တျန်းဂျီဂိုဏ်း၏ လျှို့ဝှက်ချက်
Vol. 18 Ch. 252
အချိန်များက မျက်စိတစ်မှိတ် အတွင်း ကုန်ဆုံးသွားကာ တစ်နှစ်ပင် ကြာသွားလေပြီ။
ရွှေပြားများ ပေးမည်ဟု ကတိ ပေးထားသဖြင့် များပြားစွာသော ဆောက်လုပ်ရေး ပညာရှင်များနှင့် လက်သမားများမှာ တျန်းဂျီဂိုဏ်း ပြန်လည် တည်ဆောက်ရန် အတွက် နေ့နေညည မနားမနေ ကြိုးစား ကြတော့သည်။ တစ်နှစ် အကြာတွင် တျန်းဂျီဂိုဏ်း၏ ပရဝဏ်မှာ စေ့စေ့စပ်စပ် သေသေချာချာ ပြီးစီး သွားလေ၏။
ထိုတစ်နှစ် အတွင်း မိုဝူကျီက မကျင့်ကြံဘဲ ချူရှင်ကျီ၏ အစီအရင် မှတ်စုကိုသာ လေ့လာ၍ အချိန် ကုန်ဆုံး သွားခြင်း ဖြစ်သည်။ ယခုတွင် သူက သာမန် အလယ်အလတ် အဆင့် အစီအရင်များကို အလွယ်တကူ တပ်ဆင်နိုင်သည့်အပြင် သူ့ကိုယ်ပိုင် အလံများပင် ပြုလုပ်နိုင်ပြီ ဖြစ်၏။ သူက ဂိုဏ်းကာကွယ်ရေး အစီအရင်ကို ပြုလုပ်ပြီးပြီ ဖြစ်၏။
မိုဝူကျီက ဂိုဏ်းကာကွယ်ရေး အစီအရင်ကို တပ်ဆင်ဖို့ရာ ထွက်သွားရန် ရည်ရွယ် ထားသည့် အချိန်တွင် နှဲ့ကျန်းနွန်က သူ့အား အလောတကြီး လာရှာလေသည်။
မိုဝူကျီ တံခါး ပိတ်နေစဉ် တစ်ခုခု ထူးခြားမှု မဖြစ်ပေါ်ဘဲ နှဲ့ကျန်းနွန်နှင့် အခြားလူများက သူ့အား နှောင့်ယှက်လိမ့်မည် မဟုတ်ပေ။ မင်ဟန် အင်ပါယာမှ အဆင့်မြင့် ကျင့်ကြံသူများ ရောက်ရှိလာသလား။ သို့သော် ထိုသို့ မဖြစ်နိုင်သေးပေ။ ပိုင်စွန်းနှင့် ပိုင်ဖန်ကျန်းတို့၏ အဆိပ်များမှာ လုံးဝ မဖယ်ရှား ရသေးပေ။
“စီနီယာ အစ်ကိုကြီး ... အလုပ်သမားတွေက ၉ တိုင်မြောက် တျန်းဂျီတိုင် ဖော်နေတုန်း ပြဿနာ တချို့ တွေ့လို့ ...”
နှဲ့ကျန်းနွန် မျက်နှာတွင် ထူးဆန်းသော အမူအရာ ရှိနေလေ၏။
“ဘာပြဿနာလဲ ...”
မိုဝူကျီက နားမလည်စွာ မေးလိုက်သည်။ သူက တျန်းဂျီတိုင်လုံး ကိုးတိုင်ကို ကိုယ်တိုင် မှာကြားထားခြင်း ဖြစ်သည်။ မူလက ဂိုဏ်း၏ ဂုဏ်ကျက်သရေနှင့် လွှမ်းမိုးမှု ကြီးမား လာစေရန် ဖြစ်သည်။
ထိုအရာမှလွဲ၍ အခြားသော လုပ်ဆောင်ချက်များ မရှိပေ။ ထိုတိုင်လုံးများကို စိုက်ထူပြီးပါက သူက တျန်းဂျီတိုင်လုံး ကိုးတိုင်ကို အသုံးချ၍ ထောင်ခြောက် အစီအရင်ထားရန် ကြံရွယ်ထားခြင်း ဖြစ်သည်။
နှဲ့ကျန်းနွန် မျက်နှာတွင် တစ်မူထူးခြားသော အမူအရာ ဖြစ်ပေါ်နေလေ၏။
“ကျုပ်တို့ တျန်းဂျီဓားကို တွေ့လို့။ ဒါပေမဲ့ ဂိုဏ်းက ပြီးခါစ ဆိုတော့ ဒီကိစ္စကို တွေ့လို့ အားလုံးကို ထွက်သွား ခိုင်းထားတယ် ...”
