← Chapters

ကူကယ်ရာမဲ့ ဖြစ်နေခြင်း

Vol. 17 Ch. 231

ကူကယ်ရာမဲ့ ဖြစ်နေခြင်း

Vol. 17 Ch. 231

မိုဝူကျီက အမြောက်များ၏ ဖျက်စီးနိုင်စွမ်းကို နားလည်သွားလေသည်။ သုံးမျက်လုံးရှင် ဒူတာပင် ထိုကိစ္စအတွက် ဘာမှ မလုပ်နိုင်လောက်ကြောင်း မှန်းဆ မိသွားလေသည်။ ထိုအမြောက်များမှာ ပျောက်ဆုံး နယ်မြေမှ ဖြစ်ဟန် မရပေ။ တစ်နေရာရာမှ ရောက်ရှိ လာခြင်းသာ ဖြစ်ရမည်။

အကယ်၍ ထိုအမြောက်များသာ လူရူးတစ်ယောက် လက်ထဲ ကျရောက် သွားပါက ကပ်ဘေး ဖြစ်ပွားလာလိမ့်မည်။ ထိုမျှ အံ့အားသင့်စရာ ကောင်းသော အမြောက်များကို သူက လိန်မျိုးနွယ်စုကိစ္စ ဖြေရှင်းဖို့ရာ ထုတ်သုံးဖို့ မလိုအပ်ပေ။ အမြောက် တစ်ခုတည်းဖြင့် သူတို့ကို အဆများစွာ ပျက်စီး စေနိုင်သည်။

“အားလုံး အမြောက် အိမ်ကနေ ဆင်းလာကြတော့။ ဒီအမြောက်တွေက အရမ်းကို အားကောင်း လွန်းတယ်။ ငါတို့‌တွေ ထုတ်ပြလို့ မဖြစ်ဘူး”

မိုဝူကျီက လေးလေးနက်နက် ပြောလိုက်လေသည်။

“ဟုတ်ကဲ့ပါ စီနီယာ ခေါင်းဆောင် အစ်ကိုကြီး”

လေးယောက်သား ဆက်တိုက် တုံ့ပြန် လိုက်လေသည်။ ထိုမျှ အားကောင်းလှသော တိုက်သင်္ဘောနှင့်အတူ အံ့ဩဖွယ် အမြောက်များကြောင့် တျန်းဂျီဂိုဏ်းက သေချာပေါက် ပြန်လည် ရှင်သန်လာလိမ့်မည်။ ထိုသည်က အားလုံးကို စိတ်ဓာတ် တက်ကြွစေလေသည်။

လေးယောက်လုံး သင်္ဘောပေါ်မှ ဆင်းလာပြီး နောက်တွင် မိုဝူကျီက လက်ကို မြှောက်၍ သင်္ဘောကို သိုလှောင် လက်စွပ် အတွင်း ပြန်သိမ်းလိုက်လေသည်။

“စီနီယာ ခေါင်းဆောင် အစ်ကိုကြီး … ကျွန်မတို့တွေ နယ်ခြား ကျင့်ကြံသူ ဘယ်နှ‌ယောက်လောက် သတ်မိခဲ့လဲ”

မိုဝူကျီ သင်္ဘော သိမ်းပြီးသည်အထိ စောင့်ပြီး စန်ယီပင်းက မေးလိုက်လေသည်။ မိုဝူကျီက သူ့ကျောက်စိမ်းပြားကို ထုတ်ရင်း ခေါင်းညိတ် ပြလိုက်သည်။

“မင်းတို့ အားလုံးက အမှတ်အသားပြား မရှိသေးတော့ အမှတ်တွေ အားလုံးက ငါ့ဆီ ရောက်လာမယ် ထင်တယ်”

မိုဝူကျီက သူ့ကျောက်စိမ်းပြားမှ အမှတ်များကို မြင်လိုက်ရသည့် အခါ ကြောင်သွား လေသည်။ စန်ယီပင်းနှင့် ကျန်လူများလည်း လာကြည့်ကြသည့် အခါ သူတို့လည်း မှင်တက် သွားကြလေသည်။

