့်စားမှုမျိုးကို ငါနေခဲ့တဲ့ နေရာမှာ မိမိဘာသာ လှည့်စားခြင်းလို့ ခေါ်ကြတယ် …” မိုဝူကျီက ဆက်ပြော လိုက်လေသည်။

“မိမိဘာသာ လှည့်စားခြင်းက ဘာကြီးလဲ …” ကျောင်းယန်က မေးလိုက်သည့် အခါ သူ့ရှင်းပြချက် မပါဘဲ ချက်ချင်း သဘောပေါက် သွားလေသည်။ ‘ခေါင်းလောင်း  ခိုးဖို့အတွက် ကိုယ့်နားကိုသာ ပိတ်ထားခြင်း’ ထိုအကြောင်းအရာသည် မိမိဘာသာ လှည့်စားခြင်း ဖြစ်၏။

သို့သော်လည်း စန်ယီပင်းက ဆက်မေးလိုက်သည်။

“စီနီယာ ခေါင်းဆောင် အစ်ကိုကြီးရဲ့ အပြုအမူနောက်မှာ တခြား အကြောင်းပြချက် ရှိသေးတယ် မလား …”

သက်ပြင်းချရင်း မိုဝူကျီက ပြန်ဖြေ လိုက်တော့သည်။

“ငါ့ခန့်မှန်းချက် မှန်ပါစေလို့ပဲ မျှော်လင့်ပါတယ်။ အားလုံး တိတ်တိတ်နေကြ … ဟိုလူ ဝင်လာတော့မယ် ...”

“ဘမ်း …” ကျင်းကုမူ အခန်းကို ကန်ဖွင့်လိုက်သည့် အတွက် နံရံတစ်လျှောက် အက်ကြောင်း ပေါ်လာလေသည်။

ကိစ္စများက မိုဝူကျီ မျှော်လင့်ထားသည့် အတိုင်း ဖြစ်သွားလျှင် အနက်ဝတ် အမျိုးသားက တံခါးဝတွင် ရပ်နေပေ လိမ့်မည်။ မိုဝူကျီက သူ့စိတ် စွမ်းအားကို မသုံးဘဲ ဘွားဘွားလင်းလောင် ပြောထားသည့် အတိုင်း သူ့ဒဏ်ရာများကို မြင်နိုင်လေသည်။ သူက ဤနေရာသို့ ရောက်လာခြင်းမှာ သူက လူသားအဆင့် ကျင့်ကြံသူများကို လုံးဝ ဂရုမစိုက်၍ ဖြစ်လေသည်။

အနက်ဝတ် အမျိုးသားက အခန်း တစ်လျှောက်ကို ဝေ့ကြည့် လိုက်လေသည်။ နောက်ဆုံးတွင် မိုဝူကျီတို့ ပုန်းနေသည့် အခန်းထောင့်သို့ ရောက်သွားကာ သူ့မျက်နှာတွင် အေးစက်စက် အပြုံးတစ်ချက် ပေါ်လာလေသည်။ ထိုသို့သော ဖုံးကွယ်ရေး အစီအရင်လေးဖြင့် သူတို့က သူ့ဆီမှ ပုန်းနိုင်လိမ့်မည်ဟု ထင်နေလေသည်။

သူတို့က သတ္တိကောင်းနေတာ များလား …

သူက မိုဝူကျီနှင့် အခြားလူများကို ဂရုမစိုက်သေးပဲ သူ့ရှေ့တွင် ရှိသော အလောင်းဆီမှ ပစ္စည်း သုံးခုကိုသာ အာရုံစိုက် ထားလေသည်။ သူ့အကြည့်များက လင်းလက်လာကာ ရှေ့တက်လာပြီး ပစ္စည်းများကို ကောက်ယူ လိုက်တော့သည်။

