သူ၏ ကြိုးစားအားထုတ်မှု
Vol. 18 Ch. 240
မိုဝူကျီ သင်္ဘောပျံသည် ချိန်စုယင်ထက် ပိုမြန်ပေမဲ့ ချိန်စုယင်၏ မဆုတ်မနစ် လုံ့လကြောင့် ကောင်းကင်ဖွေရှာ မြို့မှ ထွက်လာပြီးနောက် မိုဝူကျီက သူမကို သတိထားမိ သွားလေသည်။
အစပိုင်းတွင် မိုဝူကျီက လိန်မျိုးနွယ်စုမှ နောက်လိုက်ခွေးများ လိုက်လာသည်ဟု ထင်နေမိကာ ရောင်ခြည် အမြောက်ထုတ်၍ တစ်ချက် ပစ်လွှတ်ဖို့ရာပင် ကြံရွယ် နေသေး၏။
သို့သော်လည်း သူက မကြာခင်တွင် သင်္ဘောပျံကို ထိန်းချုပ်နေသည့် ချိန်စုယင်ကို တွေ့သွားလေသည်။ သူမက သင်္ဘောပဲ့ကိုင် အပိုင်းတွင် ရပ်နေခြင်း ဖြစ်၏။
ထိုသည်က မိုဝူကျီကို သိချင်စိတ် ဖြစ်သွားစေသည်။ ချိန်စုယင်က သူ့နှင့် ဘာအကြောင်းအရင်း ရှိနေမှန်း မသိပေ။ ချိန်စုယင်က သူသည် နယ်လှည့် ကျင့်ကြံသူ ၂၇၀၅ မှန်း သိနေလိမ့်မည်ဟုတော့ မထင်ချေ။ သူမက သူနှင့်အတူ အမှတ်အသားပြား သွားလျှောက် ခဲ့သော်လည်း သူတို့၏ ဆက်ဆံရေးမှာ ထိုမျှမရင်းနှီးပေ။ အများဆုံး သူမက ထိုကိစ္စကို မြန်ဆန်အောင် ကူညီပေးခဲ့ရုံသာ ဖြစ်၏။ သူ့အမှတ်အသားပြားတွင် ရေးထားသည်များကို သူမ မမြင်နိုင်ပေ။ ထို့ကြောင့် သူမတွင် သူကဲ့သို့ အားကောင်းသော စိတ်စွမ်းအင် မရှိသရွေ့ နယ်လှည့် ကျင့်ကြံသူ ၂၇၀၅က သူမှန်း မသိနိုင်လောက်ချေ။
ချိန်စုယင်အတွက် ယခု သူသည် မိုဝူကျီ ဖြစ်နေလိမ့်မည်ဟု မှတ်မိဖို့ရန် ပို၍ မဖြစ်နိုင်သေး၏။ ရန်ထျန်းရှင်း ပေးခဲ့သည့် မျက်နှာဖုံးကား အတော်လေး ကောင်း၏။ ချိန်စုယင်၏ ကျင့်ကြံဆင့်ဖြင့် မမြင်နိုင်လောက်ချေ။
ဖြစ်ရပ်နှစ်ခုလုံးက မဖြစ်နိုင်သည့် အတွက် သူမက သူ့ကို ဘာကြောင့် ရှာနေရသနည်း။ တစ်နာရီ အကြာတွင် မိုဝူကျီက ချိန်စုယင်သည် နောက်က ဆက်လိုက် လာနေဆဲ ဖြစ်ပြီး တောအုပ်ထဲထိ တိုက်ရိုက် လိုက်ပါလာကြောင်း သတိထားမိ လိုက်သည်။
ချိန်စုယင်၏ သင်္ဘောပျံသည် မနီးမဝေးတွင် ဆင်းသက် လိုက်လေသည်။ သူမက သင်္ဘောပျံကို သိမ်းဆည်းပြီး မိုဝူကျီဆီ လျှောက်လှမ်းလာကာ မေးလိုက်သည်။
