ဆေးလုံးလာပို့တာပါ ကောင်းကင်ဂိတ်မြို့
Vol. 18 Ch. 246
တျန်းဂျီဂိုဏ်း အစွန်ဖျားပိုင်းတွင် တည်ရှိပြီး မင်ဟန် အင်ပါယာနှင့် နီးကပ်သည့် အတွက် ဤနေရာမှာ စည်ပင် ကြွယ်ဝလှသည်။ မြို့အသေးလေး ဖြစ်သော်လည်း ကျင့်ကြံသူများက ဝင်ချည် ထွက်ချည်ဖြင့် အလုပ် ရှုပ်နေကြသည်။ ထို့အပြင် တျန်းဂျီဂိုဏ်း ကာကွယ် ပေးမှုနှင့်အတူ ဤမြို့ငယ်လေးက တဖြည်းဖြည်းချင်း တိုးတက်လာပြီး အဆင့်နိမ့် ကျင့်ကြံခြင်း မြို့လေး ဖြစ်လာလေသည်။
သို့သော်လည်း တျန်းဂျီဂိုဏ်းကို အမြစ်ဖြတ် သုတ်သင် ခံရပြီးနောက်တွင် ဤနေရာကား ရေပူဖောင်းလေး ကဲ့သို့ ပျောက်ကွယ် သွားလေသည်။
တျန်းဂျီတောင်များတွင် ဓားပြများစွာ ရှိလေသည်။ ထိုဓားပြများမှ လွဲ၍ စီးပွားရေး ကိစ္စများက တျန်းဂျီဂိုဏ်း၏ မင်ဟန် တျန်းရှန်း မဟာမိတ်အဖွဲ့ လက်ဝါးကြီး အုပ်ထားသည့် နေရာ၌ တည်ရှိလေသည်။ ထို့ကြောင့် သာမန် စီးပွားရေး သမားများ အတွက် ဤနေရာသို့ လာ၍ စီးပွား လုပ်ခြင်းမှာ သေခြင်းတရားကို လက်ယက် ခေါ်သည်နှင့် တူလှသည်။
လက်ရှိတွင် ကောင်းကင်ဂိတ်မြို့ အပြင်ဘက်တွင် ယာဉ်ပျံတစ်စင်း ဆင်းသက် လာလေသည်။ ထိုယာဉ်ပျံမှ လူလေးယောက် ထွက်လာကာ ထိုလူများမှာ မိုဝူကျီ ညွှန်ကြားချက် အတိုင်း ကောင်းကင် ဂိတ်မြို့တွင် စောင့်နေကြမည့် ဖူချန်းတို့ အုပ်စုပင် ဖြစ်ကြသည်။ သို့သော်လည်း ကောင်းကင်ဂိတ် မြို့သို့ ရောက်ရှိလာပြီး နောက်တွင် သူတို့ရှေ့မှ မြင်ကွင်းကို အတော်လေး ကြောင်သွား ကြလေသည်။
ကောင်းကင်ဂိတ် မြို့မှာ ကျတ်တီးမြေ အဖြစ် မပိုပေ။ လမ်းပေါ်တွင် အလောင်းပင် မဆွေးသေးသည့် လူသေများပင် ရှိနေသေး၏။ တစ်ချိန်က စည်ကားခဲ့သော မြို့လေးမှာ ယခုအခါ မှုန်မှိုင်း၍ ငရဲတံခါး အလား ချောက်ချားဖွယ် ကောင်းလှသည်။
“ခွေးကောင်တွေ”
စန်ယီပင်းက လက်သီး ဆုပ်ထားရင်း ကျိန်ဆဲ လိုက်တော့သည်။
ဖူချန်းက သူ့ဆူးတင်းပုတ်ကို ဆုပ်ကိုင်ထားရင်း အသံနိမ့်၍ ပြောလိုက်သည်။
” တကယ့်ကို ခွေးကောင်တွေပဲ ...”
