အားကောင်းသော လိန်မျိုးနွယ်စု
Vol. 18 Ch. 243
“အဲဒါဆို နယ်လှည့် ကျင့်ကြံသူ ၂၇၀၅က ဘယ်မှာလဲ”
ရှားမူ အမူအရာက ပျက်ယွင်းလာပြီး ချိန်ဟောင်ယီသည် ထိုသို့ လုပ်လိမ့်မည် ဖြစ်ကြောင်း မယုံကြည်နိုင်သေးပေ။
ရိုဒီက သက်ပြင်းချကာ “ဒီဇာတ်လမ်းတစ်ပုဒ်လုံးက တည်းခိုခန်းတစ်ခုကနေ အစပြုလာတာ။ လူ တော်တော်များများလည်း ရှိနေကြတာ ဆိုတော့ အားလုံးက သိသွားကြပေမဲ့ တစ်ယောက်မှတော့ ဘယ်သူက စဖြန့်လိုက်လဲ ဆိုတာ မမှတ်မိကြဘူး”
ထိုစဉ် ရိုဒီက ခဏရပ်လိုက်ပြီး
“သခင်လေး ... ကျုပ် ရှောက်ယင်ဆီက ကြားတာတော့ နယ်လှည့် ကျင့်ကြံသူ ၂၇၀၅ရဲ့ ပါရမီက အတော်လေး ဆိုးရွားတယ်တဲ့။ အဲဒီလို ပါရမီ မပါဘဲနဲ့တောင် လူသားအဆင့် ဇယားမှာ အဆင့်တစ်ဖြစ်တဲ့ ရှောက်ယင်ကိုတောင် အနိုင် ရလာနိုင်တာ ဆိုတော့ သူ့မှာ လျှို့၀ှက်ချက် ကြီးကြီးမားမား ရှိလိမ့်မယ်။ အဲဒါကို အကြီးအကဲချိန်က သတိထားမိပြီးတော့ မတော်တဆ ဖြစ်သွားတာလား ဆိုတာ သိဖို့ ခက်တယ် “
ဂူရှောက်ယင်က ရုတ်တရက် အတွေး ပေါက်လာလေသည်။ သူ စောစော ထွက်လာမိခြင်းကို ကျေးဇူး တင်သွားမိလေသည်။ မဟုတ်လျှင် သူလည်း နှုတ်ပိတ် ခံနေရလောက်သည်။
ရှားမူ စိတ်ထဲတွင် ရိုဒီ စကားလုံးများကို စတင်၍ ယုံကြည် လာလေသည်။ ထိုအရာကို တွေ့ပြီး ရိုဒီက ဇာတ်လမ်းကြောင်းကို ထပ်ကွန့်၍ ပြောလိုက်သည် ...
“နယ်လှည့် ကျင့်ကြံသူ ၂၇၀၅ရဲ့ အမှတ်တွေက တော်တော် မြင့်တယ်။ ပြီးတော့ အဆင့်ထိပ်ဆုံးမှာ ဖြစ်ပြီးတော့ သူ့ကိုယ်သူ ဘာလို့ လူသိမခံဘဲ နေနေတာလဲ။ ကျုပ်ထင်တာတော့ သူက သူ့လျှို့၀ှက်ချက် ပေါက်ကြားသွားမှာ စိုးရိမ်နေတာ ဖြစ်ရမယ်။ အဲဒါကြောင့် ချိန်စုယင်ကြောင့်သာ မဟုတ်ရင် သူ့ကို ရှာလို့ တွေ့မှာကို မဟုတ်ဘူး”
ရှားမူ စိတ်ထဲမှ အမုန်းတရားက ကြီးထွားလာလေသည်။ ချိန်ဟောင်ယီသည် သူ့ရှားမျိုးနွယ်စုဝင် ဖြစ်နေပေမဲ့ သူက ရတနာ တွေ့သည်နှင့် မဟုတ်သည့် အတွေးတချို့ ရှိလာသေး၏။ နယ်လှည့် ကျင့်ကြံသူ ၂၇၀၅ကို သတ်ပြီး ရတနာနှင့်အတူ ထွက်ပြေးသွားလေသည်။ ထိုသည်က လုံးဝ ခွင့်မလွှတ် နိုင်စရာပေ။
