ဂိုဏ်းချုပ်အသစ်
Vol. 18 Ch. 249
“ခင်ဗျား”
ပိုင်ဖန်ကျန်းက တျန်းဂျီ ဂိုဏ်းချုပ်ဟု ကြားလိုက်ရသော အခါ ခဏတာ ကြောင်သွား လေသည်။ မိုဝူကျီက သူ့ရှေ့ ရောက်လာသည့် အချက်ကြောင့်သာ မဟုတ်လျှင် သူက သေချာပေါက် ဒေါသူပုန် ထမိလိမ့်မည်။
သူ့တည်ငြိမ် အေးဆေးမှုကို ထိန်းထား နိုင်သည်က ကောင်းသောအရာ ဖြစ်သည်။ ထိုအခိုက်အတန့်တွင် သူ ဒေါသ မထွက်သင့်ကြောင်း သိ၏။
“ကျုပ်က မင်ဟန် အင်ပါယာရဲ့ ၂၆ ယောက်မြောက် မင်းသား ပိုင်ဖန်ကျန်းပဲ။ ခင်ဗျားက တျန်းဂျီ ဂိုဏ်းချုပ် ဖြစ်နေရင်တောင် ကျုပ်အခန်း အတွင်း လက်လွတ်စပယ် ဝင်ထွက်ခွင့် မရှိဘူး ....”
မိုဝူကျီက ရယ်မောလိုက်ပြီး ပိုင်ဖန်ကျန်းကို မြေပြင်ပေါ် တွန်းချ လိုက်လေသည်။ ထို့နောက် သူက ထိုင်ချလိုက်ပြီး ပြောလိုက်လေ၏။
“မင်ဟန် အင်ပါယာ ဘုရင်ကိုယ်တိုင် ထိုင်နေရင်တောင် ဒါက မင်ဟန် အင်ပါယာရဲ့ ပိုင်နက် ဖြစ်လာမှာ မဟုတ်ဘူး။ ဒါက တျန်းဂျီဂိုဏ်းက ပိုင်တဲ့ တျန်းကျိုင်းတောင်ပဲ”
ပိုင်ဖန်ကျန်းက မနည်း ထရပ်လိုက်ရပြီး ကြည့်လိုက်သည့် အခါ သူ့နေရာတွင် မိုဝူကျီ ထိုင်နေသည်ကို တွေ့လိုက်ရ၏။ သူက ဒေါသကြောင့် တုန်ယင်နေပြီး သူ့အင်မော်တယ်များကို ခေါ်တော့မည့် ဆဲဆဲတွင် အနံ့ပြင်းပြင်း ရလိုက်လေ၏။ မသိစိတ်ဖြင့် လှည့်ပတ် ကြည့်မိသော အခါ သူ့အင်မော်တယ် နှစ်ယောက်လုံးမှာ ခေါင်းမြေခ နေလေပြီ။ ကျန်ရှိနေသော စစ်သားများမှာ မလှုပ်မယှက် ရပ်နေရင်း တုန်လှုပ် နေကြလေသည်။
ဖြစ်နိုင်သည် ထိုစစ်သားများက သူတို့ အင်မော်တယ်များ အပေါ်တွင် အတော်လေး ယုံကြည်ချက် ရှိဟန် ပေါ်သည်။ သူတို့ အင်မော်တယ်များသာ အနားမှာ ရှိနေပါက သူတို့သည် များစွာ လုပ်စရာ မလိုအပ်ပေ။
ပိုင်ဖန်ကျန်းက မိုဝူကျီကို လက်နှစ်ဖက် ယှက်၍ မပြောခင် အသက်ပြင်းပြင်း ရှူသွင်း လိုက်ရလေသည်။
“ဆရာသမားတို့က အင်မော်တယ်တွေ ဆိုတော့ ဘာလို့ ကျုပ်ရဲ့ မင်ဟန် အင်ပါယာကို ရန်စချင်နေ ရတာလဲ”