ကျန်ရှိနေသော လူများမှာ တိတ်ဆိတ် နေကြသည်။ အကြောင်းရင်းမှာ ကောင်းကင်ဂိတ် မြို့က ထိုလောက်အထိ ဖြစ်သွားပြီ ဖြစ်၍ သူတို့က မည်သို့ ပြန်လည် ထူထောင်ရမည်နည်း။ အသစ် ပြန်ဆောက်လျှင်ပင် လူများက လာရဲကြမည်လား ...
မိနစ် အနည်းငယ် အကြာတွင် ရှိုက်ကြီးတငင် ငိုကြွေးမှုကြောင့် လေးယောက်သား ငေးမောရာမှ အသိ ပြန်ဝင်လာကြသည်။ အမိုးပါသော စခန်းချ လှည်းလေးကို မြင်လိုက်ရပြီး ထိုလှည်း အနောက်ဖက်တွင် ဓားပြ ဆယ်ယောက်ကျော်က ဓားအကြီးကြီးတွေ ကိုင်ဆွဲရင်း လိုက်ဖမ်း နေလေသည်။ လိုက်အဖမ်းခံရသော အမျိုးသမီးငယ်လေးမှာ နှေးကွေး သွားသောကြောင့် ချက်ချင်း မိသွားပြီး ဓားတစ်ချက် အဝှေ့ဖြင့် ခေါင်းဖြတ် ပစ်လိုက်လေသည်။
“အဲဒါတွေက မင်ဟန်အင်ပါယာရဲ့ မင်းသား (၂၆) ပိုင်ဖန်ကျန်း လူတွေ၊ ဘာလုပ်ကြမလဲ”
နှဲ့ကျန်းနွန်က ဓားကို ဆုပ်ကိုင် ထားသည်မှာ လက်မှ သွေးကြောများပင် မြင်နေရလေ၏။
မင်ဟန်အင်ပါယာ၏ ပိုင်ဖန်ကျန်းသည် တျန်းဂျီဂိုဏ်း တောင်ခွဲသို့ အတင်း ဝင်ရောက်ခဲ့ပြီး ပြစ်မှု အမျိုးမျိုး ကျူးလွန်ခဲ့ဖူးသည်။ တျန်းဂျီဂိုဏ်းသား တစ်ဦးဖြစ်သည့် နှဲ့ကျန်းနွန်သည် ထိုအပြုအမူများဖြင့် ရင်းနှီးနေကြောင်း သက်သေ ပြနေလေသည်။
စန်ယီပင်း ပြောဖို့ရာပင် မစောင့်တော့ဘဲ ဖူချန်းက နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။
“ဘာလုပ်ရမှာလဲ။ စီနီယာ ခေါင်းဆောင် အစ်ကိုကြီးက ကျုပ်တို့ကို ဘယ်သူမြင်မြင် သတ်ဖို့ မှာထားတယ် မလား”
စန်ယီပင်း မျက်လုံးများက နီရဲလာကာ ပြောလိုက်လေသည်။
“ကျွန်မတို့တွေ စီနီယာ အစ်ကိုကြီး ပြောတဲ့အတိုင်း အားလုံးကို သတ်ကြတာပေါ့”
စန်ယီပင်းနှင့် အခြားလူများ တုံ့ပြန်မှုကိုပင် မစောင့်တော့ဘဲ ဖူချန်းက သိုးများဆီ ပြေးခုန် ဝင်လာသည့် ကျားတစ်ကောင် သဖွယ် အားအပြည့်ဖြင့် ဝင်ချသွားတော့သည်။ သူက ဆူးတင်းပုတ်ကို သဘာဝ စွမ်းအားများဖြင့် ယမ်းလိုက်သည့်အခါ ထိုမြင်းစီး ဓားပြများက မြင်းများပေါ်က ပြုတ်ကျ လာသည်မှာ ရေနွေးအိုးထဲ ထည့်လိုက်သည့် ပေါက်စီများ အလား ဖြစ်သွား ကြတော့သည်။
