← Chapters

ကောင်းကင်ဖွေရှာအဆင့်ဇယားမှ နံပါတ်တစ်

Vol. 18 Ch. 244

ကောင်းကင်ဖွေရှာအဆင့်ဇယားမှ နံပါတ်တစ်

Vol. 18 Ch. 244

ကောင်းကင်ဖွေရှာ အဆင့်ဇယား ထိပ်ဆုံးတွင် နံပါတ်တစ် ဖြစ်နေသည့် လူတစ်ယောက်သာ ဘေး နာမည်နေရာတွင် ကွက်လပ် ဖြစ်နေလေ၏။ နာမည်အလွတ် ကွက်လပ် နောက်တွင် လှေကားထစ် အရေအတွက် ရှိလေသည်။ ထိုအရေအတွက်ကား ကောင်းကင်ဖွေရှာ နန်းတော်မှ ဂိုဏ်းသားများ အားလုံးကို အသက်ရှူဖို့ရာပင် မေ့လျော့ သွားစေ၏။ အကြောင်းမှာ ‘၁၀၈ ထစ်’ ဟု ရေးထား ခြင်းကြောင့် ဖြစ်လေသည်။

တခြားနေရာမှ ကျင့်ကြံသူများက ကောင်းကင်ဖွေရှာ လှေကား တက်ရသည်က မည်မျှ ခက်ခဲသည် သို့မဟုတ် ၁၀၈ထစ်သို့ ရောက်သွားသည့် အဓိပ္ပာယ်ကို မသိကြသော်လည်း ကောင်းကင်ဖွေရှာ နန်းတော် ဂိုဏ်းသားများ အနေနှင့် ရှင်းရှင်းလင်းလင်း သိလေသည်။

“ဘာတွေ ဖြစ်သွားတာလဲ”

ဖုန်းကျန့်ချိုးက အေးစက်စွာ မေးမြန်းလိုက်သည်။

ဘေးတွင် ရပ်နေသည့် ကောင်းကင်ဖွေရှာ နန်းတော်ကို ကြီးကြပ်သူ တစ်ယောက်က ရှေ့ထွက်လာကာ ဦးညွတ်ရင်း ပြောလိုက်တော့သည်။

“ဂိုဏ်းချုပ်ဖုန်း ... အဲဒီ အခြေအနေက လွန်ခဲ့တဲ့ တစ်လလောက်က ပေါ်လာတာ။ အစက ကျုပ်လည်း ဒီကိစ္စကို ကိုယ်တိုင် လာပြောချင်ပေမဲ့ အခုထိ အခွင့်အရေး မရလို့ပါ”

သူက ထိုစကားများကို ပြောနေစဉ်က လိမ်ညာနေခြင်း မဟုတ်ပေ။ အခြေအနေ ဖြစ်ပေါ်လာသည်နှင့် သူက ကောင်းကင်ဖွေရှာ နန်းတော်ကို အကြောင်းကြားရန် ထိပ်တန်း စီမံရေးရာကို ရှာဖွေခဲ့သည်။ သို့သော်လည်း နယ်ခြား ကျင့်ကြံသူများနှင့် တိုက်ပွဲကြောင့် ဂိုဏ်းချုပ်များ၊ အကြီးအကဲများနှင့် တောင်သခင်များပါ ဂိုဏ်းကနေ မရှိကြပေ။ သူက ဂိုဏ်းချုပ်ကို အကြောင်းကြားရန် အခွင့်အရေး ရလာသည့်အခါ ဂိုဏ်းချုပ်နှင့် မတွေ့ခဲ့ရဘဲ ကောင်းကင်ဖွေရှာ အဆင့်ဇယားကို အဝတ်အနီဖြင့် ဖုံးထားရန်သာ သတင်း ရောက်လာလေသည်။ ယခုအချိန်အထိ သူ့အတွက် ဒုတိယ ဂိုဏ်းချုပ်နှင့် စကား ပြောဖူးသည်မှာ ပထမဆုံး အကြိမ် ဖြစ်၏။

“အခြေအနေကို သိတယ်။ ထွက်သွားလို့ ရပြီ”

