ကောင်းကင်နတ်သိုင်း
Vol. 1 Ch. 3
ဆေးဆရာက သူ့နည်းလမ်းနှင့်သူ ရှိ၏။ “ချင်မူ့ကို ဝိညာဉ်သွေးတွေ အများကြီး သောက်ခိုင်းမယ်... လိုအပ်ရင် သွေးပင်လယ်ထဲ နစ်တဲ့အထိ သောက်ခိုင်းမယ်... ဝိညာဉ်ခန္ဓာ မနိုးထလာရင်တောင် ဝိညာဉ်သွေးတွေ သောက်တိုင်း သူ့ခန္ဓာကိုယ်က သန်မာလာမှာပဲ... သူ့ခန္ဓာကိုယ်ခွန်အားက ဘယ်ဝိညာဉ်ခန္ဓာ ပိုင်ရှင်ထက်မဆို အများကြီး ပိုသန်စွမ်းလာလိမ့်မယ်...”
“သူက နဂါးတစ်ကောင်ကို လက်သီးတစ်ချက်တည်းနဲ့ ထိုးသတ်နိုင်လိမ့်မယ်...” ရွာလူကြီးက ရယ်မောလိုက်သည်။ “ဒီလိုအဖြစ်မျိုးက မဟာမြို့ပျက် အပြင်ဘက်ကကောင်တွေကို သေချာပေါက် ကြောက်ဒူးတုန်သွားစေမှာပဲ...”
နှစ်ယောက်သား တစ်ဦးကိုယ်တစ်ဦး ရွှင်မြူးစွာ ကြည့်လိုက်ကြသည်။ ထို့နောက် ဆေးဆရာက အခန်းထဲမှ ထွက်၍ တံခါး ပြန်ပိတ်လိုက်၏။
နောက်ရက်တွင် ရွာသူရွာသားများက သံမဏိအရိုးကျားများ၊ နဂါးစိမ်းမြွေများ၊ လျှပ်စီးငှက်များနှင့် ရွှေရောင်လိပ်များ ထပ်ဖမ်းလာခဲ့ကြသည်။ ရည်မှန်းချက်တစ်ခု ရှိလာပြီဖြစ်၍ အားလုံးက စိတ်အားထက်သန်စွာ အလုပ်လုပ်နေကြသည်။ သို့သော်လည်း ဆေးဆရာက ဒေါပွနေ၏။ “ချင်မူ ဒီလောက်များတဲ့ ဝိညာဉ်သွေးတွေ တစ်ခါတည်း သောက်ရင် သွေးအိုင်ထဲ နစ်သေလိမ့်မယ်...”
ပန်းပဲဆရာရွှေအက လျှပ်စီးငှက်နှစ်ကောင်ကို တရွတ်တိုက် ဆွဲလာရင်း လျှာမရှိတော့သည့် ပါးစပ်ကို ဖြဲဟ၍ တဟီးဟီး ရယ်မောလိုက်သည်။
“မူအာ... ခံနိုင်ပါတယ်...” အဘွားစစ်က ချင်မူ့ကို ယုံကြည်မှုအပြည့် ရှိ၏။
ဆေးဆရာက သူတို့ကို စိုက်ကြည့်၍ စကားမဆိုတော့ပေ။ ပိုးကောင်များကိုသာ ထုတ်ယူ၍ ဝိညာဉ်သွေးများ ဖန်တီးလိုက်၏။ သို့သော်လည်း အခြေအနေက အလွဲလွဲအချော်ချော် ဖြစ်သွားသည်။ ထွက်လာသည့် ဝိညာဉ်သွေးပမာဏက ချင်မူ့အတွက် များလွန်းနေ၏။ သူ့တစ်ကိုယ်လုံးက လေထိုးထားသကဲ့သို့ ဖောင်းကားလာသည်။ ရွာသူရွာသား အားလုံးမှာ ချင်မူ ပေါက်ကွဲထွက်သွားမည်ကို စိုးရိမ်ပြီး ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်သွားကြ၏။
ဆေးဆရာက အခေါင်းပါသည့် ငွေအပ်အချို့ကို ထုတ်ယူ၍ ချင်မူ၏ နောက်ကျောနှင့် ငယ်ထိပ်တွင် ထိုးစိုက်လိုက်သည်။ အနီရောင်၊ အပြာရောင်နှင့် ခရမ်းရောင် အငွေ့များ အပ်ပေါက်မှ ရှူးခနဲ ထွက်လာ၏။