မိုဝူကျီက တအံ့တဩ ကြည့်၍ အလောတကြီး ပြောလိုက်သည်။
“တျန်းဂျီဓားကို လိန်ဟုန်ကျီ ယူသွားတာ မဟုတ်ဘူးလား။ ဘယ်လိုလုပ် ဂိုဏ်းထဲ ရောက်နေ တာလဲ ...”
သူက ထိုကိစ္စကို အကြမ်းဖျင်း စုံစမ်း ပြီးသွားလေပြီ။ လိန်ဟုန်ကျီက ကျန်းမိုနယ်မြေကို သွားခွင့် ရသည်နှင့် လိန်မျိုးနွယ်စုက တျန်းဂျီဓားကို လိန်မျိုးနွယ်စုဓားအဖြစ် အမည်ပြောင်း၍ လိန်ဟုန်ကျီဆီ ပေးအပ်လိုက်လေသည်။ ထို့အပြင် ဓားအပ်နှင်းပွဲကို ယန်မြို့တော်တွင် ပြုလုပ်ခဲ့သည့်အတွက် လူများစွာ သွားကြည့်ကြသေးသည်။ အားလုံးက လိန်မျိုးနွယ်စုရှိ မောက်မာမှု အတိုင်းအတာကို တွေ့မြင် နိုင်လေသည်။
“တကယ်တော့ တျန်းဂျီဓားတော့ မဟုတ်ဘူး။ ကျောက်တုံးဓား ဖြစ်နေတာ။ ကျုပ် အရင် မြင်ခါစက အတော်လေး ထူးဆန်း နေတယ်လို့ ထင်တာ။ အဲဒါကြောင့် တစ်ယောက်မှ မထိကြည့်ဖို့ မှာထားပြီးတော့ စီနီယာ အစ်ကိုကြီးကို လာရှာတာ ...”
နှဲ့ကျန်းနွန်က လေးလေးစားစား ပြောပြလိုက်သည်။ မိုဝူကျီက ခေါင်းညိတ်ပြရင်း
“ဟုတ်ပြီ။ သွားကြည့်ကြစို့ ...”
သူတို့နှစ်ဦးသား တျန်းဂျီဓားရှိရာဆီ ရောက်လာသည့် အခါ မိုဝူကျီက တျန်းဂျီဓားကို သေချာ ကြည့်လိုက်လေသည်။ ကျောက်ဓားမှာ မြေကြီးထဲသို့ ဆယ်မီတာလောက် စိုက်ဝင် နေသော်လည်း မြေပေါ်တွင် တစ်ဝက် ကျန်ရှိနေသေး၏။
ဓားတစ်ခုလုံးက မီးခိုရောင် အဖျော့ ဖြစ်နေသော်လည်း အားကောင်းသော အငွေ့အသက်များ ထုတ်လွှင့် နေလေသည်။
ဓားပေါ်တွင် ပုံမှန်အတိုင်း ဖြစ်ပေါ်နေသည့် စာလုံးတစ်လုံး ရှိနေသည်။ မိုဝူကျီက သေချာ စစ်ဆေး ကြည့်လိုက်သော အခါ ထိုစာလုံးမှာ “ဂျီ” ဟု ရေးထားကြောင်း တွေ့လိုက်ရသည်။ ဓားလက်ကိုင်ရိုးမှာ အခြားသော ဓားလက်ကိုင်များဖြင့် ကွာခြားလှပြီး အလယ်တွင် အနည်းငယ် ခွက်နေကာ လက်ကိုင် ထိပ်လည်း မပါရှိပေ။