ပိုင်စုတင်း၏ အသံက ဘေးမှ ထွက်ပေါ် လာလေ၏။

“ကောင်းပါပြီ”

ကြီးကြပ်သူက ဦးညွှတ် နှုတ်ဆက်ပြီး နောက်တွင် နောက်ဆုတ် သွားလေသည်။ သူ့နောက်ကျောတွင် ချွေးများ စိုရွဲနေလေသည်။ သူက ထိုအခြေအနေ ဖြစ်ပေါ် လာလိမ့်မည်မှန်း မသိသော်လည်း တစ်ယောက်ယောက်က ၁၀၈ထစ်အထိ တက်လှမ်း နိုင်လိမ့်မည်ဟု မယုံကြည် နိုင်ပေ။ သူက ကောင်းကင်ဖွေရှာ လှေကားကို တက်ဖူးသည့် အတွက် ထိုသို့သော ခက်ခဲမှုမျိုးက စိတ်ဆန္ဒ ရှိရုံဖြင့် ကျော်လွှားနိုင်ခြင်း မဟုတ်ပေ။

“စီနီယာစုတင်း ... ဘာတွေ ဖြစ်သွားတာလဲ”

ပိုင်စုတင်းသည် သူ့ထက်များစွာ ငယ်သော်လည်း ဖုန်းကျန့်ချိုးက သူမကို ကောင်းကင်ဖွေရှာ နန်းတော်၏ ပထမဂိုဏ်းချုပ် ရာထူးကို လေးစားသော အားဖြင့် စီနီယာဟုသာ ခေါ်ဆိုလေသည်။

ထိုစဉ် ဖုန်းကျန့်ချိုးက နည်းနည်း စိုးရိမ် မိလာလေသည်။ ကောင်းကင်ဖွေရှာ လှေကားသည် ကောင်းကင်ဖွေရှာ နန်းတော်၏ ပြယုဒ်တစ်ခု ဖြစ်သောကြောင့် တစ်ခုခု မှားယွင်း သွားပါက ကောင်းကင်ဖွေရှာ နန်းတော်ကို ကောင်းကင်ဖွေရှာ နန်းတော်ဟု ယူဆ၍ ရနိုင်မည်လား။

ပိုင်စုတင်းက ခဏအကြာမှ စကား စပြောလိုက်သည်။

“ကျွန်မလည်း သိတာ သိပ်မကြာသေးဘူး။ ဒီကိစ္စကို အကြီးအကဲ တချို့နဲ့ တောင်သခင်တွေနဲ့ ဆွေးနွေး ထားတယ်။ ကြည့်ရတာ ကောင်းကင်ဖွေရှာ နန်းတော် ဂိုဏ်းသား တစ်ယောက်က ကျွန်မတို့တွေ နယ်ခြား တိုက်ပွဲ ဖြစ်နေတုန်း ကောင်းကင်ဖွေရှာ လှေကားကို တက်ခဲ့တယ် ထင်တယ်။ သူက နာမည်ကို မဖော်ပြချင်လို့ ထိပ်ဆုံးက ကျောက်တုံးမှာ ဘာမှ ရေးမသွားတာပဲ”

“ကောင်းကင်ဖွေရှာ နန်းတော်မှာ အဲဒီလို ပါရမီရှင်မျိုး ရှိနေပြီလား”

ဖုန်းကျန့်ချိုးက တုန်ယင်လာသည့်် အထိ စိတ်လှုပ်ရှား လာလေသည်။ မကြာခင်တွင် ပိုင်စုတင်း ပြောသည်များက မှန်ကန်နိုင်ကြောင်း နိဂုန်းချုပ်လိုက်လေ၏။ အကြောင်းမှာ ထိုသို့သော တပည့်မျိုးသာ မည်သူမျှ မရှိချိန် ကောင်းကင်ဖွေရှာ လှေကားကို တက်၍ နာမည် မချန်ထားခဲ့ခြင်း ဖြစ်ရမည်။

