← Chapters

တိုက်ပွဲထွက်ကြမယ်

Vol. 17 Ch. 230

တိုက်ပွဲထွက်ကြမယ်

Vol. 17 Ch. 230

ဂိုဏ်းတစ်ရာ မဟာမိတ်အဖွဲ့မှ ကျင့်ကြံသူများ သတ္တိကား ယာယီမျှသာ ဖြစ်၏။ နယ်ခြား ကျင့်ကြံသူ ၁၀၀၀၀ကို မြင်ပြီး နောက်တွင် ဂိုဏ်းတစ်ရာ မဟာမိတ်အဖွဲ့ ကျင့်ကြံသူများက တိုက်ခိုက်ဖို့ အင်အား လျော့ကျ သွားလေသည်။

ထိုစဉ် နယ်ခြား ကျင့်ကြံသူ ၁၀၀၀၀ လည်း သူတို့ တိုက်ခိုက်မှုကို ရပ်တန့်လိုက်ပြီး သူတို့ဘက်က ဂိုဏ်းတစ်ရာ မဟာမိတ်အဖွဲ့ကို ရက်ရက်စက်စက် သတ်ဖြတ်နေသည်ကို ကြည့်နေ မိလေသည်။ တစ်ချိန်တည်းတွင် သူတို့က ထွက်ပြေးသည့် သူများကို တားဆီး လိုက်ကြသည်။ သူတို့သည် ဤတိုက်ပွဲတွင် အားလုံးကို အမြစ်ဖြတ် ချေမှုန်းရန် ရည်ရွယ် ထားကြောင်း သိသာလှသည်။

ပျောက်ဆုံး နယ်မြေ ကျင့်ကြံသူများ ဖြစ်စေ သို့မဟုတ် နယ်ခြား ကျင့်ကြံသူများ ဖြစ်စေ သူတို့ အားလုံးသည် တိုက်ပွဲက ပြီးဆုံးသွားပြီမှန်း သိကြ၏။ ပျောက်ဆုံး နယ်မြေသည် မကြာခင် ပျောက်ကွယ် သွားတော့မည် ဖြစ်ကာ ဤနေရာတွင် နယ်မြေ အသစ်တစ်ခု ဖြစ်လာလိမ့်မည်။ ဤနယ်မြေ အသစ်တွင် နေထိုင်ကြသော လူများမှာ မျောလွင့်ကြယ်မှ ဖြစ်လိမ့်မည်။

ထိုအခိုက်အတန့်တွင် သင်္ဘောပျံက ရောက်ရှိလာလေသည်။ သင်္ဘောပျံ ထိပ်ပိုင်းတွင် လူဆယ်ယောက် ပါရှိလေ၏။ ဆံပင်မည်း၊ မုတ်ဆိတ်ဖြူ အမျိုးသားက သင်္ဘောပျံမှ ခုန်ဆင်းလာကာ နယ်ခြား ကျင့်ကြံသူများဆီ ခုန်အုပ် ဝင်လာလေသည်။

နယ်ခြား ကျင့်ကြံသူဘက်မှ စစ်မှန်ခြင်း နတ်ဘုရား အဆင့် ကျင့်ကြံသူ များစွာက စိမ်ခေါ်မှုကို လက်ခံလိုက်ကြသည်။

“ဘမ်း ဘမ်း”

လေထဲတွင် သဘာဝ စွမ်းအားများက ပေါက်ကွဲကုန်ကာ တော်တော်များများ သေဆုံး သွားကြ၏။ ရုတ်တရက် ဖြစ်ပေါ်လာသော ဖြစ်ရပ်ကြောင့် လူအားလုံးက အံ့ဩတကြီး ဖြစ်သွားကြသည်။ တိုက်ပွဲနေရာမှ တိုက်ပွဲကြီးပင် ငြိမ်သက် သွားလေသည်။ လူတစ်ယောက်က စစ်မှန်ခြင်း နတ်ဘုရား အဆင့် ကျင့်ကြံသူများဖြင့် ရင်ဆိုင်တွေ့ပြီး ရိုးရိုးရှင်းရှင်း တစ်ချက်တည်းဖြင့် စစ်မှန်ခြင်း နတ်ဘုရားအဆင့် ကျင့်ကြံသူများစွာမှာ ချက်ချင်း အသတ် ခံလိုက်ရသည်။ ဤအရာက အိပ်မက်များလား။