အနက်ဝတ် အမျိုးသားက သူတို့ကို လွှတ်ထား သေးသည်ကို မြင်၍ မိုဝူကျီက သက်ပြင်း ချလိုက်မိ တော့သည်။ အနက်ဝတ် အမျိုးသားက သူတို့ကို တန်းမတိုက်ခိုက်ပါက သူတို့တွင် အခွင့်အရေး ရှိသေးလေသည်။ သူတို့က အနက်ဝတ် အမျိုးသားနှင့် မရင်းနှီးသော်လည်း စကားတစ်ခွန်းမျှ မပြောဘဲ ဖုတ်ကျင့်ကြံသူကို သတ်လိုက်သည့် အပြုအမူနှင့် ဘွားဘွား လင်းလောင်၏ ရိုက်ခတ်မှုကြောင့် ဖုတ်ကျင့်ကြံသူ ဆီမှ ပစ္စည်းများ ယူကာ ထွက်ပြေး သွားသောကြောင့် သူကား မာန ကြီးသူမှန်း သိသာစေသည်။ သူက စိတ်ရှိသည်နှင့် တခြား လူများ၏ အမြင်ကို တောင်းခံနေမည် မဟုတ်ပေ။ မိုဝူကျီက ဖုတ်ကျင့်ကြံသူတွင် အင်မော်တယ် အမွေအနှစ် ရှိသည်ဟု ပြောလိုက်သည်ကို ကြား၍ ထိုသူဆီမှ လုယက်ရန် ဆုံးဖြတ် ခဲ့လေသည်။

ယခု သူက ဝင်လာသည်နှင့် သူတို့နှင့် ရင်မဆိုင်သေးပဲ အလောင်းရှေ့မှ ပစ္စည်းများကို ယူနေခြင်းမှာ ထိုလူသည် သူတို့က ပြောဖို့ပင် မထိုက်တန်သည့် အစီအရင် တချို့ ချထားသည်ကို ခံစားမိ၍ ဖြစ်နိုင်သည်။ အနက်ဝတ် အမျိုးသားက ကျင်းကုမူ ထားခဲ့သည့် ပစ္စည်း အားလုံးကို သိမ်းဆည်း ချင်လိုသည်။ သူတို့ အစီအရင်ကို မချိုးဖျက်ခင် သူတို့ကို အကြောက်တရား အကြောင်း သေချာ ခံစားခိုင်း ကြည့်ရမည်။

သို့သော် ထိုသည်က မိုဝူကျီ အစီအရင် ပြုလုပ်ထားသည့် ရည်ရွယ်ချက် ဖြစ်၏။ အကယ်၍ သူသာ မလုပ်ထားလျှင် သူတို့ကို ချက်ချင်းမိ၍ နေရာမှာတင် သတ်ပစ်လိမ့်မည်။ အနက်ဝတ် အမျိုးသားက သူတို့အားလုံးကို စက္ကန့်ပိုင်းလေး အတွင်း သတ်ပစ်လိမ့်မည်။ သို့သော်လည်း လူများက ဉာဏ်ကောင်းဟန် ဆောင်တတ် ကြသည်ကို သိ၍ အနက်ဝတ် အမျိုးသားက မိုဝူကျီနှင့် အခြား လူများသည် ထိုသို့ ပြုမူနေကြောင်း တွေးမိလိုက်သည်။

လျှပ်တစ်ပြက် အတွင်း အနက်ဝတ် အမျိုးသားက ကျင်းကုမူ ထားခဲ့သည့် စာလိပ်ကို ဖတ်ရှုလိုက်ကာ ကျောက်စိမ်းပြားကိုပင် ထပ်ခါ ထပ်ခါ လှည့်ကြည့် လိုက်သေးသည်။ သို့သော်လည်း သူက သွေးကို သုံး၍ မမွမ်းမံခဲ့ပေ။ ထို့အစား ကျင်းကူမူ၏ အလောင်းကိုသာ လက်ဖြင့် တွန်းကြည့်လိုက်သည်။ ကျင်းကုမူ ပြောထားသည်က သူ့အလောင်းကို မရွေ့ဖို့ရာ ပါလေသည်။ ထိုသည်က သူ့အတွက် သောက်ရေးမပါပေ။

