← Chapters

ကောင်းကင်ဖွေရှာနန်းတော်၏ အဆင့်မြင့် ကျင့်ကြံသူ

Vol. 18 Ch. 242

ကောင်းကင်ဖွေရှာနန်းတော်၏ အဆင့်မြင့် ကျင့်ကြံသူ

Vol. 18 Ch. 242

ချိန်ဟောင်ယီက လှည့်ကြည့်လိုက်သော အခါ အနည်းငယ် ခါးကုန်းနေသော လူအိုကြီးကို တွေ့လိုက်ရလေသည်။ ထိုလူအိုကြီး လက်တွင် ငါးမြှားတံ ကိုင်ထားပြီး သူ့လည်ပင်းမှ ငါးမြှားကြိုးမှာ လူအိုကြီးဆီမှ ဖြစ်၏။

ဤအဖြူရောင် နှုတ်ခမ်းမွေးရှည် လူအိုကြီးက ဘယ်အချိန်က ရောက်လာတာလဲ။ သူက ထိုမေးခွန်း အတွက် အမှန်ပင် သဲလွန်စ မရှိပေ။ ချိန်ဟောင်ယီသည် မိုဝူကျီကို ဂရုစိုက်နေနိုင်ဦးမည်လား။ သူက လူအိုကြီးဆီမှ ချက်ချင်း နောက်ဆုတ်လိုက်တော့သည်။ သူ ဆယ်မီတာလောက် ရောက်သည့်အခါ သူ့လည်ပင်းတွင် ကြောက်မက်ဖွယ် အင်အားတစ်ခု ပေါ်လာလေ၏။

ချိန်ဟောင်ယီက ကမန်းကတမ်း ရပ်တန့်လိုက်ရသည်။ ယခင်က ငါးမြှားကြိုးသည် သူ့လည်ပင်းတွင် ရှိနေရုံသာ ဖြစ်ပြီး ယခုအခါတွင် သူ့လည်ပင်းကို ရစ်ပတ် ထားလေပြီ။ ထိုသည်က ငါးမြှားချိတ် မပါရှိသည့် ငါးမြှားကြိုး ဖြစ်၏။

“စီနီယာက လောက အင်မော်တယ်လား “

ချိန်ဟောင်ယီ နောက်ကျောတွင် ချွေးအေးများ ထွက်လာလေ၏။ သူက စစ်မှန်ခြင်း နတ်ဘုရား ပြီးပြည့်စုံခြင်း အဆင့် ရောက်နေသော်လည်း ထိုငါးမြှားကြိုးလေးမှ မလွှတ်မြောက်နိုင်ပေ။ တစ်ဖက်လူက လောက အင်မော်တယ် မဖြစ်လျှင် ဘာဖြစ်ရမည်နည်း။

ပျောက်ဆုံး နယ်မြေတွင် လောက အင်မော်တယ်အဆင့် ရှိနေသည်လား။ လောက အင်မော်တယ် အဆင့် ရှိနေလျှင် သူက အဘယ်ကြောင့် နယ်ခြား ကျင့်ကြံသူများကို မရပ်တန့် ခဲ့သနည်း။

“မင်း စောက်လုပ် မဟုတ်ဘူး”

နှုတ်ခမ်းမွေးရှည် လူအိုကြီးက ဝင်ပြောလိုက်သည်။ ချိန်ဟောင်ယီမှာ ငါးမြှားကြိုးရှိရာ ဆီသို့ ချက်ချင်း ခုန်လိုက်လေသည်။ အကယ်၍ သူသာ မလုပ်ပါက သူ့လည်ပင်းသည် လူအိုကြီးဆီ ငါးမြှားကြိုးနောက် လိုက်သွားရလိမ့်မည်။ မိုဝူကျီက ကြည့်နေရင်း လူအိုကြီးမှာ ဖမ်းမိထားသည့် ငါးကို ဆော့ကစားနေဟန် ရှိသည်။

“စီနီယာကို နှုတ်ဆက်ပါတယ်”

