မြေကမ္ဘာနယ်ပယ်၊ ကင်းမဲ့နေသော အမြုတေ
Vol. 18 Ch. 250
မိုဝူကျီ တွေးထားသည်များနှင့် မကွာခြားလှပေ။ ပိုင်ဖန်ကျန်းနှင့် ပိုင်စွန်းတို့ကို တျန်းဂျီတောင်မှ မောင်းထုတ်သည့် အတွက် မင်ဟန်အင်ပါယာမှ ဘာမှ အရေးယူခြင်းမရှိဘဲ တိတ်ဆိတ်နေဆဲ ဖြစ်သည်။
ကုန်သည်များစွာ၏ အကူအညီ အထောက်အပံ့ များနှင့်အတူ ရွှေပြားများ စွမ်းအားကြောင့် ဆောက်လုပ်ရေး ပညာရှင်များနှင့် အလုပ်သမားများက ကောင်းကင်ဂိတ်မြို့သို့ အဆက်အပြတ် ရောက်ရှိလာကြလေသည်။
ကောင်းကင်ဂိတ်မြို့ ပြန်လည် တည်ဆောက်ခြင်း လုပ်ငန်း စတင်လေပြီ။ မိုဝူကျီက ပုံကြမ်းများကို မည်သို့ ရေးဆွဲရသည်ကို မသိသော်လည်း သူ့တွင် အကြံစည်များတော့ ရှိ၏။ သူက ကောင်းကင်ဂိတ် မြို့ကို သူ့အကြံအတိုင်း တည်ဆောက်ရန် တောင်းဆိုလိုက်လေသည်။
ကောင်းကင်ဂိတ် မြို့အသစ်သည် ယခင်ကထက် အဆများစွာ ကြီးမား သွားလေသည်။ ကောင်းကင်ဂိတ်မြို့ နေရာကျယ် တစ်လျှောက် အကောင်းဆုံးသော ပစ္စည်းများကို အသုံးပြုထားခြင်း ဖြစ်၏။
ဖူချန်းနှင့် ကျောင်းယန်တို့က ပြန်လည်တည်ဆောက်ခြင်းကို တာဝန်ယူ ဦးစီးပေးသော်လည်း အစစ်အမှန် တာဝန်ယူရသည့် ကိစ္စများက ကုန်သည် ဖန်ကျန့်ရှုဆီ ရောက်သွားလေသည်။ ဖူချန်းက ဖန်ကျန့်ရှု မည်သို့ပင် စီစဉ်ပါစေ ကိစ္စများက မိုဝူကျီ မှာထားသည့် အတိုင်း ဖြစ်နေသရွေ့ ဂရုမစိုက်ပေ။
ဖန်ကျန့်ရှုအတွက် သူက ဤအလုပ်ကို အမှန်ပင် ချစ်မြတ်နိုးမိ၏။ ခရီးသွား ကုန်သည်နှင့် ယှဉ်လျှင် ဤအလုပ်ကား ပို၍ ဘေးကင်းကာ သူ့ဝင်ငွေမှာလည်း အဆများစွာ ပိုကောင်းပေသည်။ ထို့ကြောင့် သူက တျန်းဂျီဂိုဏ်းမှ အင်မော်တယ်များကို ကျေနပ်စေရန် ဤအလုပ်ကို စနစ်တကျ လုပ်ဆောင်ပေးလေသည်။
မိုဝူကျီက တျန်းဂျီတောင် ပြန်လည် တည်ဆောက်ရေး ကိုတော့ မစတင်ရသေးပေ။ သူက ဝိညာဉ် သွေးကြောကို ပြန်ထိုးစိုက်ထားပြီး စန်ယီပင်း၊ နှဲ့ကျန်းနွန်တို့ နှင့်အတူ တံခါးပိတ် မကျင့်ကြံခင် အလယ်အလတ် အဆင့် ဝိညာဉ်စွမ်းအား စုစည်းခြင်း အစီအရင်ကိုပါ တပ်ဆင် ထားလိုက်သည်။ ဤတစ်ကြိမ်တွင် သူက ယွမ်ဒန် အဆင့်သို့ ရောက်ကို ရောက်ရမည်။
တကယ်တော့ ကောင်းကင်ဖွေရှာ လှေကားထစ်တွင် ၁၀၂ ခုမြောက် ချီသွေးကြောကို ဖွင့်စဉ်က သူက ယွမ်ဒန်တစ်ပိုင်း အဆင့်သို့ ရောက်ရှိခဲ့လေသည်။