ကျင်းကုမူ အလောင်းကို တစ်ဖက်သို့ တွန်းလိုက်သည်နှင့် အနက်ဝတ် အမျိုးသားက ခဏ ရပ်သွားလေသည်။ သူက ရုတ်တရက် တစ်ခုခု မှားယွင်းနေကြောင်း ခံစားမိ လိုက်သည်။ အပြာဝတ် လူငယ် (မိုဝူကျီ)က သူ့ကို စကားလုံးဖြင့် ဖုတ်ကျင့်ကြံသူကို တိုက်ခိုက်ရန် နှိုးဆော် နိုင်ခဲ့သည်။ အဆုံးသတ်တွင် လူငယ်က သူ ရက်အတော်ကြာ လိုက်နေခဲ့သည့် အမျိုးသမီးကို ကယ်တင် သွားလေသည်။

ထို့ကြောင့် လူငယ်မှာ သေချာပေါက် အရူး မဟုတ်ပေ။ သူက အရူး မဟုတ်မှတော့ အစီအရင်ကား သူ့အမြင်ကို မကာကွယ်နိုင်မှန်း သိပေလိမ့်မည်။ ထိုသို့ဆိုလျှင် အဘယ်ကြောင့် ပြုလုပ်ထား သနည်း။ ဖြစ်နိုင်သည်က လူငယ်က သူ ဖြစ်နေလိမ့်မည်ဟု မသိခြင်း ဖြစ်ရမည်။ ထို့ကြောင့် သူက အစီအရင်က ကာကွယ်ပေးထား နိုင်လိမ့်မည်ဟု မှတ်ယူထားဟန် ရှိသည်။

မည်သို့ပင် ဆိုစေကာမူ လူငယ်လေးကို ဦးဆုံး သတ်ပစ်လိုက်ခြင်းက ပိုကောင်းပေ လိမ့်မည်။

ထိုစဉ် သိပ်သည်းလှသည့် ဝိညာဉ် စွမ်းအားများက ထွက်ပေါ်လာ လေသည်။ ထိုသည်က ဝိညာဉ် သွေးကြော၏ ပင်ရင်းဖြစ်၍ အနက်ဝတ် အမျိုးသားက အတော်လေး စိတ်လှုပ်ရှားမိ သွားသည်။ သူက ဝိညာဉ် သွေးကြောသည် လူသေအောက်တွင် ရှိနေ လိမ့်မည်ဟု ထင်မထားခဲ့ပေ။ ကျင်းကုမူက သူ့အလောင်းကို မရွေ့ဖို့ ပြောခဲ့သည်မှာ အံ့ဩစရာတော့ မဟုတ်ပေ။

လူသေက ဝိညာဉ် သွေးကြောနှင့် ဘာလုပ်ချင်နေ သနည်း။

မကောင်းတော့ပေ။ အနက်ဝတ် အမျိုးသားက ချက်ချင်း တုံ့ပြန် လိုက်လေသည်။

သူ ပြုမူလိုက်သည့် အခိုက်အတန့်တွင် အားကောင်းလှသည့် နတ်ဝိညာဉ်က သူ့အသိစိတ် ပင်လယ်သို့ စီးဝင်လာ လေသည်။

ဝိညာဉ် ပူးကပ်ခြင်းလား …. အနက်ဝတ် အမျိုးသား မျက်နှာတွင် ခါးသီးသည့် အမူအရာ ပေါ်လာပြီး သူထဲသို့ ဝိညာဉ် ပူးကပ်ဖို့ရန် ကြိုးစား လိမ့်မည်ဟု စိတ်ပင် မကူးဖူးပေ။

သူက ချက်ချင်း တင်ပျဉ်ခွေ ထိုင်ကာ သူ့အသိစိတ် ပင်လယ်ထဲသို့ ဝင်ရောက်လာသော ဝိညာဉ်ကို ချေဖျက်ဖို့ရန် လုပ်ဆောင်လိုက်သည်။ သူ့အဓိက ရည်ရွယ်ချက်မှာ ထိုနတ်ဝိညာဉ်ကို အပိုင်းပိုင်း အစစ ပြုလုပ်ရန် ဖြစ်လေသည်။

“ခွမ်း ...” လက်မြှောက် လိုက်သည့်အခါ မိုဝူကျီက သူ့ရှေ့မှ အစီအရင်ကို ပယ်ဖျက်လိုက်ပြီး ရှေ့ဆုံးက ထွက်လာလေသည်။

