← Chapters

ခက်ခဲလှသော ကောင်းကင်ဖွေရှာလှေကားထစ်

Vol. 17 Ch. 235

ခက်ခဲလှသော ကောင်းကင်ဖွေရှာလှေကားထစ်

Vol. 17 Ch. 235

ယန်မြို့တော်တွင် ပြိုင်ပွဲကား အရှိန်မြင့်နေလေပြီ။ လူအုပ်ကြီး၏ အားပေးသံများကြောင့် ပြိုင်ပွဲဝင်များ စိတ်ဓာတ် တက်ကြွလာရသည်။ တချို့ အဆင့်များပင် ပုံမှန်ထက်ပင် ပိုကောင်း သွားစေသည်။ ကျန်းမိုနယ်မြေ သွားရောက်ဖို့ရာ ဤတိုက်ပွဲအတွက် တစ်ယောက်မှ ညှာတာမှု မရှိကြချေ။

ကျန်းရှုရှန်းနှင့် ဖုန်းကျန့်ချိုးတို့သည် ပြိုင်ပွဲ ကန့်သတ်ချက်များကို ရည်ရွယ်ချက်ရှိရှိ ချန်ရစ်ထားခြင်း ဖြစ်သော်လည်း စင်မြင့် ဆယ်ခုလုံးတွင် အလွန်စည်းကမ်း ရှိကြသည်။ ယွမ်ဒန်အဆင့် ကျင့်ကြံသူက လူသား အဆင့်လွန် အဆင့်ကို စိမ်ခေါ်ခြင်း မရှိသလို အစစ်အမှန် ရေအဆင့် ကျင့်ကြံသူက ယွမ်ဒန်အဆင့်သို့ စိမ်မခေါ်ကြပေ။

ထိုသည်က ဂုဏ်သိက္ခာနှင် ပတ်သက်ရုံသာမက ကျန်းမိုနယ်မြေ ကျင့်ကြံသူများမှ အထင်မြင် သေးသွားမည်ကို စိုးရိမ်၍လည်း ဖြစ်ကြသည်။ ထို့အပြင် ဤမျှလူအများကြီး ရှေ့တွင် မိမိထက် အားနည်းသူကို စိမ်ခေါ်ခြင်းက ရှက်ဖွယ် ဖြစ်၏။ လှောင်ပြောင် ခံရခြင်းက အကြောင်းတစ်ခု ဖြစ်သော်လည်း ပရမ်းပတာလည်း ဖြစ်လာနိုင်ပေသည်။

ယွမ်ဒန်အဆင့် ကျင့်ကြံသူက လူသား အဆင့်လွန်ကို စက္ကန့်ပိုင်း အတွင်း အနိုင်ယူတာ ဖြစ်နိုင်သော်လည်း အရာအားလုံးက တိုက်ပွဲ တစ်ခုတည်းဖြင့် မပြီးဆုံးသေးချေ။ နောက်တစ်ချီကျ သူသည် အစစ်အမှန် ရေအဆင့် ကျင့်ကြံသူ၏ စိမ်ခေါ်မှုကို ခံရနိုင်လေသည်။

အသက် ငါးဆယ်အောက် အစစ်အမှန် ရေအဆင့် ကျင့်ကြံသူ အနည်းငယ်သာ ရှိသော်လည်း တစ်ယောက်မှ မရှိဘူးဟု ဆိုလိုခြင်း မဟုတ်ပေ။ ဥပမာအားဖြင့် ဖုန်းလော့ကျန်းသည် အသက် ငါးဆယ် မကျော်သေးသည့် အစစ်အမှန်ရေ အဆင့် ၂ ဖြစ်နေသည်။

ချိန်စုယင်က နံပါတ်တစ် ဖြစ်နေ၍ သူမက အလွန် ပျော်ရွှင် နေပေသည်။ သူမက လူသားအဆင့်လွန် အဆင့်ကိုးဖြင့် လူနှစ်ယောက်ကို အလွယ်တကူ အနိုင်ရခဲ့သည်။ နောက်တစ်ပွဲ ထပ်နိုင်လျှင် သူမသည် နောက်တစ်ဆင့်သို့ ဆက်တက်လှမ်း နိုင်လိမ့်မည်။