ပျောက်ဆုံးနယ်မြေမှာ ဒီလို အဆင့်မြင့် ကျင့်ကြံသူမျိုး ဘယ်အချိန်က ရှိခဲ့တာလဲ ...

ယင်သင်္ချိုင်းနှင့် အနည်းငယ် အလှမ်းဝေးသော တောင်ပေါ်တွင် မိုဝူကျီက သွေးသံရဲရဲ တိုက်ပွဲဖြစ်ရာ ဦးတည်ရာ အတိုင်း လှမ်းကြည့် နေလေသည်။

“စီနီယာ ခေါင်းဆောင် အစ်ကိုကြီး ကျုပ်သွားကြည့် လိုက်ရမလား”

ဖူချန်းက မိုဝူကျီ မျက်နှာမှ စိုးရိမ်ပူပင်သည့် အမူအရာကို မြင်၍ ဦးစွာ မေးကြည့် လိုက်လေသည်။ မိုဝူကျီက ခေါင်းညိတ်ပြလိုက်ပြီး

“အဲဒါ ကောင်းတယ်။ ဒီသင်္ဘောပျံကို ယူပြီး သွားကြည့်လိုက် … တကယ်လို့ အခြေအနေ တစ်ခုခု တွေ့တာနဲ့ ချက်ချင်း ပြန်လာခဲ့”

“ဟုတ်ကဲ့ပါ”

ဖူချန်းက သင်္ဘောပျံကို ထိန်းချုပ်ကာ ယင်သင်္ချိုင်းဆီ ပျံသန်း သွားတော့သည်။

“ယီပင်း ... တျန်းဂျီဂိုဏ်းရဲ့ နယ်မြေအကြောင်း သေချာပြောပြလို့ ရမလား”

မိုဝူကျီက ရောင်ခြည် အမြောက် ခဲယမ်းကို ထိကိုင်ရင်း ပြောလိုက်သည်။

စန်ယီပင်းက ရှင်းမပြခင် “အမ်း” ဟု တုံ့ပြန် မိလိုက်သည်။

“တျန်းဂျီဂိုဏ်းက မင်ဟန်အင်ပါယာရဲ့ အစွန်အဖျားပိုင်းမှာ တည်ရှိတယ်။ အနေအထားက ကြီးမြတ် ရန်ကျုံးဂိုဏ်းတို့၊ ကောင်းကင် ဖွေရှာနန်းတော်တို့နဲ့ တြိဂံပုံစံ ကျနေတာ။ အဲဒါက ကျွန်မတို့ တျန်းဂျီဂိုဏ်း တစ်ခုတည်းရဲ့ အမြင်ပါ။ အားလုံးက တျန်းဂျီဂိုဏ်း တည်ရှိမှုကိုတောင် မသိကြဘူး”

“မင်ဟန် အင်ပါယာက နယ်ခြား ကျင့်ကြံသူ‌တွေ ပထမဆုံး ဖျက်စီး ပစ်လိုက်တာ မလား။ မင်ဟန်အင်ပါယာရဲ့ မြို့တော် တာ့ကေး မြို့တော်လည်း အသိမ်း ခံလိုက်ရပြီဆို”