မိုဝူကျီက အလျင်အမြန် အရိုအသေ ပေးလိုက်လေသည်။ သူက ထိုလူအိုကြီးကို မှတ်မိလေသည်။ သူ ဖွားဖွားလင်းလောင် နေရာကို ရှာစဉ်က ဆေးလုံးဘုံစေတီ ချောက်ကမ်းပါးတွင် ငါးမြှား နေခဲ့သော အကြီးအကဲ ဖြစ်လေ၏။

နှုတ်ခမ်းမွေးရှည် လူအိုကြီးက မိုဝူကျီကို သေချာကြည့်လိုက်ပြီး တစ်ချိန်တည်းတွင် တစ်ခုခု အမှတ် ရသွားဟန်ဖြင့် မေးလိုက်လေ၏။

“ဒါနဲ့ ဟုတ်သား။ မင်းက ဘာလို့ ကောင်းကင်ဖွေရှာ နန်းတော်က ထွက်လိုက်တာလဲ”

မိုဝူကျီက ထိုနှုတ်ခမ်းမွေးရှည် လူအိုကြီးသည် သူ့အကြောင်း သေချာသိပြီးသား ဖြစ်ကြောင်း သိ၍ ဦးညွတ်ကာ ပြောလိုက်သည်။

“ဂျုနီယာက အပြင်စည်း တပည့်လေးပါ။ ကောင်းကင်ဖွေရှာ နန်းတော်က ကျွန်တော် မရှိလည်း ဘာမှ မဖြစ်ပါဘူး”

အကြီးအကဲက ခေါင်းမညိတ်ခင် ခဏတာ စဉ်းစားနေလေသည်။

“မင်းပြောတာ မှန်တယ်။ ဒီလို ပျက်စီးနေတဲ့ ကောင်းကင်ဖွေရှာ နန်းတော်နဲ့ မင်းနဲ့ မသင့်တော်ဘူး။ စဉ်းစား ကြည့်ရအောင်”

သူက ပြောရင်း နှုတ်ခမ်းမွေး အရှည်ကြီးကို သပ်နေလေသည်။ သူက ခေါင်းကို ငုံ့ထားကာ အတွေးထဲ နစ်မြောနေဟန် ရှိသည်။ အချိန်တချို့ ကြာသည့် အခါမှ ခေါင်းပြန်မော့လာကာ မေးလိုက်သည်။

“ကောင်းကင်ဖွေရှာ လှေကားထိပ်ကနေ ရလာတဲ့ ပစ္စည်း ကြည့်ကြည့်ရအောင်”

မိုဝူကျီက အင်မော်တယ် ရှာဖွေရေး အမှတ်အသားပြား ထုတ်ပေးဖို့ရာ တုံ့ဆိုင်း မနေဘဲ လူအိုကြီးဆီ ပေးလိုက်လေသည်။ နှုတ်ခမ်းမွေးရှည် လူအိုကြီးက အမှတ်အသားပြားကို ယူကာ စစ်ဆေး ကြည့်လိုက်သည်။ မိနစ်အနည်းငယ် အကြာတွင် သူက မေးလိုက်သည်။

“မင်း ဒါကို လိုချင်လား”

မိုဝူကျီက စိတ်ထဲ မထားဘဲ ပြောလိုက်လေ၏။

“စီနီယာ သဘောကျတယ် ဆိုရင် ယူလို့ရပါတယ်။ အဲဒီပစ္စည်းက ကျွန်တော့် အတွက် အသုံး မဝင်ပါဘူး”

မိုဝူကျီ နှလုံးသားက အပြင်းအထန် ကဆုန် ပေါက်နေလေသည်။ ကိုယ့်အပြုအမူတွေကို မသိသည့် လူတွေ အတွက် ဦးစွာ ဘာကိုမှ မလုပ်ဆောင်ခြင်းက အကောင်းဆုံး နည်းလမ်း ဖြစ်သည်မှာ မှန်ကန်ပေ၏။

