ဂိုဏ်းတစ်ရာ ညီလာခံအခမ်းအနား
Vol. 19 Ch. 254
ထိုအတွေးဖြင့် မိုဝူကျီက ရုတ်တရက် ပြောလိုက်လေသည်။
“တကယ်လို့ တျန်းဂျီတောင်မှာ မှီခို ချင်ရင်တော့ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ခင်ဗျားက တျန်းဂျီဂိုဏ်းကို ဝင်ရမယ်။ ပြီးတော့ အနည်းဆုံး ဆယ်နှစ်တော့ နေရမယ်။ အဲဒီ ဆယ်နှစ် အတွင်းမှာ တျန်းဂျီဂိုဏ်းက တစ်ခုခု ရင်ဆိုင်ရရင် ခင်ဗျားလည်း ကူညီပေးရမယ်။ ပြီးတော့ ခင်ဗျားက သွေးသစ္စာ ကျိန်ဆိုရမယ်”
သွေးသစ္စာ ဆိုပြီးသည်နှင့် တစ်ယောက်က အပြည့်အဝ စောင့်ထိန်းဖို့ လိုအပ်လေသည်။ မဟုတ်လျှင် ဆိုးရွားစွာ သေဆုံးပြီး ဝိညာဉ်ပင် ဖျက်စီး ခံရမှာ ဖြစ်လေ၏။
မိုဝူကျီကို လုံးဝ အံ့ဩ စေသည်က သုံးမျက်လုံးရှင် ဒူတာက တွေဝေခြင်းမရှိ ပြောလိုက်ခြင်း ဖြစ်သည်။
“ဟုတ်ပြီ ကျုပ် ရှင်းဟွမ်က ဆယ်နှစ်တာ လုံးလုံး တျန်းဂျီဂိုဏ်းနဲ့ အတူ အတူတူ အသက်ရှင်၊ အတူတူ သေဆုံးဖို့ရာအတွက် သွေးသစ္စာ ကျိန်ဆိုဖို့ ဆန္ဒရှိပါတယ်”
သူက ပြောလိုက်ရင်း သုံးမျက်လုံးရှင် ဒူတာက နဖူးကို ဓားဖြင့် ဖြတ်လိုက်သည့် အခါ သွေးသစ္စာ အဖြစ် သွေးအလုံးလေး ဖြစ်တည် လာလေ၏။ သူက မိုဝူကျီ ဒုတိယအကြိမ် ပြောဖို့ရာ အထိပင် စောင့်မနေပေ။
မိုဝူကျီက သုံးမျက်လုံးရှင် ဒူတာကို အံ့ဩတကြီး ကြည့်နေရင်း သူက အမှားများ ပြုလုပ် မိတာလားဟု တွေးတောမိနေသည်။ ထိုအရာက အရမ်း လွယ်ကူလွန်း မနေဘူးလား ...
“ဂိုဏ်းချုပ်မို ... ကျုပ်က တျန်းဂျီ ဂိုဏ်းသား ဖြစ်ပြီဆိုတော့ ကျုပ်ကို ဘာလုပ်စေချင်လဲ ...”
မိုဝူကျီ မျက်နှာမှ အံ့ဩတကြီး အမူအရာကို မြင်ပြီး သွေးသစ္စာ ကျိန်ဆို ထားသည့် သုံးမျက်လုံးရှင် ဒူတာက ဦးစွာ မေးလိုက်တော့သည်။
မိုဝူကျီက နဂိုအခြေအနေ ပြန်ဖြစ်သွားပြီး ပြောလိုက်လေသည်။
“အစ်ကိုရှင်းက သွေးသစ္စာဆိုထားပြီးပြီဆိုတော့ လိမ်ညာမယ်လို့တော့ မထင်ပါဘူး။ ဒါပေမဲ့ ကျုပ်တျန်းဂျီ ဂိုဏ်းက ရွမ်အဆင့် ဂိုဏ်းလေးပဲလေ။ ဒီမှာနေလို့ ဘာအကျိုး ရမှာလဲ။ ပြီးတော့ ဆယ်နှစ် တောင်လေ ...”