“ထားလိုက်တော့ ... ကောင်းကင်ဖွေရှာ လှေကား တက်ဖို့ပဲ ပြင်ထားလိုက်။ ပြီးတာနဲ့ ကျန်းမိုနယ်မြေကို ပြန်ကြမယ်”
ရှားမူ အမူအရာက အကြိမ်များစွာ ပြောင်းလဲနေပြီး အဆုံးတွင် သက်ပြင်းသာ ချနိုင်တော့၏။
ချိန်ဟောင်ယီက လောကအင်မော်တယ် တစ်ပိုင်းအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ သူ စွန်ခွာ သွားပြီး နောက်တွင် ရှားမူဘက်မှ တစ်ယောက်မျှ သူ့ကို မထိန်းချုပ်နိုင်ပေ။ ကာကွယ်သူ ရှုက ချိန်ဟောင်ယီကို စက္ကန့်ပိုင်းလေး အတွင်း သတ်နိုင်သော်လည်း သူက လောက အင်မော်တယ် အဆင့် ကျင့်ကြံသူ ဖြစ်ကာ ရှားမျိုးနွယ်စုနှင့် အချုပ်အနှောင် မရှိပေ။ ထို့ကြောင့် ရှားမူအတွက် သူ့ကို အသုံးချ၍ မဖြစ်ပေ။ အကယ်၍ တရားဝင် အလုပ် ဖြစ်ပါက ကာကွယ်သူရှုက သူ့ကို ကူညီကောင်း ကူညီလိမ့်မည်။ သို့သော်လည်း ယခုတွင် ကိုယ်ပိုင်ကိစ္စ ဖြစ်၍ ကာကွယ်သူရှုကို အနှောင့်အယှက် မပေးလိုပေ။ ကံကောင်းမှုကို မစမ်းသပ်ကြည့်ခြင်းက ပို၍ ကောင်းလိမ့်မည်။
ချိန်ဟောင်ယီကို တခြားသူများက သတ်နိုင်သည့် ကိစ္စရပ်ကား ဖြစ်နိုင်သည်ဟု တွေးမထားပေ။ ပျောက်ဆုံးနယ်မြေမှ လူ ဘယ်လောက်များများက ချိန်ဟောင်ယီကို သတ်နိုင်မည်နည်း။ အကယ်၍ ထိုသို့ အားကောင်းသော အဆင့်မြင့် ကျင့်ကြံသူများ ရှိနေပါက ဂိုဏ်းတစ်ရာမဟာမိတ်အဖွဲ့ ဖျက်စီးခံရစဉ်က အဘယ်ကြောင့် မထွက်ပေါ်လာသနည်း။
ထိုစဉ် မိုဝူကျီက ယုလင်းသို့ သွားနေသည့် လမ်းတွင် ဖြစ်၏။ သူက ရှားမူသည် ချိန်ဟောင်ယီကို မည်မျှ ယုံကြည် စေကာမူ ချိန်ဟောင်ယီ ပျောက်ဆုံးသွားမှု အပေါ် သံသယတော့ ရှိနေလိမ့်မည်။ အကြောင်းမှာ ပျောက်ဆုံး နယ်မြေတွင် သူနှင့် ယှဉ်နိုင်မည့်သူ တစ်ယောက်မှ မရှိသောကြောင့် ဖြစ်၏။ နှုတ်ခမ်းမွေးရှည် ငါးဖမ်းသမား လူအိုကြီး၏ စွမ်းအားမှာ ကောင်းကင်ဖွေရှာ နန်းတော်ပင် မသိသည့် အရာ ဖြစ်လိမ့်မည်။
မိုဝူကျီကို တွေးမိ သွားစေသည်က နှုတ်ခမ်းမွေးရှည် လူအိုကြီး ပိုင်ဆိုင်သည့် အင်အား အကြောင်း ဖြစ်၏။
သူက လောက အင်မော်တယ် အဆင့် ဟုတ်နိုင်ပါ့မလား ...