“ကျွန်မလည်း လူလွတ်ပြီးတော့ ကောင်းကင်ဖွေရှာ နန်းတော်ကနေ ထွက်မသွားတဲ့ တပည့်တွေကို လိုက်စစ်ဆေး ခိုင်းထားတယ်။ အဲဒါဆိုတော့ မကြာခင် အဖြေသိရမှာပါ”

ပိုင်စုတင်းက ပြောလိုက်သည်။ သူမ စိတ်ထဲတွင် သူမက ထိုသို့သော ပါရမီရှင် တပည့်မျိုးကို ကောင်းကင်ဖွေရှာ နန်းတော်တွင် အမှန်တကယ် ပေါ်ပေါက် လာပါစေဟုသာ မျှော်လင့် နေလေ၏။

ဖုန်းကျန့်ချိုးက ခေါင်းညိတ် လိုက်ပြီး ပြောလိုက်သည်။

“နောက်တစ်ခုက အခုတလော ပြန့်နေတဲ့ ကောလာဟလတွေ အရဆိုရင် နယ်လှည့် ကျင့်ကြံသူ ၂၇၀၅ကို ကျန်းမို နယ်မြေရဲ့ ချိန်ဟောင်ယီ ခေါ်သွားတယ်တဲ့။ ပြီးတော့ သူ့မှာရှိတဲ့ ရတနာကြောင့် ချိန်ဟောင်ယီက လိုက်နေတာ ဖြစ်နိုင်တယ်”

တုံ့ပြန်သော အားဖြင့် ပိုင်စုတင်းက သက်ပြင်းသာ ချလိုက်တော့သည်။

“အဲဒါတွေက အမှန် ဖြစ်နေရင်တောင် ကောင်းကင်ဖွေရှာ နန်းတော် အနေနဲ့ ဘာမှလုပ်လို့ မရဘူး။ နယ်လှည့် ကျင့်ကြံသူ ၂၇၀၅က သူ့လမ်းသူ ရွေးသွားလို့ ဒီလိုမျိုး တွေ့ကြုံ သွားတာက ကံတရားပဲ။ ဟူး ... ကျွန်မတို့ အတွက် ပြောချင်ရာ ပြောခွင့် ပြုပေးနိုင်မည့် ပျောက်ဆုံး နယ်မြေက ထူးချွန်လှတဲ့ ပါရမီရှင်ကို ဘယ်တော့များမှ မွေးထုတ် ပေးနိုင်မှာလဲ”

သူမ စကားအဆုံးတွင် ပိုင်စုတင်း မျက်နှာတွင် ဝမ်းနည်းမှုများ အရိပ်အယောင် သန်းနေလေ၏။ နယ်ခြား ကျင့်ကြံသူများက ပျောက်ဆုံး နယ်မြေ ကျင့်ကြံသူ အားလုံးကို အမြစ်ဖြတ် သုတ်သင်နေစဉ် သို့မဟုတ် ကျန်းမိုနယ်မြေမှ အားကောင်းသော ကျင့်ကြံသူများ ရောက်လာပြီး သူတို့ကို စိတ်အား ငယ်စေသည့် အချိန်များတွင် သူမက ပျောက်ဆုံးနယ်မြေ ခေါင်းဆောင် တစ်ယောက် ဖြစ်ရက်နှင့် ဘာမှ မလုပ်ဆောင် နိုင်ခဲ့ချေ။ ထို့ကြောင့် ကျန်လူများမှာ ဘာတတ် နိုင်မည်နည်း။

“ဂိုဏ်းချုပ်ဖုန်း ဘာတွေ ဖြစ်နေတာလဲ”

ရှားမူ အမူအရာက ပျက်ယွင်းလာလေပြီ။ သူက ကောင်းကင်ဖွေရှာ လှေကားကို တက်ချင် ခဲ့သော်လည်း သူ့အား အနိုင် ရပြီးသားသူ ရှိနေလိမ့်မည်ဟု မည်သူက ကြိုသိမည်နည်း။