ရှင်းဟွမ်က တျန်းဂျီဂိုဏ်းသား ဖြစ်လာပြီ ဖြစ်၍ မိုဝူကျီက ကျင့်ကြံခြင်း ကွာခြားချက် အကြောင်းကို စိုးရိမ်နေစရာ မလိုတော့ပေ။
“ဂိုဏ်းချုပ်မိုက မေးမှတော့ ကျုပ်အမှန်တိုင်း ပြောပြပါ့မယ်။ အစပိုင်းတော့ ကျုပ် ဒီမှာနေပြီးတော့ ခိုလှုံဖို့ ရည်ရွယ် ထားတာ ပြီးတော့ စစ်မှန်ခြင်း နတ်ဘုရား အဆင့်ကို တက်လှမ်းဖို့လည်း လုပ်ထားတာ”
“အစ်ကိုရှင်းက စစ်မှန်ခြင်း နတ်ဘုရား အဆင့်ကို တက်လှမ်းဖို့ ကြံထားတာလား”
မိုဝူကျီက အံ့ဩတကြီး မေးလိုက်လေ၏။ ရှင်းဟွမ်က ခေါင်းညိတ် ပြလိုက်ပြီး
“ကျုပ် ကြီးမြတ်ရန်ကျုံး ဂိုဏ်းသားနဲ့ တိုက်ခိုက် နေတာက စစ်မှန်ခြင်း နတ်ဘုရား ပန်းကြောင့်ပဲ။ သူက ဖြစ်တည်ခြင်းမဲ့ နတ်ဘုရား ပြီးပြည့်စုံခြင်း အဆင့်လေ။ အဲဒါကြောင့် သူက ပန်းကို တွေ့တော့ လက်မလွတ်နိုင်ဘူး ...”
မိုဝူကျီက မျက်မှောင် ကြုတ်ကာ
“ကျုပ်သိသလောက် ဆိုရင် စစ်မှန်ခြင်း နတ်ဘုရားပန်းက ဒြပ်ငါးမျိုး ကင်းမဲ့ နယ်ထဲမှာပဲ ရှိတာမလား။ ခင်ဗျားနဲ အဲဒီ ဖန်ကျီချင်းတို့က ပန်းတစ်ပွင့် အတွက် တိုက်နေကြတာပေါ့။ ဘယ်လို ယုံပေးရမှာလဲ”
ရှင်းဟွမ်က ရယ်မောလိုက်ပြီး
“ကျုပ်တို့က ဒြပ်ငါးမျိုး ကင်းမဲ့ နယ်မှာကတည်းက တိုက်ခိုက် လာကြတာလေ”
မိုဝူကျီ ဝင်ပြောမည့် အရေးကို လက်ပြ တားဆီး လိုက်ကာ ရှင်းဟွမ်က ဆက်ပြော လိုက်လေသည်။
“ကျုပ်ကြားတာတော့ ကျန်းမိုနယ်မြေ ကျင့်ကြံသူတွေကြောင့် ဒြပ်ငါးမျိုး ကင်းမဲ့နယ်က လုံးဝ ပွင့်သွားပြီတဲ့။ အဲဒါကြောင့် တားမြစ်ချက်တွေ မရှိတော့ဘူး။ အခု ဒြပ်ငါးမျိုး ကင်းမဲ့နယ် ရှုပ်ထွေး နေတုန်း အားလုံးက ဝင်ပြီးတော့ ကံစမ်း ကြည့်ချင်ကြတာ ...”
