← Chapters

ကျုပ်မှာ တခြားနာမည်ရှိသေးတယ်

Vol. 18 Ch. 247

ကျုပ်မှာ တခြားနာမည်ရှိသေးတယ်

Vol. 18 Ch. 247

ဆိုင်အကူက ကြာကြာ အံ့ဩချိန် မရလိုက်ဘဲ ပြန်ပြုံးလိုက်ကာ မိုဝူကျီကို ပြောလိုက်တော့သည်။

“ဆေးလုံးဆရာ ... ကျွန်တော် သတင်း ပို့နေတုန်း ခဏလေး စောင့်နေပေးပါဗျ”

ဆိုင်အကူက ဆေးလုံး အိမ်တော်အတွင်း ပြေးဝင်သွားပြီး နှစ်မိနစ်အတွင်း ခေါင်းတုံးပြောင် လူကြီးက ဆိုင်အကူ နှင့်အတူ ကမန်းကတန်း ထွက်လာလေသည်။

“တာအိုရောင်းရင်းက လမင်းကိုးစင်း ဆေးလုံး အိမ်တော်ကို ဆေးလုံးလာပို့တဲ့ ဆေးလုံး ဆရာလား”

ထိုအမျိုးသားက ဆေးလုံး အိမ်တော် အတွင်းမှ ထွက်လာလာချင်း လက်နှစ်ဖက် ယှက်လျက် မိုဝူကျီကို မေးလိုက် လေသည်။ မိုဝူကျီက ခေါင်းညိတ် ပြလိုက်ပြီး သံသယ ရှိဟန်ဖြင့် မေးလိုက် လေသည်။

“ကျုပ်က ဆေးလုံး လာပို့တာ အမှန်ပဲ။ လမင်းကိုးစင်း ဆေးလုံး အိမ်တော်ကို ရွှေအသွင် ဆေးလုံး လာပို့မယ်လို့ ကတိ ပေးထားတယ်။ အဲဒါကြောင့် ရောက်လာတာပဲ။ ဒါနဲ့ ခင်ဗျားက ဘယ်သူလဲ”

“ကျုပ်က ဒီကျင့်ထီ ဆေးလုံး အိမ်တော်က ဆိုင်တာဝန်ခံ ကန်ဟွာပိုင်ပါ။ တာအိုရောင်းရင်း ကျုပ်နဲ့ အရောင်းအဝယ် လုပ်ရအောင်လေ”

ခေါင်းတုံးပြောင် အမျိုးသားက အပြုံးများ ဖောဖောသီသီဖြင့် ဖိတ်ခေါ် လိုက်လေသည်။

“ရတာပေါ့။ ဆိုင်တာဝန်ခံကန် လမ်းပြပေးပါဦး”

မိုဝူကျီက အထဲဝင်ဖို့ရာ လက်ဟန် ပြလိုက်သည်။

ကန်ဟွာပိုင်က မိုဝူကျီကို ဒုတိယအထပ်မှ ဧည့်သည် အခန်းဆီ ခေါ်သွားပြီး ဆေးဝိညာဉ် လက်ဖက်ရည်ကြမ်း လုပ်ပေးရန် တစ်ယောက်ကို မှာကြား လိုက်သေး၏။

“ကျုပ်က ဒီဆေးလုံး ဆရာရဲ့ မူလဇစ်မြစ်ကို မသိသေးပါ့လား။ ဘယ်လိုများ ခေါ်ရမလဲ”

မိုဝူကျီက လက်ခါ ပြလိုက်ပြီး ပြောလိုက်သည်။

“ကျုပ် အရင် လမင်းကိုးစင်း ဆေးလုံး အိမ်တော်က ဆိုင်တာဝန်ခံနဲ့ အလုပ် လုပ်တုန်းက ဒီလို ကိစ္စတွေကို အရေးမထားဘူးဗျ။ အခု ကျုပ်ရှာနေတဲ့ လမင်းကိုးစင်း ဆေးလုံး အိမ်တော်က ဘယ်ရောက် သွားတာလဲ ဆိုတာ သိရင် ကိုယ့်ဘာသာ သွားလိုက်ပါ့မယ် ...”

