← Chapters

108 ထစ်

Vol. 17 Ch. 236

108 ထစ်

Vol. 17 Ch. 236

ထောင်ယွမ်က တိုက်ပွဲ အတွေ့အကြုံရှိ၍ ထိုတဂျစ်ဂျစ် အသံနောက်တွင် တစ်ခုခု လိုက်လာပြီ ဖြစ်ကြောင်း ခံစားမိလိုက်သည်။ ထို့ကြောင့် သူ့လက်ထဲမှ ကြာပွတ်ရှည်ကို ချိန်စုယင်ဆီ ယခင်ကထက် မြန်ဆန်စွာ ပို့ဆောင် လိုက်တော့သည်။

“ဘမ်း ဘမ်း ဘမ်း ဘမ်း”

ထောင်ယွမ် ဘေးပတ်လည်တွင် လျှပ်စီးလေးချက် ဆက်တိုက် ပေါက်ကွဲ သွားသောကြောင့် သူ့သဘာဝ စွမ်းအား အလွှာကို တစ်စစီ ဖြစ်သွားလေသည်။

“ဘမ်း”

ချိန်စုယင် ဓားရှည်က ထောင်ယွမ် ကြာပွတ်ရှည်ကို တားဆီးလိုက်ပြီး ဓားမှ နောက်ထပ် အလင်းများ ထပ်ထွက် ပေါ်လာလေသည်။ ထိုသို့ ဓားမှ အချိန်မရွေး အလင်းများ ထုတ်လွင့် နိုင်ခြင်းသည် ဓားသမား တစ်ဦး၏ အားသာချက် ဖြစ်လေ၏။

သူ့ခုခံကျင့်စဉ်က ချိန်စုယင်ကြောင့် ကျိုးပျက် သွားသည်နှင့် ထောင်ယွမ်က နောက်သာ ဆုတ်ချင် သွားတော့သည်။ ချိန်စုယင် ဓားအလင်းများက ပေါ့ပေါ့တန်တန် မဟုတ်ရာ သူ့ပုံရိပ် နောက်ဆုတ် သွားသည်နှင့် သူ့ကြာပွတ်ရှည်မှ စွမ်းအားများလည်း ကွယ်ပျက် သွားလေသည်။

ထောင်ယွမ် ပခုံးသို့ ဓားအလင်းများစွာ ဖြတ်သွားပြီးနောက် ခဏအကြာတွင် အေးစက်စက် ဓားက သူ့လည်ပင်းဆီ ရောက်ရှိနေလေ၏။

ထောင်ယွမ် မျက်နှာက ဖြူဖျော့ သွားလေသည်။ သူက ထိုအခြေအနေတွင် တစ်လက်မမှ မရွေ့လျားရဲချေ။

“စီနီယာချိန် ကျုပ်ရှုံးပါပြီ”

သူမ လက်ကို တစ်ချက်ဝှေ့ကာ ချိန်စုယင်က ဓားကို သိမ်းလိုက်ပြီး ကျယ်လောင်စွာ ပြောလိုက်သည်။

“နယ်ခြား တိုက်ပွဲမှာ ရှင်ရဲ့ အကျိုးပြုထားတာတွေ ကြောင့်သာ မဟုတ်ရင် ကျွန်မဓားက ရှင့်လည်ပင်းကို ဖြတ်သွားလောက်ပြီ ...”