မိုဝူကျီက ကျောက်ဓားကို ကိုင်ကြည့် လိုက်သည့် အခါ ဓားလက်ကိုင် ထိပ်ပင် လိုအပ်နေသည် မဟုတ်ဘဲ သင့်တော်မည့် ဓားတစ်ချောင်း ဖြစ်စေမည့် ဓားရိုး၊ ဓားသွားလည်း မပါရှိပေ။ တူညီသည့် ဓားအထူပေါ်တွင် မျည်းစောင်းလေးများ ပါရှိလေသည်။
ထိုကျောက်ဓားသည် “လေးလံသည့် ဓားတွင် ဓားသွားမရှိပေ” ဟူသော ဆောင်ပုဒ်ကို သရုပ် ပေါ်စေသည်။
“အဲဒီ ကျောက်ဓားရဲ့ သွင်ပြင်တွေက တျန်းဂျီဓားနဲ့ တစ်ပုံစံတည်းပဲ။ တျန်းဂျီဓားနဲ့ ပတ်သက် နေမလားတော့ မသိဘူး ....”
နှဲ့ကျန်းနွန်က တစိမ့်စိမ့် တွေးတောနေရင်း ပြောလိုက်သည်။
မိုဝူကျီက တစ်လုံးမှ ပြန်မပြောဘဲ တိတ်ဆိတ် နေလေသည်။ သူက ကျောက်ဓား ဝန်းကျင်ကို သေချာ စစ်ဆေး ကြည့်နေသည်။ အချိန်တချို့ အကြာတွင် သူက ရုတ်တရက် ပျော်ရွှင်သွားပြီး ဓားစိုက်ထားသည့် မြေပြင်ကို ကြည့်မိလိုက်ကာ မယုံကြည်နိုင်ဖွယ် ဖြစ်သွားလေသည်။ သူက ချူရှင်ကျီ အစီအရင်ကို တစ်ရက်၊ နှစ်ရက်သာ လေ့လာနေသူ မဟုတ်သည့် အပြင် တစ်နှစ်တာလောက် ကောင်းကောင်း လေ့လာ ထားသေး၏။
ထိုစဉ် ထိုကျောက်ဓားမှာ အစီအရင် အလံ ဖြစ်ကြောင်း တွေ့ရှိ သွားလေသည်။ ကြည့်ရသည်မှာ တစ်ခုခုကို ဖိနှိပ်ထားဟန် ပေါ်သည်။
“ကျန်းနွန် ဒီတျန်းဂျီဂိုဏ်းမှာ တောင် ဘယ်နှလုံး ရှိတာလဲ ...”
ထိုသည်က အစီအရင် ဖြစ်နိုင်ကြောင်း သိသည့်အခါ မိုဝူကျီက ထမေးလိုက်လေသည်။
နှဲ့ကျန်းနွန်က မြန်မြန်ဆန်ဆန် ဖြေလိုက်သည် “တျန်းဂျီဂိုဏ်းက တျန်းဂျီတောင် နယ်နမိတ်ထဲ ပါတာဆိုတော့ တောင်ရာကျော်တော့ ရှိတယ်။ ဒါပေမဲ့ တျန်းဂျီဂိုဏ်း ပြန်လည် တည်ဆောက်ပြီးတော့ ပင်မ တောင်တစ်လုံးနှင့် တောင်ခွဲ ၁၃ လုံးပဲ ရှိတော့တယ် ...”