ကန်ဟွာပိုင်က နေရခက်စွာ ဖြေလိုက်လေသည်။

“ကျုပ်က ဒီဆေးလုံး ဆရာရဲ့ ဇစ်မြစ်ကို မသိရရင် ဘာကိုမျှ ပြောမပြနိုင်ပါဘူး”

မိုဝူကျီက မျက်မှောင်ကြုတ်ကာ …

“ကျုပ်က နယ်လှည့် ကျင့်ကြံသူ တစ်ယောက်ပါ။ ဘာမှ ထူးခြားလှတဲ့ ဇစ်မြစ်တွေ မရှိပါဘူး။ လမင်းကိုးစင်း ဆေးလုံး အိမ်တော်က ဆိုင်တာဝန်ခံနဲ့ ရင်းနှီးခဲ့တာကိုက တိုက်ဆိုင်မှုလေး တစ်ခုပဲ။ အဲဒီနောက် သူ့ကို ဆေးလုံး ကူဖော်စပ် ပေးပြီးတော့ သူက ကျုပ်လိုတဲ့ ဆေးပင်တွေ စုဆောင်း ပေးတယ်။ ရွှေအသွင် ဆေးလုံးကိုတော့ တခြားနေရာက ရလာတာနဲ့ လာပေးမယ် ဆိုပြီး ပြောထားတာ ....”

မိုဝူကျီ စကားများကို ကြားပြီး ကန်ဟွာပိုင်က ဆက်လက် ပြုံးထားရင်း ပြောလိုက်လေသည်။

“လမင်းကိုးစင်း ဆေးလုံး အိမ်တော်ကို တာဝန်ယူထားတဲ့ လူက တခြား တစ်ယောက်ကို စိတ်အနှောင့်ယှက် ပေးမိလို့။ တစ်ဖက်လူ ရန်ရှာမှာ စိုးလို့ ကျုပ်သခင်လေးကို လွဲပြောင်း ပေးခဲ့တာ”

အကြောင်းမှာ သူက မိုဝူကျီ၏ ရွှေအသွင် ဆေးလုံးများမှာ တခြားနေရာမှ ရလာသည်ဟု ကြား၍ မိုဝူကျီ စကားများကို စတင် ယုံကြည်လာခြင်း ဖြစ်၏။ အကယ်၍ မိုဝူကျီက သူကိုယ်တိုင် ဖော်စပ် ထားသည်ဟု ပြောလျှင် ဘယ်တော့မှ ယုံကြည်မည် မဟုတ်ပေ။

“သူက ဘယ်သူနဲ့ ပြဿနာ ဖြစ်ခဲ့တာလဲ”

မိုဝူကျီက အရင်မေးလိုက်သည်။

“ယုလင်းလိန် မျိုးနွယ်စုမှာ လိန်ဟုန်ကျီလို့ ခေါ်တဲ့ လူရှိတယ်”

ကန်ဟွာပိုင်က အသာ ပြောလိုက်ပြီးနောက် စကား အဆုံးတွင် လက်ဖက်ရည်ကြမ်း တစ်ငုံ သောက်လိုက်လေသည်။ ရွှေအသွင် ဆေးလုံးများကို မိုဝူကျီ ဖော်စပ်ထားခြင်း မဟုတ်သည်ကို သိပြီးနောက်တွင် သူက ပို၍ ပေါ့ပေါ့ပါးပါး ဖြစ်လာလေသည်။

ယုလင်းလိန် မျိုးနွယ်စုသည် ယခင်က အဆင့်နိမ့် မျိုးနွယ်စုလေး တစ်ခု ဖြစ်ကာ တခြားသော ဂိုဏ်းလေးကြားတွင် ထူးခြားမှု မရှိလှပေ။ သို့သော်လည်း လိန်ဟုန်ကျီ ပေါ်ထွက် လာပြီး နောက်တွင် ယုလင်းလိန် မျိုးနွယ်စုမှာ ကျန်တာထက် ထိပ်ရောက်ရှိ သွားလေသည်။ မှတ်သား ထားရသည်မှာ လိန်ဟုန်ကျီက ကြီးမြတ်ရန်ကျုံး ဂိုဏ်းမှ ထိပ်တန်း ပါရမီရှင် ဖြစ်ရုံသာမက အသာလွန်ဆုံး လျှပ်စီး သဘာဝ ဝိညာဉ်ကြောလည်း ပိုင်ဆိုင်သေး၏။ ထိုအရာများ အပြင် သူ့ကို ကျန်းမိုနယ်မြေသို့ သွားဖို့ရာ ရွေးချယ် ထားကြောင်း ကောလာဟလများလည်း ရှိသေးသည်။