ပျောက်ဆုံး နယ်မြေတွင် စစ်မှန်ခြင်း နတ်ဘုရား အဆင့် ရောက်ဖို့ပင် အလွန် ခက်ခဲလှသည် မဟုတ်ပေဘူးလား .... ထို့ကြောင့် လောက အင်မော်တယ် အဆင့် ရှိနိုင်ပါ့မလား ...
ကောင်းကင်ဖွေရှာ လှေကားအကြောင်း တွေးမိသောအခါ မိုဝူကျီက ထိုသို့သော အရာမျိုးပင် တည်ရှိနေ၍ လောကအင်မော်တယ် အဆင့်လည်း မရှိနိုင်သည်မှာ မဖြစ်နိုင်လောက်ချေ။ ဖြစ်နိုင်သည်က သူက တခြားနေရာမှ ရောက်လာခြင်း ဖြစ်ရမည်။
ကံကောင်းလှစွာ ချိန်စုယင်ကို နှုတ်ခမ်းမွေးရှည် လူအိုကြီးက ခေါ်ဆောင်သွားသည့် အတွက် မိုဝူကျီက သူမကို ကယ်တင် နိုင်လိမ့်မည်ဟု မျှော်လင့်မိသည်။ မည်သို့ပင် ဖြစ်နေပါစေ သူက တျန်းဂျီဂိုဏ်းကို ထူထောင် ပြီးသည်နှင့် ကောင်းကင်ဖွေရှာ နန်းတော်သို့ သွား၍ ချိန်စုယင်ကို တစ်ခေါက် သွားပြန် ရှာကြည့်ရမည်။
ယုလင်း
ထိုသည်က ပြည်နယ်တစ်ခု မဟုတ်သလို စီရင်စု တစ်ခုလည်း မဟုတ်ပေ။ ယုလင်းသည် ရှင်းဟန် အင်ပါယာနှင့် တျန်းရှန်း အင်ပါယာကြားက အဆက်လေး ဖြစ်၏။ မည်သည့် အင်ပါယာ လက်အောက်မှ မကျရောက်ပေ။
ဤနေရာတွင် မျိုးနွယ်စု အကြီးကြီး ရှိလေသည်။ ထိုသည်မှာ “ယုလင်း လိန်မျိုးနွယ်စု” သာ ဖြစ်၏။
လိန်မျိုးနွယ်စု၏ သမိုင်းကြောင်းမှာ တချို့ ရှေးကျသည့် မျိုးနွယ်စုများထက် ပို၍ ရှည်ကြာ လှပေသည်။ ယခင် ရှေးအခါက လိန်မျိုးနွယ်စုသည် စစ်မှန်ခြင်း နတ်ဘုရားအဆင့် ကျင့်ကြံသူတွေ ပေါများလှသည့် အင်အားကြီး ထိပ်တန်း မျိုးနွယ်စု တစ်ခု ဖြစ်လေ၏။
လတ်တလော နှစ်များတွင် လိန်မျိုးနွယ်စုက အားလျော့လာခြင်း ဖြစ်၏။ ထိုသို့ဆိုလျှင်ပင် လိန်မျိုးနွယ်စုမှာ ကြီးမြတ်သည့် မြေကမ္ဘာအဆင့် ဂိုဏ်းအဆင့်တော့ ကျန်ရှိနေသေးသည်။
လိန်မျိုးနွယ်စုထဲမှ ပါရမီရှင် အရေအတွက်က တိုးပွားလာပြီး အနာဂတ်တွင် ကောင်းကင်ဂိုဏ်း ပြန်ဖြစ်ရန် မျှော်လင့်ချက်များ ရှိသေး၏။
ယုလင်းနယ်ပယ်တွင် လိန်မျိုးနွယ်စုမှာ ဉပဒေစည်းမျည်း ဖြစ်၏။ မည်သို့ ဥပဒေမျိုးပင် ချမှတ်ပါစေ ယုလင်းရှိ အားလုံးက လိုက်နာကြရသည်။ တစ်ယောက်မျှ လိန်မျိုးနွယ်စုကို မတိုက်ခိုက်ရဲကြပေ။ မြေကမ္ဘာအဆင့် ဂိုဏ်းများပင် မတိုက်ရဲကြပေ။
