ဂိုဏ်းမှ ထွက်ခွာခြင်း
Vol. 17 Ch. 233
ပိုင်စုတင်းက မုတ်ဆိတ်ဖြူ အမျိုးသား ကာကွယ်သူ ရှုသည် လောအင်မော်တယ် အဆင့် ကျင့်ကြံသူ ဖြစ်ရမည်ဟု ယုံကြည်ရင်း ကျေးဇူးတင်စွာ ကြည့်လိုက်သည်။
ရှားမူက ဘာမှ မဖြစ်ခဲ့သည့်အလား ပြုံးကာ ပြောလိုက်သည်။
“ကျန်းမိုနယ်မြေရဲ့ ပထမဆုံး ကိစ္စက ထိပ်တန်း အဆင့်မီတဲ့ တပည့်တွေကို ကျန်းမို နယ်မြေမှာ ကျင့်ကြံဖို့ရာ လက်ခံပေးဖို့ပဲ”
ထိုစကားကြောင့် မူလက စိတ်ဓာတ် ကျနေကြသည့် နန်းတော်ကား ပြန်လည် အသက် ဝင်လာလေသည်။ ဂိုဏ်းချုပ်များလည်း တီးတိုးကာ ဆွေးနွေး ကုန်ကြသည်။
“သံတမန်ရှား ... ဒီအသစ်ခေါ်တဲ့ တပည့်တွေက ကြယ်တာရာ ဘုရင်တောင်မှာ ကျင့်ကြံဖို့ တိုက်ရိုက် အလွှတ် ခံရမှာလား ...”
ရှားမူက နှာခေါင်းရှုံ့လိုက်ကာ ‘ကြယ်တာရာ ဘုရင်တောင်ကို ပို့ပေးရမှာလား ...’
ငါက အိမ်မက် မက်နေတာလား ... မင်းတို့က အိမ်မက် မက်နေတာလား ...
သို့သော်လည်း ပြုံးမြဲအတိုင်း ကျန်ရှိနေကာ ပြန်ဖြေလိုက်သည်။
“ဒီနေရာမှာ ရွေးချယ်ခံရတဲ့ ထိပ်တန်း တပည့်တွေကို ကျန်းမို နယ်မြေရဲ့ ရွေးချယ်ခံ စာရင်းထဲ ထည့်ပေးမယ်။ ပါဝင်ကြသူထဲ ထိပ်တန်းတွေပဲ ကျန်းမိုနယ်မြေရဲ့ ဂိုဏ်းအကြီးကြီးတွေမှာ ဝင်ခွင့် ရကြလိမ့်မယ်။ ကြယ်တာရာ ဘုရင်တောင်ထိပ်ကို ဝင်ဖို့က အရမ်း တင်းကျပ် ထားတယ်။ တပည့်က နယ်မြေ အတွက် လုံလောက်တဲ့ ပေးဆပ်မှုမျိုး ရှိပြီးတော့ ထူးချွန်တဲ့ အရည်အချင်းတွေ လိုအပ်တယ်”
ရှားမူ စကားများက ဂိုဏ်းချုပ်များကို စိတ်ဝင်စားမှု လျော့ကြစေမည့် အစား ပို၍ စိတ်လှုပ်ရှားစေသည်။ ကျန်းမိုနယ်မြေ ကျင့်ကြံခြင်း ဓလေ့နှင့် ဗဟုသုတများမှာ ပျောက်ဆုံး နယ်မြေထက် သာလွန်လှ၍ သူတို့က တခြားဂိုဏ်းကို ဝင်ခွင့်ရလျှင်ပင် စစ်မှန်ခြင်း နတ်ဘုရား အဆင့် တက်လှမ်း နိုင်ဖို့ရန်က ဂိုဏ်းချုပ် တစ်ယောက်အတွက် လုံလောက်သော အောင်မြင်မှုမျိုး ဖြစ်၏။