မိုဝူကျီက ကန်ဟွာပိုင် သဘောထားကို ကြည့်၍ လိန်မျိုးနွယ်စု အမြစ်ဖြတ် သုတ်သင် ခံလိုက်ရသည့် သတင်းမှာ ဤနေရာသို့ မရောက်ရှိသေးကြောင်း သေချာ သွားလေသည်။

“ခင်ဗျားရဲ့ သခင်လေးက ဘယ်သူလဲ”

မိုဝူကျီက နောက်ထပ် မေးလိုက်သည်။

“ကောင်းကင်တစ်ပိုင်း အဆင့်ဂိုဏ်း ဖြစ်တဲ့ ကျောက်စိမ်း ကွန်ယက်က ဟော်ကျင့်ထီပဲ။ ကျုပ်တို့ရဲ့ သခင်လေးမှာ လျှပ်စီးဝိညာဉ်ကြော မရှိပေမဲ့ သူ့မှာ တခြားသူတွေကို တိုက်တဲ့အခါ အတော်လေး အသုံးဝင်တဲ့ လျှပ်စီး ခန္ဓာကျင့်စဉ် ရှိတယ်”

ကန်ဟွာပိုင်က ဂုဏ်ယူစွာ ပြောလိုက်လေသည်။

မိုဝူကျီက ကျောက်စိမ်း ကွန်ယက်ဂိုဏ်းမှ ဟော်ကျင့်ထီနှင့် တွေ့ဆုံဖူးသည့် ယခင် အချိန်များကို အမှတ် ရသွားလေသည်။ ဟော်ကျင့်ထီက သူ့အား စိတ်စွမ်းအင် ကျောက်တုံးများဖြင့် သူ့အား လျှပ်စီးအခန်း သုံးခွင့်ပေးရန် ပြောခဲ့သော်လည်း မိုဝူကျီက လုံးဝ လျစ်လျူရှုလိုက်သည်။ ထိုအချိန်မှစ၍ မိုဝူကျီက သူ့အား စိတ်အနှောင့်ယှက် ပေးပြီး လေချေပြီ။ ထိုဟော်ကျင့်ထီက အတော်လေး ကြည့်ကောင်း သော်လည်း မာနကြီး အထက်စီး ဆန်လှသည်။

မိုဝူကျီက အခြေအနေများကို နားလည် သွားလေသည်။ လိန်မျိုးနွယ်စုသည် သူနှင့် လမင်းကိုးစင်း ဆေးလုံးအိမ်တော် ကျန်းရှောက်ခယ်နှင့် ပတ်သက်မှုများကို သိ၍ ဆေးလုံး အိမ်တော်ကို ပြဿနာရှာခြင်း ဖြစ်ရမည်။ ထိုဟော်ကျင့်ထီသည် မိုးရွာတုန်းရေခံ ဆိုသည့် အလား ဆေးလုံး အိမ်တော်ကို သိမ်းယူ လိုက်တော့သည်။

“ဆိုင်တာဝန်ခံကန် ... ဒီနေရာက လမင်းကိုးစင်း ဆေးလုံးအိမ်တော်က ဟော်ကျင့်ထီကို ဒီအတိုင်း လွဲပေးထားတာ မဟုတ်ဘူးမလား။ ဖြစ်နိုင်တာက လိန်မျိုးနွယ်စုက ဒီနေရာက အတင်း လုယူပြီးတော့ ခင်ဗျားတို့ကို ပေးကမ်း ထားတာမလား”