ရလဒ်အနေနှင့် မျိုးနွယ်စုများကြားတွင် လိန်မျိုးနွယ်စုရှိ ကျင့်ကြံသူများမှာ အားအကောင်းဆုံး ဖြစ်နေကြလေသည်။ ထိုသည်မှာ သူတို့၏ မျိုးဆက်လိုက် အမွေ ဆက်ခံလာသည့် လျှပ်စီး ဝိညာဉ်ကြော ကြောင့်သာ ဖြစ်၏။ ထိုသို့ ပေါ်လာလျှင် ကျင့်ကြံဆင့်တူ များထဲတွင် ထိပ်ဆုံးမှ ပါရမီရှင် ဖြစ်မည်မှန်း ဆိုလိုပြီးသား ဖြစ်လေသည်။
လိန်မျိုးနွယ်စု၏ မျိုးရိုးနာမည်မှာ သူတို့၏ လျှပ်စီး ဝိညာဉ်ကြောများကို ယနေ့အချိန်ထိ အစွဲပြု ခေါ်ဝေါ်ခြင်း ဖြစ်သည်။
လီယီသည် ယုလင်း နယ်နမိတ်မှ မြို့ငယ်လေး ဖြစ်ကာ ယုလင်းလိန်မျိုးနွယ်စုမှာ အားကောင်းသောကြောင့် ထိုမြို့ငယ်လေးမှာ အမြဲတမ်း ကြီးပွား တိုးတက်လေသည်။ အခြားသော လိန်မျိုးနွယ်စုဝင်များမှ လွဲ၍ ဤနေရာတွင် ရုတ်ရုတ် လုပ်ရဲသည့် ဓားပြများ၊ ကျင့်ကြံသူများ မရှိပေ။
သူ့သွင်ပြင်ကို လူလတ် အမျိုးသား နယ်လှည့် ကျင့်ကြသူပုံစံ ပြောင်းလိုက်ပြီး လီယီမြို့ထဲသို့ ဝင်လာ လိုက်တော့သည်။ အထဲတွင် နယ်ခြား ကျင့်ကြံသူ ကျုးကျော်သည့် အရိပ်အယောင်များ မတွေ့ရသလောက် နည်းပါး၏။
မိုဝူကျီက တည်းခိုခန်း တစ်ခုသို့ လျှောက်လှမ်း သွားကာ ပထမထပ်ရှိ အခန်းကျယ်တွင် သေရည်တစ်ပုလင်း မှာလိုက်၏။ ဤနေရာတွင် သူက သတင်း အချက်အလက် စုံစမ်းရန် ကြံရွယ်ထားလေသည်။
သို့သော် တစ်ဖက်တွင် လူနှစ်ယောက်က လိန်ဟုန်ကျီ အကြောင်း ဆွေးနွေး နေသည်ကို ကြားလိုက်ရ၏။ ကံဆိုးလှစွာ စကားနည်းနည်း ပြောပြီးနောက် တခြား ခေါင်းစဉ် ပြောင်းသွားလေသည်။
ထိုသိုဖြင့် မိုဝူကျီက သတင်း နှိုက်ရန် လက်လျော့ လိုက်တော့သည်။ ထို့အစား သေရ ည်ပုလင်းကို ယူ၍ လူနှစ်ယောက် ရှိသည့် ဝိုင်းဆီ သွားကာ လေးလေးစားစား ဦးညွတ်လိုက်ပြီး …
“မိတ်ဆွေတို့ စိတ်မရှိရင် ဒီသေရည် တိုက်ချင်တယ်ဗျာ”
လူနှစ်ယောက်က မိုဝူကျီနှင့် လုံးဝ စိမ်းသက်နေသည့် အတွက် သူပြောသည်ကို ကြား၍ ထူးထူးဆန်းဆန်း ကြည့်လိုက် ကြတော့သည်။ တခြားသူများကို သေရည် တိုက်တာက အဆင်ပြေ သော်လည်း နောက်ကွယ်က အကြောင်းအရင်းတော့ ရှိမည် မဟုတ်ပါလော ....
