ကျွန်မမှာ တာအိုမိတ်ဖက် ရှိတယ်
Vol. 17 Ch. 237
ချိန်စုယင်က ထိုစကားကို ကြားသည်နှင့် မျက်မှောင် ကြုတ်ကာ အေးစက်စွာ ပြောလိုက် လေသည်။
“ရှင်က အဲဒီလောက် အားကောင်းနေရင် ကျွန်မကို သင်ပြပေးပါဦး ....”
လူအုပ်ကြီးက သူတို့ စကားများကို ကြားသည်နှင့် လမ်းဖယ် ပေးလိုက်ကြသည်။ မကြာခင်တွင် သူတို့ နှစ်ယောက်ကြားတွင် ဧရာမ နေရာ ကွက်လပ်ကြီး ဖြစ်လာလေသည်။
အကယ်၍ ဝတ်စုံအမည်းနှင့် လူငယ်သာ ကျန်းမိုနယ်မြေမှ ရောက်လာတာ မဟုတ်ဘူး ဆိုလျှင် သူ့တံတွေးခွက်တွင် ပက်လက် မျောနေလောက်လေပြီ။ ပျောက်ဆုံးနယ်မြေ တစ်ခုလုံးတွင် ကျင့်ကြံဆင့်တူထဲ သူ့ကို အမွေးတိုင် တစ်ဝက်ကျော်အောင် မတိုက်နိုင်ဟု ပြောဖို့ရာ သူက အရမ်းကို အရှက် မဲ့လွန်းလှသည်။
ဝတ်စုံအမည်းနှင့် လူငယ်က တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။
“ကျုပ်က မင်းကို သတင်း လာပို့ပေးရုံပဲ။ မင်းကို မတိုက်ဘူး”
ချိန်စုယင်က သူမဓားရှည်ကို သိမ်းကာ တူညီစွာ ပြန်ပြောလိုက်သည်။
“အဲဒီလိုဆိုမှတော့ ထွက်သွားပါ။ ကျွန်မက ရှင်နဲ့အတူ လိုက်လာမှာ မဟုတ်ဘူး”
ဝတ်စုံအမည်းနှင့် အမျိုးသားက တည့်တိုး ဆန်လှသည်။ သူ့လက်ထဲတွင် လှံတစ်ချောင်း ပေါ်လာကာ
“ကောင်းပြီလေ အဲဒါဆို ကျုပ် ဂူရှောက်ယင်က မိန်းကလေးချိန်ရဲ့ အင်အားကို စမ်းသပ် ကြည့်ရတာပေါ့”
ချိန်စုယင်က ပြန်မဖြေတော့ဘဲ သူမဓားရှည်ကို ခါကာ ဂူရှောက်ယင်ဆီ ဓားစွမ်းအင်များ ပို့လွှတ် လိုက်လေသည်။ တစ်ဖက်ရန်သူက အထက်စီး ဆန်နေသောကြောင့် သူမအတွက် အခွင့်အရေး ပေးရန် အကြောင်းမရှိချေ။
ထောင်ယွမ်နှင့် တိုက်ခိုက်စဉ်နှင့် ခြားနားလှ၏။ အကြောင်းမှာ ဝတ်စုံအမည်းနှင့် ရင်ဆိုင်သည့် အခါ ချိန်စုယင် ဓားအလင်းများက ဓားမိုးများ သဖွယ် ပြောင်းလဲ သွားလေသည်။ ထိုဓားမိုး မြေကြီးပေါ်သို့ ကျရောက် လာသည်နှင့် ဖျော့တော့တော့ မျဉ်းတစ်ခု ဖြစ်ပေါ်လာလေသည်။
ထိုစဉ် ဝတ်စုံအမည်းနှင့် လူငယ်က လှံကို မြောက်ကာ စက်ဝန်းပြတ် အသေးလေး ဆွဲလိုက် လေသည်။ ထိုစက်ဝန်းပြတ်မှ လူသတ် အရိပ်အယောင်များက တစ်မုဟုတ်ချင်း ထွက်ပေါ်လာလေ၏။
