← Chapters

တျန်းဂျီဂိုဏ်းကို ပြန်လည်တည်ဆောက်ခြင်း

Vol. 18 Ch. 251

တျန်းဂျီဂိုဏ်းကို ပြန်လည်တည်ဆောက်ခြင်း

Vol. 18 Ch. 251

မင်ဟန်အင်ပါယာ၊ တာ့ခေးမြို့တော်

ဤမြို့တော်ကို နယ်ခြားကျင့်ကြံသူတွေ ကျူးကျော်ဖူးလေ၏။ ကံကောင်းလှစွာ နယ်ခြား ကျင့်ကြံသူများက ဤနေရာကို သူတို့၏ စခန်းအဖြစ် သတ်မှတ်ခဲ့သည့် အတွက် တာ့ခေးမြို့တော်က ပျက်စီးမှု သိပ်မရှိပေ။

လအနည်းငယ်လောက် ပြန်လည် စီစဉ်လိုက်ရုံဖြင့် တာ့ခေး မြို့တော်သည် ယခင် အင်ပါယာ မြို့တော် အတိုင်း ခမ်းနား ကြီးမားမှုများ ပြန်ရောက်ရှိ လာလေသည်။

မင်ဟန်အင်ပါယာ ဘုရင်မင်းမြတ် ပိုင်ယင်ရှန်းက တော်ဝင်နန်းတော်ကို ပြန်လည် ပြင်ဆင်ပြီး နောက်တွင် ပထမဆုံး တရားစီရင်ရေး အစည်းအဝေးကို ခေါ်ယူလိုက်လေသည်။

ခန်းမအတွင်းမှ ကျိုးတို့ကျဲတဲ လူအရေအတွက်ကို မြင်ပြီး ပိုင်ယင်ရှန်းက အမူအရာ ပျက်သွား လေသည်။ နယ်ခြား ကျင့်ကြံသူများက တာ့ခေးမြို့တော်ကို ရုတ်တရက် ရောက်ရှိလာသည့် အတွက် မင်ဟန် အင်ပါယာ ကြုံတွေ့ ခဲ့ရသည့် အပျက်အစီး များမှာ အကြီးမားဆုံး ဖြစ်၏။ အင်ပါယာ ကာကွယ်ရေး ဂိုဏ်းဖြစ်သည့် ကောင်းကင် တစ်ပိုင်းအဆင့် ကြီးမြတ် ယွမ်ဂိုဏ်းသည်လည်း ဖျက်စီး ခံလိုက်ရသည်။ အစစ်အမှန် ရေအဆင့်နှင့် ဖြစ်တည်ခြင်းမဲ့ နတ်ဘုရားအဆင့် ပြည်နယ် ကာကွယ်သူ တို့မှာ သူတို့ကို ကာကွယ်ပေးရင်း အသက် စွန့်သွားခဲ့ရသည်။

“ဒီနယ်ခြား ကျူးကျော်စဉ်က ကျုပ်ရဲ့ မင်ဟန်အင်ပါယာက အများဆုံး ထိခိုက်ခဲ့ရတယ်။ တာ့ခေး မြို့တော်က အားလုံးနီးပါး ပြန်ကောင်းသွားပေမဲ့ ယခင် ကြီးမြတ်မှုကို မှီဖို့ရာ အဝေးကြီး လိုနေသေးတယ်။ ခင်ဗျားတို့ အားလုံးက ကျုပ် မင်ဟန် အင်ပါယာရဲ့ ထောက်တိုင်တွေပဲ။ ပြောစရာများ ရှိကြလား”

ပိုင်ယင်ရှန်း အသံမှာ အနည်းငယ် စိတ်ပျက်နေဟန် ပေါ်သည်။

သူက ကြီးမြတ်ယွမ်အဆင့် ပျက်သုန်း သွားသောကြောင့် စိတ်ဓာတ်ကျခြင်း မဟုတ်ပေ။ မင်ဟန်အင်ပါယာ၏ ကျင့်ကြံရေး အထောက်အပံ့များဖြင့် ကောင်းကင် တစ်ပိုင်း အဆင့်ကို ဖွံ့ဖြိုး လာအောင် ပြုလုပ်နိုင်ပေသည်။ သို့သော်လည်း သူစိုးရိမ်သည်က သူ့မင်ဟန် အင်ပါယာက ခြေကုပ်နေရာ မရခင် အိမ်နီးချင်းများ ဖြစ်သည့် တျန်းရှန်း အင်ပါယာနှင့် ချီယန်အင်ပါယာတို့မှ သူတို့အား ဆန့်ကျင် လာမည်ကို ဖြစ်၏။