မိုဝူကျီက မေးလိုက်လေသည်။ စန်ယီပင်းက ပြန်ဖြေလိုက်သည်။

“တာ့ကေး မြို့တော်က နယ်ခြား ကျင့်ကြံသူတွေဆီ ပါသွားပေမဲ့ မင်ဟန် အင်ပါယာက ရှိနေသေးတယ်။ ကျွန်မတို့ တျန်းဂျီဂိုဏ်းက မင်ဟန်အင်ပါယာရဲ့ အစွန်ပိုင်း ဆိုတော့ ဘယ်သူမှ သတိ မထားမိကြဘူး။ တျန်းဂျီဂိုဏ်းက မီတာ ရာကျော်ပတ်လည် ကျယ်ဝန်းပြီးတော့ ပင်မတောင် တစ်လုံးနဲ့ တောင်ခွဲရာကျော် ရှိတယ်။ တောင်ခွဲတွေ အကုန်လုံးက သဘာဝ အတိုင်း ဖြစ်တည်နေတာ။ အလယ်မှာ မြစ်တစ်စင်း ဖြတ်စီး နေပြီးတော့ ကျွန်မတို့တွေက တျန်းဂျီမြစ်လို့ ခေါ်တယ်။ ပြောရမယ် ဆိုရင် တျန်းဂျီဂိုဏ်းက သဘာဝတရား ဂိုဏ်းတစ်ခုပဲ။ ကြီးမြတ်ရန်ကျုံးလို ဂိုဏ်းအကြီးတောင် သူတို့ တောင်ခွဲတွေကို ဖန်တီး လုပ်ယူထားရတာ”

“နေရာကောင်း တစ်ခုပဲ။ ဘာလို့ ဂိုဏ်းကြီးတွေက လာမလုကြတာလဲ”

မိုဝူကျီက နားမလည်စွာ မေးလိုက်သည်။

“တျန်းဂျီဂိုဏ်းရဲ့ နယ်မြေ အနေအထားနဲ့ ပတ်ဝန်းကျင်က ကောင်းပေမဲ့ ဝိညာဉ်စွမ်းအား နည်းပါးတဲ့ နယ်မြေ တစ်ခုပဲ။ အဲဒီမှာ ဝိညာဉ်စွမ်းအားတွေက ပါးလွှားပြီးတော့ စွမ်းအား စုစည်းခြင်း အစီအရင် ထားရင်တောင် သိပ်သည်း လာအောင် လုပ်ဖို့ မဖြစ်နိုင်ဘူး”

စန်ယီပင်းက ရှင်းပြလိုက်လေသည်။

မိုဝူကျီက ရုတ်တရက် အတွေး ပေါက်သွားလေသည်။ ဂိုဏ်းတစ်ခု၏ ရည်ရွယ်ချက်နှင့် အမွေအနှစ်တို့မှာ အင်အား စုစည်းခြင်း ဖြစ်ရာ နေထိုင်စရာ နေရာလေးမျှသာ မဟုတ်ပေ။ အကယ်၍ ဂိုဏ်းတစ်ခုက ကျင့်ကြံဖို့ရာ သင့်တော်သော နေရာမရှိပါက ကြီးထွား လာမည် မဟုတ်ပေ။ ထိုသည်က သဏ္ဌာန်မဲ့ နတ်ဓားဂိုဏ်းတွင် နေထိုင်ခဲ့သည့် ပဒုမ္မကြာ ဓားတောင်ထိပ်နှင့် ဆင်တူ လှပေသည်။ တျန်းဂျီဂိုဏ်း ဝန်းကျင်တွင် ဝိညာဉ်စွမ်းအားများ လျော့နည်း နေသဖြင့် အခြားသော ဂိုဏ်းများ အတွက် မျက်စိ မကျသည်က ပုံမှန် ဖြစ်လေသည်။

“ငါတို့ ပြန်ရောက်တာနဲ့ တျန်းဂျီမြစ်နဲ့ တောင်ထိပ်‌တွေ အကုန်လုံးကို ကာကွယ် ပေးနိုင်မဲ့ အစီအရင်ကြီး တစ်ခု တပ်ဆင်ဖို့ နည်းလမ်း ရှာပေးမယ်။ ပြီးတော့ တျန်းဂျီ တောင်ထိပ်ကိုလည်း ပြန်လည် တည်ဆောက်ကြမယ်”