“ရှင်က နယ်လှည့် ကျင့်ကြံသူ ၂၇၀၅ လား”
မိုဝူကျီက အသံဩဩဖြင့် ပြန်ဖြေလိုက်သည်။
“ဟုတ်တယ်။ ကျုပ်က နယ်လှည့် ကျင့်ကြံသူ ၂၇၀၅ပဲ။ ဘာကြောင့် ကျုပ်ကို ရှာနေတာလဲ”
ချိန်စုယင် မျက်ဝန်းတွင် ဝမ်းသာပျော်ရွှင်မှု အရိပ်အယောင်များ ဖြတ်ပြေး သွားကာ တက်တက်ကြွကြွ ပြောလိုက်လေသည်။
“ကျွန်မက ကောင်းကင်ဖွေရှာ နန်းတော် ဓားရေကန်က ချိန်စုယင်ပါ။ ကျွန်မ ရှာတဲ့ အကြောင်း အရင်းက”
“ကောလာဟလတွေက အမှန်ဆိုလား ဆိုတာ သိချင်လို့ပဲ”
အသံတစ်ခု ထွက်ပေါ်လာကာ ချိန်စုယင် စကားများကို ဖြတ်ပြော လိုက်လေသည်။
“ဂူရှောက်ယင်လား”
ချိန်စုယင်က အဝတ်အမည်းနှင့် လူငယ်ကို တွေ့သောအခါ သူမ အမူအရာက ပြောင်းလဲ သွားလေသည်။ သူမက နောက်ယောင်ခံ လိုက်နေသည်ကိုပင် သတိမထားမိခဲ့ချေ။ ဂူရှောက်ယင်က ချိန်စုယင်ကို ခေါင်းညိတ် ပြလိုက်ပြီး
“ဟုတ်တယ်။ အခု ဘေးဖယ်နေ။ ငါ့အလှည့်ပဲ”
မိုဝူကျီက ချိန်စုယင်ကို ကြည့်ပြီး ဂူရှောက်ယင်ကို ပြန်ကြည့်လိုက်ကာ မျက်မှောင် ကြုတ်မိသွား၏။ သူက ချိန်စုယင်သည် ဂူရှောက်ယင်နှင့် ပူးပေါင်း၍ သူကို လာရင်ဆိုင် လိမ့်မည်ဟု မထင်ပေ။ သို့သော် ချိန်စုယင်သည် သူ့ကို ရပ်တန့်လိုက်သည့် အခါ အဝတ်အမည်း လူငယ် ရောက်လာသည်မှာ အမှန်တရား ဖြစ်၏။
သို့သော်လည်း မိုဝူကျီ အမူအရာ မပြောင်းလဲသွားပေ။ အဝတ်အမည်း လူငယ်လည်း လူသား အဆင့်လွန်ဆုံးတွင် ဖြစ်၏။ တစ်ချက်တည်းဖြင့် မိုဝူကျီသည် သူ့ခန္ဓာတွင် လှည့်ပတ်နေသော ဝိညာဉ်ကွင်းကို မြင်ရလေ၏။ သို့သော် သူနှင့်ယှဉ်လျှင် ထိုလူ၏ ဝိညာဉ်ကွင်းမှာ ညွှန်းဆိုဖို့ရာပင် မထိုက်တန်ချေ။ အားနည်း၍ မရှင်းမလင်း ဖြစ်နေလေသည်။ ထိုဂူရှောက်ယင်က သူ့ခန္ဓာမှ ဝိညာဉ်ကွင်းကို မြင်နိုင်မလားတော့ မသေချာပေ။
ဂူရှောက်ယင်က လက်နှစ်ဖက်ယှက်ကာ
“ကြယ်တာရာ ဘုရင်တောင်က ဂူရှောက်ယင်ပါ။ ခင်ဗျားက ပျောက်ဆုံးနယ်မြေ ဟိုးလေးတကျော် ဖြစ်နေတဲ့ နယ်လှည့် ကျင့်ကြံသူ ၂၇၀၅ လား”