သူမ ကျင့်ကြံဆင့်မှာ အမြင့်ဆုံး မဟုတ်သော်လည်း သူမ၏ နှိုင်းယှဉ်၍ မရသည့် အလှတရားကြောင့် နံပါတ်တစ်ကို အားအပေးဆုံး ဖြစ်နေသည်။

“ဟမ်း” ပြိုင်ပွဲကိုသာ အာရုံစိုက်နေသော ရှားမူက နံပါတ်တစ်ကို ကြည့်လိုက်လေသည်။ သူက ချိန်စုယင်ကို တွေ့သောအခါ အကြည့်များက ချက်ချင်း ကပ်တွယ်သွားပြီး သူ့ကိုယ်သူ မတ်တတ် ရပ်မိ သွားသည်ကိုပင် သတိမပြုမိတော့ချေ။

ထိုမိန်းကလေးက အရမ်းကို လှပလွန်းလှသည်။ ကျန်းမိုနယ်မြေ တစ်ခုလုံးတွင်ပင် သူမကဲ့သို့ မိန်းမလှလေးမျိုးကို တစ်ခါမှ မမြင်ဖူးချေ။ သူ့ကို ကျေနပ်စေသည်က ထိုအမျိုးသမီးသည် ပွင့်လင်းမြင်သာ ရှိလှသည်။ သူမ ရုပ်ရည်ကို ဖုံးအုပ်ထားသော ပဝါလည်း မပါရှိချေ။

ထိုအမျိုးသမီး ပါရမီက ပိုင်စုတင်းလောက် မကောင်းသောကြောင့် သူမက သူ့ကို ပိုင်စုတင်းလောက် မထောက်ပံ့နိုင်လောက်ပေ။ သို့သော် ကျန်းမိုနယ်မြေ၏ ကြယ်တာရာသခင် တစ်ယောက် အနေနှင့် သူ့စိတ်နှလုံးထဲမှ ချစ်မြတ်နိုးရသည့် အမျိုးသမီးကို ရရှိဖို့ရာ မှားယွင်းသည်များ ရှိနေလား ...

ရှားမူ ဘေးမှ မျက်နှာနီနီ အမျိုးသားက ရှားမူ အမေးကိုပင် မစောင့်တော့ဘဲ ရှားမူက ချိန်စုယင်ကို ကြည့်ရင်း မတ်တတ် ရပ်လိုက်သည့် အခိုက်အတန့်တွင် သူက ပြောပြလိုက်သည်။

“အဲဒီသူက ကောင်းကင်ဖွေရှာနန်းတော် ဓားရေကန်ရဲ့ တိုက်ရိုက်တပည့် ချိန်စုယင်တဲ့။ သူမ ပါရမီက အတော်လေး ကောင်းတယ်။ ကောင်းကင်ဖွေရှာ နန်းတော်က ပျောက်ဆုံးနယ်မြေမှာ နံပါတ်တစ်လို့ ယူဆလို့ ရပြီးတော့ အတွင်းမှာ ကောင်းကင်ဖွေရှာ လှေကား ရှိတယ်တဲ့။ သူမက လူသားအဆင့်လွန် အဆင့် ၇ နဲ့ လှေကားထစ် ၅၄ ထစ်ထိ ရောက်အောင် တက်နိုင်ခဲ့တယ်တဲ့ သူမ အဆင့်က ၅၀ မှာပါ”

“ကောင်းကင်ဖွေရှာ လှေကားက ဘာကြီးလဲ ...”