သို့သော် ထို့နောက်တွင် သူက ပြဿနာများကို ဆက်တိုက် ဖြေရှင်းနေရသည့် အတွက် ကျင့်ကြံဖို့ရာ အချိန်ပင် မရှိချေ။ ထို့ကြောင့် လူသား အဆင့်လွန် နယ်နမိတ်တွင် ကပ်ကျန်နေခြင်း ဖြစ်သည်။
ယခု သူက ဘေးကင်း လုံခြုံနေသည့် အချိန် ရလာသည့် အတွက် ဝိညာဉ်သွေးကြော အထောက်အပံ့ဖြင့် ယွမ်ဒန် အဆင့်သို့ တက်လှမ်း နိုင်လိမ့်မည်။
အင်မော်တယ်မော်တယ် ကျင့်စဉ်ကို ထုတ်ယူပြီး မိုဝူကျီက ၁၀၂ခုမြောက် ချီသွေးကြောထဲမှ သဘာဝ စွမ်းအားများကို လှည့်ပတ်လိုက်ပြီး စာအုပ်အဖုံးမှ အမှတ်အသားများဆီ စီးဆင်း စေလိုက်သည်။ သဘာဝ စွမ်းအားများ ပြည့်နေသည့် ၁၀၂ခုမြောက် ချီသွေးကြောသည် အမှတ်အသားထဲ စီးဝင်သွားပြီး ထိုအမှတ်အသားများက တစ်ခုနှင့် တစ်ခု ချိတ်ဆက် ထားသည့် လှည့်ပတ်နေသော စက်ဝိုင်းများ ဖြစ်ပေါ် လာလေသည်။
ရင်းနှီးလှသော “ဟူး ... ဟူး ...” အသံကို ကြားလိုက်ရပြီး ထိုအသံက သဘာဝစွမ်းအားက စာရွက်ကို အသက် သွင်းပေးလိုက်သည့် အသံပင် ဖြစ်သည်။ ဤအကြိမ်က ဒုတိယမြောက် ဖြစ်သော်လည်း မိုဝူကျီက စိတ်လှုပ်ရှား မိနေဆဲ ဖြစ်သည်။
သူက လက်ကို လွတ်လိုက်သည့်အခါ မူလစာအုပ် အထူက နည်းနည်း ပါးသွားလေသည်။ သူရှေ့တွင် စာရွက်ဆယ်ရွက် အသစ် ပေါ်လာလေသည်။ ထိုစာရွက်များတွင် ယွမ်ဒန်အဆင့် တက်လှမ်းဖို့ရန် နည်းလမ်းနှင့် ရုပ်ပုံများ ပါဝင်လေသည်။
သူက စိတ်ခံစားချက်များကို ထိန်းချုပ် လိုက်ပြီးနောက် မိုဝူကျီက ယွမ်ဒန်အဆင့်မှ လှည့်ပတ်ခြင်း လမ်းကြောင်းများကို စတင် လေ့လာလိုက်သည်။ တစ်ရက်အကြာတွင် မိုဝူကျီက အင်မော်တယ် မော်တယ် ကျင့်စဉ်ကို သိမ်းထားလိုက်ပြီး ယွမ်ဒန်အဆင့်သို့ တက်လှမ်းရန် ဝိညာဉ် စွမ်းအားများကို အသည်းအသန် စုပ်ယူ လိုက်တော့သည်။ ဤတစ်ကြိမ်တွင် သူက ရွှေအသွင် ဆေးလုံးများပင် အသုံးမပြုပေ။ သူ့ ၁၀၂ ခုမြောက် ချီသွေးကြောထဲဆီသို့ ဆက်တိုက် စုပ်ယူလိုက်ခြင်းက ဧရာမ ဝိညာဉ်စွမ်းအား ဝဲကတော့ ဖြစ်ပေါ်လာစေဖို့ရာ လုံလောက်ပေသည်။
ထိုရူးမိုက်သောအမြန်နှုန်းဖြင့် ဝိညာဉ်စွမ်းအားများကို စုပ်ယူနေလျှင် ရွှေအသွင်ဆေးလုံး မလိုအပ်ဘဲ သူ့အား ယွမ်ဒန် အဆင့်သို့ ရောက်သွားစေလိမ့်မည်။
အကယ်၍ သူက ယွမ်ဒန် အဆင့် မရောက်နိုင်ခဲ့ပါက သူက ရွှေအသွင် ဆေးလုံးကို စတင်၍ မှီဝဲရမည်။
“ဘမ်း ...”