မိုဝူကျီက တည်တည်ငြိမ်ငြိမ် ပြန်ပြောလိုက်သည်။ ကန်ဟွာပိုင်က ရယ်မောလိုက်ရင်း

“ဘာတွေများ ကွာခြားနေလို့လဲ။ ခင်ဗျားက ဆေးလုံးဆရာ ကျုပ်တို့က ဆေးလုံးအိမ်တော်၊ ခင်ဗျားက လမင်းကိုးစင်း ဆေးလုံး အိမ်တော်နဲ့ အလုပ် လုပ်မှတော့ ကျုပ်တို့နဲ့ အလုပ် လုပ်ရင်လည်း အတူတူပဲ နေမှာပါ။ ပြီးတော့ ကျုပ်တို့လည်း ရွှေအသွင် ဆေးလုံး လိုအပ်နေတာ ဆိုတော့ ဒီမှာ ထားခဲ့ပြီးတော့ ရောင်းပေးမယ်လေ ... ဘယ်လို သဘောရလဲ”

မိုဝူကျီက မတ်တတ် ရပ်လိုက်ကာ

“ကျုပ်က လမင်းကိုးစင်း ဆေးလုံး အိမ်တော်နဲ့ သဘော တူထားမှတော့ လမင်းကိုးစင်း ဆေးလုံး အိမ်တော်ကို ရှာတွေ့ပြီးမှ ဆက်ဆွေးနွေး ကြတာပေါ့”

မိုဝူကျီ ရပ်လိုက်သည်ကို တွေ့၍ ကန်ဟွာပိုင်လည်း ထရပ်လိုက်ပြီး မိုဝူကျီ ထွက်သွားမည့် အရေးကို ကာဆီး ထားလိုက်သည်။

“ကျုပ်ပြောပြီး သားလေ။ ကျုပ်တို့လည်း ခင်ဗျားရဲ့ ရွှေအသွင် ဆေးလုံးကို ဝယ်နိုင်ပါတယ် ဆိုတာကို ခင်ဗျားက ထွက်သွား ချင်တုန်းလား။ ကျုပ်တို့ ကျင့်ထီ ဆေးလုံး အိမ်တော်ကို မထီမဲ့မြင် ပြုနေတာလား”

မိုဝူကျီက အေးစက်စွာ ရယ်မောလိုက်ရင်း ထိုလူက သူသည် နယ်လှည့် ကျင့်ကြံသူ ဖြစ်မှန်း သိ၍ မိုဝူကျီဆီတွင် ရွှေအသွင် ဆေးလုံးကို အတင်းအဓမ္မ လုယူရန် ကြိုးစား နေလေသည်။

“ကျင့်ထီ ဆေးလုံး အိမ်တော်ကို မထီမဲ့မြင် ပြုတာ မဟုတ်ပါဘူးဗျာ။ ရွှေအသွင်ဆေးလုံးက ကျုပ်ဆေးပင်တွေနဲ့ ဖော်စပ်ထားတာလေ။ ဒီကိုရောက်လာရင် လမင်းကိုးစင်း ဆေးလုံး အိမ်တော်က ကျုပ်ကို ရွှေအသွင် ဆေးလုံး အတွက် ရွေနေကြာ အသီးနဲ့ လဲပေးမယ် ပြောထားတာ”

မိုဝူကျီက အားငယ်စွာ ပြောလိုက်လေသည်။

ရွှေအသွင် ဆေးလုံးကို ဖော်စပ်ဖို့ရန် အခက်ခဲဆုံး ဖြစ်နေသည်က ရွှေနေကြာ အသီးမှာ လူသားတွေ စိုက်ပျိုးလို့ မရသည့် အတွက် ဖြစ်သည်။ အရိုင်းသာ ပေါက်ခြင်း ဖြစ်သည်။

ထို့ကြောင့် ရွှေနေကြာ အသီးသည် အလွန် တန်ဖိုးရှိပြီး အဆင့် ၆ သို့မဟုတ် အဆင့် ၇ ဆေးပင်များထက် ပိုတန်ဖိုး ရှိလေသည်။

“အပေးအယူက ဘာလဲ”

ကန်ဟွာပိုင်က ချက်ချင်း မေးလိုက်သည်။ မိုဝူကျီက ကျောက်စိမ်းပုလင်း နှစ်ပုလင်းကို ဆွဲထုတ်လိုက်ပြီး ပြောလိုက်သည်။