“ဘမ်း ဘမ်း ဘမ်း”
ထိုစက်ဝန်းပြတ်မှ ထုတ်လွှင့်သော စွမ်းအားများမှာ ချိန်စုယင်၏ ဓားအလင်းဖြင့် ထိရိုက်ပြီး ကောင်းကင်တစ်ခွင် သဘာဝစွမ်းအားများ ပေါက်ကွဲ ကုန်လေသည်။ ကြည့်ရသည်မှာ မီးရှူးမီးပန်းများ ပစ်ပေါက် နေခြင်းနှင့် တူလှသည်။
ပေါက်ကွဲသွားသည့် စွမ်းအားများက အပ်အလင်းများကဲ့သို့ အနီးအနားမှ ကျင့်ကြံသူများပါ ထိုခြိမ်းခြောက်မှုကို ခံစားမိ၍ နောက်ပြန် ဆုတ်ကုန်ကြသည်။
ချိန်စုယင် စိတ်ထဲတွင် လေးလံသွားလေ၏။ အကြောင်းမှာ မည်သူကမှ သူမထက် အကျပ်အတည်းကို မသိနိုင်ပေ။ သူမ ဓားမိုးတိုက်ကွက်ပါ ဖိနှိပ်ခံလိုက်ရုံ သာမက သူမကို ပိတ်ဆို့ထားသော အင်အားကိုပါ ခံစားမိလေသည်။ ထိုခံစားချက်က သူမသာ နောက်ထပ် ဓားပညာရပ် တစ်ခု ထုတ်သုံးပါက တစ်ဖက်လူ၏ လှံသည် သူမ ဓားပညာရပ်ကို ဖောက်ထွင်းပြီး ရင်ဘတ်ထိပါ ထိုးဖောက်သွားပေလိမ့်မည်။
ထိုလူသည် ထောင်ယွမ်ထက် များစွာ အားကောင်းကြောင်း သိသာလှသည်။ ချိန်စုယင်က သဘာဝ စွမ်းအားများကို စုစည်းပြီး သူမ ဓားမိုကို အားထပ်ဖြည့်လိုက်သည်။ ထို့နောက် သူမ၏ လျှပ်တစ်ပြက် လျှပ်စီး ဖြစ်ပေါ်လာလေသည်။
“ခွမ်း”
သူမ လျှပ်တစ်ပြက် လျှပ်စီး မထုတ်ဖော်ခင် ဧရာမရေခဲတုံးကြီး အပိုင်းပိုင်းအစစ ဖြစ်သွားသကဲ့သို့ သူမ ဓားမိုး တိုက်ကွက်မှာလည်း ပျက်စီးသွားကာ အေးစက်စက် လှံဖျားက သူမ လည်ပင်းရှေ့ ရောက်ရှိနေလေပြီ။ ထိုသည်က ထောင်ယွမ်နှင့် ရင်ဆိုင်ရသည့် အခိုက်အတန့်နှင့် ဆင်တူ လှပေသည်။ သို့သော် သူမက ရှုံးနိမ့်သူ ဖြစ်နေရလေသည်။
ချိန်စုယင် စိတ်ထဲ လေးလံသွားလေသည်။ သူမက အနိုင်မခံ အရှုံးမပေး စိတ်ဓာတ် ရှိလှသည်ဟု မပြောရဲသော်လည်း သူမက အင်ပါယာ ငါးခုလုံးတွင် သူမကို ထိုမျှ လွယ်လွယ်ကူကူ နိုင်နိုင်မည့် လူသားအဆင့်လွန် ကျင့်ကြံသူ ရှိလိမ့်မည်ဟု မယုံပေ။ သို့သော်လည်း ဤဝတ်စုံ အမည်းနှင့် လူငယ်ရှေ့တွင် သူမမရှုံးနိမ့်ခင် ဓားတစ်ကွက်သာ ထုတ်သုံးနိုင်ခဲ့သည်။
ပြောရလျှင် တစ်ဖက်လူက သူမ ပထမတိုက်ကွက်ကို သုံးခွင့်မပေးပါက သူမသည် ပြန်တိုက်ဖို့ရာပင် အခွင့်အရေးရမည် မဟုတ်ပေ။ ကျန်းမြေနယ်မြေနှင့် ပျောက်ဆုံးနယ်မြေတို့သည် မည်မျှ ကွာခြား နေသနည်း။