ဝိညာဉ် စွမ်းအားများနှင့် သဘာဝ စွမ်းအားများ စုစည်းသွားပြီး လှည့်ပတ်ထားသည့် လမ်းကြောင်း အတိုင်း လိုက်၍ သူ့၁၀၂ခုမြောက် ချီသွေးကြောဆီ စီးဆင်း သွားတော့သည်။
အစပိုင်းတွင် ထိုစီးဆင်းမှုက သေးငယ်သော လှိုင်းတွန့်လေးမျှသာ ဖြစ်နေသော်ငြား ဖြည်းဖြည်းချင်း ပြင်းထန်သည့် လှိုင်းလုံးကြီးများအဖြစ် ပြောင်းလဲသွားတော့သည်။ ထိုလှိုင်းလုံးများက မိုဝူကျီ ခန္ဓာကို ဖြတ်သန်းသွားပြီး သူ့ချီသွေးကြောများ အားလုံးကို လွှမ်းခြုံသွားလေသည်။
မိုဝူကျီ ခန္ဓာအတွင်းရှိ လူသား အဆင့်လွန်ဆုံး ဝိညာဉ်ကွင်းက ပို၍ ထင်ရှားလာပြီး သိပ်သည်း လာလေသည်။ လျှံကျလာသည့် ဝိညာဉ် စွမ်းအားများက သူ့ခန္ဓာမှ ထွက်ကျလာလေသည်။
သို့သော်လည်း မိုဝူကျီက အားလုံးကို သတိမမူမိပေ။ သူ့အင်အား တိုးတက် လာသည့် ဖြစ်စဉ်ကိုသာ သတိထားမိလိုက်၏။
အခန်းကပ်လျက်တွင် ရှိနေသော စန်ယီပင်းနှင့် နှဲ့ကျန်းနွန်တို့မှာ ကြောင်အသွားကြသည်။ သူတို့လည်း တံခါးပိတ်ကျင့်ကြံနေခြင်း ဖြစ်ရာ ဝိညာဉ်သွေးကြော အထောက်အပံ့နှင့်အတူ စီနီယာအစ်ကိုကြီး၏ ဝိညာဉ် စွမ်းအား စုစည်းခြင်း အစီအရင်ဖြင့် သူတို့ ကျင့်ကြံနှုန်းကား မြန်ဆန်နေပြီဟု ယူဆ၍ ရလေသည်။ တစ်ခုခုသာ အမှားအယွင်း မရှိပါက နောက်သုံးလ အတွင်း နှဲ့ကျန်းနွန်သည် လူသား အဆင့်လွန် အဆင့် ၈ မှ အဆင့် ၉ သို့ တက်လှမ်းနိုင်လိမ့်မည်။