“ကျွန်မတို့တွေ နယ်ခြား ကျင့်ကြံသူ ၁၀၀၀၀ကျော်ကို သတ်ခဲ့တာမလား။ ဘာလို့ အမှတ်က ၁၁၂၀၇၆ပဲ ဖြစ်နေတာလဲ။ တစ်မှတ်လေးတောင် မရဘူးလား”

စန်ယီပင်းက မလိုလားစွာ ညည်းတွား လိုက်လေသည်။

အားလုံးက မိုဝူကျီကို ကြည့်နေကြလေသည်။ မိုဝူကျီက အမှတ်စနစ် အလုပ် လုပ်ပုံအကြောင်း နားလည်သည့် အတွက် ခဏ တွေးတောပြီးနောက် ပြောလိုက်သည်။

“ကြည့်ရတာ ဒီအမြောက်တွေက အားပြင်းလွန်းလို့ နယ်ခြား ကျင့်ကြံသူတွေရဲ့ ဝိညာဉ်တွေကိုပါ ဗလာ ဖြစ်သွားစေတယ်၊ အဲဒါကြောင့် အမှတ် တစ်မှတ်မှ တိုးမလာတာပဲ”

“အနည်းဆုံးတော့ စီနီယာ ခေါင်းဆောင် အစ်ကိုကြီးက နံပါတ်တစ် ဖြစ်နေတုန်းပဲ။ မဟုတ်ရင် ကျွန်မ ပျော်တော့မှာ မဟုတ်ဘူး”

စန်ယီပင်းက ရှင်းပြချက်ကို နားမလည် သော်လည်း မိုဝူကျီ နံပါတ်တစ် ဖြစ်နေသေးသည့် အချက်သည် သူမကို များစွာ စိတ်သက်သာရာ ရစေ၏။

“တိုက်ပွဲနေရာဆီ ဖြည်းဖြည်းချင်းစီ သွားပြီးရင် သတင်း နားစွန့်ကြတာပေါ့”

မိုဝူကျီက အမှတ်ကိစ္စကို စိတ်ထဲမထားတော့ပေ။ သူက ဤနေရာမှ အားလုံး အတူတူ ထွက်သွားပြီး တျန်းဂျီဂိုဏ်းကို ပြန်လည် ထူထောင်ဖို့ရာသာ စိတ်ထဲရှိလေသည်။

အကယ်၍ နယ်ခြား ကျင့်ကြံသူတွေက မဟာမိတ် အဖွဲ့ကို အနိုင် ရခဲ့ပါက သူ့အမြောက်များက မည်မျှ အားကောင်း စေကာမူ သူက နယ်ခြား ကျင့်ကြံသူများ၏ အပြင်းအထန် တိုက်ခိုက်ခြင်းကို တားဆီးနိုင်မည် မဟုတ်ပေ။ အကယ်၍ သူ့အမြောက် သတင်းသာ ပြန့်နှံ့ သွားပါက သူတို့သည် သင်္ဘောပျံလေးဖြင့်သာ ရောက်လာမည် မဟုတ်ချေ။

တိတ်ဆိတ်နေသော ယင်သင်္ချိုင်း။

ဆံပင်အမည်း၊ မုတ်ဆိတ်ဖြူ အမျိုးသားက မြေပြင်ပေါ် ရောက်လာကာ သေချာ ကြည့်လိုက်လေသည်။ သူ့လက်က ဗလာနတ္ထိ ကျင်းနေပြီး မှော်ရတနာကိုပင် အသုံးမပြုခဲ့ပေ။ သူ့ခြေထောက် အောက်တွင် စစ်မှန်ခြင်း နတ်ဘုရား အဆင့် ကျင့်ကြံသူ အလောင်းများ ရှိနေလေသည်။ အားလုံးက သေဆုံး နေလေပြီ။