မိုဝူကျီက ကောင်းကင်ဖွေရှာ လှေကားထိပ်ဆုံးသို့ ရောက်ခဲ့သည့် အကြောင်းကို မည်သူမျှ မသိလောက်ဟု ထင်မှတ် နေသော်လည်း ဤလူအိုကြီးက အရာအားလုံးကို မြင်နိုင်သည့် အလား ပြုမူနေလေသည်။ ဤလူအိုကြီးသည် မိုဝူကျီသည် ထိပ်ဆုံးမှ တစ်ခုခု ရလာကြောင်းပါ ခန့်မှန်း နိုင်သေး၏။

“ကောင်းပြီ။ အဲဆို ငါ့ကိုပေးလိုက်”

သူ့စကား တစ်ဝက် တစ်ပျက်တွင် လူအိုကြီးက တစ်ခုခု အမှတ်ရဟန်ဖြင့်

“မဟုတ်သေးပါဘူး။ မင်းက ငါ့ကို ထိခိုက် စေချင်နေတာပဲ။ မင်း လှည့်ကွက်မှာ ငါရောက်လာမယ် ထင်နေလား”

လူအိုကြီးက အင်မော်တယ် ရှာဖွေရေး အမှတ်အသားပြားကို မိုဝူကျီဆီ ကမန်းကတန်း ပြန်ပစ် ပေးလိုက်လေသည်။

“စီနီယာ ... ဒီဂျူနီယာလေးကို ချမ်းသာပေးပါ။ ဂျူနီယာက ကျန်းမိုနယ်မြေက လာတာပါ။ ပျောက်ဆုံး နယ်မြေကို နယ်လှည့် ကျင့်ကြံသူတွေ ကျုးကျော် ခံနေရတာကို လာကူညီပေးတာပါ”

သူ့လည်ပင်းမှ ငါးမြှားကြိုးကြောင့် ချိန်ဟောင်ယီမှာ စကားလုံး တစ်လုံးချင်း သေချာ ပြောလိုက်ရ၏။ သူက ငါးမြှားကြိုးသည် ရုတ်တရက် တင်းကျပ်သွားပြီး သူ့လည်ပင်း ပြတ်ထွက် သွားမည်ကို စိုးရိမ် ပူပင်နေရှာ၏။ ယခု သူက ကြိုးကို သဘာဝ စွမ်းအားများဖြင့် စစ်ဆေး ကြည့်ဖို့ရန် ကြိုးစားခဲ့ရာ ကြိုးကို ဖယ်ရှားခြင်းက သူ မတတ်နိုင်သည့် အရာမှန်း သိလိုက်၏။

နှုတ်ခမ်းမွေးရှည် လူအိုကြီးက မျက်မှောင်ကြုတ်ကာ

“အဲဒီကိစ္စက ငါနဲ့ ဘာဆိုင်လဲ။ မင်းတို့က လာပြီးတော့ ကောင်းကင်ဖွေရှာ နန်းတော်ကို နယ်ခြား ကျင့်ကြံသူတွေ လက်ထဲက လာခုခံပေးတာမှ မဟုတ်တာ”

“စီနီယာ တကယ်လို့ ကျုပ်တို့သာ ရောက်မလာရင် ကောင်းကင်ဖွေရှာ နန်းတော်က တပည့်တွေက နယ်ခြား ကျင့်ကြံသူတွေ လက်ထဲမှာ ပိုသေဆုံး ကြမှာပေါ့။ ပထမ ဂိုဏ်းချုပ်တောင် သေဆုံး သွားနိုင်သေးတယ်”

ချိန်ဟောင်ယီက အလောတကြီး ရှင်းပြလိုက်လေသည်။ နှုတ်ခမ်းမွေးရှည် လူအိုကြီးက နှာခေါင်းရှုံ၍ သူ့ငါးမြှားကြိုးကို ဆွဲလိုက်၍ ချိန်ဟောင်ယီက မြေပြင်သို့ ပြန်မကျခင် လေထဲသို့ တစ်ပတ် ရောက်သွားလေသည်။

“ကောင်းကင်ဖွေရှာ နန်းတော်က တပည့်တွေ သေတယ်ဆိုလည်း ထားလိုက်ပေါ့။ ကောင်းကင်ဖွေရှာ နန်းတော် ဖျက်စီး ခံရတာမှ မဟုတ်တာ ငါ့အရေးလား”