မိုဝူကျီက ချက်ချင်း ပြောလိုက်သည်။ ဝိညာဉ် စွမ်းအားက ပြဿနာ တစ်ရပ် မဟုတ်ပေ။ ထို့အပြင် သူက အစီအရင် ကျွမ်းကျင်နေသည့် အပြင် သူ့တွင်လည်း ဝိညာဉ်သွေးကြော ရှိနေသေး၏။ စန်ယီပင်းက ခေါင်းခါပြကာ

“စီနီယာ အစ်ကိုကြီး ကျွန်မတော့ အဲဒီလို မဖြစ်နိုင်မှာကို စိုးရိမ်မိသား”

“ဘာလို့လဲ”

မိုဝူကျီက စန်ယီပင်းကို စိုက်ကြည့်ကာ မေးလိုက်သည်။ နယ်မြေ အနေအထားက အလွန် ထူးခြားလှရာ ဂိုဏ်းကာကွယ်ရေး အစီအရင်ကို မလုပ်ဆောင်သင့် ပေဘူးလား ...

စန်ယီပင်းက ခေါင်းငုံ့ရင်း ပြောလိုက်လေသည်။

“တောင်ခွဲ တစ်ဝက်ကျော်ကို အငှား ချထားတာ။ အခု ကျွန်မတို့မှာ ပင်မတောင်နဲ့ တောင်ခွဲ ဆယ်လုံးကျော်ပဲ ကျန်တော့တာ”

မိုဝူကျီက ကြောင်သွားလေသည်။ ဂိုဏ်းတစ်ခုက တောင်တွေကို တခြား သူတွေဆီ ငှားရမ်းတယ်လား … ထိုအရာက သူပထမဆုံး ကြားဖူးခြင်း ဖြစ်၏။

“တျန်းဂျီဂိုဏ်းက စိတ်စွမ်းအင် ကျောက်တုံးတွေ မလုံလောက်ဘူးလား”

မိုဝူကျီက မျက်မှောင် ကြုတ်ရင်း မေးလိုက်လေသည်။ အကယ်၍ ဂိုဏ်းတစ်ခုက စိတ်စွမ်းအင် ကျောက်တုံးများ လိုအပ်နေလျှင်ပင် မြေကိုတော့ သူများတွေဆီ မငှားရမ်းသင့်ပေ။

စန်ယီပင်းက သက်ပြင်းချကာ “တျန်းဂျီဂိုဏ်းရဲ့ တောင်ခွဲတွေကို ငှားထားတဲ့ သူတွေက အင်အားစု နှစ်မျိုးပဲ။ ပထမက မင်ဟန်အင်ပါယာရဲ့ မင်းသား (၁၄) ပဲ။ သူက မင်းဟန် - တျန်းရှန် မဟာမိတ်ကို ထိန်းချုပ်နေတာ။ အဲဒီ မဟာမိတ်က ကျွန်မတို့ တျန်းဂျီဂိုဏ်း နယ်မြေထဲ တည်ထားတယ်။ ဒီနယ်က သူ့အတွက် ငွေတွင်းကြီးပဲ။ ဒုတိယ အင်အားစုက တောင်ခံတပ်ကြီးပဲ၊ ခံတပ်ကို မင်ဟန် အင်ပါယာ မင်းသား (၂၆) ပိုင်တာ။ ကလိမ်ကကျစ် အလုပ်တွေ လုပ်ကြတယ်။ ငှားရမ်းခအတွက် တျန်းဂျီဂိုဏ်းက ကြေးတစ်ပြားတောင် မရဘူး”