ဂူရှောက်ယင် စိတ်ထဲတွင် သိချင်စိတ်နှင့်သာ ပြည့်နေလေသည်။ သူက မိုဝူကျီ ခန္ဓာမှ ဝိညာဉ် စွမ်းအားများ မရှိခြင်းကို ခံစားမိ၍ သူက အားကောင်းသော ကျင့်ကြံသူနှင့် မတူချေ။ သူက မိုဝူကျီသည် လူသား အဆင့်လွန်ဆုံးတွင် ရှိနေမှန်း ပြောဖို့ဆိုတာ ပို၍မဖြစ်နိုင်ပေ။ ထို့ကြောင့် သူက သူ့မျက်စိရှေ့မှ ဖြူဖျော့ဖျော့ ကျောင်းသား ပုံစံနှင့်လူသည် နယ်လှည့် ကျင့်ကြံသူ ၂၇၀၅ ဖြစ်နေလိမ့်မည်ဟု မယုံကြည်နိုင်ပေ။
ထိုကိစ္စက သူ့ကို မကျေမနပ် ဖြစ်စေသည်။ ကျန်းမိုနယ်မြေတွင် သူ ဂူရှောက်ယင်က ပါရမီရှင် များစွာကို စိမ်ခေါ်ခဲ့ရာမှ တိမ်တွေအထက်တွင် တည်ရှိမှုမျိုး ဖြစ်သည့် လူသားအဆင့် ဇယားတွင် နံပါတ်တစ် အဖြစ် ထွက်ပေါ်လာခြင်း ဖြစ်သည်။
သူ မည်သည့်နေရာသို့ သွားသွား သူ့ကို လေးစား အားကျကြလေသည်။ သို့သော် ပျောက်ဆုံး နယ်မြေမှ နယ်လှည့် ကျင့်ကြံသူ ၂၇၀၅နှင့် ယှဉ်ကြည့်လျှင် သူ့ဂုဏ်သတင်းက ဘာမှ မဟုတ်တော့ပေ။
ပျောက်ဆုံးနယ်မြေတွင် သာမန် သေမျိုးများပင် နယ်လှည့် ကျင့်ကြံသူ ၂၇၀၅ကို သိကြလေ၏။
“ဟုတ်တယ်။ ကျုပ်က နယ်လှည့် ကျင့်ကြံသူ ၂၇၀၅ပဲ။ ကျုပ်ကို ဘာလို့ရှာတာလဲ”
မိုဝူကျီက ဂူရှောက်ယင်ကို တည်တည်ငြိမ်ငြိမ် ပြန်ဖြေလိုက်လေသည်။ ဂူရှောက်ယင် ကျင့်ကြံဆင့်မှာ လူသားအဆင့်လွန် ဖြစ်သော်လည်း ထိုလူက အားကောင်း လိမ့်မည်ဟု ခံစားနေမိသည်။ သူက ကြယ်တာရာ ဘုရင်တောင် အကြောင်းကို ယန်မြို့တော်တွင် ကြားခဲ့သော်လည်း သူ့အတွက် ထင်မြင်ချက် များများစားစားတော့ မကျန်ခဲ့ပေ။
“ဒီလိုဆိုမှတော့ ကျုပ်နဲ့ လက်ရည် စမ်းကြည့်ရအောင်။ ခင်ဗျားက နယ်လှည့် ကျင့်ကြံသူ ၂၇၀၅ ဖြစ်ဖို့ ထိုက်တန်ရဲ့လား ဆိုတာ ကြည့်ရအောင်”
သူက ပြောရင်း မိုဝူကျီဆီ လက်သီးတစ်ချက် ပို့လွှတ်လိုက်လေသည်။ သာမန်ပုံစံ ကျောင်းသားနှင့် တူသည့် တစ်ယောက် အတွက် သူ့လှံကို ထုတ်ဖို့ရာ စိတ်မဝင်စားချေ။