“ဒါပေမဲ့ စီနီယာက လောက အင်မော်တယ်လေ။ ကျုပ်လိုမျိုး စစ်မှန်ခြင်း နတ်ဘုရား အဆင့်က ပုရွက်ဆိတ်လေးကို လာအနိုင် ကျင့်သလို ဖြစ်မနေဘူးလား”

ချိန်ဟောင်ယီက နှုတ်ခမ်းမွေးရှည် လူအိုကြီးကို ဒေါသ တစ်ချက်မှ မထွက်ရဲပေ။

“အာ ... အဲဒီလို ဆိုတော့လည်း အဓိပ္ပာယ်ရှိသား”

လူအိုကြီးက အသိမှတ်ပြုဟန် ပြောလေ၏။

မိုဝူကျီက ထပ်သည်းမခံ နိုင်တော့ဘဲ ရှေ့တိုးလာကာ ဝင်ပြောလိုက်လေသည်။

“စစ်မှန်ခြင်း နတ်ဘုရားအဆင့်က ခင်ဗျားက ကျုပ်ကို ချောင်းမြောင်း တိုက်ခိုက်တာကျ မရှက်ဘူးလား”

သူပြောနေစဉ် သူ့လက်ထဲမှ တျန်းဂျီတုတ်က ချိန်ဟောင်ယီ ရင်ဘတ်ဆီ အသံမထွက်ဘဲ ရောက်ရှိ သွားလေသည်။

နှုတ်ခမ်းမွေးရှည် လူအိုကြီးက ချိန်ဟောင်ယီကို ထိန်းချုပ် ထားသောကြောင့် ခုခံနိုင်စွမ်း မရှိပေ။ တစ်ချက်တည်းဖြင့် သူ့ဝိညာဉ်ကြောများကို မိုဝူကျီက ဖျက်စီး ပစ်နိုင်လိုက်သည်။ မိုဝူကျီ၏ သဘာဝ စွမ်းအားများက သူ့ဒန်တျန်းနှင့် သက်စောင့် နန်းတော်ကိုပါ တစ်စစီ ဖျက်စီး ပစ်လိုက်လေသည်။

သူက သွေးတစ်ပွက် အန်ထုတ်လိုက်ရ၏။ ချိန်ဟောင်ယီ မျက်နှာတွင် နာကြည်းချက်များ ပြည့်နှက် သွားလေသည်။ ထိုသည်က သူ့ကို သတ်သည်ထက် ပိုဆိုးရွား လေ၏။

နှုတ်ခမ်းမွေးရှည် လူအိုကြီးက မိုဝူကျီ အပြုအမူများကို မမြင်သကဲ့သို့ ပြုမူကာ ချိန်စုယင်ကို ကြည့်၍ မေးလိုက်လေ၏။

“ဒီကလေးမက သေသွားပြီလား”

မိုဝူကျီက ခေါင်းညိတ်ပြလိုက်ကာ

“ဟုတ်ပါတယ်။ ဒီလူရဲ့ ချောင်းမြောင်း တိုက်ခိုက်မှုကြောင့် သူမက ကျွန်တော့်ကို ကာကွယ်ရင်းနဲ့ သေသွားခဲ့တာ”

လူအိုကြီးက သက်ပြင်းချကာ “ဒီကလေးမက မဆိုးဘူးပဲ။ တစ်ချက် ကြည့်ကြည့်ရအောင်”

“စီနီယာက သူမကို ကယ်နိုင်တာလား”

မိုဝူကျီက ချိန်စုယင်ကို လူအိုကြီးဆီ ပြရင်း စိတ်အား ထက်သန်စွာ မေးလိုက်လေ၏။

“မသိသေးဘူး”