အသက်ရှူကြိမ် ဆယ်ကြိမ်ခန့်တွင် ထိုမြင်းစီးဓားပြ ဆယ်ယောက်ကျော်ကို ဖူချန်းက နှိမ်နှင်း ပြီးသွားလေပြီ။ ထွက်ပြေး နေကြသော စီးပွားရေး သမားများမှာ အလွန် ကြောက်လန့် နေကြ၍ ဆက်မပြေးဖို့ ဆုံးဖြတ် လိုက်တော့သည်။
အညိုရောင် ဝတ်စုံနှင့် လူလတ် အမျိုးသားကြီးက ဖူချန်းဆီ လျှောက်လှမ်းလာပြီး ဒူးထောက်ကာ
“အသက် ကယ်တင်ပေးတဲ့ အတွက် အင်မော်တယ် ဆရာကို ကျေးဇူး အများကြီး တင်ပါတယ်”
ထိုအမျိုးသား ဒူးထောက်နေသည်ကို တွေ့ပြီး ကျန်ရှိနေသော စီးပွားရေး သမားများလည်း သူတို့ သဘောထားကို ဖော်ပြရန် ဒူးထောက် လိုက်ကြတော့သည်။ အားလုံး၏ အကြည့်တွင် မိသားစု ဆုံးရှုံး လိုက်ရသည့် နာကျင်မှုများ ရှိနေသော်လည်း ယခုအချိန် မဖော်ပြရဲချေ။
စန်ယီပင်းက လျှောက်လာကာ ပြောလိုက်သည်။
“အားလုံး ထကြပါ”
“ဟုတ်ကဲ့”
အားလုံးက သာမန် အရောင်းသမားများ ဖြစ်ကြပြီး လူသား အဆင့်လွန် ရောက်နေသည့် ကျင့်ကြံသူ တစ်ယောက်သာ ပါရှိလေသည်။ သူသည်ပင် တကယ့် အစစ်အမှန် ကျင့်ကြံသူများ ရှေ့တွင် ပုရွက်ဆိတ် သဖွယ် သေးငယ်မှုကို ခံစားနေရသည်။
“ရှင်တို့တွေ ဘယ်ကလာကြတာလဲ။ တျန်းဂျီဂိုဏ်း ပျက်စီးသွားပြီ ဆိုတာ မသိကြဘူးလား။ ဒီကိုလာပြီး ရောင်းရဲ သေးတယ်လား”
စန်ယီပင်းက တစ်ဆက်တည်း မေးခွန်းများ မေးချလိုက်သည်။ လူလတ် အမျိုးသားက သက်ပြင်းချကာ
“ကျုပ်နာမည်က ဖန်ကျန့်ရှုပါ။ ကျုပ်တို့က မင်ဟန် အင်ပါယာက သာမန် ကုန်သည်တွေ။ တျန်းဂျီဂိုဏ်းရဲ့ မတော်တဆမှု အပြီး ကျုပ်တို့က ဒီမရောက်တာ တစ်နှစ်ကျော် ကြာသွားပြီဆိုတော့ ကံများ ကောင်းမလားလို့ လာကြည့်ကြတာပါ။ အခြား ကုန်သည်တွေနဲ့ လာခဲ့ပေမဲ့ ဒီလို ကံဆိုးမှုနဲ့ ကြုံတွေ့ရတော့ လူ ၂၀၀ မှာ အယောက် ၅၀ပဲ ကျန်တော့တယ်”
သူ မပြောလိုက်သည့် တခြားသော ပိုအရေးကြီးသည့် အကြောင်းပြချက်များ ရှိနေသေးသည်။ အင်မော်တယ် အကာအကွယ် မပါရှိသည့် သူတို့ကဲ့သို့ သာမန် ကုန်သည်များသည် အုတ်ကြား မြက်ပေါက် ရှင်သန်နေရခြင်း ဖြစ်သည်။ အကယ်၍ သူတို့သာ ကူးသန်း ရောင်းဝယ်ရေးကို အချိန် အတော်ကြာ မလုပ်ဆောင်ပါက သူတို့သည် ထိုစီးပွားရေး လောကမှ ပျောက်ကွယ် သွားလိမ့်မည်။ ဤလမ်းကြောင်းကို မလာဘဲ တစ်နှစ် တောင့်ခံနိုင်သည်ကိုက အတော်လေး အံ့အားသင့်ဖွယ် ဖြစ်နေလေသည်။