မိုဝူကျီက အားရပါးရ ရယ်မောလိုက်ရင်း …
“မင်ဟန် အင်ပါယာက ဘာလဲ”
ပိုင်ဖန်ကျန်းက သူ့စကားလုံးများ တစ်ဆို့ သွားလေသည်။ အကြောင်းမှာ မိုဝူကျီသည် မင်ဟန် အင်ပါယာကို ဗလာနိတ္ထိသဖွယ် တွေးထားမှန်း သိလိုက်၍ ဖြစ်သည်။ ထို့ကြောင့် သူက မင်ဟန် အင်ပါယာကို အသုံးပြု၍ အဘယ်ကြောင့် ခြိမ်းခြောက် နေတော့မည်နည်း။
“ဘယ်လိုများ တွေးလဲဗျ”
ပိုင်ဖန်ကျန်းက မိုဝူကျီကို သတ်ပစ်ချင်ဖို့ရာ မစောင့်နိုင်သော်လည်း ဒေါသများသာ မျိုချ လိုက်ရသည်။ သူ့တွင် သေမျိုး ဝိညာဉ်ကြောသာ ရှိသောကြောင့် ကျင့်ကြံ၍ မရပေ။ သို့သော် သူက ကျင့်ကြံသူ အများအပြားနှင့် ဆက်ဆံဖူးသည့် အတွက် မိုဝူကျီ စွမ်းရည်များမှ ထူးဆန်း အံ့ဩဖွယ် ဖြစ်စေသည့် တစ်ခုလေးမျှ ရှာမတွေ့ပေ။
မိုဝူကျီက ပိုင်ဖန်ကျန်းကိုသာ ကြည့်၍ မေးလိုက်သည်။
“မင်းရဲ့ အခန်းက လွဲရင် ကျန်တာ ဘယ်နေရာလဲ”
ပိုင်ဖန်ကျန်းက သူ့အမှားရှာဖို့ရန် ထိုလူ ရောက်ရှိလာခြင်းကို သဘော မပေါက်ပေ။ သူက မိုဝူကျီသည် ထိုမျှ ရဲတင်းနေသည့် အကြောင်းအရင်းကို မသိသော်လည်း ရိုးရိုးသားသားသာ ဖြေလိုက်လေ၏။
“တျန်းဂျီဂိုဏ်းပိုင်တဲ့ တောင်ခွဲ တျန်းကျိုင်းတောင်ပါ။”
“ကောင်းလိုက်တဲ့ အဖြေ ... အဲဒါဆို ဒီနေရာက တျန်းဂျီဂိုဏ်း အပိုင်ဆိုတော့ မင်းက ဒီနေရာမှာ ဘာလုပ်နေတာလဲ ...”
မိုဝူကျီက လက်ဖြင့် သူ့ရှေ့မှ စားပွဲကို ရိုက်ချလိုက်လေသည်။ ပိုင်ဖန်ကျန်းက ပြန်ဖြေ လိုက်လေသည်။
“ဆရာ အင်မော်တယ်က တျန်းဂျီဂိုဏ်းကို အခုမှရောက်တော့ မသိသေးတဲ့ပုံပဲ။ ဒီတျန်းကျိုင်းတောင်ကို အရင် ဂိုဏ်းချုပ်က ကျုပ်ဆီ ငှားပေးထားတာ၊ တစ်ဂိုဏ်းလုံးလည်း သိကြတယ် ...”
“အိုး ... အဲဒါဆို ငှားရမ်းခ ဘယ်လောက်လဲ”
“အရင်တုန်းက တျန်းဂျီဂိုဏ်းချုပ်က အတော်လေး ရက်ရောတဲ့သူ ဆိုတော့ ငှားရမ်းခကို တိတိကျကျ သတ်မှတ် မပေးထားဘူး။ ကျုပ်တို့ အဆင် ပြေသလောက် ပေးလို့ရတယ်”
“အဲဒါဆို အကုန် ပေးပြီးပြီလား ....”