ဆံပင်အမည်း၊ မုတ်ဆိတ်ဖြူ အမျိုးသားနှင့် အနည်းငယ် ကွာဝေးသော နေရာမှ စစ်မှန်ခြင်း နတ်ဘုရားအဆင့် နယ်ခြား ကျင့်ကြံသူ တစ်ယောက်က ကောင်းကင်ယံတွင် ပျံသန်းနေသည့် သင်္ဘောပျံဆီ ရုတ်တရက် အပြေးအလွှား သွားလိုက်လေသည်။ မုတ်ဆိတ်ဖြူ အမျိုးသားမှာ အားကောင်း လှမှန်း သိ၍ သူ့အား ခြိမ်းခြောက် စေဖို့ရန် သင်္ဘောပေါ်မှ လူများကို ဓားစာခံအဖြစ် အသုံးချလိုခြင်း ဖြစ်၏။

သင်္ဘောပျံသည် မုတ်ဆိတ်ဖြူ အမျိုးသားနှင့်အတူ ရောက်လာသည့် အတွက် အထဲမှ လူများကို ဓားစာခံအဖြစ် ခေါ်ထားခြင်းမှာ သူ့ကို အကျပ် ကိုင်နိုင်လိမ့်မည်။

အားလုံးလည်း မုတ်ဆိတ်ဖြူ အမျိုးသားကို ကြည့်လိုက်ကြသည်။ သူတို့က ထိုသူသည် သူ့အပေါင်း အဖော်တွေကို သွားကယ်ဖို့ရန် ချက်ချင်း ပြေးသွားလိမ့်မည်ဟု တွေးနေကြသည်။

အားလုံးကို တအံ့တဩ ဖြစ်စေသည်က မုတ်ဆိတ်ဖြူ အမျိုးသားက စစ်မှန်ခြင်း နတ်ဘုရားအဆင့် ကျင့်ကြံသူ၏ ပုန်းလျိုးကွယ်လျိုး တိုက်ခိုက်မှုကို သတိမပြုမိသည့် အလား သူ တိုက်ပွဲ အလယ်သို့သာ‌ ချီတက် သွားလိုက်သည်။

“ဘမ်း”

သဘာဝ စွမ်းအားများ ရင်ဆိုင်သံများ ထွက်ပေါ်လာပြီး သင်္ဘောပျံမှ ပုံရိပ်တစ်ခု လွင့်ထွက်လာကာ မြေပြင်ပေါ်သို့ အပြင်းအထန် ကျရောက် သွားလေသည်။

လွင့်ထွက်လာသော ပုံရိပ်မှာ သင်္ဘောပျံကို တိုက်ခိုက်ဖို့ ကြိုးစားသည့် စစ်မှန်ခြင်း နတ်ဘုရားအဆင့် နယ်ခြား ကျင့်ကြံသူသာ ဖြစ်၏။ ထိုစစ်မှန်ခြင်း နတ်ဘုရားအဆင့် ကျင့်ကြံသူမှာ ဒဏ်ရာ ရသွားသော်လည်း အသတ် မခံလိုက်ရသေးပေ။

ထိုသို့ဆိုလျှင်ပင် ယင်သင်္ချိုင်းရှိ လူများကို အံ့ဩတကြီး တုန်လှုပ် သွားစေသည်။ သင်္ဘောပျံမှ ဆယ်ယောက်လုံးမှာ စစ်မှန်ခြင်း နတ်ဘုရားအဆင့် ကျင့်ကြံသူကိုပင် စက္ကန့်ပိုင်းလေး အတွင်း အလွယ်တကူ ရင်ဆိုင် နိုင်လေသည်။ သူတို့ကို သွားရှုပ်၍ ရသော လူစားမျိုး မဟုတ်ကြောင်း သေချာ သွားလေ၏။

ထိုအဆင့်မြင့် ကျင့်ကြံသူ အုပ်စုက ဘယ်နေရာမှ ရောက်လာတာလဲ … ဒီနေရာမှာ ဘာလုပ် နေကြတာလဲ …