ချိန်စုယင်က မုတ်ဆိတ်ဖြူ အမျိုးသားကို တွေးမိပြီး ပိုသေချာ သွားလေသည်။
ချိန်စုယင်အတွက် အားပေးနေကြသော ကျင့်ကြံသူများလည်း တိတ်ဆိတ် သွားကြသည်။ ချိန်စုယင်က ကြီးမြတ်ရန်ကျုံး ဂိုဏ်းမှ လူကို အနိုင်ရဖို့ရာ ကောင်းကောင်း လုပ်ဆောင် ထားနိုင်၏။ သို့သော် ကျန်းမိုနယ်မြေမှ လူသား အဆင့်လွန် ကျင့်ကြံသူနှင့် ရင်ဆိုင်တွေ့သည့် အခါ အမှန်တကယ် ကူကယ်ရာ မဲ့လှသည်။ အင်ပါယာငါးခုမှ ကျင့်ကြံသူများ၏ စိတ်နှလုံးသည် ချိန်စုယင်ကဲ့သို့ အေးစက် နေကြ၏။
ဝတ်စုံအမည်းနှင့် လူငယ်က လှံကို ပြန်သိမ်းလိုက်ပြီး ချိန်စုယင်ကို ကြည့်ကာ ဘာမှမပြောပေ။
ဤနေရာရှိ ကျင့်ကြံသူများမှာ ဝတ်စုံအမည်း လူငယ်ကို မနှစ်သက်ကြလျှင်ပင် သူတို့သည် တိတ်တဆိတ် နေနေကြရသည်။ အကယ်၍ တစ်ယောက်က သူ့စိတ်မပျော်မှုကို ထုတ်ဖော်ကာ ထိုလူနှင့် ကမူးရူးထိုး တိုက်ခိုက်မည် ဆိုလျှင် ယွမ်ဒန်အဆင့် ကျင့်ကြံသူပင် သူ့ကို အဆုံးမသတ် နိုင်လောက်ချေ။ ပုံမှန် လူသားအဆင့်လွန် ကျင့်ကြံသူများ အတွက် သူနှင့် တိုက်ခိုက်ခြင်းက သေမင်းဂိတ်ဝဆီ လျှောက်လှမ်းပြီးသား ဖြစ်သွားပေလိမ့်မည်။
ချိန်စုယင်က သူမအသက်လေးကို ထိန်းထားနိုင်သည်မှာ သံတမန်ရှားကြောင့် ဖြစ်ရာ တခြား လူများအတွက် အာမခံချက် မရှိပေ။
ချိန်စုယင်က ဓားရှည်ကို သိမ်းလိုက်ပြီး အေးစက်စက် ပြောလိုက်လေသည်။
“သံတမန်ရှားကို တွေ့ဖို့ ရှင့်နောက်က လိုက်ခဲ့ပါ့မယ်”
သူမက ရှုံးပြီးနောက်တွင် လိုက်ရန် ကတိ မပေးထားသော်လည်း သူမအသံတွင် မလိုလားချက်များ ပါဝင်နေလေသည်။ သူမ ကျင့်ကြံစဉ်မှ စ၍ ချိန်စုယင်က သူမ စကားများကို ပြန်မရုတ်သိမ်း ဖူးခဲ့ချေ။ စကား ကတိကဝတ် ဖြစ်နေလျှင်ပင် သူမက အမေးအမြန်းမရှိ အသိမှတ် ပြုလေ၏။
ဝတ်စုံအမည်းနှင့် လူငယ်က ခေါင်းညိတ်ပြကာ သူ့အကြည့်တွင် အသိမှတ်ပြုမှု အနည်းငယ် ပါဝင်နေလေသည်။ အကြောင်းမှာ သူက သူတော်ကောင်း အယောင်ဆောင် လူများကို အမုန်းတီးဆုံး ဖြစ်လေသည်။
“ဂျုနီယာချိန် ထိုင်ပါ ...”