လူအိုကြီးက ရိုးရှင်းသော စကားလုံးကိုသာ ပြောပြီး ချိန်စုယင်ကို ချက်ချင်း လက်မခံသေးပေ။ ထို့အစား သူ့က ကုန်းကာ မျက်နှာနီ ကျင့်ကြံသူ၏ သိုလှောင် လက်စွပ်ကို ကောက်ယူလိုက်လေ၏။ ထို့နောက် မျက်နှာနီ အမျိုးသား၏ အဝတ်အစားများကို ဟိုရှာဒီရှာ လုပ်ဆောင်လိုက်ပြီး သူ့မျက်စိကျသည့်ဟန် မရှိပေ။ ထို့နောက်တွင် သူက မျက်နှာနီ အမျိုးသား လည်ပင်းမှ တစ်ခုခုကို ဆွဲယူ လိုက်တော့သည်။

ထိုအရာများကို လုပ်ဆောင်ပြီးမှ လူအိုကြီးက ချိန်စုယင်ကို လက်ခံလိုက်သည်။

“ငါက ကောင်းကင်ဖွေရှာ နန်းတော်ကို ပြန်တော့မယ်။ တကယ်လို့ သူမကို ကယ်နိုင်ရင်တော့ ကယ်မယ်။ မကယ်နိုင်ရင် သူမကို ဓားရေကန်ဆီ ပစ်ထားလိုက်မှာ။ သူမက ဓားရေကန်ကပဲ မလား”

ထိုသို့ပြောပြီး နှုတ်ခမ်းမွေးရှည် လူအိုကြီးက ပျောက်ကွယ် သွားလေသည်။

မိုဝူကျီက မျက်လုံး ပြူးရုံသာမက ပါးစပ် ဟောင်းလောင်း ဖြစ်သွားမိ၏။

ထိုသူက လောက အင်မော်တယ်ရော ဟုတ်ရဲ့လား။ သူ့ကို ဓားပြဘုရင်လို့ ခေါ်ရင် ပိုမသင့်တော်ဘူးလား ....

မိုဝူကျီက မလှုပ်မရှား သွေးသံရဲရဲ ဖြစ်နေသည့် မျက်နှာနီ အမျိုးသားကိုသာ ပြောစရာမဲ့စွာ ကြည့်မိ လိုက်တော့သည်။ ထိုလူပေါ်မှ အဖိုးတန် ပစ္စည်း အားလုံးကို နှုတ်ခမ်းမွေးရှည် လူအိုကြီးက ယူသွားပြီးပြီ ဖြစ်ရာ တစ်ခုတလေမှ ချန်မထားခဲ့ပေ။

“ကောင်းကင်ဖွေရှာ နန်းတော်က ကြယ်တာရာ ဘုရင်တောင်ကြောင့် မြေခရလိမ့်မယ်”

ချိန်ဟောင်ယီက မိုဝူကျီကို စိုက်ကြည့်ရင်း လေးလေးနက်နက် ပြောလိုက်၏။ သူ့လည်ပင်းကို လူအိုကြီး ငါးမြှားကြိုးက အချိန်အတော်ကြာ ရစ်ပတ် ထားသော်လည်း ဒဏ်ချက် တစ်ချက်လေးမျှ ကျန်ရှိမနေပေ။

“ဘယ်သူ သိမှာလဲ”

မိုဝူကျီက သူ့တျန်းဂျီတုတ်ကို မြှောက်လိုက်တော့သည်။

ချိန်ဟောင်ယီက စိတ်ဗလာ ကျင်းသွားလေသည်။

ဟုတ်သား ဘာတွေ ဖြစ်ခဲ့တယ် ဆိုတာ ဘယ်သူက သိမှာလဲ ....