ဖုန်းကျန့်ချိုးက ရှင်းပြဖို့ရာ အလျင်အမြန် သွားလိုက်ရင်း

“သံတမန်ရှား ... ကျုပ်လည်း ဒီလိုကိစ္စမျိုး ကောင်းကင်ဖွေရှာ နန်းတော်မှာ ကြုံလာ လိမ့်မယ်လို့ သေချာ မသိသေးဘူး။ ကောင်းကင်ဖွေရှာ လှေကားထိပ်ကို မရောက်နိုင်တဲ့ အချက်ကြောင့်သာ မဟုတ်ရင် တစ်ယောက်ယောက်များ မရိုးမသား လုပ်ထားတာလို့ သံသယ ဝင်မိလိမ့်မယ်။ ဒါပေမဲ့ ကောင်းကင်ဖွေရှာ လှေကားထိပ်ထိ တက်ပြီး သူ့နာမည်ရေးမှ အဆင့်တစ် ဖြစ်နိုင်မှာ”

ရှားမူက ဖုန်းကျန့်ချိုးသည် သူ့အား အဓိပ္ပာယ် မရှိသည်များ လျှောက်ပြောနေပြီး အနည်းငယ်ပင် လှောင်ပြောင် နေသည် ဟုသာ ထင်နေလေသည်။ တစ်ယောက်မှ ထိပ်ဆုံးထိ မတက်နိုင်လျှင် နံပါတ်တစ်သည် ရှားမူအတွက် ကိစ္စမရှိပေ။

သူက ဖုန်းကျန့်ချိုး စကားများကို စိတ်ထဲ မထားတော့ပေ။ သူက ကောင်းကင်ဖွေရှာ လှေကား၏ အမြင့်ဆုံးနေရာကို တက်လှမ်းနိုင်ပြီး သူ့နာမည်ကို ရေးထွင်း နိုင်သရွေ့ အမည်မဲ့ လူသားသည် နံပါတ်နှစ်သို့ ဆင်းသွား ရလိမ့်မည်။ ထိုလူနှင့် အဓိပ္ပာယ် မရှိသည်များ ပြောနေမည့် အစား ပျောက်ဆုံး နယ်မြေအား သူ့လုပ်နိုင်စွမ်းကို ပြသဖို့ရန် အဘယ်ကြောင့် မလုပ်နိုင် ရမည်နည်း။

“ကျန်းမိုနယ်မြေကို သွားကြမဲ့ လူအားလုံး မင်းတို့တွေက ယှဉ်ပြိုင်သူ ကြားကနေ အောင်မြင်မှု ရယူ လာနိုင်ကြပေမဲ့ မင်းတို့ရဲ့ အလားအလာကိုလည်း ကြည့်ကြည့်ရအောင်။ အခု ငါတို့တွေ ကောင်းကင်ဖွေရှာ လှေကားထစ်ကို အတူတူ တက်ကြမယ်။ အားလုံးရဲ့ နာမည်တွေကို ကောင်းကင်ဖွေရှာ အဆင့် ဇယားမှာ မြင်ရဖို့ မျှော်လင့်ထားတယ် ....”

ရှားမူက ပထမထစ် ရှေ့တွင် ကျယ်လောင်စွာ ကြေညာ လိုက်လေသည်။

အားလုံးက လက်ခုပ်လက်ဝါး တီးလိုက်ကြပြီး လူအများက ကောင်းကင်ဖွေရှာ လှေကားကို လေးစားခြင်း များနှင့်သာ ကြည့်လိုက်ကြသည်။ သူတို့သည် ကောင်းကင်ဖွေရှာ နန်းတော်၏ တပည့်များ မဟုတ်သည့် အတွက် လှေကားတက်ကြည့်ဖို့ရာ အခွင့်အရေး မရကြချေ။

ထိုသို့သော ကောင်းလှသည့် အခွင့်အရေး တစ်ခုကား သူတို့ရှေ့တွင် ရှိနေသောကြောင့် မည်သူက လက်လွတ် ခံချင်မည်နည်း။ ကောင်းကင်ဖွေရှာ အဆင့်ဇယား ထိပ်တွင် သူတို့နာမည်ကို ရေးထွင်းနိုင်ပါက သံတမန်ရှားက သူတို့ကို သတိထားမိ ပေလိမ့်မည်။