ပင်မစင်မြင့်သို့ ဝတ်စုံအမည်း နောက်မှ လိုက်သွားပြီးနောက်တွင် ခရမ်းရောင် ဝတ်ရုံနှင့် အမျိုးသားက မတ်တတ်ရပ်ကာ ထိုင်ခုံကို ညွန်ပြပြီး ချိန်စုယင်ကို ယဉ်ယဉ်ကျေးကျေး ပြောလိုက် လေသည်။ ချိန်စုယင်က ခေါင်းခါပြကာ
“သံတမန်နဲ့ စီနီယာတွေ ရှေ့မှာ စုယင်က ရပ်နေတာ အဆင်ပြေပါတယ်။ တကယ်လို့ သံတမန်ရှား ခေါ်လိုက်တဲ့ အကြောင်းအရင်းလေးကို သိပါရစေ”
ဘေးတွင် ထိုင်နေသည့် ဖုန်းကျန့်ချိုးက ခေါင်းညိတ် ပြလိုက်သည်။ ချိန်စုယင်သည် မောက်မာခြင်း မရှိသလို နှိမ့်ချခြင်းလည်း မရှိဘဲ သူမ ကိုယ်ပိုင် အရှိန်အဝါများဖြင့် တည်ရှိ နေသောကြောင့် ဓားရေကန်မှ ဂုဏ်ဆောင်တစ်ယောက် အမှန်ပင် ဖြစ်၏။
ရှားမူက ရယ်မောလိုက်ပြီး သူက ချိန်စုယင်ကို ထိုင်ဖို့ရာ ဆက်မပြောတော့ပေ။ တစ်ကြိမ် ဖိတ်ခေါ်ခြင်းသည် သူ့ယဉ်ကျေးမှုနှင့် ရက်ရောမှုကြောင့်သာ ဖြစ်သည်။ သူ့အတွက် ဒုတိယအကြိမ် ဖိတ်ခေါ်ရမည့် ထိုက်တန်သည့်သူ မရှိသေးချေ။
“ဂျူနီယာစုယင်က ဓားပညာမှာ အတော်လေး ပါရမီကောင်းတယ်။ ပြီးတော့ လျှပ်စီး ကျင့်စဉ်ကိုတောင် ကျင့်ကြံနိုင်တယ် ဆိုတော့ ဂျုနီယာစုယင်က လျှပ်စီးသဘာဝ ဝိညာဉ်ကြောများ ရှိနေတာလား”
ရှားမူက တည့်တိုးသာ မေးလိုက်တော့သည်။
ချိန်စုယင်က တည်တည်ငြိမ်ငြိမ် ပြန်ဖြေလိုက်လေ၏။
“ဒါက ကျွန်မ ကျင့်ကြံခြင်းရဲ့ လျှို့၀ှက်ချက်ပဲ။ ကျွန်မ ကျင့်ကြံဆင့်က ကျန်းမိုနယ်မြေမှာ ပြောဆိုဖို့ မထိုက်တန်ပြီးတော့ စီနီယာဂူနဲ့ မယှဉ်နိုင်ပေမဲ့ သံတမန်ရှားက နားလည် ပေးလိမ့်မယ်လို့ မျှော်လင့်ပါတယ်”
ရှားမူက အလွန်အမင်း ရက်ရောဟန်ဖြင့် လက်ကို ဝှေ့ပြလိုက်ရင်း ပြောလိုက်သည်။
“ကိစ္စမရှိပါဘူး။ ဂျူနီယာချိန်မှာ အလားအလာ ကောင်းတွေ အများကြီး ရှိတယ်လို့ ထင်တယ်။ ဒီနေရာမှာပဲ နေရင် အရည်အချင်းတွေက နှမြောစရာပဲ”
ဖုန်းကျန့်ချိုးက ထပ်ပြောလိုက်လေသည်။