မိုဝူကျီက မျက်မှောင် ကြုတ်လိုက်လေသည်။ သူက ဒြပ်ငါးမျိုး ကင်းမဲ့နယ် အတွင်းတွင် ရှိနေသော ရတနာ အကြောင်း ရှင်းရှင်းလင်းလင်း သိ၏။ သူ့ တျန်းဂျီဂိုဏ်းက ပြန်လည် ထူထောင် ပြီးခါစ ဖြစ်၍ ရတနာ အမျိုးမျိုး လိုအပ်နေလေသည်။ ဒြပ်ငါးမျိုး ကင်းမဲ့နယ်က အပြည့်အဝ ဖွင့်သွားပြီ ဖြစ်သည့် အတွက် သူ့တျန်းဂျီ ဂိုဏ်းသည်လည်း ထိုအခွင့်အရေးကို လက်လွတ်ခံ၍ မဖြစ်ပေ။
“ပြီးတော့ ထပ်ပြောပြရမယ် ဆိုရင် ဆယ်နှစ်နေဖို့ သဘောတူတုန်းက ကျုပ်က ဒဏ်ရာတွေကို ပြန်ကောင်း ချင်တယ်။ ဒါပေမဲ့ ကျုပ် တကယ်ကို တျန်းဂျီဂိုဏ်းကို ဝင်ချင်တာက ခင်ဗျား နာမည်က မိုဝူကျီ ဆိုတာကို အမှတ်ရလိုက်လို့ပဲ”
ရှင်းဟွမ် စကား ဆုံးသည့်အခါ သူက မိုဝူကျီကို ကြည့်လိုက်လေ၏။
မိုဝူကျီက အားမပါစွာ ရယ်မောရင်း
“အစ်ကိုရှင်း တကယ်လို့ ကျုပ်သာ မမှားရင် ကောင်းကင်ဖွေရှာ နန်းတော်မှာ တုန်းက ကျုပ်တို့တွေ တစ်ခါမှ မတွေ့ဖူးဘူး မလား။ ဒါပေမဲ့ ခင်ဗျား စကားတွေက ကျုပ်ကို သိနေတဲ့ အတိုင်းပဲ”
ရှင်းဟွမ်က ပြောပြီးပြီ ဖြစ်၍ သူသည် တစ်ချိန် တစ်ခါက ကောင်းကင်ဖွေရှာ နန်းတော် တပည့် ဖြစ်ကြောင်း သိပြီးသားမှန်း သိသာ နေလေသည်။ ရှင်းဟွမ်က ခေါင်းညိတ်ပြကာ
“ကျုပ်တို့တွေ တစ်ခါမှ မတွေ့ဖူးပါဘူး။ ဒါပေမဲ့ ကျုပ်က ခင်ဗျားကို သိတဲ့ တပည့်ကိုတော့ သိတယ် ...”
“အိုဗျာ ... ဘယ်သူများလဲ ...”
မိုဝူကျီက သူနှင့် ရှင်းဟွမ်တို့ နှစ်ယောက်လုံးဖြင့် ရင်းနှီးနိုင်သည့် တပည့်ကို စဉ်းစား နေမိသည်။
“သူမကို ကျိုးရှောက်ယင်လို့ ခေါ်တယ်။ သူမက ဓားရေကန် အပြင်စည်း တပည့် တစ်ယောက်ပဲ။ သူမက ရိုးရှင်းပြီးတော့ အလုပ် ကြိုးစားတာကို သတိထားမိလို့ သူမကို ကူဖော်လောင်ဖက် အဖြစ် ခေါ်ထားတာ။ ဂိုဏ်းချုပ်မို ကောင်းကင်ဖွေရှာ နန်းတော်ကို ပြန်လာတုန်းက သူမနဲ့ တွေ့ဖြစ်မှာပါ။ သူမက ခင်ဗျားနောက် မလိုက်ခဲ့ပေမဲ့ သူမက အဝေးက ကြည့်နေခဲ့တယ်။ ခင်ဗျား ကောင်းကင်ဖွေရှာ လှေကားကို စိမ်ခေါ် တုန်းကလည်း အဲဒီ နေရာမှာ စောင့်နေခဲ့တာ။ နေထွက်လာမှ သူမ ထွက်လာခဲ့တာ။ ပြီးတော့ သူမက ကောင်းကင်ဖွေရှာ လှေကား နံပါတ်တစ်က ဗလာ ဖြစ်နေတာကို ကြည့်ပြီးတော့ သတိထားမိ ခဲ့တယ်။ ကျုပ် ခန့်မှန်းတာသာ မမှားရင် ခင်ဗျားက ကောင်းကင်ဖွေရှာ လှေကားကို တက်ပြီးတော့ ကောင်းကင်ဖွေရှာ အဆင့်ဇယားမှာ နံပါတ်တစ် ရခဲ့တာပဲ ဖြစ်ရမယ် ...”