ရှားမူက မျက်မှောင် ကြုတ်ကာ မေးလိုက်သည်။

မျက်နှာနီနီ အမျိုးသားက လေးလေးနက်နက် ပြန်ဖြေလိုက်သည်။

“ကောင်းကင်ဖွေရှာ လှေကားက သာမာန်အရာ မဟုတ်ဘူး။ ကျုပ် စုံစမ်းမိသလောက် ဒီကောင်းကင် လှေကားက အစစ်အမှန် ရှေးဟောင်းရတနာ တစ်ခုပဲ။ အဆင့်ကိုတော့ ကောင်းကင်ဖွေရှာ နန်းတော်က အကြီးအကဲတွေတောင် မသိကြဘူး။ ကောင်းကင်ဖွေရှာ လှေကားထိပ်ထိ ရောက်ဖူးတဲ့သူ မရှိသေးဘူး။ ကျင့်ကြံဆင့် မြင့်လေလေ ဖိအားက ပိုများလေလေပဲ။ အသက်ငယ်တဲ့ သူအတွက်တော့ ဖိအားက နည်းလိမ့်မယ်။ သံတမန်ရှားက ကျင့်ကြံဆင့် မြင့်နေပြီးတော့ ဒီနေရာက ပါရမီရှင်တွေထက် အသက် ငယ်သေးတယ် ဆိုတော့ သံတမန်ရှားက စိတ်သာ ဆုံးဖြတ်လိုက်ရင် ကောင်းကင်ဖွေရှာ လှေကားထစ် ထိပ်ဆုံးကို သေချာပေါက် ရောက်လိမ့်မယ်လို့ ကျုပ်တော့ ယုံကြည်တယ်”

ရှားမူက ခေါင်းညိတ် ပြလိုက်ပြီး ပြန်ဖြေလိုက်သည်။

“ကောင်းတယ်။ ဒီနေရာက ကိစ္စတွေ ပြီးသွားတာနဲ့ ကောင်းကင်ဖွေရှာ လှေကားကို တက်ကြည့်မယ်”

မျက်နှာနီနီ အမျိုးသားက ထပ်ပြောလိုက်လေသည်။

“တကယ်တော့ သံတမန်ရှား မမေးရင်တောင် ကျုပ်က အကြံပြုမလို့ပါ။ ကောင်းကင်ဖွေရှာ လှေကားရဲ့ မူလဇစ်မြစ်က အတော်လေး ထူးဆန်းတယ်။ နှစ်တွေ အကြာကြီး ရှိလာတာတောင် တစ်ယောက်မှ ထိပ်ဆုံးထိ မတက်နိုင်သေးဘူး။ အပေါ်မှာ ဘာတွေ စောင့်မျှော်နေမယ် ဆိုတာ ဘယ်သူ သိမှာလဲ။ ပြီးတော့ ကျုပ်ကြားတာတော့ မြင့်မြင့်တက်လေလေ ကျင့်ကြံခြင်း အကြောင်း ပိုနားလည် လေလေတဲ့။ အဲဒါအပြင် အနာဂတ်မှာ အောင်မြင်မှု ပိုရလေလေပဲတဲ့”

“မဆိုးဘူး”

ထိုအရာက ရှားမူ စိတ်ဝင်စားမှုကို ရရှိသွားလေသည်။ ထို့နောက် သူက ဆက်ပြော လိုက်လေသည်။

“ဒီကောင်းကင်ဖွေရှာ လှေကား ကိစ္စက အဲဒီလိုပဲ လုပ်ကြမယ်၊။ ပြီးတော့ ချိန်စုယင်လို့ ခေါ်တဲ့ အမျိုးသမီး သူမ ပြိုင်ပွဲပြီးတာနဲ့ ဒီကိုလာဖို့ ပြောလိုက်။ သူမကို အံဩစရာ တစ်ခု ပေးဖို့ ရှိတယ်”

“ဟုတ်ကဲ့ပါ ဆရာ ...”