တစ်ခဏကြာပြီးမှ ထိုအငွေ့များ ထွက်နေခြင်း ရပ်သွားသည်။ ထိုအခါမှ ဆေးဆရာက အပ်များကို ပြန်နှုတ်ပြီး အခြားသူများကို စူးစူးရဲရဲ စိုက်ကြည့်လိုက်၏။ “ဘာပဲလုပ်လုပ် တစ်ဆင့်ချင်း ပုံမှန်လေးသွား... မင်းတို့အကုန်လုံးက သူ့ကို အစားပုတ်တစ်ကောင်လို ဇွတ်အတင်း ကျွေးနေရင် အသေသတ်တာနဲ့ ဘာမှ မထူးဘူး... သူ အခု မခံနိုင်အောင် တင်းကားနေပြီ... မင်းတို့ လုပ်တာ မင်းတို့ဖာသာ အလုပ်ရှုပ်ခံတော့... သူ့ကိုယ်ထဲက ဝိညာဉ်သွေးတွေ ကျေပျက်သွားအောင် သားသတ်သမားနဲ့ ဓားမသိုင်းကျင့်၊ အဘိုးကြီးမာနဲ့ လက်သီးသိုင်းကျင့်၊ ထော့ကျိုးနဲ့ ခြေသိုင်းကျင့်...”
“မူအာ... ဓားမသိုင်းကျင့်ဖို့ အချိန်ကျပြီ...”
သားသတ်သမားက မြေပြင်ကို ဘုန်းခနဲ ပုတ်လိုက်၏။ သူ့တစ်ကိုယ်လုံးက လေထဲသို့ မြောက်တက်သွားပြီး အနီးနားရှိ သစ်ပုံပေါ် ကျရောက်သွားသည်။ သူက ခန္ဓာကိုယ်အောက်ပိုင်း မရှိတော့သည့်အတွက် သူ့ခန္ဓာကိုယ်အပေါ်ပိုင်းနှင့် သစ်ပုံ၏အမြင့် ပေါင်းစည်းလိုက်သည့်အခါမှ ချင်မူနှင့် အရပ်အမောင်း အတူတူ ဖြစ်သွားသည်။
သားသတ်သမား၏ လက်နှစ်ဖက်တွင် ဝက်ခုတ်ဓားမတစ်စုံ ကိုင်ထား၏။ ထိုဓားမများက သာမန်ဓားမများနှင့် ခြားနားနေသည်။ သာမန်ဝက်ခုတ်ဓားမများက လခြမ်းပုံဓားသွား ရှိပြီး အရှည်တစ်ပေထက် မပိုပေ။ ထို့ပြင် သစ်သားလက်ကိုင်ရိုး အလုံးများ တပ်ထား၏။
သားသတ်သမား၏ ဝက်ခုတ်ဓားမများက သာမန်ဓားမများနှင့် ပုံစံအရ တူသော်လည်း သိသိသာသာ အရွယ်အစား ကြီးမားနေ၏။ အသွားသက်သက်ပင် သုံးပေခန့် ရှည်သည်။ ဓားနှောင့်ဘက်မှာ ထူထဲနေပြီး အသွားဘက်ကတော့ လွန်စွာ ပါးလျလှ၏။ ဓားမနှစ်လက်စလုံးက ပြောင်လက် တောက်ပပြီး ကြောက်စရာကောငးလောက်အောင် ကြီးမားလှသဖြင့် တံခါးကွေးနှစ်ချပ် ထောင်ထားသကဲ့သို့ ရှိနေသည်။
ချင်မူ၏ လက်ထဲတွင်တော့ ဓားမတစ်လက်တည်းသာ ရှိ၏။ ထိုဓားမမှာလည်း သားသတ်သမား၏ ဓားမနှင့် အရွယ်အစားအတူတူပင် ဖြစ်ပြီး အလွန်တရာ လေးလံ၍ ပေါင်နှစ်ဆယ်ခန့် ရှိသည်။ ပုံမှန်ဆိုလျှင် ချင်မူမှာ ထိုဓားမတစ်ချောင်းကို မရုံမျှသာ မနိုင်မည် ဖြစ်သော်လည်း ဝိညာဉ်သားရဲ လေးကောင်၏ သွေးများ သောက်သုံးပြီးနောက်တွင် သူ့ခွန်အားက ခုန်တက်သွားသည်။ ထိုဝက်ခုတ်ဓားမကို လက်တစ်ဖက်တည်းဖြင့် မရန်အတွက် များစွာ အားမစိုက်ရတော့ပေ။
“သတိထား... ဘိုးဘိုးသားသတ်သမား...”