လူထု၏ တုံ့ပြန်မှုကို ကျေနပ်သွားသည့် ရှားမူက လက်ကာပြရင်း ပြောလိုက်သည်။

“အားလုံး အတူတူ တက်ကြမယ်။ ကောင်းကင်ဖွေရှာ လှေကားတွေကို အနိုင်ယူကြစို့”

“အနိုင်ယူကြစို့” ဟူသော စကားလုံးသည် ကောင်းကင်ဖွေရှာ နန်းတော်မှ လူများကို အတော်လေး အဆင် မပြေစေပေ။ သို့သော် ကျင့်ကြံသူ အများအပြားက ထိုစကားများကို ကြားပြီး စိတ်လှုပ်ရှား သွားကြလေသည်။ ကောင်းကင်ဖွေရှာ နန်းတော်မှ ကောင်းကင်ဖွေရှာ လှေကား ထစ်များကို အနိုင်ယူ နိုင်ဖို့ရန်က အားလုံး၏ စိတ်ထဲ၌ အိမ်မက် ဖြစ်လာလေသည်။

ရှားမူက ကောင်းကင်ဖွေရှာ လှေကားကို ပထမဆုံး ခြေချလိုက်သည့်သူ ဖြစ်၏။ သူက တစ်ထစ်မှ နှစ်ထစ်သို့ အလွယ်တကူ တက်လိုက်ရင်း သူ့စိတ်ထဲတွင် လေးလံ လာလေ၏။

ထိုသို့သော ဖိအားမျိုးသည် သူ့အတွက် ဘာမှ မဟုတ်သော်လည်း ဒုတိယ အထစ်၏ ဖိအားမှာ ပထမ အထစ်ထက် နှစ်ဆ ပိုများကြောင်း သိလိုက်၏။ သူသာ ၁၀၈ ထစ်ထိ ရောက်သွားခဲ့လျှင် မည်သို့သော ကြောက်မက်ဖွယ် ဖိအားကို ရင်ဆိုင်ရမည်နည်း။

သို့သော် သူက စိတ်ကို တည်တည်ငြိမ်ငြိမ် ထားလိုက်လေသည်။ သူ့အသက်က မကြီး သေးသောကြောင့် ဤနေရာရှိ လူသားအဆင့်လွန် ကျင့်ကြံသူများထက်ပင် ပိုငယ်ရွယ် နေသေး၏။ ထို့အပြင် သူက မြေကမ္ဘာ အဆင့်လွန်ဆုံးကို ဝင်နိုင်ခြေရှိသည့် ဖြစ်တည်ခြင်းမဲ့ နတ်ဘုရားအဆင့် ဖြစ်လေသည်။ ထို့ကြောင့် ပျောက်ဆုံး နယ်မြေတွင် သူ့ထက် ကျော်သည့်သူ ရှိကြောင်း မယုံကြည်ပေ။

သို့သော်လည်း နံပါတ်တစ် နေရာမှ အမည်မဲ့ လူသားအကြောင်း တွေးမိသောအခါ စိတ်ရှုပ်ထွေးမှုက မြင့်တက် လာလေသည်။ မူလက သူသည် ကောင်းကင်ဖွေရှာ လှေကားထိပ်ဆုံးသို့ မရောက်လျှင်ပင် အဆင့်တစ် ရဖို့ရာက သူ့အတွက် ပြဿနာ တစ်ရပ် မဟုတ်ချေ။ သို့သော် လက်ရှိ အဆင့်တစ်သည် ၁၀၈ ထစ်ထိ တက်လှမ်း နိုင်ခဲ့သည်။

သူက ခေါင်းမော့ကာ အဆုံးမရှိဟန်‌ ပေါ်နေသည့် ကောင်းကင်ဖွေရှာ လှေကားကို ကြည့်လိုက်တော့သည်။ ရှားမူက အသက်ပြင်းပြင်း ရှူရှိုက် လိုက်လေသည်။ အကယ်၍ သူသာ အကောင်းဆုံး ကြိုးစားပါက ထိပ်ဆုံးအထိ ရောက်နိုင် သွားမည်ကို မည်သူ သိမည်နည်း။