မိုဝူကျီက မရှောင်ပေ။ သူက ရပ်နေရင်းဖြင့် ပြန်ထိုးချလိုက်သည်။ သူက ကျင့်ကြံ ဆင့်တူများကို မျက်လုံးထဲ မထည့်ပေ။ ဤနေရာတွင် ချိန်စုယင်နှင့် ဂူရှောက်ယင်တို့သာ မဟုတ်နေမည်ကို စိုးရိမ်မိ၍ သူ့စိတ်စွမ်းအားဖြင့် ပတ်ဝန်းကျင်ကို စစ်ဆေး ကြည့်လိုက်လေသည်။
“ဘမ်း” လက်သီးနှစ်လုံး မထိသေးခင် သဘာဝ စွမ်းအားများက ပေါက်ကွဲ သွားလေသည်။ သဘာဝ စွမ်းအားများက လေထဲတွင် ဖိနှိပ် ထားသောကြောင့် ပြဲထွက် သွားသည့် အသံများပင် ကြားရ လေသည်။ ထိုအသံများမှာ အမှန်တကယ် ကြောက်ခမန်းလိလိ ဖြစ်၏။
“ဘမ်း”
လက်သီးနှစ်လုံးက နောက်ဆုံးတွင် တွေ့ဆုံ သွားကြ၏။ အလယ်တွင် အက်ကွဲရာ ဖြစ်ပေါ်လာပြီး မြေကြီးများက နေရာအနှံ့ လွင့်စဉ် သွားလေသည်။
မိုဝူကျီက အားကောင်းသော သဘာဝစွမ်းအားများ ပြန်လည် ရိုက်ခတ်မှုကို ခံစားလိုက်ရပြီး “ဂျွတ်ခနဲ” အသံနှင့်အတူ သူ့လက်သီးမှ အရိုးတစ်ချောင်း ကျိုးသွားပြီမှန်း သိလိုက်၏။ ထို့အပြင် တစ်ဖက်လူ၏ စွမ်းအားများမှာ ကျယ်ပြန့်ပြီးတော့ အဆုံးမရှိဟန် ပေါ်နေသည်။ ထိုလက်သီးသည် မိုဝူကျီကို မြေပြင်ပေါ် လှဲမသိပ်နိုင်မချင်း ရပ်တန့်မည်ပုံ မပေါ်ပေ။
မိုဝူကျီ နှလုံးခု န်မြန်လာလေသည်။ သူက တစ်ခါလေးမျှ ထိုမျှ အားကောင်းသော လူသား အဆင့်လွန် ကျင့်ကြံသူကို မတွေ့ဖူးသေးချေ။ မိုဝူကျီက ဂူရှောက်ယင်သည် ယွမ်ဒန်အဆင့် မရောက်သေးကြောင်း သေချာလေ၏။ ယခုအချိန်အထိ ဂူရှောက်ယင်နှင့် စကားဝိုင်း အရ သူ့တိုက်ခိုက်လိုစိတ်ကို နှိုးကြားလာစေသည်။
ထိုလူသည် မည်သည့် နယ်ပယ် အဆင့်တွင် ရောက်နေပါစေ သူက မိုဝူကျီ၏ အပြည့်အဝ အားထုတ်မှုနှင့် ထိုက်တန်ပေ၏။
သူ့ သဘာဝစွမ်းအား သိုလှောင်ရေး လမ်းကြောင်းမှ စွမ်းအားများသည် မိုဝူကျီ၏ လက်သီးဆီ ပြေးဝင် လာကြသည်။ ထိုပြင်းထန် လွန်းသော စွမ်းအားများသည် မြစ်တစ်ခုလုံးမှ ရေများကို ရေပုံးထဲ ထည့်လိုက်သကဲ့သို့ အားပြင်းပြင်းဖြင့် လွှမ်းမိုး သွားလေသည်။ တခြားသူများ အတွက် မိုဝူကျီက သဘာဝ စွမ်းအားများကို ဖြည်းဖြည်းချင်းစီ ထုတ်လွှင့်လေ့ ရှိ၏။ သို့သော် ဂူရှောက်ယင်လို ပါရမီရှင် အတွက် မိုဝူကျီက သဘာဝ စွမ်းအားများကို အလုံးလိုက် အခဲလိုက် လွှတ်ထုတ်ဖို့ရာ တွေဝေမနေပေ။