ချင်မူက ဓားမကို လက်တစ်ဖက်ဖြင့် ကိုင်စွဲ၍ သစ်ပုံပေါ်တွင် ရှိနေသော သားသတ်သမားထံ ပြေးဝင်သွားသည်။ သားသတ်သမားက ကျယ်လောင်စွာ ရယ်မောလိုက်၏။ သူ့ခန္ဓာကိုယ်က တစ်ပိုင်းသာ ရှိတော့သော်လည်း သူရဲကောင်းဆန်သည့် အရှိန်အဝါအငွေ့အသက်က ဖြာထွက်လာသည်။
မုန်တိုင်းထန်မြို့ပြများ၏ သန်းခေါင်ယံတိုက်ပွဲ...။
ချင်မူက သူ့ဓားကို အပေါ်အောက် လွှဲယမ်း၍ သားသတ်သမားထံ တိုးဝင်သွားသည်။ ဓားရိပ်များက မြန်သည်ထက် မြန်လာပြီး လေတိုးသံ တရွှီရွှီ ထွက်ပေါ်လာ၏။
“နှေးတယ်... နှေးတယ်... နှေးတယ်... မင်းဟာက သိပ်နှေးလွန်းတယ်...”
သားသတ်သမားထံမှ ပွစိပွစိအသံများ စတင်ထွက်ပေါ်လာပြီး သူ့ဓားမများက သူ့ရှေ့တွင် သတ္ထုစက်ဝိုင်းတစ်ခုပမာ ဖြစ်လာသည်။ သူ့ဓားများက ချင်မူ၏ ဓားနှင့် ထိတွေ့သွားပြီး သစ်တော်ပင်များအပေါ် မုန်တိုင်းတစ်ခု ဝင်တိုက်ခတ်သွားသည့်ပမာ ဒင်ခနဲ အသံထွက်ပေါ်လာသည်။ “မြန်ဦး... မြန်ဦး... မင့်ရဲ့ ဝက်ခုတ်ဓားက ဒီထက် ပိုမြန်လို့ ရသေးတယ်... အမြန်နှုန်းက မုန်တိုင်းထန်မြို့ပြများ၏ သန်းခေါင်ယံတိုက်ပွဲ သိုင်းကွက်ရဲ့ အနှစ်သာရပဲ... ဝက်ခုတ်ဓားမက မြို့ပြအားလုံးအပေါ်မှာ ဖြတ်တိုက်သွားတဲ့ ညဉ့်ယံမုန်တိုင်းလို မြန်ရမယ်... မင်း ဒီထက် ပိုမြန်လာတာ ငါမြင်ချင်တယ်...”