“ဘုရင်မင်းမြတ်ကို တင်ပြစရာ ရှိပါတယ်။ အခု လတ်တလော နယ်ခြား ကျူးကျော်ရေးမှာ ကျုပ်တို့ မင်ဟန် အင်ပါယာက ပထမဆုံး အထိနာဆုံး ဖြစ်ခဲ့လို့ တစ်နှစ်၊ နှစ်နှစ်အတွင်း ကျုပ်တို့တွေ သေချာပေါက် ပြန်ထူထောင်နိုင်မှာ မဟုတ်သေးဘူး။ မင်ဟန် အင်ပါယာကို အန္တရာယ် ကင်းစေဖို့က အရင်ဆုံး ကောင်းကင်တစ်ပိုင်း အဆင့်ဂိုဏ်းကို ရှာဖို့ပဲ။ ရှာပြီးတော့ ကျုပ်တို့ အင်ပါယာရဲ့ ကာကွယ်ရေး ဂိုဏ်းအဖြစ် ပေးအပ်ရမယ်။ ဒုတိယအချက်က မင်ဟန် အင်ပါယာရဲ့ စစ်တပ်ကို ခံစစ်မြင့်ပြီးတော့ ပံ့ပိုးပေးရမယ်”

ပိန်ချုံးချိနှဲ့နေသည့် အကြီးအကဲ တစ်ယောက်က ထွက်လာကာ ဦးညွှတ်ပြောလိုက်လေသည်။

ပိုင်ယင်ရှန်းက ခေါင်းညိတ်ပြလိုက်ပြီး “နယ်စားကြီးပိ ပြောတာ မှန်တယ်။ ဒီဖြစ်ရပ်ပြီးတော့ ဘဏ္ဍာတိုက် ခမ်းခြောက်နေပြီ။ ကျုပ်တို့မှာ အဲလောက်မရှိတော့ဘူး ...”

နယ်စားကြီးပိ ဟု အမည်ရသည့် အကြီးအကဲက ဖြေလိုက်သည်။

“မင်းသား (၁၄) နဲ့ မင်းသား (၂၆) တို့က အမြဲတမ်း စီးပွားရေး ကောင်းကြတယ်။ သူတို့မှာ ဘီလီယံနဲ့ချီပြီးတော့တောင် ရွှေပြားတွေ ရှိတယ်တဲ့ ပြောနေကြတယ်။ ဒီတစ်ကြိမ်တော့ မင်ဟန် အင်ပါယာရဲ့ မင်းသား နှစ်ပါးက အင်ပါယာ အတွက် အကျိုး ပြုသင့်တယ်။ ပြီးတော့ တိုက်ပွဲ ကနေ လွတ်သွားတဲ့ ပြည်နယ်တွေ ကလည်း နိုင်ငံ ပြန်လည် တည်ဆောက်ဖို့ အတွက် ထောက်ပံ့ ပေးသင့်တယ်”

တစ်ယောက်မျှ မပြောကြပေ။ မင်းသားတွေ ကြားမှ တိုက်ပွဲသည် ဝင်မရှုပ်မိလျှင် အကောင်းဆုံး ဖြစ်၏။

ပိုင်ယင်ရှန်းက တျန်းဂျီဂိုဏ်းတွင် သူ့သားများ ပြုမူခဲ့သည်များကို သိ၏။ သူက သူတို့၏ ပြစ်မှုများကြောင့် မျက်လုံး စုံမှိတ် နေခဲ့ခြင်းသာ ဖြစ်သည်။ ယခု သူတို့နှစ်ယောက်က ဘီလီယံနှင့်ချီ၍ ဝင်ငွေ ရှိနေသည်ကို ကြားသော အခါ သူက အလွန် အံ့အား သင့်မိသွားသည်။ သူတို့သည် ပိုက်ဆံများစွာ ရှာနိုင်ရက်နှင့် သူတို့၏ အဖေ အတွက်တော့ တစ်ပြားမှ မပေးပေ။

ထိုအရာက မဖြစ်သင့်ချေ။

“အစောင့်တွေ မင်းသား (၁၄) နဲ့ မင်းသား (၂၆) ကို ခေါ်လိုက် ...”