မိုဝူကျီက စိတ်ထဲတွင် အတော်လေး အံ့အား သင့်မိသွားသည်။ သူ့ခန့်မှန်း ထားသည်နှင့် နီးကပ်စွာ တောင်ခွဲ ၁၃ လုံး အမှန်ပင် ရှိနေပေသည်။
သူ့မှန်းဆချက်သာ မှန်ကန်ပါက တျန်းဂျီဂိုဏ်းတွင် ဝိညာဉ်စွမ်းအား ဖိနှိပ်ခြင်း အစီအရင် ၁၃ ခု ရှိရမည်။ ထိုဧရာမ အစီအရင်များက မယုံကြည်နိုင်လောက်သည့် ဝိညာဉ် စွမ်းအားများကို ဖိနှိပ် ထားခြင်းသာ ဖြစ်ရမည်။ ထိုသို့ဖြစ်ပါက သူတို့ တျန်းဂျီဂိုဏ်းသည် ထိုသို့ လှပသော သဘာဝတရားကြီး ရှိထားရက်ဖြင့် ဝိညာဉ် စွမ်းအားများ နည်းပါးနေသည့် အကြောင်းအရင်း ရှာတွေ့လေပြီ။
“တောင်ခွဲ ၁၃ လုံးက ဘယ်ဟာတွေလဲ ...”
မိုဝူကျီက လေးလေးနက်နက် မေးလိုက်သည်။ မိုဝူကျီ လေသံလွှမ်းမိုးမှု ခံလိုက်ရသည့် နှဲ့ကျန်းနွန်က တစ်ခုခုတော့ ပုံမှန် မဟုတ်တော့ကြောင်း စတင်၍ ခံစား မိလာသည်။ သူက တစ်ခါတည်းဖြင့် အကုန် ရွတ်ပြ လိုက်လေ၏။
“တောင်ခွဲ ၁၃ လုံးက တျန်းတာအို တောင်ထိပ်၊ တျန်းချန်းတောင်ထိပ်၊ တျန်းဝူ တောင်ထိပ်၊ တျန်းမန် တောင်ထိပ်၊ တျန်းချီ တောင်ထိပ်၊ တျန်းကျိုင်း တောင်ထိပ်၊ တျန်းယွီ တောင်ထိပ်၊ တျန်းချောင် တောင်ထိပ်၊ တျန်းဂူ တောင်ထိပ်၊ တျန်းကျီ တောင်ထိပ်၊ တျန်းယု တောင်ထိပ်၊ တျန်းကျန်း တောင်ထိပ်နဲ့ တျန်းဟိုင် တောင်ထိပ် တွေပဲ။ အဲဒီ တောင်ခွဲတွေကို တောင်အမြင့်ပေါ် မူတည်ပြီးတော့ နာမည် ပေးထားတာ။ ဂိုဏ်းချုပ်ကတော့ ပင်မ တျန်းဂျီတောင်မှာပဲ နေတယ်၊ ပထမ အကြီးအကဲက တျန်းတာအို တောင်ထိပ်မှာ နေတယ်။ ကျန်တဲ့ လူတွေလည်း အသီးသီးနေကြတာ ...”
မိုဝူကျီက ထိုတောင်ခွဲနာမည် ၁၃ ခုကို စဉ်းစား ကြည့်နေမိသည်။ အမွေးတိုင် တစ်တိုင် အကြာတွင် သူက သူ့ကိုယ်သူ ရေရွတ် လိုက်တော့သည်။
“တာအိုက တောင်ကြားထဲက စမ်းချောင်းလေး တစ်ခု ပင်လယ်ထဲ စီးဆင်း သွားသလိုမျိုး အမြဲတမ်း လိုလို အမည် နာမကင်းမဲ့နေတယ်”
[တာအို ချန်း ဝူ မန်၊ ချီ ကျိုင်း၊ ယွီ ချောင် ဂူ ကျီ ယု ကျန်း ဟိုင်]
(လောင်ကျူ၏ နည်းလမ်းမှ စကား တစ်ကြောင်း ဖြစ်၏)