သို့သော်လည်း ကျန်းရှုရှန်းက ကျန်းမိုနယ်မြေသည် ရှားမူ ပြောသည့်အတိုင်း အံ့ဩစရာ ကောင်းလောက်မည်ဟု အနည်းငယ် သံသယ ဝင်မိလေသည်။ ကျန်းမိုနယ်မြေမှ လူများသည် ပျောက်ဆုံး နယ်မြေအထိ တပည့် လာရွေးရသည့် နောက်ကွယ်မှ အကြောင်းအရင်း ရှိလိမ့်မည်။
ရှားမူက သူ့လက်ကာ ပြလိုက်ပြီး ဆူညံသံများကို ငြိမ်ကျသွားစေကာ
“နောက်ထပ် ဆယ်ရက်အကြာ ကျုပ်တို့တွေ တပည့် ရွေးချယ်ပွဲကို စတင်မယ်။ ရွေးချယ်ခံရတဲ့ ထိပ်တန်း တပည့်တွေက ကျုပ်တို့နဲ့အတူ ကျန်းမို နယ်မြေကို လိုက်ခဲ့ရမယ်။ ဒီနှစ် ပြီးသွားရင် သုံးနှစ်ခြား တစ်ခါ ပြန်လာပြီးတော့ ရွေးချယ်ပွဲ ကျင်းပပေးမယ်”
“သံတမန်ရှား ... တချို့ ဂိုဏ်းတွေက ယန်မြို့တော်နဲ့ တော်တော် အလှမ်း ကွာနေတာ ဆိုတော့ သူတို့တွေ အချိန်မမီမှာ စိုးရိမ်မိသား”
ဖုန်းကျန့်ချိုးက မတ်တတ်ရပ်ကာ ဝင်ပြော လိုက်လေသည်။ ယင်သင်္ချိုင်းမှ တိုက်ပွဲအတွင်း သူက ဒဏ်ရာ ရရှိခဲ့လေသည်။ ကျန်းမိုနယ်မြေမှ အဆင့်မြင့် ကျင့်ကြံသူများ ရောက်ရှိ လာသောကြောင့် ဒဏ်ရာ ရလျက်နှင့် လာရောက် နှုတ်ဆက်ခြင်း ဖြစ်သည်။
ရှားမူက စိတ်မပါလက်မပါ ပြောလိုက်သည်။
“နေရာဝေးလို့ အချိန်မမီခဲ့ရင် သူတို့က ကံမပါတာပေါ့။ ဒါက ဆုံးဖြတ် ပြီးသွားပြီဆိုတော့ ဒုတိယ ကိစ္စကို ပြောကြမယ်”
ဖုန်းကျန့်ချိုးက သက်ပြင်း ချရင်း နေရာမှာသာ ပြန်ထိုင် လိုက်တော့သည်။ သူက ကောင်းကင်ဖွေရှာ နန်းတော်၏ ဒုတိယ ဂိုဏ်းချုပ် ဖြစ်ကာ ကောင်းကင်ဖွေရှာ နန်းတော်နှင့် ပတ်သက်၍ အရေးကြီး ကိစ္စများ ချမှတ်ရလေသည်။ သို့သော် ကျန်းမိုနယ်မြေမှ သံတမန်ရှား ရှေ့တွင် သူ့ကဲ့သို့ အဆင့်အတန်းမြင့် ပုဂ္ဂိုလ်ပင် စကားတစ်ခွန်းမျှ ထပ်မပြောရဲတော့ပေ။
“ဒုတိယ ကိစ္စက လူတစ်ယောက်ကို ရှာချင်လို့ပဲ ...”