“သက်ညှာပေးတဲ့ အတွက် စီနီယာကို ကျေးဇူးတင်ပါတယ်”

ထောင်ယွမ် ဖြူဖျော့ဖျော့ မျက်နှာသည် ချက်ချင်းပင် ရဲတက်လာပြီး နောက်ဆုံး စကား တစ်ခွန်း ပြောပြီး စင်ပေါ်မှ ဆင်းသွားတော့သည်။ သူက ချိန်စုယင်နှင့် ကျင့်ကြံဆင့်တူ ဖြစ်သော်လည်း သူက ရှုံးနိမ့်ခဲ့၍ သူမကို စီနီယာဟု ခေါ်ဆိုရခြင်း ဖြစ်လေသည်။

စင်အောက်မှ လက်ခုပ် ဩဘာသံများဖြင့် ဆူညံလျက် ရှိသည်။ ကောင်းကင်ဖွေရှာ နန်းတော် ဓားရေကန်သည် ယခင်ကထက် စိတ်လှုပ်ရှားဖို့ ပိုကောင်း လာလေသည်။ အဆင့်ဇယား၌ ကောင်းကင်ဖွေရှာ နန်းတော်ကို ကြီးမြတ်ရန်ကျုံးက တစ်ပန်းသာ သွားသော်လည်း ချိန်စုယင်နှင့် ထောင်ယွမ်တို့သည် ကျင့်ကြံဆင့်တူ ဖြစ်ကာ သူတို့ဂိုဏ်း တစ်ခုချင်းစီကို ကိုယ်စားပြုလေသည်။ ယခု ချိန်စုယင်က ထောင်ယွမ်ကို အနိုင်ရခဲ့သဖြင့် ကောင်းကင်ဖွေရှာ နန်းတော်ကို နာမည် ပြန်ရသွားစေသည်။

ကျန်းရှုရှန်းက တဟားဟား ရယ်မောလိုက်ရင်း …

“ဒီဓားရေကန် တပည့်က လျှပ်စီး သဘာဝ ကျင့်စဉ်ကိုပါ သိနေတာပဲ။ ကြည့်ရတာ သူမက အခွင့်အရေးကောင်း ရခဲ့တယ် ထင်တယ်။ ထောင်ယွမ်က သူမကို မယှဉ်နိုင်တာ အံ့ဩစရာ မရှိတော့ပါဘူး”

ဖုန်းကျန့်ချိုးက ကျန်းရှုရှန်း စကားနောက်ကွယ်မှ အဓိပ္ပာယ်ကို မည်သို့ နားမလည်ဘဲ နေမည်နည်း။ သူပြောချင်သည်က ကောင်းကင်ဖွေရှာ နန်းတော် ချိန်စုယင်သည် ကြီးမြတ်ရန်ကျုံးမှ ထောင်ယွမ်ကို အနိုင်ရခဲ့သော်လည်း ကောင်းကင်ဖွေရှာ နန်းတော်မှ ဓားပညာဖြင့် မဟုတ်ဘဲ တစ်နေရာရာမှ သင်ယူလာသော လျှပ်စီး ကျင့်စဉ်ဖြင့် အနိုင်ရရှိခြင်း ဖြစ်၏။

ဖုန်းကျန့်ချိုးလည်း ရယ်မောလိုက်ပြီး

“ဟုတ်ပါ့ဗျာ။ တကယ်လို့ ထောင်ယွမ်မှာသာ ခုခံကျင့်စဉ် မရှိရင်တော့ ချိန်စုယင် ဓားလှိုင်းကနေ ရှုံးသွားမှာ အသေအချာပဲ။ အဲဒီ ခုခံကျင့်စဉ်လည်း မဆိုးပါဘူး။ ကြားတာတော့ ထောင်ယွမ်က ပျောက်ဆုံး ကောင်းကင် မြို့ပျက်ကို သွားသေးတယ်ဆို ... အဲဒီကနေ ဘာရလာမယ် ဆိုတာ ဘယ်သူ သိမှာလဲ”

ထိုအရာကို ကြားပြီး ကျန်းရှုရှန်း မျက်နှာက ရေခဲတမျှ အေးစက်လာလေသည်။ သို့သော် သူက ပြန်လည် မငြင်းခုံနိုင်ပေ။ အကြောင်းမှာ ထောင်ယွမ်၏ ခုခံကျင့်စဉ်မှာ ကြီးမြတ်ရန်ကျုံး ဂိုဏ်းမှ မဟုတ်ပေ။