ပိုင်ယင်ရှန်းက တွေဝေမနေဘဲ မင်းသား နှစ်ပါးကို မေးမြန်းဖို့ရာ အခေါ် လွှတ်လိုက်သည်။

နောက်ထပ် အမတ်တစ်ဦးက ရှေ့ထွက်လာကာ ပြောလိုက်သည်။

“ဘုရင်မင်းမြတ်ကို လျှောက်တင်ပါရစေ။ မင်းသား နှစ်ပါးလုံးက လွန်ခဲ့တဲ့ နှစ်လလောက်က တာ့ခေးကို တစ်ခါပဲ ပြန်လာကြပါတယ်။ တာ့ခေးမှာ ကြာကြာမနေဘဲ ပြန်ထွက် သွားပါတယ်။ ပြီးတော့ သတင်းတွေ အရတော့ သူတို့က ဆောက်လုပ်ရေး ပညာရှင်တွေ ရှာနေတယ်လို့ ကြားလိုက်ရပါတယ်”

မန်ဟန် အင်ပါယာတွင် မင်းသားများက မြို့တော်ကနေ အမြဲလိုလို ထွက်သွားလေ့ ရှိကြသည်။ သူတို့၌ အတားအဆီးများ မရှိပေ၊။

ပိုင်ယင်ရှန်းက အေးစက်စွာ ပြောလိုက်သည်။

“အဲဒီ နှစ်ယောက်ကို ချက်ချင်း ပြန်ခေါ်ခဲ့။ တျန်းဂျီဂိုဏ်းက ပျက်စီးသွားပြီ။ အဲဒီမှာ ဆက်နေပြီး အဓိပ္ပာယ် မရှိတာတွေ မလုပ်စေနဲ့တော့ ...”

ပိုင်ယင်ရှန်း အမြင်အရ ဆောက်လုပ်ရေး ပညာရှင်များစွာ ရှာနေခြင်း ကိစ္စသည် သူတို့သည် တျန်းဂျီဂိုဏ်း တစ်ခုလုံးကို သူတို့ ကိုယ်ပိုင်နေရာ ဖြစ်စေဖို့ရန် ဖန်တီးလိုခြင်း ဖြစ်လိုသည်ဟု ထင်မိနေ၏။ သို့သော်လည်း ထိုကိစ္စက လုံးဝ မဖြစ်နိုင်ချေ။ တျန်းဂျီဂိုဏ်းသည် ဖျက်စီး ခံလိုက်ရသော်လည်း ဂိုဏ်းတစ်ခု ဖြစ်နေဆဲ ဖြစ်သည်။ အင်ပါယာ တစ်ခုအနေနှင့် သူတို့က ထိုသို့သော ကိစ္စမျိုးတွင် ဝင်မပါသင့်ပေ။

လူလတ် အမျိုးသားက မတ်တပ်ရပ်ကာ ဦးညွှတ်ရင်း ပြောလိုက်လေသည်။

“အင်ပါယာ ကျုပ်လည်း တျန်းဂျီဂီုဏ်းအကြောင်း တင်ပြစရာ ရှိပါတယ် ...”

ပိုင်ယင်ရှန်းက ထိုလူကို ကြည့်၍ သူ့အသံမှာ အနည်းငယ် ပျော့ပျောင်း သွားလေသည်။

“စစ်သူကြီး ဖေကျန်း ပြောပါ”

ဖေကျန်းက ယဉ်ကျေးသမှု ပြသလိုက်ပြီးနောက် လေးလေးနက်နက် ပြောလိုက်တော့သည်။

“ကျုပ်တို့က မင်းသား နှစ်ပါးကို တျန်းဂျီ ဂိုဏ်းသွားတာကို တားဆီး ထားပြီးတော့ ထိန်းသိမ်း ထားသင့်တယ်လို့ ထင်တယ်”

“ဘာလို့များလဲ ...”