အဆက်မပြတ် လက်နေသော ဓားရောင်များက တဖြည်းဖြည်း ပိုမြန်လာပြီး ငွေရောင် နဂါးသုံးကောင် သစ်ပုံတစ်ဝိုက်တွင် တက်လိုက်ဆင်းလိုက်နှင့် ဝေ့ဝဲလှည့်ပတ်နေသကဲ့သို့ ရှိသည်။ လေခွင်းသံများက ကျယ်လောင်သည်ထက် ကျယ်လောင်လာပြီး ဓားချက်အားလှိုင်းများက လေပွေတစ်ခုလို ထွက်ပေါ်လာ၏။ ဓားချက်အားလှိုင်းများ မြေပြင်ကို ထိမှန်သွားတိုင်း ဆောက်နှင့် ထွင်းလိုက်သကဲ့သို့ တွင်းချိုင့်များ ဖြစ်ပေါ်လာသည်။
ထိုသည်က သူတို့၏ ဓားခုတ်ရာများ ဖြစ်၏။
“သိပ်လှတယ်... ဒီလိုမှပေါ့... မင့်ဓားက ပိုမြန်လာလေလေ မင့်ရဲ့ ဓားအား ပိုပြင်းထန်လာလေလေပဲ... ဒါပေမဲ့ ဒီလောက်နဲ့ မရသေးဘူး... မင့်ဓားက ငရဲမီးလျှံတွေလို ထိတွေ့သမျှကို လောင်တိုက်သွင်းနိုင်တဲ့အထိ မြန်ရမယ်...”
သားသတ်သမားက ရူးသွပ်သွားသူတစ်ယောက်ကဲ့သို့ သူ၏ ဓားမများကို ဝဲကတော့ပုံ ဆက်လက် ဝှေ့ယမ်းခုတ်ထုတ်လိုက်သည်။ ထိုမြင်ကွင်းက ချင်မူကို ကြောင်ငေးသွားစေ၏။
“လောင်ကျွမ်းပစ်... လောင်ကျွမ်းပစ်... မင့်ရဲ့ ဓားကို လောင်ကျွမ်းပစ်... မင့်ရဲ့ အရှိန်အဝါအငွေ့အသက်ကို လောင်ကျွမ်းပစ်... မင့်ရဲ့ ဝိညာဉ်ကို လောင်ကျွမ်းပစ်... မင့်ရဲ့ ဓားတွေ မီးထတောက်ရင် ကောင်းကင်နတ်သိုင်းအဆင့် ရောက်သွားပြီဆိုတာ မင်း သိလာလိမ့်မယ်...”
ဝှစ်...။
သားသတ်သမားက သူ၏ဓားမများဖြင့် ဆက်လက် ဝှေ့ယမ်းခုတ်ထစ်လိုက်ရာ ပွတ်တိုက်မှု အရှိန်အဟုန်ကြောင့် မီးပွားတစ်ခု ထတောက်လာပြီး လေထုထဲ မီးစွဲလောင်သွား၏။ ဓားမနှစ်လက်က မီးလျှံနဂါးနှစ်ကောင်ကဲ့သို့ ရှေ့မှနောက် လူးလာကူးခတ်ကာ ရပ်သပ်ရှုမောဖွယ်ရာ မြင်ကွင်းကို ဖန်တီးပေးနေသည်။
မီးလျှံနဂါးများက ပိတ်ဆို့ကာကွယ်နိုင်စွမ်း မရှိသော ချင်မူ့ထံသို့ အရှိန်အဟုန်ဖြင့် တိုးဝင်သွား၏။ သူ့ကို မထိမိမီ နောက်ဆုံး အခိုက်အတန့်လေးတွင်မှ အထက်ဆီသို့ ဝေ့ဝိုက်တက်သွားပြီး ဒုက္ခိတဘိုးဘွားကျေးရွာထက်မှ ညဉ့်ယံကောင်းကင်၏ အမှောင်ထုကို တစ်စစီ ဆွဲဖြဲပစ်သည်။