သို့သော်လည်း ယခုတွင် သူတို့က လတ်ဆတ်လှသော ဝိညာဉ်စွမ်းအား လှိုင်းများကို ခံစားမိလိုက်သည်။ ထိုထူးဆန်းလှသော ပတ်ဝန်းကျင်အောက်တွင် ကျင့်ကြံမိလိုက်၍ သူတို့သည် တာအိုနှင့် ပို၍ သဟဇာတ ဖြစ်သွားသည်ဟု ခံစားလိုက်ရသည်။ ထိုခံစားချက်သည် သူတို့ကို ကျင့်ကြံခြင်း လမ်းကြောင်းကို ပို၍ ရှင်းလင်းစေသည်။ သူတို့၏ စွမ်းဆောင်ရည်များက အဆများစွာ ခုန်တက် သွားသောကြောင့် သူတို့ ကိုယ်တိုင်ပင် အံ့ဩတကြီး ဖြစ်မိသွားခြင်း ဖြစ်၏။
လပိုင်းလေး အတွင်း မိုဝူကျီက ယွမ်ဒန်အဆင့် မတက်လှမ်း နိုင်သေးသော်လည်း နှဲ့ကျန်းနွန်မှာ ယွမ်ဒန်အဆင့် ရောက်ရှိသွားပြီ ဖြစ်၏။ သူက ရွှေအသွင် ဆေးလုံးကိုပင် မသုံးခဲ့ရပေ။ စန်ယီပင်းလည်း လူသား အဆင့်လွန် အဆင့် ၅ မှ အဆင့် ၆ သို့ ရောက်ရှိသွားလေပြီ။
နောက်နှစ်လ အကြာတွင် နှဲ့ကျန်းနွန်က ယွမ်ဒန်အဆင့် ၁ မှ အဆင့် ၂ သို့ တက်လှမ်း သွားနိုင်လေ၏။ တစ်ဖက်တွင် စန်ယီပင်းမှာ လူသား အဆင့်လွန် အဆင့် ၉သို့ ရောက်ရှိနေပြီ ဖြစ်၏။
နှဲ့ကျန်းနွန်နှင့် စန်ယီပင်းတို့က အရူး ဖြစ်နေလျှင်ပင် ထိုအရာက သူတို့အတွက် ရှားပါးလှသည့် အခွင့်အရေး ဖြစ်ကြောင်း သိကြသည်။ သူတို့ ကျင့်ကြံခြင်း မြန်ဆန်လာခြင်းမှာ သေချာပေါက် ဝိညာဉ် သွေးကြောကြောင့်သာ မဟုတ်ပေ။ ပို၍ အရေးကြီးသည်က သူတို့၏ စီနီယာ အစ်ကိုကြီးကြောင့်သာ ဖြစ်ရမည်။ သူတို့သည် ထူးဆန်းအံ့ဩဖွယ် ကြီးမြတ်သော တာအို၏ အကြွင်းအကျန် အနည်းငယ်မျှသာ ခံစားမိလေသည်။ သို့သော် ထိုအနည်းငယ်လေးက သူတို့၏ ကျင့်ကြံခြင်းကို တစ်ဟုန်ထိုး မြင့်တက် သွားစေသည်။
“ဘမ်း ....”