ပိုင်ယင်ရှန်းက ချက်ချင်း မျက်မှောင် ကြုတ်သွားလေသည်။ တျန်းဂျီဂိုဏ်းသည် ရွမ်အဆင့် ဂိုဏ်းလေးမျှသာ ဖြစ်ပြီး လိန်မျိုးနွယ်စုကြောင့် ပျက်စီးသွားလေပြီ။ ဘာကြောင့် ထိုသို့ စိုးရိမ် နေရမည်နည်း။

ဖေကျန်းက ဆက်ပြောပြ လိုက်သည်။

“ဟိုတလောက ယုလင်း လိန်မျိုးနွယ်စု အမြစ်ဖြတ် သုတ်သင် ခံလိုက်ရပြီ ဆိုတဲ့သတင်း ရောက်လာတယ်။ ခွေးတွေ၊ ကြောင်တွေတောင် တစ်ကောင်တလေမှ အလွတ် မပေးဘူး၊ ကောလာဟလတွေ အရတော့ လိန်မျိုးနွယ်စုကို ဖျက်စီးသွားတာ တျန်းဂျီဂိုဏ်းတဲ့ ...”

“ဘာ”

ပိုင်ယင်ရှန်းက ရုတ်တရက် ထရပ်လိုက်လေသည်။ သူက ဂိုဏ်းမှ မဟုတ်သော်လည်း သူက ကျင့်ကြံသူ ဖြစ်နေဆဲ ဖြစ်သည်။ ထို့ကြောင့် ယုလင်းလိန် မျိုးနွယ်စုက မည်မျှ အားကောင်းကြောင်း သေချာသိ၏။ ထိုသည်က ကောင်းကင်တစ်ပိုင်း အဆင့်နီးနီး ရှိသည့် အင်အားစု ဖြစ်သည်။ ထိုသည်ကို တျန်းဂျီဂိုဏ်းက ဖျက်စီး ပစ်လိုက်သည်လား ...

အကောင်းဆုံး ကြိုးစားလျှင်ပင် တျန်းဂျီဂိုဏ်းက ယုလင်း လိန်မျိုးနွယ်စုကို ဖျက်စီးပစ်ဖို့ရာ မဖြစ်နိုင်ချေ။ တျန်းဂျီဂိုဏ်းတွင် ပုန်းကွယ်နေသည့် အဆင့်မြင့် ကျင့်ကြံသူ တစ်ယောက် မပေါ်ထွက် လာသရွေ့ ထိုကိစ္စက အခြေအမြစ် မရှိချေ။ လိန်မျိုးနွယ်စုက တျန်းဂျီဂိုဏ်းကို ဖျက်စီး ပစ်လိုက်သည့် အကြောင်းကို ကြား၍ လက်စားချေခဲ့ခြင်း ဖြစ်လိမ့်မည်။

ပိုင်ယင်ရှန်းက နောက်ဆုံးတွင် ထိုကိစ္စ လေးနက်မှုကို နားလည် သွားလေ၏။ အကယ်၍ တျန်းဂျီ ဂိုဏ်းတွင် ထိုမျှ အားကောင်းသော အဆင့်မြင့် ကျင့်ကြံသူ ရှိလျှင် နောက်ပစ်မှတ်မှာ သူ့မင်ဟန် အင်ပါယာ ဖြစ်နိုင်လေသည်။

မင်ဟန် အင်ပါယာ၏ မင်းသားနှစ်ပါးက တျန်းဂျီ ဂိုဏ်းတောင်ခွဲများကို အတင်းအဓမ္မ သိမ်းပိုက် ထားခြင်း ဖြစ်ရာ တျန်းဂျီဂိုဏ်းက မည်သို့ လျစ်လျူရှု ပေးမည်နည်း။ ထို့အပြင် ထိုနှစ်ယောက်မှာ သတ္တိတွေ သိပ်ကောင်းနေပြီး တျန်းဂျီဂိုဏ်းကို ပြန်လည် တည်ဆောက်ဖို့ပင် ပြင်ဆင်နေသေး၏။ အကယ်၍ အဆင့်မြင့် ကျင့်ကြံသူသာ ကြားသွားပါက သူ့မင်ဟန် အင်ပါယာက ပျက်စီး သွားပေလိမ့်မည်။

“သတင်းတွေက အမှား ဖြစ်နေရင်ရော”