ထိုတောင်ခွဲ နာမည်များကို အတူတူ စုပေါင်းလိုက်သည့် အခါ ဝါကျတစ်ကြောင်း ဖြစ်ပေါ် လာလေသည်။ မိုဝူကျီက ထိုစကားနောက်မှ အဓိပ္ပာယ်ကို အဖြေ ရှာနေလေသည်။ တာအိုတွင် တကယ့် နာမည် အစစ်အမှန် မရှိပေ။ ရိုးရှင်းသော စကားလုံးများဖြင့် ဖော်ပြထားသော်လည်း အရာအားလုံး တည်ရှိနေဟန် ဖြစ်သည်။ ပင်လယ်ကြီး ကဲ့သို့ မြစ်များ အားလုံး ပေါင်းစုကြရမည်။
မိုဝူကျီက အင်မော်တယ် မော်တယ် ကျင့်စဉ်ကို အမြဲတမ်း ကျင့်ကြံ နေခဲ့သော်လည်း သူက ထိုကျင့်စဉ် မည်သို့ ရောက်ရှိ လာသည်ကို အမြဲတမ်း မသေမချော မရှင်းမလင်း ဖြစ်ခဲ့ရသည်။ ယခုမှသာ ဖြည်းဖြည်းချင်း နားလည် လာလေသည်။
ကျင့်ကြံဖို့ရာ အတွက် ဝိညာဉ်ကြော ရှိရမည်လား ... သူ့ သေမျိုး ဝိညာဉ်ကြောများဖြင့် သူလည်း တာအို ကျင့်ကြံနိုင်သည် မဟုတ်ပါလော။ တာအိုက သဘာဝတွင် ရှိ၏။ တာအိုက နေရာတိုင်းတွင် ရှိနေနိုင်သည်။ ချီသွေးကြောများကို အသုံးပြု၍ ကျင့်ကြံခြင်းသည် ကြီးမြတ်တာအို လမ်းစဉ် အောက်တွင် ရှိ၏။ ထူးဆန်း လှသည်တော့ မဟုတ်ပေ။ ဖြစ်နိုင်သည်က ထိုကျင့်စဉ်မှာ သူနှင့် ကိုက်ညီပြီး တခြားလူများနှင့် မကိုက်ညီတာ ဖြစ်နေနိုင်ပေသည်။ သို့သော် အားလုံး၏ ရည်မှန်းချက်ကာ တူညီလှ၍ မြစ်များပေါင်း၍ ပင်လယ်သဖွယ် ပေါင်းစုံသွားမှာ ဖြစ်လေသည်။
တစ်ရက်ရက်ကျ သူသာ သေမျိုး များကို ကျင့်ကြံစေနိုင်ပြီး တာအိုကို ရယူ နိုင်လိမ့်မည်။ သို့သော် သူက ထိုရက်ကို မရောက်ရှိနိုင်တာ ဖြစ်နိုင်သလို ထိုရက်လည်း မည်သောအခါမှ ရောက်မလာ တာမျိုး ဖြစ်နေနိုင်သည်။
“ငါ တောင်ခွဲတွေကို သွားကြည့် လိုက်ဦးမယ်။ မင်းသားနှစ်ပါးကို ပြန်လွှတ်လိုက်ပါဦး ...”
မိုဝူကျီက ဆေးနှစ်လုံးထုတ်၍ နှဲ့ကျန်းနွန်ကို ပေးလိုက်သည်။ နှဲ့ကျန်းနွန်က ပိုင်စွန်းနှင့် ပိုင်ဖန်ကျန်းတို့၏ အခြေအနေကို သိ၍ အမြန်အဆန် ပြောလိုက်သည်။
“စီနီယာ အစ်ကိုကြီး ... တကယ်လို့ ကျုပ်တို့ သူတို့ကို လွှတ်ပေးလိုက်ရင် မင်ဟန် အင်ပါယာ ဒေါသကို သွားဆွသလို ဖြစ်မနေဘူးလား ...”
မိုဝူကျီက အသာ ရယ်မောလိုက်ရင်း
“အဲဒါဆိုလည်း လာပါစေ။ ငါ့တျန်းဂျီဂိုဏ်းက ငါတို့ဂိုဏ်းကို ဒီနေရာမှာ အခြေချဖို့ ရွေးချယ် ထားတာ ဆိုတော့ မင်ဟန် အင်ပါယာ လောက်တော့ ကြောက်နေစရာ မလိုဘူး ....”