သုံးလအကြာတွင် မိုဝူကျီ ခန္ဓာကိုယ်မှ လူသား အဆင့်လွန် ဝိညာဉ်ကွင်းက ရုတ်တရက် ကြေမွသွားပြီး ကလေး လက်သီးဆုပ် အရွယ်အစား ရှိသည့် ရွှေရှောင် အမြုတေက သူ့ဒန်တျန်းထဲတွင် ဖြစ်တည်လာလေ၏။
ထိုရွှေရောင် အမြုတေဘေးတွင် ဖျော့တော့တော့ ဝိညာဉ် စွမ်းအားလေးက လှည့်ပတ်နေပြီး အားကောင်းသော သဘာဝစွမ်းအားများ လွှင့်ထုတ် ပေးနေသည်။ မိုဝူကျီက ပျော်ရွှင်မှုကို ချိုးနှိမ် ထားလိုက်ရသည်။ သူသည် လူသား အဆင့်လွန်ဆုံးမှ မြေကမ္ဘာနယ်ပယ် ယွမ်ဒန် အဆင့်သို့ တက်လှမ်း သွားပြီ ဖြစ်ကြောင်း သိလိုက်မိ၏။
ပေါကြွယ်ဝသော ဝိညာဉ် စွမ်းအားများက မိုဝူကျီ၏ စွမ်းအား ကတော့တွင် အားကောင်းကောင်းဖြင့် ဝေ့ပတ် နေလေသည်။ မိုဝူကျီက ရွှေရောင်အမြုတေ ဖြစ်တည်ပြီး နောက်တွင် သူ့စွမ်းအားများ တည်ငြိမ်ဖို့ရာ လိုအပ်ကြောင်း သိ၏။
ရက်အတော်ကြာ ကုန်ဆုံး သွားလေသည်။ မိုဝူကျီက ယွမ်ဒန်အဆင့် ၁ သို့ အခြေကျ သွားသည့် အခါ သူက ဝိညာဉ် စွမ်းအားများကို နှိုးဆွဖို့ရာ ကြိုးစားလိုက်သည်။
သူ့ခန္ဓာအတွင်းမှ သဘာဝ စွမ်းအားများက ဖြည်းဖြည်းချင်း ထွက်ပေါ်လာပြီး ပြင်းထန်သည့် အားထွက်ပေါ်လာလေသည်။ ထိုအင်အားက မိုဝူကျီအတွက် လုံခြုံစိတ်ချမှုကို ပေးစွမ်းလေသည်။
မိုဝူကျီက ပျော်ရွှင် မြူးထူးနေစဉ် ရုတ်တရက် “ဂျွတ် ...” ဟု အသံ ကြားလိုက်ရသည့် အခါ သူ့ပျော်ရွှင်မှု အားလုံး အငွေ့ ပျံသွားလေသည်။ သူ့ယွမ်ဒန် (အမြူတေ)က ကျိုးပဲ့လာလေသည်။
ဘာဖြစ်သွားတာလဲ ...
မိုဝူကျီ စိတ်ထဲတွင် အတော်လေး မယုံသင်္ကာ ဖြစ်နေလေသည်။ ဖြစ်တည်လာတာ မကြာသေးသည့် အမြုတေက ဘာကြောင့် ကျိုးကြေ သွားသနည်း။ သူ့အမြုတေ ကျိုးကြေ သွားသည်က သူသည် နောက်တစ်ဆင့် ဖြစ်သည့် အစစ်အမှန် ရေအဆင့်သို့ တက်လှမ်းသွား၍ မဟုတ်ကြောင်း သိ၏
အစစ်အမှန် ရေအဆင့် ဖြစ်ဖို့ရန် ယွမ်ဒန်အဆင့် ၉ တော့ ဖြစ်ဖို့ လိုအပ်လေသည်။ သူက ယွမ်ဒန်အဆင့် ရောက်ရုံမျှ ဖြစ်၍ သူ့ပထမဆုံး အဆင့်ပင် သေချာ မတည်ငြိမ်သေးပေ။ ဘယ်လိုလုပ် အဆင့် ၉ ထိ ရောက်နိုင်မည်နည်း။ မိုဝူကျီ စိတ်ထဲတွင် စိတ်ရှုပ်ထွေး နေစဉ် နောက်ထပ် အသံတစ်ခု ကြားလိုက်ရပြန်သည်။ သူ့အမြုတေကား လုံးဝ ကွဲကြေသွားခြင်း ဖြစ်၏။
ငါ ကျင့်ကြံတာများ တစ်ခုခု မှားသွားတာလား ...
မိုဝူကျီက သူ့ကျင့်ကြံခြင်းတွင် မမှားယွင်းကြောင်း နားလည်၏။ အကြောင်းမှာ သူ့အမြုတေ ကြေမွ သွားပြီးနောက်တွင် ထိုအရာက ခရမ်းရောင် ဖြစ်ပေါ်နေလေသည်။ ထိုခရမ်းရောင် အတွင်းမှ စွမ်းအားသည် သူ အမြုတေကို အသုံးပြုသည့်အချိန်နှင့် ယှဉ်လျှင် ပို၍ အားကောင်းလေ၏။
ဒါက ...