“ဂျွတ် ဂျွတ်” ဂူရှောက်ယင် လက်သီးမှ အရိုးများက ဆက်တိုက် ကျိုးသွားကြလေသည်။ နောက်အခိုက်အတန့်တွင် မိုဝူကျီ ပို့လွှတ် လိုက်သည့် စွမ်းအားများကြောင့် လွင့်ထွက် သွားလေသည်။
မိုဝူကျီက မြေပြင်မှ တစ်လက်မ မရွေ့လျားဘဲ မားမား ရပ်တည်နေလေ၏။
အားကောင်းသော သဘာဝ စွမ်းအားများကြောင့် အဝေးတွင် ရပ်နေသည့် ချိန်စုယင်ပင် နောက်ဆယ်မီတာလောက် ဆုတ်လိုက် ရလေသည်။
“ဘုန်း”
ဂူရှောက်ယင်က မြေပြင်သို့ ရောက်လာသည့် အခါ သူက ကိုယ့်ဘာသာ ထိန်းရန် ခြေနှစ်ဖက်ဖြင့် တွန်းကန်ထားသည့် အတွက် မြေကြီးတွင် ခြေရာကြောင်းပင် ကျန်ရှိနေလေသည်။
သူက မိုဝူကျီကို ကြည့်လိုက်သည်။ သူ့မျက်လုံးမှ မကျေမနပ် အကြည့်မှ လေးလေးနက်နက်နှင့် လေးစားမှု အရိပ်အယောင် သန်းလာလေသည်။
အချိန်တချို့ အကြာတွင် သူက လှံကို ဖြည်းဖြည်းချင်း ထုတ်ယူလိုက်လေသည်။
“ခင်ဗျားက တော်တော် အားကောင်းတာပဲ။ ကျုပ် အရင်တွေးခဲ့တာ ပြန်ရုပ်သိမ်းတယ်။ ခင်ဗျားက ကျုပ် အားထုတ်မှု အားလုံးနဲ့ ထိုက်တန်တဲ့ တစ်ဦးတည်းသော လူသား အဆင့်လွန် ကျင့်ကြံသူပဲ”
မိုဝူကျီက လက်ဖြန့်လိုက်သည့် အခါ တျန်းဂျီတုတ်က သူ့လက်တွင် ပေါ်လာလေ၏။ သူ့အမြင်ကို ပြန်ရုပ်သိမ်းဖို့ရန် ဆန္ဒရှိသူသည် အတော်လေး စိတ်ဝင်စားဖို့ ကောင်းလှသည်။ မိုဝူကျီက ထိုလူအသက်ကို ချမ်းသာပေးရန် ဆုံးဖြတ်လိုက်တော့သည်။
ချိန်စုယင်က မိုဝူကျီနှင့် ဂူရှောက်ယင်တို့ကို ကြည့်ရင်း ထိုသူတွေက လူသား အဆင့်လွန်တဲ့လား။ ယွမ်ဒန်အဆင့် ကျင့်ကြံသူတွေ တိုက်ခိုက်လျှင်ပင် သူတို့လောက် အံ့ဩဖို့ မကောင်းလောက်ပေ။
သူမသိသည့် တစ်ခုတည်းသော အရာက ဂူရှောက်ယင်နှင့် တိုက်ပွဲတွင် သူက သူ့စွမ်းအား တစ်ဝက်သာ ထုတ်သုံး ထားကြောင်း သိလိုက်ရ၏။ ယခု ဂူရှောက်ယင်သည် သူ့အစစ်အမှန် စွမ်းအားကို ထုတ်ပြ နေလေပြီ။