ကျင့်ကြံသူများက ဘယ်နေရာက ရောက်လာသည် ဖြစ်နေပါစေ ဂိုဏ်းတစ်ရာ မဟာမိတ် အဖွဲ့အတွက် ဆိုးကျိုးမရှိပေ။ ပိုင်စုတင်းက လက်ကာ ပြလိုက်ပြီး အားလုံးကို နောက်ဆုတ် စေလိုက်သည်။

ဤတိုက်ပွဲ အတွင်း ဂိုဏ်းတစ်ရာ မဟာမိတ်အဖွဲ့မှ ကျင့်ကြံသူ သိန်းကျော်ကာ ဆုံးရှုံးခဲ့ရကာ စစ်မှန်ခြင်း နတ်ဘုရားအဆင့် ကျင့်ကြံသူ ငါးယောက်ပင် ကြွေလွင့် ခဲ့ရလေသည်။ သူတို့တိုက်ပွဲ စွမ်းအား အတွက် သိသာလှသော ဆုံးရှုံးမှုကြီး ဖြစ်၏။ မူလက သူမသည် ကျန်ရှိနေသော ကျင့်ကြံသူများကို ဦးဆောင်ကာ နယ်ခြား ကျင့်ကြံသူများကို သတ်နိုင်သလောက် သတ်ပစ် ချင်ခဲ့သည်။ သို့သော် ရုတ်တရက် ဆိုသလို ဤသင်္ဘောပျံက ရောက်ရှိလာကာ ဂိုဏ်းတစ်ရာ မဟာမိတ် အဖွဲ့ကို အကူအညီ ဖြစ်စေခဲ့သည်။

သို့သော်လည်း ကိစ္စများ အားလုံး မရှင်းလင်းသေးခင် သူမက ဒဏ်ရာများမှ ပြန်ကောင်းဖို့ရန် အကောင်းဆုံး ကြိုးစားပြီး အခွင့်အရေးကောင်းကို စောင့်ရလိမ့်မည်။

ဂါဘာက မုတ်ဆိတ်ဖြူ အမျိုးသားရှေ့ ရောက်သည့်အခါ ဖြူဖျော့ လာလေသည်။ သူက လက်နှစ်ဖက် ယှက်လျက် ဦးညွှတ်ကာ

“မျောလွင့်ကြယ်မှ ဂါဘာက စီနီယာကို နှုတ်ဆက်ပါတယ်။ စီနီယာ ဖြတ်သွားမှန်း မသိလို့ပါ။ နားလည် ပေးလိမ့်မယ်လို့ မျှော်လင့်မိပါတယ်”

ဂိုဏ်းတစ်ရာ မဟာမိတ်အဖွဲ့ ကျင့်ကြံသူများက အေးစက်စွာ ရယ်မော လိုက်ကြသည်။ ထိုသည်က အင်အား အစွမ်း ဖြစ်၏။ မုတ်ဆိတ်ဖြူ အမျိုးသား ပေါ်မလာခင် ဂါဘာက ဘာမှမပြောဘဲ သင်္ဘောကို ဆက်တိုက် တိုက်ခိုက် နေလေသည်။ ယခုအခါ ဂါဘာက လေးလေးစားစားဖြင့် တောင်းတောင်းပန်ပန် နှုတ်ဆက်နေလေ၏။

မုတ်ဆိတ်ဖြူ အမျိုးသားက အေးစက်စွာ ပြောလိုက်လေသည်။

“မင်းက မျောလွင့်ကြယ်က ဆိုတာ့ ဘာလို့ ဒီရောက် လာတာလဲ”

ဂါဘာ နှလုံးခုန်နှုန်းကား မြန်လာပြီး မြန်မြန် ပြောလိုက်ရ၏။

“တကယ်လို့ စီနီယာက ဒီနေရာက ကြိုက်တယ် ဆိုရင် ဂျူနီယာလေးက ချက်ချင်း နောက်ဆုတ် ပေးပါ့မယ်”

မုတ်ဆိတ်ဖြူ အမျိုးသားက အားရပါးရ ရယ်မောလိုက်သော်လည်း သူ့မျက်နှာက အေးစက်နေဆဲ ဖြစ်ရာ