ရှားမူက သူ့ရှေ့မြင်ကွင်းကို ကြည့်ကာ ရယ်မောလိုက်ပြီး

“ခင်ဗျားတို့တွေ မမှားပါဘူး။ ဒါနဲ့ အကြီးအကဲချိန် ဂျူနီယာချိန်ကို ခေါ်လာခဲ့ပါ။ သူမ ဓားပညာနဲ့ လျှပ်စီးရိုက်ချက်တွေက အတော်လေး ထူးချွန်နေတာပဲ။ ဒီပြိုင်ပွဲမှာ ရှားတယ်”

“ကောင်းပါပြီ” မျက်နှာနီနီ အမျိုးသားက ပြန်ဖြေလိုက်ပြီး လှည့်၍ ညွှန်ကြားချက်များ ပေးလိုက်သည်။ ထို့နောက် ဝတ်စုံအမည်းနှင့် လူငယ်က ထွက်သွားလေသည်။

ရှားမူက သူ့အသံကို နိမ့်ပြောထားခြင်း မဟုတ်သည့်အတွက် ဘေးပတ်လည်မှ လူများပင် အကုန်ကြားလိုက်ရ၏။ နဂိုက ငြင်းခုံနေကြသည့် ဖုန်းကျန့်ချိုးနှင့် ကျန်းရှုရှန်းပင် ထိုစကားကို ကြားပြီး အမူအရာ ပြောင်းသွား ကြလေသည်။ သူတို့က ရှားမူ စရိုက်ကို ရှင်းရှင်းလင်းလင်း မသိသော်ငြား သူတို့ရှေ့မှ သူသည် လူကောင်း မဟုတ်မှန်းတော့ သိကြသည်။

“ဂျွတ်”

ဖိအားများက ဆက်တိုက် ဖြစ်ပေါ်လာနေပြီး မိုဝူကျီ ခြေထောက်ကို နောက်တစ်ဖန် ကျိုးသွား စေပြန်သည်။ တစ်ချိန်တည်းတွင် သူက ၁၀၈ ထစ်မြောက်သို့ ရောက်ရှိခဲ့လေပြီ။

ရုတ်တရက် ဆိုသလို သူ့ပတ်လည်မှ ကြောက်မက်ဖွယ် ဖိအားများက ပျောက်ကွယ်သွားပြီး မြူထူထူများက အစားထိုး ဝင်ရောက်လာလေသည်။ မိုဝူကျီက ဆေးတစ်လုံးမှ မသောက်ထား သော်လည်း သူ့ခန္ဓာမှ ဒဏ်ရာများက ပျောက်သွားကြောင်း တွေ့လိုက်ရလေ၏။ သူ့ခြေကျိုးပင် မြန်ဆန်စွာ ပြန်ကောင်း လာနေသည်။

ဒီလို အံ့ဩဖွယ် နေရာလည်း ရှိသေးတာကိုး .... ဒီနေရာတွင် ကျင့်ကြံလိုက်ရရင် ဘယ်လောက်တောင် ကောင်းလိုက်မလဲ ...

ထိုအတွေးက စိတ်ထဲ ပေါ်လာပြီး သူက ၁၀၃ ထစ်မြောက်တွင် ၁၀၂ခုမြောက် ချီသွေးကြောကို ဖွင့်ခဲ့သော်လည်း သူက ယွမ်ဒန် အဆင့်တော့ မရောက်သေးပေ။ သူက လူသား အဆင့်လွန် အဆင့် ၁၂ တွင်သာ ရှိနေသေးပြီး ပြီးပြည့်စုံခြင်း အဆင့်သာ တိုးမြင့် သွားလေသည်။ တစ်ခုတည်းသော အပြောင်းအလဲမှာ သူ့ ၁၀၂ခုမြောက် ချီသွေးကြော ပွင့်လာခြင်း ဖြစ်၏။