“ခင်ဗျားတို့က သိပ်မတွေးပါနဲ့ဗျာ။ ဘာလို့လဲဆိုတော့ လိန်မျိုးနွယ်စုရဲ့ စီနီယာ လိန်ဟုန်ကျီက ကျုပ်သဘော အကျဆုံး ပါရမီရှင် မလို့ပါ။ စီနီယာ လိန်ဟုန်ကျီက ငယ်ငယ်ရွယ်ရွယ်နဲ့ ထိပ်တန်း လျှပ်စီး ဝိညာဉ်ကြော ကျင့်ကြံသူ ဖြစ်လာတာကို တွေးမိရင် ပျောက်ဆုံးနယ်မြေ တစ်ခုလုံးမှာ သူ့ကို လိုက်မှီတဲ့သူ သိပ်ရှိမှာ မဟုတ်ဘူး။
စီနီယာလိန်ဟုန်ကျီ ကြီးမြတ်ရန်ကျုံးမှာ ဝင်ခွင့် ရသွားတာကိုက မျိုးနွယ်စု အတွက် ဂုဏ်ဆောင်ပဲ။ ဟုတ်သား ခင်ဗျားတို့ပြောတော့ စီနီယာက ရွေးချယ်ပွဲအောင်သွားပြီးတော့ ကျန်းမိုနယ်မြေကို သွားရတော့မှာဆို”
မိုဝူကျီက သူတို့နှင့် အကြိုက်တူ သကဲ့သို့ ထိုင်ကာ အေးဆေး ပြောလိုက်လေသည်။ လိန်ဟုန်ကျီ အကြောင်း ဆွေးနွေး နေကြသည့် ထိုကျင့်ကြံသူ နှစ်ယောက်မှာ မိုဝူကျီ စကားများကို ကြားပြီး နောက်တွင် မှင်တက် သွားလေသည်။ ယုလင်းလိုမျိုး နေရာတွင် လိန်မျိုးနွယ်စု၏ လိန်ဟုန်ကျီက များပြားစွာသော အားပေး ထောက်ခံသူများ ရှိနေ၏။
အနည်းငယ် ဝသည့် ကျင့်ကြံသူက လက်ခုပ်တီးကာ
“မိတ်ဆွေ ခင်ဗျား ပြောတာ ကွက်တိပဲဗျို့။ လိန်ဟုန်ကျီက သုံးပွဲလုံး အနိုင် ရသွားပြီးတော့ ကျန်းမိုနယ်မြေကို သွားခွင့်ရတဲ့ ပါရမီရှင်တွေထဲ ပါသွားပြီ။ ပြီးတော့ ကျန်းမိုနယ်မြေက လောက အင်မော်တယ် အဆင့် ကျင့်ကြံသူက စီနီယာ လိန်ဟုန်ကျီမှာ အသာလွန်ဆုံး လျှပ်စီး ဝိညာဉ်ကြော ရှိတာ သိပြီးတော့ ချီးတောင် ကျုးလိုက်သေးတယ်တဲ့။ လောက အင်မော်တယ် အဆင့် ကျင့်ကြံသူက ဒီလို ဝိညာဉ်ကြောနဲ့ ဆိုရင် ရွေးချယ်ပွဲ မပါရင်တောင် ကျန်းမိုနယ်မြေကို သွားဖို့ အရည်အချင်း ပြည့်မှီတယ်လို့ ပြောခဲ့သေးတာ”
“ကောင်းတာပေါ့”
မိုဝူကျီလည်း အနည်းငယ် ဝသည့် ကျင့်ကြံသူကဲ့သို့ လက်ခုပ်တီးကာ ပြောလိုက်လေသည်။ ထို့နောက် သူက အသံနိမ့် ပြောလိုက်သည်။
“ကျုပ် ယန်မြို့တော်ကို မသွားဖြစ်တာ ကံဆိုးတာပဲ။ မဟုတ်ရင် စီနီယာလိန်ရဲ့ အောင်မြင်မှုတွေ၊ ကျော်ကြားမှုတွေကို မျက်မြင်ကိုယ်တွေ့ ကြုံနိုင်ဦးမှာ။ ဘယ်လောက်တောင် စွဲမက်ဖွယ် ကောင်းလိုက်မလဲ”