မျက်နှာနီနီ အမျိုးသားက တုံ့ပြန် လိုက်လေသည်။

သူက ရှားမူစိတ်ထဲမှ အံ့ဩစရာ ကိစ္စကို မှန်းဆမိလေသည်။ ပိုင်စုတင်းလို မာနကြီးကြီး အမျိုးသမီးသာ ငြင်းပယ်နိုင်ခဲ့သည့် အံ့ဩစရာမျိုး ဖြစ်လိမ့်မည်။ အကယ်၍ တခြားသူ ဆိုပါက ထိုအရာကို နှစ်လိုဖွယ် အံ့ဩစရာ အဖြစ် မှတ်ယူလောက်သည်။

ကောင်းကင်ဖွေရှာ လှေကား

မိုဝူကျီက သူ့သဘာဝ စွမ်းအားတွေကို စုစည်းပြီးတော့ သူ့ချီသွေးကြော ၁၀၀ ခုမြောက်နှင့် ၁၀၁ ခုမြောက်တို့ဆီမှ လှည့်ပတ်ခြင်း လမ်းကြောင်းဖြင့် လှေကားထစ် ၉၉ ထစ်ထိ တက်လှမ်း နိုင်လိုက်လေပြီ။

သူ မြေပေါ် ခြေချလိုက်သည့် အခိုက်အတန့်တွင် ပြင်းထန်သော ဖိအားများနှင့် လှည့်ပတ်အားများက သူ့ဆီ ပြေးဝင် လာကြသည်။ မိုဝူကျီ ခန္ဓာထဲမှ ချီသွေးကြော ၁၀၀ ခုမြောက်နှင့် ၁၀၁ ခုမြောက်တို့ထဲမှ သဘာဝ စွမ်းအားများပင် တစ်ချိန်တည်း ပွင့်ထွက်လာရသည်။

ဖိအားအပြင်းများနှင့် လှည့်ပတ်အားများကို မိုဝူကျီ၏ သဘာဝ စွမ်းအားများဖြင့် ခုခံထားပြီး သူ့ကို ၉၉ ထစ်သို့ အခက်အခဲမရှိ တက်လှမ်း နိုင်စေလိုက်သည်။

၁၀၀ ထစ် ... ၁၀၁ ထစ် ...၁၀၂ ထစ် ...

“ဂျွတ် ...”

မိုဝူကျီ တစ်ယောက် ၁၀၃ ထစ်သို့ ရောက်သောအခါ သူ့ခြေထောက်က လုံးဝ ကျိုးသွားလေသည်။ သူ့သဘာဝ သိုလှောင်ရေး လမ်းကြောင်း ချီသွေးကြောများက ထောက်ပံ့ ပေးထားသော်လည်း သူ့ခန္ဓာက အခြေအနေ မဟန်တော့ပေ။ စိတ်ပျက်ခြင်းနှင့်အတူ သူက မော့ကြည့် လိုက်လေသည်။ ငါးထစ်မျှသာ ကျန်ရှိတော့သည်။ သူသာ နောက်ထပ် ငါးထစ်ကို တက်လှမ်းနိုင်ပါက ကောင်းကင်ဖွေရှာ လှေကားထိပ်တွင် ရပ်တည် နိုင်လိမ့်မည်။

၁၀၃ ထစ်မှ ကြောက်မက်ဖွယ် ဖိအားများကို တိုက်ခိုက်ပြီး မိုဝူကျီက ကုသဆေးလုံး အချို့ မျိုချလိုက်တော့သည်။ တစ်ချိန်တည်းတွင် သူက ဒဏ်ရာ ပျောက်ကင်းနှုန်း တိုးလာစေရန် အင်မော်တယ် မော်တယ် ကျင့်စဉ်ကို အသုံးပြုပြီး ဝိညာဉ်စွမ်းအားများကို လှည့်ပတ် လိုက်လေသည်။

အင်မော်တယ် မော်တယ် ကျင့်စဉ်ကို လှည့်ပတ်လိုက်သည်နှင့် သူ့ခန္ဓာဝန်းကျင်တွင် ဝိညာဉ်စွမ်းအား ဝဲကတော့ ဖြစ်လာကာ သူ့ခန္ဓာထဲ အားရပါးရ စီးဝင် နေကြလေသည်။ ထိုစဉ် ယခင်လများမှ နှေးကွေး ပိတ်နေသော ကျင့်ကြံဆင့်များက တိုးမြင့် လာလေသည်။