ဂူရှောက်ယင်က သူ မိုဝူကျီနှင့် ချိန်စုယင်တို့ကို တားဆီး ထားလိုက်သည် ကိုသာ သိ၍ သူ့ကို တိုက်ခိုက်သူမှာ ကောင်းကင်ဖွေရှာ နန်းတော်မှ အဆင့်မြင့် ကျင့်ကြံသူ ဖြစ်နေလိမ့်မည်မှန်း မသိပေ။ ထိုသူက လောက အင်မော်တယ် အဆင့် ဖြစ်နေမှန်း သိဖို့ရန်က အလှမ်း ကွာလွန်းလှသည်။

“ဂျွတ်”

တျန်းဂျီတုတ် ဆင်းသက်လာသော အခါ မျက်နှာနီ အမျိုးသား၏ ဦးနှောက်ကား အသားစိုင်ရည် ဖြစ်သွားလေ၏။ထိုလူ၏ ကနဦး ဝိညာဉ် ထွက်ပေါ်လာသည်နှင့် မိုဝူကျီက အဝေးရောက်ဖို့ရာ စောင့်မနေဘဲ ချက်ချင်းပင် လျှပ်စီးဖြင့် ချေမှုန်းလိုက်လေသည်။ မျက်နှာနီ အမျိုးသားကို အသက်ရှင်ခွင့် လုံးဝ မပေးနိုင်ချေ။

“ဘမ်း”

လျှပ်စီးအောက်တွင် မျက်နှာနီ အမျိုးသား ဝိညာဉ်ကား ဗလာနိတ္ထိ အဆင့်သို့ အငွေ့ ပျံသွား လေတော့သည်။

ထို့နောက် မိုဝူကျီက တောင်စောင်းမှ ဆင်းကာ ဘေးတွင် အင်မော်တယ် ဂူလေး တူးလိုက်လေသည်။ ထိုနေရာတွင် အချိန် အတော်ကြာ နေထားသည့် ပုံစံကဲ့သို့ စိတ်စွမ်းအင် ကျောက်တုံးများကို ပစ်ထည့် လိုက်တော့သည်။ ထို့နောက် သူက မျက်နှာနီ ကျင့်ကြံသူ အလောင်းကို သိမ်းဆည်းကာ သင်္ဘောပျံကို ထုတ်၍ ဤနေရာမှ အဝေးသို့ အလျင်အမြန် ထွက်သွားတော့သည်။

တစ်ရက်အကြာတွင် မိုဝူကျီက မျက်နှာနီ အမျိုးသား အလောင်းကို သဲကန္တာရ တောင်ကြားတွင် မီးသဂြိုဟ် လိုက်တော့သည်။ မိုဝူကျီက သေချာ ရှင်းလင်း ထားသော်လည်း ဤနေရာတွင် ရပ်တန့်နေ၍ မဖြစ်ကြောင်း ခံစားမိလေသည်။ နောက်တစ်ရက် အကြာတွင် သူက သာမန် ကျင့်ကြံခြင်း မြို့လေး တစ်မြို့သို့ သွားကာ ကောလာဟလများ ဖြန့်ဝေတော့သည်။ ထိုနောက်မှ သူက ယုလင်းကို ထွက်ခွာ သွားလေ၏။

အကယ်၍ ကျန်းမိုနယ်မြေမှ မျှော်လင့် အစောင့်စားဆုံး အရာမှာ လူသားအဆင့် ဇယား၊ မြေကမ္ဘာ အဆင့် ဇယားနှင့် ကောင်းကင် အဆင့်ဇယားတို့ ဖြစ်ကြသည်။ ထိုဇယား သုံးခုလုံးသည် တစ်ကမ္ဘာလုံး အဆင့်ဇယားကို မယှဉ်နိုင်ကြပေ။ တစ်ကမ္ဘာလုံး အဆင့်ဇယားတွင် ရှိသော ပါရမီရှင်များမှာ ထိုဇယား သုံးခုလုံးတွင် ပါဝင်ဖူးကြသူများ ဖြစ်၏။

အကယ်၍ အတော်သင့် အနေအထားရှိသော ကျင့်ကြံခြင်း မြို့သို့မဟုတ် အစည်းအရုံး ဝင်ပေါက် ရှိနေလျှင် ထိုအဆင့်ဇယား လေးခုလုံး ရှိတတ်ကြလေ၏။ ထိုစဉ် လူသားအဆင့် ဇယားတွင် အပြောင်းအလဲများ ဖြစ်ပေါ်နေလေ၏။ လူသားအဆင့် ဇယားမှ အဆင့်တစ် ပြောင်းသွားသော အခါ အားလုံးက ပွက်လော ရိုက်သွားကြလေသည်။ ကြယ်တာရာ ဘုရင်တောင်က ဂူရှောက်ယင်က နံပါတ်နှစ်သို့ ကျရောက်သွားပြီး နယ်လှည့် ကျင့်ကြံသူ ၂၇၀၅မှာ နံပါတ်တစ် ဖြစ်နေလေသည်။