“သံတမန်ရှား ပြောတာမှန်တယ်။ စုယင် ဒီပြိုင်ပွဲကို တိုက်ပြီးတော့ ပထမအကြိမ် အပြီးမှာ သူမ အရည်အချင်းနဲ့ ဆိုရင် ထိပ်ဆုံး အယောက် ၁၀၀ ထဲ ပါဖို့ ပြဿနာ မရှိလောက်ဘူးလို့ ထင်တယ်”
ရှားမူက ခေါင်းညိတ်ပြလိုက်ပြီး
“အဲဒီလို ပြောလို့ရပါတယ်။ ဒါပေမဲ့ နောက်ထပ် ပိုကောင်းတဲ့ အကြံတစ်ခု ရှိသေးတယ်”
သူ့စကားအဆုံးတွင် ချိန်စုယင်ကို ပြုံးပြလိုက်ရင်း
“ဂျူနီယာစုယင် တကယ်လို့ မင်း အယောက် ၁၀၀ ထဲ ပါခဲ့မယ် ဆိုရင်တောင် ကျန်းမိုနယ်မြေကို ဝင်ဖို့ရာပဲ လုံလောက်သေးတယ်။ ကြယ်တာရာ ဘုရင်တောင်ကိုတော့ တိုက်ရိုက် မဟုတ်သေးဘူး။ မင်းကို ကြယ်တာရာ ဘုရင်တောင်ဆီ တိုက်ရိုက် ဝင်နိုင်စေမဲ့ အကြံတစ်ခု ရှိတယ်”
ချိန်စုယင် ကြယ်တာရာ ဘုရင်တောင် အကြောင်း ကြားသောအခါ အကြည့်များက လင်းလက် သွားလေ၏။ သူမနှင့် မျက်နှာချင်း ဆိုင်တွင် ထိုင်နေသော ဝတ်စုံအမည်းနှင့် လူငယ်မှာ ကြယ်တာရာ ဘုရင်တောင်က ဖြစ်ကြောင်း သတိထားမိ၏။
အကယ်၍ သူမသာ ကြယ်တာရာ ဘုရင်တောင်ကို ဝင်ခွင့်ရလျှင် သူမအတွက် အိမ်မက်တွေ အကောင်ထည် ပေါ်လာလိမ့်မည်။
ချိန်စုယင် အကြည့်များကို မြင်ပြီး ရှားမူက တက်တက်ကြွကြွ ပြုံးလိုက်ကာ
“ကျုပ်နာမည်က ရှားမူ။ ကြယ်တာရာ ဘုရင်တောင်ရဲ့ သံတမန်ပဲ။ ဂျူနီယာ အရည်အချင်းရယ် အလားအလာနဲ့ ဆိုရင် ကျုပ်ကျင့်ကြံဆင့်နဲ့ ပတ်သက်ပြီးတော့ ယုံကြည်ချက် ရှိတယ်။ မင်းရော ငါက မင်းနဲ့ မသင့်တော်ဘူးလို့ မထင်ဘူးမလား”
ချိန်စုယင်က သူ့စကားများကို ပိုကြားလေလေ တစ်ခုခု မှားယွင်းနေကြောင်း ခံစားမိလေလေ ဖြစ်၏။ သူပြောသည်က သူမအလားအလာကို မြင်၍ သူမကို ကြယ်တာရာ ဘုရင်တောင်သို့ ဖိတ်ကြားခဲ့ခြင်း ဖြစ်သော်လည်း သူနှင့် လိုက်ဖက်မှုနှင့် ဘာများ ပတ်သက်နေသနည်း။