စန်ယီပင်းက တစိမ့်စိမ့် တွေးတောရင်း ပြောလိုက်သည်။
“ကျွန်မက တျန်းဂျီ ဂိုဏ်းသားပါ။ ကျွန်မတို့ တျန်းဂျီဂိုဏ်းရဲ့ ဂိုဏ်းချုပ် အသစ်က တျန်းဂျီဂိုဏ်းကို ပြန်လည် ထူထောင်ဖို့ ဆုံးဖြတ်ထားတာ ဆိုတော့ ကောင်းကင် ဂိတ်မြို့လည်း ပြန်လည် တည်ဆောက် ပေးလိမ့်မယ်”
စန်ယီပင်း စကားမဆုံးခင် ဖန်ကျန့်ရှု မျက်နှာတွင် အတော်လေး အံ့အား သင့်သွားသည့် အမူအရာများ ဖြစ်ပေါ် လာလေသည်။ သူမျှတင် မဟုတ်ပေ။ ကျန်ရှိနေသော သူများမှာလည်း အတူတူပင် ဖြစ်ကြသည်။
ဖူချန်းနှင့် တခြားလူများက မြင်သောအခါ သက်ပြင်းသာ ချလိုက်တော့သည်။ အကြောင်းမှာ ဤကုန်သည် အများစုသည် အသတ်ဖြတ် ခံနေရပြီး တချို့များသည် မိသားစုဝင် များကိုပါ ဆုံးရှုံး ထားရသည်။ မည်သို့ပင် ဆိုစေကာမူ သူတို့သည် တစ်ယောက်ယောက်က တျန်းဂျီဂိုဏ်းကို ပြန်လည် ထူထောင်ဖို့ရာ ကြိုးစား နေသည်ဟု ကြားလိုက်ရသည့် အခါ အတော်လေး ပျော်ရွှင် သွားကြလေသည်။ ဤစီးပွားရေး လမ်းကြောင်းမှာ သူတို့ အသက်ရှင်ဖို့ရာ အတွက် သော့ချက် ဖြစ်ကြောင်း ထင်ရှားလှ၏။ ထိုလမ်းကြောင်း မရှိလျှင် သူတို့သည် မရှင်သန် နိုင်တော့ပေ။ မဟုတ်လျှင် မြင်းစီး ဓားပြများ လက်ချက်ဖြင့် အသက် သေဆုံး သွားလိမ့်မည်။ တျန်းဂျီဂိုဏ်း အကာအကွယ်ဖြင့် အနည်းဆုံးတော့ သူတို့သည် ဆက်လက်၍ အသက် ရှင်နိုင်သေး၏။
ကျင့်ကြံသူပင် ဖြစ်စေ၊ သေမျိုးပင် ဖြစ်နေပါစေ အသက် ရှင်ဖို့ရာက မလွယ်ကူလှပေ။ ကျင့်ကြံသူများ အတွက် ကျင့်ကြံဖို့ရာ အထောက်အပံ့ ရှာဖို့ မလွယ်ကူ သကဲ့သို့ တူညီလှစွာ သေမျိုးများ အတွက်လည်း အသက်ရှင်ဖို့ရာ အစားနှင့် အခြေခံ အသက် ရှင်ဖို့သည့် လိုအပ်ချက်များကို ရှာဖို့ရာ မလွယ်ကူပေ။
“အင်မော်တယ် ဆရာများကို ကျေးဇူး တင်ပါတယ်၊ ကျုပ်တို့တော့ တျန်းဂျီဂိုဏ်းရှိမှ အသက် ရှင်နိုင်တော့မှာ။ တကယ်လို့ ကျုပ်တို့ ကူညီ ပေးနိုင်တာ ရှိရင်လည်း ညွှန်ကြားပေးပါ”