ရွှေအသွင်ဆေး သုံးလုံးတောင် သုံးခဲ့ရက်ဖြင့် မြေကမ္ဘာအဆင့်သို့ အဘယ်ကြောင့် မရောက်နိုင်သနည်း။

မိုဝူကျီ စိတ်ထဲတွင် စိတ်ပျက်မှုက ကြီးစိုး လာလေသည်။ သူက ယွမ်ဒန်အဆင့်သို့ တက်လှမ်းမည့် အတွေးကို ပစ်ပယ် လိုက်တော့သည်။ ယခု သူက ချီသွေးကြော ၁၀၂ ခုမြောက်ကို ဖွင့်ပြီးပြီ ဖြစ်၍ ယွမ်ဒန်အဆင့်သို့ ရောက်ဖို့ရာ တံခါးပိတ် ကျင့်ကြံမည့် အချိန်ပိုင်းသာ လိုအပ်လိမ့်မည်။ အလျှင်လိုစရာ မရှိပေ။

ကောင်းကင်ဖွေရှာ လှေကား ၁၀၈ ထစ်မြောက်သည် မီတာ အနည်းငယ် ကျယ်ဝန်းသော နေရာရှိလေ၏။ စင်မြင့်ရှေ့တွင် ထောင်ထားသော ဖြူစွတ်စွတ် ကျောက်ပြား ရှိနေလေ၏။ သူက ထိုကျောက်ပြားတွင် သူ့နာမည် ရေးထိုး လိုက်သည်နှင့် သူသည် နံပါတစ် ဖြစ်သွားပေလိမ့်မည်။

စင်အနောက်ဘက်တွင် စားပွဲ အသေးလေးပေါ်၌ လက်ဝါး အရွယ်အစားလောက် ရှိသည့် အမှတ်အသားပြား ရှိလေသည်။ ထိုအမှတ်အသားပြားကို အမျိုးအမည် မသိသည့် သတ္တုနှင့် ပြုလုပ်ထားကာ မိုဝူကျီ စိတ်စွမ်းအားက မထိုးဖောက်နိုင်ပေ။ သူက သွားပြီး ကောက်ယူလိုက်သည့် အချိန်တွင် ထိုပေါ်တွင် စာလုံးများ ရေးသား ထားသည်ကို တွေ့လိုက်ရ၏။

“ငါ့အသက်ကို ရင်းပြီးတော့ အင်မော်တယ် ရှာဖွေ အမှတ်အသားပြားကို ရခဲ့တယ်။ ကောင်းကင်ဖွေရှာ လှေကားကို လမ်းပေါ်ကနေ ငါကိုယ်တိုင် ယူလာခဲ့တယ် ....

တကယ်လို့ တစ်ယောက်ယောက်က အင်မော်တယ် အမှတ်အသားပြားကို ရသွားခဲ့ရင် ငါ့အတွက် လက်စား ချေပေးကြပါ။ ငါနဲ့ အာဃာတ ရှိနေတာက ဖန်းကျွိတဲ့ .... ထားလိုက်ပါ။ မင်းက အင်မော်တယ် ရှာဖွေ အမှတ်အသားပြားကို ရထားမှတော့ အတော်ကို အရည်ချင်း ရှိမှာပဲ။ ကျန်းရှင်းက ကျင့်ကြံသူတွေ အတွက် တစ်ခုခု လုပ်ပေးလိုက်ပါ။

ကျီဖေးချန်”