(ဤနေရာတွင် စွဲမက်ဖွယ် ကောင်းတာကို သုံးထားသည်က ဗန်းစကားနှင့် ဖြစ်သည်)
လူနှစ်ယောက်က စွဲမက်ဖွယ် အဓိပ္ပာယ်ကို မသိသော်လည်း ချီးကျူးသည့် စကား ဖြစ်မည်ကိုသာ ကောက်ချက် ချလိုက်ကြသည်။ နောက်ကျင့်ကြံသူ တစ်ယောက်က သဘောတူစွာ ခေါင်းညိတ် ပြလိုက်ပြီး “မိတ်ဆွေ မင်းပြောတာ မှန်တယ်။ အခုတော့ ကောင်းကင်ဖွေရှာ နန်းတော်ကို တော်တော် များများ သွားနေကြတာ။ စီနီယာလိန်က အဲဒီမှာ ရှိလောက်တယ်။ ခင်ဗျားလည်း သွားရင် စီနီယာလိန်ကို အဝေးကနေတော့ တွေ့လို့ ရလောက်တယ်”
“ဘာလို့ ကောင်းကင်ဖွေရှာ နန်းတော်ကို သွားကြတာလဲ”
မိုဝူကျီက တအံ့တဩ မေးလိုက်လေသည်။ သူက လိန်မျိုးနွယ်စု အကြောင်းကို ရှာဖွေ ချင်သော်လည်း အဆုံးသတ်၌ အားလုံးက ကောင်းကင်ဖွေရှာ နန်းတော်ကို သွားသည်ဆိုလျှင် သူ့ဖျက်စီးရေး အကြံစည်က ကျရှုံး မသွားပေဘူးလား ...
ကျင့်ကြံသူက အားရပါးရ ရယ်မောကာ “ကြည့်ရတာ မင်းမသိသေးတဲ့ပုံပဲ။ ကျန်းမိုနယ်မြေက ကြယ်တာရာ ဘုရင်တောင် သံတမန်က ကောင်းကင်ဖွေရှာ လှေကား အကြောင်းကို ကြားပြီးတော့ အဆင့်တစ် ရမလား ဆိုပြီး စမ်းသပ် ချင်နေတာ။ ပြီးတော့ ကျန်းမိုနယ်မြေကို သွားကြမဲ့ ပါရမီရှင်တွေ အားလုံးလည်း စမ်းသပ် ကြည့်ကြမှာ။ အဲဒီကနေပြီးတော့ အားလုံးရဲ့ အလားအလာကို ဆုံးဖြတ် ကြလိမ့်မယ်။ စီနီယာလိန်က အယောက် ၁၀၀ ထဲပါတယ် ဆိုတော့ သူလည်း ကောင်းကင်ဖွေရှာ နန်းတော်ကို သွားရလိမ့်မယ်”
ထိုကောင်းကင်ဖွေရှာ လှေကား အကြောင်းကို ကြား၍ မိုဝူကျီက သက်ပြင်းသာ ချလိုက် တော့သည်။ ထို့နောက် စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်လေ၏။
“အဲဒါဆို လိန်မျိုးနွယ်စုက အဆင့်မြင့် ကျင့်ကြံသူတွေ အားလုံး သွားကြတာလား”
အနည်းငယ် ဝသည့် ကျင့်ကြံသူက ခေါင်းခါပြရင်း
“မဟုတ်ဘူး။ ဆန့်ကျင်ဘက်ပဲ။ လိန်မျိုးနွယ်စုက အားလုံး ဒီမှာပဲ ရှိတယ်”
“ဘာလို့လဲ။ လိန်ဟုန်ကျီက လိန်မျိုးနွယ်စုရဲ့ နံပါတ်တစ် ပါရမီရှင်ပဲလေ။ ဘာလို့ တစ်ယောက်မှ မသွားတာလဲ။ သူတို့က အခြေအနေကို ပေါ့ပါးအောင်များ လုပ်လိုက်တာလား”
မိုဝူကျီ မျက်နှာတွင် ပြောရင်း ဒေါသထွက်သည့် အမူအရာ ပေါ်လာလေသည်။