ချိန်စုယင်က သက်ပြင်းသာ ချလိုက်တော့သည်။ ဂူရှောက်ယင် စွမ်းအားသည် သူမကို ရင်သပ်ရှုမော ဖြစ်စေလောက်အောင် အားကောင်းပြီးသား ဖြစ်၏။ သို့သော် နယ်လှည့် ကျင့်ကြံသူ ၂၇၀၅က တစ်ချက်လေးမျှ မရွေ့ဘဲ ဂူရှောက်ယင်ကို လက်သီး တစ်လုံးဖြင့် အဝေး ရောက်သွားစေသည်။ ထိုသို့သော အင်အားမျိုးသည် သူမကို အသက်ရှူဖို့ပင် မေ့လျော့ သွားစေသည်။
အကယ်၍ တစ်ယောက်ယောက်က နယ်လှည့် ကျင့်ကြံသူ ၂၇၀၅၏ ရမှတ်များသည် ကံကောင်းမှုကြောင့် ရလာသည်ဟု ဆိုလျှင် သူမက ဂရုစိုက်နေမည် မဟုတ်ပေ။ ထိုသို့သော အင်အားမျိုးက ကံကောင်းလို့ ဖြစ်တည် လာရမှာလား။ သူမ စိတ်ထဲတွင် တာအိုဂိတ်မှ ရွယ်ထောင်ဇီ ပြောသည့် စကားများကို မယုံကြည်ခဲ့ပေ။ လူသား အဆင့်လွန် ကျင့်ကြံသူ တစ်ယောက်သည် ကျင့်ကြံသူ ရာချီ အဝိုင်း ခံထားရသည့်ကြားမှ အားလုံးကို သတ်ဖြတ် နိုင်ခဲ့လေသည်။ ထိုအထဲတွင် ယွမ်ဒန်အဆင့် ကျင့်ကြံသူများပင် ပါရှိနေသေး၏။ ထို့အပြင် သူက စီနီယာ ရှီကျင်းဝမ်ကိုလည်း ဖြစ်တည်ခြင်းမဲ့ နတ်ဘုရား တပိုင်းအဆင့်ကို သတ်ဖြတ်နိုင်ရန် ကူညီ ပေးခဲ့သေးသည်။ ဘယ်လိုပင် ကြည့်ကြည့် ထိုအရာက လျှောက်ပြောနေခြင်းနှင့် တူလှသည်။
သို့သော် ယခုတွင် ချိန်စုယင်သည် ထိုအရာများက အဓိပ္ပာယ်မရှိတာ မဟုတ်ကြောင်း ယုံကြည် သွားလေပြီ။ အကယ်၍ လူသား အဆင့်လွန် ကျင့်ကြံသူတွင် နယ်လှည့် ကျင့်ကြံသူ ၂၇၀၅ ကဲ့သို့ စွမ်းအားများ ရှိနေပါက သေချာပေါက် ဖြစ်နိုင်လေ၏။
“ချီ ... ချီ”
ဂူရှောက်ယင်က လှံကို မိုဝူကျီဆီ ချိန်ရွယ်လိုက်သည့် အခါ လူသတ်ငွေ့များ ထွက်ပေါ်နေလေ၏။ ထိုလှံ အရိပ်အယောင်သည် ရေကန်ထဲမှ လှိုင်းတွန့်လေးများ ကဲ့သို့ အလျင်အမြန် ပျံ့နှံ့သွားကာ မကြာခင်တွင် ပတ်ဝန်းကျင် တစ်ခွင် ရစ်ပတ်သွားလေသည်။
မိုဝူကျီက ပတ်ဝန်းကျင်မှ လေထုကို ခံစားမိလိုက်ပြီး နောက်တွင် သူ့လှုပ်ရှားမှုများက နှေးကွေး သွားတော့သည်။
ထိုလူသည် အမှန်ပင် အားကောင်းလှ၏။ မိုဝူကျီက အံ့ဩတကြီး အသိမှတ် ပြုလိုက်လေသည်။