ထိုသည်က အဓိပ္ပာယ် မရှိချေ။ မိုဝူကျီက ပေါက်တတ်ကရ ဟုသာ ခံစားမိ၏။

ကောင်းကင်ဖွေရှာ လှေကားထစ်ကို ကျီဖေးချန်က အမှန်တကယ် လမ်းပေါ်မှ ကောက်ယူလာခြင်း ဖြစ်၏။ ထိုသို့သော ရတနာမျိုးကို လမ်းပေါ်မှ ကောက်ယူလာသည် ဖြစ်နိုင်ပါ့မလား ... ထိုသို့ဆိုလျှင် မိုဝူကျီက အတူတူ ဘာလို့ မလုပ်နိုင်သနည်း။ ကိစ္စတွေက အဓိပ္ပာယ် မရှိချေ။

အကယ်၍ ကျီဖေးချန်က ကောင်းကင်ဖွေရှာ လှေကားကို ရှာပြီး ထားနိုင်သည် အထိ အားကောင်းပါက သူ့ရန်သူသည် မည်မျှ အားကောင်း လိမ့်မည်နည်း။ ထိုဖန်းကျွိသည် အတော်လေး ထူးခြားနေသည် မဟုတ်ပါလော။ ကျန်းရှင်းဆိုသည်က ဘယ်နေရာလဲ။ ပျောက်ဆုံးနယ်မြေ၏ နောက်ထပ် အမည် တစ်ခုများလား ....

နောက်ဆုံး စကားမှာ ကျန်းရှင်း ကျင့်ကြံသူတွေ အတွက် တစ်ခုခု လုပ်ပေးရန် တောင်းဆိုထားခြင်း ဖြစ်ရာ ထိုအရာက ဘာကို ရည်ညွန်း သနည်း။ ကျန်းရှင်းထဲမှ လူများသည် သူ့ကို သတ်ပစ် နိုင်လောက်၏။ လူသားအဆင့်လွန် ကျင့်ကြံသူလေး အနေနှင့် ဘာတတ်နိုင်မည်နည်း။

ခေါင်းကိုခါကာ မိုဝူကျီက အင်မော်တယ်ရှာဖွေ အမှတ်အသားပြားကို သိုလှောင် လက်စွပ်ထဲသာ ထည့်လိုက်တော့၏။

“ခွမ်း”

အသံတစ်ခု ထွက်ပေါ်လာလေသည်။ မိုဝူကျီ တအံ့တဩ ဖြစ်သွား စေသည်က အကောင်းတိုင်း ရှိနေသည့် စားပွဲသည် ပြာအဖြစ် ရောက်ရှိသွားခြင်း ဖြစ်၏။

တစ်ခုခု ထူးဆန်း နေသည်မှာ အမှန်ဖြစ်ရာ သူက ပတ်ဝန်းကျင်ကို ကြည့်လိုက်သော်လည်း နားမလည် ဖြစ်နေဆဲ ဖြစ်သည်။

သူက သူ့ရည်မှန်းချက်ကို ရရှိပြီးပြီ ဖြစ်၍ ဂိုဏ်းမှ ထွက်ခွာရမည့် အချိန် ဖြစ်လေ၏။ ထို့နောက် စန်ယီပင်းတို့ အဖွဲ့ကို ရှာကာ တျန်းဂျီဂိုဏ်းသို့ ပြန်ရမည်။ ဤနေရာကား သူကြာရှည် နေရရန် ရည်ရွယ်ထားသော နေရာ မဟုတ်ချေ။

မိုဝူကျီက ဘေးပတ်လည် ကြည့်ပြီး ကောင်းကင်ဖွေရှာ လှေကားမှ ဆင်းလာလိုက်သည်။ ကျောက်ပြားတွင် နာမည်ထိုးဖို့ ကိစ္စကိုတော့ လုံးဝလျစ်လျုရှု ထားလေသည်။ ဤနေရာသို့ လာသည့် ရည်ရွယ်ချက်ကား ကျော်ကြားရန် မဟုတ်ဘဲ ကောင်းကင်ဖွေရှာ လှေကားကို စိမ်ခေါ်ချင်၍ ဖြစ်၏။ အကြောင်းမှာ သူက အတွေ့အကြုံများမှ အတော်လေး သင်ယူခဲ့ရသည်။ သူက ယွမ်ဒန်အဆင့်ကို မတက်လှမ်းနိုင်သေးသော်လည်း သူက ချီသွေးကြော ၁၀၂ ခုမြောက်ကို ဖွင့်နိုင်ခဲ့လေသည်။