အနည်းငယ် ဝသည့် ကျင့်ကြံသူက ရယ်မောကာ
“မိတ်ဆွေ မင်းက စိတ်ခံစားချက် ပြင်းတဲ့သူပဲ။ မင်းကို ပြောပြရဦးမယ်။ နောက်လရဲ့ တတိယမြောက် ရက်က လိန်မျိုးနွယ်စုရဲ့ ဘိုးဘေး အထိမ်းအမှတ် နေ့ပဲ။ လိန်မျိုးနွယ်စုဝင်တိုင်း လာပြီးတော့ အမွေးတိုင်ထွန်း ဆုတောင်း ဂါရဝ ပြုရတယ်”
ထိုအရာကို ကြားပြီး မိုဝူကျီက အတော်လေး ဘဝင် ခိုက်သွားလေသည်။ ကောင်းကင်က လိန်မျိုးနွယ်စုကို ဖျက်စီးချင်နေသည့် အလား ထိုသို့သော အခွင့်အရေးမျိုးကို သူ့ဆီ ဆိုက်ဆိုက် မြိုက်မြိုက် ပို့ဆောင် ပေးသေးသည်။
“အဲဒါဆို စီနီယာ လိန်ဟုန်ကျီရော ပြန်လာမှာလား”
မိုဝူကျီက ရိုးစင်းစွာ မေးလိုက်သည်။
ထိုအရာကို အနည်းငယ် ဝသည့် ကျင့်ကြံသူက ပြန်တုံ့ပြန် လိုက်လေ၏။
“သူက အစကတော့ ပြန်လာမလို့ပဲ။ ဒါပေမဲ့ ကျန်းမို သံတမန် ပြောတာတော့ အရွေးခံရတဲ့ အယောက် ၁၀၀က သူတို့အဖွဲ့ကနေ ထွက်သွားလို့ မရဘူးတဲ့။ သူတို့ ထွက်တာနဲ့ နောက်ဆုတ်တယ် သတ်မှတ်မှာ ဆိုတော့ လိန်မျိုးနွယ်စု ခေါင်းဆောင်က လိန်ဟုန်ကျီကို ပြန်မလာဖို့ ခွင့်ပြုလိုက်ရတာ။ အဲဒါကြောင့် သူက ကျန်းမိုနယ်မြေက လူတွေနဲ့ ကောင်းကင်ဖွေရှာ နန်းတော်ဆီ ရောက်နေတာပဲ”
“ကျုပ်ကြားတာတော့ လိန်မျိုးနွယ်စုရဲ့ ခေါင်းဆောင်က ဖြစ်တည်ခြင်းမဲ့ နတ်ဘုရား ပြီးပြည့်စုံခြင်း အဆင့်ဆို မှန်လား၊ မမှန်မလားတော့ မသေချာဘူး”
မိုဝူကျီက ထပ်မေးမြန်း လိုက်လေသည်။
“ဟားဟား အဲဒါတော့ မင်းမှားနေပြီ။ ကျုပ်ကြားတာတော့ လိန်မျိုးနွယ်စု ခေါင်းဆောင်က ဖြစ်တည်ခြင်းမဲ့ နတ်ဘုရားအဆင့် ၃ ပဲ ရှိသေးတာတဲ့။ တကယ့် ဖြစ်တည်ခြင်းမဲ့ နတ်ဘုရား ပြီးပြည့်စုံခြင်း အဆင့်က လိန်မျိုးနွယ်စုရဲ့ ပထမ အကြီးအကဲ လိန်ကွမ်ပဲ”
အနည်းငယ် ဝသည့် ကျင့်ကြံသူက မိုဝူကျီကို ဗဟုသုတ ဝေမျှ ပေးရသည့် အတွက် အတော်လေး ကျေနပ် နေလေသည်။
“ဟားဟား ... ကျုပ်က လိန်ဟုန်ကျီပဲ အာရုံ အရမ်း စိုက်ထားလို့ ထင်ပါရဲ့။ အဲဒါကြောင့် ကျန်တာတွေ မသိတာ။ လာ လာ သောက်ကြရအောင်”
ပြောပြီးနောက် မိုဝူကျီက သေရည်ငှဲ့ရင်း အားရပါးရ သောက်လိုက်တော့သည်။