ထို့အပြင် မင်ဟန် အင်ပါယာမှာ နိုင်ငံ ဖြစ်သည့် အတွက် တျန်းဂျီဂိုဏ်းကို သူတို့ တိုက်ချင်လျင်ပင် လက်လွတ်စပယ် မတိုက်ရဲကြပေ။ နိုင်ငံအတွက် ဂိုဏ်းကို တိုက်ခိုက်ခြင်းက တားမြစ် ထားလေသည်။ တကယ်တော့ သူတို့လာလျှင်ပင် မိုဝူကျီက ကြောက်နေမည် မဟုတ်ပေ။
ယခု သူက ရိုးရိုးလေးချီ စွမ်းအားသည် ဖြစ်တည်ခြင်းမဲ့ နတ်ဘုရား ပြီးပြည့်စုံခြင်း အဆင့်တွင် ရှိနေကြောင်း အာရုံ စိုက်မိနေသည်။ အကယ်၍ ထိုလူသာ ပေါ်လာပြီး တျန်းဂျီဂိုဏ်းကို တိုက်ခိုက်ပါက ကြောက်ခမန်းလိလိ ဖြစ်သွားလိမ့်မည်။ ရောင်ခြည် အမြောက်က အရာရာ မစွမ်းဆောင်နိုင်ပေ။ ထိုအရာမှာ ကျင့်ကြံဆင့်များနှင့် ကွာခြားလှသည်။ အကယ်၍ တစ်ဖက်လူက သူ့ရောင်ခြည် အမြောက်ကို အာရုံ ခံမိသွားပါက ဖြစ်တည်ခြင်းမဲ့ နတ်ဘုရား အဆင့်ကို တစ်ယောက်တည်း ရင်ဆိုင်ရန် ခက်ခဲလိမ့်မည်။
သို့သော် သူက ဂိုဏ်းကို ပြန်လည် ထူထောင်ရန် ရွေးချယ်ထားသည့် အတွက် လူကြောက် ဖြစ်နေ၍ မရပေ။ အကယ်၍ ဂိုဏ်းချုပ်က အခြေအနေ အကျပ်အတည်းထဲ ကျရောက်နေပါက ဂိုဏ်းသည် အသက်များ ဆုံးရှုံးရပေလိမ့်မည်။
“ကောင်းကင်ဂိတ်မြို့က အရင်စီးပွားရေး အခြေအနေ အတိုင်း ပြန်ရောက်သွားပြီ။ မြို့ထဲက စီမံခန့်ခွဲမှုတွေကို ငါ့ညွှန်ကြားချက် အတိုင်း ဆက်လုပ် ထားလိုက်ပါ။ ပြီးတော့ တျန်းဂျီဂိုဏ်းက တပည့်သစ် လက်ခံဖို့ ပြင်ကြမယ်။ ယီပင်း၊ ဖူချန်း၊ ကျောင်းယန်နဲ့ မင်းတို့က ဒီကာလမှာ ကြိုးစားကြဖို့ လိုအပ်တယ်။ ငါ တောင်ခွဲတွေဘက် သွားကြည့်လိုက်ပြီး ဂိုဏ်းကာကွယ်ရေး အစီအရင် အတွက် ပြင်ဆင် လိုက်ဦးမယ်”
မိုဝူကျီက ညွှန်ကြားလိုက်လေသည်။
သူ့လေ့လာ သုံးသပ်ချက်များသာ မှန်ကန်နေပါက တျန်းဂျီဂိုဏ်းသည် ဧရာမ လျှို့၀ှက်ချက်ကို ဖုံးကွယ် ထားလေသည်။ ထိုလျှို့၀ှက်ချက်က အလွန့်လွန် များပြားလှသည့် ဝိညာဉ် စွမ်းအားများ ဖြစ်၏။ ထိုဝိညာဉ် စွမ်းအားများကို မတွေ့စေရန် အစီအရင်များဖြင့် ဖုံးကွယ် ထားခြင်း ဖြစ်၏။
“ဟုတ်ကဲပါ။ စီနီယာ အစ်ကိုကြီး ...” နှဲ့ကျန်းနွန်က ပြန်ဖြေလိုက်သည်။