ပိုင်ယင်ရှန်းက ထိုကိစ္စများကို ဂရုမစိုက် နိုင်တော့ချေ။ အကယ်၍ တျန်းဂျီဂိုဏ်းတွင် အဆင့်မြင့် ကျင့်ကြံသူ ပေါ်လာပါက သူတို့အတွက် ပြဿနာ အကြီးကြီး ဖြစ်လာလိမ့်မည်။ မင်ဟန် အင်ပါယာသည် ကြိုတင် ပြင်ဆင် ထားရမည့် အခြေအနေတွင် ကျရောက်နေလေ၏။

ဖေကျန်းက ခေါင်းခါပြလိုက်ပြီး

“သတင်းက အမှန်ပဲ။ လိန်မျိုးနွယ်စု ဘိုးဘေး အထိမ်းအမှတ်နေ့မှာ တျန်းဂျီဂိုဏ်း အဆင့်မြင့် ကျင့်ကြံသူက အသာလွန်ဆုံး မှော်ရတနာကို သုံးပြီးတော့ လိန်မျိုးနွယ်စု အားလုံးကို ဖောက်ခွဲပစ်ခဲ့တာ။ လိန်မျိုးနွယ်စုဝင်တွေ တစ်ယောက်မှ အသက်မရှင်ကြဘူး။ အဲဒီနောက် အဆင့်မြင့် ကျင့်ကြံသူ ထွက်သွားပြီး နောက်ကျ နောက်လိုက် တပည့်တွေက အမျိုးသမီးနဲ ကလေးတွေ အားလုံးကို သတ်ပစ် ခဲ့ကြတာ။ တစ်ယောက်မှ မကျန်ရစ်ဘူး။ ကျန်းမိုနယ်မြေကို ပါသွားတဲ့ လိန်ဟုန်ကျီ တစ်ယောက်ကလွဲရင် လိန်မျိုးနွယ်စုက အမြစ်ဖြတ် သုတ်သင် ခံလိုက်ရပြီ”

“အဲဒါဆိုရင် လိန်ဟုန်ကျီက မသိဘူးလား” ပိုင်ယင်ရှန်း၏ အမူအရာ ပျက်လာလေသည်။

ဖေကျန်းက ဆက်ပြောလိုက်သည်။

“လိန်ဟုန်ကျီက သိတယ်။ ဒါပေမဲ့ ကျန်မနေခဲ့ဘဲ ပျောက်ဆုံး နယ်မြေက ထွက်သွားပြီးတော့ ကျန်းမို နယ်မြဆီ လိုက်သွားဖို့ ရွေးချယ် လိုက်တယ်။ နောင်ကျရင်တော့ လာပြီးတော့ တျန်းဂျီဂိုဏ်းကို လက်စားချေ လိမ့်မယ်။ ဒါပေမဲ့လည်း နောင်မှဆိုတော့ လိုပါသေးတယ် ...”

ပိုင်ယင်ရှန်းက ပြည်နယ် ရေးရာများကို ဆက်မနွေးနိုင်တော့ဘဲ သူက ချက်ချင်း အမိန့် ပေးလိုက်တော့သည်။

“အဲဒီ အရူး နှစ်ယောက်ကို ချက်ချင်း ဆွဲခေါ်ခဲ့ကြစမ်း ...”

ကောင်းကင်ဂိတ်မြို့

“စီနီယာ အစ်ကိုကြီး ... ကောင်းကင်ဂိတ်မြို့က ဒီလောက်တောင် သာယာသွားပြီလား ...”

သင်္ဘောပျံ ထိပ်ဖျားပိုင်းတွင် ရပ်နေရင်း စန်ယီပင်းက ကောင်းကင်ဂိတ်မြို့ကို ငုံ့ကြည့်ကာ တအံ့တဩ မေးလိုက်လေသည်။ အပေါ်စီးမှ မြင်ရသည်က အလွန် ရင်သပ် ရှုမောဖွယ် ကောင်းလှ ပေသည်။ ကောင်းကင်ဂိတ် မြို့၏ အကြမ်းထည်က ပြီးစီးနေပြီ ဖြစ်ရာ အတော်လေး လှပ၍ ထူးခြား လှလေသည်။

မိုဝူကျီလည်း အလွန် ကျေနပ် သွားလေသည်။ ကောင်းကင်ဂိတ်မြို့သည် အပြည့်အဝ မပြီးစီး  သေးသော်လည်း ပုံကြမ်းမှာ အတော်လေး ပုံပေါ်နေလေပြီ။

“စီနီယာ အစ်ကိုကြီး”

မိုဝူကျီ သင်္ဘောပျံ ဆင်းသက် လာသည်နှင့် ဖူချန်းနှင့် ကျောင်းယန်တို့က ကြိုဆို လိုက်ကြသည်။

“အာ ... မင်းတို့နှစ်ယောက်က ယွမ်ဒန်အဆင့် ရောက်သွားပြီလား ...”