ရှားမူက စကား ပြောပြီးသည်နှင့် လက်ကို ဝှေ့ပြလိုက်သည့် အချိန် ကြီးမား ရှင်းလင်းသည့် ပုံတူက လူအုပ်ကြီး ရှေ့တွင် ပေါ်လာလေသည်။
“ဒီလူက ပျောက်ဆုံး နယ်မြေကပဲ ဖြစ်ရမယ်။ တကယ်လို့ တစ်ယောက်ယောက်က သူ့နေရာကို ပြောပြနိုင်တာနဲ့ အဲဒီလူကို ကြယ်တာရာ ဘုရင်တောင်ကို တိုက်ရိုက် ခေါ်သွားပေးမယ်”
ပုံတူ ထုတ်ဖော်လိုက်သည့် အခါ အခန်းထဲမှ အနည်းဆုံးလူ ခုနှစ်ယောက်၊ ရှစ်ယောက် လောက်က သူတို့ ဘာကို ကြည့်နေရမှန်း မသိကြပေ။ သို့သော် အခန်းအတွင်းမှ လူတစ်ယောက်က ပုံတူကို ကြည့်၍ သေချာ မှတ်မိသွားလေ၏။ ထိုလူမှာ ကြီးမြတ်ရန်ကျုံး ဂိုဏ်း၏ ဂိုဏ်းချုပ် ကျန်းရှုရှန်း ဖြစ်ကာ မတ်တတ်ရပ်၍ ပြောလိုက်လေသည်။
“သံတမန်ရှား ... ဒီစီနီယာကို တော်တော်များများ သိကြပါတယ်”
ရှားမူ ကြားသည်နှင့် သူက စိတ်လှုပ်ရှားစွာ မတ်တတ်ရပ်ကာ မြန်မြန် ပြောလိုက်တော့သည်။
“အဲဒါဆို အခု သူက ဘယ်မှာလဲ ... ပြီးတော့ သူက ဘယ်သူလဲ ... ကျေးဇူး ပြုပြီးတော့ ပြောပြပေးလို့ ရမလား”
ရှားမူ အားလုံးရှေ့ ပေါ်လာသည့် အချိန်မှစ၍ ဤအကြိမ်က သူ့အတွက် ပထမဆုံး အကြိမ် ယဉ်ယဉ်ကျေးကျေး ပြောဆိုခြင်း ဖြစ်သည်။ သူက “ကျေးဇူးပြုပြီးတော့” ဟုပင် ထည့်သုံးစွဲ ခဲ့သေးသည်။ သူက တစ်လျှောက်လုံး ပြုံးနေခဲ့သော်ငြား သူ့ဝန်းကျင်မှ အထက်စီးဆန်မှု၊ မာန ထောင်လွှားမှု များသည် လူများကို သူနှင့် အဆင့်အတန်း မတူဟု ခံစားရစေသည်။
“အဲဒီလူက ပျောက်ဆုံး နယ်မြေရဲ့ နံပါတ်တစ် ဂိုဏ်းဖြစ်တဲ့ ကောင်းကင် ဂိုဏ်းချုပ် ကျင်းကုမူပါ”
ကျန်းရှုရှန်းက ကောင်းကင်ဂိုဏ်းသည် နံပါတ်တစ် ဖြစ်ကြောင်း ပြောဖို့ရာ တွေဝေမနေပေ။
အခြားသူများ ဆိုလျှင် သူတို့က ကောင်းကင် ဂိုဏ်းချုပ် အနေနှင့်သာ ပြောကြလိမ့်မည်။ နံပါတ်တစ် ဂိုဏ်း ထည့်နေမည် မဟုတ်ပေ။ ကြီးမြတ်ရန်ကျုံး ဂိုဏ်းသည် ကောင်းကင်ဖွေရှာ နန်းတော်ကို ကျော်လွန်၍ အဆင့်ဇယား နှစ်ခုလုံးတွင် နံပါတ်တစ် ရခဲ့သော်လည်း ပျောက်ဆုံး နယ်မြေမှ ကျင့်ကြံသူတို့ မျက်လုံးတွင် ကောင်းကင်ဖွေရှာ နန်းတော်ကို နံပါတ်တစ် သတ်မှတ် ထားဆဲ ဖြစ်ကြသည်။
ကျန်းရှုရှန်းက ကောင်းကင်ဖွေရှာ နန်းတော်သည် နံပါတ်တစ် ဖြစ်ကြောင်း ပြောဖို့ အင်တင်တင် ဖြစ်နေသည်က ကြီးမြတ်ရန်ကျုံးဂိုဏ်းသည် ဘယ်သောအခါမှ နံပါတ်တစ် မဖြစ်သည့် အချက်ကြောင့် သူက ကောင်းကင်ဂိုဏ်းကို နံပါတ်တစ်ဟု ပြောခဲ့ခြင်း ဖြစ်၏။ ထိုသည်က သူ့စိတ်ကို သက်သာရာ ရစေသည်။
“သူက အခုဘယ်မှာလဲ ...”