ချင်မူမှာ သားသတ်သမား၏ ကြောက်မက်ဖွယ်ရာ ဓားမစွမ်းရည်ကို ပါးစပ်အဟောင်းသားဖြင့် ငေးမောကြည့်ရှုနေမိ၏။
တစ်ခဏအကြာတွင် အမှောင်ထုက ဒုက္ခိတဘိုးဘွားကျေးရွာဆီသို့ ပြန်လည်အုံဖွဲ့လာပြီး မီးလျှံနဂါးများနှင့် ၎င်းတို့ကို ဖြစ်ပေါ်စေသည့် ဓားလှိုင်းစွမ်းအင်များကို တစ်စမကျန် ဝါးမျိုဖုံးလွှမ်းပစ်သည်။
အထက်ကောင်းကင်မှ အမှောင်ထုမှာ သူတို့ထံ ဓားမနှစ်လက်ဖြင့် ဆန့်မြှောက်ခုတ်ထစ်ခဲ့သည့် သားသတ်သမားကို ဒေါသထွက်သွားဟန် တူ၏။ ပိန်းပိတ်အောင် နက်မှောင်သည့် အမှောင်ထုက အောက်ဆီသို့ နိမ့်ဆင်းလာပြီး တစ်ရွာလုံးကို ဝါးမျိုပစ်တော့မည်ကဲ့သို့ ရှိလာသည်။
သို့သော်လည်း ရွာ၏ ထောင့်လေးထောင့်မှ ကျောက်ရုပ်တုများက ရုတ်တရက် ပိုမို လင်းတောက်လာပြီး အမှောင်ထုကို တွန်းလှန်ဖယ်ထုတ်ပစ်၏။
“သောက်ကောင်းကင်က ချီးတဲ့မှ...”
သစ်ပုံပေါ်တွင် ရပ်နေဆဲဖြစ်သော သားသတ်သမားက သူ၏ လက်နှစ်ဖက်အတွင်းမှ ဓားမများကို ဝှေ့ယမ်း ခုတ်ထစ်ကာ ကောင်းကင်ဘုံဆီသို့ မော့၍ အော်ဟစ်လိုက်သည်။ “တစ်နေ့ ဒီအမှောင်ထုကို ခုတ်ဖြတ်ပြီး ငါ့နေရာကို ပြန်သွားမယ်... ငါ့ခါးက ခုတ်ဖြတ်ခံရပေမဲ့ ခေါင်းဖြတ်ခံရတာ မဟုတ်ဘူး... ငါ့ခြေထောက်တွေ ရှိချင်မှ ရှိတော့မယ်... ဒါပေမဲ့ ငါသွားမဲ့ လမ်းကို ခုတ်ထွင်သွားနိုင်သေးတယ်...”
“ဘိုးဘိုးသားသတ်သမားက စိတ်ဖောက်သွားပြန်ပြီ... ဒါပေမဲ့ သူ့ဓားမကတော့ တကယ့်ကို မြန်တာပဲ... သူ့လို မြန်ပြီး ကောင်းကင်နတ်သိုင်းအဆင့်ကို ရောက်ဖို့ ငါ ဘယ်လောက်ကြာအောင် လေ့ကျင့်ရမလဲ မသိဘူး...”
ချင်မူမှာ အရှိန်တက်နေသော သားသတ်သမားကို လေးစားအားကျစွာ ကြည့်လိုက်သည်။ ထို့နောက် သူ၏ ဝက်ခုတ်ဓားကို သိမ်း၍ လက်တစ်ဖက်တည်းသာ ရှိတော့သော အဘိုးကြီးမာထံ သွားလိုက်၏။
“သားသတ်သမားရဲ့ ဓားမက ကောင်းကင်နတ်သိုင်းအဆင့် ရောက်ဖို့ မီးလျှံတွေ ဖန်တီးဖို့ လိုတယ်... ငါ့လက်သီးကွက်တွေကတော့ ကောင်းကင်နတ်သိုင်းအဆင့် ရောက်ဖို့ မိုးခြိမ်းသံ ဖန်တီးနိုင်ရမယ်...”