“မင်း ခွင့်ပြုချက် လိုလို့လား ... ငါက ဒီနယ်မြေမှာ နေလာတာ နှစ်ရာချီနေပြီ။ ဒီနေရာမှာ ဆက်နေဖို့ မင်းတို့ မျောလွင့်ကြယ်ရဲ့ ခွင့်ပြုချက် လိုတယ်များ ထင်နေလား”

“အာ”

ဂါဘာက ချက်ချင်း ကြောင်သွားလေသည်။ သူ့မျောလွင့်ကြယ်က ပျောက်ဆုံး နယ်မြေ အတွင်း အခြေ ချလာသည်မှာ နှစ်နှစ်၊ သုံးနှစ် ရှိလေပြီ။ ဘယ်အချိန်က အားကောင်းသော ကျင့်ကြံသူများ ပေါ်လာသနည်း။

တစ်ဖက်တွင် ဂိုဏ်းတစ်ရာ မဟာမိတ် အဖွဲ့လည်း ကြောင်သွား ကြသည်။ သူတို့သည် ထိုမျှ အားကောင်းသော ကျင့်ကြံသူသည် ပျောက်ဆုံး နယ်မြေအတွင်း ပုန်းနေလိမ့်မည်ဟု ထင်မထား ကြပေ။ ထိုကျင့်ကြံသူ တစ်ယောက်တည်းနှင့်ပင် နယ်ခြား ကျင့်ကြံသူအားလုံးကို ဖျက်စီး ပစ်ဖို့ရာ လုံလောက်လေ၏။

ဂါဘာက ရေခဲကန်ထဲ ကျသွားသည့် အလား ချက်ချင်း တုံ့ပြန် လိုက်လေသည်။ သူက ချက်ချင်း ဦးညွှတ်ကာ ပြောလိုက်လေသည်။

“စီနီယာ ခွင့်လွှတ် ပေးပါဗျာ။ ကျုပ်တို့တွေ ဒီနေရာကနေ ချက်ချင်း ထွက်သွားပါ့မယ်။ အခုက စပြီးတော့ ဒီမြေပေါ် ခြေထပ် မချတော့ပါဘူး”

မုတ်ဆိတ်ဖြူ အမျိုးသားက နောက်တစ်ကြိမ် အားရပါးရ ရယ်မောလိုက်ပြီး

“မင်းတို့က လာချင်တိုင်းလာ ထွက်ချင်တိုင်း ထွက်သွားလို့ ရမယ် ထင်ရအောင် မင်းတို့ အိမ်နောက်ဖေး မဟုတ်ဘူးကွ”

ထိုသို့ ပြောပြီး မုတ်ဆိတ်ဖြူ အမျိုးသားက လက်ကို မြှောက်ကာ ဂါဘာဆီ လက်ဝါးချက် ပို့လွှတ် လိုက်လေ၏။

ဂါဘာက လက်ဝါးချက် ကျရောက် လာသည်ကို မြင်သော်လည်း သူ့စစ်မှန်ခြင်း နတ်ဘုရား အဆင့် ၃ ဖြင့် ထိုရိုက်ချက်ကို မရှောင်ရှားနိုင်ပေ။

“ဖူး”

မုတ်ဆိတ်ဖြူ အမျိုးသားရှေ့တွင် စစ်မှန်ခြင်း နတ်ဘုရား အဆင့် ကျင့်ကြံသူ တစ်ယောက်က ချက်ချင်း သွေးမှုန်များ ဖြစ်သွားလေသည်။

“ငါ့နယ်မြေကို လာကျုးကျော် ရဲတယ်ပေါ့။ အားလုံး သတ်ပစ်ကြစမ်း”