ဖူချန်းက စန်ယီပင်းနှင့် နှဲ့ကျန်းနွန်တို့ကို ကြည့်ရင်း တအံ့တဩ မေးလိုက်သည်။ မိုဝူကျီ ကျင့်ကြံဆင့် မြင့်လာလေလေ သူ့ဝိညာဉ်စွမ်းအား အရိပ်အယောင်များက ပို၍ ရေးရေးလေးသာ ရှိတော့လေသည်။ ဖူချန်းပင် သူ့ကျင့်ကြံဆင့်ကို မမြင်နိုင်ပေ။

စန်ယီပင်းက “ဒါတွေ အကုန်လုံးက စီနီယာ အစ်ကိုကြီး ကျေးဇူးတွေပါ။ အဲဒါကြောင့် ဒီလောက် အထိ မြန်မြန် ရောက်သွားတာ ...”

ဖူချန်းက ထပ်၍ မတွေးတော့ပေ။ သူလည်း ယွမ်ဒန် အဆင့်သို့ မြန်မြန် တက်လှမ်း နိုင်သည်မှာ သူ့စီနီယာ အစ်ကိုကြီးကြောင့် ဖြစ်သည်။

“စီနီယာ အစ်ကိုကြီး ... ပိုင်စွန်းနဲ့ ပိုင်ဖန်ကျန်းတို့ ရောက်လာပါပြီ၊ သူတို့က တစ်ချိန်လုံး ဒီမှာ စောင့်နေ ကြတာပါ ...”

ဘေးမှ ကျောင်းယန်က ပြောလိုက်သည်။

ဖူချန်းနှင့် စန်ယီပင်းတို့က တစ်ယောက်နှင့် တစ်ယောက် ကြည့်လိုက်ကြသည်။ သူတို့ စိတ်ထဲတွင် လေးစားခြင်းများ ဖြစ်ပေါ် နေလေသည်။ စီနီယာ အစ်ကိုကြီးက ထိုနှစ်ယောက်ကို လွှတ်ပေး လိုက်၍ ပြဿနာ ရှိလာမည် မဟုတ်ကြောင်း ပြောခဲ့သည်။ ယခု သူတို့ စီနီယာ အစ်ကိုကြီး မှန်းထားသည့် အတိုင်း ကွက်တိ ဖြစ်နေလေ၏။

“သူတို့က ခေါ်လာလား ...”

မိုဝူကျီက မေးလိုက်သည်။ ထိုနှစ်ယောက် ပြန်ရောက်လာသည့် ကိစ္စကား သူ မှန်းထားသည့် အတိုင်း ဖြစ်၏။ သူက ထိုသူများ ခေါ်လာသည့် လက်သမားများနှင့် ဆောက်လုပ်ရေး ပညာရှင်များ အကြောင်းသာ ပို၍ ဂရုစိုက်လေသည်။ တျန်းဂျီဂိုဏ်း ပြန်လည် တည်ဆောက်ရေးသည် ကောင်းကင် ဂိတ်မြို့ တည်ဆောက်သည်ထက် များစွာ ရှုပ်ထွေးလိမ့်မည်။

“သူတို့က လက်သမား ၁၀ ၀၀၀ကျော်ကို ခေါ်လာပါတယ်။ အားလုံးက ဆောက်လုပ်ရေး အပိုင်း ကျွမ်းကျင် ကြတယ်။ ပြီးတော့ သူတို့က ရွှေပြား ဆယ်ဘီလီယံ ချက်လက်မှတ်နဲ့ ရွှေပြားတွေ ယူလာသေးတယ် ...”