အဘိုးကြီးမာက လက်သီးကို ဆုပ်လိုက်၏။ သူ့မျက်နှာပေါ်တွင် တည်ကြည်လေးနက်သော အမူအရာ ပေါ်ထွက်လာပြီး အရိုးအဆစ်များမှ ဂျိုးဂျိုးဂျွတ်ဂျွတ် အသံများ ထွက်ပေါ်လာသည်။ “မူအာ... မင်းရဲ့ လက်ထဲမှာ လျှပ်စီးတန်းကို ဖမ်းဆုပ်နိုင်လာပြီ ဆိုရင် မင်းလက်သီးချက်တွေက အသေးစား အောင်မြင်မှုရပြီလို့ ပြောလို့ရမယ်... သားသတ်သမားရဲ့ဓားက သိပ်ကို မြန်တယ်... ဒါပေမဲ့ ငါ့လက်သီးချက်တွေကတော့ အနှိုင်းမဲ့ခွန်အားနဲ့ ဖောက်ခွဲထုတ်ဖော်ပြီး အသံနဲ့ လေထုရဲ့ အကန့်အသတ်ကို ကျော်လွန်ရတာ... လက်တစ်ဖက်နဲ့ လက်သီးချက်ကို လေ့ကျင့်နိုင်တယ်... လက်တစ်ဖက်က လက်ပွားတစ်ထောင် ဖြစ်လာနိုင်တယ်... လက်တစ်ဖက်က မိုးခြိမ်းသံကို ဖန်တီးနိုင်တယ်...”
ဘုန်း...။
အဘိုးကြီးမာက ရှေ့တူရူရှိ လေထုထဲသို့ ထိုးထည့်လိုက်သောအခါ ဂျိုးဂျိုးဂျိမ့်ဂျိမ့် မိုးခြိမ်းသံကဲ့သို့ ခပ်အုပ်အုပ် ပေါက်ကွဲသံများ သူ့လက်သီးချက်မှ ထွက်ပေါ်လာသည်။
ဘုန်း... ဘုန်း... ဘုန်း...။
ချင်မူ့အနေဖြင့် အဘိုးကြီးမာ၏ လက်သီးချက်များက မည်မျှ မြန်သည်ပင် မပြောနိုင်တော့ချေ။ လက်တစ်ဖက်သာ ရှိတော့သော လူတစ်ယောက်က လက်သီးချက်များကို အဆက်မပြတ် ထိုးနှက်ထုတ်ဖော်နေ၏။ သူ၏ သာမန်မျက်စိနှင့် လက်သီးရိပ်များသာ မြင်ရတော့သည်။ အဘိုးကြီးမာတွင် လက်တစ်ဖက်သာ ရှိလင့်ကစား လက်တစ်ထောင် ရှိနေသကဲ့သို့ ထင်ယောင်မိလာ၏။
အဘိုးကြီးမာ၏ လက်သီးချက်များက ပို၍ မြန်လာသည်။ သူ၏ လက်ပေါင်းတစ်ထောင်တွင် လျှပ်စီးတန်းများ လင်းလက်လာပြီး တစ်ဖျစ်ဖျစ် မြည်လာ၏။ လက်သီးချက် တစ်ချက်စီတိုင်းတွင် မိုးခြိမ်းသံများ တွဲဖက်ထွက်ပေါ်လာပြီး လျှပ်စီးပွင့်များက အရပ်မျက်နှာအနှံ့ တဖွားဖွား လွင့်ပျံထွက်နေသည်။
“ဒါက မိုးကြိုးရှစ်ချက် လက်သီးသိုင်းရဲ့ လက်တစ်ထောင်ဗုဒ္ဓ သိုင်းကွက်ပဲ... မင်းရဲ့ လက်သီးချက်တွေက အသံရဲ့ အမြန်နှုန်းထက် ပိုမြန်သွားတာနဲ့ မိုးခြိမ်းသံကို ဖန်တီးနိုင်လာလိမ့်မယ်... ဒီကောင်းကင်နတ်သိုင်းရဲ့ လက်သီးချက်၊ လက်ဝါးချက်တိုင်းက တစ်ဘက်လူရဲ့ ခန္ဓာကိုယ်နဲ့ ဝိညာဉ်ကို ဖျက်ဆီးပစ်ပြီး ပြန်လည် မမွေးဖွားလာတော့ဘဲ ထာဝရ ချုပ်ငြိမ်းသွားအောင် လုပ်ပစ်နိုင်စွမ်း ရှိတယ်...”