ဖန်ကျန့်ရှုနှင့် အခြားလူများက နောက်တစ်ကြိမ် ဒူးထောက် လိုက်ကြပြန်သည်။
“စီနီယာ အစ်ကိုဖူ ကျွန်မတို့တွေ ဘယ်လို လုပ်ကြမလဲ”
စန်ယီပင်းက ဖူချန်းကို လှည့်ကြည့် လိုက်လေသည်။ စီနီယာ အစ်ကိုကြီး မရှိလျှင် ဖူချန်းသည် အားအကောင်းဆုံး ဖြစ်လေ၏။ ဖူချန်းက လက်ကာ ပြလိုက်ပြီး ပြောလိုက်လေ၏။
“ဂျုနီယာ ညီမလေး ယီပင်းပဲ ဆုံးဖြတ်ချက် ချလိုက်ပါ။ ကျုပ်က တိုက်ခိုက်တာပဲ သိတာ ကျန်တာ မသိဘူး”
စန်ယီပင်းက ဖူချန်းစကားကို ကြားသောအခါ ဖန်ကျန့်ရှုဘက် ပြန်လှည့်၍ ပြောလိုက်တော့သည်။
“အခု ကျွန်မတို့က မြင်းစီး ဓားပြတွေကို သတ်ထားပေမဲ့ ရှင်တို့တွေ ဒီကနေ ထွက်သွားရင် သူတို့အတွက် လက်စားချေဖို့ နောက်ထပ် လိုက်လာ ကြလိမ့်မယ်။ အဲဒါကြောင့် ဒီမှာပဲ ဆက်နေပြီးတော့ ကျွန်မတို့ကို ကောင်းကင်ဂိတ်မြို့ ရှင်းလင်းတာလေး နည်းနည်း ကူညီပေးပါ။ စီနီယာ အစ်ကိုကြီး ရောက်လာတဲ့ အခါမှ ဆက်ဆွေးနွေး ကြတာပေါ့”
“အင်မော်တယ်ဆရာ ညွှန်ကြားတဲ့ အတိုင်း လုပ်ပါ့မယ်”
ဖန်ကျန့်ရှုနှင့် အဖွဲ့က ထိုအကြံပြုချက်ကို မကန့်ကွက်ကြပေ။
သူတို့နောက်ကို လိုက်နေကြသည့် မြင်းစီး ဓားပြများမှာ သေဆုံး သွားကြသော်လည်း ပင်မအုပ်စုက သူတို ပြန်မရောက်လာသည့် အကြောင်းကို လူလွှတ် စုံစမ်းမည်မှာ သေချာလှသည်။ ကျန်ရှိနေသော ဓားပြများသာ သိသွားပါက သူတိုသည် ရှေ့ဆက်တိုး၍ ဖြစ်စေ၊ နောက်ဆုတ်သည် ဖြစ်စေ သေခြင်းတရားသာ စောင့်ကြိုနေလိမ့်မည်။
ဖန်ကျန့်ရှုက ခိုင်ခိုင်မာမာ ပြောလိုက်လေသည်။
“အင်မော်တယ် ဆရာများ ... ကောင်းကင်ဂိတ်မြို့ ရှင်းလင်းဖို့ ကျုပ်တို့ တာဝန်ထားလိုက်ပါ။ သေချာပေါက် ဒီနေရာကို အသစ် ပြန်ဆောက်ဖို့ အသင့်ဖြစ်တဲ့ အထိ ရှင်းထားပါ့မယ်”
မြင်းစီးဓားပြများက သူတို့ကို အလွတ်ပေးမည် မဟုတ်ကြောင်းနှင့် သူတို့ဆီ ပြန်လာမည် ဖြစ်ကြောင်း သေချာသည်။ ထိုအင်မော်တယ် ဆရာများက ထိုမြင်းစီး ဓားပြများကို အာရုံ စိုက်ထားစဉ် မြို့ကို ရှင်းလင်းသည့် ကိစ္စကား သူတို့လို စီးပွားရေး သမားလက်ထဲ ထည့်ထား၍ ရလေသည်။