ဂါဘာကို သတ်ပြီးနောက် မုတ်ဆိတ်ဖြူ အမျိုးသားက ပြောကာ လေထဲ ခုန်ဝင် သွားတော့သည်။ သူ့လက်ထဲ၌ သတ်ဖြတ်လိုသော ရည်ရွယ်ချက်ဖြင့် စွမ်းအားများကို စုစည်းပြီး ၁၀၀၀၀သော နယ်ခြား ကျင့်ကြံသူများဆီ ပို့ဆောင် လိုက်တော့သည်။ ထိုကြောက်ခမန်း လိလိ အရှိန်အဝါက အားလုံးကို ဒူးထောက် သွားစေသည်။

‘အားလုံးကို အမျိုးဖြတ် သုတ်သင်ခြင်း’ ထိုသည်က ဂါဘာ ပြောခဲ့သော စကားများ ဖြစ်၏။

နယ်ခြား ကျင့်ကြံသူများက ဂနာမငြိမ် ဖြစ်လာကာ ထွက်ပြေး နေချင်ကြလေသည်။ သူတို့သည် ပျံနိုင်သည် ဖြစ်စေ၊ မပျံနိုင်သည် ဖြစ်စေ သူတို့အားလုံးက မုတ်ဆိတ်ဖြူ လက်ဝါးဖြင့် အသတ်ခံရလိမ့်မည်။ တစ်ခါ သတ်တိုင်း လူအများအပြား ဖြစ်၍ မျက်စိတစ်မှိတ် အတွင်း တစ်သန်းလောက် သတ်ပြီး သွားလေပြီ။

သူတို့သည် စစ်မှန်ခြင်း နတ်ဘုရားအဆင့် သို့မဟုတ် စိတ်ဝိညာဉ် တည်ဆောက်ခြင်းတွင် ဖြစ်နေပါစေ အားလုံးက သူ့လက်အောက်တွင် ပုရွက်ဆိတ်များ ကဲ့သို့ ဖြစ်နေ၏။

ဂိုဏ်းတစ်ရာ မဟာမိတ်အဖွဲ့မှ ကျင့်ကြံသူများက ကြောင်နေကြဆဲ ဖြစ်သည်။ ထိုလူသတ် အကွက်များဖြင့် နယ်ခြား ကျင့်ကြံသူ ဆယ်ဆမက ရှိသည် ဆိုလျှင်ပင် သူ့အတွက် သတ်ဖို့ရာ ဖြစ်နိုင် သေးလေသည်။

ပိုင်စုတင်းက လက်ကို ပြကာ အော်ပြောလိုက်သည်။

“ငါတို့လည်း ဝင်တိုက် ကြမယ်”

နယ်ခြား ကျင့်ကြံသူများက သူတို့ တိုက်ခိုက်လိုစိတ်ပင် ပျောက်ဆုံး ကုန်ကြလေသည်။ ဂိုဏ်းတစ်ရာ မဟာမိတ် အဖွဲ့၏ သောင်းချီ နေသော ကျင့်ကြံသူများက နောက်တစ်ကြိမ် ဝင်တိုက် လာကြပြီး အမွေးတိုင် တစ်တိုင်စာ ခန့်တွင် ယင်သင်္ချိုင်းတွင် ရပ်နေသော နယ်ခြား ကျင့်ကြံသူ ဟူ၍ မရှိတော့ပေ။

ယင်သင်္ချိုင်းတွင် တစ်နာရီလောက် အတွင်း မရေတွက်နိုင်သော အလောင်းများ ရှိနေလေသည်။ ထိုသည်က အားလုံးကို ကျင့်ကြံသော သောင်းဂဏန်းလောက် အသတ် ခံလိုက်ရပြီဟု ဖော်ပြ နေလေသည်။ ယခင်တိုက်ပွဲတွင် နယ်ခြား ကျင့်ကြံသူများက ဂိုဏ်းတစ်ရာ မဟာမိတ် အဖွဲ့ကို သတ်ဖြတ်ခဲ့ရာ အနည်းဆုံးတော့ မဟာမိတ် အဖွဲ့က ခုခံ နိုင်လိုက်သေး၏။ ယခုတွင် နယ်ခြား ကျင့်ကြံသူများမှာ အမှန်ပင် ကူကယ်ရာမဲ့ ဖြစ်နေလေသည်။ ထိုသည်က တိုက်ပွဲ မဟုတ်တော့ပေ။ တစ်ဖက်သတ် သတ်ဖြတ် နေခြင်းသာ ဖြစ်နေသည်။