“တစ်ပုလင်း လဲမယ်”

“ကျုပ်မှာ ရွှေနေကြာ အသီးတစ်လုံးပဲ ရှိတယ်”

ကန်ဟွာပိုင်က ကျောက်စိမ်းသေတ္တာ ထုတ်ယူ၍ မိုဝူကျီ လက်ထဲ ထည့်ပေးလိုက်သည်။ မိုဝူကျီက ဖွင့်မကြည့်ခင် သေတ္တာကို တစ်ချက် ကြည့်ကြည့် လိုက်သည်။ မိုဝူကျီက အလွန်အံ့ဩဖွယ် သဘာဝ စွမ်းအားများ ထွက်ပေါ်နေမှုကို ခံစားမိလေ၏။ ထိုစွမ်းအားများက ရွှေရောင်အသီးမှ ထွက်ပေါ် နေခြင်း ဖြစ်သည်။

တကယ်တော့ ဤအကြိမ်က မိုဝူကျီအတွက် ရွှေနေကြာ အသီးကို ပထမဆုံး မြင်ဖူးခြင်း ဖြစ်သော်လည်း အစစ်အမှန် ဆိုတာ သေချာနေလေ၏။

သူက ရွေနေကြာအသီးကို သိမ်းလိုက်ပြီး ကျောက်စိမ်း ပုလင်းကို ကန်ဟွာပိုင်ဆီ ပေးကာ ပြောလိုက်လေသည်။

“ဒါက ခင်ဗျား အတွက်”

ကန်ဟွာပိုင်က ကျောက်စိမ်း ပုလင်းကို ဖမ်းလိုက်ပြီး ဖွင့်မကြည့်ဘဲ မိုဝူကျီကို နောက်တစ်ကြိမ် တားလိုက်တော့သည်။

“မိတ်ဆွေ ခင်ဗျားက ရွှေနေကြာ အသီးကို လက်ခံပြီးမှတော့ ရွှေအသွင် ဆေးလုံးကို ထားသွား သင့်တယ်”

“ကောင်းပြီလေ နောက်ထပ် ရွှေနေကြာအသီး ယူလာခဲ့”

မိုဝူကျီက စိတ်မပါစွာ ပြောလိုက်သည်။ ကန်ဟွာပိုင် မျက်နှာက အရမ်း ရုပ်ဆိုးလာပြီး

“ကျုပ်က ခင်ဗျားကို ရွှေနေကြာအသီး ပေးပြီးပြီ မဟုတ်ဘူးလား။ နယ်လှည့် ဆေးလုံး ဆရာက ကျုပ်တို့ ကျင့်ထီဆေးလုံး အိမ်တော်ကို ခြိမ်းခြောက် ရဲတယ်ပေါ့။ တကယ်လို့ ကျုပ် မင်းဆီက တောင်းပန်မှုကို မရရင် မင်းကျုပ်တို့ ဆေးလုံး အိမ်တော်က လမ်းလျှောက် ထွက်သွားနိုင်မှာ မဟုတ်ဘူး”

ပထမက သူသည် မိုဝူကျီကို ကောင်းကောင်း ပြောနေသော်လည်း နောက်အခိုက်အတန့်တွင် သူက မိုဝူကျီကို ဒေါသူပုန် ထနေလေသည်။ မိုဝူကျီက ကန်ဟွာပိုင် ပြောင်းလဲမှုကို ကြည့်ရင်း သက်ပြင်း ချလိုက်တော့သည်။ သူတို့သည် သူ ရွှေနေကြာ အသီးကို လက်ခံလိုက်သည့် အခိုက်အတန့်ကို မှတ်တမ်း တင်ထားလိမ့်မည်။ အကယ်၍ မိုဝူကျီက ငြင်းဆန်ပါက ထိုမှတ်တမ်းကို ထုတ်ဖော် လိုက်မည်။ သူက မငြင်းလျှင် ထိုမှတ်တမ်းက လုံးဝ ပျောက်ကွယ်သွားမည် ဖြစ်၏။