မိုဝူကျီက စိတ်ထဲတွင် ညည်းတွား မိလိုက်သည်။ ထိုညည်းတွားမှုက တျန်းဂျီဂိုဏ်း အတွက် ဖြစ်လေသည်။ သာမန် သေမျိုး မင်းသားများဆီ အနိုင်ကျင့် ခံရခြင်းသည် ကြီးမားသည့် အရှက်ကွဲမှုမျိုး ဖြစ်၏။

“မင်ဟန် အင်ပါယာမှာ မြေကမ္ဘာ အဆင့် ကျင့်ကြံသူတွေ အများကြီးရှိတယ်။ ပြီးတော့ တျန်းဂျီဂိုဏ်းက ရွမ်အဆင့် ဂိုဏ်းဆိုတော့ သူတို့နဲ့ ရင်မဆိုင်နိုင်ဘူး”

စန်ယီပင်း အသံက တဖြည်းဖြည်း အားလျော့ လာလေသည်။ မိုဝူကျီက ပြန်ပြောခါနီးတွင် ဖူချန်း သင်္ဘောပျံ တုန်တုန်ယင်ယင်ဖြင့် ပြန်ရောက် လာသည်ကို မြင်လိုက်ရသည်။

တစ်ခုခုတော့ မှားယွင်း နေလေပြီ ….

မိုဝူကျီက သူ့လက်ထဲမှ ခဲယမ်းကို ရောင်ခြည် အမြောက်ထဲ ထည့်လိုက်လေသည်။ တစ်ချိန်တည်းတွင် သူက စန်ယီပင်းနှင့် အခြားလူများကို ပြောလိုက်လေ၏။

“အားလုံး … အမြောက်ကို ပြင်ထားကြ။ ပြီးရင် ဖူချန်း သင်္ဘောပျံ လာတဲ့ဘက်ကို လှည့်ပြီးတော့ ငါ့အမိန့်ကို စောင့်”

“ဟုတ်ကဲ့”

မိုဝူကျီ မပြောလျှင်ပင် စန်ယီပင်းနှင့် အခြားလူများလည်း တစ်ခုခု မှားယွင်း နေကြောင်း သိလိုက်၏။ ကြည့်ရတာ ဖူချန်း၏ သင်္ဘောပျံက ထိခိုက်လာဟန် ရှိသည်။

ခဏအကြာတွင် ဖူချန်း သင်္ဘောပျံက ဆင်းသက်လာကာ ဖူချန်းက အော်ပြောရင်း ထွက်လာလေ၏။

“ဒီလူတွေက တကယ့်ကို တိရစ္ဆာန်တွေပဲ ... တိရစ္ဆာန်တွေပဲ။ သူတို့ကို အမြစ်ဖြတ် သုတ်သင် နေကြတာ။ သူတို့တွေက ကလေးဖြစ်ဖြစ်၊ လူကြီး ဖြစ်ဖြစ် အသက်ရှိတာ မှန်သမျှ အကုန် သတ်ဖြတ်နေတာ”

မိုဝူကျီ အမူအရာ ပြောင်းလဲသွားပြီး စိတ်တွင်းမှ သတ်ဖြတ် လိုစိတ်များလည်း မြင့်တက် လာလေသည်။ သူက ကမ္ဘာမြေမှ လာသည့် အတွက် သူ့ကို ဒေါသ အထွက်စေဆုံး ကိစ္စမှာ အပြစ်မဲ့ အသက်များကို အကြောင်းပြချက်မရှိ ရက်ရက်စက်စက် သတ်ဖြတ်ခြင်း ဖြစ်၏။ ထိုလူများမှာ တိရစ္ဆာန်များထက် ဆိုးရွားလှသည်။ တိရစ္ဆာန်များ လူများကို သတ်ဖြတ်ခြင်းမှာ ဆာလောင်နေ၍ ဖြစ်လေသည်။

“သူတို့တွေ ဒီရောက်လာပြီ”