ရှင်းဟွမ်က လေးလေးနက်နက် ပြောပြလိုက်သည်။
မိုဝူကျီက မျက်မှောင်သာ ကြုတ်လိုက်တော့သည်။ ရိုးသားစွာ ပြောရလျှင် ကျိုးရှောက်ယင် အပေါ်ရှိ သူ့အမြင်ကား အတော်လေး ကောင်းမွန်ပေသည်။ ရှင်းဟွမ် ပြောသည့်အတိုင်း သူမက ရိုးသား ကြိုးစားသည့် မိန်းမပျိုလေး တစ်ဦး ဖြစ်၏။ သို့သော် သူမက ကောင်းကင်ဖွေရှာ အဆင့်ဇယား နံပါတ်တစ်က သူဖြစ်ကြောင်း ထုတ်ဖော် လိုက်ခြင်းသည် သူ့အတွက် များစွာ အကျိုးမရှိပေ။ ထို့အပြင် သူတို့က နှစ်ကြိမ်သာ တွေ့ဖူးသည် ဖြစ်ကာ အဘယ်ကြောင့် တစ်ညတာလုံး ကောင်းကင်ဖွေရှာ လှေကားတွင် စောင့်နေသနည်း။
ရှင်းဟွမ်က မိုဝူကျီ မျက်မှောင် ကြုတ်လိုက်သည်ကို မြင်၍ ရယ်မောကာ
“သူမကို အပြစ် မတင်ပါနဲ့ဦး။ သူမက ပြန်ရောက်လာတော့ သူမက တစ်ယောက်ကိုမှ ပြောမပြခဲ့ ပါဘူး။ ကျုပ်ကသာ သူမစကားလုံးတွေဆီ ကနေ သတင်း ရအောင် နှိုက်လာ နိုင်တာပါ။ ပြီးတော့ သူမက ကျုပ်ကို စကားနည်းနည်း ပြောသေးတယ်။ ခင်ဗျားရော နားထောင်ချင်လား”
မိုဝူကျီက ကျိုးရှောင်ယင် ရိုးသားမှုဖြင့် ရှင်းဟွမ်လို ဉာဏ်နီ ဉာဏ်နက်များသည့် မြေခွေးအိုကြီး ရှေ့တွင် အမှန်တရားကို ဖုံးကွယ် ထားဖို့ရာ မဖြစ်နိုင်ပေ။
မိုဝူကျီ ဘာမှမပြောခင် ရှင်းဟွမ်က ဆက်ပြော လိုက်လေသည်။
“သူမက ပြောတယ် ... သူမက ခင်ဗျားတို့ နှစ်ယောက်က အတူတူလို့ ထင်ခဲ့တာတဲ့။ နှစ်ယောက်လုံးက အပြင်စည်း တပည့်တွေ ဖြစ်ပြီးတော့ တူညီတဲ့ လူတွေလို့ပဲ ထင်ခဲ့တာ။ ခင်ဗျား ထွက်သွားပြီးတော့ ဒုတိယ မြောက်ရက်မှာ သူမက နှုတ်ဆက် စကား လာပြောတယ်။ သူမက သူ့ညီမကိုတောင် မပြောဘဲ ကောင်းကင်ဖွေရှာ နန်းတော်က ထွက်သွားပြီ။ သူမ ဘယ်နေရာ သွားတယ် ဆိုတာတော့ ကျုပ်လည်း မသိဘူး။ သူမ စကားနောက်က အဓိပ္ပာယ်တွေ အရ သူမ လိုအပ်နေတာက ကျင့်ကြံခြင်း မဟုတ်ဘူး။ သူမအတွက် ပိုင်တဲ့ ကိုယ်ပိုင်ဘဝ တစ်ခုပဲ”
မိုဝူကျီက စိတ်အတွင်းကသာ သက်ပြင်း ချလိုက်ကာ ထိုရိုးသားတဲ့ မိန်းကလေး အနာဂတ် ကောင်းကောင်း ရဖို့သာ မျှော်လင့် မိတော့သည်။
ရှင်းဟွမ်က ဆက်မပြော တော့ပေ။ သူက ကျိုးရှောက်ယင်နှင့် မိုဝူကျီကြားက ဆက်ဆံရေးကို မသိ၍ တိတ်တဆိတ်သာ ကျန်ရှိ နေလေသည်။
အချိန်တချို့ အကြာတွင် မိုဝူကျီက မေးလိုက်လေသည်။
“အစ်ကိုရှင်း ... ကျုပ် ကောင်းကင်ဖွေရှာ လှေကားထိပ်ထိ ရောက်ခဲ့တာ ခင်ဗျားသိတာ ဆိုတော့ ကျုပ်ဆီမှာ လျှို့ဝှက်ချက်တွေ ရှိနေမယ်လို့ မထင်ဘူးလား ...”
ရှင်းဟွမ်က အားရပါးရ ရယ်မောလိုက်ကာ
“အားလုံးကိုယ်စီမှာ လျှို့ဝှက်ချက်တွေ ရှိကြပါတယ်။ ကျုပ်ကလည်း ချွင်းချက်တော့ မဟုတ်ဘူး။ မဟုတ်ရင် ကျုပ်လည်း ပျောက်ဆုံး နယ်မြေရဲ့ နံပါတ်တစ် ပန်းပဲပညာရှင် ဖြစ်လာမှာ မဟုတ်ဘူး ...”