မိုဝူကျီက ဆက်မပြောတော့ဘဲ တည်တည်ငြိမ်ငြိမ် မေးလိုက်လေသည်။

“လမင်းကိုးစင်း ဆေးလုံးအိမ်တော်ကို နှင်ထုတ်တဲ့ ကိစ္စမှာ ကျင့်ထီ ဆေးလုံး အိမ်တော်ရော ပါနေသေးလား”

ကန်ဟွာပိုင်က တစ်ခုခု လွဲချော်နေကြောင်း သတိထားမိလိုက်သည်။ အကြောင်းမှာ ထိုသို့နယ်လှည့် ဆေးလုံးဆရာသာ ထိုသို့ အကျပ်ကိုင် ခံရပါက သူ့ကိုယ်သူ ကာကွယ်ရန် ချက်ချင်း ပြောဆို လိမ့်မည်။ သို့သော်လည်း မိုဝူကျီ မျက်နှာတွင် စိတ်လှုပ်ရှားမှုများ ရှိမနေတော့ပေ။

သူက မိုဝူကျီ ပေးထားသည့် ကျောက်စိမ်း ပုလင်းကို ဖွင့်ကြည့်လိုက်သော အခါ အမှန်ပင် ဒေါသူပုန် ထလာလေသည်။

“အဆင့်နိမ့် စွမ်းအား စုစည်းခြင်း ဆေးလုံးနဲ့ ရွှေနေကြာ အသီးနဲ့ ဘယ်လိုများ လဲလှယ် ရတာလဲ။ ငါတို့ ကျင့်ထီ အိမ်တော်ကို အရူး လုပ်ရဲတယ်လား။ မင်းက သေချင်နေတာ ...”

သူ့စကားဆုံးအောင် မပြောလိုက်ရပေ။ အကြောင်းမှာ မိုဝူကျီ လက်က သူ့လည်ပင်းဆီ ရောက်လာ၍ ဖြစ်သည်။

“မင်း”

ကန်ဟွာပိုင် တစ်ကိုယ်လုံးတွင် ချွေးအေးများ ထွက်လာလေသည်။ သူက မိုဝူကျီတွင် ဝိညာဉ်စွမ်းအားများ ရှိမနေကြောင်း သတိထားမိ၍ သူ့ကျင့်ကြံဆင့်မှာ ယွမ်ဒန်အဆင့် မရောက်သေး သည်မှာ သိသာလှသည်။

ကန်ဟွာပိုင်က သူကိုယ်တိုင်သည် လူသား အဆင့်လွန် အဆင့် ၇ တွင်ရှိနေပြီး ကျင့်ထီဆေးလုံး အိမ်တော်ကို ယွမ်ဒန်အဆင့် ကျင့်ကြံသူက ပိုင်ဆိုင်ခြင်း ဖြစ်သည်။ သူက မိုဝူကျီသည် သူ့ကို မည်သို့ မြန်မြန်ဆန်ဆန် ဖမ်းဆုပ် မိလိုက်ကြောင်းနှင့် သူ့တွင် ရုန်းကန်ရမည့် အင်အားများ မည်သို့ ပျောက်ဆုံး သွားသည့် အကြောင်းကို လုံးဝမသိပေ။

မိုဝူကျီ၏ အေးစက်စက် အသံက သူနားထဲ ရိုက်ခတ် လာလေသည်။

“ခင်ဗျားကို တစ်ခုတော့ ပြောရဦးမယ်၊ ယုလင်းလိန် မျိုးနွယ်စုကို ကျုပ်က အပြတ် ဖြတ်ပြီးပြီ။ အဲဒါကြောင့် ကျောက်စိမ်း ကွန်ယက် နာမည် သုံးပြီးတော့လည်း ခြိမ်းခြောက်ဖို့ မကြိုးစားနဲ့။ ကျုပ်အမြင်တော့ သူတို့လည်း မကြာခင် လိန်မျိုးနွယ်စု လမ်းစဉ်အတိုင်း လိုက်ရ တော့မှာပဲ။ ပြီးတော့ မေးကြည့်ရအောင်။ တကယ်လို့ ခင်ဗျားက မှားဖြေတာနဲ့ ခင်ဗျားလည်ပင်းကို ချိုးပစ်မယ်။ ပြီးတော့ ကျုပ်မှာ တခြား နာမည် ရှိသေးတယ်။ နယ်လှည့် ကျင့်ကြံသူ ၂၇၀၅တဲ့။ ခင်ဗျားကို အမှတ်အသားပြားတောင် ပြလို့ရတယ်”