နှဲ့ကျန်းနွန်က တုန်တုန်ယင်ယင်ဖြင့် ပြောလိုက်သည်။

အားလုံးလည်း မြင်ကြလေသည်။ သင်္ဘောပျံ ဆယ်စင်းကား ကောင်းကင် တစ်ခွင်လုံးကို ပိတ်ဆို့ထားပြီး သင်္ဘောပျံ တစ်ခုချင်းစီတွင် ကျင့်ကြံသူများ ပါရှိလေသည်။ ကျင့်ကြံသူ တစ်ယောက်ချင်းစီတွင် လူသတ်အငွေ့များ လွှမ်းခြုံထားပြီး သွေးများလည်း ရွှဲစိုနေလေသည်။ သူတို့သည် ငရဲမှ တက်လာသည့် နတ်ဆိုးတွေ အလား ဖြစ်၏။

“ဒီမှာ လူ ၁၀၀၀၀ လောက် ရှိမယ်”

နှဲ့ကျန်းနွန်က အသံကို မတုန်ယင်အောင် ထိန်းနေစဉ် ကျောင်းယန် အသံမှာ ထိန်းချုပ်မှု ကင်းလွတ် နေလေသည်။

ဤမျှ လူအများကြီးဖြင့် သူတို့တွေ အသက် ရှင်နိုင်ပါ့မလား ….

ဖူချန်းက တိုက်သင်္ဘောဆီ ဝင်လိုက်ပြီး ပြောလိုက်သည်။

“သူတို့မှာ အနည်းဆုံး ၁၀၀၀၀ရှိတယ်။ ပြီးတော့ သူတို့ဆီမှာ ဖြစ်တည်ခြင်းမဲ့ နတ်ဘုရား အဆင့် ကျင့်ကြံသူတောင် ပါသေးတယ်။ အဲဒီလူက ကျူုပ်ယာဉ်ကို ဖျက်စီးပစ်ဖို့ လုပ်ခဲ့တာ”

သူက ပြောလိုက်ရင်း တစ်ခုခုကို အမှတ် ရသွားဟန်ဖြင့် တုန်လှုပ်တကြီး ပြောလိုက်လေ၏။

“စီနီယာ ခေါင်းဆောင် အစ်ကိုကြီး ကျုပ်တော့ မှားသွားပြီ။ သူတို့ကို အဝေးကို မြှားခေါ် သွားသင့်တာ”

သူတို့တွင် တိုက်သင်္ဘော ရှိသည့် အပြင် အမျိုးမျိုးသော အမြောက်များလည်း ပါရှိလေသည်။ သို့သော် လူ ၁၀၀၀၀က များပြား လွန်းလှ၏။ အစစ်အမှန်ရေ အဆင့်မှ ကျင့်ကြံသူ တချို့ပင် သူတို့ကို အလွယ်တကူ သတ်နိုင်လိမ့်မည်။

မိုဝူကျီက ပြောလိုက်လေသည်။

“ငါလည်း ဒီနေရာကို မြှားခေါ် စေချင်တာ။ ဖူချန်း ရောင်ခြည် အမြောက် ယူထား။ ငါတို့ မပစ်ခင် ခဏစောင့်ဦး။ ငါပြောတာနဲ့ စတိုက်ကြမယ်။ ငါတို့တွေ ဒီနေရာမှာ သေသွားရမယ် ဆိုရင်တောင် သူတို့တွေကိုပါ ငါတို့နဲ့အတူ ဆွဲခေါ် သွားကြမယ်”

“ဟုတ်ကဲ့ပါ”