သူက ကောင်းကင်ဖွေရှာ လှေကားကို ထိပ်ဆုံးထိ ရောက်ခဲ့၍ ပြန်ဆင်းလာသည့် အခါ ဖိအားများ မရှိတော့ချေ။ အသက်ရှူကြိမ်ရေ အနည်းငယ် အတွင်း မိုဝူကျီက အောက်ခြေသို့ ပြန်ရောက် လာလေသည်။

ကောင်းကင်သည် စတင်၍ ရောင်နီ ထွက်ပေါ်လာပြီ ဖြစ်ရာ သူက အလုပ်ခန်းမသို့သာ အတင်းကာရော ပြေးသွားလိုက်သည်။ အလုပ်ခန်းမ အတွင်း တာဝန်ကျနေသော တပည့်များမှ လွဲ၍ နေရာကား တိတ်ဆိတ်နေကာ ယခင် အခြေအနေနှင့် ကွာခြား လှလေသည်။

မိုဝူကျီက အပြင်စည်း တပည့်နှင့် ဆိုင်ရာနေရာကို သွားလိုက်သည့်အခါ မျက်လုံးတစ်ဖက်သာ ရှိသော လူအိုကြီးက စာအုပ်ဖတ်ရင်း ထိုင်နေလသည်။ သူက ကောင်တာကို ခေါက်လိုက်ပြီး သူ့အပြင်စည်း တပည့် အမှတ်အသားပြားကို ထုတ်ပေးကာ ပြောလိုက်လေသည်။

“ဂိုဏ်းတူအစ်ကို ကျုပ် ဂိုဏ်းက ထွက်သွားချင်လို့ပါ ...”

“အာ”

မျက်လုံးတစ်ဖက်လပ် လူအိုကြီးက လက်တုန်ယင် သွားသောကြောင့် စာအုပ်က ကြမ်းပြင်ပေါ်သို့ ကျလုမတတ် ဖြစ်သွားလေသည်။ ထို့နောက် သူက မိုဝူကျီကို နားမလည်စွာ ကြည့်လိုက်ပြီး မေးလိုက်သည်။

“မင်းပြောတာ မင်းက ဂိုဏ်းကနေ ထွက်သွားချင်တာလား”

မိုဝူကျီက အပြုံးလေးဖြင့် ပြန်ဖြေလိုက်ကာ သူ့အမှတ်အသားပြားကို ယူ၍ …

“ဟုတ်ပါတယ်။ ကျုပ်က ဂိုဏ်းထွက်ခွာခြင်း လုပ်ဆောင်ချက်ကို တကယ် လုပ်ချင်တာပါ။ တစ်ခုခု ထုတ်ပေးဖို့ လိုဦးမလား”

မျက်လုံး တစ်ဖက်လပ် လူအိုကြီးက အံ့ဩ တုန်လှုပ် နေသော်လည်း ခေါင်းကို ခါကာ

“မလိုဘူး”

ကောင်းကင်ဖွေရှာ နန်းတော်ကို ဝင်ဖို့ရာ ခက်ခဲသော်လည်း ထွက်သွားဖို့ရာ အလွန် လွယ်ကူ လှသည်။ အင်မတန် အရည်အချင်း ရှိလှသည့် တိုက်ရိုက် တပည့်များသာ ဂိုဏ်းက မထွက်ခွာခင် သူတို့၏ တောင်သခင်ဆီမှ ခွင့်ပြုချက် လိုအပ်ခြင်း ဖြစ်ရာ အပြင်စည်း တပည့် တစ်ယောက်ကား သူတို့ အမှတ်အသားပြား ပေးရုံသာ လိုအပ်လေသည်။