ယုလင်းလိန်မျိုးနွယ်စုကို အမြစ်ဖြတ် သုတ်သင်ပြီးနောက် မိုဝူကျီက စွန်ဖျားမြို့သို့ တန်းရောက်လာခြင်း ဖြစ်သည်။ သူက သွင်ပြင်ပြောင်းဖို့ပင် မလုပ်ဆောင်ခဲ့၍ ကန်ဟွာပိုင် အတွက် မိုဝူကျီမှာ သာမန် လူလတ်အမျိုးသား ကျင့်ကြံသူသာ ဖြစ်နေလေသည်။

ကန်ဟွာပိုင်က မိုဝူကျီပြောသည့် လိန်မျိုးနွယ်စု အမြစ်ဖြတ် သုတ်သင်လိုက်ပြီ ဟူသော စကားကို မယုံသော်လည်း သူ့အသက်လေး ဆုံးရှုံးသွားမည် ကိုတော့ စိုးရိမ်နေမိသည်။ သို့သော်လည်း မိုဝူကျီက သူ့ကိုယ်သူ နယ်လှည့်ကျင့်ကြံသူ ၂၇၀၅ ဟု ပြောသောအခါ သူက ရေခဲဂူထဲ ကျရောက် သွားသလို ခံစားလိုက်ရသည်။ အကယ်၍ တခြားသော လူများက လိန်မျိုးနွယ်စုကို သတ်ဖြတ် ခဲ့သည်ဟု ပြောကြလျှင် သူတို့တွေ စိတ်ကူး ယဉ်နေသည် တွေးမိမှာ ဖြစ်သော်လည်း နယ်လှည့် ကျင့်ကြံသူ ၂၇၀၅ ဖြစ်နေသည့် အတွက် ထိုကိစ္စမှာ အမှန် ဖြစ်နိုင်လေသည်။

နယ်လှည့် ကျင့်ကြံသူ ၂၇၀၅က ဘယ်သူလဲ .... သူက ဂိုဏ်းတစ်ရာ မဟာမိတ်အဖွဲ့ အဆင့်ဇယားတွင် အမှတ်ပေါင်း ၁၀၀၀၀၀ကျော်နှင့် နံပါတ်တစ် ရယူ ထားနိုင်သောသူ ဖြစ်၏။ ထိုအမှတ်များ ရရှိဖို့ရန် နယ်ခြား ကျင့်ကြံသူ မည်မျှကို သတ်ခဲ့သနည်း။

နောက်အခိုက်အတန့်တွင် မိုဝူကျီ အမှတ်အသားပြားကို မြင်လိုက်ရ၍ သူသည် နယ်လှည့် ကျင့်ကြံသူ ၂၇၀၅ ဖြစ်ကြောင်း သေချာ သွားလေသည်။ ထိုပေါ်တွင် ရှင်းလင်းစွာ ရေးထာသော အမှတ်များကို တွေ့နိုင်လေသည်။

ကောလာဟလများက အတုအယောင် ဖြစ်လိမ်မ့ည်။ ကန်ဟွာပိုင် စိတ်ထဲတွင် တွေးမိသည့် တစ်ခုတည်းသော အရာကား ကျန်းမိုနယ်မြေ ကျင့်ကြံသူက နယ်လှည့် ကျင့်ကြံသူ ၂၇၀၅ကို ဖမ်းခေါ် သွားခဲ့သော်လည်း အောင်မြင်စွာ ပြန်လွတ်မြောက် လာသည့် အကြောင်း ဖြစ်၏။