တစ်နာရီအကြာတွင် မိုဝူကျီက တျန်းကျိုင်းတောင်ထိပ်သို့ ရောက်လာလေသည်။ ဤနေရာကို တစ်ခါက ပိုင်ဖန်ကျန်း အတင်း သိမ်းပိုက်ထားခြင်း ဖြစ်သည်။ ယခု မိုဝူကျီက သူ့သုံးသပ်ချက် မှန်ကန်လားဟု စစ်ဆေး လိုခြင်းသာ ဖြစ်၏။
သင့်တော်သည့် တည်နေရာကို ရှာပြီးနောက် မိုဝူကျီက စတင် တူးဖော်တော့သည်။ နှစ်နာရီ အကြာတွင် မိုဝူကျီက နောက်ထပ် ကျောက်ဓား တစ်ချောင်းကို ထပ်တွေ့လိုက်ရသည်။
သူ ထင်ထားသည့် အတိုင်း ထိုဓားပေါ်တွင် “ကျိုင်း” ဟု ရေးထွင်း ထားလေသည်။
ဖိနှိပ်အစီအရင် ၁၃ ခု အမှန်ပင် ရှိနေသည်။ မိုဝူကျီက တခြား တောင်ထိပ်များကို သွားရောက်၍ စစ်ဆေး မနေတော့ပေ။ အားလုံးတွင် ရှိလိမ့်မည် ဖြစ်ကြောင်း သေချာ၏။ တူညီသော ကျောက်ဓားများ ရှိနေလိမ့်မည်။
တျန်းဂျီဂိုဏ်းသည် အားနည်းနေဆဲ ဖြစ်သည့်အတွက် သူက ထိုအစီအရင်များကို ဖြေလျော့လိုလျှင် အရင်ဦးစွာ ဂိုဏ်းကာကွယ်ရေး အစီအရင် တပ်ဆင်ရမည်။ တပည့်များကို လက်ခံရမည်။ ထို့နောက် အမြောက်များကိုလည်း တပ်ဆင်ထားရမည်။
သူ့အမြောက်များမှာ အလွန်အံ့ဩစရာ ကောင်းသော်လည်း ခဲယမ်း ကန့်သတ်ချက် ရှိလေသည်။ ခဲယမ်းသာ ကုန်ဆုံးသွားပါက ထိုအမြောက်များမှာ အမှိုက်သဖွယ် ဖြစ်သွားပေလိမ့်မည်။
ထို့အပြင် မိုဝူကျီက ထိုအမြောက်များကို ဤနေရာတွင် မသုံးသင့်ကြောင်း ခံစားနေရသည်။ ထိုအမြောက်များသည် သာမန် ကျင့်ကြံသူများနှင့် ရင်ဆိုင်ဖို့ရာ မဟုတ်ဘဲ သူတို့တွင် တခြား ရည်ရွယ်ချက် ကြီးကြီးမားမား ရှိလိမ့်မည်။ သူ့ ခဲယမ်းများကို ပျောက်ဆုံးနယ်မြေ ကဲ့သို့ နေရာတွင် ဖြုန်းတီး ပစ်လိုက်ခြင်းက အနာဂတ်တွင် နောင်တရလာနိုင်ဖွယ် ရှိ၏။
တျန်းဂျီဂိုဏ်းသို့ ပြန်လာပြီးနောက် မိုဝူကျီက တောင်ထိပ်တွင် ရပ်ကာ ထူးခြားလှသော တျန်းဂျီဂိုဏ်းကို ကြည့်နေရင်း သူ့စိတ်ထဲတွင် အားရ ကျေနပ်နေလေသည်။
တျန်းဂျီဂိုဏ်းကို သူ့အကြံစည်အတိုင်း တည်ဆောက် ထားခြင်း ဖြစ်လေသည်။ တျန်းဂျီမြစ်သည် တျန်းဂျီတောင်များကို ဝေ့ပတ်ထားကာ နောက်ထပ် တောင်ခွဲများဆီသို့ စီးဆင်း သွားလေသည်။