သူက နံပါတ်တစ် ပန်းပဲပညာရှင် ဖြစ်ကြောင်း ပြောသည့်အချိန် သူ့လေသံ၌ ဂုဏ်ယူခြင်းများ ကိန်းအောင်း နေလေသည်။ သူက ပန်းပဲပညာရပ်တွင် သူ့ထက်တော်သည့် တခြားသူ ရှိကြောင်း တွေးမထား သည်မှာ သိသာလှ၏။
“ပြီးတော့ ကျုပ်က ကောင်းကင်ဖွေရှာ လှေကားကို ကောင်းကောင်း နားလည်တယ်။ ထိပ်ထိတက်ဖို့က လူတစ်ယောက်မှာ လျှို့ဝှက်ချက်ထက် စာရင် အလားအလာ ကြီးကြီးမားမား ရှိတယ်လို့ ဆိုလိုတာပဲ။ လျှို့ဝှက်ချက် ရှိနေရင်တောင် ကျုပ်က အငမ်းမရ လိုချင်နေမှာ မဟုတ်ဘူး။ ကိုယ်ပိုင်မာန မရှိတဲ့သူက ဘယ်တော့မှ အထူးခြားဆုံး တည်ရှိမှု မဖြစ်နိုင်ဘူး။ ကျင့်ကြံခြင်းမှာ ဖြစ်ဖြစ်၊ ဆေးလုံး ဖော်စပ်ခြင်း၊ ပန်းပဲ ပညာရပ်မှာပဲ ဖြစ်ဖြစ် အားလုံးက အတူတူပဲ ...”
မိုဝူကျီက လူသား အဆင့်လွန်ဆုံး အဆင့်ကို ရောက်ရှိ ခဲ့သော်လည်း သူ့တွင် ရွှေရောင် အမြုတေ မရှိပေ။ ခရမ်းရောင် ဖြစ်တည်မှု တစ်ခုသာ ရှိလေသည်။ ထိုခရမ်းရောင် ဖြစ်တည်မှုက ဝိညာဉ်ကွင်းဖြင့် လှည့်ပတ် ထားလေသည်။ သူက ရှင်းဟွမ်လေသံမှ တစ်ဆင့် ကိုယ်ပိုင် မာနဂုဏ် ပါဝင်နေသည်ကို ခံစားမိ၏။ ထိုဒူတာက အမှန် ပြောနေခြင်းသာ ဖြစ်လေသည်။
“ကောင်းတယ်” မိုဝူကျီက ခေါင်းညိတ် ပြလိုက်သည်။
“ရှင်းဟွမ် ... အခုချိန်က စပြီးတော့ ခင်ဗျားက တျန်းဂျီဂိုဏ်းရဲ့ ဘယ်လက်ရုံးပဲ။ ဘယ်လိုလဲ”
ရှင်းဟွမ်က မိုဝူကျီကို ဦးညွတ်ကာ
“ဘယ်လက်ရုံး ရှင်းဟွမ်က ဂိုဏ်းချုပ်ကို နှုတ်ဆက်ပါတယ်”
မိုဝူကျီက စိတ်လိုလက်ရ ရယ်မောလိုက်ပြီး ကျောက်စိမ်းပြားကို ထုတ်ယူ၍ စာလုံးတချို့ ထွင်းကာ ရှင်းဟွမ်ဆီ ပေးလိုက်လေသည်။
“ဘယ်လက်ရုံးရှင်း ကျုပ်တျန်းဂျီ ဂိုဏ်းက အခုမှ ပြန်လည် ထူထောင်ထားတာ ဆိုတော့ အရာ အားလုံးက အတော်လေး ရိုးရှင်းတယ်။ ဒီကျောက်စိမ်းပြားက ဘယ်လက်ရုံး အမှတ်အသား ပြားပဲ။ ခင်ဗျားကို ပေးမယ်”
“ဂိုဏ်းချုပ်ကို ကျေးဇူး တင်ပါတယ်”
ရှင်းဟွမ်က ကျောက်စိမ်းပြားကို လက်ခံလိုက်လေသည်။