ရှားမူက ကောင်းကင်ဖွေရှာ လှေကားကို ပထမဆုံးတက်သူ ဖြစ်ကာ နောက်မှ ပျောက်ဆုံး နယ်မြေမှ ကျင့်ကြံသူ ရာကျော်က လိုက်တက် လာကြလေသည်။ ယခင်က ကောင်းကင်ဖွေရှာ လှေကားကို တက်ဖူး ကြသည့် ကုန်းကျီဟန်နှင့် ဖုန်းလော့ကျန်းတို့ပင် နောက်တစ်ကြိမ် ပြန်တက် ကြလေသည်။

ကောင်းကင်ဖွေရှာ လှေကား နေရာကျယ်တွင် တိတ်ဆိတ် သွားကြပြီး များပြားစွာသော ကျင့်ကြံသူများက လှေကားထစ်ကို ကြိုးစား တက်နေကြသည့် ပါရမီရှင်များကို လေ့လာ နေကြလေသည်။

ဖုန်းကျန့်ချိုးက ပိုင်စုတင်းကို လှည့်ကြည့် လိုက်ပြီး သူ့ကိုယ်သူ သက်ပြင်းသာ ချလိုက် တော့သည်။ အကယ်၍ ပိုင်စုတင်းသာ လှေကား သွားတက်ပါက သူမလည်း လှေကားထစ် ၁၀၀ကိုတော့ ကျော်လိမ့်မည်။

ရှားမူက လှေကားထစ် ၄၀မြောက်သို့ ရောက်လာသည့် အခါ အားစိုက် ထုတ်ရတော့သည်။ သူက မည်မျှပင် အရည်အချင်း ရှိနေပါစေ ကောင်းကင်ဖွေရှာ လှေကားထိပ် ရောက်ရှိနိုင်မည့် အခွင့်အရေးကား နည်းပါး လှကြောင်း သူ့အတွက် ပထမဆုံး အကြိမ် ခံစားဖူးခြင်း ဖြစ်၏။

နောက်ထပ် လေးနာရီ ကုန်ဆုံး သွားပြီးနောက် ရှားမူက လှေကားထစ် ၇၀ မြောက်ကို ရောက်ရှိ သွားသောအခါ သူ့အမြန်နှုန်းကား နှေးကျလာလေသည်။

ထို့အပြင် ထိုသည်က ကျန်းမိုနယ်မြေမှ သံတမန်ကို ပထမဆုံး အကြိမ် တစ်ယောက်ယောက်က ကျော်တက် သွားခြင်း ဖြစ်၏။

ထိုကိစ္စက ရှားမူကို အလွန်အမင်း အံ့အား သင့်သွားစေသည်။ ကောင်းကင်ဖွေရှာ လှေကားမှ ဖိအားများသည် ကျင့်ကြံဆင့် မြင့်သူများအတွက် ပိုများပြားသော်လည်း ပျောက်ဆုံးနယ်မြေမှ တစ်ယောက်က သူ့အား ကျော်တက် သွားလိမ့်မည်ဟု မယုံကြည်နိုင်ပေ။ အကြောင်းအရင်းမှာ ကျင့်ကြံဆင့် မြင့်လေလေ ထိုသူ၏ ခံနိုင်ရည်လည်း ပိုမြင့်မားလေ ဖြစ်သောကြောင့် ဖြစ်၏။ ထို့အပြင သူက အတော်လေး ငယ်ရွယ်သေး၏။ ကောင်းကင်ဖွေရှာ လှေကားက အသက်ငယ်လျှင် ဖိအားနည်းလေ မဟုတ်ပေဘူးလား ....

ရှားမူ အသိ ပြန်ဝင်လာစဉ်တွင် နောက်တစ်ယောက်က သူ့အား ကျော်တက် သွားပြန်လေသည်။ ယခု ရှားမူ အမူအရာများက ပုံဆိုးပန်းဆိုး ဖြစ်လာလေသည်။ သူက လှေကားကို စမတက်ခင် သေချာပေါက် အဆင့်တစ် ရရမည်ဟု မကြွေးကြော်ခဲ့၍သာ ကံကောင်း ပေတော့သည်။

သူ့ သဘာဝစွမ်းအားများကို စုစည်းပြီး ရှားမူက အမြန်နှုန်းမြင့်လိုက်သည်။

၈၀ ထစ် ...