“မင်းရဲ့ အမှတ်အသားပြားမှာ အမှတ် ၁၀၀၀ ကျန်နေသေးတယ်”

မျက်လုံး တစ်ဖက်လပ် လူအိုကြီးက ပြောလိုက်သည်။

မိုဝူကျီက ထိုအမှတ်များသည် ချိန်စုယင် ပေးခဲ့သည့် အမှတ်များ ဖြစ်ကြောင်း ပြန်သတိရမိ လိုက်သည်။ ယခု သူက ဂိုဏ်းမှ ထွက်သွားတော့မည် ဖြစ်ရာ ထိုအမှတ် ၁၀၀၀ က သူ့အတွက် အသုံးမဝင်ချေ။

“ဒီအမှတ်တွေကို တခြား တစ်ယောက်ဆီကို လွဲပေးလို့ရမလား ....”

မိုဝူကျီက အမြန်အဆန် မေးကြည့်လိုက်သည်။ ထိုထဲတွင် အမှတ် ၁၀၀၀ ရှိနေသေး၍ ဤအတိုင်း ထားလိုက်ရမှာ နှမြောစရာ ကောင်းလှ၏။

“ရတာပေါ့။ မင်းလွဲပေးချင်တဲ့ တပည့်ကို ပြော။ လွဲပေးလိုက်မယ်”

လူအိုကြီးက စိတ်ရှည်စွာ ဆက်ပြောလိုက်လေသည်။

“အဲဒါဆို ဓားရေကန်က တိုက်ရိုက်တပည့် ချိန်စုယင်ဆီ လွဲပေးပါ”

ထိုအမှတ်များသည် သူမအပိုင် ဖြစ်သည့် အတွက် ပိုင်ရှင်ဆီ ပြန်ပေးလိုက်ခြင်းသာ ဖြစ်၏။ လူအိုကြီးက ခေါင်းခါလိုက်ပြီး သူ့ဘာသာ တွေးလိုက်သည်။

မင်း အမှတ် ၁၀ ၀၀၀ လွဲပေးရင်တောင် သူမက မင်း ဘယ်သူမှန်း သိမှာ မဟုတ်ဘူးကွ

ခဏအကြာတွင် လူအိုကြီးက ခေါင်းကို မော့၍ မိုဝူကျီကို ပြောလိုက်သည်။

“မင်းက ဂိုဏ်းကနေ ထွက်ပြီးပြီ ဆိုတော့ ဂိုဏ်းကနေ ချက်ချင်း ထွက်သွားဖို့ လိုတယ်။ ခြောက်နာရီ အတွင်း ဂိုဏ်းကနေ ထွက်မသွားရသေးဘူး ဆိုရင် ဂိုဏ်း ပါးကွက်သားတွေက မင်းကို လိုက်ကြလိမ့်မယ်”

“ကျေးဇူးတင်ပါတယ်”

မိုဝူကျီက လေးလေးစားစား အရိုအသေ ပေးလိုက်ပြီး တွေဝေခြင်းမရှိ လှည့်ထွက် သွားလိုက်သည်။ ခြောက်နာရီပင် ကြာမည် မဟုတ်ပေ။ သူက ကောင်းကင်ဖွေရှာ နန်းတော်မှ ထွက်သွားရန် မစောင့်နိုင်တော့ပေ။

“သံတမန်ရှားကလား။ ဘာလို့ ကျွန်မကို ခေါ်တာလဲ။ ကျွန်မက သူ့ကိုသိတောင် မသိဘူး”