သူ့စိတ်ထဲတွင် မဖော်ပြရသေးသည့် အတွေးတစ်ခု ကျန်ရှိနေသေး၏။ မိုဝူကျီအတွက် ကောင်းကင်ဖွေရှာ လှေကားထိပ်ကို ရောက်ခဲ့သည့် အပြင် ငယ်ငယ်ရွယ်ရွယ်ဖြင့် ဂိုဏ်းချုပ် ဖြစ်လာသည်က အတော်လေး အံ့အားသင့်ဖို့ ကောင်းနေလေပြီ။ ပို၍ အံ့အားသင့်ဖို့ ကောင်းသည်က ဂိုဏ်း ကာကွယ်ရေး အစီအရင် ဖြစ်၏။ သူ သိရှိသလောက် ကောင်းကင် တစ်ပိုင်းအဆင့် ဂိုဏ်း ကာကွယ်ရေး အစီအရင်ပင် တျန်းဂျီ ဂိုဏ်းလောက် မပြည့်စုံပေ။ ထို့အပြင် မိုဝူကျီက အစီအရင်များကို အစီအရင် အလံများနှင့်သာ ထိန်းချုပ် သွားသဖြင့် ထိုကြီးမားလှသည့် အစီအရင် မှာလည်း မိုဝူကျီ ကိုယ်တိုင် တပ်ဆင် ထားကြောင်း သေချာ သွားလေသည်။
မိုဝူကျီက အသက် ငယ်ငယ်ဖြင့် တော်သည့်အပြင် အစီအရင် ဆရာလည်း ဖြစ်နေသေး၏။ သူ့အနာဂတ်က ထိုမျှသာ ကန့်သတ် ထားကြောင်း တွေးမိလျှင် အရေးမပါခြင်းသာ ဖြစ်လိမ့်မည်။
အကယ်၍ သူ ရှင်းဟွမ်က မိုဝူကျီကို ကပ်မထားပါက နောင်တစ်ချိန် မိုဝူကျီ ထို့ထက် အားကောင်း လာသည့် အချိန်တွင် သူ့ကို ဂရုပင် စိုက်မည် မဟုတ်တော့ပေ။
ထို့အပြင် သူက ဖြစ်တည်ခြင်းမဲ့ နတ်ဘုရား ပြီးပြည့်စုံခြင်း အဆင့်သာ ရှိနေသေးလေ၏။ ကျင့်ကြံခြင်း လောကတွင် စစ်မှန်ခြင်း နတ်ဘုရား ပြီပြည့်စုံခြင်း အဆင့်သည် များစွာမရှိပေ။
“ဟုတ်ပြီ။ ဘယ်လက်ရုံးရှင်း အခု ခင်ဗျားကို စစ်မှန်ခြင်း နတ်ဘုရား အဆင့်ထဲ တစ်လှမ်း တိုးနိုင်အောင် ကူညီပေးမယ်”
မိုဝူကျီက စိတ်လွတ်လက်လွတ်သမား ဖြစ်၏။ ထိုလူက ရန်သူ ဖြစ်နိုင်၊ မဖြစ်နိုင် မသေချာသည့် အချိန်တွင် သူက သတိကြီးကြီး ထားသော်လည်း မိတ်ဆွေဖြစ်ဖို့ရာ ဆုံးဖြတ် ပြီးသွားပါက အထောက်အပံ့ များကို ကပ်စေးနှဲ နေမည့်သူ မဟုတ်ပေ။
“ဂိုဏ်းချုပ်က ကျုပ်ကို စစ်မှန်ခြင်း နတ်ဘုရား အဆင့် တက်လှမ်းနိုင်အောင် ကူညီပေးမှာလား”
ရှင်းဟွမ်က မိုဝူကျီကို သိချင်စွာ ငေးကြည့် လိုက်လေသည်။ မိုဝူကျီက ဆေးလုံးတချို့ ထုတ်ကာ ရှင်းဟွမ်ဆီ ပေးလိုက်ပြီး
“ဒီဆေးလုံးတွေကို ယူပြီးတော့ ကျုပ်နောက်က လိုက်ခဲ့ ...”
“ဒါတွေက အဆင့်ငါး အစစ်အမှန် အသစ်တဖန် ဆေးလုံးတွေလား ...”