ယခင်တစ်ခါ ရိုးရိုးလေးချီ သူ့ကို ပိတ်လှောင်ထားစဉ်က တူညီသော ဖိအားများကို ခံစားခဲ့ရသည်။ ယခုတွင် လူသား အဆင့်လွန် ကျင့်ကြံသူ တစ်ယောက်က သူ့ကို တူညီသော နာကျင်မှုကို ပေးစွမ်း နေလေသည်။
မိုဝူကျီ၏ သဘာဝ သိုလှောင်ရေး လမ်းကြောင်း သုံးခုကို နှိုးဆွလိုက်သည့် အခါ သူ့စွမ်းအားများက အားပြင်းပြင်းနှင့် ထွက်ပေါ် လာလေသည်။ ထို့နောက် တျန်းဂျီတုတ်ကို လေထဲတွင် ဝှေ့ယမ်း၍ ပျောက်ကွယ် ဓားစွမ်းအားကို ဖန်တီးလိုက်သည်။
“ဘမ်း”
အားကောင်းလှသည့် ပျောက်ကွယ် ဓားစွမ်းအားများက ဂူရှောက်ယင်၏ လှံအရိပ်အယောင်ကို သွားရစ်ပတ် ထားလိုက်သည့် အခါမှ မိုဝူကျီသည် သူ့ပတ်ဝန်းကျင်မှ လေထုဖိအားမှာ လျော့နည်း သွားတော့သည်။ ထို့နောက် သူက တျန်းဂျီတုတ်ကို ယမ်း၍ အားအပြည့်ဖြင့် ဂူရှောက်ယင်ဆီ လွှဲရိုက် လိုက်တော့သည်။
မိုဝူကျီက သူ့တွင် တုတ်ကျင့်စဉ် မရှိခြင်းအပေါ်သာ အပြစ်တင် ညည်းတွား မိတော့သည်။ သူ့တွင် ရှိနေသည့် တစ်ခုတည်းသော ပညာရပ်ကျင့်စဉ်မှာ ပျောက်ကွယ်ဓား ဖြစ်၏။ သာမန် ကျင့်ကြံသူများ အတွက် သူက တုတ်ကျင့်စဉ် မလိုအပ်ပေ။ သူက တျန်းဂျီတုတ်ကို လွှဲလိုက်သည့် အခါ မည်သူက ကာဆီး ရဲမည်နည်း။ သို့သော် သူနှင့် သိပ်မကွာသည့် ကျင့်ကြံသူနှင့် ရင်ဆိုင်ရသည့် အခါတွင် သူ့အတွက် ခက်ခဲလှသည်။ ထို့အပြင် ထိုသူဆီ၌ အံ့အားသင့်စရာ ကောင်းသည့် လှံကျင့်စဉ်လည်း ရှိနေသေးသည် မဟုတ်ပါလော။
ပျောက်ကွယ်ဓားသည် ဓားစွမ်းအား ကျင့်စဉ် တစ်ခု ဖြစ်သည်။ တျန်းဂျီတုတ်ကို အသုံး ပြုခြင်းသည် နွားခေါင်းပေါ်တွင် မြင်းပါးစပ် တပ်ထားသကဲ့သို့ ဖြစ်နေလေ၏။
စွမ်းအား၏ ဆယ်ပုံတစ်ပုံပင် မပြသနိုင်ပေ။ သူ အခု အလုပ်ချင်ဆုံးက ဂူရှောက်ယင်ကို ကျင့်စဉ်များနှင့် တိုက်ခိုက်ခြင်း မဟုတ်ဘဲ သဘာဝ စွမ်းအားများနှင့် တိုက်ခိုက်ခြင်း ဖြစ်သည်။
“ဘမ်း”
တျန်းဂျီတုတ်နှင့် ဂူရှောက်ယင် လှံတို့ တွေ့ဆုံကြသည့် အခါ ကောင်းကင်တစ်ခွင် ဖုန်တလုံးလုံး ထသွားလေသည်။ ဂူရှောက်ယင် လှံက အားသာ နေသော်လည်း သဘာဝ စွမ်းအားများမှာ မိုဝူကျီကို မယှဉ်နိုင်ပေ။ ထို့ကြောင့် သူက ဤတိုက်ပွဲတွင် အရှုံးတော့ မရှိချေ။