“မပေးရသေးပါဘူး”
“အရမ်း ကောင်းတယ်”
မိုဝူကျီက နောက်တစ်ကြိမ် စားပွဲကို ရိုက်ချ လိုက်ပြန်သည်။
“အရင် ဂိုဏ်းချုပ်တုန်းက အရမ်းစေတနာ ရက်ရောပြီးတော့ မင်းတို့ ပေးသလောက် ပေး သတ်မှတ် ခဲ့ပေမဲ့ အရင် ဂိုဏ်းချုပ်က မရှိတော့ဘူး ဆိုတော့ ငါက ငှားရမ်းခ လာသိမ်းတာပဲ ...”
ပိုင်ဖန်ကျန်းက အံ့ဩတကြီး မေးလိုက်လေသည်။
“ခင်ဗျားက ငှားရမ်းခကို တောင်းနေတာလား”
သူက စကားလုံးများကို မျိုချရုံမှအပ ရွေးချယ်စရာ မရှိတော့ချေ။ အကြောင်းမှာ အခြေအနေ အားလုံးက တစ်ဖက်လူ လက်ထဲ ရောက်နေလေပြီ။
မိုဝူကျီက သူ့ကို ပြန်မဖြေဘဲ ဖူချန်းဘက် လှည့်ကာ ပြောလိုက်သည်။
“ဖူချန်း တျန်းကျိုင်းတောင်မှာ ရှိနေတဲ့ လူအားလုံးကို သွားသတ်ခဲ့။ တစ်ယောက်မှ ရှင်ရက် မထားနဲ့။ ဒါနဲ့ ဟုတ်သား အခန်းထဲက လေးစားစရာ ကောင်းလှတဲ့ ဒီမင်းသားလေးနဲ့ သူ့ကို အဝတ်အစား ဆင်ပေးရမဲ့ နှစ်ယောက်လောက်ပဲ ချန်ထားလိုက် ...”
“ဟုတ်”
ဖူချန်းက လက်သီး လက်မောင်း ဆန့်တန်းရင်း အခန်း အပြင်သို့ ထွက်သွားလေသည်။
ဖူချန်း ထွက်သွားပြီး နောက်တွင် ငိုကြွေးသံများက ဆက်တိုက် ထွက်ပေါ်လာလေ၏။ ဘေးတွင် စောင့်နေကြသော အစောင့် နှစ်ယောက်မှာ သတိမပြုမိဘဲ သွေးအန် သွားကြတော့သည်။ မနီးမဝေးတွင် ရပ်နေကြသော လူနှစ်ယောက် ရှိနေသော်လည်း သူတို့ မျက်နှာများမှာ လူသေကောင် အလား ဖြူဖျော့ နေကြသည်။
ယခုအချိန်မှ ပိုင်ဖန်ကျန်းသည် ဘယ်လို လူစားမျိုးနှင့် ရင်ဆိုင် နေရမှန်း သိလိုက်၏။ ယခင် ကြင်နာလှသည့် တျန်းဂျီ ဂိုဏ်းချုပ်နှင့် ယှဉ်လျှင် ယခုကား ကြင်နာမှု အလျှင်း မရှိသည့် သတ်ဖြတ်ခြင်း နတ်ဘုရားသာ ဖြစ်၏။ ထိုသူက မင်းသား ၂၆ ဖြစ်သည့် သူ့ကိုယ်တိုင်ထက်ပင် ပို၍ ရက်စက်သေး၏။
အာခေါင်ခြစ် အော်ငြီးသံများပါ ကြားနေရလေသည်။ ပိုင်ဖန်ကျန်း မျက်နှာကား ပိုပို၍ ဖြူဖျော့လာပြီး ခြေထောက်များပင် တုန်ယင်လာလေသည်။
“အို ဟုတ်သား မင်းရဲ့ညီလေး ပိုင်တျန်းယုကိုတော့ ငါကိုယ်တိုင် သတ်ပစ်လိုက်ပြီ”