“ကျုပ် ဆရာက တစ်ခါ ပြောဖူးတယ်။ ကျင့်ကြံခြင်း လောကမှာ တာအို လက်တွဲဖော်ကောင်း တစ်ယောက်ကို ရှာတွေ့ဖို့က အရမ်း အရေးကြီးတယ်တဲ့။ ဘာလို့လဲဆိုတော့ အဲဒီအရာက ကျင့်ကြံသူရဲ့ ကျင့်ကြံ လမ်းကြောင်းကိုပါ ပြောင်းသွားစေလို့ပဲ။ ကျုပ်က တစ်ယောက်ယောက်ကို တာအို လက်တွဲဖော် ဖြစ်စေချင်ရင် သေချာပေါက် မဖုံးမကွယ်ထားဘဲ ပွင့်ပွင့်လင်းလင်း ပြောမိမှာပဲ။ ကျုပ်က တစ်ဝက်တပျက် ပြောရတာကို မကြိုက်ဘူး။ တကယ်လို့ ဂျုနီယာချိန်သာ သဘောတူတယ် ဆိုရင် ကျုပ်က မင်းရဲ့ တာအို လက်တွဲဖော် ဖြစ်လာလိမ့်မယ်။ အဲဒီအခါကျ ကျုပ်တို့တွေ ကြယ်တာရာ ဘုရင်တောင်ကို ဖြတ်ပြီး ခြေဦးတည့်ရာ လျှောက်သွားကြမယ်။ ကြယ်တာရာ ဘုရင်တောင် စာအုပ်အတွက် အတူတူ အကျိုးပြုပေးကြမယ်”
ရှားမူက ချိန်စုယင်ကို ဆက်၍ ပြုံးပြလိုက်လေသည်။
ချိန်စုယင်က အကြောင်းအရာများကို အပြည့်အဝ နားလည် သွားလေသည်။ လူအများကြီး ရှေ့တွင် သူမကို တာအို လက်တွဲဖော် အဖြစ် မေးမြန်းခြင်းသည် ထိုလူ အရေထူမှုကို မယုံကြည်နိုင်ပေ။
ရှားမူ၏ ယုံကြည်ချက် ရှိသော အကြည့်များကို မြင်ပြီး ချိန်စုယင်သည် ရှားမူသည် လူအများကြီး မေးမြန်းရဲသည့် အကြောင်းအရင်းကို သိသွားလေသည်။ အကြောင်းမှာ ချိန်စုယင်သည် သေချာပေါက် လက်ခံလိမ့်မည်ဟု တွက်ဆထား၍ ဖြစ်သည်။
ချိန်စုယင်က သူမအနေဖြင့် တာအိုလက်တွဲဖော် ရှာဖို့ရန် စဉ်းစား မထားကြောင်း စိတ်ထဲရှိသည့် အတိုင်း ထုတ်ပြောခါနီးထိ ဖြစ်သွားသည်။ သို့သော်လည်း သူမသည် ထိုစကားမျာကို ပြန်ထိန်း လိုက်ရ၏။ အကြောင်းမှာ သူမသာ ထိုသို့ စကားများကို ပြောလိုက်ပါက သူ့အကြံစည် အတိုင်း ဖြစ်မြောက် သွားပေလိမ့်မည်။
သူက ဤတာအို လက်တွဲဖော် ကိစ္စကို ယခုမစဉ်းစားသေးဘဲ ကြယ်တာရာ ဘုရင်တောင်ဆီ အတူတူသွားပြီး လက်ရှိအခြေအနေ ဆက်ဆံရေးကိုသာ တိုးတက်အောင် လုပ်ကြမည်ဟု ဆိုလာခဲ့လျှင် သူမအတွက် သူ့ကို ငြင်းဖို့ရန် နည်းလမ်းရှိတော့မည် မဟုတ်ပေ။
“သံတမန်ရှား ကြင်နာမှုအတွက် ကျေးဇူး အများကြီး တင်ပါတယ်။ ကျွန်မမှာ တာအို လက်တွဲဖော် ရှိပြီးသွားပါပြီ။ အဲဒါကြောင့် သံတမန်ရှား တောင်းဆိုချက်ကို လက်ခံလို့ မရပါဘူး”