စန်ယီပင်းက ခေါင်းညိတ်ပြကာ
“အဲဒါဆိုလည်း ကူညီပေးပါဦး။ ကောင်းကင်ဂိတ်မြို့ အောင်အောင်မြင်မြင် ပြန်လည် တည်ဆောက် ပြီးရင် ရှင်တို့အားလုံး ဆိုင်တစ်ဆိုင် ရွေးနိုင်ပါတယ် ... ဒါက ရှင့်တို့ အားလုံးကို တျန်းဂျီ ဂိုဏ်းက ပေးတဲ့ လက်ဆောင်ပါ”
ဖန်ကျန့်ရှုနှင့် အခြားလူများက ခေါင်းတရစပ် ညိတ်ပြလိုက်သည်။ သူတို့သည် ကောင်းကင်ဂိတ် မြို့၌ ဈေးဆိုင် ရှိခြင်းကို စိတ်ထဲမထားပေ။ အကြောင်းမှာ တျန်းဂျီဂိုဏ်းက ကောင်းကင် ဂိတ်မြို့ကို ပြန်လည် တည်ဆောက်သော်လည်း မြင်းစီး ဓားပြများတော့ ရှိနေဦးမည် ဖြစ်သည်။ ထို့ကြောင့် သူတို့က တျန်းဂျီဂိုဏ်းကို အသုံးပြု၍ ထိုစီပွားရေး လမ်းကြောင်းကို အသုံးပြု၍ ရလေသည်။ သို့သော်လည်း သူတို့သည် မြို့ထဲတွင် ဆက်ရှိ နေမလားတော့ မသေချာ သေးပေ။
ကုန်သည်များက ကောင်းကင်ဂိတ်မြိုသို့ ဝင်ပြီးနောက် စန်ယီပင်းက ဆက်ပြောလိုက်သည်။
“အခု ကျွန်မတို့တွေက မြင်းစီး ဓားပြတွေကို သတ်ထားပေမဲ့ သူတို့ ပင်ရင်းတော့ ကျန်နေ ဦးမှာပဲ။ အဲဒါကြောင့် စီနီယာ အစ်ကိုကြီး ပြန်မလာခင် အထိ အကြံစည် တစ်ခု ချမှတ်ထားဖို့ လိုတယ်”
ဖူချန်းက စိတ်ထဲမထားဘဲ ဆက်ပြောလိုက်သည်။
“ဒါက မြင်းစီးဓားပြ အုပ်စုလေးပဲ။ တစ်ယောက်လာရင် တစ်ယောက်ကို သတ်ပစ်မယ်။ နှစ်ယောက်လာရင် နှစ်ယောက်ကို သတ်ပစ်မယ်။ စီနီယာ အစ်ကိုကြီး ရောက်လာရင်တော့ ငါတို့တွေ တိုက်မဲ့ အလှည့်ပဲ”
ကောင်းကင်ဖွေရှာ လှေကား နေရာကျယ်ရှေ့
လိန်ဟုန်ကျီ၏ ကျိုးနေသော ခြေထောက်မှာ ကုသဆေးလုံးများ အစွမ်းဖြင့် ပြန်ကောင်း လာနေသည်။ သူက ခေါင်းမော့ကာ ကောင်းကင်ဖွေရှာ နန်းတော်ကို ကြည့်လိုက်သည့် အခါ အားကျနေသော အကြည့်များကို ခံစားမိလိုက်၏။ ထိုခံစားချက်က သူ့အား အလွန် ကျေနပ်စေသည်။
ကောင်းကင်ဖွေရှာ အဆင့် ဇယားတွင် တစ်ခုခု မှားယွင်း နေသည်ကို နှမြောစရာ ကောင်းလှ ပေသည်။ မဟုတ်လျှင် လိန်ဟုန်ကျီသည် အဆင့်တစ် ဖြစ်လိမ့်မည်။