မိုဝူကျီက ၁၀၃ ထစ်မြောက်မှ မြေကြီးကို ဆုပ်ကိုင် ထားလိုက်ပြီး ဝိညာဉ် စွမ်းအားများကို အပြင်းအထန် စုပ်ယူလိုက်တော့သည်။ ကောင်းကင်ဖွေရှာ နန်းတော်တွင် ရပ်နေသူရှိလျှင် ဝိညာဉ် စွမ်းအားများက ပုံမှန်ဖြစ်ကြောင်း ပြောနိုင်ကြလိမ့်မည်။ သို့သော် သူက သူ့ကျင့်ကြံစဉ်ဖြင့် ဝိညာဉ် စွမ်းအားများကို စုပ်ယူလိုက်သည့် အခိုက်အတန့်၌ ကောင်းကင် စိတ်စွမ်းအင် ကျောက်တုံးထက်ပင် ဝိညာဉ် စွမ်းအားများ သိပ်သည်း လာလေသည်။

မဟုတ်သေးဘူး ... ကောင်းကင် စိတ်စွမ်းအင် ကျောက်တုံးထဲမှ ဝိညာဉ် စွမ်းအားများက လုံးဝ ကွဲပြားလေသည်။ ကောင်းကင် စိတ်စွမ်းအင် ကျောက်တုံးမှ စွမ်းအားများသည် သိပ်သည်းကာ သန့်စင်လှပြီး ကျင့်ကြံခြင်း၌ တိုးမြင့်ရေး တာအိုအတွက် ဖြစ်ရာ ဤနေရာရှိ စွမ်းအားများက ကျင့်ကြံဖို့ရာ အတွက် ပြုလုပ်ထားဟန် ပေါ်သည်။ အင်မော်တယ် မော်တယ် ကျင့်စဉ်ကို အသုံးပြုမှုသည် ဝိညာဉ် စွမ်းအားများ ဝန်းရံနေခြင်းကား သူ့ကို ရေထဲမှ ငါးတစ်ကောင် သဖွယ် ခံစားရစေသည်။

တိုးပွားလာသော ကြောက်မက်ဖွယ် ဖိအားကြောင့်သာ မဟုတ်လျှင် မိုဝူကျီက ဤနေရာတွင် တံခါးပိတ် လေ့ကျင့် ချင်မိသည်။ သို့သော် ဤနေရာတွင် တစ်မိနစ် ကျင့်ကြံခြင်းက ရာစုနှစ် တစ်ခုစာလောက် ရှည်ကြာသည်ဟု ခံစားရ၏။

သူ့ဝိညာဉ်စွမ်းအားများ သက်ရောက်မှု အောက်တွင် သူ့သဘာဝ စွမ်းအင်များက ပူဖောင်းများ သဖွယ် အသံ ထွက်ပေါ်လာလေသည်။ မိုဝူကျီ၏ ကျင့်ကြံဆင့် မတိုးတက် လာသည်မှာ ကြာလှပြီဖြစ်ရာ လူသား အဆင့်လွန် အဆင့် ၁၂ ပြီးပြည့်စုံခြင်း အဆင့်ထိ တိုက်ရိုက် ရောက်ရှိ သွားတော့သည်။

မိုဝူကျီက ပျော်ရွင်မှုကို ချိုးနှိမ်ထားလေသည်။ သူ့ခန့်မှန်းချက် အရ သူက ရွှေအသွင် ဆေးလုံးကို အသုံးပြုဖို့ရာ မလိုအပ်ချေ။ သူ့လက်ရှိ အနေအထားဖြင့် သူသည် လူသားအဆင့်လွန်ကို တစ်ချက်တည်းဖြင့် ချိုးဖျက် နိုင်လိမ့်မည်။ သို့သော်လည်း သူက ရွှေအသွင် ဆေးလုံးကို ပါးစပ်ထဲ ထည့်လိုက် လေသည်။ အကြောင်းမှာ သူက ၁၀၃ ထစ်မြောက်တွင် တိုးပွားလာသော ဖိအားများနှင့်အတူ သူ့စွမ်းရည်ဖြင့် ယွမ်ဒန်အဆင့် ရောက်နိုင်ပါ့မလားဟု သံသယရှိ၍ ဖြစ်သည်။