တခြားလူများလည်း မိုဝူကျီ၏ ပွင့်လင်းရိုးသားသော သဘောထားကြောင့် အလွှမ်းမိုး ခံလိုက်ရပြီး ခွက်များကို အပြောင် ရှင်းလိုက်တော့သည်။
ကောင်းကင်ဖွေရှာ နန်းတော်သည် ယခင် ကျော်ကြားမှုနှင့် သက်ဝင် လှုပ်ရှားမှုများ ပြန်လည် ဖြစ်ထွန်းနေလေ၏။ ကောင်းကင်ဖွေရှာ လှေကားတွင် လူအစည်ကားဆုံး ဖြစ်နေသည်။ လူအများက ယန်မြို့တော်မှ ပျောက်ဆုံး နယ်မြေမှ ပါရမီရှင်များ ကောင်းကင်ဖွေရှာ လှေကား တက်မည့် အကြောင်းကို ကြည့်ဖို့ရန် လာရောက်ကြခြင်း ဖြစ်၏။ ထို့အပြင် အားလုံးက ကျန်းမိုနယ်မြေမှ သံတမန်သည်လည်း ပါဝင် ဆင်နွဲမည်ဟု သတင်း ကြားသိထားရသည်။
ထိုရက်များ အတွက် ကောင်းကင်ဖွေရှာ နန်းတော်သည် အများ ဝင်ထွက်နိုင်ရန် ခွင့်ပြု ပေးထား လေသည်။ လူတိုင်းက စိတ်တိုင်းကျ ဝင်ထွက်နိုင်ပြီး ကောင်းကင်ဖွေရှာ လှေကား နေရာကို သွားနိုင် ကြလေသည်။ သူတို့ကို ကောင်းကင်ဖွေရှာ လှေကားထစ် နေရာကိုသာ ခွင့်ပြုပေးထားပြီး ကျန်နေရာများ မပါဝင်ပေ။
ကောင်းကင်ဖွေရှာ လှေကားရှေ့မှ အဆင့်ဇယားမှာ အဝတ်အနီနှင့် ကာထားပြီး ကျန်းမိုနယ်မြေမှ သံတမန် ရောက်လာကာ တရားဝင် တက်ရန် ကြေညာသည့် အချိန်ထိ စောင့်ဆိုင်း နေခြင်း ဖြစ်၏။
ကောင်းကင်ဖွေရှာ လှေကား နေရာတွင် ရပ်နေရင်း ရှားမူက ထိပ်ဆုံးကို မမြင်နိုင်သည့် ကောင်းကင်ဖွေရှာ လှေကားကို ကြည့်လိုက်သည်။ သူ့စိတ်ထဲတွင် စိတ်လှုပ်ရှားမှုနှင့် မာနက ရောပြွန်း လာလေသည်။ သူက ကောင်းကင်ဖွေရှာ လှေကားကို ထိပ်ထိ တက်ကာ ပျောက်ဆုံးနယ်မြေမှ ကျင့်ကြံသူ အားလုံး ဤနေရာသို့ ရောက်လာသည်နှင့် အားလုံး စိတ်ထဲ အမှတ် ရနေစေမည့် အဆင့်တစ် နေရာတွင် သူ့နာမည် ရေးထိုးနိုင်ရမည်။
“အနီရောင် အဝတ်ကို ဖယ်ပြီးတော့ ကောင်းကင်ဖွေရှာ လှေကား အဆင့်ဇယားကို ဖွင့်ဟလိုက်ပါ”
ရှားမူက လက်ကို ဝေ့ပြလိုက်သည်။ လွန်ခဲ့သည့် ရက်အချို့မှ ကိစ္စများကို မေ့ထား လိုက်လေပြီ။
အနီရောင် အဝတ်ကို လွင့်သွားစေမည့် အားကောင်းကောင်း လေပွေ ဖြစ်ပေါ်လာပြီး အဆင့် ဇယားကို ဖော်ပြလိုက်သည့် အခါ အားလုံးက အံ့အား သင့်သွားကြတော့သည်။
***