ဤတစ်ကြိမ်က သူ့အတွက် အမြူတေ ပထမဆုံး ဖြစ်ပေါ်ဖူးခြင်း ဖြစ်သော်လည်း မိုဝူကျီက သူ့အမြုတေ ကွဲကြေသွားလျှင် သူ့ကျင့်ကြံဆင့် နိမ့်သွားမည် ဖြစ်ကြောင်း ဆိုလိုမှန်း သိ၏။ သူ့အင်အားတော့ တိုးမလာစေသည်မှာ အသေအချာ ဖြစ်လေသည်။
မိုဝူကျီက ဝိညာဉ်စွမ်းအားများကို စုပ်ယူရန် ကြိုးစားလိုက်သည့် အခါ သူ့စုပ်ယူနှန်းက အမြုတေ ရှိနေစဉ်ထက် အဆများစွာ ပိုမြန်ဆန်နေကြောင်း သိသွားသည်။
သူ့ဝိညာဉ်စွမ်းအား အများအပြား နောက်တွင် ခရမ်းရောင် ဖြစ်တည်မှု အနီးဝန်းကျင်တွင် ဖျော့တော့တော့ ဝိညာဉ်ကွင်း ဖြစ်ပေါ်လာလေ၏။
ထိုသည်က လူသား အဆင့်လွန်ဆုံး ဝိညာဉ်ကွင်း မဟုတ်ပေဘူးလား။ သူ့အမြုတေ ကြေမွသွားပြီးနောက်တွင် အမြုတေအပြင်ဘက်တွင် ဖြစ်တည်လာသည်လား။ သူ့ဝိညာဉ်ကွင်းက တစ်ခါတည်း ဆက်တိုက် နှစ်ကြိမ် ကြေမွသွားပြီး ယခု ခရမ်းရောင် ဖြစ်တည်မှု အနားတွင် ပြန်လည် ဖြစ်တည် လာလေသည်။ အတွင်းမှ ဝိညာဉ် စွမ်းအားများသည် ယခင်ကထက် ပို၍ ရှင်းလင်းလှသည်။
မိုဝူကျီက ခရမ်းရောင် ဖြစ်တည်မှုနှင့် ဝိညာဉ်ကွင်း ဖြစ်ပေါ်လာသည့် အချိန်တွင် စန်ယီပင်းမှာ ကျင့်ကြံခြင်း အဓိပ္ပာယ်အစစ်ကို ပို၍ သိရှိလာလေ ဖြစ်၏။ ထိုစဉ် သူမက လူသား အဆင့်လွန်မှ ယွမ်ဒန်အဆင့် ၁ သို့ ရောက်ရှိ သွားလေသည်။ သူမလည်း ရွှေအသွင် ဆေးလုံးကို မသုံးလိုက်ရချေ။ နှဲ့ကျန်းနွန်မှာ တစ်ဆင့် ထပ်တက်လှမ်း သွားပြီး ယွမ်ဒန်အဆင့် ၃ သို့ ရောက်ရှိနေလေပြီ။
သို့သော် ရုတ်တရက် အဆင့် တက်လှမ်းသွားမှု နောက်တွင် စန်ယီပင်းနှင့် နှဲ့ကျန်းနွန်တို့က သူတို့ ကျင့်ကြံနှုန်းမှာ တဖြည်းဖြည်း လျော့ကျသွားကြောင်း သိလိုက်ရသည်။ သူတို့ ဆုပ်ကိုင် ထားသည့် ကြီးမြတ်သော တာအို သဟဇာတ ဖြစ်မှုလည်း ပျောက်ဆုံး သွားလေသည်။ သူတို့ အမြန်နှုန်းမှာ သာမန် နှုန်းအတိုင်း ပြန်ဖြစ် သွားကြသည်။
မိုဝူကျီက အသံရှည် ဆွဲရင်း အခန်းအတွင်းမှ ထွက်လာ လိုက်တော့သည်။ သူက သူ့ရင်ဘတ်ထဲမှ စွမ်းအားများကို လွှတ်ဖို့ရန် အရေးတကြီး လိုအပ်နေကြောင်း ခံစားမိလိုက်၍ အခန်းထဲမှ ဖြည်းဖြည်းချင်း ထွက်လာဖို့ရန် စောင့်မနေတော့ပေ။