အနက်ဝတ် အမျိုးသားက ဘာတွေ ဖြစ်လာမည်မှန်း တန်းသိလိုက်သည်။ ဤလူငယ်ကား အမှန်ပင် ဉာဏ်များလွန်း လှ၍ သူ့အတွက် ဒုတိယအကြိမ် ခံလိုက်ရခြင်း ဖြစ်သည်။

“စီနီယာ ခေါင်း‌ဆောင် အစ်ကိုကြီးက ဘာလုပ်မို့လဲ ...” စန်ယီပင်းက ခြေချိတ် ထိုင်နေသည့် အနက်ဝတ် အမျိုးသားကို မသေချာ မရေရာ ကြည့်လိုက်လေသည်။ အနက်ဝတ် အမျိုးသားတွင် ကြမ်းတမ်းသည့် အမူအရာများ ရှိနေကာ နာကျင်မှုကို ခုခံနေသည့်နှယ် ဖြစ်သည်။

ဤတစ်ကြိမ်တွင် မိုဝူကျီက သူ့အား အခွင့်အရေး မပေးတော့ပေ။ သူက အနက်ဝတ် အမျိုးသားဆီ ပြောရင်း လျှပ်စီးတွေ တစ်လုံးပြီး တစ်လုံး ပစ်လွှတ် လိုက်လေသည်။

“ဒီလူကို မြန်မြန် သတ်ပစ်ကြမယ် ...”

သူ့ခန့်မှန်းချက်ကား ကွက်တိ ဖြစ်နေလေသည်။ ဤနေရာတွင် ဝိညာဉ် စွမ်းအားများ အလွန် သိပ်သည်းလှ သော်လည်း စွမ်းအား စုစည်းခြင်း အစီအရင် သို့မဟုတ် စိတ်စွမ်းအင် ကျောက်တုံးများ မမြင်မိပေ။ ထို့ကြောင့် အနီးအနားတွင် ဝိညာဉ် သွေးကြော ရှိနေခြင်းသာ ဖြစ်နိုင်လေသည်။

မိုဝူကျီက ချီသွေးကြော ၁၀၁ ခုထိ ဖွင့်ထားသောကြောင့် သူက ဝိညာဉ် စွမ်းအားများနှင့် ပတ်သက်၍ အာရုံခံ ကောင်း‌လေသည်။ သူ့စိတ် စွမ်းအားဖြင့် ရှာနိုင်သည့် အတွက် ကျင်းကုမူ ခန္ဓာအောက်တွင် ဝိညာဉ် သွေးကြော ရှိနေကြောင်း ခန့်မှန်းနိုင်သည်။

အနက်ဝတ် အမျိုးသား မှန်းဆထားသည့် အတိုင်း လူသေက အဘယ်ကြောင့် ဝိညာဉ် သွေးကြော အပေါ်တွင် ရှိနေသနည်း။ တစ်ခုတည်းသော ဖြစ်နိုင်ချေမှာ ထိုလူသေက လုံးဝ မသေသေးတာ ဖြစ်နိုင်လေသည်။ လုံးဝ မသေသေးသော လူတစ်ယောက် အတွက် အခြား သူများကို မတိုက်ခိုက်လျှင်ပင် ထိုနေရာတွင် နတ်ဝိညာဉ် ရှိနေနိုင်လေသည်။

မိုဝူကျီက နတ်ဝိညာဉ်သည် တခြား သူများဆီ ပူးကပ်လာ လိမ့်မည်ဟု စိတ်မကူးမိပေ။ ထို့အပြင် ဝိညာဉ် သွေးကြောအပေါ် ရှိနေသည့် လူသေဆီမှ ဝိညာဉ် စွမ်းအားများသာ ခံစားမိလျှင် တစ်ဖက်သို့ တွန်းလွှတ်မိ လောက်သည်။ တစ်ယောက်ယောက်က ကျင်းကုမူ အလောင်းနှင့် ထိတွေ့သွားပါက ထိုသူ့ ခန္ဓာကိုယ်ထဲမှ အသိစိတ် ပင်လယ်သို့ အပိုင်စီးကာ ဝိညာဉ်ပူးကပ် နိုင်လိမ့်မည်။