မိုဝူကျီက စိတ်မပါစွာ ပြောလိုက်လေသည်။
မိုဝူကျီ ပြောလိုက်သည့် ထိုစကားက ပိုင်ဖန်ကျန်း စိတ်ထဲမှ မျှော်လင့်ချက် လက်ကျန်လေးကို အစိတ်စိတ် အမြွှာမြွှာ ရိုက်ချိုး ပစ်လိုက်တော့သည်။ သူက ပိုင်တျန်းယုကိုပင် သတ်ရဲသေးရာ သူ့ကို အဘယ်ကြောင့် မသတ်ဘဲ ထားမည်နည်း။
“ဆရာအင်မော်တယ် ... ကိစ္စတွေကို သေချာ ဖြေရှင်း ကြည့်ရအောင်လေ။ စီနီယာ တောင်းသလောက် နည်းလမ်း ရှာပြီးတော့ ပေးပါ့မယ်”
ပိုင်ဖန်ကျန်းက တည်ငြိမ်ချင်ယောင် ဆောင်နေသော်ငြား ထိုစကားကို ပြောလိုက်သည့် အခါ သူ့အသံ တုန်တုန်ယင်ယင်ကို ကိုယ်တိုင် ပြန်ကြားနေရသည်။
“အဲဒီလိုလည်း ကောင်းတာပဲ။ မင်းက ငှားရမ်းခ မပေးဘဲ ဘယ်လိုလုပ် ငှားလို့ ရမလဲ”
မိုဝူကျီက ပြုံးနေရင်း လျှောက်လှမ်း လာစဉ်
“မင်းအတွက် တွက်ချက်ကြည့်ရအောင်။ နှစ်တွေ အများကြီး ဆိုတော့ အလုပ်ရှုပ်တယ်။ တစ်နှစ်စာပဲ ကောက်လိုက် တော့မယ်”
ပိုင်ဖန်ကျန်း ကြားသောအခါ စိတ်အေး သွားလေသည်။ ဈေးနှုန်းက ပိုမြင့် လာစေကာမူ သူက တစ်နှစ်စာတော့ ပေးချေ နိုင်သေး၏။
“ငှားရမ်းခက ရွှေပြား တစ်ဘီလီယံ”
မိုဝူကျီ စကားကို ကြားပြီး ပိုင်ဖန်ကျန်းမှာ နောက်ထပ် စိတ်သက်သာရာ ရသွားပြန်သည်။ ရွှေပြား တစ်ဘီလီယံက ကြောက်မက်ဖွယ် ပမာဏ ဖြစ်သော်လည်း သူ သာမန် လူတန်းစားတွေ၏ အိမ်ယာကို ဖျက်စီးရာမှ ရှာနိုင်ထားသည့် ငွေကြေးနှင့် ယှဉ်လျှင် မပြောပ လောက်သေးချေ။ သူက မင်ဟန် အင်ပါယာကို မပြန်ခင် မိုဝူကျီနှင့် ဆွေးနွေးဖို့ရာ လက်ခံရမည် ဖြစ်၏။
မိုဝူကျီက ရည်ရွယ်ချက် ရှိရှိ ခဏ ရပ်လိုက်ပြီး ဆက်ပြောလိုက်လေသည်။
“တစ်ရက်ကို ရွှေပြား တစ်ဘီလီယံဆို လုံလောက်ပါတယ်”
တစ်ရက်ကို ရွှေပြား တစ်ဘီလီယံတဲ့လား .... ပိုင်ဖန်ကျန်းသည် လုံးဝ ကြောင်သွား တော့သည်။ သူက ဤတောင်ကို ဝယ်ခဲ့လျှင်ပင် ထိုမျှအထိ ကုန်ကျမည် မဟုတ်ပေ။
“ဆရာအင်မော်တယ်။ ကျုပ် သဘော တူနိုင်ပေမဲ့ အခုတော့ လုံလုံလောက်လောက် မရှိသေးဘူး”