၉၀ ထစ် ...

လူအများက ဆက်မတက် နိုင်တော့သောကြောင့် စတင်၍ လက်လျော့ ကြကုန်သည်။ သို့သော် ရှားမူက နံပါတ်တစ် ရအောင် မယူနိုင်ခဲ့ပေ။ ထို့အစား သူက နံပါတ်သုံးဖြင့်သာ ကျန်ရှိ နေလေ၏။ နံပါတ်တစ်နှင့် နှစ်ကား အားလုံး သိကြသောသူများ ဖြစ်၏။ တစ်ယောက်မှာ ကာကွယ်သူ ရှူ ချီးကျူးထားသည့် အသာလွန်ဆုံး လျှပ်စီးဝိညာဉ်ကြောဖြင့် ယွမ်ဒန်အဆင့် တက်လှမ်း ထားသည်မှာ မကြာသေးသည့် လိန်ဟုန်ကျီ ဖြစ်၏။

ဒုတိယမှာ ကြီးမြတ်ရန်ကျုံးမှ ယွမ်ဒန်အဆင့် ၉ ဖြစ်သည့် ပါရမီရှင် ရှီယီရွမ် ဖြစ်သည်။ ဂိုဏ်းတစ်ရာ မဟာမိတ် အဆင့်ဇယားတွင် သူက နယ်လှည့် ကျင့်ကြံသူ ၂၇၀၅နောက် ဒုတိယ နေရာ ဖြစ်၏။

ကျင်းရှုရှန်းက အတော်လေး စိတ်လှုပ်ရှား မိနေသည်။ အကြောင်းအရင်းမှာ သူ့ကြီးမြတ်ရန်ကျုံးမှာ ကောင်းကင်ဖွေရှာ နန်းတော် အထက်တွင် ရှိနေသောကြောင့် ဖြစ်၏။ ယခု ကောင်းကင်ဖွေရှာ လှေကားကို တက်သည့် အခါလည်း အခြေအနေကား မပြောင်းလဲသွားပေ။

အမည်မဲ့ အဆင့်တစ်မှ လွဲ၍ ကုန်းကျီဟန်မှာ ကောင်းကင်ဖွေရှာ အဆင့်ဇယားတွင် ဒုတိယ နေရာ ဖြစ်ပြီး သူက ၉၂ ထစ်ထိ တက်လှမ်း နိုင်ခဲ့သည်။

ထိုစဉ် ကြီးမြတ်ရန်ကျုံးမှ ရှီယီရွမ်က ၉၄ ထစ်ထိ ရောက်ရှိခဲ့လေသည်။ ထို့အပြင် ကြီးမြတ်ရန်ကျုံးမှာ နောက်ထပ် ပါရမီရှင် လိန်ဟုန်ကျီက ၉၈ ထစ်ထိ တက်ခဲ့သည်။

သွေးတစ်လုတ် မျိုချ လိုက်ပြီးနောက် ရှားမူက ဆေးလုံး သောက်လိုက် ရတော့သည်။ ထို့နောက် သူက ၉၄ ထစ်ထိ တက်လှမ်း နိုင်သွား၏။