ကျောင်းယန်က ဖြေကြား လိုက်သည်။ မိုဝူကျီက ရောင့်ရဲသွားပြီး

“အဲဒီ နှစ်ယောက်ကို ခေါ်လိုက်။ ပြီးရင် ကောင်းကင် ဂိတ်မြို့ကို တာဝန်ယူထားတဲ့ လူကိုပါ ခေါ်ခဲ့။ အရေးကြီး ကိစ္စ ပြောစရာ ရှိတယ်”

သိပ်မကြာခင်တွင် ကျောင်းယန်က ပိုင်စွန်းနှင့် ပိုင်ဖန်ကျန်းတို့ကို ခေါ်လာလေသည်။ သူတို့သည် ကလေးများ သဖွယ် နာခံစွာ လိုက်လာကြလေသည်။

သူတို့ နှစ်ယောက်က မိုဝူကျီ စွမ်းအားမျာကို မြင်တွေ့ပြီးပြီ ဖြစ်၍ အလျင်အမြန် ရောက်လာကာ ဦးညွှတ် ဂါရဝ ပြုလိုက်တော့သည်။

“ဂိုဏ်းချုပ်ကို နှုတ်ဆက်ပါတယ်”

မိုဝူကျီက သူတို့ နှစ်ယောက်ဘေးမှ စမ်းသပ်ခံ လူများကို မတွေ့သည့် အခါ သူတို့နှစ်ယောက်လုံး သေချာဖြေဆေး စမ်းသပ် ခဲ့သေးကြောင်း သိလိုက်၏။ ရလဒ် အနေနှင့် သူတို့၏ သနားစရာ ကောင်းသော နောက်လိုက် လေးယောက်မှာ အသက် စွန့်လိုက်ရ၏။

မိုဝူကျီက ထိုကိစ္စကို စိတ်ထဲမထားတော့ဘဲ ဖန်ကျန့်ရှုဘက် လှည့်၍ မေးလိုက်သည်။

“ခင်ဗျားက ကောင်းကင်ဂိတ်ကို တာဝန်ယူထားတာ မလား။ အတော်လေး ကောင်းကောင်း ဆောက်ထား နိုင်တာပဲ။ ခင်ဗျားကို တျန်းဂျီဂိုဏ်း ပြန်လည် တည်ဆောက်ရေးမှာ တာဝန် ယူခိုင်းမယ် ဆိုရင် လုပ်ရဲလား။ ခင်ဗျားရဲ့ ဝင်ငွေက အခုထက် ဆယ်ဆ တိုးသွားလိမ့်မယ်”

ဖန်ကျန့်ရှုက ကောင်းကင် ဂိတ်မြို့ တည်ဆောက်ရေးမှ အကျိုးမြတ် အတော်လေး ခံစားထားရ၏။ ယခု တျန်းဂျီဂိုဏ်း အင်မော်တယ်က သူ့အား တျန်းဂျီဂိုဏ်း တည်ဆောက်ဖို့ရာ တာဝန်ပေးနေပြီး ဝင်ငွေမှာလည်း ဆယ်ဆမက တိုးသွားမည် ဆိုသောအခါ မည်သို့ ဆန္ဒမရှိဘဲ နေမည်နည်း။

“ဆရာအင်မော်တယ် ... ဒီကုန်သည်လေးက ဆန္ဒရှိပါတယ်။ ဒါပေမဲ့ ကျုပ်က အင်မော်တယ် စိတ်ကြိုက် ဖြစ်စေမဲ့ လက်သမားတွေနဲ့ ဆောက်လုပ်ရေး ပညာရှင်တွေ လုံလုံလောက်လောက် မရှိမှာကို စိုးရိမ်မိတာ ...”

မိုဝူကျီက ပိုင်စွန်းနှင့် ပိုင်ဖန်ကျန်းတို့ကို လက်ညိုး ထိုးပြလိုက်ပြီး

“ခင်ဗျားက ကျုပ်ပြောတဲ့ အတိုင်း လုပ်ဖို့ပဲ လိုတယ်။ တကယ်လို့ လူအင်အား လိုရင် သူတို့ နှစ်ယောက်ဆီက တောင်းလိုက်။ တကယ်လို့ ပစ္စည်းတွေ လိုရင် သူတို့နှစ်ယောက်က ဝယ်ပေးလိမ့်မယ်”

ထိုသို့ပြောပြီး မိုဝူကျီက ဆေးနှစ်လုံး ထုတ်ယူ၍ ပိုင်စွန်းနှင့် ပိုင်ဖန်ကျန်းတို့ကို ပေးကာ ပြောလိုက်သည်။

“ဒီဆေးတွေက မင်းတို့ကို တစ်နှစ်တာ အဆိပ်ဖိနှိပ် ပေးထားလိမ့်မယ်။ တစ်နှစ် အတွင်း ကောင်းကောင်း နေရင် အဆိပ် ဖြေပေးမယ် ...”