ပိုင်ဖန်ကျန်း၏ အကြောက်တရားက လုံးဝ ပျက်ပြယ်သွားလေပြီ ဖြစ်၏။
မိုဝူကျီ အနားမှ လူသတ်ငွေ့များ ထွက်ပေါ်လာပြီး ပိုင်ဖန်ကျန်းကို ဖိအား ပေးထားရင်း ပြောလိုက်သည်။
“မင်း ဘယ်လောက် ထုတ်ပေးနိုင်တုန်း”
ပိုင်ဖန်ကျန်း၏ အဖြေကို မစောင့်ဘဲ ဖူချန်းက အခန်း အပြင်ဘက်မှ အော်ပြော လိုက်လေသည်။
“စီနီယာ အစ်ကိုကြီး ... အခန်းအထဲက လူတွေက လွဲပြီးတော့ တောင်ပေါ် ရှိနေတဲ့ အားလုံးကို သတ်ပြီးပါပြီ”
ပိုင်ဖန်ကျန်းက ချွေးအေးများ ထွက်လာပြီး အလျင်အမြန် ပြောလိုက်တော့သည်။
“အခုတော့ ရွှေပြား ခြောက်ဘီလီယံပဲ ထုတ်ပေးနိုင်မှာ။ ကျပ်ကို သတ်ပစ်ရင်တောင် ပမဏက အတူတူပဲ ဖြစ်နေဦးမှာပဲ”
ပိုင်ဖန်ကျန်းက မိုဝူကျီကို ကြည့်ရင်း တျန်းဂျီဂိုဏ်းဆီမှ ဤတောင်ထိပ်ကို ငှားရမ်းမိခဲ့သည့် အတွက် နောင်တ ရမိနေလေသည်။
“အဲဒါဆို ၆ ဘီလီယံကို အရင် လက်ခံထားလိုက်မယ်၊ ပြီးတော့ မင်း ပေးဖို့ ကျန်နေတဲ့ အပိုင်းထဲကနေ လူရှာပေးရမယ်။ ဆောက်လုပ်ရေး ပညာရှင် တချို့ လိုချင်တယ်။ တကယ်လို့ မင်းက လူနည်းနည်းလေး ဒါမှမဟုတ် အရည်အချင်း မရှိတဲ့သူတွေ ခေါ်လာရင်တော့ အကြွေးက လျော့သွားမှာ မဟုတ်ဘူး။ မင်း လုပ်နိုင်လား”
မိုဝူကျီ စကားအဆုံးတွင် ပိုင်ဖန်ကျန်းက ဦးညွတ်၍ ပြောလိုက်သည်။
“ကျုပ် လုပ်နိုင်ပါတယ်။ ဆရာ အင်မော်တယ် ချမှတ်ပေးတဲ့ တာဝန်အားလုံး ပြီးဆုံးအောင် လုပ်ပါ့မယ်လို့ ကတိပေးပါတယ် ....”
မိုဝူကျီက ခေါင်းညိတ်ပြလိုက်ပြီး အမည်းရောင် ဆေးသုံးလုံး ထုတ်ယူကာ ပြောလိုက်သည်။
“ဒီဆေးလုံးတွေက ငါကိုယ်တိုင် ဖော်စပ် ထားတာတွေ။ မင်းက ငါလိုအပ်တဲ့ ရွှေပြားတွေနဲ့ လူတွေနဲ ပြန်ရောက်လာရင် ဖြေဆေး ပေးမယ်။ မင်းမှာ သုံးလပဲ အချိန်ကျန်တယ် ဆိုတာလည်း မှတ်ထား၊ တကယ်လို့ သုံးလကျော်လို့မှ လိုအပ်ချက်တွေ မပို့နိုင်ဘူး ဆိုရင် ပို့စရာ မလိုတော့ဘူး။ ဘာလို့လဲ ဆိုတော့ မင်းက အဲဒီအချိန်လောက် ဆိုရင် ဆိုးဆိုးရွားရွား သေဆုံး နေလောက်ပြီ ...”