ထိုစဉ် လေဟုန်ခွင်း၍ ဓားပျံတစ်ချောင်း ရောက်ရှိလာလေသည်။ လူသတ် အငွေ့အသက် မရှိသည့် သတင်းပို့ဓားပျံသာ ကောင်းကင်ဖွေရှာ နန်းတော်၏ အကာအရံများကို ဖြတ်၍ ဝင်လာနိုင်မည် ဖြစ်၏။ ထို့ကြောင့် ဤဓားပျံမှာ သတင်းပို့ ဓားပျံ ဖြစ်ကြောင်း ထင်ရှားလှ၏။
အားလုံးက ထိုဓားပျံသည် လိန်ဟုန်ကျီ လက်ထဲ ကျဆင်း သွားသည်ကို မြင်ကြလေသည်။
လိန်ဟုန်ကျီက ထိုဓားပျံကို ဆုပ်ကိုင်ထားရင်း စာတိုကို ထုတ်ကြည့်လိုက်သည့် အခါ တစ်ကိုယ်လုံး တုန်ယင် လာတော့သည်။
“ဟုန်ကျီ ဘာဖြစ်တာလဲ”
ပါရမီရှင်များကို ဂရုစိုက်သည့် ရှုချီဟောင်က လျှောက်လာရင်း မေးလိုက်သည်။ သူက လိန်ဟုန်ကျီကို အထူး အာရုံစိုက်သည်မှာ ထင်ရှားလှသည်။ ထိုလျှပ်စီး ဝိညာဉ်ကြော ကျင့်ကြံသူသည် သူ့အား အံ့အားသင့်စရာ အများအပြား ပေးစွမ်းနိုင်လေသည်။ ထိုလူသည် ကျန်းမို နယ်မြေထဲတွင် ပို၍ တောက်ပလာမည် ဖြစ်ကြောင်း ယုံကြည်သည်။ ဤလူလေးက ကမ္ဘာတစ်လွှား အဆင့် ဇယားတွင် ပါဝင် လာနိုင်လိမ့်မည်ဟုပင် ယုံကြည် ထားလေ၏။
လောကအင်မော်တယ် လျှောက်လာသည်ကို တွေ့၍ လိန်ဟုန်ကျီက နာကျင်မှုကို တောင့်ခံရင်း အလျင်အမြန် ဦးညွှတ်၍ အရိုအသေ ပေးလိုက်သည်။
“ကျွန်တော့် လိန်မျိုးနွယ်စုကို မကြာသေးခင်က တစ်ယောက်ယောက် လာသတ်ဖြတ် သွားတယ်။ ကလေးရော၊ အမျိုးသမီးပါ ချမ်းသာမပေးခဲ့ဘူး ...”
ရှုချီဟောင်က မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
“လက်စား ချေချင်လား”
လိန်ဟုန်ကျီက အသက်ပြင်းပြင်း ရှူလိုက်ပြီး “
ကျွန်တော့ ရန်သူကို သိပြီးသားဆိုတော့ ကျန်းမို နယ်မြေကို အရင်သွားပါ့မယ်။ လက်စားချေဖို့ တစ်ရက် ပြန်လာမှာပါ”
သူက ရန်သူကို သိပြီးသား ဖြစ်၏။ အကြောင်းမှာ စာထဲတွင် တျန်းဂျီဂိုဏ်းမှ တစ်ယောက်သည် ယုလင်းလိန် မျိုးနွယ်စုကို အမြစ်ဖြတ် သုတ်သင်သွားတာ မြင်ခဲ့ကြောင်း ရေးသား ထားလေသည်။
ယခု သူပြန်သွားလျှင်ပင် သူက ထိုလူကို ရှာတွေ့မည် မဟုတ်ပေ။ အကယ်၍ သူ့ကို ရှာလျှင် အချိန် ဖြုန်းတီး နေရုံသာ ဖြစ်နေလိမ့်မည်။ သူ့မသိစိတ်က ကျန်းမိုနယ်မြေမှ ကျင့်ကြံသူ များသည် သူ့ကို မစောင့်ကြောင်း သတိပေးနေလေ၏။ ရှုချီဟောင်က အလွန် ကျေနပ်သွားပြီး
“အရမ်း ကောင်းတယ် ....”