“ဂိုဏ်းချုပ်မို”

မိုဝူကျီက သူတို့ကို ဖြေဆေး တိုက်ရိုက် မပေးသည်ကို ကြားသော်လည်း တစ်နှစ်သာခံသည့် အဆိပ် ဖိနှိပ်ဆေး ပေးထားသည်ကို သိသောအခါ နှစ်ယောက်သား စိုးရိမ် သွားကြလေသည်။

“ဘာလဲ၊ မလိုချင် ကြဘူးလား ...”

မိုဝူကျီက အေးစက်စွာ ပြောလိုက်လေသည်။

နှစ်ယောက်က မိုဝူကျီတစ်ယောက် တျန်းကျိုင်းတောင်နှင့် တျန်းချန်းတောင်တွင် သတ်ဖြတ် ခဲ့သည်များကို ပြန်လည် သတိရလိုက်ပြီး သူတို့သတ္တိမှာ ချက်ချင်း အငွေ့ ပျံသွားလေသည်။ တျန်းဂျီ ဂိုဏ်းချုပ် အသစ်နှင့် ညှိနှိုင်းဖို့ရန်က မဖြစ်နိုင်ကြောင်း သိကြ၏။ ထိုသူက သူတို့ကို သတ်သည့် အခါ မျက်တောင်ပင် ခတ်မည် မဟုတ်ပေ။

“ကျန်းနွန် ... မင်းနဲ့ ယီပင်းတို့က တျန်းဂျီဂိုဏ်း ပြန်လည် တည်ဆောက်ဖို့ တာဝန် ယူထားလိုက်။ ငါက တျန်းဂျီဂိုဏ်းရဲ့ ပင်မတောင်မှာ ရှိမယ်။ တစ်ခုခုရှိရင် လာအကြောင်း ကြားလှည့်”

မိုဝူကျီက ညွှန်ကြား လိုက်လေသည်။

“ဟုတ်ကဲ့ပါ ... စီနီယာအစ်ကိုကြီး စိတ်ချနေပါ။ ကျုပ်တို့တွေ သေချာ စီစဉ်ပြီးတော့ တျန်းဂျီ ဂိုဏ်းကို ပြန်လည် တည်ဆောက်ပါ့မယ် ...”

နှဲ့ကျန်းနွန်နှင့် စန်ယီပင်းတို့က ပြောရင်း သူတို့ စိတ်ထဲမှ စိတ်လှုပ်ရှားမှုကို ချိုးနှိမ် ထားလိုက်ကြသည်။

သူတို့ စီနီယာ အစ်ကိုကြီးက ကောင်းကင် ဂိတ်မြို့အတွက် အကြံစည် ထုတ်ပြစဉ်မှစ၍ သူတို့သည် တျန်းဂျီဂိုဏ်း ပြန်လည် တည်ဆောက်သည့် အခါ ယခင်ကထက် ဆယ်ဆမက အင်အား ကြီးမား လာပေလိမ့်မည်။

လုပ်ဖို့လိုသည့် အလုပ်များကို တာဝန် ခွဲဝေပြီးနောက် မိုဝူကျီက တံခါးပိတ် ကျင့်ကြံဖို့သာ ရွေးချယ် လိုက်တော့သည်။ သူက ဂိုဏ်းကာကွယ်ရေး အစီအရင် ပြင်ဆင်ရန် အတွက် ချူရှင်ကျီ အစီအရင် မှတ်စုကို ထပ်လေ့လာရန် လိုအပ်နေလေသည်။ တစ်ချိန်တည်းတွင် သူ့ကျင့်ကြံဆင့်ကို မြင့်တင်ရမည်။ မင်ဟန် အင်ပါယာက တျန်းဂျီဂိုဏ်း၏ စွမ်းအားကို မသိသကဲ့သို့ သူလည်း မင်ဟန် အင်ပါယာ၏ လက်ရှိ လုပ်နိုင်စွမ်းကို မသိချေ။

***

All Chapters