ရှားမူက စိတ်လှုပ်ရှားမှုကို ထိန်းချုပ်ဖို့ ကြိုးစားရင်း ထပ်မေး လိုက်လေသည်။
ကျန်းရှုရှန်းက သက်ပြင်းချကာ ပြန်ဖြေလိုက်သည်။
“တကယ်လို့ ဂိုဏ်းချုပ်ကျင်းသာ ရှိသေးရင် နယ်ခြား အရိုင်းအစိုင်းတွေက ဘယ်လိုလုပ် ကျုးကျော်ရဲပါ့မလဲ။ ဂိုဏ်းချုပ်ကျင်း ပျောက်သွားတာ လွန်ခဲ့တဲ့ နှစ်ထောင် ချီနေပြီ။ ကျုပ်ကြားတာတော့ သူပျောက် သွားတာက လောက အင်မော်တယ် အဆင့်ကို တက်လှမ်းဖို့ တံခါးပိတ် ကျင့်ကြံ နေတာတဲ့”
“အဲဒါဆို ကောင်းကင် ဂိုဏ်းချုပ်က ဘယ်သူလဲ”
ရှားမူက ဂိုဏ်းချုပ်များကို ဝှေ့ကြည့်ရင်း မေးလိုက်သည်။ ယခု ရှားမူသည် ကျင်းကုမူကို ရှာနေသည်က အရမ်း အရေးကြီးသည့် ကိစ္စကြောင့် ဖြစ်ရမည်ဟု သေချာသွားကြသည်။
ကျန်းရှုရှန်းက ဆက်ပြောလိုက်သည်။
“စီနီယာကျင်း ပျောက်သွားပြီးတော့ ဂိုဏ်းက ပြိုလဲ သွားပြီးတော့ ပျောက်ဆုံးနယ်မြေ သမိုင်းက ပျောက်ကွယ် သွားတယ်”
ရှားမူက စိတ်ဓာတ်ကျစွာ နေရာတွင် ပြန်ထိုင် လိုက်တော့သည်။
မိနစ်အနည်းငယ် အကြာတွင် ကာကွယ်သူ ရှုက ဦးစွာ စပြောလိုက်လေသည်။
“နောက်ဆယ်ရက် အကြာ ယန်မြို့တော် ကွက်လပ်မှာ ရွေးချယ်ပွဲ စတင်မယ်။ လူဦးရေ တစ်ရာကိုသာ ခေါ်မှာ ဖြစ်ပြီးတော့ အဲဒီကိစ္စကို ကောင်းကင်ဖွေရှာ နန်းတော် ဂိုဏ်းချုပ် ပိုင်စုတင်းနဲ့ ကြီးမြတ်ရန်ကျုံး ဂိုဏ်းချုပ်တို့ကိုပဲ အပ်ထား လိုက်တော့မယ်။ ပျောက်ဆုံး နယ်မြေက ကိုယ်တိုင် အဆင့်မြင့် ကျင့်ကြံသူတွေ မွေးထုတ် ပေးနိုင်ဖို့ မျှော်လင့်ပါတယ်။ ဒီနေ့ အတွက်တော့ ဒီလောက်ပါပဲ။ ဂိုဏ်းချုပ်များ အားလုံး ရွေးချယ်ပွဲ ပြင်ဆင်ပေးကြပါ။ နောက်ဆယ်ရက် အကြာမှာ ပြန်တွေ့ပါ့မယ် ...”