ပိုင်ဖန်ကျန်းက သက်ပြင်း ချလိုက်တော့သည်။ အကြောင်းအရင်းမှာ မင်ဟန် အင်ပါယာတွင် အဆင့်သုံး ဆေးလုံးဆရာ ရှိသည့် အတွက် ထိုအဆိပ်ကို မဖြေနိုင်မှာ မစိုးရိမ်လှပေ။ ထို့ကြောင့် မြန်မြန်သာ ဖြေလိုက်တော့သည်။
“သုံးလအတွင်း ဆရာ အင်မော်တယ် ပြောထားတဲ့ အတိုင်း အကုန် ပို့ပေးပါ့မယ်”
မိုဝူကျီက အသာ ရယ်မောလိုက်ရင်း
“မင်းကို ဘာလို့ ဆေးသုံးလုံး ပေးတာလဲ သိလား ....”
ပိုင်ဖန်ကျန်းက နားမလည်စွာ မိုဝူကျီကို စိုက်ကြည့်လိုက်သည်။
မိုဝူကျီက အစောင့် နှစ်ယောက်ကို လက်ညိုး ထိုးပြလိုက်ပြီး ပြောလိုက်သည်။
“တခြား ဆေးနှစ်လုံးက သူတို့အတွက်ပဲ၊ မင်းအတွက် ဖြေဆေး စမ်းသပ်ရေး လုပ်လို့ ရတာပေါ့။ တစ်ခု ပြောပြ ရဦးမယ်။ မင်းသာ ဖြေဆေး တစ်ခုခုကို သောက်သုံးခဲ့ရင် မင်းခန္ဓာကိုယ်လုံးမှာ ပြည်တည်လာပြီးတော့ သေရမှာပဲ။ စမ်းသပ်မှုနှစ်ခါ ပြီးရင်တော့ တတိယ အကြိမ်က ရှိလာမှာ မဟုတ်တော့ဘူး ....”
ပိုင်ဖန်ကျန်းတွင် ချွေးအေးများ ထွက်လာတော့သည်။ မိုဝူကျီသည် သူကြံစည် နေသမျှ အရာ အားလုံးကို သိနေသည့် အလား ဖြစ်၏။ သို့သော်လည်း မိုဝူကျီက သူ့ကို ခြိမ်းခြောက် နေလျှင်ပင် သူက ပြန်သွားကာ ကြိုးစား ကြည့်ရမည်။ သူ့တွင် နှစ်ကြိမ် စမ်းသပ်ခွင့် ရှိ၏။
“တခြား ဖြေဆေးတွေ မလုပ်ပါဘူး။ သုံးလအတွင်း လိုအပ်တာတွေ လာပို့ပြီးတော့ စီနီယာရဲ့ ဖြေဆေးကိုပဲ လာတောင်းပါ့မယ် ....”