အဝေးတစ်နေရာမှ ဂူရှောက်ယင်က ရပ်နေရင်း မိုဝူကျီကို ကြည့်ကာ ပြောလိုက်လေသည်။
“ခင်ဗျားမှာ တုတ်ကျင့်စဉ် ရှိနေရင် ကျုပ်တော့ ခင်ဗျားပြိုင်ဖက် ဖြစ်လာမှာ မဟုတ်ဘူး။ အခုတော့ ခင်ဗျားက ကျုပ်ပြိုင်ဖက် မဟုတ်သေးဘူး။ ကျုပ်ရဲ့ မျက်နှာပြင် လှီးဖြတ်ခြင်း လှံအရိပ်ကို မြည်းစမ်း ကြည့်ပါဦး”
လှံမြောက်လိုက်သည့် အခါ လှံအရိပ်များက နေရာတစ်ခုလုံး ပြည့်နှက် သွားလေသည်။ ထိုစဉ် မိုဝူကျီက တစ်ဖက်လူ၏ လှံအရိပ်ထဲတွင် ပိတ်မိနေလေပြီ။ ဘယ်နေရာဆီသို့ ထွက်ပြေး စေကာမူ လှံအရိပ်များက မိုဝူကျီကို အသားရည် ဖြစ်အောင်အထိ ပိုင်းခုတ် လိုက်ကြလိမ့်မည်။
ဘေးတွင် ချိန်စုယင် စိတ်နှလုံးမှာ နေရခက်နေလေ၏။ သူမ စွမ်းရည်များမှာ ထိုသူ နှစ်ယောက်နှင့် အလှမ်းကွာလှသော်လည်း သူမက လူသားအဆင့်လွန် အဆင့် ၉ ဖြစ်သည့် အတွက် တိုက်ပွဲအတွင်းမှ အဖြစ်အပျက်များကို ရှင်းရှင်းလင်းလင်း မြင်ရလေသည်။ နယ်လှည့် ကျင့်ကြံသူ ၂၇၀၅သည် ကျန်းမိုနယ်မြေ လူသားအဆင့် နံပါတ်တစ်ထက် အားကောင်းသော်လည်း သူ့တွင် သင့်တော်သည့် ကျင့်စဉ် မရှိပေ။ ထို့ကြောင့် သူက အရှုံးဘက် ရောက်နေခြင်း ဖြစ်၏။
နှိုင်းယှဉ်ရလျှင် သူမက ကောင်းကင်ဖွေရှာ နန်းတော် ဓားရေကန် ပါရမီရှင် ဖြစ်သည့် အတွက် သူမတွင် ဓားကျင့်စဉ်များ မရှားပါးချေ။ နယ်လှည့် ကျင့်ကြံသူ ၂၇၀၅ သည် ဤအခြေအနေထိ ရောက်ရှိလာဖို့ရာ မည်သည့် အခက်အခဲများကို ဖြတ်ကျော် ခဲ့ရမည်နည်း။ သူသာ ဂိုဏ်းထဲ ရှိနေပါက တုတ်ကျင့်စဉ်တော့ ရနိုင်လေသည်။ သို့သော် သူက ဂိုဏ်းသား မဟုတ်ပေ။ တခြားလူများက ဂိုဏ်းတစ်ရာ မဟာမိတ်အဖွဲ့ အဆင့်ဇယားမှ သူ့နာမည်၏ ကျော်ကြားမှု ၊ အောင်မြင်မှုများကိုသာ မြင်ကြပြီး သူ ဖြတ်ကျော် ခဲ့ရသည့် အခက်အခဲများ၊ အားထုတ် ကြိုးပမ်းမှုများကို မမြင်ကြပေ။
ယနေ့တွင် သူမက မျက်မြင်ကိုယ်တွေ့ ကြုံတွေ့ ခဲ့ရလေပြီ။
***