ရှုချီဟောင်က မတ်တတ် မရပ်ခင်ကတည်းမှ စကား အနည်းငယ်ဖြင့် ဆုံးဖြတ်ချက် ချပြီး လေပြီ။
“ဟုတ်ကဲ့”
ပိုင်စုတင်းနှင့် ကျန်းရှုရှုန်းတို့က ကျန်ဂိုဏ်းချုပ်များ နှင့်အတူ မတ်တတ်ရပ်ကာ ရှုချီဟောင်ကို လေးစားသမှုဖြင့် ဦးညွှတ် လိုက်ကြသည်။
အားလုံးက ရှုချီဟောင်သည် သံတမန်ရှားနှင့် မကျေနပ်ကြောင်း ပြောနိုင်ကြလေသည်။ အကြောင်းမှာ သူက သံတမန်ရှား၏ တိတ်ဆိတ်မှုကို ဘာမှမပြောဘဲ သူ ပြောစရာ ရှိတာသာ မြန်မြန်ဆန်ဆန် ပြောသွားလေ၏။
ရှားမူက နောက်ဆုံးမှ တုံ့ပြန်လာကာ ပြောလိုက်တော့သည်။
“ကျုပ်တို့တွေ ကာကွယ်သူရှု ပြောတဲ့အတိုင်း လုပ်မယ်။ နောက် ဆယ်ရက်ကြာရင် ပြန်ဆုံကြမယ်”
မိုဝူကျီ၏ သင်္ဘောပျံကို ဖူချန်းက ထိန်းချုပ် မောင်းနှင်လာလေသည်။ အကြောင်းမှာ ဖူချန်းက အားအကောင်းဆုံး ဖြစ်၍ သင်္ဘောပျံမှာ သူ့ထိန်းချုပ်မှု အောက်တွင် အရှိန် ပိုမြန်လေသည်။ သင်္ဘောပျံကို မိုဝူကျီ မွမ်းမံထားသည့် အတွက် မိုဝူကျီ ခွင့်ပြုသရွေ့ ဤမှော်ရတနာကို သိမ်းဆည်းနိုင်ခြင်းမှ လွဲ၍ ဖူချန်း ထိန်းချုပ် နိုင်စွမ်းမှာ သူ့ကိုယ်တိုင် ထိန်းချုပ်တာထက် နည်းနည်းလေးမှ မလျော့နည်းပေ။
မိုဝူကျီက အချိန်များစွာကို ချူရှင်ကျီ အစီအရင် တာအိုထဲသာ နှစ်မြှုပ် ထားလိုက်သည်။ အကြောင်းမှာ သူက တျန်းဂျီဂိုဏ်းကို ပြန်လည် တည်ဆောက်လိုသည့် အတွက် သူ့အစီအရင် တာအိုမှာ အားပိုကောင်းရန် လိုအပ်လေသည်။ လက်ရှိ သူက အလယ်အလတ် အဆင့် အစီအရင်များကို ပြုလုပ် ခါနီးလေပြီ။ သူက ရှေ့တစ်လှမ်း တိုးနိုင်ပါက သူသည် အလယ်အလတ် အဆင့် အစီအရင်ကို အလွယ်တကူ အသက် သွင်းနိုင်လာလိမ့်မည်။
အလယ်အလတ် အဆင့် အစီအရင်များကို တပ်ဆင်ရာ၌ တစ်ခုတည်းသော ပြဿနာကား အစီအရင် အလံများကို ပြုလုပ်ဖို့ လိုအပ်နေတာ ဖြစ်၏။ သူက အစီအရင် အလံများကို ပြုလုပ်ဖို့ရန် တစ်ယောက်ယောက် ခန့်အပ် နိုင်သော်လည်း သူ့ကိုယ်ပိုင် အစီအရင် အတွက် အလံများကား သူကိုယ်တိုင် ပြုလုပ်မှ ပို၍ အသုံး ဝင်လိမ့်မည်။
ဤသင်္ဘောပျံ၏ အမြန်နှုန်းမှာ မိုဝူကျီ ယခင် ယာဉ်ပျံထက် သေချာပေါက် ပိုမြန်ဆန် ပေသည်။ ဆယ်ရက် အကြာတွင် သင်္ဘောပျံသည် မိုဝူကျီ ညွှန်ကြားထားသည့် အတိုင်း ကောင်းကင်ဖွေရှာ နန်းတော် အပြင်သို့ ရောက်ရှိလာလေသည်။