ပိုင်ဖန်ကျန်းက ဖြေလိုက်သည်။ ပြီးဆုံး သွားလေပြီ။ သူက ဆေးလုံးကို ချက်ချင်း မျိုချ၍ ကျန်ဆေး နှစ်လုံးကို အစောင့် နှစ်ယောက်ကို ပေးလိုက်သည်။ ဤတျန်းဂျီ ဂိုဏ်းချုပ်သည် တခြားသော သူများနှင့် လုံးဝ ကွဲပြားသည့် အတွက် သူ့အသက်ကို လောင်းကြေး မထပ်ရဲပေ။
“ဒီလိုဆိုရင်တော့ မြန်မြန် ငါ့မျက်စိရှေက ထွက်သွားတော့”
မိုဝူကျီက ပိုင်ဖန်ကျန်း ဆေးလုံး မျိုချလိုက်သည်ကို တွေ့ပြီးနောက် အေးစက်စက် ပြောလိုက်လေသည်။
“ဟုတ်ကဲ့ပါ”
ပိုင်ဖန်ကျန်းက အစောင့် နှစ်ယောက်ကို ခေါ်၍ တျန်းကျိုင်းတောင်မှ အချိန်တို အတွင်း ထွက်သွား လေတော့သည်။
နှစ်နာရီ အကြာတွင် တျန်းဂျီတောင်ခွဲ နောက်တစ်ခု ဖြစ်သည့် တျန်းချန်း တောင်ထိပ်၌ မင်းသား (၁၆) ပိုင်စွန်းသည် ယခင် မင်းသား တစ်ပါးနှင့် အလားတူစွာ တျန်းဂျီ နယ်နမိတ် အတွင်းမှ မျက်နှာ ဖြူဖျော့စွာဖြင့် ပြေးထွက် သွားရ ရှာတော့သည်။
မင်ဟန်-တျန်းရှန်း မဟာမိတ်အဖွဲ့ကိုတော့ မိုဝူကျီက လုံးဝ ရှင်းလင်း ပစ်လိုက်လေသည်။
“စီနီယာ အစ်ကိုကြီး ... ဒီနေ့ မင်းသား နှစ်ယောက်ကို အလွယ်တကူ မောင်းထုတ် နိုင်လိုက်ပေမဲ့ မင်ဟန်အင်ပါယာမှာ ကျွန်မတို့နဲ့ ရင်ဆိုင်ဖို့ အဆင့်မြင့် ကျင့်ကြံသူတွေ ရှိနေရင်ရော” စန်ယီပင်းက မိုဝူကျီသည် ပိုင်တျန်းယုကို သတ်ထား သော်လည်း ပိုင်ဖန်ကျန်းနှင့် ပိုင်စွန်းတို့ကို ရွှေပြာများ ပေးချေခိုင်းပြီး အလွယ်တကူ မောင်းထုတ် နိုင်ခဲ့သည်ကို မြင်ခဲ့ရ၏။
မိုဝူကျီက ရယ်မောရင်း ပြောလိုက်တော့သည်။
“စိတ်မပူပါနဲ့ ငါတို့တွေမှာ သူတို့ နှစ်ယောက်ကို မောင်းမထုတ်ရင် ပြဿနာ ပိုတက်လိမ့်မယ်။ သူတို့ နှစ်ယောက်လုံးက သေရမှာ ကြောက်တဲ့ သူတွေဆိုတော့ ဖြေဆေး ရှာမတွေ့မချင်း တခြား တစ်ယောက်ကို ပြောမှာ မဟုတ်ဘူး။ ဒီအချိန် အတွင်းမှာ ငါတို့တွေက တံခါးပိတ် ကျင့်ကြံပြီးတော့ ယွမ်ဒန်အဆင့် တက်လှမ်း နိုင်အောင် လုပ်ရမယ်”