၉၅ထစ်မြောက်တွင် ရှီယီရွမ်က ရပ်တန့်လိုက်ပြီး သူ့နာမည်ကို ရေးထွင်း လိုက်တော့သည်။

ရှားမူက သူ့ရှေ့တွင် ၉၅ ထစ်မြောက်ကို မြင်နေရသော်လည်း အလှမ်း ကွာလှသည်ဟု ခံစားမိနေသည်။ သက်ပြင်း ချလိုက်ပြီး သူက အဆုံးသတ် ရောက်သွားပြီ ဖြစ်ကြောင်း သိလိုက်သည်။ သူက နာမည်ကို ချန်မထား ချင်သော်လည်း အားလုံးက သူ့ကို စောင့်ကြည့် နေကြ၍ သူ့နာမည်ကို မရေးထွင်းခဲ့ပါက အခြားသော သူများက သူ့အား စိတ်ထား ကျဉ်းမြောင်းသူဟု ထင်ကြလိမ့်မည်။ တွေဝေမှု အနည်းငယ်ဖြင့် ရှားမူက ကျောက်တုံးတွင် “ကြယ်တာရာ ဘုရင်တောင်မှ ရှားမူ” ဟု နာမည် ချရေး လိုက်ရတော့သည်။

ထိုစကားလုံးများကို ရေးပြီးနောက် ကောင်းကင်ဖွေရှာ လှေကားမှ ဆင်းလာ လိုက်တော့သည်။

“မဆိုးဘူး။ မဆိုးဘူး။ ကျန်းမိုနယ်မြေက ရွေးချယ်ထားတဲ့ ပါရမီရှင်တွေ များတာပဲ”

ရှားမူက စိတ်ဓာတ် ကျနေသော်လည်း ပြုံးထားရင်း ချီးကျူးလိုက်ရသည်။

သို့သော်လည်း သူ့ကို တစ်ယောက်မျှ အထင် မသေးကြပေ။ ကောင်းကင်ဖွေရှာ လှေကား ၉၄ ထစ်သို့ ရောက်ရှိဖို့ရာ ပါရမီရှင်များ ကြားမှ ပါရမီရှင်သာ ဖြစ်နိုင်သည့် အတွက် ဖြစ်၏။ ကောင်းကင်ဖွေရှာ နန်းတော်က ရှားမူကို ပါရမီရှင်ဟု တွေးကြလေ၏။ အကြောင်းမှာ သူတို့၏ အားအကောင်းဆုံး ကုန်းကျီဟန်ပင် ဒုတိယ အကြိမ် ကြိုးစားမှုတွင်လည်း ၉၂ထစ်ထိသာ ရှိနေဆဲ ဖြစ်လေသည်။

“ဂျူနီယာညီမလေး ယန်အာ အရမ်း စိတ်ဓာတ် ကျမနေပါနဲ့။ မင်းသာ ယွမ်ဒန်အဆင့် ရောက်သွားရင် သေချာပေါက် ၁၀၀ ထိ ရောက်လာလိမ့်မယ်။ လူသား အဆင့်လွန် ကျင့်ကြံသူတွေက ကောင်းကင်ဖွေရှာ လှေကားတက်ဖို့ အရည်အချင်း နည်းသေးတယ်လေ”

ယန်အာက ကောင်းကင်ဖွေရှာ လှေကားကို တက်ပြီးနောက် စိတ်ဓာတ် ကျနေသည်ကို မြင်၍ ရှီကျင်းဝမ်က နှစ်သိမ့် ပေးနေလေသည်။ သူမ၏ ဆရာ ဖွားဖွား လင်းလောင် ပျောက်ဆုံး သွားသောကြောင့် သူမအတွက် ယန်အာက ဆေးလုံးဘုံ စေတီ၏ အနာဂတ် ဖြစ်ပေသည်။

တစ်ယောက်မျှ ကောင်းကင်ဖွေရှာ နန်းတော်၏ နံပါတ်တစ် ပါရမီရှင် ဆင်းလာသည်ကို စိတ်ထဲမရှိကြပေ။ အားလုံးက ၉၉ထစ်ထိ တက်လှမ်းနိုင်ခဲ့သည့် လိန်ဟုန်ကျီကိုသာ ကြည့်နေကြပြီး အသာလွန်ဆုံး လျှပ်စီး ဝိညာဉ်ကြောနှင့် ထိုလူသည် ၁၀၀ ထစ်မြောက်ကို တက်နိုင်မလား သို့မဟုတ် ကောင်းကင်ဖွေရှာ လှေကားကို အနိင်ယူရန် ၁၀၈ ထစ်ထိ ရောက်ရှိနိုင်မလား ဆိုတာ သိချင် နေကြသည်။

***

All Chapters