“ပျောက်ဆုံးနယ်မြေ ကောင်းကင် ဖွေရှာနန်းတော်ရဲ့ ပိုင်စုတင်းက စီနီယာကို နှုတ်ဆက်ပါတယ်။ ကျွန်မတို့ ပျောက်ဆုံး နယ်မြေက ကျင့်ကြံသူတွေကို အသက်ရှင်ဖို့ရာ အခွင့်အရေး ပေးခဲ့တဲ့ စီနီယာ အကူအညီ အတွက်လည်း ကျေးဇူးတင်ပါတယ်”

ပိုင်စုတင်းက မုတ်ဆိတ်ဖြူ အမျိုးသားရှေ့ လျှောက်လာပြီး ဦးညွှတ်ကာ ပြောလိုက်လေသည်။

မုတ်ဆိတ်ဖြူ အမျိုးသားက ပိုင်စုတင်းကို ခေါင်းစခြေဆုံး ကြည့်ပြီးနောက် တခြားသော ဂိုဏ်းတစ်ရာ မဟာမိတ် အဖွဲ့များကို ကြည့်လိုက်လေသည်။ သူက ခေါင်းကို ခါရင်း သက်ပြင်း ချလိုက်သည်။

“ကျင့်ကြံဆင့်တွေက အရမ်းနိမ့်တယ်။ အရည်အချင်းတွေလည်း အရမ်းနိမ့်တယ်”

ပိုင်စုတင်းက တိတ်ဆိတ်စွာ ဆက်နေနေသည်။ အကယ်၍ တခြားသူက သူမကို အရည်အချင်း နိမ့်ပါးသည်ဟု ပြောလျှင် စိတ်ထဲ ထားမည် မဟုတ်ပေ။ သူမ အကြောင်းကို သူမ အသိဆုံး ဖြစ်လေသည်။ သို့သော် မုတ်ဆိတ်ဖြူ အမျိုးသားက ပြောသောအခါ သူမက အမှန်တကယ်ပင် အရည်အချင်း နိမ့်ပါး နေတာလားဟု သံသယ ဝင်မိလာသည်။

“ငါက မင်းကို ပြောတာ မဟုတ်ဘူး။ ဒီကျင့်ကြံသူတွေ ပြောနေတာ။ မင်းကျင့်ကြံဆင့်က လက်ခံလို့ ရပါသေးတယ်”

မုတ်ဆိတ်ဖြူ အမျိုးသားက ပိုင်စုတင်း၏ စိတ်ဓာတ်ကျမှုကို မြင်၍ နှစ်သိမ့်ပေးဟန် ပြောလိုက်သည်။

ဂိုဏ်းတစ်ရာ မဟာမိတ် အဖွဲ့တွင် ရှင်သန်သူ သောင်း၊ သိန်းချီ၍ ရှိသည့် အထဲတွင် ကြီးမြတ်ရန်ကျုံး ဂိုဏ်းချုပ် အပါအဝင် ဖြစ်သော်လည်း စကားတစ်ခွန်းမျှ မပြောရဲပေ။ ထိုသို့သော အဆင့်မြင့် ကျင့်ကြံသူမျိုး အတွက် လေမှုတ် ထုတ်လိုက်ရုံဖြင့် သူတို့ကို ဖျက်စီး ပစ်ဖို့ရာ လုံလောက် လေသည်။

“စီနီယာက ကျွန်မတို့ ပျောက်ဆုံး နယ်မြေရဲ့ ကောင်းကင်နယ်ပယ် ကျင့်ကြံသူများလား”