ချိန်စုယင်က လက်နှစ်ဖက် ယှက်လျက် ဦးညွတ်ပြီး ပြောလိုက်လေသည်။
ချိန်စုယင် စကားများကို ကြားပြီး ဖုန်းကျန့်ချိုးက လက်ခုပ်လက်ဝါး တီးလုနီးပါး ဖြစ်သွားလေသည်။
ရှားမူက မျက်မှောင် အနည်းငယ် ကြုတ်လိုက် သော်လည်း ပြုံးမြဲအတိုင်း ပြုံးထားလေ၏။
“ကျုပ်တို့တွေ တာအိုလက်တွဲဖော် အကြောင်း ပြောရမယ် ဆိုရင် ကျင့်ကြံခြင်း တာအိုအတွက် နှစ်ယောက် အတူတူ ကြိုးစား ကြတာပဲလေ။ ဂျူနီယာချိန်က ပျောက်ဆုံး နယ်မြေနဲ့ ကျန်းမိုနယ်မြေ ကြားက ကွာခြားချက်ကို သိပြီးလောက်ပြီ ထင်တယ်။ တခြား ဥပမာတွေ မလိုပါဘူး။ စောစောက မင်းနဲ့ ရှောက်ယင် တိုက်တုန်းက...”
ထိုစဉ် ကာကွယ်သူရှုက ဝင်ဖြတ်ပြောလိုက်သည်။
“သံတမန်ရှား ကျေးဇူးပြုပြီး လူသား အဆင့်တစ် ဂူရှောက်ယင်ကို ကျင့်ကြံဆင့်ကွာတဲ့ ဥပမာမှာ မသုံးပါနဲ့လား။ ပျောက်ဆုံးနယ်မြေ ကျင့်ကြံသူတွေကို နားလည်မှု လွဲစေလိမ်မ့ယ်။ ပြီးတော့ သူတို့ ကျင့်ကြံခြင်းက အရမ်းကို နိမ့်တယ်လို့ ထင်ကုန်ကြလိမ့်မယ်။ ဒီနေရာက ကျင့်ကြံဆင့်နဲ့ ဓလေ့တွေက ကျန်းမိုနယ်မြေလောက် မကောင်းတာ မှန်ပေမဲ့ အကြီးကြီး ကွာခြားနေတာတော့ မဟုတ်ပါဘူး”
ရှားမူက သူ့ပါးစပ်မှ ညစ်ညမ်းလှသည့် စကားလုံးများ ထွက်လုဆဲဆဲ ဖြစ်သွားလေသည်။ သူက ကာကွယ်သူရှုကို လည်မျိုညှစ်သတ်ဖို့ မစောင့်နိုင်တော့ပေ။ သူက သူ့အာဏာပြဖို့ ကြံစည်တိုင်း ထိုလူအိုကြီးက ထွက်လာကာ ဝင်ဝင်နှောင့်ယှက်လေသည်။ သူသာ ကြယ်တာရာသခင် ဖြစ်လာပါက ပထမဆုံး ရှင်းပစ်မည့် သူမှာ ထိုလူအိုကြီး ဖြစ်လေ၏။
“ကာကွယ်သူရှု ပြောတာ မှန်ပါတယ် ...”
သူက မကျေနပ်သော်လည်း ရှားမူက ကာကွယ်သူရှု စကားကို ထောက်ပြရုံမှအပ တခြား မရှိတော့ချေ။ သူက ကြယ်တာရာ ဘုရင်တောင်တွင် နေခြင်းမှာ အင်မော်တယ် ဘုရင်၏ ထောက်ခံမှုကို ရ၍ အနိုင်ရဖို့ရာ အခွင့်အရေး များပြားချင်၍ ဖြစ်သည်။
“စီနီယာ ... စီနီယာဂူက ကျန်းမိုနယ်မြေရဲ့ နံပါတ်တစ်လို့ ပြောလိုက်တာလား ...”