နောက်တစ်ဆင့်ကို တက်လှမ်းသွားသည့် ချိန်စုယင်က ဝတ်စုံအမည်းနှင့် အမျိုးသားကို မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။ ကျန်းမိုနယ်မြေမှ ရောက်လာသော သူများ အားလုံးတွင် သူမက မုတ်ဆိတ်ဖြူ အမျိုးသားကိုသာ မှတ်မိလေသည်။ သံတမန်ရှား အတွက် သူမက စင်မြင့် အလယ်တွင် ထိုင်နေသော ခရမ်းရောင် ဝတ်ရုံနှင့် လူငယ်မှန်း သတိပြုမိရုံသာ ဖြစ်သော်လည်း သူမနှင့် ဘာအကြောင်း ကိစ္စ ရှိရမည်နည်း။

ဝတ်စုံအမည်းနှင့် လူငယ်က အားရပါးရ ရယ်မောပြီး …

“ကျုပ်လည်း သေချာတော့ မသိဘူးလေ။ ကျုပ်က သတင်း ပါးပေးရုံပဲ။ သံတမန်ရှားက မင်းကို အလားအလာ ကောင်းတယ်လို့ ထင်နေတာ နေမှာပေါ့။ အဲဒါကြောင့် မင်းကို ကြယ်တာရာ ဘုရင်တောင်ကို ချွင်းချက်ထားပြီး ခေါ်သွားချင်တာလည်း ဖြစ်နိုင်တယ်”

ထိုအရာကို ကြားပြီး ချိန်စုယင် အကြည့်များက လင်းလက်သွားလေ၏။ သူမက ကျင့်ကြံခြင်း အပေါ်တွင် အင်မတန် အာရုံစိုက်ပြီး သူမက ကောင်းကင်ဖွေရှာ နန်းတော် ဓားရေကန်ကို ဝင်ပြီးနောက်တွင် ဓားတာအို အပေါ်သာ စိတ်နှစ်ထားခဲ့သည်။ သူမအမြင်တွင် ကျင့်ကြံခြင်းမှ လွဲ၍ အခြားမရှိပေ။ ထို့အတွက် တောင်းခံရကိုလည်း စိတ်ထဲမထားပေ။ မဟုတ်လျှင် မိုဝူကျီကဲ့သို့ အပြင်စည်း တပည့်ဆီမှ အကြိမ်များစွာ တောင်းဆို နေမည်နည်း။

ရလဒ်များက သူမ မှန်ကြောင်း သက်သေပြနေသည်။ လျှပ်တစ်ပြက် လျှပ်စီးသည် သူမ အမှတ်များကို တိုးပွား လာစေရုံသာမက သူမကို ထောင်ယွမ်ကို အနိုင်ရဖို့ရာ၌ပင် ကူညီပေးခဲ့သည်။

“ကျွန်မကြားတာတော့ ကျန်းမိုနယ်မြေ ကျင့်ကြံသူတွေရဲ့ ဓလေ့စရိုက်က ပျောက်ဆုံး နယ်မြေထက် အများကြီး အားကောင်းတယ်ဆို ... အမှန်ပဲလား ...”

ချိန်စုယင်က ဝတ်စုံ အမည်းနှင့် လူငယ်သည် ကျန်းမိုနယ်မြေမှ ဖြစ်ကြောင်း ပြောနိုင်၏။

ဝတ်စုံအမည်းနှင့် လူငယ်က ဂုဏ်ယူစွာ ပြန်ပြောလိုက်လေသည်။

“ဟုတ်တာပေါ့။ ကျင့်ကြံဆင့်တူရင် ကျန်းမိုနယ်မြေက ဒီနေရာက တပန်းသာတယ်။ ဥပမာ ပြောပြရရင် တကယ်လို့ ကျုပ်က လူသား အဆင့်လွန် ပြီးပြည့်စုံခြင်း အဆင့် ဆိုပါတော့ ... ကျုပ်နဲ့ တိုက်ရင် လူသား အဆင့်လွန် ကျင့်ကြံသူထဲ အမွေးတိုင် တစ်ဝက်ကျော်တဲ့ အထိ တောင့်ခံနိုင်တဲ့သူ မရှိဘူး”

***

All Chapters