“ဖူချန်း မင်းက ကျန်တဲ့လူတွေ အကုန်လုံးကို ခေါ်သွားပြီးတော့ ကောင်းကင်ဖွေရှာမြို့ အင်မော်တယ် လေ့ကျင့်ရေး တည်းခိုခန်းမှာ စောင့်နေလိုက်။ ငါ ရက်နည်းနည်းကြာရင် လိုက်လာခဲ့မယ်။ ပြီးတော့ မင်းတို့ ကောင်းကင်ဖွေရှာမြို့ကို ရောက်တာနဲ့ လမင်းကိုးစင်း ဆေးလုံး အိမ်တော်ရဲ့ သတင်းကို နားစွင့် ထားပေးပါဦး ...”
မိုဝူကျီက သင်္ဘောပျံကို သိမ်းဆည်း လိုက်ရင်း သူတို့ကို အလေးအနက် မှာကြားလိုက်သည်။ ထို့နောက် သူက ကောင်းကင်ဖွေရှာ နန်းတော်သို့သာ ဝင်သွား လိုက်တော့သည်။
မိုဝူကျီက အပြင်စည်းမှ သူ့အိမ်ကို ပြန်ရောက်သည့် အခါ ကောင်းကင်ဖွေရှာ နန်းတော်သည် အေးစက်နေပြီး စိတ်ဓာတ် ကျဖွယ် ဖြစ်နေသည်။ သူက ချောင်ပုဟိန် ရှိမလားဟု သိချင်ကာ သူသာ ရှိနေခဲ့လျှင် သူ့အတွက် ဆေးတချို့ ပေးခဲ့ချင်သည်။ ယခင် အကြောင်းများကို ပြန်တွေးလျှင် ကျန်းရှောက်ရုမှ လွဲ၍ ချောင်ပုဟိန်သည် ကောင်းကင်ဖွေရှာ နန်းတော် အပြင်စည်း တပည့်ထဲတွင် တစ်ဦးတည်းသော သိကျွမ်းသူ ဖြစ်၏။
ချောင်ပုဟိန်က မရှိပေ။ ထိုမျှတင်မက ကျန်းရှောက်ရုလည်း ရှာ၍ မတွေ့ပေ။ မိုဝူကျီက သူမြင်ခဲ့သော အပြင်စည်း ဂိုဏ်းမှ တပည့်များကိုမူ မမှတ်မိပေ။
မိုဝူကျီက ဂိုဏ်း၏ အလုပ်ခန်းမ အစား ဆေးလုံးဘုံ စေတီကိုသာ ဦးတည် လိုက်လေသည်။ မိုဝူကျီ မျှော်မှန်းထားသည့် အတိုင်း သူနှင့် ရင်းနှီးသည့်သူ တစ်ယောက်မျှ ရှိမနေပေ။ ငါးမြှားနေသည့် မုတ်ဆိတ်ဖြူ အကြီးအကဲပင် နေရာတွင် ရှိမနေတော့ပေ။
ချိန်စုယင်၊ ဟော်ယွီချန်၊ ရန်တျန်းရှင်းတို့လည်း မရှိကြသည့် အတွက် သူ့ကို အနည်းငယ် လွမ်းဆွေးစေသည်။ အကြောင်းမှာ သူ နှုတ်ဆက်စကား ပြောရမည့်သူ တစ်ယောက်မျှ မရှိပေ။ ဤနေရာက ထွက်သွား ပြီးသည်နှင့် သူက ကောင်းကင်ဖွေရှာ နန်းတော် တပည့် မဟုတ်တော့ချေ။ အကယ်၍ သူ့တျန်းဂျီ ဂိုဏ်းသာ အင်အား ကြီးမားလာပါက တစ်ရက်ရက်ကျ ကောင်းကင်ဖွေရှာ ဂိုဏ်းနှင့် ထိပ်တိုက် တွေ့နိုင်သေး၏။