သူ့တွင် အမြုတေ ရှိသည်ဖြစ်စေ၊ မရှိသည် ဖြစ်စေ အရေးမပါပေ။ သူ့စွမ်းအားက ယွမ်ဒန်အဆင့် ၁ တွင် ရှိနေပြီး အမြုတေ ရှိနေစဉ်က အဆင့် ၁ ထက် များစွာ အားကောင်းကြောင်း ခံစားမိနေသည်။
သူ့ခန္ဓာတွင် အပိုခရမ်းရောင် ဖြစ်တည်မှု ရှိလာပြီး ထိုခရမ်းရောင် ဖြစ်တည်မှု အပြင်ဘက်တွင် သန္ဓေ နှစ်ခါပြောင်း ဝိညာဉ်ကွင်း ရှိနေ၍ ဖြစ်သည်။
မိုဝူကျီက တစ်ချက် ထိုးလွတ်လိုက်လေသည်။ ထိုလက်သီးကြောင့် ဆယ်မီတာအကွာမှ ဧရာမ ကျောက်တုံးကြီးကား အစိတ်စိတ် အမြွှာမြွှာ ကွဲကြေသွားလေသည်။
ထိုသည်က ရိုးရှင်းသော လက်သီးတစ်လုံး ဖြစ်သော်လည်း ခရမ်းရောင် ဖြစ်တည်မှုနှင့် အမြုတေ ကြားမှ ကွာခြားချက်အား သိသွားစေသည်။ အမြုတေက အားကောင်းသော်လည်း စွမ်းအား ကုန်သွား စေနိုင်သည့် ကန့်သတ်ချက်တော့ ရှိသေးသည်။ သို့သော် ခရမ်းရောင် ဖြစ်တည်မှုမှာ အကန့်သတ် မဲ့လှ၏။ ဆက်တိုက် အသုံးပြုလျှင်ပင် သူ့ ၁၀၂ခုမြောက် ချီသွေးကြောက အလျင်အမြန် ပြန်လည် အားဖြည့်တင်း ပေးနေလေသည်။ ဖြစ်နိုင်သည်က လုံးဝ ကုန်ခမ်းသွားသည့် အခါမှ အမြုတေနှင့် အဓိက ကွာခြားချက် သိလာမည်လား ....
ထို့အပြင် ထိုသည်က အပေါ်ယံ နားလည်မှုသာ ဖြစ်၏။ သူက ထိုခရမ်းရောင် ဖြစ်တည်မှုသည် သူ့ကျင့်စဉ်များကို ထိန်းချုပ်ဖို့ရာ ကူညီ ပေးနိုင်လိမ့်မည်ဟု ခံစားမိနေသည်။
“စီနီယာ ခေါင်းဆောင် အစ်ကိုကြီး ဂုဏ်ယူပါတယ် ...”
နှဲ့ကျန်းနွန်နှင့် စန်ယီပင်းတို့က ရောက်ရှိလာလေသည်။
မိုဝူကျီက သူတို့ကို လှည့်ကြည့်လိုက်သော အခါ သူတို့ နှစ်ယောက်လုံးမှာ ယွမ်ဒန် အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း သိလိုက်၏။ သူက စန်ယီပင်းကို တအံ့တဩ ကြည့်ကာ မေးလိုက်သည် ...
“ယီပင်း ... ကျန်းနွန်က ယွမ်ဒန်အဆင့်နဲ့ မကွာတဲ့ လူသား အဆင့်လွန် အဆင့် ၈ မလို့ ဝိညာဉ်သွေးကြော အကူအညီနဲ့ ဆိုရင် အချိန်တိုအတွင်း ယွမ်ဒန်အဆင့် ရောက်ဖို့ဆိုတာ ဖြစ်သင့်တယ်။ ဒါနဲ့ မင်းက လူသားအဆင့်လွန် အဆင့် ၅ကနေ ဘယ်လိုလုပ် ယွမ်ဒန်အဆင့်ကို မြန်မြန် ရောက်သွားတာလဲ ...”