ထိုစကားကို ပြောပြီးနောက် သူက လက်ကို မြှောက်၍ ဧရာမ သင်္ဘောပျံကြီးကို ဆင့်ခေါ် လိုက်ကာ အားလုံးကို ပြောလိုက်တော့သည်။
“အားလုံး သင်္ဘောပေါ် တက်ကြပါ။ အခု ထွက်သွားကြမယ်”
ကျန်းမိုနယ်မြေမှ သင်္ဘောပျံသည် ပျောက်ဆုံး နယ်မြေမှ ပါရမီရှင်များနှင့် ထွက်သွားနေစဉ် မိုဝူကျီက သဏ္ဌာန်မဲ့ နတ်ဓားဂိုဏ်း အနီးအနားရှိ စွန်ဖျားမြို့သို့ ရောက်ရှိနေလေ၏။ သူက စွန်ဖျားမြို့ရှိ လမင်းကိုးစင်း ဆေးလုံးအိမ်တော်ကိုသာ သိ၍ ပင်ရင်း တည်နေရာကို မသိချေ။
လမင်းကိုးစင်း ဆေးလုံးအိမ်တော်သည် ရှိနေဆဲ ဖြစ်သော်လည်း မိုဝူကျီက အထဲ မဝင်သေးပေ။ အကြောင်းမှာ နာမည်က ပြောင်းလဲထား၍ ဖြစ်သည်။ လမင်းကိုးစင်း ဆေးလုံး အိမ်တော်မှ ကျင့်ထီဆေးလုံး အိမ်တော်ဟု ပြောင်းထားလေသည်။
“မိတ်ဆွေ ဘာများ လိုအပ်လဲဗျ”
ဆိုင်အကူက အပေါက်ဝမှ မိုဝူကျီကို မြင်သောအခါ မြန်မြန်ဆန်ဆန် ရောက်လာပြီး မေးမြန်း လိုက်လေသည်။ မိုဝူကျီက လက်နှစ်ဖက်ယှက်လျက်
“အရင် ဒီနေရာမှာ ရှိနေတဲ့ လမင်းကိုးစင်း ဆေးလုံးအိမ်တော် ဘယ်ရောက်သွားလဲ”
“ဘာလို့ လမင်းကိုးစင်း ဆေးလုံး အိမ်တော်ကို ရှာနေတာလဲ”
ဆိုင်အကူက မိုဝူကျီကို သတိထားပြီး အထက်အောက် စုန်ဆန်ကြည့်လိုက်သည်။
မိုဝူကျီက အနည်းငယ် ရယ်မောလိုက်ပြီး
“ကျုပ်က ဆေးလုံးဆရာပါ။ ကျုပ်က လမင်းကိုးစင်း ဆေးလုံး အိမ်တော်ကို ရွှေအသွင် ဆေးလုံး ပေးစရာရှိလို့ ရောက်လာတာပါ”
“ရွှေအသွင် ဆေးလုံးလား”
ဆိုင်အကူက အော်ပြောမိသွား၏။ ထိုဆေးလုံးမှာ မြေကမ္ဘာ အဆင့် တက်လှမ်းနိုင်ရန် ကူညီ ပေးနိုင်သည့် အလွန် ရှားပါလှသည့် ဆေးလုံး ဖြစ်သည်။ ထိုဆေးလုံးက စိတ်စွမ်းအင် ကျောက်တုံးများဖြင့် ဝယ်ယူနိုင်သည့် အရာ မဟုတ်ချေ။ ထို့ကြောင့် ထိုဆေးလုံးများကို ပေးဖို့ရန် ရောက်လာသည်ကို ကြားသောအခါ မယုံကြည်နိုင်ခြင်း ဖြစ်သည်။
***