“စမေးကြည့်ရအောင်။ ပြီးတော့ ကျုပ်က မေးခွန်းနှစ်ခါ မေးတတ်တဲ့ စိတ်ရှည်တဲ့ လူစားမျိုး မဟုတ်ဘူး ဆိုတာ မှတ်ထား ... အရင်ဦးဆုံး လမင်းကိုးစင်း ဆေးလုံး အိမ်တော်ကို ဖယ်ထုတ်တာက လိန်မျိုးနွယ်စု အပြင် ဘယ်သူတွေ ပါသေးလဲ။ ဟော်ကျင့်ထီနဲ့ ကျောက်စိမ်း ကွန်ယက်ရော ပါသေးလား”

မိုဝူကျီ အသံက အရမ်း တိုးလာလေ၏။ မိုဝူကျီ အသံကို ကြားပြီး ကန်ဟွာပိုင်က သူ့လည်ပင်း အနည်းငယ် ပြေလျော့ လာသည်ဟု ခံစားလိုက်ရသည်။

ထို့ကြောင့် တုန်တုန် ယင်ယင်ဖြင့် ပြန်ဖြေလိုက်သည်။

“ကျောက်စိမ်း ကွန်ယက်ဂိုဏ်းက မပါဘူး။ ဒါပေမဲ့ သခင်လေးတော့ ပါတယ်”

“ဒုတိယမေးခွန်း လမင်းကိုးစင်း ဆေးလုံး အိမ်တော်က ဘယ်ကို ပြောင်းသွားတာလဲ။ ပြီးတော့ ဆေးလုံး အိမ်တော်က ကျန်းရှောက်ခယ်က ဘယ်မှာလဲ”

“စီနီယာ အဲဒါတော့ ကျုပ် တကယ် မသိတာပါ။ ကျုပ်က စီနီယာကို အမြဲလေးစား နေတာ ဆိုတော့ လိမ်ပြောစရာ မရှိပါဘူးဗျာ။ သေချာ‌‌ပေါက် မလိမ်ပါဘူး”

မိုဝူကျီက လည်ပင်းကို ချိုးချေလိုက်သည့် အတွက် ကန်ဟွာပိုင် တစ်ယောက် ဆက်မပြော နိုင်တော့ပေ။ လက်ရှိတွင် သူက ကျောက်စိမ်း ကွန်ယက်နှင့် ရင်ဆိုင်နိုင်သည့် အနေအထား မဟုတ်သေးပေ။ ထို့အပြင် ဟော်ကျင့်ထီနှင့် ဖြေရှင်းရန် အတွက်လည်း အချိန်မရှိသေးပေ။ သူက တျန်းဂျီဂိုဏ်းကို အောင်အောင်မြင်မြင် ထူထောင်ပြီးသည့် နောက်မှ ကျောက်စိမ်း ကွန်ယက်ဂိုဏ်းကို ရှာ၍ ဖြေရှင်းရမည်။

ကောင်းကင်ဂိတ်မြို့ အပြင်ဘက်၌ ဖူချန်းနှင့် အခြားလူများကို မြင်းစီးဓားပြရာကျော်က ဝန်းရံထားလေသည်။

အကယ်၍ ဖူချန်းနှင့် အခြားလူ သုံးယောက်မှာ အနည်းဆုံး လူသား အဆင့်လွန် ကျင့်ကြံသူများ ဖြစ်နေသည့် အချက်ကြောင့်သာ မဟုတ်လျှင် ဓားပြရာကျော်က အပြေးအလွှား ဝင်လာကြလိမ့်မည်။ တူညီလှစွာ တစ်ဖက်လူက မင်ဟန် အင်ပါယာမှ မင်းသားသာ မဟုတ်လျှင် ဖူချန်းနှင့် တခြားလူများမှာ ဝင်တိုက်ပြီးလေပြီ။ သူတို့အတွက် မြင်းစီးဓားပြ ရာကျော်ကို သတ်ပစ်လိုက်ခြင်းက ကိစ္စ မရှိသော်လည်း အင်ပါယာ၏ မင်းသားတစ်ပါးကို သတ်ပစ် လိုက်ရမည်လား။ ယခင် တျန်းဂျီဂိုဏ်းသည် မင်ဟန်အင်ပါယာ မင်းသားရှေ့တွင် ကူကယ်ရာမဲ့ ဖြစ်ခဲ့၍ သူတို့၏ တောင်ခွဲများစွာ ပါသွားခြင်း ဖြစ်သည်။

***

All Chapters