မိုဝူကျီက အတွေးထဲ မေးခွန်းများနှင့်သာ ပြည့်နေလေ၏။ စန်ယီပင်း အရည်အချင်းမှာ မဆိုးလှပေမဲ့ ကောင်းကင်ဖွေရှာ နန်းတော်မှ ပါရမီရှင်များနှင့် အကွာကြီး ကွာခြားသေး၏။ ဝိညာဉ်သွေးကြော အကူအညီဖြင့် ဆိုလျှင်ပင် သူမက ထိုမျှ မြန်မြန်ဆန်ဆန် တက်လှမ်းနိုင်မည် မဟုတ်ဦးပေ။ လက်တွေ့တွင် မိုဝူကျီက နှဲ့ကျန်းနွန်ကို ယွမ်ဒန်အဆင့် ရောက်ရှိဖို့ရန် နှစ်ဝက်လောက် အချိန် ယူလောက်မည် ဖြစ်ကြောင်း မှန်းထား၏။ သို့သော် သူတို့ နှစ်ယောက်လုံးမှာ ယွမ်ဒန်အဆင့်သို့ ရောက်ရှိပြီး နေလေပြီ။
“စီနီယာ အစ်ကိုကြီး ကျုပ်က ယွမ်ဒန်အဆင့် ရောက်ရုံတင် မကဘူး။ ယွမ်ဒန်အဆင့် ၃ ရောက်နေပြီဗျ ...”
နှဲ့ကျန်းနွန်က တက်တက်ကြွကြွ ပြောလိုက်လေသည်။
“ဘယ်လို ဖြစ်သွားတာလဲ”
မိုဝူကျီက ဘာမျှ မသိတော့ချေ။ သူ့အမြန်ဆုံးနှုန်းနှင့် ဆိုလျှင်ပင် သူတို့လောက် မမြန်ချေ။
စန်ယီပင်းက မြန်မြန် ရှင်းပြလိုက်လေသည်။
“ကျွန်မတို့ ကျင့်ကြံနေတုန်း ကျွန်မတို့ ကျင့်ကြံနှုန်းတွေ ရုတ်တရက်ကြီး မြင့်လာတာကို ခံစား မိလိုက်တယ်။ အဲဒါနဲ့ နှစ်ယောက်လုံး ထွက်လာပြီးတော့ ဆွေးနွေး တိုင်ပင်ကြည့်တော့ စီနီယာ အစ်ကိုကြီးကြောင့် ဖြစ်လိမ့်မယ် ဆိုပြီး ကောက်ချက် ချခဲ့ကြတာ။ စီနီယာ အစ်ကိုကြီးက အင်မော်တယ် မော်တယ် ကျင့်စဉ်ကို ကျင့်နေတာမလား ...”
မိုဝူကျီက နားလည် သွားလေသည်။ သူ့အမြုတေမှာ ကြေမွသွားပြီး ခရမ်းရောင် ဖြစ်တည်မှု ပေါ်လာသည့်အခါက ဝိညာဉ်စွမ်းအားတချို့ ပြန့်နှံ့သွားလေသည်။ ထိုစွမ်းအားများက သူတို့နှစ်ယောက် ခံစားမိသည့် အရာ ဖြစ်ရမည်။
“ဟုတ်တယ်။ ငါက အင်မော်တယ် မော်တယ် ကျင့်စဉ်ကို ကျင့်နေတာ။ ငါသာ ဒီလို အကြောင်းတွေ သိရင် ဖူချန်းနဲ့ ကျောင်းယန်ကိုလည်း ခေါ်ထားလိုက်မှာ ...”
မိုဝူကျီက နှမြောတသ ဖြစ်စွာ ပြောလိုက်လေသည်။
***