အနက်ဝတ် အမျိုးသားသည် ကျင်းကုမူ ဝိညာဉ်ပူးကပ် လိုသည့်လူ မဟုတ်‌သော်လည်း သူက အလောင်းကို တစ်ဖက် တွန်းလိုက်သည့် အတွက် ကျင်းကူမူ အတွက် ပူးကပ်ရုံမှ အပ ရွေးချယ်စရာ မရှိတော့ချေ။

ကျင်းကုမူက ဝိညာဉ် ပူးကပ်ခြင်း စတင်သော အခါ အနက်ဝတ် အမျိုးသားက မိုဝူကျီနှင့် တခြား လူများကို အချိန်တိုအတွင်း ဂရုစိုက် နိုင်တော့မည် မဟုတ်ပေ။ ထိုအချိန်တွင် မတိုက်ခိုက်ပဲ နေရအောင် မိုဝူကျီက အရူးတစ်ယောက် မဟုတ်ချေ။ ထို့အပြင် ထိုအခိုက်အတန့်ကို သူစောင့်မျှော် နေခဲ့ခြင်း ဖြစ်၏။

ကျန်လူများလည်း အဖြစ်အပျက်များကို နားလည်လာကာ သူတို့ မှော်ရတနာများကို ကိုင်ဆွဲ၍ အနက်ဝတ် အမျိုးသားကို တိုက်ခိုက် ကြတော့သည်။

အနက်ဝတ် အမျိုးသားက မူလ ကတည်းကမှ ဒဏ်ရာ အပြင်းအထန် ရထားလေသည်။ ယခုအခါ မိုဝူကျီဆီမှ လျှပ်စီးများကို ပြန်မတိုက်နိုင်ဘဲ ခံနိုင်ရသည့် အတွက် သူ့ကို အတော်လေး ဒေါသ ထွက်လာစေသည်။

သို့သော် စစ်မှန်ခြင်း နတ်ဘုရား အဆင့်(၁) ကျင့်ကြံသူ အနေနှင့် သူ့အင်အား ၉၀ရာခိုင်နှုန်းလောက် ကုန်ဆုံး နေလျှင်ပင် မိုဝူကျီ လျှပ်စီးများဖြင့် သူ့ကို အလွယ်တကူ မသတ်နိုင်ချေ။ သူ့ဒဏ်ရာများက ပိုဆိုးရွား လာသော်လည်း သေစေလောက်သည့် ဒဏ်ရာများတော့ မဟုတ်သေးပေ။

“ဘမ်း ဘမ်း ...” လျှပ်စီး များစွာက သူ့ဆီ ပျံသန်း လာသောကြောင့် အနက်ဝတ် အမျိုးသားက ရယ်မော လိုက်လေသည်။ ထိုကျန်ရှိနေသည့် ဝိညာဉ်လေးက အားကောင်းသော်လည်း ကြာရှည် မခံတော့ပေ၊ အချိန်နည်းနည်း ကြာသည်နှင့် သူက အပြည့်အဝ ဖိနှိပ်သွား နိုင်လိမ့်မည်။ ထို့နောက် သူက ဉာဏ်များလှသည့် လူငယ်လေးကို ဖြည်းဖြည်းချင်း သတ်ပစ်ရမည်။ သူ့ခန္ဓာသို့ လာထိရိုက် နေသော လျှပ်စီးများမှ တစ်ဆင့် သူက လူငယ်၏ ကျင့်ကြံဆင့်ကို သေချာ သိလိုက်ရသည်။ လူငယ်က အလွန်ဆုံး လူသား အဆင့်လွန် အဆင့် (၁) မျှသာ ရှိသေးလေသည်။

ထိုစဉ် သူ့ဆီ လွှမ်းမိုးလာသော ကြောက်မက်ဖွယ် ခံစားချက်က ပျံ့နှံ့ လာလေသည်။ ထိုအရာကား သေမင်းကိုယ်တိုင် ရောက်လာသည့် အလား ဖြစ်၏။

***

All Chapters