ရွှေအသွင် ဆေးသုံးလုံးမှ အားကောင်းလှသည့် အင်အားလှိုင်းများ ထွက်ပေါ်လာကာ ပတ်ဝန်းကျင်မှ ဝိညာဉ်စွမ်းအားများနှင့် ထိတွေ့ပြီး သူ့ ၁၀၂ ခုမြောက် ချီသွေးကြောထဲသို့ စီးဆင်း သွားလေသည်။ မူလက ပိတ်ဆို့နေသော ၁၀၂ ခုမြောက် ချီသွေးကြောမှာ ချက်ချင်းဆိုသလို ပွင့်လာလေသည်။

ဗလာနတ္ထိ ခံစားချက်က သူ့ခန္ဓာအနှံ့ဆီ ပြန့်နှံ့သွားပြီး သူက အင်မော်တယ် စွမ်းအားထဲတွင် စိမ်ထားသည့် အလား သူ့တစ်ကိုယ်လုံးကို အင်အားများ ပြည့်လာစေကာ အလွန်အမင်း သက်သာရာ ရသွားစေသည်။

သဘာဝ စွမ်းအားကြောင်း အသစ်တစ်ခုက ၁၀၂ ခုမြောက် ချီသွေးကြောထဲ စီးဝင်သွားကာ ချီသွေးကြော ၁၀၀ နှင့် ၁၀၁ ခုမြောက် အတိုင်း သဘာဝစွမ်းအား လှည့်ပတ်ခြင်း လမ်းကြောင်း ဖြစ်ပေါ် လာလေသည်။ တစ်ချိန်တည်းတွင် ကောင်းကင်ဖွေရှာ လှေကားမှ ဖိအားလည်း လျော့နည်းလာ၍ သူက မတ်တတ် ရပ်နိုင်သွားလေ၏။ သူ့ခြေကျိုးပင် ပြန်ကောင်းသွားပြီ ဖြစ်ရာ ၁၀၄ ထစ်မြောက်ကို တက်လှမ်း လိုက်တော့သည်။

၁၀၅ ထစ် ... ၁၀၆ ထစ် ... ၁၀၇ ထစ် ...

ကောင်းကင်ဖွေရှာ လှေကားတစ် ၁၀၇ ထစ် မြောက်ကား ယခင် အထစ်များထက် ဖိအား နှစ်ဆလောက် များပေသည်။ မိုဝူကျီ၏ သဘာဝ သိုလှောင်ရေး လမ်းကြောင်း သုံးခုလုံးမှ စွမ်းအားများသည် နောက်တစ်ဖန် ကုန်ဆုံး သွားပြန်သည်။

“ဖူး ...”

မိုဝူကျီက ၁၀၇ထစ် မြောက်တွင် လဲကျသွားလေ၏။ ဤတစ်ကြိမ်တွင် သူက သွေးတစ်ပွက် အန်ရုံသာမက များပြားလွန်းသည့် ဖိအားကြောင့် သူ့အရေပြားမှ သွေးများပင် စိမ့်ထွက် လာလေသည်။

တစ်ထစ်သာ ကျန်ရှိတော့၏။ သူက မတ်တတ်ရပ်ကာ ကြုံးဝါး လိုက်တော့သည်။ သူစုစည်း နိုင်သမျှ စိတ်လုံ့လဖြင့် ၁၀၈ ထစ်မြောက်သို့ ရောက်ရန် ခြေမြောက် လိုက်တော့သည်။