ရှင်းဟွမ်က အကောင်းသိသူ ဖြစ်၍ မိုဝူကျီ ဆေးလုံး ပေးလိုက်သည့် အခိုက်အတန့်တွင် သူက ချက်ချင်း သတိထားမိ လိုက်သည်။ သူကဲ့သို့ ဖြစ်တည်ခြင်းမဲ့ နတ်ဘုရားအဆင့် ကျင့်ကြံသူ အတွက် ထိုဆေးငါးလုံးမှာ ရရှိဖို့ရာ အင်မတန် ခက်ခဲသည့် အရာ ဖြစ်၏။
“ဟုတ်တယ်။ ကျုပ်နောက်က လိုက်ခဲ့ ...”
မိုဝူကျီက ခေါင်းညိတ် ပြလိုက်ကာ ယာဉ်ပျံကို ထုတ်ရင်း တျန်းဂျီတောင်ဆီ မောင်းနှင် လာလိုက်သည်။
“ဟုတ်ကဲ့ ...”
ရှင်းဟွမ်က ထိုဆေးလုံးများကို အမြန်အဆန် မျိုချလိုက်ပြီး မိုဝူကျီ နောက်မှ လေဟန် ပျံသန်းရင်း တျန်းဂျီတောင်သို့ လိုက်ပါလာသည်။
“သာယာလိုက်တဲ့ ဂိုဏ်းပါ့လား ...”
ရှင်းဟွမ်က တျန်းဂျီတောင်ဆီ ရောက်လာသည်နှင့် သူက အံ့ဩတကြီး ရေရွတ် လိုက်လေသည်။ တျန်းဂျီဂိုဏ်းသည် အကောင်းဆုံး ဂိုဏ်းတစ်ခု၊ တန်ဖိုး အကြီးမားဆုံး ဂိုဏ်းတစ်ခု မဟုတ်သော်လည်း အလှပဆုံး ပြင်ဆင်ထားသည့် ဂိုဏ်းတစ်ခု ဖြစ်သည်က သေချာလှသည်။ ဤနေရာတွင် လမ်းလျှောက်ခြင်းက လွတ်လွတ်လပ်လပ်နှင့် စိတ်အပန်း ဖြေစေ၏။
“စီနီယာအစ်ကိုကြီး ဂိုဏ်းတစ်ရာ မဟာမိတ် အဖွဲ့က တျန်းဂျီဂိုဏ်းကို သတင်းတစ်ခု ပို့လိုက်တယ် ...”
စန်ယီပင်းက မိုဝူကျီ ပြန်ရောက် လာသည်ကို မြင်၍ အလျင်အမြန် ရောက်လာကာ နှုတ်ဆက် လိုက်၏။ တစ်ချိန်တည်းတွင် သူမက မိုဝူကျီကို စာပြလိုက်လေသည်။
မိုဝူကျီနောက်တွင် သုံးမျက်လုံးရှင် ဒူတာ ပါလာသည်ကို တွေ့သောအခါ သူမက မိုဝူကျီနှင့် မတူညီစွာ သုံးမျက်လုံးရှင် ဒူတာကို တစ်ခါ မြင်တွေ့ ဖူးလေသည်။
“စီနီယာက ...”
စန်ယီပင်းက လျှာကိုက် လုမတတ် ဖြစ်သွားလေသည်။
တျန်းဂျီဂိုဏ်းကဲ့သို့ ရွမ်အဆင့် ဂိုဏ်းလေး အတွက် ဖြစ်တည်ခြင်းမဲ့ နတ်ဘုရား အဆင့် ကျင့်ကြံသူကို မဆိုထားနှင့် အစစ်အမှန် ရေအဆင့် ကျင့်ကြံသူ ဆိုလျှင်ပင် ထိပ်ဆုံး တည်ရှိမှုမျိုး ဖြစ်၏။
မိုဝူကျီက ရယ်မောကာ ပြောလိုက်သည်။
“ယီပင်းက အခုချိန်ကစပြီးတော့ ရှင်းဟွမ်က ငါတို့ တျန်းဂျီဂိုဏ်းရဲ့ ဘယ်လက်ရုံးပဲ။ ရှင်းဟွမ်က ဒါက စန်ယီပင်း။ သူမက အရင်ဂိုဏ်းချုပ်ရဲ့ မွေးစား သမီးပါ။ အခု တျန်းဂျီဂိုဏ်း အထွေထွေရေးရာ ခန်းမသခင်ပဲ”
“အာ ...”