မိုဝူကျီ စကားကို နားထောင်ပြီး ကျန်လူများက ယုံကြည်ချက် မြင့်လာကြလေသည်။ သူတို့ လက်များက အမြောက်များကို ပစ်ခတ်ရန် ပြင်ဆင် ထားလိုက်တော့သည်။ နယ်ခြား သင်္ဘောပျံများ၏ အသံများက ကျယ်သထက် ကျယ်လောင် လာနေသည်။ မိုဝူကျီ၏ စိတ်စွမ်းအားဖြင့် သင်္ဘောပေါ်မှ ကျင့်ကြံသူများ၏ မျက်နှာကို ရှင်းရှင်းလင်းလင်း မြင်နိုင်လေသည်။

သူက လက်ကို ဝေ့ပြလိုက်ကာ

“အားလုံး သင်္ဘောပျံ တစ်စင်းကို ရွေးပြီး ပစ်ကြ ... ငါက ထိပ်ဆုံး တစ်စင်းကို ပစ်လိုက်မယ်”

“ဘမ်း ဘမ်း ဘမ်း ဘမ်း …”

လေးချက် ဆက်တိုက် ထွက်ပေါ်လာလေသည်။ တိုက်သင်္ဘောမှ ထွက်လာသော ယမ်းခဲလေးမျိုးကား အရောင်များ မတူညီကြပေ။ သို့သော်လည်း နေရာ တစ်ခုလုံးကို အားပြင်းပြင်းဖြင့် တုန်ယင် သွားစေသည်။ အမြောက် ပစ်လိုက်သော သူများပါ အံ့ဩ သွားကြလေ၏။

မိုဝူကျီ၏ ရောင်ခြည် အမြောက်မှာ အဖြူအလင်းများ ထွက်ပေါ်လာပြီး သူက ဖျော့တော့တော့ အနက်သဏ္ဌာန် တစ်ခုသာ မြင်လိုက်ရလေသည်။ ထိုအနက်မှ စွမ်းအား အများပြား ထွက်ပေါ်လာကာ မိုဝူကျီကို မသိမသာ တုန်ယင်သွားစေသည်။

ကံကောင်းလှစွာ ထိုအနက်ကြီးက အမြန်အဆန် ပျောက်ကွယ် သွားလေသည်။ မကြာခင်တွင် လုံးဝ ပျောက်သွားလေပြီ။

ပြင်းထန်လှသည့် တိုက်ခိုက်မှုများက လေထဲတွင် ပေါက်ကွဲ သွားလေသည်။ ကြောက်မက်ဖွယ် မီးတောက်များက ကောင်းကင် တစ်ဝက်လောက် အထိ ဖုံးလွှမ်းနေပြီး မိုဝူကျီနှင့် ကျန်လူများကို မျက်စိ ကျိန်းသွားစေ၏။

ကောင်းကင်တစ်ခွင် မီးတောက်များ ဖြစ်ပေါ်နေ၍ မိုဝူကျီနှင့် ဖူချန်းတို့ ကျင့်ကြံဆင့် ဖြင့်ပင် သူတို့က ချွေးများ ရွှဲလာကြလေသည်။

“စီနီယာ ခေါင်းဆောင် အစ်ကိုကြီး … ဘာဖြစ် သွားတာလဲ။ ဘယ်လိုလုပ် အဖြူအလင်းနဲ့ မီးတောက်တွေ ဖြစ်လာတာလဲ”

စန်ယီပင်းက ထိတ်လန့်တကြီး မေးကြည့် လိုက်လေသည်။ သူမက ကြောက်လန့်နေဆဲ ဖြစ်ကာ အမြောက်များ ပစ်ခတ်လိုက်သည့် အခိုက်အတန့်တွင် ကောင်းကင် တစ်ဝက်လောက်၌ မီးများ လွှမ်းခြုံ သွားလေသည်။ နယ်ခြား သင်္ဘောပျံများ အတွက် သူမက တစ်ဦးတလေမျှ မတွေ့တော့ပေ။

“ကျွန်မတို့ ဆက်ပစ် ရဦးမလား”