ယန်မြို့တော် စင်မြင့် (၁) နေရာတွင် ဝတ်ရုံဖြူ၊ ဆံပင်ရှည်နှင့် အမျိုးသားက ချိန်စုယင်ရှေ့ ရောက်လာပြီး …

“ကြီးမြတ်ရန်ကျုံး ဂိုဏ်းက ထောင်ယွမ်က ဂျုနီယာချိန်နဲ့ ပညာ ဖလှယ်ချင်ပါတယ်”

ချိန်စုယင်က မျက်မှောင် ကြုတ်လိုက်မိသည်။ အမှန်တိုင်း ဆိုရလျှင် သူမက ကြီးမြတ်ရန်ကျုံး ဂိုဏ်းသည် ကောင်းကင်ဖွေရှာ နန်းတော်ကို ကျော်လွန်၍ နံပါတ်တစ် ရသွားခြင်း အပေါ် သိပ်မကျေနပ်ပေ။ သို့သော် နှမြောစရာ ကောင်းသည်က သူမသည် ကောင်းကင်ဖွေရှာ နန်းတော် ဓားရေကန် တိုက်ရိုက် တပည့် တစ်ယောက် အနေနှင့် လူသား အဆင့်လွန် အဆင့်သာ ရှိနေသေး၏။ ထိုအရာက သူမအတွက် ဂိုဏ်းတစ်ရာ မဟာမိတ် အဖွဲ့ အဆင့်ဇယားတွင် ပါဖို့ရန်က ခက်ခဲလှပေသည်။ အရေးကြီးဆုံးက လူသား အဆင့်လွန် အဆင့် ၉ ကို သတ်လျှင် ၂၆ မှတ်သာ ရရှိပြီး ယွမ်ဒန်အဆင့် ၁ ကို သတ်နိုင်ခဲ့ပါက အမှတ် ၁၀၀ ဖြစ်၏။

ထို့ကြောင့် မြေကမ္ဘာ အဆင့်တွင် ရှိခြင်းသည် ဂိုဏ်းတစ်ရာ မဟာမိတ်အဖွဲ့ အဆင့်ဇယားတွင် ပါဝင်နိုင်ဖို့ အနည်းဆုံး လိုအပ်ချက် ဖြစ်လေသည်။ အားလုံးက နယ်လှည့် ကျင့်ကြံသူ ၂၇၀၅ ကဲ့သို့ ထူးချွန် နေကြသည် မဟုတ်ချေ။

ထိုစဉ် ကြီးမြတ်ရန်ကျုံး ဂိုဏ်းက သူမကို စိမ်ခေါ်ရန် ရှေ့ထွက် လာသော်လည်း သူမက သူ့ကို မညှာတာနိုင်ပေ။ သူမ ဓားရှည်ကား ဓားစွမ်းအားများ ထွက်ပေါ်လာပြီး ထောင်ယွမ်ဆီ ပျံသန်း ဝင်သွားတော့သည်။

စင်ပေါ်တွင် ဓားစွမ်းအား လှိုင်းများ တစ်ခုပြီး တစ်ခု ဖြစ်ပေါ်လာသည့် အခါ စင်မြင့် (၁) တွင် ပင်လယ်သဖွယ် ဖြစ်နေလေသည်။ လူအများစုအတွက် ထောင်ယွမ်သည် ထိုသို့သော ဓားစွမ်းအားများနှင့် ရင်ဆိုင် တွေ့သည့် အခါ သေချာပေါက် နောက်ဆုတ်လိမ့်မည်ဟု တွေးထားကြသည်။ သူသာ နောက်ဆုတ်လိုက်ပါက ချိန်စုယင်က လက်ဦးမှု ရသွားလေပြီ။

ရှားမူက ချိန်စုယင် ဓားစွမ်းအားကို မြင်သောအခါ ကျေနပ်စွာ ပြောလိုက်လေ၏။

“ဒီမိန်းကလေးရဲ့ ပါရမီက ဒီလောက် ကောင်းမယ်လို့ ဘယ်သူက ထင်ထားမှာလဲ။ ဒီလို ဓားစွမ်းအင်တွေက ကျန်းမိုနယ်မြေက ဓားကျင့်ကြံသူတွေ ထဲမှာတောင် ရှားတယ်”