စန်ယီပင်းက ပြောမပြတတ် လောက်အောင် အထိ အံ့ဩတကြီး ဖြစ်သွားလေသည်။ သုံးမျက်လုံးရှင် ဒူတာက ဘယ်လက်ရုံး ဖြစ်နေသည့် အချိန် မည်သူက တျန်းဂျီဂိုဏ်းကို လာတိုက်ခိုက် ပြီးတော့ သေခြင်း တရားကို လာရှာမည်နည်း။
ရှင်းဟွမ်က စန်ယီပင်း ကျင့်ကြံဆင့်ကို စိတ်ထဲမထားဘဲ ပြုံးကာ
“ခန်းမသခင် စန်ကို နှုတ်ဆက်ပါတယ်”
စန်ယီပင်းက အမြန်အဆန် ဦးညွှတ် ပြလိုက်သည်။ တစ်ဖက်လူက ဖြစ်တည်ခြင်းမဲ့ နတ်ဘုရား အဆင့် ဖြစ်နေသည့် အချက်ကို ထည့်မတွက်လျှင်ပင် သူက ပျောက်ဆုံး နယ်မြေ တစ်ခုလုံးတွင် နံပါတ်တစ် ပန်းပဲပညာရှင် ဖြစ်နေသေးလေ၏။ ထို့ကြောင့် သူမက ထိုသို့ နှုတ်ဆက်မှုမျိုး မခံယူဝံ့ပေ။
မိုဝူကျီက စာကို ဖွင့်ကြည့်လိုက်ပြီး အကြမ်းဖျင်း ဖတ်ရှု လိုက်လေသည်။ သူက အံ့အားသင့်စွာ မေးလိုက်သည် “ဂိုဏ်းတစ်ရာ မဟာမိတ် အဖွဲ့က တျန်းဂျီဂိုဏ်းကို ဒြပ်ငါးမျိုး ကင်းမဲ့နယ် နေရာ ခွဲဝေရေး အတွက် ဖိတ်ကြား ထားတာပဲ ...”
စန်ယီပင်းက အလျင်အမြန် ပြောလိုက်လေ၏။
“ဟုတ်တယ်။ ကျွန်မ သေချာ စုံစမ်းကြည့်တော့ ဒြပ်ငါးမျိုး ကင်းမဲ့နယ်က အပြည့်အဝ ပွင့်နေပြီတဲ့။ ဂိုဏ်းတစ်ရာ မဟာမိတ်က ဝင်ရောက်တဲ့ လူဦးရေကို ကန့်သတ် ချင်ကြတာ။ အဲဒါကြောင့် ဒီညီလာခံကို ခေါ်တာပဲ။ သူတို့က အဆင့် ဇယားထဲက ထိပ်တန်း ဂိုဏ်း ၁၀၀၀ကို ဖိတ်ကြားခဲ့လို့ တျန်းဂျီဂိုဏ်းက ပါလာတာ ...”
မိုဝူကျီက ခေါင်းညိတ်ပြကာ ထိုညီလာခံက ပြုလုပ်ရမည့် အရာ ဖြစ်၏။ မဟုတ်လျှင် တျန်းဂျီ ဂိုဏ်းကြီးထွား ဖွံ့ဖြိုးလာဖို့ရာ အလွန် ခက်ခဲပေလိမ့်မည်။ သူက ရှင်းဟွမ်ကို ချက်ချင်း ကြည့်လိုက်ကာ
“ဘယ်လက်ရုံးရှင်း စစ်မှန်ခြင်း နတ်ဘုရား အဆင့် ရောက်ဖို့ ဘယ်လောက်ကြာမလဲ ...”
ရှင်းဟွမ်က အနည်းငယ် စဉ်းစားပြီး
“ဝိညာဉ်စွမ်းအား ကြွယ်ဝရင်တော့ တစ်လ မကြာလောက်ဘူး။ ဝိညာဉ်စွမ်းအား မရှိရင်တော့ ပြောရ ခက်တယ် ...”
“ဟုတ်ပြီလေ။ တောင်ခွဲတစ်ခု ရွေးပြီးတော့ အဆင့်တက်ဖို့ ပြင်ဆင် ထားတော့။ ကျုပ်က ဝိညာဉ် စွမ်းအား ကိစ္စ ဖြေရှင်းပေးမယ်။ ခင်ဗျား အဆင့် တက်ပြီးသွားရင် ကျုပ်နဲ့အတူ ဂိုဏ်းတစ်ရာ မဟာမိတ် အဖွဲ့ကို လိုက်ခဲ့ရမယ် ...”
မိုဝူကျီက ဆုံးဖြတ်ချက် လျင်မြန်စွာ ချမှတ် လိုက်တော့သည်။
***