သူက တျန်းဂျီဂိုဏ်းကို ပြန်လည် ထူထောင်ဖို့ ဆုံးဖြတ်ချက် ချပြီးစဉ်မှစ၍ တျန်းဂျီဂိုဏ်းကို ရွမ်အဆင့် ဂိုဏ်းအဖြစ် ဆက်လက် နေခွင့် ပြုဖို့ရန် ရည်ရွယ်ချက် မရှိပေ။ တျန်းဂျီဂိုဏ်းသည် တစ်ရက်ရက်ကျ စစ်မှန်သည့် ကောင်းကင်ဂိုဏ်း ဖြစ်မလာနိုင်ဘူးဟု မည်သူ ပြောနိုင်မည်နည်း။
“စီနီယာ အစ်ကိုမို ...”
အံ့ဩဖွယ် အသံ တစ်သံက မိုဝူကျီ အတွေးများကို နှောင့်ယှက် လိုက်လေသည်။
“ဂျုနီယာ ညီမကျိုး ... ဓားရေကန် တပည့် ဖြစ်လာတာ ဂုဏ်ယူပါတယ်”
မိုဝူကျီက ရယ်မောရင်း နှုတ်ဆက် လိုက်လေသည်။
သူ့ကို နှုတ်ဆက်သောသူမှာ ကျိုးရှောက်ယင် ဖြစ်၏။ မိုဝူကျီက ဒြပ်ငါးမျိုး ကင်းမဲ့နယ် ကျင်းပရာ ကောင်းကင်ဖွေရှာ နန်းတော် ယာယီစခန်းတွင် သူမကို တစ်ကြိမ်တစ်ခါ တွေ့ဖူးခဲ့ပြီး နောက်တခါ တစ်ကြိမ် ထပ်တွေ့ခဲ့သေးသည်။ ထိုမိန်းကလေးသည် လူများကို လန်းဆန်း သွားစေသည့် ခံစားချက် ပေးစွမ်းနိုင်သော သူဖြစ်သော်လည်း သူ့ညီမ ကျိုးရှောက်ယီနှင့် ဆန့်ကျင်ဘက် ဖြစ်လေ၏။ ကျိုးရှောက်ယီ ဖက်တွယ်နေသော ဂျူချီဂျန်းကို မိုဝူကျီက သတ်ပစ် လိုက်ပြီ ဖြစ်ရာ သူမ လက်စား လာချေမလားဟု သိချင်နေမိသည်။
သူမ ဘေးတွင် ကျိုးရှောက်ယီ မပါသောကြောင့် ကျိုးရှောက်ယီက အားတက်သရော ဖြစ်နေလေသည်။
“ကျွန်မက အပြင်စည်း တပည့်လေးပါ။ စီနီယာ အစ်ကိုမိုကို တိုက်ပွဲထဲ လိုက်သွားတယ် မှတ်နေတာ။ ကောင်းကင်ဖွေရှာ နန်းတော်က ကျင့်ကြံသူ တော်တော်များများက သွားကြတယ်လေ ... ကျွန်မ ညီမရော စီနီယာ အစ်မချိန်ရော တိုက်ပွဲ လိုက်သွားကြတယ်”
မိုဝူကျီက ရယ်မောလိုက်ပြီး “ကျုပ်က အပြင်စည်း တပည့်ပဲ ရှိသေးတာလေ။ ဘာလို့ ဝင်ပါ ရမှာလဲ။ ဒါနဲ့ ဟုတ်သား ကျုပ်က ကောင်းကင်ဖွေရှာ နန်းတော်ကနေ မကြာခင် ထွက်သွားတော့မှာ”
“ဂိုဏ်းက ထွက်သွားတော့မှာလား”
ကျိုးရှောက်ယင်က မိုဝူကျီကို အံ့ဩတကြီး ကြည့်ကာ မေးလိုက်လေသည်။
“ဟုတ်တယ်။ ကျုပ်က တခြားဂိုဏ်းကို ပြောင်းတော့မလို့။ ကျုပ်က အလုပ်ခန်းမကနေ ဂိုဏ်းက ထွက်ကြောင်း မပြောခင် ဒီကို လာပြီး နှုတ်ဆက်တာ။ ပြီးတော့ မင်းလည်း ကောင်းကင်ဖွေရှာ နန်းတော်ရဲ့ အတွင်းစည်း တပည့် ဖြစ်ပါစေလို့ မျှော်လင့်ပါတယ် ...”