သို့သော်လည်း အားလုံးကို အံ့ဩ သွားစေသည်က ထောင်ယွမ်သည် နောက်မဆုတ်ဘဲ သူ့ခန္ဓာတွင် ဖြူဖျော့ဖျော့ အလင်းတွေ ခြံရံရင်း ဓားစွမ်းအားတွေ ဆီသို့သာ ပြေးဝင်သွားလေသည်။

ဓားစွမ်းအင်လှိုင်းက ထောင်ယွမ်၏ သဘာဝစွမ်းအားများကို ရိုက်ခတ်မိသည့် အခါ ပေါက်ကွဲမှုများ ဖြစ်ပေါ် လာလေသည်။ ထို့နောက် လေထဲတွင် ကွယ်ပျောက် သွားကြ၏။ ကြည့်ရသည်မှာ ထောင်ယွမ်၏ ခုခံရေး သဘာဝ စွမ်းအင်များက ကျင့်စဉ် တစ်ခု ဖြစ်လိမ့်မည်။

တစ်ချက်တည်းဖြင့် ဓားတာအိုမှ အဆင့်မြင့် ကျင့်ကြံသူများက ခံစားနိုင်ကြသည်။ အကယ်၍ ချိန်စုယင်သာ ထောင်ယွမ်၏ ခုခံရေး သဘာဝ စွမ်းအားများကို မဖောက်ထွင်းနိုင်လျှင် သူမက သူ့ကို သေချာပေါက် ရှုံးနိမ့်သွားလိမ့်မည်။

အခြားလူများက အဖြစ်အပျက်ကို နားလည်သောကြောင့် ချိန်စုယင်လည်း သိလေသည်။ သူမ အမူအရာများက လေးနက် လာလေသည်။ ထိုသို့သော ခုခံရေးအလွှာသည် ဓားပညာရပ်မှ ထုတ်ယူထားသော ကျင့်စဉ်တစ်မျိုး ဖြစ်၏။ သူမ ဓားစွမ်းအားတွေက ထောင်ယွမ်ထက် များစွာ အားကောင်းနေမှ သူ့အလွှာကို တစ်ချက်တည်းဖြင့် ထိုးဖောက်နိုင်လိမ့်မည်။

“ဂျူနီယာချိန်ရေ အားနာပါတယ်။ မင်းကို ကျန်းမိုနယ်မြေ အတွက် နေရာတစ်နေရာစာ မပေးနိုင်ဘူး”

ထောင်ယွမ်အသံက ရယ်သံ စွက်နေလေသည်။ တစ်ချိန်တည်းတွင် လေထဲတွင် ကျာပွတ်ရှည် တစ်ချောင်း မြှောက်တက် လာလေသည်။ သူက ရည်ရွယ်ချက်ရှိရှိ ကြံစည် ထားလေသည်။ မဟုတ်လျှင် သူက ချိန်စုယင်ကို စိမ်ခေါ်ဖို့ရာ လုံးဝရှောင်လိမ့်မည်။

ထိုအရာကို ချိန်စုယင်က အေးစက်စွာ ရယ်မောလိုက်ပြီး

“ရှင့် အဓိပ္ပာယ် မရှိတာတွေ မပြောခင် နိုင်တဲ့အထိ စောင့်ပါဦး ...”

ပြောပြီးနောက်တွင် သူမလက်မှ ရှုပ်ထွေးလှသော လက်ဟန်များ ပြုလုပ်လိုက်လေသည်။ သူမ လက်ထဲတွင် ဝိညာဉ် စွမ်းအားများက သိပ်သည်းလာပြီး တဂျစ်ဂျစ် မြည်သံများ ထွက်ပေါ် လာလေသည်။

***

All Chapters