တျန်းဂျီတောင်ခြေမှ တျန်းဂျီဂိုဏ်း ဝင်ပေါက်အထိ ခြေလှမ်း ၉၉ လှမ်း ကွာဝေး၏။ ထိုကျောက်လှေကားများမှာ အကောင်းဆုံး ကျောက်ကိုသာ အသုံးပြု၍ ပြုလုပ်ထားခြင်း ဖြစ်သည်။ ထိုကျောက်လှေကားများကို ဖြတ်ကျော်ပြီး နောက်တွင် ကျယ်ပြန့်သော နေရာကွက်လပ်ကြီး တွေ့ရှိ ပေလိမ့်မည်။ ထိုနေရာမှ တျန်းဂျီနေရာကျယ် မဟုတ်သေးဘဲ ဂိုဏ်းကာကွယ်ရေး နေရာကျယ် ဖြစ်လေသည်။ မိုဝူကျီက ဂိုဏ်းကာကွယ်ရေး အစီအရင်ကို ထိုနေရာတွင် တပ်ဆင်ထားလေ၏။
ဂိုဏ်းကာကွယ်ရေး အစီအရင်ကို ဖြတ်သွားလျှင် ကြီးမားသော စာလုံးသုံးလုံး ဖြစ်သည့် “တျန်းဂျီဂိုဏ်း” ဟု ရေးသား ထားသည်ကို တွေ့ရမှာ ဖြစ်၏။ မိုဝူကျီ ကိုယ်တိုင် ရေးထွင်း ထားခြင်း ဖြစ်ရာ လေထဲတွင် မျှောလွင့် နေစေဖို့ရာအတွက် အစီအရင် အသုံးပြုထားရ၏။
ဂိုဏ်းသို့ ဝင်လိုက်သည်နှင့် ဆယ်မီတာ ကျယ်ဝန်းသည့် ကျောက်စိမ်းဖြူ လမ်းကို တွေ့ရမှာ ဖြစ်ကာ ထိုလမ်းသည် တျန်းဂျီနေရာသို့ ဦးတည်ထားတာ ဖြစ်လေသည်။ တျန်းဂျီနေရာကျယ်ကို ဖြတ်သန်းသွားပါက တျန်းဂျီဂိုဏ်း၏ ကြီးကျယ်ခမ်းနားသော ခန်းမကို မြင်တွေ့ ရလေသည်။
မိုဝူကျီ နောင်တရနေသည့် တစ်ခုတည်းသော အချက်မှာ တျန်းဂျီဂိုဏ်း၏ အုတ်မြစ်မှာ အရမ်း နိမ့်နေခြင်း ဖြစ်သည်။ ဤနေရာတွင် အင်မော်တယ် လေ့ကျင့်ရေး မျှော်စင် သို့မဟုတ် ကောင်းကင်ဖွေရှာ လှေကားလည်း မရှိပေ။
သို့သော်လည်း မိုဝူကျီက တျန်းဂျီဂိုဏ်းကို အချိန်တို တစ်နှစ်၊ နှစ်နှစ်အတွင်း အပြီးအစီး ဆောက်လုပ် နိုင်သည်ကိုပင် ကျေနပ်အားရနေ၏။ သူ့စိတ်ထဲတွင် “တာအိုက တောင်ကြားထဲက စမ်းချောင်းလေး တစ်ခု ပင်လယ်ထဲ စီးဆင်း သွားသလိုမျိုး အမြဲတမ်းလိုလို အမည်နာမ ကင်းမဲ့နေတယ်” ဟူသော အဓိပ္ပာယ်နှင့်အတူ ချီသွေးကြောများ ဖွင့်၍ လေ့ကျင့်မှုသည် သူ့အား အင်မော်တယ် မော်တယ် ကျင့်စဉ်ပေါ် အခြေခံ၍ ကျင့်စဉ်နည်းများကို တည်ဆောက် လာစေနိုင်လိမ့်မည်။
ထိုသည်က သူ့ရည်ရွယ်ချက် အစစ်အမှန် ဖြစ်တည်ရာ ဖြစ်၏။
***