“နယ်လှည့် ကျင့်ကြံသူ ၂၇၀၅ လား ... နာမည်က ထူးဆန်းလိုက်တာ။ သူက ကြယ်တာရာ ဘုရင်တောင်က အဖွဲ့ဝင် အသစ်လား”

“စီနီယာဂူ ဘယ်မှာ ရှိတယ် ဆိုတာ သိကြလား။ နယ်လှည့် ကျင့်ကြံသူ ၂၇၀၅က စီနီယာဂူကို နိုင်ဖို့ စက်ဆုပ်ဖွယ် နည်းလမ်းတွေ သုံးခဲ့တာ များလား”

“စီနီယာဂူက ကြယ်တာရာ တိုက်ပွဲ ရောက်နေလို့လား”

“မဖြစ်နိုင်တာတွေ မပြောနဲ့။ စီနီယာဂူက လူသားအဆင့် ဇယားမှာ အဆင့်တစ် ဖြစ်ပေမဲ့ မြေကမ္ဘာ အဆင့်မှ မရောက်သေးတာ။ ကြယ်တာရာ တိုက်ပွဲကို ဘယ်လိုလုပ် ပါလို့ ရမှာလဲ”

မိုဝူကျီက ကျန်းမိုနယ်မြေကို မသွားရောက် ရသေးသော်လည်း သူ့အကြောင်း ဆွေးနွေးမှုများက နယ်မြေတစ်ခွင် ပျံ့နှံ့ နေလေသည်။ အသာလွန်ဆုံး ဂိုဏ်းကြီးများပင် နယ်လှည့် ကျင့်ကြံသူ ၂၇၀၅ အကြောင်း ကြားမိကြ၏။ လူသားအဆင့် ဇယားတွင် ဂူရှောက်ယင်ထက် သာလွန်နိုင်သည်က သူ့အလားအလာမှာ အကန့်သတ် မဲ့ကြောင်း အရူးများသာ မသိဘဲ နေလိမ့်မည်။

ကြယ်တာရာ ဘုရင်တောင်မှ တချို့လူများသာ နယ်လှည့်ကျင့်ကြံသူ ၂၇၀၅မှာ ကျန်းမိုနယ်မြေမှ မဟုတ်ဘဲ ကျင့်ကြံခြင်း နောက်ကောက် ကျနေသည့် ပျောက်ဆုံးနယ်မြေမှ ဖြစ်မှန်း သိကြလေ၏။

တစ်ချိန်တည်းတွင် ယန်မြို့တော် အတွင်း ယှဉ်ပြိုင်မှုက ပြီးဆုံး သွားလေသည်။ အတော်ဆုံးထဲမှ အယောက် တစ်ရာကိုသာ ရွေးချယ်ထားပြီး သူတို့သည် ကျန်းမိုနယ်မြေသို့ သွားရန် အဆင့်သင့် ဖြစ်နေကြလေသည်။

ယန်မြို့တော် တော်ဝင်နန်းတော် အတွင်းတွင် ရှားမူက ဂူရှောက်ယင်ကို မျက်မှောင်ကြုတ် ကြည့်လိုက်သည်။

“မင်းပြောတော့ အကြီးအကဲချိန်က နယ်လှည့် ကျင့်ကြံသူ ၂၇၀၅ကို ဖမ်းထားပြီးပြီဆို ဘာလို့ ပြန်ရောက် မလာသေးတာလဲ”