အဘိုးကြီးမာက သူ့လက်သီးကို ပြန်ရုပ်သိမ်းရင်း တည်ကြည် လေးနက်စွာ ပြောလိုက်သည်။ “ငါ မင်းကို သင်ပေးထားတဲ့ မိုးကြိုးရှစ်ချက် လက်သီးသိုင်းနဲ့ ငါ့ကို တိုက်... အဲလိုတိုက်တဲ့အခါမှာ မင်းရဲ့ လက်ထဲမှာ မိုးကြိုးလျှပ်စီးတွေ ဖန်တီးနိုင်အောင် ကြိုးစား...”
ချင်မူက တည်တည်ငြိမ်ငြိမ် ရှိနေသည်။ ယနေ့ ဘိုးဘိုးမာနှင့် ဘိုးဘိုးသားသတ်သမားတို့ သင်ပေးသည်များက ယခင်နှင့် မတူဘဲ ကွဲပြားခြားနားနေ၏။ ပြီးခဲ့သည့်အကြိမ် သူတို့နှင့် လေ့ကျင့်တုန်းကပင် သာမန်ဓားမသိုင်းနှင့် လက်သီးသိုင်းကိုသာ သင်ပေးခဲ့သည်။ ဤတစ်ကြိမ်တွင်တော့ သူတို့နှစ်ယောက်စလုံးက အသုံးအနှုန်းတစ်ခုကို ထုတ်ဖော်သုံးစွဲလာ၏။
ကောင်းကင်နတ်သိုင်း...။
ထိုအသုံးအနှုန်းကို ပထမဦးဆုံး ကြားဖူးခြင်း ဖြစ်သဖြင့် ချင်မူ၏ နားထဲတွင် အတော်လေး စိမ်းနေသည်။
ချင်မူက မိုးကြိုးရှစ်ချက် လက်သီးသိုင်းကို သုံး၍ အဘိုးကြီးမာကို တိုက်ခိုက်လိုက်သည်။ အဘိုးကြီးမာက လက်တစ်ဖက်တည်းသာ ရှိသော်လည်း ချင်မူ၏ တိုက်ခိုက်မှုများ အားလုံးကို အေးအေးဆေးဆေး ပိတ်ဆို့တားဆီးနိုင်၏။
သားသတ်သမားက ချင်မူနှင့် တိုက်ခိုက်စဉ်တွင် ရူးသွပ်သလို ဖြစ်သွားခဲ့သော်လည်း သူတို့နှစ်ဦး ထိပ်တိုက်တွေ့မှုတိုင်းက ထိခိုက်မှုမရှိစေရန် အတိအကျ တွက်ချက်ထားပြီး ဖြစ်သည်။ အဘိုးကြီးမာကတော့ သားသတ်သမားလို မဟုတ်ဘဲ အညှာအတာကင်းမဲ့စွာ ထိုးနှက်တိုက်ခိုက်၏။ ချင်မူ၏ ခုခံမှုတွင် ဟာကွက်ပေါ်လာတိုင်း လက်သီးတစ်ချက်က သူ့ကို လာထိ၏။ လက်သီးချက်များက ပြင်းထန်ခြင်း မရှိသော်လည်း ချင်မူ၏ နှာခေါင်းတစ်ခုလုံးမှာ သွေးများပေပွ ဖူးယောင်သွားသည်။
ချင်မူ ဆက်၍ မတိုက်ခိုက်နိုင်တော့သောအခါမှ အဘိုးကြီးမာက နားခွင့်ပြု၏။
“ခြေထောက်တွေက လေ၊ ကုန်းမြေ… အားလုံးသော ခွန်အားရဲ့ အရင်းအမြစ်ပဲ...” ထော့ကျိုးက ချိုင်းထောက်ပေါ်တွင် မှီ၍ ရပ်နေရာမှ ပြောလိုက်သည်။