ကျောင်းယန်က စိတ်ပူပင်စွာ မေးလိုက်သည်။ သူမက သူမတို့၏ တိုက်ခိုက်မှုကို ရလဒ်ကို မသိသော်လည်း ထိုအမြောက်များ၏ ဖျက်စီးနိုင်စွမ်းကား အမှန်ပင် ကြောက်ခမန်း လိလိ ဖြစ်၏။

မိုဝူကျီက လေအေးများ မှုတ်ထုတ်လိုက်ပြီး သေချာ စဉ်းစားပြီးသည့် နောက်တွင် ပြောလိုက်သည်။

“မလိုတော့ဘူး။ ငါ ဒီအမြောက်တွေကို အထင်သေးမိ သွားတယ်။ တကယ်တော့ ငါတို့တွေ တစ်ချက်ပဲ လိုမှာ။ အခုတော့ လေးချက်တောင် ပစ်လိုက်မိတာ ဆိုတော့ အဖြုန်းကြီး မိသွားပြီ။ ဖူချန်းက မပစ်ရသေးလို့ တော်သေးတယ်”

အခြားလူများနှင့် ယှဉ်လျှင် မိုဝူကျီက သူ့စိတ်စွမ်းအားဖြင့် နယ်ခြား သင်္ဘောပျံများ၏ အခြေအနေကို သေချာ မြင်ပြီးလေပြီ။ ထိုလေးချက်ဖြင့် နယ်ခြား သင်္ဘောပျံများ သာမက ပတ်ဝန်းကျင် ကုန်းမြေ တစ်ခုလုံး ပင်လယ်ထဲ နစ်မြှပ်သွားလေ၏။ ကောင်းကင်တွင် ရေစက်များ ရှိမနေတော့ပေ။ ရေတစ်စက်ချင်းစီသည် အားပြင်း အမြောက်ကြောင့် အငွေ့ ပျံသွားလေသည်။

အမွေးတိုင် တစ်တိုင်စာ အကုန်တွင် မီးတောက်ကား ပျောက်ကွယ်သွားကာ အဖြူရောင် အလင်းလည်း ကွယ်ပျောက် သွားတော့သည်။ သူတို့က သူတို့ရှေ့ရှိ ရေကန်ကြီး တစ်ခုသာ မြင်လိုက် ရလေသည်။ သင်္ဘောပျံ အရိပ်အယောင်ပင် မမြင်ရတော့ပေ။

“စီနီယာ ခေါင်းဆောင် အစ်ကိုကြီး ... ကျွန်မတို့‌တွေ ဒီသင်္ဘောပျံတွေ အကုန်လုံး ဖျက်စီး ပစ်လိုက်တာလား”

ကျောင်းယန်က အံ့ဩတကြီး မေးလိုက်လေသည်။ မိုဝူကျီက ခေါင်းညိတ်ပြလိုက်ပြီး

“ဟုတ်တယ်။ ဒီသင်္ဘောပျံတွေတင် မဟုတ်ဘူး။ သူတို့ အရိပ်အယောင်ကို မကျန်တော့တာပဲ။ ဒီရေကန်က ငါတို့ အမြောက်တွေကြောင့် ဖြစ်လာတာပဲ”

ငါးယောက်သား သူတို့ရှေ့ရှိ ဗလာ ကျင်းနေသည်ကို ကြည့်ရင်း လေပူများ မှုတ်ထုတ်လို က်ကြလေသည်။

ဘယ်လောက်တောင် ကြောက်စရာ ကောင်းလိုက်တဲ့ တိုက်သင်္ဘောလဲ …

ဤအရာနှင့်ဆိုလျှင် ကောင်းကင် ဖွေရှာနန်းတော်ကို ဖျက်စီး ပစ်ဖို့ရာပင် ပြဿနာ တစ်ရပ် မဟုတ်တော့ချေ။

“အရမ်း အံ့ဩဖို့ ကောင်းတယ်”

အချိန် အတော်ကြာမှ ဖူချန်းက ပြောလိုက်လေ၏။

***

All Chapters