ပိုင်စွန်းနှင့် ပိုင်ဖန်ကျန်းတို့မှာ သာမန် သေမျိုးများ ဖြစ်သော်လည်း ထိုသေမျိုးများက သေမျိုးအနေနှင့်သာ အသက်ရှင်သွားလိုလျှင် သူတို့သည် မြင်းစီးဓားပြတို့ မဟာမိတ် စီးပွားရေးတို့ လုပ်ဆောင်မည် မဟုတ်ပေ။ သူတို့သည် သာမန် မဖြစ်ချင်ကြောင်း ထင်ရှားလှ၏။ မူမမှန်သည့် သူများသာ အလွယ်တကူ သေရမည်ကို မလိုချင်ကြဆုံး ဖြစ်ကြသည်။ ထို့ကြောင့် ဤအခိုက်အတန့်တွင် မင်ဟန် အင်ပါယာက သူတို့အပေါ် တစ်ခုခု လုပ်မည်ကို မစိုးရိမ်ပေ။
ပိုင်တျန်းယု သေဆုံးမှုအတွက် ပိုင်ဖန်ကျန်းနှင့် ပိုင်စွန်းတို့ကို သူသတ်မှန်း သိစေသည့် အကြောင်းအရင်းက ဘယ်မင်းသားမဆို သူစိတ်ကြိုက် သတ်ဖြတ်၍ ရကြောင်း သတိပေးခြင်း ဖြစ်၏။ ပိုင်ဖန်ကျန်းနှင့် ပိုင်စွန်းတို့မှာ သူတို့ကို သူတို့ ဖြေဆေး ရှာမတွေ့သရွေ့ ထိုကိစ္စကို အပြင် မပေါက်ကြားရန် ကြိုးစား ကြလိမ့်မည် ဖြစ်ကြောင်း ယုံကြည်သည်။
တျန်းဂျီ တောင်ထိပ်သည် တျန်းဂျီ တောင်တန်းများထဲတွင် ပင်မတောင် ဖြစ်ကာ တျန်းဂျီ ဂိုဏ်းတည်နေရာလည်း ဖြစ်၏။
သို့သော်လည်း တျန်းဂျီတောင်မှာ လတ်တလောတွင် ကျတ်တီးမြေ ဖြစ်နေပြီး လျှပ်စီး အရာများပင် ကျန်ရှိနေလေသည်။ အဓိက ခန်းမက ဆိုးဆိုးရွားရွား ဖျက်စီး ခံထားရလေသည်။
မိုဝူကျီနှင့် အခြားလူများက တျန်းဂျီတောင်ကို ကြည့်ရင်း ပြောစရာရှာမတွေ့ ဖြစ်သွားလေသည်။
ထို့နောက် မိုဝူကျီက ပြောလိုက်လေသည်။
“အဲဒါဆိုရင် အခု ဝိညာဉ်သွေးကြောကို တျန်းဂျီတောင် အောက်မှာပဲ ထားထားလိုက်ဦးမယ်၊ ပြီးတော့မှ စွမ်းအင် စုစည်းခြင်း အစီအရင်ကို လုပ်ကြတာပေါ့။ ဖူချန်းက နှဲ့ကျန်းနွန်ကို သွားရှာပြီးတော့ သူ့ကို ယွမ်ဒန် အဆင့် ရောက်ဖို့ ပြန်လာ လေ့ကျင့်တော့လို့ ပြောလိုက် ...”
မိုဝူကျီက လုပ်စရာ အများအပြား ရှိလေသည်။ အကြောင်းမှာ သူကိုယ်တိုင် ယွမ်ဒန်အဆင့် ဝင်ဖို့ လိုရုံတင် မကဘဲ နှဲ့ကျန်းနွန်နှင့် စန်ယီပင်းတို့ကိုလည်း ယွမ်ဒန်အဆင့် တက်လှမ်းနိုင်ရန် ကူညီပေးဖို့ လိုအပ်လေသည်။ လတ်တလောတွင် သူက တျန်းဂျီ ဂိုဏ်းနှင့် ကောင်းကင်ဂိတ်မြို့ ပြန်လည် တည်ဆောက်ဖို့ ကိုသာ ကြံစည် နေလေသည်။ တျန်းဂျီဂိုဏ်း အတွက် ဧရာမ အကာအကွယ် အစီအရင်လည်း လုပ်ရမည့် အစီအစဉ် ထဲ၌ အပါအဝင် ဖြစ်လေသည်။
***