သူက ခြေထောက်တစ်ဖက်သာ ရှိတော့သူ ဖြစ်သော်လည်း ချင်မူ့ကို ခြေလှမ်းကွက်များ သင်ပေးသူ ဖြစ်သည်။ အစက ဘိုးဘိုးထော့ကျိုးမှာ ရွာထဲတွင် သာမန်အဖြစ်ဆုံးသူဟု ချင်မူ ထင်ခဲ့မိ၏။ ဤအဘိုးအိုက အမြဲတမ်းလိုလို နွေးထွေးသော အပြုံးနှင့် ယုံကြည်အားကိုးရသူဟု ခံစားရသည်။
သို့သော်လည်း ထော့ကျိုးက နွားအရေခွံထဲမှ ထွက်လာသော အမျိုးသမီးကို တွေ့မြင်နေကျ အပြုံးထက် မလျော့သော အပြုံးမျိုး ပြုံးရင်း ဓားဖြင့် ထိုးစိုက်ခဲ့သည်ကို မြင်ပြီးကတည်းက ဘိုးဘိုးထော့ကျိုး အကြောင်းကို သေချာမသိဟု ချင်မူ ခံစားမိလာ၏။
ထော့ကျိုးက အပြုံး၏ နောက်ကွယ်တွင် ဓားသွားတစ်ခု ကွယ်ဝှက်ထားတတ်သူမျိုး ဖြစ်သည်။ သူ၏ အပြုံးက အစစ်အမှန်လား၊ အတုအယောင်လား မည်သူမျှ မသိကြချေ။
ထော့ကျိုးက ချင်မူ့ကို ပြုံးပြလိုက်သည်။ “မူအာ... သားသတ်သမားက သူ့ဓားမတွေကို အမွှန်းတင်သွားသလို အဘိုးကြီးမာကလည်း သူ့လက်သီးကို အမွှန်းတင်သွားတယ်... ဒါပေမဲ့ တကယ့် ကောင်းကင်နတ်သိုင်းဆိုတာ ခြေထောက်မှာ ရှိတာကွဲ့... မင့်ရန်သူကို ဓားနဲ့လည်း မခုတ်နိုင်၊ လက်သီးနဲ့လည်း မထိုးနိုင်တဲ့အခါ ဘာလုပ်လဲ... ပြေးမှာပေါ့ ဟုတ်တယ်မလား... အသက်ရှင်ဖို့ဆိုတာ အရေးအကြီးဆုံးပဲ... ဘဝဆိုတာ အမြဲတမ်း နေသာလိုက်၊ သက်တံတွေထွက်လိုက် မဟုတ်ဘူး... အမှားအယွင်းတွေ ရှိလာနိုင်တယ်... အဲဒါကြောင့် အသက်ရှင်အောင် နေနိုင်သမျှ အနိုင်ပဲ... မင်းသာ လုံလောက်တဲ့ အမြန်နှုန်းနဲ့ ပြေးနိုင်ရင် နံရံတွေပေါ်မှာ၊ ရေပေါ်မှာ၊ ကောင်းကင်ပေါ်မှာတောင် ပြေးနိုင်တယ်... မီးလျှံတွေနဲ့ လေထု… အရာအားလုံးက မင်းသာ မြန်မြန်ပြေးနိုင်ရင် ခြေကုပ်ယူစရာ ဖြစ်လာမယ်... အသံထက် မြန်အောင် ပြေးနိုင်တဲ့ တစ်နေ့၊ ကောင်းကင်နတ်သိုင်းအတွက် လိုအပ်တဲ့ ခြေလှမ်းကွက် အခြေခံအဆင့်ကို ရောက်တာပဲ...”
“လာခဲ့... မူအာ... ဒီသံတုံးတွေကို ဝတ်လိုက်...”