မိုဝူကျီက လှည့်ထွက် သွားလိုက်တော့သည်။
ကျိုးရှောက်ယင်က မိုဝူကျီ နောက်ကျောကို ငေးကြည့်နေရင်း ဘာဖြစ်သွားမှန်း နားမလည် လိုက်ပေ။ လူတော်တော် များများက ကောင်းကင်ဖွေရှာ နန်းတော်ကို ဝင်ခွင့်ရဖို့ရန် အသည်းအသန် ကြိုးစား ကြသော်လည်း ကောင်းကင်ဖွေရှာ နန်းတော် တပည့် တစ်ယောက် ဖြစ်နေပြီးသား မိုဝူကျီက အဘယ်ကြောင့် ထွက်သွား ချင်သနည်း။
အမွှေးတိုင် တစ်ဝက်ခန့်အချိန်တွင် မိုဝူကျီက အလုပ်ခန်းမ တံခါးရှေ့ မတ်တတ် ရပ်နေလေသည်။ သူက ကောင်းကင်ဖွေရှာ အဆင့် ဇယားကို ကြည့်ပြီး ကောင်းကင် လှေကားကို ဆက်တက် ကြည့်ရန် အားပြင်းပြနေ၏။
ပထမဆုံး အကြိမ်တွင် မိုဝူကျီက ရှစ်ထစ်ထိသာ တက်လှမ်း ခဲ့ခြင်းမှာ သူ့အစစ်အမှန် စွမ်းရည်ကို ဖုံးကွယ်ချင်၍ ဖြစ်သည်။ ယခု သူက လူသား အဆင့်လွန်ဆုံးသို့ ရောက်နေပြီ ဖြစ်၍ သူက ဘယ်နှထစ်ထိ တက်လှမ်း နိုင်မလဲ ဆိုတာ သိချင်လှသည်။
လတ်တလောတွင် ယန်မြို့တော် နေရာ ကွက်လပ်၌ လူတော်တော်များများ စုရုံးလျက် ရှိလေသည်။ အကြောင်းမှာ ယနေ့ကား ကျန်းမိုနယ်မြေသို့ လိုက်ပါနိုင်ခွင့် ရှိမည့် တပည့်များကို ရွေးချယ်ပွဲ စတင်မည့် ရက်ဖြစ်လေ၏။ ကာကွယ်သူရှုက သူ့ကြောက်မက်ဖွယ် အင်အားကို ထုတ်ဖော်ပြသည့် အချက်ကြောင့် စိတ်လှုပ်ရှား နေသည်က လွဲလျှင် အားလုံးက မည်သူ အရွေး ခံရမည်မှန်း သိချင် နေကြသည်။ ရွေးချယ်ခံရဖို့ မျှော်လင့်ချက် အသေးလေး ရှိနေသရွေ့ တစ်ယောက်မှ လက်မလျော့ ချင်ကြပေ။
***