ချိန်စုယင် မျက်လုံးများက လက်လာကာ ကာကွယ်သူရှုကို ဦးညွှတ်၍ ထပ်မေးလိုက်သည်။
ရှုချီဟောင်က ပြုံးကာ ပြောလိုက်သည်။
“ဟုတ်တယ်။ ကျန်းမိုနယ်မြေမှာ အဆင့်ဇယား သုံးခုရှိတယ်။ လူသား အဆင့် ဇယား၊ မြေကမ္ဘာ အဆင့် ဇယားနဲ့ ကောင်းကင်အဆင့် ဇယားတို့ပဲ။ ဂူရှောက်ယင်က လူသား အဆင့်လွန် အဆင့် ၁၀ ပြီးပြည့်စုံခြင်း အဆင့်မှာ ဆိုတော့ လူသား အဆင့်လွန်ဆုံးလို့ ယူဆလို့တယ်။ ဒီတစ်ခါ ခရီးက သူ့အတွက် မြေကမ္ဘာအဆင့် တက်လှမ်းဖို့ အခွင့်အရေးရအောင် လိုက်လာတာ။ ကျန်းမိုနယ်မြေထဲမှာ သူ့ကို တိုက်နိုင်တဲ့သူ မရှိဘူး။ အဲဒါကြောင့် မင်း သူ့ကို မနိုင်ရင်လည်း စိတ်ဓာတ် ကျစရာ မလိုဘူး။ မင်းဓားပညာက အတော်လေး ကောင်းတယ်။ ပြီးတော့ လျှပ်စီး ကျင့်စဉ်ကလည်း ပိုကောင်းလာမဲ့ အလားအလာ ရှိတယ်”
“စီနီယာ သင်ပြပေးတာ အတွက် ကျေးဇူးတင်ပါတယ် ...”
ချိန်စုယင် စိတ်ထဲမှ အဖုအထစ်သည် ဖြည်းဖြည်းချင်း ပျောက်ကွယ် သွားလေသည်။ အကြောင်းမှာ သူမက အားကောင်းသော်လည်း ကျန်းမိုနယ်မြေ နံပါတ်တစ်ကိုသာ မနိုင်ခဲ့ခြင်း ဖြစ်လေ၏။
ထိုစဉ် သူမက ရှားမူသည် ဂူရှောက်ယင်ကို သူမအား လာခေါ်ဖို့ရာ စေခိုင်းခဲ့မှန်း နားလည် သွားလေသည်။ ထိုသည်က သူမ ယုံကြည်ချက်ကို ချိုးဖျက်ပြီး ကျန်းမိုနယ်မြေ၏ ကျင့်ကြံရေး အဆင့်အတန်းသည် များစွာ သာလွန်နေကြောင်း တွေးမိစေရန် ဖြစ်သည်။ မှန်ပေ၏။ သူမက ကျန်းမိုနယ်မြေကို သွားဖို့ရာ စိတ်ဝင် စားသော်လည်း သူမ သွားနိုင်ဖို့ရာ တစ်ယောက်ယောက်၏ တာအို လက်တွဲဖော် ဖြစ်ရမည်ဟု ဆိုလိုခြင်း မဟုတ်ပေ။
“ဂျူနီယာစုယင် ... မင်းက တာအို လက်တွဲဖော် ရှိပြီးပြီဆိုတော့ ထပ်မပြောတော့ပါဘူး။ တကယ်တော့ ဂျူနီယာ စုယင်ရဲ့ နှစ်သက်မှုကို ရသွားတဲ့ သူက ဘယ်လို ပါရမီရှင်လဲ ဆိုတာ သိချင်မိသား”
ရှားမူက အေးစက်စွာ ရယ်မောရင်း ပြောလိုက်သည်။ သူ့စိတ်ထဲတွင် သတ်ဖြတ်ချင် စိတ်များ ဖြစ်ပေါ်နေကာ ထိုစိတ်များက ချိန်စုယင်ကို မဟုတ်ဘဲ သူမ၏ တာအို လက်တွဲဖော်ကို ဖြစ်၏။
***