ပိုင်စုတင်းက တလေးတစား မေးလိုက်လေသည်။ ထိုသည်က အဓိက စိုးရိမ်မှု ဖြစ်၏။ အကယ်၍ ထိုအဆင့်မြင့် ကျင့်ကြံသူများမှာ ပျောက်ဆုံးနယ်မြေမှ မဟုတ်လျှင် သူတို့သည် နယ်ခြား ကျင့်ကြံသူတွေကို သတ်ဖြတ်သည့် ရည်ရွယ်ချက်က ဘာဖြစ် နိုင်မည်နည်း။

မုတ်ဆိတ်ဖြူ အမျိုးသားက ခေါင်းခါပြလိုက်ပြီး

“ကျုပ်တို့တွေက တူညီတဲ့ ဂြိုလ်က ဆိုပေမဲ့ နယ်မြေ အတူတူတော့ မဟုတ်ဘူး။ ကျုပ်တို့က ကျန်းမိုနယ်မြေက ရောက်လာတာ။ ကျုပ်တို့ ရည်ရွယ်ချက်ကိုတော့ နောက်မှ ပြောတာပေါ့”

“စီနီယာက ဒီကို ဒြပ်ငါးမျိုး ကင်းမဲ့နယ်ကို ဖြတ်ပြီးတော့ ရောက်လာတာလား”

ပိုင်စုတင်းက တစ်ဖက်လူသည် အားကောင်း နေရသည့် အကြောင်းအရင်းကို နားလည် သွားလေသည်။ သူက ကျန်းမို နယ်မြေမှ ဖြစ်လေသည်။ အင်ပါယာ ငါးခုလုံးမှ လူများသည် ကျန်းမို နယ်မြေကို မသိကြသော်လည်း သူမက ထိုသို့ မဟုတ်ပေ။ ဒြပ်ငါးမျိုး ကင်းမဲ့ နယ်ကို ဖြတ်သွားလျှင် ကျန်းမိုနယ်မြေ တည်ရှိလေ၏။

သို့သော်လည်း ပျောက်ဆုံးနယ်မြေ ကျင့်ကြံသူ တစ်ယောက် အတွက် ဒြပ်ငါးမျိုး ကင်းမဲ့နယ်ကို ဖြတ်သန်း သွားနိုင်ဖို့ရန်က စိတ်ကူးအိမ်မက် ဖြစ်လေသည်။

မုတ်ဆိတ်ဖြူ အမျိုးသားက ခေါင်းညိတ်ကာ

“ဟုတ်တယ်။ ဒီတစ်ခါတော့ ပျောက်ဆုံး နယ်မြေရဲ့ စွမ်းဆောင်ရည်တွေ တိုးလာဖို့ မျှော်လင့် မိတယ်။ မဟုတ်ရင် နယ်ခြား ကျင့်ကြံသူတွေ ကျူးကျော်လာတိုင်း ကျုပ်တို့က ခရီး ထပ်ထွက် လာနေရလိမ့်မယ်။ ခရီး ထွက်ရတာ ပင်ပန်းတယ်”

“ဟုတ်ကဲ့ပါ စီနီယာ”

ပိုင်စုတင်းက သတိ လျော့ချလိုက်ပြီး တစ်ချိန်တည်းတွင် သူမ မျက်နှာတွင် မျှော်လင့် စောင့်စားချက် များဖြင့် တောက်လောင် နေလေသည်။

သူမသည် ကောင်းကင်ဖွေရှာ နန်းတော် ပထမဂိုဏ်းချုပ် ဖြစ်ကာ ကောင်းကင်ဖွေရှာ နန်းတော်၏ အဓိက ရည်မှန်းချက်မှာ ပျောက်ဆုံး နယ်မြေမှ အားအကောင်းဆုံး ကျင့်ကြံသူများကို မြေတောင် မြှောက်ပေးဖို့ရာ ဖြစ်လေသည်။ သို့သော် လက်တွေ့တွင် ဂိုဏ်းချုပ် အနေနှင့် သူမ စွမ်းအားများက အဆင့်တူ စစ်မှန်ခြင်း နတ်ဘုရား အဆင့် ကျင့်ကြံသူ နှစ်ယောက်၊ သုံးယောက်သာ ရင်ဆိုင် နိုင်လေသည်။

***

All Chapters