ရှားမူ အသံမှာ ရေခဲတမျှ အေးစက် နေလေသည်။ ဂူရှောက်ယင်က အဖြစ်အပျက်များကို မသိသည့်အတွက် ရှားမူ မေးခွန်းကို မဖြေနိုင်ချေ။ ရှားမူက လက်သီးတင်းတင်း ဆုပ်ထား လိုက်လေ၏။ အကယ်၍ တခြားတစ်ယောက် ဖြစ်နေလျှင် အရေခွာပြီး သတ်ပစ် လိုက်သည်မှာ ကြာလှပြီ ဖြစ်၏။ သို့သော် ဂူရှောက်ယင်က ရှားမူ ထိချင်တိုင်း ထိလို့ရသည့်သူ မဟုတ်ပေ။ ဂူရှောက်ယင်က သူ့ညွှန်ကြားချက် အတိုင်း လိုက်နေပုံ ပေါ်သော်လည်း သူက လူသား အဆင့်ဇယား အဆင့်တစ် ဖြစ်၏။ ရှားမူက ကြယ်တာရာ ဘုရင်တောင် သခင် ဖြစ်လာလျှင်ပင် သူက ဂူရှောက်ယင်ကိုတော့ သတ်မရ သေးပေ။

ထိုစဉ် လူအသေးလေးက အလောတကြီး ဝင်လာလေသည်။

“ရိုဒီ … တစ်ခုခု ရှာတွေ့လို့လား”

လူအသေးလေးကို မြင်၍ ရှားမူက ချက်ချင်း ထရပ်ကာ မေးလိုက်သည်။ ရိုဒီဟု ခေါ်သည့် လူအသေးလေးက ခေါင်းညိတ်ပြကာ

“ကျုပ် နယ်လှည့် ကျင့်ကြံသူနဲ့ ရှောက်ယင်တို့ တိုက်ပွဲဖြစ်တဲ့ နေရာကို သွားတော့ အဲဒီမှာ ကောလာဟလတွေ ကြားခဲ့ရတယ်။ အဲဒါတွေက သူတို့ တိုက်ပွဲအပြီးမှ မျိုးရိုးနာမည် ချိန်ပါတဲ့ အဆင့်မြင့် ကျင့်ကြံသူက နယ်လှည့် ကျင့်ကြံသူ ၂၇၀၅ကို ချောင်းမြောင်း တိုက်ခိုက် ခဲ့တယ်တဲ့။

အဲဒီနောက်မှာ ဂူရှောက်ယင်က ထွက်သွားပြီးတော့ ချိန် အဆင့်မြင့် ကျင့်ကြံသူက နယ်လှည့် ကျင့်ကြံသူရဲ့ သာမန် ဝိညာဉ်ကြော ရှိပြီးတော့ အားကောင်းနေတဲ့ စွမ်းအား အကြောင်းကို မေးခွန်း ထုတ်တယ်။ သူက ရတနာ အချို့ကို ထုတ်ပေးဖို့လည်း အတင်း စေခိုင်းခဲ့တယ်။ ဒါပေမဲ့ နယ်လှည့် ကျင့်ကြံသူ ၂၇၀၅က ငြင်းဆန်နေတော့ ချိန် အဆင့်မြင့် ကျင့်ကြံသူက နယ်လှည့် ကျင့်ကြံသူ ၂၇၀၅ကို အဝေး အတင်း ခေါ်သွားခဲ့တယ်”

“ဒီသတင်း ဘယ်သူ ဖြန့်တာလဲ”

ရှားမူ အမူအရာက ပုံဆိုးပန်းဆိုး ဖြစ်လာလေသသည်။

“သူကလည်း နယ်လှည့် ကျင့်ကြံသူပဲ။ သူက အဲဒီနားလေးက တောင်စောင်းမှာ ကျင့်ကြံနေရင်း အခြေအနေ အကုန် သိနေတာ။ ကျုပ်ကိုယ်တိုင် တောင်စောင်းဘက် သွားကြည့်လိုက်တော့ အင်မော်တယ်ဂူ တွေ့တယ်။ အထဲမှာလည်း စိတ်စွမ်းအင် ကျောက်တုံး လက်ကျန်တွေ ရှိနေတယ်”

ရိုဒီက ဖြေလိုက်လေသည်။

***

All Chapters